အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း။ ၁၈၃
ထိုအခိုက်အတန့်တွင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ ပြင်ပတစ်ခုလုံးမှာ လုံးဝဥဿုံ တိတ်ဆိတ်သွားတော့သည်။ အပြာရောင်ဝတ်စုံနှင့် အဖိုးအို၏ စကားအဆုံးတွင် ဖော်ပြမနိုင်သော ခန့်ညားထည်ဝါလှသည့် အရှိန်အဝါတစ်ခုမှာ သူ၏ထံမှ စီးထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဤအရှိန်အဝါမှာ ပြင်းထန်သော ဖိအားပေးမှုမျိုး မဟုတ်ဘဲ လှိုင်းတံပိုး တစ်ချက်မျှမရှိသည့် အဆုံးမဲ့ငြိမ်သက်နေသော ပင်လယ်ပြင်ကြီးတစ်ခုအလား တည်ငြိမ်လွန်းသည်။
သို့သော်လည်း မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ မျက်နှာပေးမှာ အလွန်အမင်း လေးနက်တည်ကြည်သွားတော့သည်။ သူတို့သုံးဦးစလုံးမှာ နိဗ္ဗာန်နနယ်ပယ်ချည်းဖြစ်သော်လည်း ဆေးဘုရင်ရွှမ်ဖူကျီမှာမူ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သူဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကပင် ဤနယ်ပယ်သို့ ရောက်ရှိခဲ့သူပင်။
နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းအတွင်း ရွှမ်ဖူကျီ၏ ကျင့်ကြံမှုမှာ ဘယ်လောက်အထိ နက်ရှိုင်းနေပြီလဲဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။ မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့မှာမူ ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်းငါးရာပင် မပြည့်သေးချေ။
“ရှင်က တားလို့မရဘူးလို့ ပြောတာလား ဒါဆိုရင်လည်း စမ်းကြည့်တာပေါ့”
မုယွဲ့မေ့က အသက်ကို ဝဝရှူလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ကျင့်ကြံမှု သက်တမ်းက ဘာအရေးလဲ အရင်တိုက်ပြီးမှ စကားပြောကြတာပေါ့။
“ပိတ်ဆို့စမ်း”
သူမက စကားတစ်လုံးတည်းကိုသာ ဆိုလိုက်သော်လည်း လက်တွေ့လောကကြီးမှာ သူမ၏ စကားအတိုင်း ဖြစ်တည်လာခဲ့သည်။ မိုင်ပေါင်းများစွာအတွင်းရှိ ကောင်းကင်ယံမှာ ချက်ချင်းပင် ချုပ်နှောင်ခြင်းခံလိုက်ရပြီး သီးခြားဟင်းလင်းပြင်တစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးမည့် လမ်းစအားလုံးကို ဖြတ်တောက်လိုက်တော့သည်။
“ဆေးဘုရင်ချိုင့်ဝှမ်းက ဆေးဘုရင်ရဲ့ ကျင့်ကြံမှုက နက်ရှိုင်းလှပြီး ဒီခေတ်ရဲ့ ဝါရင့်
အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦးလို့ ကျော်ကြားတယ်။ ဒီနေ့တော့ ကျွန်တော် ထိုပါးကျန်းယီက ဆေးဘုရင်ဆိုတဲ့သူမှာ ဘယ်လိုအရည်အချင်းတွေ ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့”
ထိုပါးကျန်းယီသည်လည်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ နောက်ကျောဘက်တွင် ဂူဗိမာန်ကောင်းကင် ဓမ္မစက်ဝန်းဆယ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဂူဗိမာန်တစ်ခုချင်းစီအတွင်း၌ ချီစွမ်းအားမီးဖိုပေါင်း ရာနှင့်ချီ၍ ရှိနေ၏။
ထိုလှည့်ပတ်နေသော ဂူဗိမာန်ဆယ်ခုမှာ တပြိုင်နက်တည်း လည်ပတ်သွားပြီး ဧရာမ ကြောက်မက်ဖွယ် ချီစွမ်းအားများကို ထုတ်လွှတ်ကာ အောက်သို့ ဖိချလိုက်တော့သည်။ သူ၏ လက်ကို မြှောက်လိုက်ရုံဖြင့် ဟင်းလင်းပြင်ကြီးမှာ ပြိုလဲ၍ ပျက်စီးသွားခဲ့၏။
“ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်”
အပြာရောင်ဝတ်စုံနှင့် အဖိုးအို၏ မျက်ဝန်းအတွင်း၌ ဒေါသရိပ်များ လက်ခနဲ ပေါ်လာသည်။
“ငါက မင်းတို့ကို ကောင်းကောင်းမွန်မွန် ပြောနေတာကို နားမထောင်ကြဘူးဆိုတော့... ဒီနေ့ လူကြီးက လူငယ်ကို အနိုင်ကျင့်တယ်ဆိုပြီးတော့လည်း ငါ့ကို အပြစ်မတင်ကြနဲ့တော့”
ဗုန်း….
