အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း။ ၁၈၅
“မုန့်ဟဲတုန်း... ဒီခေတ်ရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ကျော်ကြားလှတဲ့သူက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ တကယ်ပဲ ဒုက္ခိတဖြစ်သွားပြီ”
“သတင်းကြီးပဲ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်တော့မယ်”
“ချင်းပြည်နယ်ရဲ့ မုန့်မိသားစုက မုန့်ဟဲတုန်းကို အမြဲတမ်း ဂုဏ်ယူခဲ့တာလေ။ သူတို့မိသားစုရဲ့ ထာဝရအသက်ရှည်ခြင်းမျိုးဆက်ကို ပြန်လည်အသက်သွင်းပေးမယ့် နဂါးသူငယ်အဖြစ် သတ်မှတ်ထားတာ။ အခု မုန့်ဟဲတုန်း ဒုက္ခိတဖြစ်သွားတာက မုန့်မိသားစုရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ မုန့်မိသားစုကတော့ ရူးသွားတော့မှာပဲ”
“ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းရဲ့ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား ရက်စက်လိုက်တဲ့ လက်ချက်”
“အခုကစပြီး အရှေ့ပိုင်းအထူးနယ်မြေတစ်ခုလုံးဟာ ရှောင်ပင်းရဲ့ခေတ်ဖြစ်သွားတော့မယ်ထင်တယ်”
“ရှေးယခင်ကလည်း ဒီလိုလူမျိုး မရှိခဲ့ဖူးသလို နောင်အနာဂတ်မှာလည်း ရှိလာဖို့ မလွယ်ဘူး နတ်ဘုရားသားတော်ရဲ့ စွမ်းအားက တစ်ခါမှ မကြားဖူး။ မမြင်ဖူးလောက်အောင်ပဲ”
“မြန်မြန် ဂိုဏ်းကို ပြန်ပြီး ဒီနေ့ဖြစ်ရပ်တွေကို သတင်းပို့ကြ”
“အရှေ့ပိုင်းအထူးနယ်မြေ... မကြာခင်မှာ စစ်ပွဲကြီးတစ်ခု ဆင်နွှဲတော့မယ်ထင်တယ်”
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ တစ်ဖက်လူ၏ မျက်ဝန်းများအတွင်းရှိ ကြောက်ရွံ့မှုများကို မြင်တွေ့နေရသည်။
မကြာမီမှာပင် သူတို့သည် မြေပြင်ကို အားပြုကန်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲပြီး အရပ်မျက်နှာအသီးသီးသို့ လွင့်ပျံ၍ ထွက်ခွာသွားကြတော့သည်။ သူတို့သည် ကောင်းကင်လှိုင်းပြင်ပ၌ ဖြစ်ပျက်ခဲ့သမျှကို အရှေ့ပိုင်းအထူးနယ်မြေတစ်ခွင်သို့ ရေလွှာကြီးတစ်ခုအလား သယ်ဆောင်သွားကြတော့သည်။
...
...
