အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း ၄၇၅ - ဧကရာဇ် ကြားဖြတ်ခုတ်ခြင်း၊ မိုင်းကို ဖန်တီးပြီးစီးခြင်း
ရှောင်းယီသည် အဖွဲ့အတွင်းရှိ ဆွေးနွေးမှုများကို ကြည့်ရှုရင်း စဉ်းစားကြည့်လိုက်သည်။ လက်ရှိအခြေအနေအရ ဤမဟာမိတ်အဖွဲ့ဖြင့် ခုခံကာကွယ်ရန်မှာ ခက်ခဲပေလိမ့်မည်။ တန်ပြန်တိုက်ခိုက်မှသာ အခွင့်အရေးရှိနိုင်မည်ဖြစ်သည်။
“ဒီမဟာမိတ်အဖွဲ့က တကယ်ပဲ ငါတို့ကို အမြန်ဆုံးပေါင်းစည်းစေဖို့အတွက် ဖန်တီးထားတာဖြစ်နိုင်မလား။”
ရှောင်းယီ ထိုသို့မတွေးဘဲမနေနိုင်ခဲ့ပေ။
ရုတ်တရက် ယီထျန်းအဖွဲ့ရှိ မက်ဆေ့ဂျ်တစ်ခုက ဂရုတစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။
“လူတိုင်းကြည့်ကြည့်စမ်း...ငါဘာပစ္စည်းကောင်းရလိုက်သလဲလို့။ [ခလုပ်နှိပ်ရေမြှုပ်မိုင်းပုံစံကွက်] ၁”
“ဝိုး ဒါက တကယ့်ကိုပစ္စည်းကောင်းပဲ။ ညီအစ်ကို ဘယ်လောက်ပေးရမလဲ။ ငါလိုချင်တယ်...။”
“မင်းကိုရောင်းတော့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ။ မင်းမှာ ယမ်းစိမ်းရှိလို့လား။ ကုန်ကြမ်းတွေတောင် မစုနိုင်ဘဲနဲ့။ မင်းကိုသာရောင်းလိုက်ရင် ဒီလိုမျိုး ရေမိုင်းတစ်ခုမွေးဖွားလာတာကို ငါတို့ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူး။”
“ညီအစ်ကို မင်းဒီလိုတော့ မပြောပါနဲ့။ ငါတို့ဖြည်းဖြည်းချင်းစုဆောင်းလို့ရပါတယ်။ ဈေးနှုန်းကိုပဲ ပြောလိုက်စမ်းပါ။”
“မရောင်းဘူး။ အခုချိန်မှာ ယီရန်ပင်း တစ်ယောက်တည်းဆီမှာပဲ ယမ်းစိမ်းရှိမယ်လို့ ငါထင်တယ်။ ငါက သူနဲ့ညှိဖို့စီစဉ်နေတာ။”
ထိုအရာကိုမြင်သောအခါ ရှောင်းယီ ချက်ချင်းပင် ပြောလိုက်သည်။
“ဘယ်လိုညှိယူမှုမျိုးလဲ...။”
“သီးသန့်ပြောကြတာပေါ့။”
တာ့ထောင်ဟူသော အိုင်ဒီရှိသူက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် တာ့ထောင်ထံသို့ သီးသန့်မက်ဆေ့ဂျ်ပို့ကာ မေးလိုက်သည်။
“မင်္ဂလာပါ ခင်ဗျား ဘယ်လိုမျိုး ရောင်းဝယ်ဖောက်ကားချင်လဲ။”
“ခင်ဗျားဘက်က ကုန်ကြမ်းတွေထောက်ပံ့ပေးပါ။ ကိုက်ကဖန်တီးမယ်။ ဖန်တီးထားတဲ့ ရေမိုင်းတွေကို ကျုပ်တို့ ခွဲဝေကြမယ်ဆိုရော ဘယ်လိုလဲ။”
တာ့ထောင်က မေးလိုက်သည်။
ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ ငြင်းပယ်လိုက်သည်။
“ဒါက အလုပ်မဖြစ်ဘူး။ ကျုပ်အတွက် ရေမိုင်းတွေက အရမ်းအရေးတကြီးမလိုအပ်ဘူး။ ဒီလုပ်ငန်းကိုလုပ်ဖို့အတွက် တခြားသူတွေကိုပဲ ရှာလိုက်ပါ။”
“သူဌေး ဒီလိုမလုပ်ပါနဲ့။ ထပ်ပြီး ဆွေးနွေးလို့ရပါတယ်။ ဥပမာ ပြီးဆုံးသွားတဲ့ ရေမိုင်းတွေကို ၃၀-၇၀ခွဲမယ်။ ကျုပ်က ၃၀% ယူမယ် ခင်ဗျား ၇၀% ယူပေါ့။”
တာ့ထောင်က ဆက်လက်ကြိုးစားကြည့်လိုက်သည်။
“မလိုအပ်ဘူး။ သူတို့ကို ဘယ်လိုခွဲဝေမလဲဆိုတာက ကိစ္စတစ်ခာမဟုတ်ဘူး။ ခင်ဗျားဘက်က ပုံစံကွက်ကို ရောင်းမယ်ဆိုရင် ကျုပ်လက်ခံမယ်။ ခင်ဗျားမနေနဲ့ အပြီးသတ်ထုတ်ကုန်ကို ၅၀% လျှော့ဈေးနဲ့ ဝယ်လို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အိုး...ဒါဆိုရင်တော့ မဖြစ်နိုင်လောက်ဘူး။”
တာ့ထောင်က အကူအညီမဲ့စွာ ပြောလိုက်သည်။
“အင်း...စီးပွားရေးက စီးပွားရေးပါပဲ။ နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်ကောင်းပါရဲ့။”
ရှောင်းယီသည် ထိုသို့ပြောပြီးနောက် စကားပြောဆိုမှုကို အဆုံးသတ်လိုက်သည်။
တာ့ထောင်သည် ရှောင်းယီ ဤမျှဆုံးဖြတ်ချက်ပြတ်သားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ ဝေခွဲမရဖြစ်နေစဉ် တစ်စုံတစ်ဦးက သူ့ထံသို့ သီးသန့်မက်ဆေ့ဂျ်ပို့လာခဲ့သည်။
“မင်္ဂလာပါ...ခင်ဗျားမှာ ရေမိုင်းပုံစံကွက်ရှိတယ်လို့ ကျုပ်ကြားထားတယ်။”
ထိုသူ၏အိုင်ဒီမှာ တိလင်းထျန်းရှား ဖြစ်သည်။
“မှန်ပါတယ်...အကြီးအကဲ စိတ်ဝင်စားလို့လားဗျ။”
တယ့ထောင်က အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ် ခင်ဗျား ကျုပ်ကိုရောင်းနိုင်မလား။”
တိလင်းထျန်းရှားက မေးလိုက်သည်။
“တောင်းပန်ပါတယ်...ကျုပ်မရောင်းပါဘူး။ အခု ယီရန်ပင်းသူဌေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေတုန်းပါပဲ။”
တာ့ထောင်က ဟန်ဆောင်လိုက်သည်။
“ခင်ဗျား ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့စီစဉ်ထားလဲ။”
တိလင်းထျန်းရှားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“လက်ရှိမှာ သူက ကုန်ကြမ်းတွေထောက်ပံ့ပေးပြီး အပြီးထုတ်ကုန်တွေကို တစ်ဝက်စီခွဲဖို့ ဆွေးနွေးနေကြတာပါ။”
တာ့ထောင်က ပြန်ဖြေလိုက်သည်။
“ယီရန်ပင်းက သဘောတူမှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ်။”
