အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း ၁၃၇ ကျွန်တော်တကယ်မသိတာပါဗျာ။
လုပေါင် တစ်ယောက်တည်း ရေရွတ်နေစဉ်မှာပင် ဂူထဲ၌ ထိုင်နေသော လူရိပ်မှာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ထို့နောက်တွင်တော့ ဒုန်းခနဲ အသံနှင့်အတူ နောက်သို့ ပြန်လည် လဲကျသွားလေတော့သည်။
“ပေါင်သခင်လေးရဲ့ ရုပ်ရည်က ကားတွေတိုက်မိပြီး လူတွေ သတိလစ်သွားလောက်အောင်အထိ ချောမောလွန်းနေလို့လား။မဖြစ်နိုင်တာ ဟူးး။”
လုပေါင်မှာ သူ့ကိုယ်သူ ဘဝင်မြင့်နေဆဲဖြစ်သော်လည်းရှေ့မှ အမျိုးသမီးမှာ ထိုအသံကို ကြားသည်နှင့် ချက်ချင်းလှည့်၍ ဂူထဲသို့ ပြေးဝင်သွားကာ အလောတကြီး အော်ဟစ်လေသည်။
“မမရွှယ်ချီ အဆင်ပြေရဲ့လား။ ကျွန်မတို့ကို ကယ်မယ့်သူ ရောက်လာပြီ။”
‘ကယ်တင်ဖို့ ဟုတ်လား။ တစ်ခုခုတော့ ဖြစ်နေပြီ။’
လုပေါင်သည် ချီလင်လေးကို ပွေ့ချီကာ သူတို့နောက်မှ ချက်ချင်း လိုက်ဝင်သွားသည်။မှန်ပေသည်။ဂူထဲတွင် နောက်ထပ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသော်လည်း သူမမှာ မြက်ခြောက်များပေါ်တွင် လဲလျောင်းလျက် သတိလစ်နေရှာသည်။
“မမရွှယ်ချီ ထပါဦး။ မမ ဒီလောက်အထိ တောင့်ခံလာတာ အခုမှ လဲကျသွားလို့ မဖြစ်ဘူးလေမမ။”
အမျိုးသမီးမှာ မြက်ခြောက်ပေါ်တွင် လဲလျောင်းနေသောသူကို အဆက်မပြတ် လှုပ်နှိုးနေသည်ကို လုပေါင် ကြည့်နေမိသည်။၎င်းတို့နှစ်ဦးစလုံးမှာ သစ်ရွက်များဖြင့် ပြုလုပ်ထားသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားသဖြင့် လှုပ်နှိုးလိုက်သည့်အခါ ဖြူဖွေးဝင်းပသော အသားအရေအချို့မှာ ပေါ်ထွက်လာတော့သည်။
“ဟောဗျာ ဒါက ပိုက်ဆံမပေးဘဲ ကြည့်လို့ရတဲ့ မြင်ကွင်းမျိုးလား။”
လုပေါင်က တိုးတိုးလေး ရေရွတ်ရင်း အမြန်ပြောလိုက်သည်။
“ဟို... အစ်မအဲ့ဒီလိုမျိုး ဆက်ပြီး လှုပ်နေရင် လူကောင်းတောင် သေသွားလိမ့်မယ်။”
မျှော်လင့်ထားသည့်အတိုင်း လုပေါင်၏ စကားကို ကြားသောအခါ အမျိုးသမီးမှာ ရပ်လိုက်ပြီး လုပေါင်၏ လက်ကို လှမ်းဆွဲကာ အလေးအနက် ပြောလေသည် ။
“ကျေးဇူးပြုပြီး မမရွှယ်ချီကို ကယ်ပေးပါ။”
လုပေါင် ဆွံ့အသွားရသည်။
‘ကျွန်တော်ကရောဂါကုတတ်တယ်လို့ ဘယ်သူပြောလို့လဲ။ ‘
ထို့ပြင်ရှေ့မှ အမျိုးသမီး ဝတ်ထားသည့် သစ်ရွက်ဝတ်စုံမှာလည်း ဘာမှ ကောင်းကောင်းမဖုံးနိုင်ပေ။လုပေါင်မှာ မျက်လုံးကို ဘယ်နားထားရမှန်းပင် မသိတော့။
‘မဟုတ်သေးဘူး မဟုတ်သေးဘူး။ ငါက ရိုးသားဖြောင့်မတ်တဲ့ သခင်လေးတစ်ယောက်ပဲ။ဒီလို မသင့်တော်တာမျိုး ဘယ်လုပ်ပါ့မလဲ။’