[တောင် သင်သည် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်၏ တာအိုအခြေခံကို အပြီးတိုင် ဖျက်ဆီးပစ်ကာ ဒုက္ခိတဖြစ်စေခဲ့ပြီး သူ၏ စိတ်ဓာတ်ကို ပြိုလဲစေလျက် ဇာတ်လိုက်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။ သင်သည် သူ၏ ကံတရားနှင့် ပါရမီစွမ်းရည် အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ရရှိပါသည် ]
[ တောင် သင်၏ မူလကံတရားတန်ဖိုးမှာ ၄၅၀% ဖြစ်ပြီး၊ ၁၅၀% ထပ်မံတိုးတက်လာပါသည်။ စုစုပေါင်း ကံတရားတန်ဖိုးမှာ ၆၀၀% ဖြစ်ပါသည် ]
[ သင်၏ လက်ရှိ ဘွဲ့အမည် - မဟာကံတရားရှင်]
[ တောင် သင်သည် ပြိုင်ဘက်၏ နတ်ဘုရားအတတ်ပညာဖြစ်သော ကောင်းကင်ဘုံအား လောင်ကျွမ်းစေသည့် ဘီးငါးခုကျင့်စဉ်ကို ရရှိသွားပါသည် ]
ချန်ကျီရှင်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်များ တသီတတန်းကြီး ပဲ့တင်ထပ်သွားသည်။
သူသည် စိတ်ထဲမှနေ၍ အသာအယာ ခေါင်းညိတ်မိလိုက်၏။ ယခုတစ်ကြိမ်တွင် မုန့်ဟဲတုန်းထံမှ ကံတရားတန်ဖိုး ၁၅၀ အထိ သိမ်းပိုက်နိုင်ခဲ့သည်။ ပထမဆုံး ဇာတ်လိုက်ဖြစ်သူ ရဲ့ချန်ကို သတ်စဉ်ကမှ ကံတရားတန်ဖိုး ၁၅၀ သာ ရရှိခဲ့သည်ကို သတိပြုသင့်သည်။
"ဒီမုန့်ဟဲတုန်းဆိုတဲ့ ကောင်ဆီမှာ ငါသိမ်းပိုက်လို့ရမယ့် ကံတရားတန်ဖိုး ဘယ်လောက်တောင် ကျန်သေးလဲဆိုတာ ကြည့်ရသေးတာပေါ့"
ချန်ကျီရှင်းသည် သူ၏မျက်ဝန်းများတွင် ခန့်မှန်းရခက်သော အရိပ်အယောင်များဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်သည်။
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် အတွေးများကို စုစည်းလိုက်ပြီး ချင်းထျန်းကျုံးတို့နှင့်အတူ ကွမ်းဟဲခန်းမဆောင်ဆီသို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။ အခြားသော တပည့်များကိုမူ လူစုခွဲလိုက်ပြီဖြစ်သည်။ ကွမ်းထျန်းယွီကိုလည်း သတိမေ့နေသည့် လီရန်ကို ပြုစုရန် လွှတ်လိုက်၏။
တောင်ပေါ်လမ်းတွင် ချင်းထျန်းကျုံး၊ မုယွဲ့မေ့၊ ထိုပါးကျန်းယီနှင့် ချန်ကျီရှင်းတို့ လေးဦးသာ ကျန်ရစ်တော့သည်။ ချင်းထျန်းကျုံးသည် လက်ကို နောက်ပစ်ကာ ရှေ့မှ ဦးဆောင်လျှောက်လှမ်းနေပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လျက် ဘာစကားမျှ မဆိုချေ။
ယနေ့ဖြစ်ရပ်သည် စနက်တံတစ်ခုမျှသာ ဖြစ်သည်။ ချင်းပြည်နယ် မုန့်မိသားစုနှင့် အခြားအင်အားစုများထံမှ ရူးသွပ်သော ကဲ့စားမှုများကို ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ရင်ဆိုင်ရတော့မည်မှာ ခန့်မှန်းကြည့်ရန်ပင် မလိုတော့ပေ။ သူသည် မကြောက်သော်လည်း မည်သို့တုံ့ပြန်ရမည်ကို ကြိုတင်စီစဉ်နေခြင်းပင်။
ချင်းထျန်းကျုံး၏ အနောက်တွင်မူ မုယွဲ့မေ့သည် ချန်ကျီရှင်းနှင့် တိုးတိုးတိတ်တိတ် စကားပြောနေပြီး ခုနကတိုက်ပွဲတွင် ဒဏ်ရာရခဲ့သလားဟု မေးမြန်းနေသည်။
“ဟွန်း... တကယ့်ကို ပြဿနာရှာတဲ့ကောင်ပဲ”
“ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ဘယ်လိုဖြစ်ပြီး မင်းလိုကောင်မျိုးကို ရလာတာလဲ မသိဘူး”
ထိုပါးကျန်းယီက နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်တော့သည်။
မူလက သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ကာကွယ်ရန် အခိုင်အမာ ဆုံးဖြတ်ထားသူ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏မျက်နှာထက်၌ မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ချန်ကျီရှင်းနှင့် မုယွဲ့မေ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်ကြချေ။ သူတို့သည် အခြေအနေကို ကောင်းကောင်း ရိပ်မိထားကြသည်။
ထိုပါးကျန်းယီသည် သဘာဝအရ လူဆိုးတစ်ယောက် မဟုတ်ဘဲ ပွင့်လင်းရိုးသားပြီး အာဃာတမထားဘဲ တည့်တည့်ပြောတတ်သူ ဖြစ်သည်။ သူ၏ အမြင်တွင် ချန်ကျီရှင်းသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွက် ဤမျှကြီးမားသော ပြဿနာကို ဖန်တီးခဲ့ပြီးနောက် စကားအနည်းငယ် အပြစ်တင်ဝေဖန်ခံရခြင်းမှာ တော်တော်လေး သက်ညှာရာ ရောက်သည်ဟု ယူဆထားခြင်းပင်။
“ဒါပေမဲ့လည်း...”