တိလင်းထျန်းရှားက ပြောလိုက်သည်။
“သူက တကယ်ပဲမသဘောတူဘူး။ သူက ပိုပြီးလိုချင်သေးတယ်။ ကျုပ်တို့ ဆွေးနွေးနေတုန်းပါပဲ။”
တာ့ထောင်က ပြန်ဖြေလိုက်သည်။
တိလင်းထျန်းရှားသည် အနည်းငယ် ချင့်ချိန်တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“၄၀-၆၀ ခွဲမယ်။ ခင်ဗျားက ၄၀ ကျုပ်က ၆၀။ ကျုပ်ဘက်က ကုန်ကြမ်းတွေ ထောက်ပံ့ပေးမယ်။”
“သူက အရင်ကတည်းက တစ်ပြည်တည်းသားတွေကို ကူညီခဲ့တာကို ငါမြင်တယ်။ ပြီးတော့ ဒီအချိုးအစားကို ငါသဘောတူနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယီရန်ပင်းကလည်း ဒီအချိုးအစားပဲ ပေးမှာပဲ။”
တာ့ထောင်က သူ၏စိတ်ထဲတွင် တွေးလိုက်ပြီးနောက် ဆက်မေးလိုက်သည်။
“ခင်ဗျားမှာ ဒီပစ္စည်းစ္စည်းအတွက် ကုန်ကြမ်းတွေရှိလား။”
“ရှိတယ်...ယမ်းစိမ်းကို ကျုပ်တို့ဖန်တီးပြီးသွားပြီ။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။
အဖြစ်မှန်မှာ တိလင်းထျန်းရှားသည်လည်း ယမ်းစိမ်းဖော်မြူလာတစ်ခု ရရှိထားခဲ့သည်။ ထို့ပြင် သူ၏ကျွန်းပေါ်တွင် ဆာလဖာမိုင်းတွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ဝေပေါ်ထံမှ နိုက်ထရိတ်များကိုလည်း ဝယ်ယူခဲ့ပေသည်။
ဝေပေါ်သည် ရှောင်းယီ ယခင်က ခေါ်ယူခဲ့သော နိုက်ထရိတ်ပြုလုပ်တတ်သည့် ညီငယ်တစ်ဦးဖြစ်၏။
နိုက်ထရိတ်မရောင်းချမီ ဝေပေါ်သည် ရှောင်းယီထံသို့ အစီရင်ခံခဲ့သေးသည်။ ရှောင်းယီသည် သူ့အား အပြင်ဘက်သို့ ရောင်းချခွင့်ပြုခဲ့သော်လည်း ကန့်သတ်ထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပိုင်လူများကို ဦးစားပေးထောက်ပံ့ရမည်ဖြစ်သောကြောင့်ပင်။
“သိပ်ကောင်းတယ်...ဒါဆိုအဆင်ပြေပြီ။ နောက်မှ လိုအပ်တဲ့ကုန်ကြမ်းတွေကို ကျုပ်ပြောပြပါ့မယ်။”
တာ့ထောင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကောင်းပြီ ကျုပ် ခင်ဗျားရဲ့မက်ဆေ့ဂျ်ကို စောင့်နေပါမယ်။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။
သူ အလွန်အကျွံဈေးမဆစ်ရသည့်အကြောင်းရင်းမှာ တိလင်းထျန်းရှားသည် ရေမိုင်း၏နည်းဗျူဟာဆိုင်ရာတန်ဖိုးကို မြင်နိုင်သောကြောင့်ပင်။
လက်ရှိအချိန်၌ လူတိုင်းတွင် ပိုမိုကောင်းမွန်သောလက်နက်များ မရှိသောကြောင့် ဤရေမိုင်းသည် အထူးတလည် အရေးကြီးလာပေလိမ့်မည်။
ထို့အပြင် ၎င်းကို သူတို့ကျွန်းအနီးရှိ ရေပြင်တွင် ထားရှိလိုက်ပါက ထိုဒေသခံများကို ဧကန်မုချ ကြောက်ရွံ့သွားစေလိမ့်မည်။
အချိန်ပိုမိုရယူကာ ဖွံ့ဖြိုးတိုးတက်ရန် ခွင့်ပြုပေးနိုင်သရွေ့ ဤကုန်ကြမ်းများ၏ကုန်ကျစရိတ်သည် မပြောပလောက်ပေ။
ရှောင်းယီ ဂရုမစိုက်ရသည့်အကြောင်းရင်းမှာ သူသည် ထိုပစ္စည်းကို အမှန်တကယ် မလိုအပ်သောကြောင့်ဖြစ်သည်။ သူ့လက်ထဲတွင် အဆိပ်ငွေ့ဗုံးဆိုသည့် ကြီးမားသောလက်နက်တစ်ခု ရှိနေပြီးသားဖြစ်သည်။
ထို့ပြင် ပင်လယ်ထဲတွင် ချင်းလုံနှင့် ဝေလငါးသတ်ဖြတ်သူအုပ်စုတစ်စုလည်း ရှိနေသေးသည်။ ဒေသခံသင်္ဘောများကို သူတို့ မည်မျှဆောက်ရန် လိုက်အပ်မည်နည်း။
ရေမိုင်းများနှင့်ပတ်သက်၍ ရှောင်းယီသည် ပုံစံကွက်ကို ရရှိခဲ့လျှင်တောင် ၎င်းကို သူ၏ရေပြင်တွင် ထားရှိမည်မဟုတ်ပေ။
ချင်းလုံ ပေါက်ကွဲသွားလျှင်ကော။
ချင်းလုံ ပေါက်ကွဲမသွားလျှင်ပင် ထိုငါးငယ်များနှင့်ပုစွန်ဆိတ်များကို ပေါက်ကွဲစေခြင်းမှာ သိပ်မကောင်းလှပေ။
တာ့ထောင်သည် တိလင်းထျန်းရှားမှ ထောက်ပံ့ပေးသော ကုန်ကြမ်းများကို ရရှိပြီးနောက် ချက်ချင်းပင် ရေမိုင်းနှစ်ဆယ်ကိုဖန်တီးကာ တိလင်းထျန်းရှား အား ဆယ့်နှစ်ခုပေးလိုက်သည်။
လဲလှယ်မှုမပြုမီ တိလင်းထျန်းရှားသည် ရေမိုင်းပုံစံကွက်၏ဖော်မြူလာကို ကြည့်ရှုရန် တောင်းဆိုခဲ့သောကြောင့် တာ့ထောင်တွင် ဝှက်ထားရန် နည်းလမ်းမရှိခဲ့ပေ။
တာ့ထောင်သည် ချက်ချင်းပင် ရေမိုင်းနှစ်ခုကို ယီထျန်းအဖွဲ့ထဲသို့ တင်သွင်းလိုက်သည်။
“【ခလုက်နှိပ်ရေမြှုပ်မိုး】 ၂၊ လူတိုင်းပဲ ကြည့်ကြည့်ပါဦး။ ဒီအရာက ဘယ်လိုနေလဲ။”
“ဟာ့ ဒီလောက်မြန်မြန် ဖန်တီးလိုက်ပြီလား။ အကြီးအကဲတစ်ယောက်ယောက်က ခင်ဗျားကို ကုန်ကြမ်းတွေ ထောက်ပံ့ပေးလိုက်တာလား။”
“သူဌေးတစ်ယောက်ပါပဲ၊ ဒါပေမယ့် ယီရန်ပင်းသူဌေးတော့ မဟုတ်ဘူး။”
တာ့ထောင်က ပြန်ဖြေလိုက်သည်။
သူသည် ဤအပြီးသတ်ထုတ်ကုန်ကို ရှောင်းယီ မြင်စေရန် တမင်တင်သွင်းလိုက်ခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် တစ်စုံတစ်ခုကိုဖော်ပြချင်နေ၏။
မင်း ငါနှင့်မပူးပေါင်းရင် ငါကလည်း အခြားသူတွေနဲ့ ပူးပေါင်းမယ်။
