← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅) - ထူးဆန်းသော တွေ့ရှိမှုတစ်ခု။

ဒီကောင်နှစ်ကောင်က သူ့ကို လူအအထင်နဲ့ ကြည့်နေတာကို မြင်တော့ လုပေါင် ချက်ချင်း စိတ်တိုသွားတော့သည်။သူသည်ရှေ့တိုးသွားပြီး တစ်ကောင်ကို တစ်ချက်စီ ကန်ထည့်လိုက်ကာ

“ငါက တိုက်ဆိုရင် တိုက်လိုက်လေ ဘာမျက်နှာပေးတွေ လုပ်နေတာလဲ။”

အကန်ခံလိုက်ရတဲ့ ဒါပေါင် နှင့် ဟေးမီ တို့ခမျာ တော်တော်လေး စိတ်မကောင်း ဖြစ်သွားကြသည်။သူတို့ရဲ့ ဂရုစိုက်မှုကို သခင်ဖြစ်သူက ဒီလို အေးစက်စက် တုံ့ပြန်လိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။ဒါပေမဲ့ လုပေါင်ရဲ့ အနိုင်ကျင့်တဲ့ ဖိအားအောက်မှာတော့ သူတို့နှစ်ကောင်လည်း မနောက်ရဲတော့ဘဲ သွားတွေဖြဲပြီး လုပေါင်ကို စတင်တိုက်ခိုက်ပါတော့သည်။

သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ပုံစံကို မြင်တော့ လုပေါင်တောင် အနည်းငယ် လန့်သွားမိသည်။

“တကယ်ကြီး တိုက်တော့မှာလား။ဒီကောင်တွေက တောင်စောင့်နတ် ပုံရိပ်ယောင်နဲ့ ဆင့်ကဲပြောင်းလဲထားတဲ့ ကောင်တွေပဲ။ တကယ်ကြီး ကုတ်မိရင် ငါ မေးခိုင်ပိုး ဝင်နေဦးမယ်။”

ဒါပေါင်နှင့်ဟေးမီတို့၏ အေးစက်တဲ့ အလင်းတန်းတွေ ထွက်နေတဲ့ လက်သည်းတွေက လုပေါင်ရဲ့ အရေပြားပေါ် ဖြတ်စီးသွားသည်။ထူးဆန်းတာက လုပေါင် ဘာနာကျင်မှုမှ မခံစားရခြင်းပင်။သူတို့ရဲ့ လက်သည်းတွေ အရေပြားနဲ့ ထိခါနီးမှာပဲ စောစောက ပျောက်ကွယ်သွားတဲ့ အကြေးခွံအစင်းတွေက အလိုအလျောက် ပေါ်လာပြီး တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။

ဒါပေါင်နဲ့ ဟေးမီတို့လည်း ကြောင်သွားပြီး သူတို့ရဲ့ လက်သည်းတွေကို ပြန်ကြည့်နေကြသည်။နယ်ဘက်မှာတုန်းကတော့ သူတို့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ တောဝက်တွေဝက်ဝံတွေကိုတောင် လဲကျစေနိုင်သည်။

“ဒါကတော့ ရှယ်ပဲ။သခင်ကို အလိုအလျောက်တောင် ကာကွယ်ပေးနိုင်တာလား။Muscle memory လိုမျိုးလား မသိဘူး။”

လုပေါင်ရေရွတ်လိုက်သည်။

သို့သော်ဒါပေါင်နဲ့ ဟေးမီတို့ရဲ့ အားက နည်းနေသေးသည်။သူတို့ရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရုံနဲ့တော့ လုပေါင်အားမရသေးပေ။ ဒီအစင်းကြောင်းတွေရဲ့ ခံစစ်အားကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကတော့ ပြောနေစရာတောင်ပေ။

