အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-282
အခန်း။ ၁၈၁
လက်သီးတစ်ချက်၏ အရှိန်အဟုန်မှာ တစ်လောကလုံးကို တုန်ဟည်းသွားစေပြီး ကောင်းကင်ပြိုကာ မြေကြီးအက်ကွဲသွားသလားပင် ထင်မှတ်ရသည်။
ထိုလက်သီးချက်ကို စိုက်ကြည့်ရင်း မုန့်ဟဲတုန်း၏ မျက်နှာမှာ အစွန်းကုန် ဖြူဖျော့သွားပြီး အလိုအလျောက် နောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
“ရပ်စမ်း"
ချန်ကျီရှင်း၏ စကားတစ်လုံးတည်းဖြင့်ပင် မုန့်ဟဲတုန်း၏ တစ်ကိုယ်လုံးမှာ လေထဲ၌ တောင့်တင်းသွားတော့သည်။ ထိုခဏ၌ပင် ချန်ကျီရှင်း၏ ညာလက်သီးမှာ မုန့်ဟဲတုန်း၏ ရင်ဘတ်တည့်တည့်သို့ အားကုန် ကျရောက်သွားတော့သည်။
ချိုင့်ဝင်သွားခြင်း၊ ပေါက်ကွဲထွက်ခြင်းနှင့် ကြေမွပျက်စီးခြင်း…
မုန့်ဟဲတုန်း၏ ရုပ်ခန္ဓာတစ်ခုလုံးမှာ ကြွေရုပ်ကလေးတစ်ရုပ်အလား ချက်ချင်းပင် အက်ကွဲကြောင်းများစွာ ထင်ကျန်ရစ်ကာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ အရှိန်ပြင်းစွာ အနောက်သို့ လွင့်ထွက်သွားပြီး တောင်ထိပ်ပေါင်းများစွာကို ရိုက်ခတ်၍ ချေဖျက်သွားခဲ့သည်။
လေထဲတွင် လွင့်နေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ သွေးများ ပန်းထွက်လာတော့သည်။ သူ၏ သူငယ်အိမ်များအတွင်းရှိ အသက်ဓာတ် အလင်းစက်ကလေးမှာလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
ဒုန်း….
နိမ့်ပါးသော တောင်ကုန်းတစ်ခုမှာ ပြိုကျပျက်စီးသွားပြီး ဖုန်မှုန့်လုံးကြီးများမှာ ကောင်းကင်သို့ ထိုးတက်လာခဲ့သည်။ မုန့်ဟဲတုန်း၏ အရှိန်အဝါမှာလည်း ရှာဖွေရန်ပင် ခက်ခဲလောက်အောင် လျင်မြန်စွာ ကျဆင်းသွားတော့သည်။
“သေသွားပြီလား”
အဝေးတစ်နေရာရှိ လေလွင့်ကျင့်ကြံသူများနှင့် ကောင်းကင်လှိုင်းတပည့်များမှာ အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ကောင်းကင်လှိုင်းတပည့်များမှာမူ ချန်ကျီရှင်း၏ အစွမ်းကို မြင်ဖူးထားသဖြင့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ကြဆဲပင်။
သူတို့၏ အမြင်တွင် ချန်ကျီရှင်း၏ စွမ်းအားမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်း ဒဏ္ဍာရီတစ်ခု ဖြစ်နေသည်။
ထို့ကြောင့် ချန်ကျီရှင်းက မုန့်ဟဲတုန်းကို အနိုင်ယူလိုက်ခြင်းမှာ သူတို့အတွက် မျှော်လင့်ထားပြီးသား ကိစ္စပင်။
သို့သော် တောင်ဘက်ပင်လယ် အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာကြသော လေလွင့်ကျင့်ကြံသူများမှာမူ ချန်ကျီရှင်း၏ စွမ်းအားကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးမှာ ပါးစပ်များ အဟောင်းသားဖြစ်ကာ မျက်လုံးများပင် ထွက်ကျမတတ် ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
“ဘုရားရေ...”
“ဒီခေတ်ရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ကျော်ကြားလှတဲ့ မုန့်ဟဲတုန်းက ဆွေးမြည့်နေတဲ့ သစ်သားချောင်းတစ်ချောင်းလိုပဲ လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား”
နောက်တစ်ခဏတွင် သူတို့၏ အကြည့်များမှာ ချန်ကျီရှင်းထံသို့ ကျရောက်သွားကြပြီး မျက်နှာတိုင်းတွင် အံ့သြမှင်တက်မှုများ အထွတ်အထိပ်သို့ ရောက်နေကြသည်။
ဒီကောင်းကင်လှိုင်းနတ်ဘုရားသားတော်ကတော့... အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလသုံးပါးလုံးမှာရှိတဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူတွေထဲမှာ သူ့ကို ယှဉ်နိုင်မယ့်သူ ဘယ်သူရှိဦးမှာလဲ။
“အစ်ကိုမုန့်...”