နောက်ထပ်အဓိပ္ပာယ်တစ်ခုမှာ ဤပစ္စည်းကိုလိုချင်သောသူများ သူ့တံခါးဝသို့လာမလားဆိုသည်ကို ကြည့်ရှုရန်ပင်။ ထို့နောက် သူသည် ကောင်းကင်လောက်မြင့်သည့်ဈေးနှုန်းကို တောင်းဆိုနိုင်မည်ဖြစ်သည်။
“အခြားပုဂ္ဂိုလ်ကြီးတစ်ယောက်က ယမ်းစိမ်းတွေ ဖန်တီးပြီးသွားပြီလား။”
“ဒါက အံ့သြစရာတော့မဟုတ်ပါဘူး။ ငါ့မှာလည်း ယမ်းစိမ်းဖော်မြူလာရှိတယ်။ ဒါပေမယ့် ကုန်ကြမ်းတွေတော့ မတွေ့သေးဘူး။ ကုန်ကြမ်းရရင် ယမ်းစိမ်းကိုလည်း ဖန်တီးနိုင်တယ်။”
“မင်းတို့အားလုံး ဘာလြိ့ ဒီလောက်တောင် ကံကောင်းကြတာလဲ။ ငါတို့က တူညီတဲ့ကမ္ဘာတစ်ခုတည်းမှာ ပစ္စည်းသေတ္တာတွေ ဖွင့်နေကြတာပဲမဟုတ်ဘူးလား။”
“မင်းကံက မကောင်းဘူးလို့ပြောရမယ်။ ကမ္ဘာကြီးက ကြီးမားလွန်းတယ်။ အဆင့်မြင့်ပစ္စည်းကိရိယာအချို့ ဖွင့်ထားတဲ့သူတွေ အများကြီးရှိရမယ်။ ယီရန်ပင်းလိုပဲပေါ့။ ဒါပေမယ့် အချို့က လူတိုင်းရှေ့မှာ ထုတ်ပြတယ်။ အချို့ကတော့ ထုတ်မပြကြဘူး။”
“မင်းပြောတာ အရမ်းမှန်တယ်။ နေရာတိုင်းမှာ ပုဂ္ဂိုလ်ကြီးတွေရှိနေသလိုတောင် ခံစားလိုက်ရတယ်။”
“တာ့ထောင် ရေမိုင်းတွေကို ရောင်းမှာလား။ တစ်ခု ဘယ်လောက်လဲ။”
နောက်ဆုံးတွင် တစ်စုံတစ်ဦးမှ ငါးစားလာဟပ်သည်ကို မြင်လိုက်ရသောအခါ တာ့ထောင်သည် အနည်းငယ် တွေးတောပြီး ပြန်ဖြေလိုက်သည်။
“အုတ်မြစ်ကျောက်ငါးခု”
“ငလူး မင်းသူဌေးကြီးဆီကနေ ပညာယူခဲ့တာလား။ မင်းက အရမ်းမည်းညစ်တာပဲ။ ရေမိုင်းတစ်ခုအတွက် မင်းတောင် တစ်ရက်တည်းနဲ့ အုတ်မြစ်ကျောက် လုံလောက်အောင် ဖမ်းနိုင်လို့လားကွ။”
“အမှန်ပဲ။ မင်းက သူဌေးထက်တောင် မည်းညစ်နေသေးတယ်။ အုတ်မြစ်ကျောက်ငါးခုဟုတ်လား။ ဘာလို့ ငါတို့ကို ဓားပြလာမတိုက်တာလဲ။”
အဖွဲ့အတွင်းရှိ အချက်အလက်များကိုကြည့်ကာ တာ့ထောင်သည် နှုတ်ခမ်းများကို အပေါ်သို့ တွန့်ကွေးလိုက်၏။
‘မင်းတို့ကို ဒေသခံတွေဝိုင်းတိုက်တဲ့အခါ ဒီအရာရဲ့အရေးပါမှုကို သိလာလိမ့်မယ်။ ယီရန်ပင်းသူဌေး အပါအဝင် ဒီရေမိုင်းတွေကို လာမဝယ်ကြနဲ့။ ခင်ဗျားက ဒါကို မလိုအပ်ဘူးလို့ပြောထားတာဆိုတော့။’
“ငါလိုချင်တယ်...သုံးခုယူတမယ်။ သီးသန့်ဆက်သွယ်ပြီး လဲလှယ်မယ်။”
“တကယ်ပဲ လိုချင်တဲ့သူရှိတယ်လား။ ခဏလေး...ဒါ ခုနက ဒေသခံတွေတိုက်ခိုက်တာ ခံရတဲ့သူမဟုတ်ဘူးလား။”
“ဟုတ်တယ် သူပဲ။ မင်းရဲ့မဟာမိတ်အဖွဲ့က အောင်မြင်သွားပြီမဟုတ်ဘူးလား။ ဘာလို့ ရေမိုင်းတွေ ဝယ်နေတာလဲ။ မဟာမိတ်အဖွဲ့က မကိုင်တွယ်နိုင်ဘူးလား။”
“ကိုင်တွယ်နိုင်မှာလားတော့ ငါမသိဘူး။ အခုပြဿနာက အရမ်းနောက်ကျနေတာပဲ။ မဟာမိတ်အဖွဲ့ဝင်တွေရောက်တဲ့အထိ ဒီဒေသခံသင်္ဘောတွေကို ငါတားထားဖို့လိုသေးတယ်။ အခုကြည့်ရတာတော့ ငါ ဒီလောက်ကြာကြာ မခံနိုင်လောက်တော့ဘူး။”
အခန်း - ၄၇၆ - ရေမိုင်း၏စွမ်းအား၊ စိတ်ထားမည်းညစ်ပြီး အမြတ်ထုတ်ကြသူများ၊ ကန်ထုတ်ခံရခြင်း
“မင်းပဲ အခုနကတင် ကူညီရေးတပ်တွေရောက်လာတဲ့အထိ စောင့်နိုင်မယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။”
“ငါ့ကျွန်းမှာ လူအင်အားမလုံလောက်ဘူး။ သင်္ဘောကြီးတွေနဲ့ပတ်ပြီး ရွက်လွှင့်မယ်ဆိုရင်တောင် သူတို့ကို ဒုက္ခပေးလို့မရဘူး။ အဲ့ဒီအစား သူတို့သင်္ဘောသုံးစီးရဲ့ လိုက်ဖမ်းတာကိုတောင် ခံနေရတယ်။”
“ဟုတ်တယ်...အရှိန်မသာဘူး။ လူအင်အားလည်းမလုံလောက်ဘူး။ ပင်လယ်ထဲမှာဒုက္ခပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”
“ဒါဆို သူဌေးရဲ့အပျော်စီးရွက်သင်္ဘောနဲ့ဆိုရင်ရော အလုပ်ဖြစ်လောက်မလား။”
“အင်း...ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အပျော်စီးရွက်သင်္ဘောပေါ်မှာက သုံးချက်ပစ်လောက်လွှဲကို ထည့်လို့မရဘူး။”
“တစ်ချက်ပစ်လောက်လွှဲပဲ ထည့်လိုက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ပစ်ပြီးပြေးရုံပဲဟာ...။”
“ငလူး မင်းက တကယ်ညစ်ပတ်တာပဲ။”
“သေစမ်း ငါဘာပြောလို့ ညစ်ပတ်တယ်လို့ ပြောရတာလဲ။ မိန်းမတွေညစ်ပတ်ရင် ယောက်ျားတွေမခံနိုင်ဘူးဆိုတာ သေချာသွားပြီ။”
ရေမိုင်းဝယ်ယူခဲ့သော အသက်ရှင်ကန်ရစ်သူသည် ၎င်းကို ပင်လယ်ပြင်မျက်နှာပြင်ပေါ်တွင် ချက်ချင်းတပ်ဆင်လိုက်သည်။ လုပ်ဆောင်ချက်မှာ အလွန်ရိုးရှင်းပေသည်။
ဒေသခံများသည်လည်း ဤအဝိုင်းပုံအရာဝတ္ထုကို သတိမထားမိခဲ့ကြပေ။
ထိုအသက်ရှင်ကျန်ရစ်သူသည် ဒေသခံများ၏ သင်္ဘောကြီးများ နီးကပ်လာပြီး ပထမဆုံးရေမိုင်းကို ဖြတ်ကျော်တော့မည့်မြင်ကွင်းကို စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။
“အလုပ်ဖြစ်ပါစေကွာ...။”
ထိုအသက်ရှင်ကျန်ရစ်သူက ဆုတောင်းလိုက်၏။
“ဘုန်း...”