ထိုပါးကျန်းယီ၏ တင်းမာသော မျက်နှာပေးမှာ ပြောင်းလဲသွားပြီး သူ၏ အသံမှာ ပို၍ ဟိန်းထွက်ကာ နက်ရှိုင်းလာသည်။
“ရှောင်ပင်း... မင်းက ခန်ရုံရဲ့ ရုပ်ခန္ဓာတာအိုကို သင်ယူထားတာဆိုတော့ ငါတို့ မြောက်ဘက်တောင်ထိပ်ရဲ့ တပည့်တစ်ဝက် ဖြစ်နေပြီလို့ ပြောလို့ရတယ်။ ဒါ့အပြင် အခု မင်းက ကောင်းကင်လှိုင်းရဲ့ နတ်ဘုရားသားတော်လည်း ဖြစ်နေပြီဆိုတော့ တရားမျှတမှု ရှိဖို့တော့ လိုတာပေါ့”
သူက ခေတ္တမျှ ရပ်လိုက်၏။ ထို့နောက် ထိုပါးကျန်းယီက ခေါင်းကို လှည့်လိုက်ပြီး နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
“ဒါကြောင့်... မင်းအနေနဲ့ ငါတို့ မြောက်ဘက်တောင်ထိပ်အတွက်လည်း တစ်ကြိမ်တစ်ခါလောက် တာဝန်ထမ်းဆောင်ပေးဖို့ ကတိပေးတာက ပိုပြီး တရားမျှတမယ်လို့ မထင်ဘူးလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ ချန်ကျီရှင်းမှာ အနည်းငယ် ကြောင်သွားပြီး မုယွဲ့မေ့ကို လှမ်းကြည့်လိုက်သည်။ မုယွဲ့မေ့က နူးညံ့စွာ ပြုံးပြပြီး ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်၏။
၎င်းကို မြင်သောအခါ ချန်ကျီရှင်းသည် ထိုပါးကျန်းယီကို ပြုံးပြလိုက်ပြီး လက်အုပ်ချီကာ ဂါဝရပြုလျက် ပြောလိုက်သည်။
“တောင်ထိပ်ခေါင်းဆောင် ထိုပါးရဲ့ စီစဉ်မှုကို လိုက်နာဖို့ ကျွန်တော် အသင့်ပါပဲ”
ထိုစကားအဆုံးတွင် မူလက တင်းမာခက်ထန်နေသော ထိုပါးကျန်းယီ၏ မျက်နှာထက်၌ ရုတ်တရက် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။
“အင်း... အဲဒါမှ ငါ့တပည့်ပီသတာပေါ့ ဒီနေ့ ငါ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာက တခြားသူအတွက် မဟုတ်ဘူး ငါ့ရဲ့ တပည့်အတွက်ပဲ”
“ဒီလိုတွေးလိုက်တော့မှပဲ ငါ့စိတ်ထဲမှာ ပိုပြီးရှင်းလင်းသွားတော့တယ်”
သူတို့တစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။
စကားပြောဆိုရင်း လျှောက်လှမ်းလာကြစဉ် ရှေ့မှ ဦးဆောင်နေသော ချင်းထျန်းကျုံးမှာ ရုတ်တရက် ရပ်တန့်လိုက်သည်။
“ယွဲ့မေ့... ကျန့်ယီ။ ငါနဲ့အတူ ဘိုးဘေးကြီးဆီ လိုက်ခဲ့ကြဦး။ ဒီတစ်ကြိမ်တော့... ဘိုးဘေးကြီးကို တရားကျင့်ရာကနေ ထွက်လာဖို့ တောင်းဆိုရတော့မယ် ထင်တယ်”