ဒါကြောင့် လုပေါင်က ဘေးက ကျောရိုးချပ်ဝတ်နဂါးကြီးကို လှည့်ကြည့်လိုက်ပြီး

“နဂါးရတနာလေးရေ ငါ့ရဲ့ ပေါင်လေး... မင်း နောက်ဆို ငါ့နောက်လိုက်ပြီး ကောင်းကောင်းမွန်မွန် နေရတော့မှာပါ။ဒါပေမဲ့ မင်းကိုယ်ထဲမှာ သရဲသင်္ဘောရဲ့ အဆိပ်တွေက တိုက်စားနေတုန်းပဲ ရေရှည်ကုသမှု ခံယူရမယ်။ စိတ်မပူနဲ့နော် မင်းအတွက် အထူး သွေးထုတ်ကုထုံး လေး ငါ စီစဉ်ပေးပါ့မယ်။”

လုပေါင်က အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေပေမဲ့ မျက်နှာကတော့ တကယ့်ကို တည်တည်ကြည်ကြည်နဲ့ စေတနာရှင်ကြီး ပုံစံပေါက်နေသည်။ဘာပဲဖြစ်ဖြစ် ဒီနဂါးကြီးက ဒီလောက်ကြီးတာ သူ့ခန္ဓာကိုယ် ကျန်းမာဖို့အတွက် တစ်ခါတလေ နဂါးသွေးလေး နည်းနည်းပါးပါး သောက်တာက ပြဿနာမရှိလောက်ပါဘူး မဟုတ်လား။

အခုအချိန်မှာတော့ နဂါးကြီးဟာ လုပေါင်ကို အကြွင်းမဲ့ ယုံကြည်နေတာကြောင့် ခေါင်းကြီးကို အူကြောင်ကြောင်နဲ့ ငြိမ့်ပြပြီး သဘောတူလိုက်ရှာသည်။လုပေါင်ကလည်း နဂါးကြီးရဲ့ ခေါင်းကို ကျေနပ်အားရစွာ ပုတ်ပေးလိုက်သည်။ဘေးက ချီလင်လေးကလည်း ကပ်လာတာကြောင့် လုပေါင်က ကောင်လေးရဲ့ ခေါင်းကိုပါ ခပ်မြန်မြန် ပုတ်ပေးလိုက်ရသည်။

“ကဲ သွားကြစို့ နောက် (၂) လအတွင်း ငါတို့ ရှင်သန်ရမယ့် နေရာကို သွားရှာကြည့်ရအောင်။”

လုပေါင်က နဂါးကြီးကို အချက်ပြလိုက်တော့ နဂါးကြီးက လုပေါင် တက်ရလွယ်အောင် လိမ္မာပါးနပ်စွာနဲ့ ဝပ်ပေးရှာသည်။ မြွေဟောက်နက်ကြီးကိုတော့ အောက်ခြေမရှိတဲ့ တွင်းနက်ထဲသို့ ပြန်ထည့်လိုက်ပြီး လုပေါင်က ချီလင်လေးကို ပွေ့ကာ ဒါပေါင်နဲ့ ဟေးမီကို ခေါ်ပြီး နဂါးကြီးပေါ် တက်စီးလိုက်သည်။

နဂါးကြီးရဲ့ မြင့်မားတဲ့ ကျောပေါ်ကနေ ကြည့်လိုက်တော့ လုပေါင်ရဲ့ အမြင်အာရုံက ပိုပြီး ကျယ်ပြန့်သွားသည်။ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဒီကျွန်းက သူထင်ထားတာထက် အများကြီး ပိုကျယ်ပုံရသည်။တစ်ချက်ကြည့်ရုံနဲ့ အဆုံးကို မမြင်နိုင် တောင်တန်းတွေကလည်း အဆက်မပြတ် ရှိနေပြီး ဒီတောင်တွေက သာမန်တော့ မဟုတ်ဘူးလို့ လုပေါင် ခံစားမိသည်။

“ဝိညာဉ်စွမ်းအင် တွေက အရမ်း ပြည့်ဝတာပဲ။ ဒီကျွန်းပေါ်မှာ ကောင်းတာတွေ အများကြီး ရှိပုံရတယ်။”