ခဏချင်းမှာပင် နဂိုက ဖြည်းဖြည်းချင်း ထွက်ပေါ်နေသော အရှိန်အဝါမှာ ရေအောက်
ချောက်ကမ်းပါးကြီးတစ်ခု နိုးထလာသကဲ့သို့ ရုတ်တရက် ဆူပွက်လာတော့သည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာ ရူးသွပ်နေသည့် ပင်လယ်ပြင်ကြီးတစ်ခုအလား ပြောင်းလဲသွား၏။ ဤအရှိန်အဝါအောက်တွင် မုယွဲ့မေ့ ပိတ်ဆို့ထားသည့် ဟင်းလင်းပြင်မှာ တစ်လက်မချင်းစီ အက်ကွဲ၍ ပျက်စီးသွားတော့သည်။
ထိုပါးကျန်းယီ၏ ကောင်းကင်ယံထက်မှ ဂူဗိမာန်ဆယ်ခုမှာလည်း မီးငြိမ်းသွားသည့်အလား မှေးမှိန်သွားခဲ့သည်။ အပြာရောင်ဝတ်စုံနှင့် အဖိုးအိုမှာ မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့ကို နှိမ်နင်းပြီး မုန့်ဟဲတုန်းကို ခေါ်သွားရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်ချိန်တွင်မူ
“မိတ်ဆွေ တာအိုရောင်းရင်း ရွှမ်ဖူကျီ... တော်တော်လေးကို ဒေါသကြီးတာပဲလား။ အရှိန်အဝါတွေကလည်း တော်တော်ကို ထည်ဝါလွန်းနေပါလား”
လှောင်ပြောင်သလိုလို ပြုံးသလိုလို အသံတစ်ခုမှာ နဝမမြောက် ကောင်းကင်ယံထက်မှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
နောက်တစ်ခဏတွင် ရှုပ်ထွေးလှသော မြူထုများဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုမှာ နဝမမြောက် ကောင်းကင်ယံမှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏ မျက်ဝန်းများမှာ လည်ပတ်နေသော နေမင်းနှစ်စင်းအလား ရှိနေပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တံခါးဝတွင် ဆင်းသက်လိုက်တော့သည်။
“သန့်စင်ရာနယ်မြေ အရှင်သခင်”
ချက်ချင်းပင် မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့မှာ ထိုပုံရိပ်ကို ကြည့်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
“အရှင်သခင်"
ချန်ကျီရှင်းကလည်း လက်အုပ်ချီကာ ဂါရဝပြုလိုက်၏။
“ပင်းအာ... မကြောက်နဲ့ မင်းရဲ့ အဖိုး ဒီမှာရှိတယ်။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မင်းရဲ့အိမ်ပဲ။ ဘယ်သူကမှ ငါတို့အိမ်ရှေ့မှာ မင်းကို လာပြီး အနိုင်မကျင့်စေရဘူး"
ချင်းထျန်းကျုံးသည် ချန်ကျီရှင်းကို သူတတ်နိုင်သမျှ အကြင်နာဆုံးနှင့် အနွေးထွေးဆုံး အပြုံးဖြင့် ပြုံးပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲ၌ ဂုဏ်ယူမှုများ ဖြစ်ပေါ်နေ၏။
အချိန်ကိုက်ပဲ... တစ်မိနစ်တောင် မနောက်ကျသလို တစ်စက္ကန့်တောင် မစောဘူး။ အခြေအနေတွေ အဆိုးရွားဆုံးဖြစ်နေချိန်မှာမှ ကယ်တင်ရှင်အဖြစ် ရောက်လာရတာကမှ တကယ့် အချိန်ကောင်းပဲ
ကောင်းကင်လှိုင်းက မင်းရဲ့အိမ်ပဲဆိုတဲ့ စကားလုံးတွေက ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းကို တော်တော်လေး စိတ်လှုပ်ရှားသွားစေမှာပဲ မဟုတ်ဘူးလား။
၎င်းက ကောင်းကင်လှိုင်းအပေါ် သူ၏ သံယောဇဉ်ကို တိုက်ရိုက် မြှင့်တင်ပေးလိုက်မှာ အသေအချာပင်။
“ကျွန်တော် မကြောက်ပါဘူး"
ချန်ကျီရှင်းက တိုးတိတ်စွာ ပြောလိုက်သည်။
သူ တကယ်ကို နားမလည်နိုင်တော့ချေ။
ဒီကောင်းကင်လှိုင်းအရှင်သခင်က အစစအရာရာ တော်ပါရဲ့... ဒါပေမဲ့ သူများအဖိုးအဖြစ် ဇွတ်လုပ်ချင်နေတဲ့ အကျင့်ကတော့ ဘာကြောင့်လဲ။
“အားဟားဟား ငါ့ရဲ့ ကောင်းကင်လှိုင်းနတ်ဘုရားသားတော်ပီပီ တကယ့်ကို သတ္တိရှိတယ်"
ချင်းထျန်းကျုံးက အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် သူ၏ အကြည့်များကို ရွှမ်ဖူကျီဘက်သို့ လွှဲလိုက်ရာ အပြုံးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ရွှမ်ဖူကျီ... မင်းက တော်တော်လေးကို အစွမ်းထက်နေတာပဲလား။ ငါ့ရဲ့ သန့်စင်ရာနယ်မြေရှေ့မှာ လာပြီး မောက်မာပြနေတာလား”
ချင်းထျန်းကျုံးက အေးစက်စွာ ပြောလိုက်သည်။ မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့ထက် သာလွန်လှသော သူ၏ ဖိအားပေးမှုကြောင့် လေလွင့်ကျင့်ကြံသူများစွာမှာ အသက်ရှူရန်ပင် ခက်ခဲနေကြရတော့သည်။
“မိတ်ဆွေ တာအိုရောင်းရင်းချင်း... မင်းပြောတာက အရမ်းလွန်လွန်းနေပြီ။ ငါ့မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး"
အပြာရောင်ဝတ်စုံနှင့် အဖိုးအိုသည် ဤအခြေအနေကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် လေးလံသွားတော့သည်။ ဤ ကောင်းကင်လှိုင်းအရှင်သခင်မှာ ရှောင်ပင်းကို အကာအကွယ်ပေးရန် ဆုံးဖြတ်ထားပုံပင်။
“ဘိုးဘေး...”
ဘေးနားမှ အဆိပ်နတ်မိမယ်လေးက ရွှမ်ဖူကျီကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
“ရပါတယ်"
ရွှမ်ဖူကျီက အဆိပ်နတ်မိမယ်လေးကို အသာအယာ ပြုံးပြလိုက်ပြီးနောက် အသက်ကို ဝဝရှူကာ ချင်းထျန်းကျုံးကို လေးနက်သောလေသံဖြင့် ကြည့်၍ ပြောလိုက်သည်။
“မိတ်ဆွေ တာအိုရောင်းရင်းချင်း... မုန့်ဟဲတုန်းက ငါနဲ့ ဆေးဘုရင်ချိုင့်ဝှမ်းနဲ့တင်မကဘဲ ငါကိုယ်တိုင်နဲ့ပါ ကံကြမ္မာအရ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေသူပါ။ ဒီနေ့တော့ သူ့အပေါ်မှာ ကြင်နာမှုပြပေးဖို့ ငါ မျှော်လင့်မိပါတယ်။ တစ်ချိန်ချိန်မှာ ကောင်းကင်လှိုင်းဒုက္ခရောက်ခဲ့ရင် ငါ့ဘက်က အစွမ်းကုန် ကူညီပေးမယ်လို့ ကတိပေးပါတယ်"