အဝါရောင်ဝတ်စုံနှင့် အဆိပ်နတ်မိမယ်လေးမှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ရပ်နေမိပြီး သူမ၏ စိတ်ထဲတွင် ဗလာကျင်းသွားတော့သည်။ နှုတ်ခမ်းများမှာလည်း မသိမသာ တုန်ရင်နေ၏။
“မဖြစ်နိုင်ဘူး.....”
“ဘိုးဘေးက ပြောခဲ့တယ်... အစ်ကိုမုန့်က ကောင်းကင်ဘုံဧကရာဇ် ဝင်စားတဲ့သူတဲ့။ ထာဝရအသက်ရှည်မယ့် ကံပါလာတဲ့သူတဲ့... ဘယ်လိုလုပ် ဒီနေရာမှာ ကျဆုံးသွားရမှာလဲ.....”
သူမသည် မယုံကြည်နိုင်စွာဖြင့် တစ်ယောက်တည်း ရေရွတ်နေမိသည်။ သို့သော်လည်း သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ မည်သို့ပင် ရှာဖွေစမ်းသပ်ကြည့်စေကာမူ မုန့်ဟဲတုန်း၏ အသက်ဓာတ် အစအနကလေးကိုမျှ ရှာမတွေ့တော့ချေ။ ၎င်းက အဆိပ်နတ်မိမယ်လေး၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေပြီး သူမ၏ မျက်ဝန်းများမှာလည်း တဖြည်းဖြည်း နီရဲလာတော့သည်။
ပျက်စီးနေသော ကောင်းကင်လှိုင်းတောင်တံခါးပြင်ပ မြင်ကွင်းအလယ်တွင်
ချန်ကျီရှင်းသည် မျက်မှောင်ကို အသာအယာ ကြုတ်လိုက်ပြီး ဖုန်မှုန့်များ ဖုံးလွှမ်းနေသော နေရာကို စိုက်ကြည့်နေမိသည်။
မုန့်ဟဲတုန်းသည် ရုပ်ခန္ဓာတာအိုကို အဓိကထား ကျင့်ကြံသူ မဟုတ်သဖြင့် သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုမှာ အလွန်ဆုံးရှိလျှင် သာမန်စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦးထက် အနည်းငယ်သာ ပိုကောင်းရုံမျှသာ ရှိလိမ့်မည်။ လွန်ခဲ့သော လက်သီးချက်မှာမူ သူက နွားနတ်ဆိုးခွန်အားကို တမင်တကာ အသုံးမပြုခဲ့လျှင်ပင် တောင်ထိပ် ဆယ်ခုကို ဖောက်ထွက်နိုင်သည့် စွမ်းအားမျိုး ရှိသည်။
ထိုသို့သော ပေါက်ကွဲအားမှာ မုန့်ဟဲတုန်း၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်သွားခဲ့သည်ဖြစ်ရာ သူသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားရမည်သာ။ သို့သော်လည်း မုန့်ဟဲတုန်းမှာ အသက်ငွေ့ကလေး တစ်မျှင် ကျန်ရှိနေသေးသည်ကို ချန်ကျီရှင်းက အာရုံခံမိနေဆဲပင်။
သူ စဉ်းစားနေစဉ်မှာပင် မုန့်ဟဲတုန်း၏ ဝိညာဉ်အနက်ရှိုင်းဆုံးဆီမှ သူနှင့် လုံးဝမတူညီသော စွမ်းအားတစ်ခု ရုတ်တရက် တိုးထွက်လာတော့သည်။
ရှဲ….
ဖုံးလွှမ်းနေသော ဖုန်မှုန့်များမှာ တောင်လေ၏ ဝှေ့ယမ်းမှုကြောင့် တဖြည်းဖြည်း လွင့်စင်သွားကြသည်။ ပြိုကျပျက်စီးနေသော တောင်ကုန်းအပျက်အစီးများကြားတွင် ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော မုန့်ဟဲတုန်းက ဖြည်းညှင်းစွာ ပြန်လည် မတ်တတ်ရပ်လာ၏။
“အစ်ကိုမုန့်.....”