အရင်က နှစ်တစ်ထောင် သီးနှံကို လုတုန်းက မီးတောင်ဝမှာ ဝိညာဉ်စွမ်းအင်တွေက တခြားနေရာထက် ပိုသိပ်သည်းခဲ့သည်။အခု လုပေါင်ရဲ့ မျက်လုံးထဲမှာတော့ ကျွန်းပေါ်က တောင်တန်းတွေကြားမှာ ဝိညာဉ်စွမ်းအင်တွေက မြူနှင်းတွေအဖြစ် ပြောင်းလဲတော့မတတ် သိပ်သည်းနေတာကို မြင်ပြီး စိတ်လှုပ်ရှားသွားရသည်။

“ဟေးဟေး ဒီ (၂) လအတွင်း ကျွန်းပေါ်မှာ နေရတာ ပျင်းစရာ မကောင်းတော့ဘူး။”

အကျိုးအမြတ်ရှိရင် ဘယ်တော့မှ လက်မလွှတ်တာက လုပေါင်ရဲ့ မူလပုံစံဖြစ်သည်။ဒါကြောင့် သူက အောက်ခြေမရှိတဲ့ တွင်းနက်ကြီးထဲကနေ မီးပုရွက်ဆိတ်နီတပ်သား တွေနဲ့ ကြွက်တပ်သား တွေကို အကုန်ခေါ်ထုတ်လိုက်သည်။

“ဘယ်လောက်ပဲ ကျယ်ကျယ် ငါ့ရဲ့ တပ်သားနှစ်စုလုံးကို ဖြန့်ပြီး ရှာခိုင်းလိုက်ရင်တော့ ကောင်းတာမှန်သမျှ အကုန် ငါ့လက်ထဲ ရောက်လာရမယ်။”

ပုရွက်ဆိတ်နီတွေနဲ့ ကြွက်တွေက တစ်ကောင်ချင်းစီမှာ တိုက်ခိုက်ရေးစွမ်းအား သိပ်မရှိပေမဲ့ အုပ်စုလိုက် တိုက်ပွဲဝင်တာနဲ့ ဒီလို ပစ္စည်းရှာတဲ့နေရာမှာတော့ ထိပ်တန်းပင်။

မကြာခင်မှာပဲ ဒီလျှို့ဝှက်ဆန်းကျယ်ကျွန်းရဲ့ ထူးဆန်းမှုကို သူ လျှော့တွက်မိမှန်း သိလိုက်ရသည်။ပုရွက်ဆိတ်တပ်သားတွေနဲ့ ကြွက်တပ်သားတွေ ဖြန့်ထွက်သွားပြီး မကြာခင်မှာပဲ တပ်မှူးတွေဖြစ်တဲ့ ရှောင်ဟုန် နဲ့ ကျောက်တုံးဘုရင် တို့က လုပေါင်ကို အခြေအနေ လာသတင်းပို့ကြသည်။

“ကောင်းတာတွေ တွေ့ပြီလား။”

လုပေါင်စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မီးပုရွက်ဆိတ်အုပ်ကြီးနဲ့ ဝါးကြွက်အဖွဲ့တွေက သူတို့တွေ့တဲ့ ကောင်းနိုးရာရာတွေကို လုပေါင်ဆီ အဆက်မပြတ် သယ်ဆောင်လာကြတော့သည်။

“ဒါက... အနည်းဆုံး နှစ် ၅၀ သက်တမ်းရှိတဲ့ ခါးသီးကူဇူးပင်လား။ဆေးကောင်းပဲ။”

“နှစ် ၁၀၀ သက်တမ်းရှိတဲ့ လင်ဇီးမှို။”

“အိန်ဂျယ်လီကာ ဒါလည်း နှစ် ၁၀၀ ပဲ။”

သူတို့ သယ်လာသမျှ အရာအားလုံးက သက်တမ်းရင့် ဆေးဘက်ဝင်အပင်တွေချည်းပင်။ဒါက လုပေါင်ကို အံ့အားသင့်သွားစေသည်။ကျွန်းပေါ် စတက်တုန်းက တွေ့ခဲ့တဲ့ နှစ်တစ်ထောင် ဂျင်ဆင်းကို သူက ကံကောင်းလို့ တွေ့တာ ထင်နေခဲ့သည်။အခုကြည့်ရတာ... ဒါက ဒီကျွန်းရဲ့ တကယ့်အဆင့်အတန်းပင်။