အလွန်ကျယ်လောက် အသံကြီးနှင့်အတူ ဒေသခံများ၏ သင်္ဘောကြီးတစ်စီးသည် အပြင်းအထန်တုန်ခါသွားပြီး ထို့နောက် အရှိန်လျော့ကျသွားခဲ့သည်။
ထို့နောက် ထိုသင်္ဘောကြီးပေါ်ရှိ ဒေသခံများသည် သူနားမလည်နိုင်သောစကားများဖြင့် အော်ဟစ်ပြောဆိုနေကြသည်။
အခြားသင်္ဘောကြီးနှစ်စီးသည်လည်း ချက်ချင်းပင် ရပ်တန့်သွားပြီး ဗုံးခွဲခံလိုက်ရသောသင်္ဘောကို ကယ်ဆယ်ရန် လက်ဟန်ပြနေကြသည်။
ကမ်းခြေရှိ အသက်ရှင်ကျန်ရစ်သူများသည်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
“သိပ်ကောင်းတယ်...ဒါက အသုံးဝင်သေးပုံပဲ။”
ထို့နောက် သူသည် ချက်ချင်းပင် ကမ်းခြေရှိသင်္ဘောကြီးထဲသို့ ပြေးဝင်သွားပြီး သင်္ဘောပေါ်ရှိကျွန်းအထိမ်းအမှတ်တိုင်ကျောက်တိုင်ပေါ်တွင် စာပို့လိုက်၏။
“@သူဌေးကြီး ရေမိုင်းတွေရှိသေးလား။ ကျုပ် နည်းနည်းလောက် ထပ်လိုချင်တယ်။”
“အခု သုံးပြီးသွားပြီလား။”
တစ်စုံတစ်ဦးက မေးလိုက်သည်။
“သုံးပြီးသွားပြီ...အရမ်းအစွမ်းထက်တယ်။ ရေမိုင်းတစ်ခုက သင်္ဘောသုံးစီးလုံးကို ချက်ချင်း ရပ်သွားအောင်လုပ်နိုင်လိုက်တယ်။ ခဏလေး...ထိမိသွားတဲ့သင်္ဘောက နစ်မြုပ်တော့မလိုလိုတောင် ခံစားနေရတယ်။”
“ဘာ...မဟုတ်မမှန်တာတွေ မပြောပါနဲ့။ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားတယ်ဆိုရင်တောင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ချက်ချင်းပြန်ပြင်လို့ရတယ်။”
“သူတို့မှာ မရှိဘူးဆိုရင်ကော။ ဒေသခံတွေ အများကြီးတစ်ချိန်တည်းရောက်လာရင် သူတို့အားလုံးမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိမှာမဟုတ်ဘူး။”
“ဟုတ်တယ်...သူတို့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိဘူးဆိုရင် နစ်မြုပ်သွားမှာပဲ။”
“ဒါတော့ မသေချာဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတဲ့ မျိုးနွယ်စုက အခြားကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတဲ့ မျိုးနွယ်စုကို သင်္ဘောကို တိုက်ရိုက်ပေးရင် ပြန်ပြင်လို့ရတယ်။”
အမှန်စင်စစ် အခြားဒေသခံသင်္ဘောနှစ်စီးဆီမှ လှေငယ်များစွာ ကျဆင်းလာပြီး သူတို့အားလုံးသည် နစ်မြုပ်နေသောသင်္ဘောဆီသို့ ဦးတည်နေခဲ့ကြသည်။
နစ်မြုပ်နေသောသင်္ဘောပေါ်တွင် ဒေသခံများသည် ချဉ်းကပ်လာသောလှေငယ်များပေါ်သို့ ခုန်ချလိုက်ကြပြီး အချို့မှာ သူတို့ကိုယ်တိုင်ချထားသော လှေငယ်များပေါ်သို့ ခုန်ချလိုက်ကြသည်။
အခြားသူများ၏သင်္ဘော သို့မဟုတ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ရန်အတွက် စည်းမျဉ်းတစ်ခုရှိပေသည်။
၎င်းမှာ မူလပိုင်ရှင်ကို နှိမ်နင်းရမည်၊ သေဆုံးရမည် သို့မဟုတ် တူညီသောနေရာတွင်မရှိရဟူ၍ ဖြစ်ပေသည်။
ထို့ကြောင့် သင်္ဘောကြီးပေါ်တွင် ဒေသခံများစွာ ရှိနေပါက ၎င်းတို့ကိုနှိမ်နင်းရန်မှာ မလွယ်ကူသည့်အတွက် တူညီသောနေရာတွင်မရှိရဟူသည့် နောက်ဆုံးအခြေအနေကိုသာ ဖြည့်ဆည်းပေးနိုင်သည်။
လူတိုင်း သင်္ဘောကြီးပေါ်မှ ထွက်ခွာသွားပြီးနောက် မှော်ဆရာတစ်ဦးသည် သင်္ဘောကို သိမ်းပိုက်ရန် အပေါ်တက်လာပြီးနောက် အမိန့်ပေးလိုက်သည်။
“ပြင်ဆင်ဖို့ရွေးချယ်လိုက်။”
အခြားသင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စောင့်ဆိုင်းနေသော ဒေသခံများသည် ချက်ချင်းပင် ပြင်ဆင်ရန်ရွေးချယ်လိုက်ကြသည်။
သင်္ဘောကြီးသည် ချက်ချင်းပင် မူလပကတိအတိုင်း ပြန်ဖြစ်သွားပြီး နစ်မြုပ်ခြင်းမှလည်း ရပ်တန့်သွားခဲ့သည်။
“မင်းတို့ဘာသာ ရေတွေထုတ်ပစ်လိုက်တော့။”
မှော်ဆရာက ထိုသို့ပြောပြီးနောက် သူ၏ကိုယ်ပိုင်သင်္ဘောဆီသို့ ပြန်သွားခဲ့သည်။
“ကျုပ်တို့ အခုဘာလုပ်ကြမလဲ။ ရေထဲမှာပေါက်ကွဲနိုင်တဲ့လက်နက်တစ်ခု ရှိပုံရတယ်။”
အခြားမှော်ဆရာတစ်ဦးက သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်လျက် မေးလိုက်သည်။
“ကျုပ်ကတော့ ဒီလက်နက်တွေကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာပြီးမှပြန်လာဖို့ အကြံပြုချင်တယ်။ နတ်ဘုရားတွေက အခုချက်ချင်းတိုက်ခိုက်ရမယ်လို့ သတ်မှတ်မထားဘူးမဟုတ်လား။”
“ငါသဘောတူတယ်။”
ထို့နောက် မှော်ဆရာသုံးဦးသည် ချက်ချင်းပင် သဘောတူညီမှုရရှိသွားပြီး နည်းဗျူဟာကျကျ ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြသည်။