ထိုစကားလုံးများ ထွက်ပေါ်လာချိန်တွင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တပည့်များနှင့် လေလွင့်ကျင့်ကြံသူများအားလုံး၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများဖြင့် လှုပ်ခတ်သွားကြသည်။ နိဗ္ဗာန်နနယ်ပယ်အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ကတိစကားထက်ပင် ပို၍တန်ဖိုးရှိသည်မှာ ယနေ့ခေတ်၏ နံပါတ်တစ် ဆေးဖော်စပ်ခြင်းပညာရှင် ရွှမ်ဖူကျီ၏ ကတိစကားပင်။ ဤကတိတစ်ခုမှာ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင်ပင် အဖိုးတန်သည်။
“မုန့်ဟဲတုန်းမှာ ဘယ်လိုဆွဲဆောင်မှုမျိုးရှိလို့ နိဗ္ဗာန်နနယ်ပယ်အစွမ်းထက်ပုဂ္ဂိုလ်ကြီးက ဒီလောက်အထိ ကူညီပေးနေရတာလဲ”
“မုန့်ဟဲတုန်းကတော့ တကယ့်ကို ကံကောင်းတာပဲ။ သူ့အတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့် လူကြီးသူမတွေ ရှိနေတာက ဘဝရှစ်ဆက်စာလောက် ကံကောင်းမှုတွေ စုနေသလားမှတ်ရတယ်”
“ဒီလောက်ဆိုရင်တော့ တော်လောက်ပြီ မဟုတ်လား မုန့်ဟဲတုန်းနဲ့ နတ်ဘုရားသားတော် ရှောင်
ဖျင်းကြားမှာလည်း နက်နက်ရှိုင်းရှိုင်း ရန်ငြိုးတွေ ရှိတာမဟုတ်ဘဲနဲ့ အခုလို ပုဂ္ဂိုလ်ကြီးတစ်ဦးက ကိုယ်တိုင် နှိမ့်ချပြီး တောင်းဆိုနေတာပဲ။ ဒါကို လက်ခံလိုက်တာက အကောင်းဆုံးပဲ မဟုတ်ဘူးလား”
“တကယ်ကို အားကျစရာပဲ မုန့်ဟဲတုန်းက မွေးဖွားလာတာ မြင့်မြတ်တဲ့အသိုင်းအဝိုင်းက ဖြစ်
ရုံတင်မကဘူး။ သူ့အတွက် ဘာမဆိုလုပ်ပေးမယ့် လှပတဲ့ မိန်းကလေးတွေလည်း အများကြီးရှိတယ်။ အခုတော့ အဝေးကနေတောင် လာကယ်မယ့် နိဗ္ဗာန်နနယ်ပယ်ပုဂ္ဂိုလ်ကြီးလည်း ရှိနေပြန်ပြီ အပြင်မှာ သေသွားရင်တောင် အလောင်းကောက်ပေးမယ့်သူမရှိတဲ့ ငါတို့နဲ့တော့ တခြားစီပါပဲလား”
“ဒီလောကမှာ ဒီလောက်အထိ ကံကောင်းတဲ့သူတွေ ရှိနိုင်ပါ့မလား”
အဝေးမှ လေလွင့်ကျင့်ကြံသူအချို့မှာ အားကျမနာလိုသော မျက်နှာပေးများဖြင့် တိုးတိတ်စွာ တီးတိုးပြောဆိုနေကြသည်။
“အိုး”
ချင်းထျန်းကျုံးက ထိုစကားများကို ကြားသောအခါ ချန်ကျီရှင်းကို လှမ်းကြည့်လိုက်ရာ ချန်ကျီရှင်းမှာ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် မည်သို့မျှ တုန်လှုပ်ခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် သူ အနည်းငယ် နားလည်သွားခဲ့သည်။
“ဒီနေ့ ငါက မင်းကို မျက်နှာသာမပေးဘူးဆိုရင်ကော... မင်း ဘာလုပ်နိုင်မှာလဲ”
ချင်းထျန်းကျုံးက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ပြင်းထန်လှသော ဖိအားများမှာ အစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုထံသို့ တိုက်ရိုက်သက်ရောက်သွားတော့သည်။ ခဏချင်းမှာပင် အဖိုးအိုမှာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီး သူ၏ ချီစွမ်းအားများမှာလည်း ဖရိုဖရဲ ဖြစ်သွားခဲ့၏။
“လူငယ်ဆိုတော့ အသိတရားမရှိတာ ထားပါဦး။ မင်းလို သန့်စင်ရာနယ်မြေရဲ့ အရှင်သခင်ကပါ ဒီလောက်အထိ ဆင်ခြင်တုံတရား ကင်းမဲ့နေရတာလား”
“ချင်းထျန်းကျုံး... မင်းက အရာရာကို ဒီမှာတင် အပြတ်ရှင်းချင်တာလား မုန့်ဟဲတုန်းရဲ့ နောက်ကွယ်မှာ ငါ့အပြင် ချင်းပြည်နယ်ရဲ့ မုန့်မိသားစုရှိနေတာကို မမေ့နဲ့ဦး”
အဖိုးအိုက မျက်နှာပျက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
“ချင်းပြည်နယ်ရဲ့ မုန့်မိသားစု”
ချင်းထျန်းကျုံးက အထင်သေးသလို နှာခေါင်းရှုံ့လိုက်သည်။
“အဲဒီ မုန့်ယွန့်ထျန်းဆိုတဲ့ အဘိုးကြီးက ခုချိန်မှာ မုန့်မိသားစုထဲကနေ အပြင်ကို ခြေတစ်လှမ်း ထွက်ရဲလိမ့်မယ်လို့ မင်းထင်နေတာလား။ သူသာ အပြင်ကို တစ်လှမ်းထွက်လိုက်တာနဲ့ ချန်တောက်ယန်ဆိုတဲ့ အဘိုးကြီးက သူ့ကို သတ်မှာ အသေအချာပဲ”
“မင်း ယုံလား မယုံဘူးလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ အဖိုးအို၏ မျက်နှာမှာ ပို၍ပင် အကြည့်ရဆိုးသွားခဲ့သည်။
“ရွှမ်ဖူကျီ... မင်းလည်း အဲဒီခေတ်ကို ဖြတ်သန်းလာခဲ့တာပဲ။ ချန်တောက်ယန်ရဲ့ စိတ်နေစိတ်ထားကို သိမှာပါ။ သူ စိတ်တိုလာရင် ဘယ်သူက သူ့ကို တားနိုင်မှာလဲ”
ချင်းထျန်းကျုံးက ခပ်ပြုံးပြုံးဖြင့် ရှေ့သို့ ထပ်မံ တိုးဝင်သွားပြန်သည်။
“ဒါနဲ့တောင် မင်းက မုန့်မိသားစုကို သုံးပြီး ငါ့ကို ခြိမ်းခြောက်ချင်သေးတာလား”
အဖိုးအို၏ မျက်နှာထက်တွင် အပြင်းအထန် ရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ဒီနေ့ကိစ္စကတော့ အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်တော့ဘူး ထင်တယ်...”
သူက အဆိပ်နတ်မိမယ်လေးကို တောင်းပန်သလို အကြည့်ဖြင့် ကြည့်လိုက်သည်။ ၎င်းကို မြင်လိုက်ရသော အဆိပ်နတ်မိမယ်လေးမှာ ထိတ်လန့်သွားပြီး “ဘိုးဘေး အစ်ကိုမုန့်ကို လက်မလွှတ်ပါနဲ့ အစ်ကိုမုန့်က ကျွန်မ ဒီဘဝမှာ တစ်ဦးတည်းသော ချစ်ရသူပါ။ သူသာ သေသွားရင် ကျွန်မ... ကျွန်မလည်း ဆက်မရှင်သန်ချင်တော့ဘူး...”
စကားပြောနေစဉ်မှာပင် သူမ၏ မျက်ဝန်းများမှာ နီရဲလာပြီး မျက်ရည်များ ဝိုင်းလာတော့သည်။
“ဒါကတော့...”
အဖိုးအို၏ မျက်နှာမှာ ပို၍ပင် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ခေတ္တမျှ ကြာပြီးနောက်
“ကောင်းပြီ... ကောင်းပြီ... ဒါဆိုရင် ဒီနေ့တော့ မင်းအတွက် ငါတစ်ကြိမ်လောက် ရူးသွပ်ပေးလိုက်ပါ့မယ်...”
အဖိုးအိုသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ သက်ပြင်းကို အရှည်ကြီး ချလိုက်သည်။
နောက်တစ်ခဏတွင်
သူက ညာဘက်လက်ဝါးကို လှန်လိုက်ရာ အမိန့်ပေးတံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ဒီနှစ်တွေအတွင်းမှာ ငါက အစွမ်းထက်သူပေါင်းများစွာကို ကယ်တင်ခဲ့ဖူးတယ်။ ကျေးဇူးတရားတွေ အများကြီး ထားရှိခဲ့ဖူးတယ်"
“အဲဒီတုန်းက ငါ ဘာကိုမှ ပြန်မတောင်းဆိုခဲ့တာက... အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ ငါ့ကို သူတို့က ကူညီပေးလာဖို့အတွက်ပဲ”
“အခုတော့ ဒီနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တာတွေကို သုံးရမယ့်အချိန် ရောက်ပြီ ထင်တယ်”
အဖိုးအိုသည် သူ၏လက်ထဲမှ တံဆိပ်ကို ကြည့်ကာ မျက်နှာထက်တွင် နောင်တရိပ်နှင့် ဝမ်းနည်းရိပ်အချို့ ယှက်သန်းသွားခဲ့သည်။
“အိုး”
ချင်းထျန်းကျုံးမှာ ထိုအရာကို မြင်သော်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ ဝမ်းသာသွားပုံပင်။ သူက ဒီနေ့ကိစ္စ ပိုကြီးလေ သဘောကျလေပင်။
ကိစ္စက ပိုကြီးသွားလေ ချန်ကျီရှင်းက ကောင်းကင်လှိုင်းအပေါ် အကြွေးပိုတင်လေပင်။
တကယ်လို့ ကောင်းကင်လှိုင်းက မခံနိုင်တော့ဘူးဆိုရင်တောင် အဘိုးကြီး ချန်တောက်ယန်က သူ့မြေး အပြင်မှာ အနိုင်ကျင့်ခံနေရတာကို ဒီအတိုင်း ထိုင်ကြည့်နေပါ့မလား။ ဘာပဲဖြစ်ဖြစ် ချန်မိသားစုက အနောက်က ရှိနေတာပဲ ဘာကြောက်စရာ ရှိလဲ။
“ခေါ်လိုက်စမ်းပါ မင်းခေါ်နိုင်သမျှ လူအကုန်လုံးကို အမြန်ခေါ်စမ်း”
ချင်းထျန်းကျုံး၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။
“ဟင်”
အဖိုးအိုသည် ချင်းထျန်းကျုံး၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်သောအခါ မျက်မှောင်ကြုတ်သွားမိသည်။ ထို့နောက်တွင် ခေါင်းကို ခါယမ်းလိုက်ပြီး အများကြီး ထပ်မစဉ်းစားတော့ချေ။
ကောင်းကင်လှိုင်းက လူတွေဟာ အကြောင်းပြချက်ကို နားမလည်တဲ့ လူရမ်းကားတစ်စုပဲဟု သူ သတ်မှတ်လိုက်ပုံပင်။
“မင်းရဲ့ အလိုအတိုင်း ဖြစ်စေရမယ်"
အဖိုးအိုက လောကအရပ်ရပ်မှ သူရဲကောင်းများကို ဆင့်ခေါ်ရန် သူ၏လက်ထဲမှ တံဆိပ်ကို ချေဖျက်တော့မည့် အခိုက်အတန့်တွင် “ဆေးဘုရင်စီနီယာ... အစ်ကိုမုန့်ရဲ့ ကိစ္စကို ကျွန်မပဲ ကိုင်တွယ်ပါရစေ"
နူးညံ့သော အမျိုးသမီးအသံတစ်ခုမှာ လူအုပ်ကြီး၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။
လေလွင့်ကျင့်ကြံသူများမှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ဘေးသို့ ဖယ်ထုတ်ခံလိုက်ရသကဲ့သို့ လမ်းတစ်ခု အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။ လူတိုင်း အာရုံစိုက် ကြည့်လိုက်ကြရာ နက်မှောင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးမှာ လူအုပ်အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုမိန်းကလေးမှာ အသက် တစ်ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး လှပချောမောသော မျက်နှာထား၊ တောက်ပသော မျက်ဝန်းများဖြင့် ကျောက်စိမ်းရုပ်ကလေးအလား ထူးကဲသည်။
သူမ၏ အနောက်တွင်မူ အရပ်ရှစ်ပေခန့်ရှိပြီး မျက်လုံးသုံးလုံးပါသော ကြောက်မက်ဖွယ် ဘီလူးကြီး နှစ်ဦးက လိုက်ပါလာသည်။ သူတို့ ခြေတစ်လှမ်း လှမ်းတိုင်း မြေပြင်ကြီးမှာ တုန်ခါသွားရ၏
“အစ်ကိုမုန့်.....”
နက်မှောင်သော ဝတ်စုံနှင့် မိန်းကလေးက မုန့်ဟဲတုန်းကို ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် ကြင်နာမှုများ ယှက်သန်းသွားသည်။ သတိမေ့မြောနေပြီး အသက်ငွေ့ငွေ့မျှသာ ကျန်တော့သည့် မုန့်ဟဲတုန်းမှာ ထိုအသံကို ကြားလိုက်ရသည့်အခါ မျက်လုံးများကို အနိုင်နိုင် ဖွင့်ကြည့်လိုက်သည်။
“ညီမလေးယန်... မင်း ရောက်လာတာပဲ။ ငါကတော့ မင်းအပေါ်မှာပဲ အမြဲ အားကိုးနေရတယ်။ ငါက တကယ့်ကို အသုံးမကျတဲ့သူပါပဲ...”
သူ၏ နှုတ်ခမ်းများမှာ အားနည်းစွာ လှုပ်ရှားသွားပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုမုန့်... ဘာမှ ထပ်မပြောပါနဲ့တော့။ ကျန်တာအားလုံးကို ကျွန်မဆီပဲ လွှဲထားလိုက်ပါ"
ထိုမိန်းကလေးက မုန့်ဟဲတုန်းကို နူးညံ့စွာ ပြုံးပြလိုက်ပြီးနောက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရှိရာသို့ လှည့်ကြည့်ကာ တိုးတိတ်စွာ ဆိုလိုက်သည်
“ကျွန်မ ရှေးဦးကမ္ဘာဦးမျိုးနွယ်က ဂူယန်ရန်ပါ။ ဒီနေ့မှာ မေးခွန်းတစ်ခုပဲ မေးချင်ပါတယ်"
“မုန့်ဟဲတုန်းကို ကောင်းကင်လှိုင်းက လွှတ်ပေးမှာလား မလွှတ်ပေးဘူးလား”
အခန်း။ ၁၈၄
“ထပ်ပြီးတော့လား ဒါက အဆုံးကို မရှိနိုင်တော့ဘူးလား”
ချန်ကျီရှင်းမှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် မညည်းညူဘဲ မနေနိုင်တော့ချေ။
ဒါကိုပဲ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်လို့ ခေါ်တာလား အသက်အန္တရာယ်နဲ့ ကြုံရတိုင်း အရပ်မျက်နှာအနှံ့ကလူတွေက ချက်ချင်းဆိုသလို ရောက်လာပြီး ကယ်တင်ကြတာလား။
ခေတ္တမျှ ချန်ကျီရှင်း၏ မျက်နှာပေးမှာ အုံ့မှိုင်းသွားပြီး ခန့်မှန်းရခက်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံအထက်၌
“ရှေးဦးကမ္ဘာဦးမျိုးနွယ်...”