အချိန်ကြာလာတာနဲ့အမျှ သယ်လာတဲ့ ဆေးပင်တွေရဲ့ သက်တမ်းက ပိုပိုရင့်လာပြီး ပိုတန်ဖိုးရှိလာသည်။ခဏလေးအတွင်းမှာတင် လုပေါင်ဟာ နှစ်တစ်ထောင် ဂျင်ဆင်း (၂) ခုတောင် ထပ်တွေ့လိုက်ရသေးသည်။

“လိပ်ကလေးရေ ဒီလိုဆိုရင်တော့ ဟို မျိုးဗီဇဆေးဝါး ဖော်မြူလာကို ဖော်စပ်ဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူးပဲ။”

ဒီကျွန်းရဲ့ တန်ဖိုးက ဘယ်လောက်ကြီးမားသလဲဆိုတာ လုပေါင် ရုတ်တရက် သဘောပေါက်သွားသည်။အနည်းဆုံးတော့ စနစ် က ပေးထားတဲ့ ဆေးဖော်မြူလာအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ဒီကျွန်းပေါ်မှာတင် အကုန်စုဆောင်းနိုင်မယ့် ပုံပင်ဖြစ်၏။

“နဂါးကြီးကို စီးလို့... ဈေးကို သွားမယ်... ဂျင်ဆင်းနဲ့ လင်ဇီးမှိုတွေ အကုန် ငါ့လက်ထဲ ရောက်မယ်... ဟား ဟား။”

လုပေါင်က နဂါးကြီးပေါ်မှာ ထိုင်ပြီး ကိုယ်တိုင်ပြင်ထားတဲ့ သီချင်းကိုကြွားကြွားဝါဝါ ဆိုနေတော့သည်။လက်ထဲမှာလည်း နှစ်တစ်ထောင် ဂျင်ဆင်းတစ်ဥကို ကိုင်ပြီး မုန့်စားသလို တမြုံ့မြုံ့ ဝါးနေသေးသည်။အရင်တစ်ခါကတော့ ချီလင်လေးက တစ်လုပ်တည်းနဲ့ မြိုချလိုက်လို့ သူ မမြည်းလိုက်ရပေ။အခုမှပဲ သူ အားရပါးရ မြည်းရတော့သည်။

“ဒီ နှစ်တစ်ထောင် ဂျင်ဆင်း အရသာက မုန်လာဥနဲ့ သိပ်မခြားပါလား။”

လုပေါင်ရေရွတ်ရင်း အဝေးကို လှမ်းကြည့်လိုက်သည်။

ဒီရှားပါးဆေးပင်တွေကို တွေ့လိုက်ရတာကြောင့် ဒီကျွန်းအပေါ် သူ့ရဲ့ စိတ်ဝင်စားမှုက ပိုပိုတိုးလာသည်။ဒါပေမဲ့ ပုရွက်ဆိတ်တွေနဲ့ ကြွက်တွေ ကျွန်းထဲ ပိုနက်တဲ့နေရာကို ရောက်သွားတဲ့အခါမှာတော့ တပ်သားအချို့ ပျောက်ဆုံးတာ ဒါမှမဟုတ် သေဆုံးတာတွေ ရှိလာပုံရသည်။

ဒါကိုတော့ လုပေါင် သိပ်ဂရုမစိုက်ပါဘူး။ ကျွန်းကြီးက ဒီလောက်ကျယ်တာမတော်တဆမှုတွေ ရှိနိုင်သည်။

“ကျွိ...”