ချင်းထျန်းကျုံး၏ မျက်ဝန်းများက လှုပ်ခတ်သွားပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့”
မုယွဲ့မေ့နှင့် ထိုပါးကျန်းယီတို့၏ မျက်ဝန်းများမှာလည်း လက်ခနဲ ဖြစ်သွားပြီး သူတို့၏ မျက်နှာထက်၌ တည်ကြည်လေးနက်မှုများ ယှက်သန်းသွားခဲ့သည်။ ၎င်းကို မြင်သောအခါ ချင်းထျန်းကျုံးက ခေါင်းညိတ်ပြလိုက်ပြီး ချန်ကျီရှင်းဘက်သို့ လှည့်ကာ
“ပင်းအာ... ဒီနေ့တိုက်ပွဲပြီးတော့ မင်းလည်း ပင်ပန်းနေရောပေါ့။ အရင်ပြန်ပြီး အနားယူလိုက်ပါဦး”
သူက ခေတ္တမျှ ရပ်လိုက်ပြီးမှ
“မုန့်ဟဲတုန်းရဲ့ ကိစ္စအတွက်တော့ ဘာမှ စိုးရိမ်မနေနဲ့ အများကြီးလည်း မတွေးနဲ့။ မင်းရဲ့ ကောင်းကင်လှိုင်းနတ်ဘုရားသားတော် တာဝန်ကိုပဲ ကျေပွန်အောင် ထမ်းဆောင်ပါ။ ကျန်တဲ့ကိစ္စတွေ အားလုံးကိုတော့ ငါ့ကိုပဲ လွှဲထားလိုက် ငါ အကုန်ကိုင်တွယ်ဖြေရှင်းပါ့မယ်”
“ဟုတ်ကဲ့ပါ”
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကျေးဇူးတင်စကားများကို ဟန်ဆောင်ပန်ဆောင် ပြောမနေတော့ချေ။ ထိုကဲ့သို့သော စကားလုံးများမှာ ယခုအချိန်တွင် တန်ဖိုးမရှိကြောင်း သူ သိသည်။
ကျေးဇူးတင်စကား ပြောနေမည့်အစား ကိုယ့်ကိုကိုယ် ပိုမိုအစွမ်းထက်လာအောင် လုပ်ဆောင်ပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကြုံတွေ့ရမည့် ဘေးဒုက္ခများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးခြင်းကသာ မှန်ကန်သော လမ်းစပင်။
ထိုသို့ တွေးတောရင်း ချန်ကျီရှင်းသည် သူ၏ နေအိမ်ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။
“ငါ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲမှာ အချိန်အတော်ကြာအောင် နေခဲ့ပြီးပြီပဲ”
ချန်ကျီရှင်းသည် သူ၏မျက်ဝန်းအတွင်းမှ အလင်းတန်းများနှင့်အတူ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“ဒီတစ်ကြိမ်မှာတော့ ရုပ်ခန္ဓာတာအိုနဲ့ ဆွဲငင်အားလမ်းစဉ်နှစ်ခုစလုံးရဲ့ မဟာတာအို မျိုးစေ့တွေကို အပြီးတိုင် စုစည်းရမယ်”
“ပြီးရင် စစ်မှန်သောကိုယ်ပိုင် ပဉ္စမအဆင့်ကို တစ်ခါတည်း ချိုးဖျက်ပြီး တက်လှမ်းမယ်”
...
.....
တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက် တောအုပ်လမ်းလေးတစ်ခုပေါ်၌...