သို့သော်လည်း ပျာယာခတ်နေသော အမျိုးသမီးကို ကြည့်ကာ လုပေါင်က အမြန်ထိုင်ချလိုက်ပြီး သတိလစ်နေသော အမျိုးသမီးအနားသို့ တိုးကာ ဝင်သက်ထွက်သက်ကို စမ်းသပ်ကြည့်လိုက်သည်။
“ဟူး... တော်သေးတာပေါ့။ အသက်ရှူနေတုန်းပဲ မူးမေ့သွားတာပဲ ရှိတာ ဟေ့... ဟေ့... ကျွန်တော့်ကို မဆွဲနဲ့လေ အဲ့ဒါ ကျွန်တော့် ဘောင်းဘီဗျ။”
ဘေးမှ တောင်းပန်တိုးလျှိုးနေသော အမျိုးသမီးမှာ ထိုစကားကို ကြားမှ စိတ်အေးသွားဟန်တူပြီး လျှပ်စစ်နှင့် တို့လိုက်သကဲ့သို့ လုပေါင်၏ လက်ကို အမြန်လွှတ်လိုက်သည်။
“တောင်းပန်ပါတယ် ကျွန်မ မမရွှယ်ချီအတွက် စိုးရိမ်လွန်းလို့ပါ။ဒါနဲ့ ရှင်က ကျွန်မတို့ကို ကယ်ဖို့ လာတာလား။ကျွန်မ ပြန်ရောက်ရင် ရှင့်ကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်။အဲ့ဒီအချိန်ကျရင် ရှင်က အနုပညာလောကထဲ ဝင်ချင်တာပဲဖြစ်ဖြစ် ပိုက်ဆံလိုချင်တာပဲဖြစ်ဖြစ် ကျွန်မ အကုန်ဖြည့်ဆည်းပေးနိုင်ပါတယ်။”
ပြောပြီးနောက် ထိုအမျိုးသမီးမှာ လုပေါင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။ လုပေါင်က အနေခက်စွာ ပြန်ဖြေလိုက်သည်။
“အစ်မ... အစ်မက ဘယ်သူမို့လို့လဲ။ ကျွန်တော်က တကယ်ပဲ ဒီအတိုင်း ဖြတ်သွားဖြတ်လာပါဆို။”
လုပေါင်၏ စကားကြောင့် အမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း ချက်ချင်းပင် ဆက်ပြောသည်။
“အဲ့ဒါက အရေးမကြီးပါဘူး။ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ကျွန်မနဲ့ မမရွှယ်ချီကို ခေါ်ထုတ်ပေးနိုင်ရင် ခုနကပြောခဲ့တဲ့ ကတိတွေ အကုန်အတည်ပါပဲ။ဪ... ဒါနဲ့ ကျွန်မနာမည်က ကျောက်မင်ပါ။”
ပြောပြီးနောက် ကျောက်မင်သည် လုပေါင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း အနည်းငယ် ဂုဏ်ယူနေသည့် အမူအရာဖြင့် ကြည့်နေသည်။
“သိပ်ပြီးတော့ အံ့ဩမသွားပါနဲ့။ရှင် အံ့ဩသွားမယ်ဆိုတာ ကျွန်မ သိပါတယ်။ကျွန်မ တကယ် မသေသေးပါဘူး။အပြင်က လူတွေအများကြီးကတော့ ကျွန်မ သေပြီလို့ ထင်နေကြမှာပဲ မဟုတ်လား။”
သို့သော် လုပေါင်၏ တုံ့ပြန်မှုမှာ ကျောက်မင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
‘ဒီကအစ်မ ဘာတွေ ပြောနေတာလဲ။ဒီကျွန်းပေါ်မှာ သုံးနှစ်ကြာတော့ တကယ်ပဲ ရူးသွားပြီလား။သူ့လေသံကြည့်ရတာ အတော်လေး နာမည်ကြီးတဲ့ပုံပဲ။’