(ထူးဆန်းတဲ့ တွေ့ရှိမှုတစ်ခု ရှိတယ်)

ကြွက်တပ်သားတွေရဲ့ ဘုရင်ဖြစ်တဲ့ ကျောက်တုံးဘုရင်က လုပေါင်ကို ရုတ်တရက် စကားလှမ်းပြောလိုက်သည်။

လုပေါင် ချက်ချင်း စိတ်ဝင်စားသွားတော့သည်။

အခန်း ၁၃၆ - အမဲလိုက်ပန်းများနှင့် သစ်ရွက်ဝတ်စုံဝတ်ထားသော အမျိုးသမီး။

ကျောက်တုံးဘုရင် ကဲ့သို့ ဘုရင်တစ်ပါးကပင် ထူးဆန်းသည်ဟု ယူဆရသည့် ရှာဖွေတွေ့ရှိမှုမှာ သာမန်တော့ မဖြစ်နိုင်ပေ။

“ဘာထူးဆန်းတာတွေ့လို့လဲ။”

လုပေါင်က အလောတကြီး မေးလိုက်သည်။

‘ရှားပါးဆေးဖက်ဝင်အပင်တွေများ နောက်ထပ်တွေ့လာတာလား။အဲ့ဒါဆိုရင်တော့ အတော်ကောင်းမှာပဲ။’

သို့သော် ကျောက်တုံးဘုရင်၏ နောက်ဆက်တွဲဖော်ပြချက်ကြောင့် လုပေါင် ဆွံ့အသွားရသည် ။

“ကျွိ...”

(ဆေးပင်တွေ မဟုတ်ဘူး တိရစ္ဆာန်လည်း မဟုတ်ဘူး။လူသားတွေ)

“ဘာ လူသားတွေလား။”

လုပေါင်မှာ ချပ်ဝတ်နဂါး ရဲ့ ကျောပေါ်ကနေ ထခုန်မိမတတ် ဖြစ်သွားရသည်။

ဒီလျှို့ဝှက်ဆန်းပြားတဲ့ ကျွန်းပေါ်မှာ တကယ်ပဲ လူသားတွေ ရှိနေတာလား။

“မြန်မြန် လမ်းပြစမ်း။”

အမိန့်ရသည်နှင့် ကျောက်တုံးဘုရင်က တစီစီအော်လိုက်ရာ ဝဝတုတ်တုတ် ဝါးကြွက်တစ်ကောင် ချက်ချင်းခေါင်းပြူထွက်လာပြီး ရှေ့မှ စတင်လမ်းပြလေတော့သည်။လုပေါင်သည်လည်း ချပ်ဝတ်နဂါးကို အနီးကပ်လိုက်ပါရန် ခိုင်းစေလိုက်သည်။လမ်းတလျှောက်တွင် ထူထပ်သော တောအုပ်နှင့် ဆူးပင်များ ပြည့်နှက်နေသော်လည်း အရေခွံထူလှသော နဂါးကြီးအတွက်တော့ အတားအဆီး မဖြစ်ခဲ့ပေ။

နဂါးကြီးသည် ၎င်း၏ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် တစ်လှမ်းလှမ်းလျှင် လေး ငါးမီတာခန့် ခရီးရောက်သည်။လေးလံသော ခြေလှမ်းများ မြေပေါ်သို့ ကျတိုင်း မြေပြင်မှာ တသိမ့်သိမ့် တုန်ခါသွားရ၏။ဤတုန်ခါမှုကြောင့် ပတ်ဝန်းကျင်ရှိ ချုံပုတ်များထဲမှ ထူးဆန်းသော သတ္တဝါများစွာ လန့်ဖျန့်ထွက်ပြေးကြလေသည်။

အရိပ်မည်းကြီးတစ်ခု လုပေါင်၏ဘေးမှ ဖြတ်ပျံသွားရာ သူ မျက်လုံးပြူးသွားရသည်။

“ခုနက ဖြတ်ပျံသွားတဲ့ အမည်းကြီးက ဘာလဲ။ ဇီးကွက်လား။ ဝက်ထက်တောင် ကြီးနေပါလား။”

“ဟိုမှာ မြင်နေရတာ တကယ်ပဲ ပိုးချေးကောင်လား။သူ တွန်းနေတဲ့ အညစ်အကြေးလုံးကြီးက နယ်က ရေစည်ကြီးထက်တောင် ကြီးနေသေးတယ်။”