အခန်း။ ၁၈၆
ပုံရိပ်အချို့သည် ရှေ့သို့ တစ်လှမ်းချင်း တိုးကပ်လာနေကြပြီး သူတို့၏ မျက်နှာပေးများမှာမူ အတော်လေး အုံ့မှိုင်းလျက် ရှိသည်။
“ဘိုးဘေး... အခု... အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
အဆိပ်နတ်မိမယ်လေးက အားကိုးရာမဲ့စွာဖြင့် မေးလိုက်သည်။ ရွှမ်ဖူကျီ၏ မျက်နှာမှာ အစွန်းကုန် တင်းမာနေပြီး သူက ပြန်ပြောလိုက်သည်။
“ငါ သူ့ရဲ့ နှလုံးသွေးကြောနဲ့ ဝိညာဉ်ကို သစ်သားဓာတ်နဲ့ စိမ်းလန်းတဲ့ စွမ်းအင်တွေ သုံးပြီး အကာအကွယ် ပေးထားပါတယ်။ လောလောဆယ်တော့ အသက်အန္တရာယ် မရှိတော့ပေမဲ့ သူ့ရဲ့ တာအိုအခြေခံကတော့ လုံးဝ ပျက်စီးသွားပြီ... အဲဒါကတော့...”
“တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား”
အဆိပ်နတ်မိမယ်လေးက ဇွတ်အတင်း ထပ်မံ၍ မေးနေပြန်သည်။
ရွှမ်ဖူကျီက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး “ဒီအခြေအနေကို ပြောင်းလဲဖို့ နည်းလမ်းမရှိတော့ဘူး။ ကောင်းကင်ဘုံက နတ်ဘုရားတွေ ဆင်းသက်လာရင်တောင် ဒါကို ပြန်ပြင်နိုင်ဖို့ မလွယ်ကူဘူး...”
“မဟုတ်ဘူး”
ရုတ်တရက် ရင့်ကျက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင်မူ မုန့်ဟဲတုန်း၏ လက်စွပ်အတွင်းမှ ပြာလွင်သော မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ဝေဝါးလှပသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဒီရှေးဟောင်း စီနီယာမှာများ တစ်ခုခု ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိမလား”
ရွှမ်ဖူကျီက လက်အုပ်ချီ၍ ရိုရိုသေသေ မေးလိုက်သည်။ သူ၏ဘေးရှိ အဆိပ်နတ်မိမယ်လေးနှင့် ဂူယန်ရန်တို့၏ မျက်လုံးများလည်း ချက်ချင်းပင် အလင်းရောင် လက်သွားကြသည်။
ဟုတ်သားပဲ... အခုခေတ်မှာ နည်းလမ်းမရှိဘူးဆိုတိုင်း ရှေးဟောင်းခေတ်မှာလည်း နည်းလမ်းမရှိဘူးလို့ ပြောလို့မရဘူးလေ။
ဝေဝါးလှပသော ပုံရိပ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“တာအိုအခြေခံ ပျက်စီးသွားတာက... ငါ့ရဲ့ ခေတ်မှာတောင် တာအိုအခြေခံကို ပြန်လည် တည်ဆောက်နိုင်တဲ့သူ ရှိတယ်လို့ မကြားဖူးဘူး။ တကယ်တော့ ဘာနည်းလမ်းမှ မရှိတာ မှန်ပါတယ်"
ဤစကားကို ကြားလိုက်ရသည့်အခါ အားလုံး၏မျက်နှာများမှာ ချက်ချင်းပင် စိတ်ပျက်
အားငယ်သွားကြပြန်သည်။ ဒါပေမဲ့ ထိုပုံရိပ်က ဆက်လက်ပြောလိုက်သည်။
"ဒါပေမဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး တစ်ခုတော့ ရှိသေးတယ်။ အဲဒါကတော့ တာအိုကို မျက်ခြေမပြတ်ဖို့ တခြားနည်းလမ်းတစ်ခုကို ရွေးချယ်ရမှာပဲ"
"ဒါကို လုပ်ဖို့ဆိုရင် ဒဏ္ဍာရီလာ ဧကရာဇ်ရဲ့ နှလုံးသား မီးလျှံကို ရှာရမယ်။ အဲဒါကို သန့်စင်ပြီး ကောင်းကင်ဘုံက ဖန်တီးထားတဲ့ ရတနာဆေးလုံး အချို့နဲ့ ပေါင်းစပ်လိုက်ရင် ဟဲတုန်းရဲ့ ရုပ်ခန္ဓာကို အသစ်ပြန်တည်ဆောက်လို့ ရလိမ့်မယ်"
"အဲဒီအချိန်ကျရင် ဧကရာဇ်ရဲ့ နှလုံးသား မီးလျှံကို ဟဲတုန်းရဲ့ ကိုယ်ထဲကို အစားထိုး ထည့်သွင်းလို့ ရပြီ"