လုပေါင်မှာ ကျောက်မင်၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ကြောင်အမ်းအမ်းဖြစ်ကာ နားရွက်ကို ကုတ်လိုက် ပါးကို ကုတ်လိုက်နှင့် အမူအရာ ပျက်နေသည်။
ကျောက်မင်က ထိုမြင်ကွင်းကို မြင်သောအခါ မယုံနိုင်ဖြစ်သွားရသည် ။
“ရှင် ကျွန်မကို မမှတ်မိဘူးလား။”
“အာ... ကျွန်တော်က မှတ်မိနေရမှာလား။”
လုပေါင်မှာ အခက်တွေ့နေသည်။အခြေအနေက အတော်လေး အနေခက်စရာ ဖြစ်နေပြီ။ အခြေအနေက ဒီလောက်အထိ ဖြစ်နေပြီဆိုတော့ ဒီအစ်မကြီးကို မှတ်မိသလိုမျိုး ဟန်ဆောင်ပေးလိုက်ရမလား။
‘ဒီလို ရူးသွားတဲ့လူတွေက စိတ်မတည်ငြိမ်ဘဲ ဒေါသထွက်လွယ်တတ်တယ်လို့ ကြားဖူးတယ်။ပေါင်သခင်လေး အနေနဲ့ သူ့ကို အရင် စိတ်အေးအောင် လုပ်ပေးသင့်တယ်။’
တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် လုပေါင်က အမြန်ပြောလိုက်သည်။
“ဟုတ်သားပဲ မှတ်မိတာပေါ့၊ သေချာပေါက် မှတ်မိတာပေါ့ အစ်မက အဲ့ဒီတစ်ယောက် အဲ့ဒီတစ်ယောက် အဲ့ဒီတစ်ယောက်ပဲ မဟုတ်လား။ ကျွန်တော် ပြောတာ မမှားဘူးမလား။”
ကျောက်မင်သည် လုပေါင်မှာ လျှောက်ပြောနေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ပေရေနေသော သူမ၏ မျက်နှာထက်တွင် မယုံနိုင်သော အမူအရာ ပေါ်လာပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရသည်။ကြောင်အမ်းအမ်း ဖြစ်နေသော လုပေါင်ကို ပစ်ထားခဲ့ကာ သူမသည် အပြင်သို့ ပြေးထွက်သွားသည်။မကြာမီ လုပေါင်၏ နားထဲတွင် ရေစီးသံကို ကြားလိုက်ရသည်။
“ဟာ... သွားပြီ။ ဒီအစ်မကြီးက တကယ် စိတ်မမှန်တာပဲ။ ရောက်ရောက်ချင်း ဒုက္ခမပေးပါနဲ့ဦး။ရေထဲ ခုန်မချလိုက်နဲ့ဦးနော်။”
ဂူအပြင်ဘက်တွင် ရေအရင်းအမြစ် ရှိသည်ကို သတိရကာ လုပေါင်က သူမနောက်သို့ အမြန်လိုက်သွားသည်။
သို့သော် လုပေါင် ဂူအပြင်သို့ ထွက်လိုက်သည်နှင့် ချက်ချင်းပင် ဆွံ့အသွားရပြန်သည်။
ခုနက ပေရေနေသော အမျိုးသမီးကို မတွေ့ရတော့ပေ။သူမသည် မျက်နှာပေါ်မှ အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီးနောက် မိတ်ကပ်မပါဘဲပင် လှပလွန်းသော မျက်နှာလေးမှာ လုပေါင်၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။
သူမ၏ နုနယ်သော ရုပ်ရည်နှင့် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူမ၏ အသက်မှာ ခုနကထက် ဆယ်နှစ်ခန့် ပိုငယ်သွားသလို ထင်ရသည်။လုပေါင်က ခုနကတော့ အသက် ၃၀ ကျော် ၄၀ လောက်ရှိတဲ့ အစ်မကြီးလို့ ထင်နေတာ။အခုကြည့်တော့ အသက် ၃၀ မပြည့်သေးတဲ့ပုံပဲ။
“အစ်မကြီး”
“အာ... မဟုတ်ဘူး မမလေး”
“အဲ့ဒါလည်း မဟုတ်သေးဘူး။ အလှလေး...”