၎င်းတို့အပြင် အခြားထူးဆန်းသော မြင်ကွင်းများကိုလည်း လုပေါင် မြင်တွေ့ခဲ့ရသည်။

ယုန်ထက် ပိုမြန်သော ဆိတ်ကြီးတစ်ကောင်ဆင်စွယ်ထက် ပိုရှည်သော ဦးချိုများရှိသည့် ကြံ့တစ်ကောင် တောင်ပံဖြန့်လျှင် နှစ်မီတာခန့်ရှိသော လင်းနို့ကြီးများအုပ်စုမှာ သူ၏ ခေါင်းပေါ်မှ ဝဲပျံသွားကြသည်။သူနှင့် ရင်းနှီးပြီးသားဖြစ်သော လူဝံအချို့ကိုပင် တွေ့လိုက်ရသေးသည်။၎င်းတို့သည် တာဇံကဲ့သို့ သစ်ပင်များပေါ်တွင် ခိုစီးရင်း နဂါးကြီး၏ ဆူညံသံများကြောင့် ထွက်ပြေးနေကြခြင်း ဖြစ်သည်။

ဤမြင်ကွင်းများကိုကြည့်ရင်း လုပေါင် စဉ်းစားခန်း ဝင်သွားမိသည်။ဤကျွန်း၏ လျှို့ဝှက်ချက်မှာ သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။ဤသတ္တဝါများသည် ပြင်ပလောကရှိ ၎င်းတို့၏ မျိုးစိတ်တူများနှင့် လုံးဝမတူဘဲ သိသိသာသာ ကြီးထွားဖွံ့ဖြိုးလွန်းနေကြသည်။ဆယ်စုနှစ်ချီ သက်တမ်းရှိသော ဆေးပင်များအကြောင်းကို ပြန်တွေးမိရင်း လုပေါင် ပို၍ ဇဝေဇဝါ ဖြစ်လာသည်။

“အရင်ဆုံး ကြွက်စစ်တပ် တွေ့ထားတဲ့ လူသားတွေက ဘာတွေလဲဆိုတာကို အရင် သိအောင်လုပ်ရမယ်။”

လုပေါင်၏ တိုက်တွန်းမှုကြောင့် နဂါးကြီးသည် မြန်နှုန်းမြှင့်လိုက်ပြီး တောင်တန်းအချို့ကို ဆက်တိုက် ဖြတ်ကျော်လာခဲ့သည်။ တောင်ထိပ်တစ်ခုပေါ် ရောက်သောအခါ လုပေါင်သည် ထူးခြားသော နေရာတစ်ခုကို လှမ်းမြင်လိုက်ရသည်။

သူ့မျက်လုံးထဲသို့ ချက်ချင်းဝင်လာသည်မှာ ထိုးတက်နေသော မီးခိုးတန်းလေးတစ်ခုပင်။

“တကယ်ပဲ လူသားတွေ ရှိနေတာပဲ။”

မီးခိုးရှိလျှင် လူရှိရမည်။လုပေါင်သည် နဂါးကြီးကို ခပ်ဖွဖွပုတ်၍ မီးခိုးထွက်ရာဘက်သို့ အပြေးအလွှား သွားလိုက်သည်။

ထူထပ်သော တောအုပ်တစ်ခုကို ဖြတ်ကျော်ပြီးနောက် လုပေါင်သည် ထူးဆန်းသော ရနံ့တစ်ခုကို ရလိုက်သဖြင့် နှာခေါင်းရှုံ့ကြည့်လိုက်သည်။ထိုတောအုပ်ရှေ့တွင် ထူးဆန်းသော အနီရောင်ပန်းခင်းကြီးတစ်ခု ရှိနေသည်။ပန်းငုံများမှာ တင်းတင်းစေ့နေသော်လည်း အတော်ပင် ကြီးမားလှသည်။

အကြောင်းရင်းမသိရဘဲ လမ်းပြနေသော ဝါးကြွက်ကြီးမှာ ယိမ်းထိုးလာပြီး အနီးဆုံး ပန်းငုံဆီသို့ လျှောက်သွားတော့သည်။ကြွက်ကြီး အနားရောက်သည်နှင့် ပိတ်ထားသော အနီရောင်ပန်းငုံမှာ ရုတ်တရက် ပွင့်အာလာပြီး သွေးနီရောင် ပါးစပ်ကြီးတစ်ခုအလား ဝါးကြွက်ကြီးကို တစ်ကိုယ်လုံး မြိုချလိုက်လေသည်။