ချင်းထျန်းကျုံးသည် သူ၏မျက်မှောင်ကို ကျစ်ကျစ်ပါအောင် ကြုတ်လိုက်မိသည်။ လူသားမျိုးနွယ်တွင် တိမ်လွှာများအထက်မှနေ၍ လောကပြည်သူအပေါင်းကို ငုံ့မိုးကြည့်ရှုနေသည့် မဟာမသေနိုင်သော တာအိုဂိုဏ်းကြီး သုံးခုရှိသည်။ ထို့အတူပင် နတ်ဆိုးနတ်ဘုရားများကဲ့သို့သော တစ်ပါးအမျိုးနွယ်များထဲတွင်လည်း သူတို့၏ အထွတ်အထိပ် အင်အားစုများ ရှိကြသည်။
သူတို့မှာ ရှေးဦးကမ္ဘာဦးမျိုးနွယ်များပင်။
ရှေးဦးကမ္ဘာဦးမျိုးနွယ် ဆိုသည်မှာ ရှေးဟောင်းခေတ်မတိုင်မီက ရှုပ်ထွေးမှု နတ်ဆိုးနတ်ဘုရားများ၏ စစ်မှန်သောသွေးမျိုးဆက်များကို ရည်ညွှန်းခြင်းပင်။ သို့သော် ယခုအခါတွင် လူသားမျိုးနွယ်မှာ အလွန်အစွမ်းထက်နေပြီး မဟာမသေနိုင်သော တာအိုဂိုဏ်းကြီး သုံးခုက စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးထားသဖြင့် အရှေ့ပိုင်းအထူးနယ်ပယ်တစ်ခုလုံးကို လူသားမျိုးနွယ်ကသာ စိုးမိုးထားသည်။
ရလဒ်အနေဖြင့် ရှေးဦးကမ္ဘာဦးမျိုးနွယ်များမှာ ပုန်းအောင်းနေခဲ့ကြရာ အရှေ့ပိုင်းအထူးနယ်ပယ်မှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ချင်းထျန်းကျုံးအနေဖြင့် ပါရမီရှင်ချင်း ယှဉ်ပြိုင်သည့်ပွဲလေးတစ်ခုက ရှေးဦးကမ္ဘာဦးမျိုးနွယ်ကိုပါ ဆွဲထုတ်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
“ဂူယန်ရန်လား အစ်ကိုမုန့် ပြောပြတာ ကြားဖူးပါတယ်။ သူက မင်းရဲ့အကူအညီ မလိုပါဘူး။ ငါ့ရဲ့ ဘိုးဘေးက အစ်ကိုမုန့်ရဲ့ ဘေးကင်းမှုကို အာမခံပေးလိမ့်မယ်”
အဆိပ်နတ်မိမယ်လေးမှာ မနာလိုဖြစ်နေသည့် မျက်နှာထားဖြင့် သူမ၏ ရင်ဘတ်လေးကို မတ်ကာ ဂူယန်ရန်ကို ကြည့်၍ ပြောလိုက်သည်။ သူမသည် မုန့်ဟဲတုန်းက ဤလျှို့ဝှက်ဆန်းပြားသော မိန်းကလေးအကြောင်း ပြောသည်ကို တစ်ကြိမ်ထက်မက ကြားဖူးသည်။ မုန့်ဟဲတုန်း၏ စကားထဲတွင် ဂူယန်ရန်မှာ အပြစ်ပြောစရာမရှိသည့် နတ်မိမယ်တစ်ပါးအလား ချီးမွမ်းခန်းဖွင့်လေ့ရှိသဖြင့် အဆိပ်နတ်မိမယ်လေးမှာ အပြင်ပန်းတွင် ဘာမှမပြောသော်လည်း ရင်ထဲ၌ မနာလိုမှုများဖြင့် ပြည့်နှက်နေခဲ့ခြင်းပင်။
နက်မှောင်သော ဝတ်စုံနှင့် မိန်းကလေး ဂူယန်ရန်မှာမူ အဆိပ်နတ်မိမယ်လေးကို လျစ်လျူရှုထားပြီး သူမ၏ နက်ပြာရောင် ဆံနွယ်တစ်မျှင်ကို နားနောက်သို့ ညင်သာစွာ သပ်တင်လိုက်သည်။ သူမသည် ကောင်းကင်ယံရှိ ချင်းထျန်းကျုံးကို မော့ကြည့်လိုက်ရာ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်မှာမူ တော်တော်လေး စိုးရိမ်နေမိသည်။
ဤနေရာမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဖြစ်သည်။ အကယ်၍ ဤလူသားမျိုးနွယ်၏ သန့်စင်ရာနယ်မြေ အရှင်သခင်ကသာ မဆင်မခြင် ဆုံးဖြတ်ပြီး မုန့်ဟဲတုန်းကို သတ်ရန် ကြိုးစားမည်ဆိုပါက မုန့်ဟဲတုန်းသာမက သူတို့ကိုယ်တိုင်ပါ ဤနေရာတွင် ပိတ်မိသွားနိုင်သည်။
“ဒါကတော့ တကယ့်ကို အလုပ်ရှုပ်သွားပြီပဲ"
ချင်းထျန်းကျုံးသည် သက်ပြင်းကို အရှည်ကြီး ချလိုက်မိရင်း ဂူယန်ရန်၏ အနောက်မှ မျက်လုံးသုံးလုံးပါ ဘီလူးကြီးနှစ်ဦးကို အကဲခတ်ကြည့်လိုက်သည်။
နိဗ္ဗာန်နနယ်ပယ် နှစ်ဦးလား။
ဆေးဘုရင် ရွှမ်ဖူကျီအပြင် ယခုအခါတွင် ဤနေရာ၌ နိဗ္ဗာန်နနယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ်ကြီး သုံးဦး ရှိနေပြီဖြစ်သည်။ ထို့အပြင် သူတို့၏ အနောက်ကွယ်မှ အင်အားစုများကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက သူတို့ ဆင့်ခေါ်နိုင်သော နိဗ္ဗာန်နနယ်ပယ် ကျင့်ကြံသူ အရေအတွက်မှာ ခန့်မှန်းရခက်လောက်အောင် များပြားပေလိမ့်မည်။
နောက်တစ်ခဏတွင် ချင်းထျန်းကျုံး၏ အကြည့်မှာ ချန်ကျီရှင်းထံသို့ ကျရောက်သွားပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။ တစ်ချိန်တည်းမှာပင် သူက စိတ်ပိုင်းဖြတ်လိုက်၏။
ချန်ကျီရှင်းက မုန့်ဟဲတုန်းကို ဘာကြောင့် ဒီလောက်အထိ သတ်ချင်နေရသလဲဆိုသည်ကို သူ နားမလည်သော်လည်း အကယ်၍ ချန်ကျီရှင်းက မုန့်ဟဲတုန်းကို သတ်ရန်သာ ဇွတ်အတင်း ဆက်လက်တောင်းဆိုမည်ဆိုပါက အဆိုးဆုံးအနေဖြင့် သူ၏ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသည်လည်း အကျိုးဆက်များကို ဂရုမစိုက်ဘဲ ချန်ကျီရှင်းနှင့်အတူ ရူးရူးမိုက်မိုက် ရင်ဆိုင်သွားပေးမည်ပင်။