လုပေါင်မှာ စကားတွေ ထစ်ကုန်သည်။
သူ့ပခုံးပေါ်က နှင်းလုံးလေးကလည်း အခြေအနေကို လာကြည့်ရင်း အော်တော့သည် ။
“မိန်းမလေးပဲ မြန်မြန်... စားမယ်... စားမယ်။”
လုပေါင်က ထိုကောင်လေး၏ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
‘ဒီကောင်လေးရဲ့အရင်သခင်တွေက သူ့ကို ဘာတွေ သင်ပေးထားတာလဲ။’
ကံကောင်းထောက်မစွာဖြင့် ကျောက်မင်က ဂရုမစိုက်ပေ။သူမသည် ရှေ့သို့ နှစ်လှမ်းတိုးလာပြီး လုပေါင်၏ မျက်နှာနှင့် ငါးစင်တီမီတာခန့် အကွာမှနေ၍ အလေးအနက် မေးလိုက်သည် ။
“ကဲ... အခုတော့ ရှင် ကျွန်မကို မှတ်မိပြီမလား။”
ထိုစကားကို ကြားသောအခါ လုပေါင် လုံးဝ လက်လျှော့လိုက်ရသည်။ဒီအလှလေးက မျက်နှာဆေးတတ်သေးတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တဲ့ စိတ်ဝေဒနာရှင် မဟုတ်ဘူးလို့ ထင်ထားတာ။ဒါပေမဲ့ သူမပြောပုံအရတော့ အခြေအနေက မကောင်းသေးဘူး။
“ရှင် တကယ်ပဲ ကျွန်မကို မမှတ်မိတာလား။ ရှင် ရုပ်ရှင်တွေ ဘာတွေ မကြည့်ဘူးလား။”
ကျောက်မင်က လုပေါင်၏ ကြောင်အမ်းအမ်း မျက်နှာကို ကြည့်ပြီး မကျေမနပ် ထပ်မေးသည်။
လုပေါင်မှာ ကျောက်မင်၏ အဆက်မပြတ် မေးခွန်းများကြောင့် အတော်လေး ဗျာများနေရသည်။
‘စိတ်မမှန်တဲ့လူတွေကယုတ္တိမရှိတာတွေ ပြောတတ်တယ်ဆိုတာ မမှားဘူးပဲ။ဒါတွေက ဘာတွေလဲ။ငါက ရုပ်ရှင်တွေကို စိတ်မဝင်စားတဲ့အပြင် စနစ် က ပေးတဲ့ ခက်ခဲတဲ့ တာဝန်တွေကြောင့် တစ်နေကုန် တောနက်တွေထဲ လျှောက်သွားနေရတာ။ဒါမှမဟုတ် နဂါးတွေကို ကယ်ဖို့ ဒီလို ကျိန်စာသင့်နေရာတွေကို လာနေရတာပဲ ရှိတာ။’
“ကျွန်တော့်မှာ အဲ့ဒီအတွက် အချိန်ဘယ်မှာ ရှိမှာလဲ။”
လုပေါင်၏ ပေါ့ပေါ့ပါးပါး အဖြေကြောင့် စိတ်မမှန်ဘူးဟု အထင်ခံထားရသော ကျောက်မင်မှာ သက်ပြင်းချနိုင်သွားသည်။
“အဲ့ဒါကြောင့်ကိုး ရှင်က အနုပညာလောကအကြောင်း စိတ်မဝင်စားလို့ပဲ။ကျွန်မ သိပါတယ် ကျွန်မက ပထမတန်းစား မင်းသမီးတစ်ယောက်ပဲလေ။”
“ဘုရားရေ... သူက စိတ်ကူးယဉ် အိပ်မက်တွေပါ မက်နေပြီ။အနုပညာကြယ်ပွင့် ဟုတ်လား။ငါကတော့ တောသူမတစ်ယောက်လို့တောင် ထင်နေတာ။”
လုပေါင်က တိုးတိုးလေး ရေရွတ်ရင်း ရှေ့က ကျောက်မင်ကို ကြည့်လိုက်ရာ ရုတ်တရက် သူ့စိတ်ထဲ တစ်ခုခု တွေးမိသွားသည်။
“ဒီလို ရုပ်ရည်မျိုးနဲ့ဆိုရင်တော့ သူသာ တကယ် မရူးနေဘူးဆိုရင် အနုပညာလောကမှာ တကယ်ပဲ နေရာရနိုင်မှာပါ။”