“ဟာ... အမဲလိုက်ပန်းတွေပဲ။”

လုပေါင်၏ ဦးနှောက်မှာ အလျင်အမြန် အလုပ်လုပ်သွားသည်။သူ လှည့်ကြည့်လိုက်သောအခါ နောက်မှ လိုက်လာသော ဒါပေါင် နှင့် ဟေးမီတို့မှာ မိန်းမောနေသည်ကို တွေ့ရသည်။၎င်းတို့သည် နဂါးကျောပေါ်မှ ခုန်ချချင်နေပုံရသည်။ဝါးကြွက်၏ ကံကြမ္မာကို မြင်ထားသောကြောင့် လုပေါင်က အလျင်အမြန် သတိပေးလိုက်သည်။

“မင်းတို့နှစ်ကောင် သေချင်နေတာလား။”

ထို့ပြင် လေထဲသို့ ပျံတက်သွားသော နှင်းလုံးလေး ကိုလည်း လုပေါင်က ဖမ်းဆွဲလိုက်ရသည်။မဟုတ်ပါက ၎င်းသည်လည်း အောက်သို့ ထိုးဆင်းသွားပေလိမ့်မည်။

“အဲ့ဒီရနံ့ကြောင့်ပဲ ဖြစ်ရမယ်။ဒါပေါင်နဲ့ဟေးမီတို့ မူးယစ်သွားကြတာ။ဒါပေမဲ့ ငါဘာလို့ ဘာမှမဖြစ်တာလဲ။ဒီရနံ့က တိရစ္ဆာန်တွေအပေါ်မှာပဲ သက်ရောက်တာလား။”

လုပေါင်ကယူဆချက်တစ်ခု ထုတ်လိုက်သည်။

ချီလင်လေး နှင့် နဂါးကြီးတို့ ဘာကြောင့် သက်ရောက်မှုမရှိသလဲ ဆိုသည်မှာတော့ ရှင်းပါသည်။၎င်းတို့၏ အဆင့်အတန်းမှာ အဆိုပါ ပန်းများထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။အဆိုပါ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်ပြီးနောက် လုပေါင်၏ မျက်နှာမှာ ထူးဆန်းသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အနီရောင်ပန်းငုံအချို့မှာ ပွင့်အာလာပြီး ဝါးစားထားသော အကြွင်းအကျန်များကို ပြန်ထွေးထုတ်နေသည်ကို တွေ့ရသည်။၎င်းတို့မှာ တောရိုင်းတိရစ္ဆာန်များ ဖြစ်ပေလိမ့်မည်။

သို့သော် လုပေါင်အနေဖြင့် ထိုပန်းများအကြောင်းကို ဆက်၍ စိုးရိမ်မနေနိုင်တော့ပေ။ပို၍ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု သူ၏ရှေ့တွင် ပေါ်လာသောကြောင့် ဖြစ်သည်။

သစ်ရွက်များဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် သူ့ကို ထိတ်လန့်တကြား ကြည့်နေခြင်းပင်။လုပေါင်၏ အမူအရာမှာလည်း သူမထက် မသာပေ။

“ဒီလို ဘုရားသခင် စွန့်ပစ်ထားတဲ့ နေရာမှာ တကယ်ပဲ လူရှိနေတာပဲ။”

သိချင်စိတ် ပြင်းပြနေသဖြင့် လုပေါင်သည် နဂါးကြီးကို ရှေ့သို့ တိုးစေလိုက်သည်။ တိရစ္ဆာန်များစွာကို မြိုချခဲ့သော အနီရောင်ပန်းငုံများသည် နဂါးကြီးကဲ့သို့ ဧရာမ သတ္တဝါကြီးရှေ့တွင်တော့ ဘာမှ မတတ်နိုင်ကြပေ။မကြာမီ လုပေါင်သည် ထိုအမျိုးသမီး၏ ရှေ့သို့ ရောက်သွားသည်။ထိုအချိန်တွင် သူမသည်လည်း နဂါးကြီး၏ ကျောပေါ်၌ လိုက်ပါလာသော လုပေါင်ကို သတိပြုမိသွားသည်။