ဆုံးဖြတ်ပြီးသည်နှင့် သင်္ဘောကြီးသုံးစီးသည် ချက်ချင်းပင် နောက်လှည့်ပြီး ထွက်ခွာသွားကြတော့သည်။
ကမ်းခြေရှိ အသက်ရှင်ကျန်ရစ်သူများသည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်ကြပြီး အဖွဲ့ထဲတွင် ပြောကြတော့သည်။
“သူတို့ကို ကြောက်လန့်သွားအောင် လုပ်လိုက်ပြီ။ ဒေသခံတွေကို ကြောက်ပြီး ထွက်ပြေးသွားပြီကွ။ ရေမိုင်းတွေက တကယ်အံ့ဩစရာကောင်းတယ်။ ကျေးဇူးတင်ပါတယ် သူဌေးကြီး။”
“ဘာဖြစ်တယ်...။ ရေမိုင်းတွေက ဒေသခံတွေကိုတကယ်ကြောက်လန့်သွားစေနိုင်တာလား။”
“ဒေသခံတွေက လက်နက်အသစ်တွေကို လိုက်လံဆန်းသစ်ဖို့လိုတယ်။ သူတို့ကို ကြောက်လန့်သွားစေတာကို နားလည်နိုင်ပေမယ့် ရေမိုင်းတွေကို ကိုင်တွယ်ဖို့နည်းလမ်းတွေ့သွားရင် သူတို့သေချာပေါက်ပြန်လာကြလိမ့်မယ်။”
“အနည်းဆုံးတော့ အချိန်နည်းနည်းလောက် ဝယ်လိုက်နိုင်တယ်လေ။ အခုအချိန်မှာ အချိန်က အရမ်းအဖိုးတန်တယ်။ ဒီအချိန်နဲ့တစ်ပြေးညီ လူတွေကို ပိုပြီးဆွဲခေါ်နိုင်တယ်။”
“အမှန်ပဲ။ စကားမစပ်...အခုအပျော်စီးရွက်သင်္ဘောကိုအပိုင်စီးထားတာက ဘယ်သူလဲ။ မြန်မြန်လုပ်လို့ရမလား။ ကျုပ် နှစ်နာရီလောက်ကြာပြီ တန်းစီနေရတာ။”
“နှစ်နာရီပဲလား။ ငါက ငါးနာရီရှိပြီကွ။”
“အပျော်စီးရွက်သင်္ဘော နည်းနည်းလောက်ထပ်ရှိရင် ကောင်းမှာပဲ။”
“မင်းအိပ်မက်မက်နေတာလား။ ဒါက အပျော်စီးရွက်သင်္ဘောကွ...။ ဒီလို လှည့်စားတဲ့ပစ္စည်းမျိုးက အရမ်းရှားပါးနေပြီးသား။ မင်းက နောက်ထပ်လိုချင်သေးတယ်လား။”
“@သူဌေး ရေမိုင်းတွေရှိသေးလား။ ကျုပ်ကို နည်းနည်းလောက်ရောင်းပါ။”
“ကျုပ်လည်းလိုချင်တယ်...အများကြီးလိုချင်တယ်။”
ရေမိုင်းအကြောင်း လူများစွာမေးနေသည်ကို မြင်သောအခါ တာ့ထောင်သည် ဤပစ္စည်းသည် လူကြိုက်များနေသည်ကို သိသွားခဲ့ပြီး ပြောလိုက်သည်။
“အခုချိန်မှာ ကုန်ကြမ်းတွေက ရှားပါးနေတယ်။ အဲ့ဒါကြောင့်ဈေးနှုန်းကို ရေမိုင်းတစ်ခုကို အုတ်မြစ်ကျောက်ဆယ်ခုဖြစ်သွားပြီ။ ခင်ဗျားတို့လိုချင်တယ်ဆိုရင် အရင်ပိုက်ဆံပေးမှရမယ်။ ပြီးမှကုန်ပစ္စည်းယူပေါ့။”
လူတိုင်း အံ့အားသင့်သွား၏။
“ဘာ... ဈေးနှုန်းကိုတိုက်ရိုက်နှစ်ဆတင်လိုက်တာလား။ ခေါင်းကြီး မင်း တော်တော်လောဘကြီးပါလားကွ။”
“ဟုတ်တယ်... ဒီလောက်ထိ စျေးကြီးတာ ဘယ်သူက ဝယ်နိုင်မှာလဲ။”
“အမှန်ပဲ အုတ်မြစ်ကျောက်ငါးခုပဲထားလိုက်ပါ။ ကျုပ် နည်းနည်းပိုဝယ်မယ်။”
“အုတ်မြစ်ကျောက်ဆယ်ခုပဲ။ ယူရင်ယူ...မယူရင်လည်း မေ့လိုက်တော့။”
ခေါင်းကြီး(တာ့ထောင်)က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့မှာ အုတ်မြစ်ကျောက်ရှိတယ်ဆိုရင်တောင် လက်ငင်းမရနိုင်ဘူး။”
“ခေါင်းကြိး မင်းက မတရားအနိုင်ကျင့်တာပဲကွ။ ပစ္စည်းကောင်းတယ်ဆိုတိုင်း ဈေးတင်လို့မရဘူး။”
“ဟုတ်တယ်...ဒီလိုလုပ်ရင် ဝေဖန်ခံရမှာ မကြောက်ဘူးလား။”
“ဟမ့် အသက်ရှင်သန်ရပ်တည်ဖို့က အရေးအကြီးဆုံးပဲ။ ဝေဖန်ခံရတာလား ပြဿနာမရှိဘူး ဝေဖန်ခံလိုက်မယ်။”
ခေါင်းကြီးက လုံးဝဂရုမစိုက်ပေ။
လူတိုင်း ပြောစရာစကားများ ကင်းနဲ့သွား၏။ သို့သော် ဖြစ်နိုင်ခြေရှိသောအန္တရာယ်ကို ရင်ဆိုင်ရသောအခါတွင်မူ ခေါင်းကြီး၏ရေမိုင်းများကို ဝယ်ယူရန်မှလွဲ၍ အခြားနည်းလမ်းမရှိပေ။
ထိုမြင်ကွင်းကိုမြင်သောအခါ ရှောင်းယီက ပြောလိုက်သည်။
“ခေါင်းကြီး မင်းရေမိုင်းတွေရဲ့ဈေးနှုန်းကို နည်းနည်းလောက် လျှော့သင့်တယ်။ လူတိုင်းတစ်ခု ဒါမှမဟုတ် နှစ်ခုပဲဝယ်နိုင်တယ်ဆိုရင်တောင် သိပ်အကျိုးမယုတ်ပါဘူး။”
ရှောင်းယီသည်ပင် သူလောဘကြီးကြောင်း ဝန်ခံရမည်ဖြစ်သည်။ သို့သော် လူတိုင်း၏ဝယ်ယူနိုင်စွမ်းကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။ ခေါင်းကြီးသည် စစ်ရေးအမြတ်အစွန်းကို ရှာဖွေနေသည်မှာ ရှင်းနေသည်။
“ဟေ့ မင်းကိုအကြီးအကဲလို့ခေါ်တိုင်း၊ မင်းကိုယ်မင်း တကယ်ပဲ ကြီးကျယ်တယ်လို့ထင်နေတာလား။”
ခေါင်းကြီးက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
“ငါ ဒီမှာအုတ်မြစ်ကျောက်ဆယ်ခုပဲထားမယ်။ ယူရင်ယူ၊ မယူရင် ထွက်သွားလိုက်။ မနက်ဖြန်ဆို အုတ်မြစ်ကျောက်နှစ်ဆယ် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်လိုက်၏။
“ဒါဆိုရင် ငါမယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။”