အခန်း ၁၃၈ - တစ်ကိုယ်ကောင်ဆန်တဲ့သူကအသေဆိုးနဲ့ သေတတ်တယ်။
လုပေါင် သည် ရှုပ်ထွေးလှသော အတွေးများကို အမြန်ပင် ဘေးဖယ်ထားလိုက်သည်။ယခုအချိန်တွင် သူ အသိချင်ဆုံးအရာမှာ ကျောက်မင် နှင့် ဂူထဲမှ အမျိုးသမီးတို့ ဤလျှို့ဝှက်ဆန်းပြားသော ကျွန်းပေါ်သို့ မည်သို့ရောက်ရှိနေကြသနည်း ဆိုသည်ပင်။
ခဏတာ လေ့လာကြည့်ပြီးနောက် ဤအမျိုးသမီးနှစ်ဦးသည် ဘေးအန္တရာယ်များလှသော ကျွန်းပေါ်တွင် မည်သို့အသက်ရှင်နေထိုင်ခဲ့ကြသည်ကိုလုပေါင် နားလည်သွားသည်။၎င်းတို့သည် ကျွန်းအစွန်အဖျားရှိ အမဲလိုက်ပန်း အနီရောင်ပန်းငုံကြီးများကို အားကိုးခဲ့ကြခြင်းဖြစ်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။ထိုပန်းများသည် ၎င်းတို့၏ ရနံ့ဖြင့် သားရဲများကို ဆွဲဆောင်ကာ ဖမ်းယူစားသောက်ကြသည်။၎င်းသည် ဤအမျိုးသမီးနှစ်ဦးအတွက် ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ရုံသာမက ပန်းများ ဝါးစား၍မကုန်သော အကြွင်းအကျန်များသည်လည်း ၎င်းတို့အတွက် သွယ်ဝိုက်သော အစားအစာအရင်းအမြစ် ဖြစ်လာခဲ့သည်။
ဂူထဲရှိ မီးဖိုပေါ်တွင် ကင်ထားသော အသားတစ်စကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ကံကောင်းထောက်မစွာဖြင့် ထိုပန်းများ၏ ရနံ့သည် လူသားများအပေါ် သက်ရောက်မှုမရှိပုံရသည်။သို့မဟုတ်ပါက ဤအမျိုးသမီးနှစ်ဦးမှာ သုံးနှစ်နေဖို့နေသာသာ တစ်ရက်ပင် ခံလိမ့်မည်မဟုတ်ဘဲ ပန်းစားတာ ခံလိုက်ရပေလိမ့်မည်။
လုပေါင် တစ်ခုခု မေးရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်ရှိ ဂူထဲမှ လှုပ်ရှားသံတစ်ခု ကြားလိုက်ရသည်။ခုနက မူးမေ့သွားသော မမရွှယ်ချီ မှာ ဖြည်းဖြည်းချင်း နိုးလာခြင်းပင်။လှုပ်ရှားသံကို ကြားသည်နှင့် ကျောက်မင်မှာ ဂူထဲသို့ ပြေးဝင်သွားပြီး လုပေါင်ကလည်း နောက်မှ အပြေးအလွှား လိုက်သွားသည်။
“မမရွှယ်ချီ... အဆင်ပြေရဲ့လား။”
“မမရဲ့ ရောဂါက အသစ်အဆန်းမဟုတ်ပါဘူး။ဒီကနေ ထွက်သွားနိုင်ရင်တောင် မမ ကြကြာအသက်ရှည်မှာ မဟုတ်ပါဘူး။ရှောင်မင်... ညီမလေးပဲ အသက်ရှင်အောင် နေပြီး ဒီကနေ ထွက်သွားပါ။”
“မဟုတ်တာ မမရွှယ်ချီရဲ့ ဟိုမှာကြည့်... ကျွန်မတို့ကို ကယ်မယ့်သူ ရောက်လာပြီ။ ကျွန်မတို့ အတူတူ ထွက်သွားကြမယ်မမရဲ့ရောဂါလည်း သေချာပေါက် ပျောက်သွားမှာပါ။”