"အဲဒီအခါမှာ ဟဲတုန်းဆီမှာ ကျင့်ကြံခြင်း စွမ်းအားတွေ မရှိတော့ပေမဲ့ သူက ဧကရာဇ်ရဲ့ နှလုံးသား မီးလျှံကို စေခိုင်းနိုင်လိမ့်မယ်။ သူ့ရဲ့ အစွမ်းက အားမနည်းတဲ့အပြင် အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာနိုင်တယ်"
"ဒါ့အပြင် ဧကရာဇ်ရဲ့ နှလုံးသား မီးလျှံက သူ့အလိုလို ကြီးထွားလာနိုင်တဲ့ အစွမ်းရှိတယ်။ တစ်နေ့မှာ အဲဒီမီးလျှံက တာအိုကို နားလည်သွားတဲ့အခါ ဟဲတုန်းကိုယ်တိုင်လည်း တာအိုကို နားလည်သွားတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်"
ထိုစကားကို ကြားရလျှင် လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်ဝန်းများတွင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာကြသည်။
“ဒါဆိုရင် သိပါရစေ... အခုအချိန်မှာ ဧကရာဇ်နှလုံးသားမီးလျှံက ဘယ်အရပ်မှာ ရှိနေတာလဲ”
ရွှမ်ဖူကျီက မေးလိုက်သည်။
“မြောက်ဘက်အထူးအရပ်... ဒါမှမဟုတ် ဒီခေတ်ရဲ့ မြောက်ပင်လယ်ပေါ့”
ဝေဝါးလှပသော ပုံရိပ်က ပြောလိုက်သည်။
“မြောက်ပင်လယ်...”
ရွှမ်ဖူကျီ၏ မျက်ဆုံများ ကျုံ့သွားပြီး မျက်နှာထက်တွင် လေးလံထွေပြားသော အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။ ရှေးဟောင်းခေတ်ကာလက မြောက်ပင်လယ်ကို မြောက်ဘက်အထူးအရပ်ဟု ခေါ်ဆိုခဲ့ကြခြင်းပင်။
၎င်းအရပ်သည် ယနေ့ခေတ်ကာလ၏ အန္တရာယ်အရှိဆုံးသော တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများအရ ရှေးဦးခေတ်က မရေမတွက်နိုင်သော နတ်ဆိုးနတ်ဘုရားတို့သည် ထိုမြောက်ပင်လယ်တွင် မြှုပ်နှံခြင်းခံခဲ့ရပြီး နတ်ဆိုးအလောင်းကောင်များ၏ အရှိန်အဝါတို့ အစဉ်အမြဲ ဖုံးလွှမ်းနေသဖြင့် နတ်ဘုရားများပင် ဖြတ်သန်းရန် မဖြစ်နိုင်သလို ငှက်ကလေးများပင် ပျံသန်း၍မရနိုင်သော အရပ်ပင်။
“မိတ်ဆွေ ရွှမ်ဖူကျီ... အခုအချိန်မှာ ဟဲတုန်းကို ကယ်တင်ချင်တယ်ဆိုရင် မြောက်ဘက်အထူးအရပ်ကို သွားပြီး ဧကရာဇ်နှလုံးသားမီးလျှံကို ရှာဖွေရမှာပဲ”
“ဒါ့အပြင် ဒီကိစ္စက အချိန်ဆိုင်းလို့မရဘူး။ အချိန်နှောင့်နှေးသွားရင် ဧကရာဇ်နှလုံးသားမီးလျှံကို ရှာတွေ့ရင်တောင်မှ အရာအားလုံးက နောက်ကျသွားနိုင်တယ်”
ထိုပုံရိပ်က လေးနက်စွာ ပြောကြားလိုက်ပြီးနောက် “ဒါကြောင့် ငါတို့နှစ်ဦး အခုချက်ချင်းပဲ မြောက်ဘက်အထူးအရပ်ကို သွားပြီး ဧကရာဇ်နှလုံးသားမီးလျှံကို ရှာဖွေသင့်တယ်လို့ ငါယူဆတယ်” ဟု ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားရသောအခါ ရွှမ်ဖူကျီ၏ မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာပြီး မျက်ဝန်းများတွင်လည်း အပြင်းအထန် ရုန်းကန်နေရပုံ ပေါ်လွင်နေသည်။
မြောက်ပင်လယ်ဆိုတာ တကယ့်ကို အန္တရာယ်များတဲ့နေရာ မဟုတ်ဘူးလား။ အထွတ်အထိပ်
အဆင့် ပညာရှင်တွေတောင် ပြန်မလာနိုင်တဲ့ နေရာမျိုးလေ။ ငါက ခုမှ နိဗ္ဗာန်နနယ်ပယ်အဆင့်ပဲ ရှိသေးတာကို….