“ဒင် သင့်ကို ယီထျန်းအဖွဲ့ကနေ ထုတ်ပယ်လိုက်ပါပြီ။”
ဤအသိပေးချက်သည် ခေါင်းကြီး၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်းပင် ထွက်ပေါ်လာ၏။
ခေါင်းကြီးသည် အနည်းငယ် ကြက်သေသေသွားပြီး ကျိန်ဆဲလိုက်၏။
“ငလူးမ ယီရန်ပင်း မင်း ငါ့ကို တကယ်ထုတ်ရဲတယ်ပေါ့။ မင်းနောင်တရလိမ့်မယ်ကွ။ ပြီးတော့ ငါရေမိုင်းအဖွဲ့တစ်ဖွဲ့ဖွဲ့ထားတယ်။ ရေမိုင်းဝယ်ချင်ရင် အဖွဲ့ဝင်ရအောင်လျှောက်ကြ။ လျှောက်လွှာကြေးက အုတ်မြစ်ကျောက်တစ်ခုပဲ။”
ယီထျန်းအဖွဲ့ထဲတွင် လူတိုင်း ထိုသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
“အကြီးအကဲ ခင်ဗျား သူ့ကိုဒီလိုထုတ်လိုက်တာလား။ ဒါက နည်းနည်းတွန်းအားပေးသလို ဖြစ်နေပြီ။”
“ဟုတ်တယ်...သူကရေမိုင်းပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတုန်းပဲ။ ဒီအခြေအနေမှာ ဒေသခံတွေကိုကာကွယ်ဖို့ ရေမိုင်းတွေကို အားကိုးရဦးမယ်။”
“အိုး...ကျုပ် ရေမိုင်းနှစ်ခုလောက် ဝယ်ချင်သေးတယ်။”
“အကြီးအကဲ ခေါင်းကြီးက အများသုံးချန်နယ်ပေါ်မှာ အော်ဟစ်နေတယ်။ သူက ရေမိုင်းအဖွဲ့တစ်ဖွဲ့ဖွဲ့ထားတယ်။ အဖွဲ့ဝင်ဖြစ်ချင်ရင် လျှောက်ထားကြေးက အုတ်မြစ်ကျောက်တစ်ခုတဲ့။”
အခန်း - ၄၇၇ - အဆိပ်ငွေ့ဗုံးကို ထုတ်ပစ်ခြင်း၊ ခေါင်းကြီးဘယ်ရောက်သွားလဲ
“သေစမ်း ဒီခေါင်းကြီးက အုတ်မြစ်ကျောက်တွေကို စွဲလန်းနေတာလားဟ။ အဖွဲ့ဝင်ဖြစ်ဖို့လျှောက်ထားရုံလေးတင်ကို တကယ်ကြီး တစ်ခုတောင်းနေတယ်။”
“ဟင်း သူ့လက်ထဲမှာ ဒီလိုပစ္စည်းကောင်းရှိနေတယ်ဆိုတာ ဘယ်သူကပြောလိုက်တာလဲ။ အဖွဲ့ဝင်တဲ့သူတွေ သေချာပေါက် အများကြီးဆက်ရှိနေဦးမှာပဲ။”
“ဘယ်လိုလုပ်ကြမလဲ။ ရေမိုင်းလိုချင်ရင် အဖွဲ့ဝင်ဖြစ်အောင်လုပ်ဖို့ပဲ တတ်နိုင်တယ်။ ခေါင်းကြီးက အဖွဲ့ထဲမှာပဲ ရေမိုင်းတွေ ထုတ်ရောင်းမယ်လို့ပြောထားတာ။”
ခေါင်းကြီးသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ရုတ်တရက်ပေါ်လာသော အဖွဲ့ဝင်လျှောက်ထားချက်တစ်ထောင်ကျော်ကို ကြည့်ရှုကာ အလွန်ပျော်ရွှင်နေခဲ့သည်။
“ငါ့ကိုထုတ်လိုက်ရင်ရော ဘာဖြစ်သေးလဲ။ ရေမိုင်းသာ ငါ့လက်ထဲရှိနေသရွေ့ အဖွဲ့တစ်ဖွဲ့ ကိုငါလွယ်လွယ်ကလေးဖွဲ့နိုင်တယ်ကွ။”
ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ယီထျန်းအဖွဲ့ထဲတွင် ပြောလိုက်သည်။
“လူတိုင်းလည်း မြင်ရမှာပါ။ ခေါင်းကြီက လောဘကြီးတဲ့သူတစ်ယောက်ပဲ။ သူက ရေမိုင်းတွေကို ယူသွားတယ်ဆိုပေမယ့် ဒေသခံတွေကိုကိုင်တွယ်ဖို့ ဈေးချိုချိုပစ္စည်းတစ်ခုကို ကျုပ်ထောက်ပံ့ပေးမှာမယ်။”
“အကြီးအကဲကတော့ အကြီးအကဲပါပဲ။ မျှော်လင့်ထားသလိုပဲ သူ့မှာအစီအစဉ်အရန်ရှိနေတယ်။”
“အကြီးအကဲ ဒေသခံတွေကိုကိုင်တွယ်ဖို့နည်းလမ်းကဘာလဲဆိုတာ ကျုပ်တို့ကိုပြောပြပါဦး။”
“ဟုတ်တယ် အကြီးအကဲလက်ထဲမှာလည်း ရေမိုင်းလိုမျိုးဟာတွေ ရှိနေတာလား။”
ရှောင်းယီသည် ကျန်ရှိနေသေးသော အဆိပ်ငွေ့ဗုံးနှစ်လုံးကို အဖွဲ့ထဲသို့ ထည့်သွင်းလိုက်သည်။
“【အဆိပ်ငွေ့ဗုံး】 (A-အဆင့်) ၂။”
လူတိုင်းသည် ဤအရာကို မြင်လိုက်ကြရသောအခါ အံ့အားသင့်သွားကြ၏။
“သူဌေးက အရမ်းအံ့ဩစရာကောင်းတာပဲ။ ဒီလိုအရာမျိုးကိုတောင် တကယ်ရနိုင်တယ်လား။ ဒါက ခြောက်ရုံပဲခြောင်လို့ရတဲ့ရေမိုင်းထက် အများကြီးသာတယ်။”
“ဟုတ်တယ်...ရေမိုင်းတွေက ဒေသခံတွေကို ကြောက်ပဲကြောက်လန့်စေနိုင်တာ။ ဒေသခံတွေသာ တကယ်တက်လာရင် ရေမိုင်းတွေအများကြီးရှိရင်တောင် အသုံးမဝင်ဘူး။ သင်္ဘောကြီးရဲ့အဓိကတည်ဆောက်မှုကို တိုက်ရိုက်ဖျက်ဆီးလိုက်တယ်ဆိုရင်တောင်မှ ဒေသခံတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး ချက်ချင်းပြန်ပြင်နိုင်တယ်။”
“အမှန်ပဲ...။ဒါပေမယ့် A-အဆင့် အဆိပ်ငွေ့ဗုံးကတော့မတူဘူး။ အခြေခံအားဖြင့် သူတို့ကိုလဲကျစေနိုင်ပြီး ဒေသခံတွေကို အမှန်တကယ် ဖမ်းဆီးလို့ရနိုင်တယ်။”
“အကြီးအကဲ ဒီ A-အဆင့် အဆိပ်ငွေ့ဗုံးကို ဘယ်လိုရောင်းမှာလဲ။”
လူတိုင်းသည် ချက်ချင်းပင် ဆွေးနွေးခြင်းကို ရပ်တန့်ကာ ရှောင်းယီဈေးနှုန်းကြေညာမည့်အချိန်ကို စောင့်ဆိုင်းလိုက်ကြသည်။
ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။
“တစ်ခုစီကို အုတ်မြစ်ကျောက်နှစ်ခု...။”