သူတို့နှစ်ဦးမှာ လုပေါင်၏ ရှေ့မှောက်တွင် နက်ရှိုင်းလှသော ညီအစ်မသံယောဇဉ်ကို ပြသနေကြသည်။သို့သော် မြက်ခြောက်ပေါ်တွင် လဲလျောင်းနေသော မမရွှယ်ချီကို ကြည့်ရင်း လုပေါင်၏ မျက်နှာမှာ ထူးဆန်းနေသည်။
“ဒါဆို အစ်မကြီးရွှယ်ချီ မူးလဲသွားတာက ရောဂါကြောင့်ပေါ့။ပေါင်သခင်လေးရဲ့ ခန့်ညားတဲ့ ရုပ်ရည်ကြောင့် ရင်ခုန်ပြီး လဲသွားတာ မဟုတ်ဘူးပေါ။”
လုပေါင်မှာ အနည်းငယ် အရှက်ရသွားသည်။
သို့သော် မကြာမီ ကျောက်မင်က လုပေါင်၏ အင်္ကျီလက်ကို ထပ်မံဆွဲကာ ပြောပြန်သည်။
“မမရွှယ်ချီကို ကယ်ဖို့ နည်းလမ်းရှာပေးပါဦး။ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ဒီလို ရုတ်တရက် မူးလဲတာတွေက ပိုပိုပြီး စိပ်လာတယ်။သူမ အခုချက်ချင်း ကုသမှု ခံယူဖို့ လိုအပ်နေပြီ။”
လုပေါင်မှာ ပြောစရာ စကားမဲ့သွားရသည်။ သူမက သူ့ကို တကယ်ပဲ အသက်ကယ်တင်ရှင်ကြီးလို သဘောထားနေတာပဲ။ ဒါပေမဲ့ ပြဿနာက သူက ဆေးပညာအကြောင်း တစ်လုံးမှ မသိတာပဲ။
သို့သော်လည်း ကျောက်မင်၏ အရည်လဲ့နေသော မျက်လုံးများထဲမှ အားကိုးတကြီး မျှော်လင့်နေမှုကို မြင်ရသောအခါ လုပေါင် တကယ်ပဲ မငြင်းရက်တော့ပေ။အထူးသဖြင့် မြက်ခြောက်ပေါ်တွင် လဲလျောင်းနေသော မမရွှယ်ချီမှာ ဖြူဖျော့နေသော်လည်း ကျောက်မင်ထက်ပင် ပိုမိုလှပသော မျက်နှာလေး ရှိနေသည်။ဤမှောင်မိုက်သော ဂူထဲတွင်ပင် သူမ၏ အလှမှာ ကျောက်မင်ထက် မနိမ့်ကျကြောင်း လုပေါင် မြင်နိုင်သည်။
“ဒီလို လှပတဲ့ အမျိုးသမီးတစ်ယောက်က ဒီလျှို့ဝှက်ကျွန်းပေါ် ရောက်နေပြီး ဒီလို ထူးဆန်းတဲ့ ရောဂါ ခံစားနေရတာ တကယ် သနားစရာပဲ။”
လုပေါင် သူတို့ကို ကူညီချင်သော်လည်း ကံမကောင်းစွာဖြင့် သူက ဆေးပညာနှင့် ပတ်သက်လျှင် လုံးဝ အသိဉာဏ်မရှိပေ။ သူက မသိဘဲနှင့် လျှောက်မကုဝံ့ပါဒေါက်တာရမ်းကု လုပ်မိလျှင် လူသတ်မိသလို ဖြစ်သွားနိုင်သည်။သို့သော် မကြာမီ လုပေါင် အကြံရသွားသည်။
“ဟုတ်သားပဲ အင်တာနက်ပေါ်မှာ တော်တဲ့လူတွေ အများကြီးရှိတာပဲ။လူတိုင်းက တတ်ကြတာဆိုတော့ ရောဂါကုတတ်တဲ့လူ တစ်ယောက်လောက်တော့ ပါမှာပါ။”
“Live လွှင့်မယ်။”
သူ့ရဲ့ Live ထဲမှာ ပရိတ်သက် တွေ အများကြီးရှိတာပဲ ဆေးပညာတတ်တဲ့လူ အနည်းဆုံး တစ်ယောက်လောက်တော့ ပါမှာပေါ့။