“ဘိုးဘေး...”
အဆိပ်နတ်မိမယ်လေးသည် ရွှမ်ဖူကျီ၏ လက်ကို ဆွဲခါရင်း မျှော်လင့်တကြီး ကြည့်နေရှာသည်။
ရွှမ်ဖူကျီသည် ၎င်းကိုမြင်သော် အဆိပ်နတ်မိမယ်လေးကို တစ်ချက်ကြည့်ပြီးနောက် သေလုမျောပါးဖြစ်နေသော မုန့်ဟဲတုန်းကို တစ်ချက်ကြည့်ကာ ငြင်းပယ်သောစကားကို မဆိုရက်တော့ပေ။
“မလှုပ်နဲ့တော့... ငါ သဘောတူပါတယ်”
ရွှမ်ဖူကျီက သက်ပြင်းတစ်ချက်ချကာ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
“ဟေး... ဘိုးဘေးက အကောင်းဆုံးပဲ”
အဆိပ်နတ်မိမယ်လေးသည် ဝမ်းသာအားရဖြင့် သုံးပေခန့် မြင့်တက်အောင် ခုန်ပေါက်နေတော့သည်။
“ဒီကလေးမလေးကတော့... အခုထိ အိမ်ထောင်မကျသေးလို့သာ တော်တော့တယ်...”
ရွှမ်ဖူကျီက အကူအညီမဲ့စွာ ကြည့်နေမိသည်။
အခြားတစ်ဖက်တွင်မူ “ဒါက တကယ့်ကို ကောင်းတာပဲ ဒါဆိုရင် အစ်ကိုမုန့်ကို စီနီယာတို့နှစ်ဦးထံမှာပဲ အပ်နှံပါရစေ” ဟု ဂူယန်ရန်က ပြောလိုက်သည်။
နက်မှောင်သော ဝတ်စုံဝတ် ဆင်ထားသည့် မိန်းကလေး ဂူယန်ရန်သည် မျက်လုံးသုံးလုံးပါ ဘီလူးကြီး၏ ပုခုံးပေါ်မှ ခုန်ဆင်းလာပြီးနောက် “ကျွန်မအနေနဲ့ ရှေးဦးကမ္ဘာဦးမျိုးနွယ်စုဆီ အမြန်ပြန်ပြီး မျိုးနွယ်စုရဲ့ ယဇ်ပုရောဟိတ်ကြီးကို အကူအညီတောင်းရမယ်။ ပြောင်းပြန်အတိတ်ရှာကျင့်စဉ်ကို သုံးပြီးတော့ ရှောင်ပင်းဆိုတဲ့သူက တကယ်ပဲ ဘယ်ကလာသလဲဆိုတာကို စုံစမ်းရလိမ့်မယ်” ဟု ပြောလိုက်သည်။
“ဒီလူသုံးသွားတဲ့ နတ်ဘုရားအတတ်ပညာတွေက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မဟုတ်တာ သေချာသလို။ အစ်ကိုမုန့်အပေါ် ထားရှိတဲ့ သူ့ရဲ့ ရန်ငြိုးကလည်း အစွန်းကုန် ရက်စက်လွန်းနေတယ်"
“ဒါက သူ့ရဲ့ စီနီယာအစ်မကို ကာကွယ်ပေးချင်ရုံသက်သက် ကောင်းကင်လှိုင်းရဲ့ နတ်ဘုရားသားတော်တစ်ယောက် လုပ်ဆောင်တဲ့ လုပ်ရပ်မျိုး လုံးဝမဟုတ်နိုင်ဘူး"
“သူ့ရဲ့ နောက်ကြောင်းက သာမန်တော့ မဟုတ်တာ သေချာတယ်၊ အရာအားလုံးကို အသေးစိတ် စုံစမ်းရမှာပဲ”
ထိုစကားကို ကြားရလျှင် အားလုံးက မသိစိတ်မှပင် ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။