ခဏချင်းမှာပင် အဆိပ်နတ်မိမယ်လေး၏ မျက်နှာထက်၌ ဦးစွာ အံ့အားသင့်မှု ထို့နောက်တွင်မူ အတိုင်းအထက်အလွန် ဝမ်းသာပီတိဖြစ်မှုတို့ ပေါ်ပေါက်လာပြီး မုန့်ဟဲတုန်းရှိရာသို့ ပြေးသွားတော့သည်။ သို့သော် သူမသည် ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးခင်မှာပင် ရုတ်တရက် ရပ်တန့်သွားပြီး မုန့်ဟဲတုန်းကို ကြောင်တောင်တောင် စိုက်ကြည့်နေမိတော့သည်။
အကြောင်းမှာ မုန့်ဟဲတုန်းသည် ယခုအခါတွင် အမျိုးသမီးတစ်ဦးကဲ့သို့ လက်ချောင်းကလေးများကို ကော့ညွှတ်ထားပြီး ပခုံးများကို အနည်းငယ်လျှောချကာ ဖော်ပြမတတ်နိုင်သော မိန်းမဆန်သည့် ဆွဲဆောင်မှုမျိုး ထွက်ပေါ်နေသောကြောင့်ပင်။
“ရှင်က... ရှင်က အစ်ကိုမုန့် မဟုတ်ဘူး”
သူမ တုံ့ဆိုင်းစွာ ပြောလိုက်မိသည်။ သူမသည် ထက်မြက်သူပီပီ ဆက်ပြောမည့်စကားကို ထိန်းထားလိုက်၏။
နောက်တစ်ခဏတွင်
“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ထားက ရက်စက်ပြီး လက်ချက်ကလည်း တော်တော်ကို ကြမ်းတာပဲ”
အေးစက်လှသော အမျိုးသမီးအသံတစ်ခုမှာ မုန့်ဟဲတုန်း၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းနှင့် အပြင်ရှိ တပည့်များနှင့် လေလွင့်ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဘယ်လိုဖြစ်ပြီး... အဲဒီအသံက ဘယ်လိုဖြစ်ပြီး ထွက်လာတာလဲ။
“မုန့်ဟဲတုန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးနေတဲ့ ရှေးဟောင်းဝိညာဉ်အကြွင်းအကျန်လား”
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ လွန်ခဲ့သော ခဏက သူ မုန့်ဟဲတုန်းကို လက်သီးဖြင့် ထိုးလိုက်ချိန်တွင် လျှို့ဝှက်ဆန်းပြားသော စွမ်းအားတစ်ခုက ထိုလက်သီးချက်၏ ရိုက်ခတ်မှု အများစုကို ဖယ်ရှားပေးခဲ့ခြင်းပင်။
ကြည့်ရသည်မှာ ထိုလျှို့ဝှက်စွမ်းအားသည် ဤရှေးဟောင်းဝိညာဉ်အကြွင်းအကျန်၏ စွမ်းအားပင်။
နောက်တစ်ခဏတွင် ချန်ကျီရှင်းက တဟားဟား ရယ်မောလိုက်သည်။
“မင်းသာ ရှေးဟောင်းခေတ်က မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေသေးရင် ငါ မင်းကို သုံးဆလောက် ဝေးဝေးက ရှောင်မိမှာပါ"
“ဒါပေမဲ့ အခုတော့ ဝိညာဉ်အစအနကလေးတစ်ခုကိုပဲ အတင်းဖက်တွယ်ထားရတဲ့သူကများ... ငါ့ရှေ့မှာ လာပြီး ပြဿနာရှာရဲသေးတယ်ပေါ့...”
ဒုန်း….
ချန်ကျီရှင်း၏ လည်ချောင်းအတွင်းမှ နိမ့်ရှိုင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် သူသည် ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံတက်သွားကာ လက်သီးတစ်ချက်ဖြင့် မုန့်ဟဲတုန်းရှိရာသို့ ရက်ရက်စက်စက် ဦးတည်လိုက်တော့သည်။
“ဒါဆိုရင်လည်း... မင်းတို့နှစ်ယောက်စလုံးကို အတူတူ သေခိုင်းလိုက်ရုံပေါ့”
မုန့်ဟဲတုန်းသည် ၎င်းကို မြင်သောအခါ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းများ ယှက်သန်းသွားသည်။
“နယ်ပယ်လေး တစ်ခုလောက်နဲ့ ဒီလောက်တောင် မောက်မာရသလား"
“လောင်ယွဲ့”
ရုတ်တရက်ဆိုသလိုပင် မုန့်ဟဲတုန်းသည် လက်နှစ်ဖက်ကို အသုံးပြုကာ အိပ်မက်ပမာ ထင်ယောင်ထင်မှား ပုံရိပ်ပေါင်း ထောင်ချီကို ထုတ်ဖော်လိုက်ပြီး ချန်ကျီရှင်းရှိရာသို့ ဆက်တိုက် တိုက်ခိုက်လိုက်တော့သည်။
ဒုန်း ဒုန်း ဒုန်း ဒုန်း
ဒုန်း ဒုန်း ဒုန်း ဒုန်း
ခဏချင်းမှာပင် သူတို့နှစ်ဦးမှာ အပြန်အလှန် ထိုးနှံချက်ပေါင်း ရာနှင့်ချီ၍ ဖလှယ်ခဲ့ကြသည်။ သူတို့နှစ်ဦး တစ်ကြိမ် တိုက်ခိုက်မိတိုင်း ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးမှာလည်း တုန်ခါနေတော့သည်။
ရှဲ….
မုန့်ဟဲတုန်းသည် အခွင့်အရေးတစ်ရပ်ကို အရယူကာ သူ၏ ညာလက်မောင်းကို စူးရှလှသော ငွေရောင်အလင်းတန်းများဖြင့် ရစ်ပတ်လိုက်ပြီး ချန်ကျီရှင်း၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
ချလွမ်….