“ဘာရယ် ဒီလောက်တောင် ဈေးချိုတယ်လား။ အကြီးအကဲ ခင်ဗျားအရှုံးပေါ်အောင် ရောင်းနေတာတော့ မဟုတ်ဘူးမလား။”
“ကျွန်မ အရမ်းထိသွားပြီ။ အကြီးအကဲ ကျွန်မကိုယ်ကျွန်မ ရှင့်ကိုပေးပါရစေ။”
“သာမန်ရေမိုင်းတစ်ခုရဲ့ဈေးနှုန်းက A-အဆင့် အဆိပ်ငွေ့ဗုံးငါးခုဝယ်နိုင်တယ်။ ဘယ်သူက ဘယ်လိုမျိုး ရွေးချယ်ရမယ်ဆိုတာသိမှာပဲ။”
ထိုအချိန်တွင် ခေါင်းကြီးသည် သူ၏ရေမိုင်းအဖွဲ့ရှိ အဖွဲ့ဝင်အရေအတွက် ဆက်လက်တိုးပွားလာသည်ကို ကြည့်ရှုကာ အလွန်ပျော်ရွှင်နေ၏။
သို့သော် ရုတ်တရက် အဖွဲ့ဝင်အရေအတွက် တိုးတက်မှုမှာ ရပ်တန့်သွားပြီး အဖွဲ့ထဲရှိလူများသည်လည်း သူ့ကို စတင်ကျိန်ဆဲခြင်းကြတော့လေသည်။
“မင်းမှာရေမိုင်းရှိတယ်ဆိုပြီး တစ်ကမ္ဘာလုံးကိုလက်ဝါးကြီးအုပ်ထားနိုင်တယ်လို့ ထင်နေတာလား။ မင်းအမေကိုပဲ ပေါက်ကွဲအောင်ထားလိုက်...။”
“မင်းက သောက်သုံးမကျတဲ့အမှိုက်ပုံပဲ။ မင်းအမေတော့ မင်းကိုမွေးမိခဲ့တာ တော်တော်နောင်တရနေမှာပဲ။”
“အုတ်မြစ်ကျောက်တစ်ခုဟုတ်လား။ ငါ အဲ့ဒါကို မင်းအတွက်မီးရှို့ပေးလိုက်မယ်။ မင်း မြန်မြန်ကောင်းကင်ဘုံရောက်ပါစေလို့ဆုတောင်းတယ်ကွ။”
ထထုလူများသည် သူ့ကို ကျိန်ဆဲပြီးနောက် ချက်ချင်းပင် အဖွဲ့ထဲမှထွက်ခွာရန် ရွေးချယ်သွားကြတော့လေသည်။
အသိပေးချက်များကိုပင် အမီမလိုက်နိုင်တော့ပေ။ မကြာမီ ခေါင်းကြီး၏ရေမိုင်းအဖွဲ့တွင် လူတစ်ဦးတစ်လေမျှပင် ကျန်မနေခဲ့တော့ပေ။
“ဘာ...ဘာဖြစ်သွားတာလဲ။”
ခေါင်းကြီး အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။
တိလင်းထျန်းရှားသည် ခဏကြာအောင် ချင့်ချိန်တွေးတောပြီးနောက် ခေါင်းကြီးထံသို့ စာပို့ကာ ပြောလိုက်သည်။
“ခေါင်းကြီး ယီထျန်းအဖွဲ့က ဒေသခံတွေကိုခုခံဖို့အတွင် ဈေးပိုချိုပြီး ပိုပြီးအသုံးဝင်တဲ့ လက်နက်တစ်ခုကို ထုတ်လိုက်တယ်။ ထို့ကြောင့် မင်းရဲ့ရေမိုင်းအဖွဲ့က အခုချိန်မှာ အလကားဖြစ်သွားပြီ။”
“ဘာ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ခေါင်းကြီးသည် လုံးဝမယုံကြည်နိုင်ခဲ့ပေ။
တိလင်းထျန်းရှားသည် ချက်ချင်းပင် ယီထျန်းအဖွဲ့ထဲမှ စကားပြောဆိုမှုမှတ်တမ်းများကို သူ့ထံသို့ ပို့ပေးလိုက်သည်။
ထိုစကားပြောဆိုမှုမှတ်တမ်းကို မြင်လိုက်ရသောအခါ ခေါင်းကြီး ကြောင်အသွားခဲ့သည်။
“သူ့မှာ ဒီလိုအရာမျိုး ဘယ်လိုလုပ်ပြီး ရနိုင်တာလဲ။”
ရှောင်းယီသည် ထိုပစ္စည်းကိုစတင်ထုတ်ယူခဲ့ပြီး ဈေးလည်းအလွန်ချိုသောကြောင့် သူ၏ရေမိုင်းများအတွက် ဈေးကွက်မရှိသလောက်ဖြစ်နေခဲ့သည်။
တိလင်းထျန်းရှားသည် သူ့ထံသို့ ဖိတ်ကြားလွှာတစ်ခု ပေးပို့လိုက်သည်။
“ငါတို့ရဲ့ တိလင်းအင်ပါယာထဲကို ဝင်လိုက်ပါ။”
ယခုအချိန်၌ ခေါင်းကြီးတွင် အခြားပိုကောင်းသောရွေးချယ်စရာမရှိတော့ပေ။ တိလင်းထျန်းရှား၏ဖိတ်ကြားချက်ကို သဘောတူလိုက်တော့မည်အချိန်တွင် ရုတ်တရက် သူသည် သီးသန့်မက်ဆေ့ဂျ်တစ်စောင်ကို လက်ခံရရှိခဲ့လေသည်။
“မင်္ဂလာပါ...ကျုပ်က ချန်းပေါ်ပါ။ ကျုပ်က ရွှမ်းယွမ်အင်အားစုကို ကိုယ်စားပြုပါတယ်။ ခင်ဗျားကို ကျုပ်တို့ဆီလာဖို့အတွက် ကြိုဆိုပါတယ်။ ခင်ဗျားသာ ကျုပ်တို့အင်အားစုထဲဝင်မယ်ဆိုရင် ရွှမ်းယွမ်အင်အားစုရဲ့ ဒုဥက္ကဋ္ဌဖြစ်လာလိမ့်မယ်။”
ထိုမက်ဆေ့ဂျ်ကိုမြင်သောအခါ ခေါင်းကြီးသည် ဆွဲဆောင်ခံရသည်။ သူသည် အနည်းငယ် စဉ်းစားကြည့်လိုက်ပြီးနောက် တိလင်းထျန်းရှားဆီသို့ စာပို့လိုက်သည်။
“ကျုပ် တိလင်းအင်ပါယာထဲကိုဝင်မယ်။ တိလင်းက ကျုပ်ကို ဒုတိယဥက္ကဋ္ဌရာထူးပေးနိုင်မလား။”
တိလင်းထျန်းရှားသည် ခေါင်းကြီး၏စာကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။ သူက ခေါင်းခါလိုက်မိ၏။
“မင်းရဲ့အခြေအနေကို မင်းနားမလည်သေးဘူးထင်တယ်။ မင်းရဲ့ဂုဏ်သတင်းက ပျက်စီးသွားပြီ။ ငါမင်းကိုလက်ခံဖို့ဆန္ဒရှိတာတောင်မဇ တော်တော်ကောင်းနေပြီ။ ဒါ့အပြင် မင်းကိုတကယ်တမ်း ဒုဥက္ကဋ္ဌရာထူးပေးလိုက်ရင် ကျန်တဲ့သူတွေကို ငါဘယ်လိုနားချရတော့မှာလဲ။”
“တောင်းပန်ပါတယ်...။ ဒါဆို ကျုပ်ငြင်းတယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ခေါင်းကြီသည် ချန်းပေါ်၏စကားပြောဆိုမှုစာမျက်နှာသို့ပြောင်းကာ မေးလိုက်သည်။
“ကျုပ်ကို ဒုဥက္ကဋ္ဌရာထူးပေးမယ်ဆိုတာ သေချာလား။”