သန့်စင်ရာနယ်မြေအတွင်း၌ အထွတ်အထိပ်ဘိုးဘေးကြီးအပြင် မုယွဲ့မေ့နှင့် ထိုပါးကျန်းယီဟူသော နိဗ္ဗာန်နပုဂ္ဂိုလ်ကြီး နှစ်ဦးနှင့် အဆင့်မြင့်အကြီးအကဲဆောင်မှ အကြီးအကဲများစွာ ရှိနေကြသည်။ သူတို့အင်အားမှာ ဤနေရာရှိသူအားလုံးကို အသာအယာ ဖမ်းဆီးထားနိုင်ရန် လုံလောက်သည်။
ချင်းထျန်းကျုံး၏ အကြည့်ကို ခံစားမိသောအခါ ချန်ကျီရှင်း၏ မျက်နှာမှာ ဝေခွဲမရဖြစ်လျက် ရှိနေသည်။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက သူ့အတွက်နှင့် ထိပ်တန်းအင်အားစုများစွာကို ရန်ပြုလိမ့်မည်ဟု သူက စိတ်ကူးယဉ်မနေခဲ့ချေ။ သို့သော် ထိုအချက်က မုန့်ဟဲတုန်းကို ရှင်းပစ်ရန် လမ်းစမရှိတော့ဘူးဟု မဆိုလိုပေ။
သူ အပြင်သို့မထွက်မီကပင် ချန်တောက်ယန်က သူ့အား အဆောင်လက်ဖွဲ့တစ်ခု ပေးထားခဲ့သည်။ ထိုအဆောင်ကို ဖျက်ဆီးလိုက်ရုံဖြင့် ချန်တောက်ယန်မှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာနိုင်မည်ဖြစ်သည်။
နင်ချန်ယွီ အသတ်ခံရတုန်းကလည်း အဘိုးက ပြောခဲ့ဖူးတယ်... အထွတ်အထိပ်အဆင့်အောက်က ဘယ်သူမဆို လာခဲ့ရင် သေရမှာပဲတဲ့။
ထို့ကြောင့် ချန်ကျီရှင်းတွင် ယုံကြည်ချက်အပြည့်ရှိသည်။ သူ၏အဘိုး ချန်တောက်ယန်၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် မုန့်ဟဲတုန်းနှင့် ဤနေရာရှိ လူအားလုံးကို အမှုန့်ဖြစ်အောင် ချေမှုန်းနိုင်သည်မှာ အသေအချာပင်။
သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက ဇီဝေချန်မိသားစုအတွက် အခက်အခဲများစွာ သယ်ဆောင်လာနိုင်သည်။ မိသားစုအတွက် အခက်အခဲဖြစ်ရုံမျှဆိုလျှင် သူ ဂရုမစိုက်ပေ။ အကြောင်းမှာ သူသည် ချန်မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ၎င်းနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေသောကြောင့်ပင်။ ဂုဏ်သိက္ခာနှင့် ကျဆုံးမှုမှာ အတူတူပင်။
သို့သော် သူ၏ဆရာနှင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကိုပါ ဤဝဲဂယက်အတွင်းသို့ ဆွဲမသွင်းချင်သည်က သူ၏ဆန္ဒပင်။
ထိုအခိုက်အတန့်တွင် သန့်စင်ရာနယ်မြေအတွင်းရှိ အကြည့်ပေါင်းများစွာမှာ ချန်ကျီရှင်း၏ မျက်နှာထက်သို့ စုပြုံကျရောက်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သင်္ချိုင်းကုန်းတစ်ခုအလား တိတ်ဆိတ်သွားပြီး အခြေအနေမှာ အစွန်းကုန် တင်းမာနေတော့သည်။ လူတိုင်းက ချန်ကျီရှင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်းပင်။
ဤဆုံးဖြတ်ချက်သည် ကောင်းကင်လှိုင်းအပါအဝင် ထိပ်တန်းအင်အားစုများ၏ အသက်ရှင်သန်မှုနှင့် သက်ဆိုင်နေနိုင်သည်။ အရှေ့ပိုင်းအထူးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားမည့် မကြုံစဖူး စစ်ပွဲကြီးတစ်ခုကိုပင် စတင်စေနိုင်သည်။
ဒုတ် ဒုတ် ဒုတ်….
မရေမတွက်နိုင်သော နှလုံးခုန်သံများ မြန်ဆန်နေကြပြီး မျက်လုံးများမှာလည်း ချန်ကျီရှင်းထက်၌ပင် မခွာတမ်း ရှိနေကြသည်။ မည်သည့် အမူအရာကိုမျှ လွဲချော်မသွားစေရန် စိုက်ကြည့်နေကြ၏။
ဘာပဲဖြစ်ဖြစ်... အရင်သတ်မယ် နောက်ကိစ္စ နောက်မှရှင်းမယ်
ချန်ကျီရှင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏မျက်ဝန်းအတွင်း၌ ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ သူက အဆောင်လက်ဖွဲ့ကို ဖျက်ဆီးတော့မည့် အခိုက်အတန့်မှာပင် သူ၏ စိတ်ထဲ၌ ရိုသေလေးစားသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
“သခင်လေး... မုန့်ဟဲတုန်းကို လွှတ်ပေးလိုက်လို့ ရပါတယ်။ ကျွန်တော် ကတိပေးပါတယ်။ တစ်လအတွင်းမှာ သူ့ရဲ့ဦးခေါင်းကို သခင်လေးဆီ အရောက်ယူလာပေးပါ့မယ်”
“အိုး”
ချန်ကျီရှင်းက မျက်လုံးကို အသာအယာ ကျုံ့လိုက်ရင်း လူအုပ်ကြီး၏ အဝေးတစ်နေရာတွင် ရပ်နေသော ချန်ချိုးအာကို လှမ်းကြည့်လိုက်သည်။ ချန်ချိုးအာ၏ မျက်နှာတစ်ခုလုံးမှာ ပတ်တီးများဖြင့် စည်းထားသဖြင့် မည်သည့်ခံစားချက်ကိုမျှ မမြင်ရသော်လည်း ပေါ်ထွက်နေသော မျက်လုံးတစ်ဖက်မှာမူ ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။
ချန်ကျီရှင်းက ချန်ချိုးအာကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ငြိမ့်လိုက်၏။
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အကြည့်များကြား၌ ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“သွားလို့ရတယ် ဒါပေမဲ့...”