သတ္တုအချင်းချင်း ထိတွေ့မိသကဲ့သို့ အသံတစ်သံ ဟိန်းထွက်သွား၏။
မုန့်ဟဲတုန်း၏ ညာလက်သည် ချန်ကျီရှင်း၏ လည်ပင်းကို ထိမှန်သွားပြီး အရေပြားထဲသို့ အနည်းငယ် နစ်ဝင်သွားသည်။ သို့သော် သူမ၏ မျက်နှာတွင် ဝမ်းသာရိပ် မပေါ်လွင်နိုင်သေးမီမှာပင် ကျမ်းစာစာလုံးများ ဖုံးလွှမ်းနေသော ဧရာမ အနက်ရောင်လက်ဝါးကြီးတစ်ခုက ချန်ကျီရှင်းကို ခုတ်ပိုင်းနေသည့် မုန့်ဟဲတုန်း၏ ညာလက်ကောက်ဝတ်ကို လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
“ဟင်”
မုန့်ဟဲတုန်းက မျက်မှောင်ကြုတ်လိုက်၏။
“အတတ်ကလေးတော့ ရှိသားပဲ"
ချန်ကျီရှင်း၏ လက်ချောင်းများမှာ သံမဏိညှပ်ကြီးတစ်ခုအလား မုန့်ဟဲတုန်း၏ လက်ကောက်ဝတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတော့သည်။
အခန်း။ ၁၈၂
“ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး”
ဗြန်း….
အားပြင်းပြင်းဖြင့် ဆွဲဖဲ့လိုက်ရာ မုန့်ဟဲတုန်း၏ ညာလက်မောင်းတစ်ခုလုံး အမြစ်မှပြုတ်၍ ပါလာတော့သည်။
နောက်တစ်ခဏတွင် ချန်ကျီရှင်း၏ ညာလက်သီးမှာ အစွမ်းကုန်တင်းထားသော လေးတစ်ကိုင်းအလား အနောက်သို့ ဆွဲဆန့်လိုက်ပြီး လက်သီးဆုပ်ပေါ်တွင် ကြယ်တာရာအလင်းတန်းများ တဖျတ်ဖျတ် လက်လာတော့သည်။
ဒုန်း…
ဤလက်သီးချက်သည် မုန့်ဟဲတုန်း၏ ဦးခေါင်းကို တည့်တည့်မှန်သွားရာ သူ၏ ခေါင်းမှာ နောက်သို့ လန်ထွက်သွားပြီး တစ်ကိုယ်လုံးလည်း အဝေးသို့ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။
မုန့်ဟဲတုန်းမြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ချန်ကျီရှင်းက ရှေ့သို့ ခုန်တက်ကာ အပေါ်မှနေ၍ အားကုန်နင်းခြေရန် ပြင်လိုက်သည်။ တစ်ဖက်လူကို အပြီးတိုင် ချေမှုန်းပစ်ရန် ရည်ရွယ်ထားခြင်းပင်။
“ယုတ်မာတဲ့ကောင်”
မုန့်ဟဲတုန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော လောင်ဖေးမှာ ဒေါသရိပ်များ ယှက်သန်းလာပြီး သူမ၏ မျက်ဝန်းများတွင် မလျှော့သောဇွဲတို့ ထွက်ပေါ်လာသည်။
“ရှေးဟောင်းခေတ်တုန်းကသာ ငါ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေခဲ့ရင်... ဒီလို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်က ဂျူနီယာလေးဆိုတာ ငါ့ရဲ့ ကျွန် ဒါမှမဟုတ် အစေအပါးလောက်ပဲ ဖြစ်မှာ။ ကြီးမားတဲ့ ဘေးဒုက္ခကြီးကြောင့်သာ ငါ့ဝိညာဉ်က မုန့်ဟဲတုန်းရဲ့ လက်စွပ်ထဲမှာ ခိုအောင်းနေရတာ။ မုန့်ဟဲတုန်းရဲ့ ခန္ဓာကိုယ်ကလည်း ငါ့ရဲ့ စစ်မှန်တဲ့အစွမ်းကို ထုတ်သုံးနိုင်လောက်တဲ့အထိ မရှိသေးလို့ပေါ့။ မဟုတ်ရင်တော့ ဒီကောင်က ငါ့ရှေ့မှာ ဒီလောက်တောင် ရဲတင်းရဲမှာ မဟုတ်ဘူး”
ချန်ကျီရှင်း၏ ခြေထောက်က အောက်သို့ ကျရောက်တော့မည့် အခိုက်အတန့်တွင်
“တော်လောက်ပါပြီ"
ဟင်းလင်းပြင်ထဲမှ အိုမင်းရင့်ရော်သော သက်ပြင်းချသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။
ထို့နောက်တွင်မူ နူးညံ့သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မုန့်ဟဲတုန်းကို ညင်သာစွာ ရစ်ပတ်ကာ အဝေးသို့ ဆွဲခေါ်သွားသဖြင့် ချန်ကျီရှင်း၏ နင်းခြေမှုကို ရှောင်တိမ်းသွားနိုင်ခဲ့သည်။
ဒုန်း….