ပေရေနေသော သူမ၏ မျက်နှာထက်တွင် ဝမ်းသာအားရမှုများ ချက်ချင်းပေါ်ပေါက်လာသည်။

“သုံးနှစ်တောင်ရှိပြီ... နောက်ဆုံးတော့ လူတစ်ယောက် ရောက်လာပြီ။”

အမျိုးသမီး၏ အသံမှာ ရှိုက်ကြီးတငင် ဖြစ်သွားရာ လုပေါင်မှာ အနည်းငယ် အနေရခက်သွားရသည်။

“အစ်မ... အရင်မငိုပါနဲ့ဦး။ကျွန်တော် အခု Live လွှင့်မနေလို့ တော်သေးတာပေါ့။မဟုတ်ရင် လူတွေသာ မြင်သွားရင် လူသူမနီးတဲ့ တောထဲမှာ အဝတ်စုတ်နဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး ငိုနေတာဆိုတော့ ကျွန်တော် ရှင်းရခက်ကုန်မှာ။”

သို့သော် လုပေါင်သည် သူမ စကားထဲမှ အဓိကစကားလုံးကို ဖမ်းမိလိုက်သည် ။

“သုံးနှစ် သူမ ဒီကျွန်းပေါ်မှာ ရှိနေတာ သုံးနှစ်တောင် ရှိပြီလား။”

လုပေါင် အံ့အားသင့်သွားသည်။စဉ်းစားစရာတွေ အများကြီး ရှိနေသော်လည်း လုပေါင် မစဉ်းစားရသေးမီ အမျိုးသမီးက ဆက်ပြောသည်။

“ရှင်က လူမှုစောင့်ရှောက်ရေးကုမ္ပဏီ ကလား ကျွန်မတို့ကို လာကယ်တာလား။တော်သေးတာပေါ့ အဲ့ဒီကုမ္ပဏီက လူတွေမှာလည်း အသိတရား ရှိသေးတာပဲ။”

“ဘာကုမ္ပဏီ အဲ့ဒါက ဘာကြီးလဲ။”

လုပေါင်က သူမစကားကို အမြန်ဖြတ်မေးလိုက်သည် ။

“ဟို... အစ်မ ကျွန်တော်က ဒီအတိုင်း ဖြတ်သွားဖြတ်လာပါလို့ ပြောရင် ယုံမလားတော့မသိဘူး။ကျွန်တော် ဒီကျွန်းပေါ် ရောက်နေတာ ဘယ်ကုမ္ပဏီနဲ့မှ မပတ်သက်ပါဘူးဗျ။”

သို့သော် အမျိုးသမီးမှာ လုပေါင်ပြောသည်ကို ဂရုမစိုက်ဘဲ သူမဘာသာ တတွတ်တွတ်နှင့် ဝမ်းသာနေလေသည်။

ထိုစဉ် လုပေါင်၏ အာရုံမှာ သူမ၏ နောက်ကွယ်ရှိ ဂူဆီသို့ ရောက်သွားပြီး နောက်ထပ် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။သို့သော် ထိုသူမှာ လဲလျောင်းနေသည်။သူသည် အပြင်က ဆူညံသံကို ကြားရသဖြင့် အားယူ၍ ထိုင်ရန် ကြိုးစားနေပုံရသည်။

ဒါက လုပေါင်ကို ပို၍ စိတ်ဝင်စားသွားစေသည်။ ဒီလိုလျှို့ဝှက်ဆန်းပြားတဲ့ ကျွန်းမှာ လူတစ်ယောက်တွေ့တာတောင် မလွယ်လှတဲ့ကိစ္စကို အခု နှစ်ယောက်တောင် တစ်ပြိုင်နက် တွေ့ရတာက ထီပေါက်တာထက်တောင် ခဲယဉ်းလှပေသည်။

All Chapters