ချန်ကျီရှင်း၏ မျက်ဝန်းအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ရုတ်တရက် လက်ခနဲ ပေါ်လာတော့သည်။
“မင်းရဲ့ ကျင့်ကြံခြင်းတွေကိုတော့ ငါ့အတွက် ချန်ထားခဲ့ရလိမ့်မယ်”
“ပေါက်ကွဲစမ်း”
ချန်ကျီရှင်း၏ နိမ့်ရှိုင်းသော အမိန့်သံနှင့်အတူ ခဏချင်းမှာပင် အနက်ရောင်မီးလျှံ လေးလံသောဓားရှည်ကို ရင်ခွင်ထဲ၌ ပိုက်ထားရင်း ဆေးဘုရင်ရွှမ်ဖူကျီ၏ ဆေးလုံးကြောင့် အသက်ပြန်ဆက်စပြုနေသော မုန့်ဟဲတုန်းသည် သူ၏ရင်ခွင်ထဲမှ ဓားရှည်ကြီးမှာ ရုတ်တရက် ပူလောင်လာသည်ကို ခံစားလိုက်ရသည်။
သူ ဘာမှမလုပ်နိုင်မီမှာပင်…
ဘုန်း
အနက်ရောင်မီးလျှံဓား၏ အနက်ရှိုင်းဆုံးနေရာ၌ ဖုံးကွယ်ထားသော မရေမတွက်နိုင်သည့် စိတ်စွမ်းအား မီးမျိုးစေ့များမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားတော့သည်။
နောက်တစ်ခဏတွင်
“အား”
တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားခဲ့သည်။
ခုနတင်မှ မျက်နှာတွင် သွေးရောင်အနည်းငယ် ပြန်တက်လာသော မုန့်ဟဲတုန်းမှာ ယခုအခါ တစ်ကိုယ်လုံး သွေးအိုင်ထဲ၌ ရွှံ့နွံပမာ ဖြစ်သွားရတော့သည်။ မူလကပင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ တာအိုအခြေခံမှာ ထိုဒဏ်ကို ထပ်မံမခံနိုင်တော့ဘဲ အစိပ်စိပ်အမွှာမွှာ ကြေမွကာ ပျက်စီးသွားခဲ့သည်။
“အစ်ကိုမုန့်”
“ဟဲတုန်း”
ခဏချင်းမှာပင် ဂူယန်ရန်၊ အဆိပ်နတ်မိမယ်လေးနှင့် ဆေးဘုရင် ရွှမ်ဖူကျီတို့မှာ မျက်နှာများ ဖြူလျော့သွားကြပြီး မုန့်ဟဲတုန်းရှိရာသို့ ရူးသွပ်မတတ် ပြေးသွားကြတော့သည်။
“အစ်ကိုမုန့်”
ချန်ချိုးအာသည်လည်း အလျင်အမြန်ပင် ရှေ့သို့ တိုးလာခဲ့၏။ မုန့်ဟဲတုန်းမှာ မြေပြင်ပေါ်၌ အသားပုံကြီးတစ်ခုအလား လဲလျောင်းနေပြီး ပါးစပ်မှလည်း သွေးများ အဆက်မပြတ် ပန်းထွက်နေတော့သည်။
“အစ်ကိုမုန့်”
၎င်းကို မြင်သောအခါ အဆိပ်နတ်မိမယ်လေးမှာ မျက်ရည်များ ရေတံခွန်ပမာ ကျဆင်းလာပြီး အသည်းအသန် အော်ဟစ်လိုက်သည်။
“ဘိုးဘေး အစ်ကိုမုန့် ဘာဖြစ်သွားလဲဆိုတာ မြန်မြန်ကြည့်ပေးပါဦး”
ရွှမ်ဖူကျီသည်လည်း မနှောင့်နှေးရဲဘဲ ဆေးလုံးတစ်ဆုပ်ကို မုန့်ဟဲတုန်း၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး သူ၏ ညာလက်ဝါးမှ စိမ်းဖန်ဖန်အလင်းတန်းများကို မုန့်ဟဲတုန်း၏ ဦးခေါင်းပေါ်သို့ ပို့လွှတ်လိုက်သည်။
“ဘိုးဘေး အစ်ကိုမုန့် အဆင်ပြေမှာ မဟုတ်လား”
အဆိပ်နတ်မိမယ်လေးက စိုးရိမ်တကြီး မေးလိုက်သည်။
ရွှမ်ဖူကျီက ပြန်မဖြေဘဲ သူ၏ မျက်နှာပေးမှာ ပို၍ပင် အုံ့မှိုင်းလာခဲ့သည်။ ခေတ္တမျှ ကြာပြီးနောက် သူသည် နောက်ဆုံးတွင် ဒေါသတကြီးဖြင့် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စကားတစ်လုံးချင်းကို မုန်းတီးစွာဖြင့် ပြောလိုက်သည်။
“သူ့ရဲ့ တာအိုအခြေခံ လုံးဝ ပျက်စီးသွားပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် အဆိပ်နတ်မိမယ်လေးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်စိရှေ့၌ အမှောင်အတိကျကာ မူးလဲမတတ် ဖြစ်သွားခဲ့သည်။ ဂူယန်ရန်သည်လည်း မယုံကြည်နိုင်သော မျက်နှာထားဖြင့် တုန်လှုပ်နေမိ၏။
“ဘိုးဘေး... အစ်ကိုမုန့်ရဲ့ တာအိုအခြေခံက လုံးဝ ပျက်စီးသွားပြီလို့ ပြောတာလား ဒါဆိုရင် သူ့ရဲ့ ကျင့်ကြံမှုတွေ အကုန်လုံး ဆုံးရှုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်လား”
အဆိပ်နတ်မိမယ်လေးက တုန်ရီနေသောလေသံဖြင့် မေးလိုက်သည်။
ကျင့်ကြံသူတစ်ဦးအနေဖြင့် တာအိုအခြေခံ၏ အရေးပါပုံကို သူမ ကောင်းကောင်းသိသည်။ ယခင်က ချန်ထျန်းလျန်သည် တာအိုအခြေခံတွင် ဒဏ်ရာရရုံမျှဖြင့် သူ၏ ကျင့်ကြံမှုမှာ တိုးတက်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ကျဆင်းလာခဲ့ရသည်။
အကယ်၍ တာအိုအခြေခံသာ လုံးဝ ပျက်စီးသွားခဲ့လျှင်မူ ၎င်းသည် အသုံးမကျသော လူဖျင်းတစ်ဦး ဖြစ်သွားခြင်းနှင့် အတူတူပင်။ ဤအခြေအနေမျိုးကိုမူ အမတအရှင်သခင်ကိုယ်တိုင် ဆင်းလာလျှင်ပင် ကယ်တင်နိုင်မည် မဟုတ်တော့ပေ။
“ငါ့ရဲ့... ငါ့ရဲ့ ကျင့်ကြံမှုတွေ ငါ့ရဲ့ ကျင့်ကြံမှုတွေ ဘယ်ရောက်သွားတာလဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် မုန့်ဟဲတုန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဟာလာဟင်းလင်းဖြစ်မှုကို ခံစားလိုက်ရပြီး ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ သွေးတစ်လုပ်ကို ကောင်းကင်သို့ ပန်းထုတ်ကာ လုံးဝသတိမေ့မြောသွားတော့သည်။
“ရှောင်ပင်း”