ချန်ကျီရှင်း၏ ခြေလှမ်းမှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ကမ္ဘာမြေကြီးကို ရူးသွပ်မတတ် တုန်ခါသွားစေကာ နက်ရှိုင်းသော ကျင်းကြီး ကိုးကျင်း ဆက်တိုက် ပေါ်ပေါက်သွားတော့သည်။
“တကယ်ပဲ... တစ်ယောက်ယောက်တော့ ရောက်လာတာပဲ"
ချန်ကျီရှင်းမှာ လေထဲတွင် တည်ငြိမ်စွာ ရပ်တန့်နေပြီး သူ၏ မျက်နှာပေးမှာ အနည်းငယ် ဝေခွဲမရဖြစ်နေလျက် ဟင်းလင်းပြင်အတွင်းသို့ စိုက်ကြည့်နေမိသည်။
ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်ဆိုသည်မှာ ကောင်းကင်ဘုံက မျက်နှာသာပေးထားပြီး လောကကြီးက ချစ်ခင်မြတ်နိုးရသူများ ဖြစ်ကြသည်။ သူတို့သည် ကျင့်ကြံခြင်းတွင် သာမန်လူများနှင့် မတူညီရုံသာမက ၎င်းတို့အတွက် အခွင့်အလမ်းတံခါးများမှာလည်း အမြဲတမ်း ပွင့်နေတတ်သည်။
ထို့အပြင် သူတို့၏ ကံတရားမှာ အလွန်ပင် နက်ရှိုင်းသည်။ အမှိုက်ပုံထဲမှ အသုံးမကျသော ပစ္စည်းတစ်ခုကို ကောက်လိုက်လျှင်ပင် ဖုန်တက်နေသည့် ရှေးဟောင်းလက်နက်ကြီး ဖြစ်သွားနိုင်သလို လက်အောက်ခံတစ်ဦးကို ကျပန်းခေါ်လိုက်လျှင်ပင် သူတို့၏ အရှိန်အဝါကြောင့် ထိုသူတို့က ဒူးထောက်ဦးချလာတတ်ကြသည်။
မတော်တဆ အမျိုးသမီးအချို့နှင့် ဆုံမိလျှင်ပင် ထိုအမျိုးသမီးများမှာ ထူးခြားသော အဆင့်အတန်းရှိသူများ ဖြစ်နေတတ်ပြီး အကြောင်းပြချက်မရှိဘဲ သူတို့ကို မြင်မြင်ချင်း ချစ်မိသွားတတ်ကြသည်။
ထိပ်တန်းဂိုဏ်းကြီးများနှင့် အစွမ်းထက်သူများမှာပင် သူတို့ကို မြင်သည်နှင့် သဘောကျကာ အနောက်မှ ထောက်ပံ့ပေးသူများ ဖြစ်လာကြစမြဲပင်။
ဤကဲ့သို့ ကံတရားများ ဝန်းရံနေသည့် ဇာတ်လိုက်တစ်ယောက်ကို သတ်ရန်မှာ အလွန်ပင် ခက်ခဲသည်။ ယခင်က ဇာတ်လိုက်များကိုမူ ချန်ကျီရှင်းသည် သူတို့၏ အတောင်အပံများ မစုံသေးမီ၊ အရာရာ မစတင်ရသေးမီ ပုခက်အတွင်း၌ပင် အမြစ်ဖြတ် သုတ်သင်နိုင်ခဲ့သည်။
သို့သော် မုန့်ဟဲတုန်းကမူ မတူပေ။ သူသည် သူ၏ ဘဝဇာတ်ကြောင်းကို စတင်နေပြီဖြစ်ပြီး များပြားလှသော ပတ်သက်မှုများကိုလည်း တည်ဆောက်ထားပြီးသား ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူက အမြစ်တွယ်နေပြီ ဖြစ်သည်။
ထို့ကြောင့်ပင် ချန်ကျီရှင်းသည် ချန်ချိုးအာနှင့် အနက်ရောင်မီးလျှံဓားရှည်ဆိုသည့် ဝှက်ဖဲနှစ်ခုကို အသုံးမပြုသေးခြင်းပင်။ ထိုဝှက်ဖဲများကို ထုတ်ပြလိုက်ပြီးမှ မုန့်ဟဲတုန်းကို တစ်စုံတစ်ယောက်က လာကယ်သွားလျှင် သူ၏ ကြိုးစားမှုများမှာ အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော်လည်း သူ အကြောက်ဆုံး အခြေအနေမှာ ဖြစ်ပေါ်လာခဲ့ကာ နောက်တစ်ခဏတွင်
ဟင်းလင်းပြင်မှာ ရုတ်တရက် လိမ်ရှုံ့သွားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အစိမ်းရောင်ဝတ်စုံဝတ် အဖိုးအိုတစ်ဦးမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။
“မောင်ရင်ချန်... ဒါက မောင်ရင်မုန့်နဲ့ လီရန်တို့ရဲ့ ဆယ်နှစ်တာ ကတိကဝတ်အရ ယှဉ်ပြိုင်ကြတာပဲ မဟုတ်လား။ မောင်ရင်နဲ့ မောင်ရင်မုန့်ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ဘာလို့ ဒီလောက်အထိ ရက်စက်တဲ့ လက်ချက်တွေကို သုံးရတာလဲ”
ထိုအစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုမှာ သနားကြင်နာတတ်သော မျက်နှာပေးဖြင့် မုန့်ဟဲတုန်းကို ဦးစွာကြည့်ကာ သက်ပြင်းအသာချလိုက်ပြီးနောက် ဆေးလုံးတစ်လုံးကို မုန့်ဟဲတုန်း၏ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်သည်။ ထို့နောက်တွင်မှ သူ၏ မှုန်ဝါးဝါးမျက်ဝန်းများဖြင့် ချန်ကျီရှင်းကို ကြည့်ကာ ပြောလိုက်သည်။
“မောင်ရင်ချန်... မောင်ရင်က ပါရမီထူးကဲပြီး အစွမ်းထက်လွန်းတယ်။ ဒီခေတ်မှာ မောင်ရင့်ကို ယှဉ်နိုင်သူ မရှိသလောက်ပါပဲ။ ငါ အတိတ်နှစ်ပေါင်း ထောင်ချီကို ပြန်ကြည့်ရင်တောင် မောင်ရင့်လောက် တောက်ပတဲ့သူမျိုး မတွေ့ဖူးဘူး။
ဒါပေမဲ့ မောင်ရင့်မှာ သတ်ဖြတ်လိုစိတ်က အရမ်းပြင်းထန်ပြီး လက်ချက်ကလည်း ရက်စက်
လွန်းတယ်။ စိတ်တစ်ချက် အမှားမှာ မိစ္ဆာလမ်းစဉ်ထဲကို ကျရောက်သွားပြီး မောင်ရင့်ရဲ့ အနာဂတ်တွေ ပျက်စီးသွားမှာကို ငါစိုးရိမ်မိတယ်”
ထိုအဖိုးအို ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအများအပြားမှာ သူ့ကို ကြည့်ကာ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြသည်။
“ဘိုးဘေး... ရောက်လာပြီပဲ”
အဝေးမှ အဆိပ်နတ်မိမယ်လေးမှာ ဝမ်းသာအားရဖြင့် အဖိုးအို၏ ဘေးနားသို့ အပြေးကလေး ရောက်ရှိလာသည်။
“ဆေးဘုရင်ချိုင့်ဝှမ်းက ကျော်ကြားလှတဲ့ ဆေးဘုရင်ကို ဂါရဝပြုပါတယ်ခင်ဗျာ”
လေလွင့်ကျင့်ကြံသူတစ်စုမှာလည်း အလျင်အမြန်ပင် လက်အုပ်ချီကာ ရိုရိုသေသေ ဂါရဝပြုလိုက်ကြသည်။ ဤအဖိုးအို၏ အထောက်အထားမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကပင် ဆေးဖော်စပ်ခြင်းပညာဖြင့် နိဗ္ဗာန်နအဆင့်သို့ ရောက်ရှိခဲ့သည့် ဆေးဘုရင်ချိုင့်ဝှမ်းမှ ရွှမ်ဖူကျီပင်။ သူသည် လက်ရှိ ရှိနေသမျှ ကျင့်ကြံသူများထဲတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးလည်း ဖြစ်သည်။
“ဆေးဘုရင်ကြီးက လောကီရေးရာတွေကို စွန့်ခွာပြီး တာအိုလမ်းစဉ်ကိုပဲ အာရုံစိုက်နေတာလို့ ကြားဖူးပါတယ်။ ကျင့်ကြံခြင်းလောကရဲ့ ပဋိပက္ခတွေထဲမှာ ဘယ်တုန်းကမှ ဝင်မပါခဲ့ဘူးဆိုတော့... အခုက ဒီယှဉ်ပြိုင်မှုထဲကို ဝင်စွက်ဖက်မလို့လား”
ချန်ကျီရှင်းက အသံနိမ့်နိမ့်ဖြင့် မေးခွန်းထုတ်လိုက်တော့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဆက်ပြောသည်။
“ဒါ့အပြင်... ကျွန်တော့်ရဲ့ စီနီယာအစ်မအပေါ် အရင်ဆုံး သတ်ဖြတ်လိုစိတ် ထားခဲ့တာက မုန့်ဟဲတုန်းပဲလေ။ ဒါကြောင့် ကျွန်တော်က အပြင်းအထန် တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့အတိုင်း တုံ့ပြန်ခဲ့တာပဲ။ အဲဒါကို ရက်စက်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ”
ထိုစကားအဆုံးတွင် ဟင်းလင်းပြင်ထဲမှ အေးစက်ပြီး တည်ငြိမ်သော အမျိုးသမီးအသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
“မှန်တယ်... ပင်းအာက သူ့စီနီယာအစ်မအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ရုံတင်ပါ။ ဒီလောက်အထိ သစ္စာရှိပြီး တရားမျှတတဲ့သူကို မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားတယ်လို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ”
ဝှူး….