ခေါင်းကြီး၏တုံ့ပြန်မှုကို မြင်သောအခါ ချန်းပေါ်သည် ဤကိစ္စမှာ အခြေခံအားဖြင့် ပြီးပြတ်သွားပြီဖြစ်ကြောင်း သိလိုက်ပြီး ပြန်ဖြေလိုက်၏။
“ဒါပေါ့ ကျုပ် သခင်လေးကို လျှောက်ထားပြီးသွားပြီ။ ခင်ဗျားသာရောက်လာမယ်ဆိုရင် ရွှမ်းယွမ်အင်အားစုရဲ့ ဒုဥက္ကဋ္ဌဖြစ်လာလိမ့်မယ်။”
“ကောင်းပြီ ကျုပ်သဘောတူတယ်။”
ခေါင်းကြီးက ပြန်ဖြေလိုက်သည်။
“အင်း သခင်လေးက မင်းအတွက် အထူးသီးသန့်နေရာတစ်ခု ချန်ထားတယ်။ ရွှမ်းယွမ်မဟာမိတ်အဖွဲ့ထဲဝင်ပြီး မင်းကျွန်းကိုရွှေ့ပြောင်းလိုက်ပါ။ နီးကပ်ရှိနေရင် တစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ရတာ ပိုပြီးလွယ်တာပေါ့။”
ချန်းပေါ်က ပြောလိုက်သည်။
ချန်းပေါ်၏စကားကိုကြားလိုက်ရသောအခါ ခေါင်းကြီး၏မျက်နှာအမူအရာမှာ တင်းမာသွားပြီး ပြန်ဖြေလိုက်သည်။
“တောင်းပန်ပါတယ်။ အခု ကျုပ်က ရွှမ်းယွမ်အင်အားစုထဲကို ဝင်လိုက်ရုံပါပဲ။ ဒါပေမယ့် မဟာမိတ်အဖွဲ့ဆီကိုတော့ မရွှေ့ပြောင်းနိုင်သေးဘူး။ ဒါက မဖြစ်မနေအခြေအနေဆိုရင်တော့ ကျုပ်မဝင်တော့ဘူး။”
“မဟုတ်ဘူး...မဟုတ်ဘူး။ ဒါက မဖြစ်မနေအခြေအနေတော့ မဟုတ်ပါဘူး။ ခင်ဗျားမဆန္ဒမရှိဘူးဆိုရင် ကျုပ်တို့က ခင်ဗျားကိုတွန်းအားပေးမှာမဟုတ်ဘူး။ ခင်ဗျား ဆက်ပြီး ရွှမ်းယွမ်အင်အားစုရဲ့ ဒုဥက္ကဋ္ဌဖြစ်နေတုန်းပါပဲ။”
ချန်းပေါ်က ချက်ချင်းပြောလိုက်သည်။
“ကောင်းပြီ ဒါဆို ကျုပ် ရွှမ်းယွမ်အင်အားစုထဲကို ဝင်မယ်။”
ခေါင်းကြီးက ပြန်ဖြေလိုက်သည်။
“ဝင်ရောက်ခြင်းအတွက် ကြိုဆိုပါတယ်။”
ချန်ပေါ်သည် သူ့ကို ရွှမ်းယွမ်အင်အားစုထဲသို့ ပို့ဆောင်လိုက်ကာ အဖွဲ့ထဲတွင်သူ၏ဘွဲ့ကို သတ်မှတ်ပေးလိုက်သည်။
ထိုစဉ် ရွှမ်းယွမ်ဝူဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီကောင် မလာဘူးလား။”
“အခုထိ အသက်ရှင်ကျန်ရစ်နေသေးတဲ့လူတွေက ငတုံးတွေမဟုတ်ဘူး။ သူက ကျုပ်တို့ သူ့ကိုဝါးမြိုလိုက်မှာကြောက်လို့ မလာရဲတာပဲ။”
ချန်းပေါ်က ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့က ခေါင်းညိတ်သည်။
“သူ့မှာ ရေမိုင်းပုံစံကွက်တစ်ခုပဲရှိတာ။ ဘာလို့ သူ့ကိုဒီလောက်ထိ အနိုင်ပေးလိုက်တာလဲ။”
“လက်နက်မျိုးစုံ ရွေးချယ်စရာမျိုးစုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ သူ့ကိုဘာမှမပေးရဘူးလေ။ အသုံးမဝင်တဲ့ဘွဲ့တစ်ခုပဲ ပေးလိုက်ရတာပါ။”
ချန်ပေါ်က ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည်မူ ချင့်ချိန်စဉ်းစားနေဟန်ရှိသည်။
ယီထျန်းအဖွဲ့ထဲတွင်မူ ရှောင်းယီသည် အဆိပ်ငွေ့ဗုံးကို အသုံးပြုနည်းအား ရှင်းပြနေခဲ့သည်။
“ဒီအရာက အဆိပ်ရှိတယ်။ အဲ့ဒါကြောင့် သူ့ကိုသုံးတဲ့အခါမှာ လူတိုင်းကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သတိထားရမယ်။ ရေစွတ်ထားတဲ့ပိတ်စနဲ့ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားကြပါ။”
“ဒုတိယအချက်က သုံးတဲ့အခါမှာ ပစ်ချတဲ့အချိန်ကိုသတိထားရမယ်။ အခုချိန်မှာ ဒေသခံတွေက ပိုပြီးပါးနပ်လာနေပြီ။ သူတို့က ကျုပ်တို့ရဲ့ကျောက်တုံးနဲ့ပစ်ပေါက်တာတွေကိုတောင် တားဆီးဖို့ နည်းလမ်းတချို့စဉ်းစားထားပြီးပြီ။”
“နောက်ဆုံးအနေနဲ့ ဒီအဆိပ်က A-အဆင့် အောက်ဒေသခံအားလုံးကို အဆိပ်သင့်စေနိုင်တယ်။ မှော်ဆရာတွေ အပါအဝင်ပေါ့။ A-အဆင့်ကိုတော့ အဆိပ်မသင့်နိုင်လောက်ပေမယ့် အဆိပ်ငွေ့ကြောင့် ထိခိုက်သွားမှာတော့ သေချာတယ်။”
ရှောင်းယီသည် ကျန်းယွင်ထျန်း တိုက်ခိုက်ခံခဲ့ရမှုဖြစ်ရပ်မှ ဤသုံးသပ်ချက်ကို ထုတ်နုတ်ထားခဲ့ခြင်းဖြစ်သည်။
“အရမ်းစွမ်းအားကြီးတာပဲ။ ဒါက A-အဆင့် အောက်ဒေသခံအားလုံးကို တကယ်ပဲ လဲကျစေနိုင်တယ်။”
“ဒါပေမယ့် ဒါက ပစ်လွှတ်တဲ့နေရာမှ အရမ်းမြင့်မားတဲ့လိုအပ်ချက်ရှိတယ်။ မထိရင် ဘယ်လိုလုပ်မလဲ။ ရှက်စရာကြီးဖြစ်သွားမှာပေါ့။”
“ဟုတ်တယ်...။ အဆိပ်ငွေ့ဗုံးက ဒေသခံသင်္ဘောကြီးပေါ်ရောက်သွားမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သေချာမှာလဲ။”
“အမှန်တော့ အဲ့ဒါကို ဒေသခံသင်္ဘောပေါ် ပစ်တင်ဖို့ မလိုအပ်ဘူး။”
“ဟမ် သင်္ဘောပေါ် မပစ်တင်ဘူးဆိုရင် ရေထဲကို ပစ်ချရမှာလား။”
“ရေထဲပစ်ချလိုက်ရင် အသံပဲထွက်ပြီး ဘာမှအသုံးမဝင်ဘူးလေ။ သေချာပေါက် ရေထဲတော့မပစ်ချရဘူးပေါ့။ ကျုပ်ဆိုလိုတာက ကိုယ့်ရဲ့ကျွန်းပေါ်ကို တိုက်ရိုက်ပစ်တင်လိုက်လို့ရတယ်။”