ဝေဝါးနေသော အဖြူရောင်ပုံရိပ်တစ်ခုမှာ မုန့်ဟဲတုန်း၏ လက်စွပ်အတွင်းမှ လွင့်ပျံထွက်လာသည်။ ထိုပုံရိပ်မှာ ရုတ်တရက် ခေါင်းမော့ကာ ချန်ကျီရှင်းကို စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် စူးရှလှသော အော်ဟစ်သံကို လွှတ်လိုက်တော့သည်။
တာအိုအခြေခံသာ လုံးဝပျက်စီးသွားပြီဆိုရင် သေတာနဲ့ ဘာထူးတော့မှာလဲ။
“ဘာလဲ လွှတ်ပေးလိုက်တာတောင် မကျေနပ်နိုင်သေးဘူးလား”
ချန်ကျီရှင်းသည် မြေပြင်ပေါ်ရှိ ထိုပုံရိပ်ကို ငုံ့ကြည့်ကာ လှောင်ပြုံးအသာ ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် ချင်းထျန်းကျုံးမှာ ချန်ကျီရှင်း၏ ဘေးသို့ တစ်လှမ်းတိုးလာပြီး ထိုအမည်မသိ ရှေးဟောင်းဝိညာဉ်အကြွင်းအကျန်ကို အကဲခတ်နေ၏။ အကယ်၍ ထိုဝိညာဉ်က တစ်ခုခုလှုပ်ရှားရန် ကြိုးစားသည်နှင့် သူက ချန်ကျီရှင်းကို ချက်ချင်းကာကွယ်ပြီး ပြင်းထန်သော တုံ့ပြန်မှုများကို ပြုလုပ်တော့မည်ဖြစ်သည်။
“ကောင်းပြီ... ကောင်းပြီ... တကယ့်ကို ကောင်းကြတာပဲ”
အခြားတစ်ဖက်တွင်မူ ရွှမ်ဖူကျီမှာ အံကိုကြိတ်ကာ ချန်ကျီရှင်း၊ ချင်းထျန်းကျုံးနှင့် အခြားသူများကို ဒေါသတကြီး စိုက်ကြည့်နေသည်။
“သွားကြမယ်”
သူက ထိုစကားသုံးလုံးကို အံကြိတ်၍ ပြောလိုက်သည်။ ယခုအခါ မုန့်ဟဲတုန်းမှာ လူစဉ်မမှီတော့သော ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့ပြီဖြစ်ရာ ဤနေရာတွင် ဆက်နေခြင်းက ဒဏ်ရာကို ပိုဆိုးစေရုံသာ ရှိတော့မည်။
ချက်ချင်းထွက်ခွါခြင်းကသာ အကောင်းဆုံးပင်။
စကားအဆုံးတွင် ရွှမ်ဖူကျီက လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းဖန်ဖန်အလင်းတန်းတစ်ခုမှာ မုန့်ဟဲတုန်းကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။ ထို့နောက် သူသည် မုန့်ဟဲတုန်းကို ပွေ့ချီကာ အဝေးသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
ရှေးဟောင်းဝိညာဉ်မှာမူ မျက်ဝန်းအတွင်း၌ အလင်းတန်းများ တဖျတ်ဖျတ်လက်လျက် မည်
သည့်အချိန်တွင်မဆို တိုက်ခိုက်တော့မည့်အလား ရှိနေသော်လည်း သူမက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါင်းမော့ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ မီးခိုးငွေ့အလား ပြောင်းလဲပြီး မုန့်ဟဲတုန်း၏ လက်စွပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
“ဒီနေ့ကိစ္စကို ငါတို့ ရှေးဦးကမ္ဘာဦးမျိုးနွယ်က အမြဲမှတ်ထားမှာပါ”
နက်မှောင်သော ဝတ်စုံနှင့် မိန်းကလေး ဂူယန်ရန်မှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို အေးစက်စွာ တစ်ချက်ကြည့်ကာ သူမ၏အနောက်မှ မျက်လုံးသုံးလုံးပါ ဘီလူးကြီး၏ ပခုံးပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူတို့မှာ လျင်မြန်စွာပင် ပျောက်ကွယ်သွားကြတော့သည်။
“အရင်ပြန်ပြီးမှ ဆွေးနွေးကြတာပေါ့"
ချင်းထျန်းကျုံး၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားပြီးနောက် သူသည် သန့်စင်ရာနယ်မြေအတွင်းသို့ လျင်မြန်စွာ ပြန်ဝင်သွားတော့သည်။ မုယွဲ့မေ့နှင့် အခြားသူများမှာလည်း ၎င်းကို မြင်သောအခါမှ အသက်ကို ဝဝရှူနိုင်ကြတော့သည်။
“ပင်းအာ... ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ အရင်ပြန်ကြရအောင်”
မုယွဲ့မေ့က ပြောလိုက်သည်။
“ဟုတ်ကဲ့"
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တပည့်များအားလုံး ပြန်လည်ဝင်ရောက်သွားကြပြီး တောင်တံခါးကြီးမှာလည်း လေးလံသော အသံကြီးနှင့်အတူ ပြန်လည်ပိတ်သွားတော့သည်။ ခဏချင်းမှာပင် လူများမှာ လာစဉ်ကကဲ့သို့ပင် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားကြသည်။
တစ်ချိန်က လူစည်ကားလှသော တောင်တံခါးပြင်ပမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသော လေလွင့်ကျင့်ကြံသူတစ်စုသာ မှင်တက်ကာ ကျန်ရစ်ခဲ့ကြပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလျက် အချိန်အတော်ကြာအောင် သတိမဝင်နိုင်ဘဲ ရှိနေကြသည်။
ဝှူး...
တောင်လေမှာ ပျက်စီးနေသော မြေပြင်ထက်၌ တိုက်ခတ်နေသည်။ အတော်ကြာပြီးနောက်တွင်မှ
“မုန့်... ပါရမီရှင်မုန့်က တကယ်ပဲ ပျက်စီးသွားပြီလား”
တံတွေးမြိုချသံနှင့်အတူ မယုံကြည်နိုင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင်
ဗုန်း
မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများမှာ ရုတ်တရက် သတိဝင်လာကြပြီး တောမီးအလား တစ်ခဲနက် ဆူညံသွားကြတော့သည်။