လုပေါင်က သူ့ခေါင်းကို ရိုက်လိုက်ရင်း။
“ဟေး... ငါက တကယ့် ဂျီးနီးယပ် ပဲ။”
ကျောက်မင်၏ တောင်းဆိုမှုကို လုပေါင်က အားတက်သရော ပြန်ပြောလိုက်သည် ။
“မစိုးရိမ်ပါနဲ့ ဒီကိစ္စကို ကျွန်တော့်လက်ထဲသာ အပ်ထားလိုက်။”
ထိုစကားကို ကြားသည်နှင့် ကျောက်မင်မှာ ဝမ်းသာအားရ ထရပ်လိုက်ပြီး လုပေါင်ကို မဆိုင်းမတွပင် ဖက်လိုက်လေတော့သည်။
“အရမ်းကောင်းတာပဲ မမရွှယ်ချီတော့ ကယ်တင်ရှင်တွေ့ပြီ။”
ဤအချိန်တွင် ကျောက်မင်မှာ အသိတရားတွေ ပျောက်ဆုံးနေပြီဖြစ်သည်။လျှို့ဝှက်ကျွန်းပေါ်တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရခြင်းက သူမကို လုံးဝ မျှော်လင့်ချက်မဲ့စေခဲ့သည်။လုပေါင်၏ ရုတ်တရက် ပေါ်ထွက်လာမှုက သူမအတွက် တကယ့် အသက်ကယ်ကြိုးကြီး ဖြစ်လာသည်။လုပေါင်ကဲ့သို့ လူငယ်တစ်ယောက်က မမရွှယ်ချီကို တကယ် ကုနိုင် မကုနိုင် ဆိုသည်ကို စဉ်းစားရန် သူမတွင် အသိဉာဏ် မကျန်တော့ပေ။
ကျောက်မင်၏ ရင်ဘတ်မှ အဖိုးတန်လက်နက်များ ၏ တိုက်စစ်ကို တောင့်ခံရန် ခက်ခဲနေသော လုပေါင်က အနေခက်စွာ ပြောလိုက်ရသည် ။
“ဟို... ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောရအောင် အရင်ဆုံး လွှတ်ပေးပါဦး။”
ကျောက်မင်လည်း သတိပြန်ဝင်လာပြီး လုပေါင်ကို အမြန်လွှတ်လိုက်ကာ သန့်စင်ထားသော သူမ၏ မျက်နှာထက်တွင် ရှက်သွေးများ ဖြာသွားသည်။
သို့သော် ဤအရာက လုပေါင်ကို တစ်ခုခု သတိရသွားစေသည်။
“ဒီအမျိုးသမီးနှစ်ယောက် ဝတ်ထားတဲ့ ရှေးဦးသစ်ရွက် ဝတ်စုံတွေနဲ့သာ ငါ Live လွှင့်လိုက်လို့ကတော့ စတာနဲ့ အပိတ်ခံရမှာ သေချာတယ်။GHS လို့ အစွပ်စွဲခံရရင်တော့ ငါတော့ ထောင်နန်းစံရမှာပဲ။”
ရှေ့က ကျောက်မင်နှင့် မမရွှယ်ချီတို့၏ သစ်ရွက်ဝတ်စုံနှင့် ပုံစံမှာ တကယ်ကို ဆွဲဆောင်မှု ရှိလွန်းနေသည်။
ထို့နောက် လုပေါင်က သူ့ပခုံးပေါ်က နှင်းလုံးလေးကို ပြောလိုက်သည် ။
“ငှက်စုတ် မမလေးတွေကို ကြည့်ပြီး သွားရည်မကျနေနဲ့တော့။သွား... သင့်တော်တဲ့ အဝတ်အထည် လုပ်ဖို့ ပစ္စည်းတွေ သွားရှာချေ။”
“သူငယ်ချင်းထက် မိန်းမကို ဦးစားပေးတယ်။တစ်ကိုယ်ကောင်းဆန်တဲ့သူ အသေဆိုးနဲ့ သေတတ်တယ် ဂူး ဂူး။”
နှင်းလုံးလေးက မကျေမနပ် ရေရွတ်ပြီး တောင်ပံဖြန့်ကာ ဂူအပြင်သို့ ပျံထွက်သွားသည်။လုပေါင်မှာ စိတ်တိုလွန်းလို့ မျက်နှာကြီး မဲ့ရွဲ့သွားရသည်။