ခရမ်းရောင်ဝတ်စုံကို ကိုယ်ကျပ်ဝတ်ဆင်ထားပြီး ဆံပင်ကို ကျနစွာ ထုံးဖွဲ့ထားသည့် လှပသော တာအိုသီလရှင်တစ်ဦးမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကာ ချန်ကျီရှင်း၏ ရှေ့တွင် ဆင်းသက်လိုက်သည်။
“ပင်းအာ... မင်း တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ ငါ အရမ်းဂုဏ်ယူမိတယ်”
“အခုကစပြီး... ကျန်တာအားလုံးကို ငါ့ဆီပဲ လွှဲပေးလိုက်တော့"
မုယွဲ့မေ့သည် ချန်ကျီရှင်းကို ကြည့်ကာ နူးညံ့စွာ ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။ ဆောင်းဦးရာသီ၏ အလှတရားကဲ့သို့ သူမ၏ မျက်ဝန်းများမှာ ကျေနပ်အားရမှုနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေ၏။
ချက်ချင်းဆိုသလိုပင် သူမသည် အစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုဘက်သို့ လှည့်လိုက်ရာ သူမ၏ မျက်နှာပေးမှာ အေးစက်သွားတော့သည်။
“ငါ ဒီတိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်နေခဲ့တာ။ မုန့်ဟဲတုန်းက အရင်ဆုံး သတ်ဖြတ်လိုစိတ်နဲ့ စတိုက်ခဲ့တာပဲ။ နောက်ပြီး ငါ့ရဲ့ ချစ်တပည့်လေးပင်းအာနဲ့ တိုက်တဲ့အခါမှာလည်း သူကိုယ်တိုင်က ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ ဖြစ်ရမယ်လို့ ပြောခဲ့တာလေ”
“အခုတော့... စီနီယာ ရွှမ်ဖူကျီက အင်အားသုံးပြီး ဝင်စွက်ဖက်မယ်။ ဂျူနီယာတွေရဲ့ တိုက်ပွဲကို ဖျက်ဆီးမယ်ဆိုတော့... ဒါက ကောင်းကင်လှိုင်းမှာ လူမရှိဘူးဆိုပြီး အနိုင်ကျင့်ချင်တာလား”
ဗုန်း…
မုယွဲ့မေ့၏ ခန္ဓာကိုယ်မှ နိဗ္ဗာန်နနယ်ပယ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာရာ တောင်တန်းများနှင့် ပင်လယ်ပြင်ကြီးများအလား ပြင်းထန်လှပြီး ကောင်းကင်နှင့် မြေကြီး ပြိုလဲတော့မတတ် ခံစားရစေသည်။
“အော်... မုယွဲ့မေ့ ဖြစ်နေတာကိုး"
အစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုသည် မုယွဲ့မေ့ကို တစ်ချက်ကြည့်ကာ သတိမေ့မြောနေသော မုန့်ဟဲတုန်းကို ပြန်ကြည့်ရင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းတို့ ဘယ်လိုပဲ ပြောပြော... မောင်ရင်မုန့်နဲ့ ငါနဲ့က ကံကြမ္မာ ဆုံခဲ့ကြသူတွေပဲ။ သူ့ကို ဘေးကင်းအောင် ငါ သုံးကြိမ် ကာကွယ်ပေးပါ့မယ်လို့ ကတိပေးထားဖူးတယ်"
“ဒါက ဒုတိယအကြိမ်ပဲ ရှိသေးတယ်"
“ဒါကြောင့် ဒီနေ့ မောင်ရင်မုန့်ကို ငါနဲ့အတူ ခေါ်သွားရမယ်။ ဒါကို မင်းတို့ ခွင့်ပြုပေးဖို့ ငါတောင်းဆိုချင်တယ်"
“ဒါဆို ရှင်က အကြောင်းပြချက်မရှိဘဲ ဇွတ်လုပ်မလို့လား”
မုယွဲ့မေ့၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားပြီး သူမ၏ မျက်ဝန်းအတွင်း၌ ထက်ရှသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။
ရုတ်တရက်ဆိုသလိုပင် အခြေအနေမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်
မြောက်ဘက်တောင်ထိပ်အရပ်မျက်နှာမှနေ၍ ကြယ်တံခွန်တစ်ခုအလား နီရဲတောက်လောင်နေသော အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်သန်းပြီး ရောက်ရှိလာခဲ့သည်။ ထိုအလင်းတန်းမှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် လျင်မြန်စွာ ကွယ်ပျောက်သွားပြီး ခန့်ညားထည်ဝါလှသော အရပ်ရှည်ရှည် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
“ငါတို့ ကောင်းကင်လှိုင်းက လူတစ်ယောက်ကို ခေါ်သွားချင်တယ်ဆိုရင်... အရင်ဆုံး ငါတို့ကို မေးရလိမ့်မယ်”
ထိုအမျိုးသား၏ အကြည့်မှာ လျှပ်စီးတန်းများအလား စူးရှနေပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