“ဒီငှက်စုတ်က ဒီလောက်အထိ လူလည်ကျလိမ့်မယ်လို့ မထင်ထားဘူး။အလှလေးတွေ့တာနဲ့ ငါ့အမိန့်ကိုတောင် ပြန်ပြောရဲတယ်ပေါ့။ နောက်မှ မင်းကို သေချာ ပြင်ပေးရမယ်။”
ဒါပေါင်နှင့် ဟေးမီကိုတော့ လုပေါင်က သူ့ဘေးမှာပဲ အနီးကပ် ထားလိုက်သည်။အပြင်က အမဲလိုက်ပန်းတွေ မြိုချတာ မခံရအောင် ဖြစ်သည်။ကျောက်မင်နှင့် မမရွှယ်ချီတို့မှာလည်း လုပေါင်ဘေးက ငှက်က လူစကားပြောနိုင်သည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားကြသည်။အထူးသဖြင့် လုပေါင်၏ လက်ထဲက ချစ်စရာ ချီလင်လေးကို မြင်သောအခါ နှစ်ယောက်စလုံး မျက်လုံးတွေ တောက်ပသွားကြသည်။
“ချစ်စရာ ခွေးလေးပဲ အမမ ဖက်ပါရစေဦး။”
ကျောက်မင်က ဘာမှမပြောဘဲ လုပေါင်လက်ထဲမှ ချီလင်လေးကို ယူကာ မြက်ခြောက်ပေါ်တွင် တင်၍ ကစားနေတော့သည်။လုပေါင်မှာ ထိတ်လန့်တကြား ကြည့်နေမိသည်။ကျောက်မင် မျက်လုံးထဲမှာတော့ ချစ်စရာ ခွေးလေးဆိုပေမဲ့ ဒီကောင်လေးသာ စိတ်ဆိုးပြီး စွမ်းအားထုတ်လိုက်ရင် ဒီဂူတစ်ခုလုံး ပြာကျသွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ချီလင်လေးမှာ အလှလေးနှစ်ယောက်၏ အာရုံစိုက်မှုကို မကျေမနပ် ဖြစ်ပုံမရဘဲ အတော်ပင် သဘောကျနေပုံရသည်။သူက မြက်ခြောက်ပေါ်တွင် လူးလှိမ့်ရင်း ကပ်ချွဲနေသေးသည်။ ဤသည်ကို မြင်ရသော ကျောက်မင်တို့မှာ တခိခိနှင့် ရယ်မောနေကြသည်။
‘ဘုရားရေ... ချီလင်လေး မင်းဒီလောက်အထိ လူလည်ကျမယ်လို့ မထင်ထားဘူး။ အလှလေးတွေနဲ့ကျတော့ မင်းက မျက်နှာနှစ်မျိုးနဲ့ ဆွဲဆောင်နေတာပဲ။’
လုပေါင် စိတ်ထဲက ကြိတ်ပြီး ပြောနေစဉ်မှာပင် အပြင်ကနေ နှင်းလုံးလေး ပြန်လာတဲ့ အသံကို ကြားလိုက်ရသည်။မကြာမီ နှင်းလုံးလေးမှာ တောကြက် နှစ်ကောင်ကို ကိုက်ချီပြီး ပြန်ရောက်လာသည်။သို့သော် ထိုတောကြက်များ၏ အရွယ်အစားမှာ သာမန်တောကြက်များထက် များစွာ ကြီးမားလှသည်။၎င်းတို့၏ အမွေးအတောင်များမှာလည်း အတော်ပင် များပြားလှသည်။
လုပေါင် စမ်းကြည့်လိုက်သောအခါ တောကြက်မွေးများမှာ အတော်ပင် နူးညံ့ပြီး အပြင်က အကောင်းစား ဘဲမွေးတွေထက်တောင် ပိုပြီး နေလို့ကောင်းသည်။ အဝတ်အစား လုပ်ဖို့အတွက် အကောင်းဆုံး ပစ္စည်းများပင်။
“မင်းကတော်တော် အသုံးဝင်သားပဲ။”