“ဟားဟား... ငါတို့ မြောက်ဘက်တောင်ထိပ်ရဲ့ ခေါင်းဆောင်လည်း ရောက်လာပြီဟေ့”
“မြောက်ဘက်တောင်ထိပ်က တပည့်တွေ... တောင်ထိပ်ခေါင်းဆောင်ကို ဂါရဝပြုကြ”
ကောင်းကင်လှိုင်းတောင်တံခါးရှေ့ရှိ မြောက်ဘက်တောင်ထိပ် တပည့်ပေါင်းများစွာမှာ ဤသည်ကို မြင်သောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး အားရပါးရ ရယ်မောလျက် ဂါရဝပြုလိုက်ကြသည်။ မုယွဲ့မေ့သည် သူမ၏ ဘေးရှိ ထိုပါးကျန်းယီကို အံ့သြသလို ကြည့်လိုက်၏။
“ငါ့ကို အဲဒီလို လာမကြည့်နဲ့ အိမ်တွင်းရေးက အိမ်တွင်းရေးပဲ။ အပြင်လူက လာပြီး အနိုင်ကျင့်မယ်ဆိုရင်တော့ ငါတို့က အရင်ဆုံး ပေါင်းပြီး တိုက်ရမှာပဲ”
ထိုပါးကျန်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။
မုယွဲ့မေ့မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုမှာ မထိန်းနိုင်ဘဲ ပေါ်လာခဲ့သည်။
ဒီလူကြီးကတော့... သူပြောတာလည်း မမှားပါဘူးလေ။
ရုတ်တရက် ကောင်းကင်လှိုင်းတောင်တံခါးရှေ့ တစ်ပြင်လုံးမှာ သင်္ချိုင်းကုန်းတစ်ခုအလား တိတ်ဆိတ်သွားတော့သည်။
လေလွင့်ကျင့်ကြံသူ အားလုံးမှာလည်း အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ဘဲ မှင်တက်ကာ ကြည့်နေကြရသည်။ သို့သော် သူတို့၏ မျက်ဝန်းများတွင်မူ စိတ်လှုပ်ရှားမှုများကို မဖုံးဖိနိုင်ကြချေ။
တကယ့်ကို လာရကျိုးနပ်တဲ့ ခရီးစဉ်ပဲ။
တကယ့်ကို လာရကျိုးနပ်လွန်းတယ်။
ဦးစွာပထမ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အတွင်းမှာ အမြင့်ဆုံးအဆင့်လို့ ပြောလို့ရတဲ့ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။
အခြေအနေတွေက အဲဒီမှာတင် ပြီးဆုံးသွားပြီလို့ ထင်ထားခဲ့သော်လည်း...
မျှော်လင့်မထားဘဲ အခုတော့…
ဆေးဘုရင်ချိုင့်ဝှမ်းက ဆေးဘုရင်….
ကောင်းကင်လှိုင်းတောင်ဘက်တောင်ထိပ် ခေါင်းဆောင် မုယွဲ့မေ့…..
ကောင်းကင်လှိုင်းမြောက်ဘက်တောင်ထိပ် ခေါင်းဆောင် ထိုပါးကျန်းယီ….
ဒါတွေအားလုံးက ကျင့်ကြံခြင်းလောကမှာ ကျော်ကြားတဲ့ နိဗ္ဗာန်နနယ်ပယ်အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ဘူးလား။ ပါရမီရှင်တွေရဲ့ ယှဉ်ပြိုင်မှုလေးတစ်ခုက နိဗ္ဗာန်နနယ်ပယ်အစွမ်းထက် ပုဂ္ဂိုလ်ကြီး သုံးယောက်အထိ ဆွဲဆောင်နိုင်ခဲ့တယ်ဆိုတာ... ဘယ်လောက်တောင် ခန့်ညားထည်ဝါတဲ့ မြင်ကွင်းလဲ။
“ဘိုးဘေး... အစ်ကိုမုန့်ကို ကယ်ပေးပါဦး.....”
အဆိပ်နတ်မိမယ်လေးက အစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုကို ကြည့်ကာ သနားစဖွယ် တောင်းပန်လိုက်သည်။
“စိတ်ချပါ... ဒီနေ့ ငါ ဒီမှာရှိနေသရွေ့ သူ့ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်စေရဘူး"
အစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုသည် အဆိပ်နတ်မိမယ်လေးကို ပြုံးပြလိုက်ပြီးနောက် သူ၏ မှုန်ဝါးဝါးမျက်ဝန်းများကို မြှောက်ကာ မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့ကို ကြည့်လိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်နေပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီနေ့ မောင်ရင်မုန့်ကို ငါ အပြီးအပိုင် ခေါ်သွားမယ်လို့ ဆုံးဖြတ်ထားပြီးသား မင်းတို့ နှစ်ယောက်တည်းနဲ့တော့...”
“ငါ့ကို တားနိုင်မှာ မဟုတ်ဘူး”
ရှဲ ရှဲ ရှဲ…
စကားအဆုံးတွင် အဖိုးအို၏ မျက်ဝန်းအတွင်းရှိ မှုန်ဝါးမှုများမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ချောက်ကမ်းပါးကြီးတစ်ခုအလား နက်ရှိုင်းကာ ထက်ရှသော အကြည့်များက အစားထိုး၍ နေရာယူလိုက်တော့သည်။