သူတို့သည် လူမိုက်များ မဟုတ်ကြချေ။ ယနေ့ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူတိုင်း သိရှိနိုင်သည်မှာ ချန်ကျီရှင်း၏ မုန့်ဟဲတုန်းအပေါ် ထားရှိသော သတ်ဖြတ်လိုစိတ်မှာ ပုံမှန်မဟုတ်သည်မှာ အမှန်ပင်။
အကယ်၍ မိမိ၏ ဂိုဏ်းတူစီနီယာအစ်မအတွက် ရှေ့ထွက်ကာကွယ်ပေးရုံမျှဆိုလျှင် ဆေးဘုရင် ရွှမ်ဖူကျီ ကိုယ်တိုင် ကြားဝင်တောင်းပန်နေသည်ကိုပင် ဂရုမစိုက်ဘဲ မုန့်ဟဲတုန်းကို သေတွင်းထဲသို့ အရောက်တွန်းပို့ရန် ဇွတ်အတင်း ကြိုးစားနေမည် မဟုတ်ပေ။
“မှန်တယ် ပြီးတော့ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပေါက်ကွဲသွားတဲ့ အနက်ရောင်မီးလျှံ လေးလံသောဓားရှည်ကိစ္စမှာလည်း တစ်ခုခု ထူးဆန်းနေတာ သေချာတယ်”
“အချုပ်ပြောရရင် ဒီနေ့ဖြစ်ပွားခဲ့တဲ့ ရှောင်ပင်းနဲ့ ဟဲတုန်းတို့ရဲ့ တိုက်ပွဲက သံသယဖြစ်စရာတွေနဲ့ ပြည့်နေတာပဲ”
“ငါတို့ ဒါကို သေသေချာချာ စုံစမ်းရမယ်”
ရွှမ်ဖူကျီနှင့် ထိုဝေဝါးသော ပုံရိပ်တို့က လေးနက်သောလေသံဖြင့် အသီးသီး ပြောဆိုလိုက်ကြသည်။
“ဒါပေမဲ့... ငါတို့အားလုံး ထွက်သွားကြမယ်ဆိုရင် ဟဲတုန်းကော သူ့ကို ဘယ်သူက စောင့်ရှောက်ပေးမှာလဲ”
လူတိုင်းမှာ မသိစိတ်မှပင် မျက်မှောင်ကြုတ်သွားကြသည်။ ထိုစဉ်မှာပင် ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ချန်ချိုးအာက ရှေ့သို့ တစ်လှမ်းတိုးလာပြီး အက်ရှရှအသံဖြင့် ပြောလိုက်
သည်။
“မစိုးရိမ်ပါနဲ့ စီနီယာတို့ အစ်ကိုမုန့်အတွက် ဧကရာဇ်နှလုံးသားမီးလျှံကိုပဲ စိတ်အေးအေးနဲ့ သွားရှာကြပါ"
“အစ်ကိုမုန့်ကို မုန့်မိသားစုဆီ ဘေးကင်းကင်းနဲ့ အရောက်ပို့ပေးဖို့ ကျွန်တော် တာဝန်ယူပါတယ်”
ထိုစကားကို ကြားသောအခါ ရွှမ်ဖူကျီမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ဝေခွဲမရဖြစ်လျက်
“မင်းက...”
သူ၏ စကားမဆုံးမီမှာပင် အဆိပ်နတ်မိမယ်လေးမှာ မျက်နှာဝင်းပသွားပြီး
“ဟုတ်သားပဲ အစ်ကိုပုဖု ရှိနေတာပဲ မဟုတ်လား”
“အစ်ကိုပုဖုက အစ်ကိုမုန့်နဲ့ ဒုက္ခအတူခံ၊ သုခအတူစံဖို့ ကတိသစ္စာပြုထားတဲ့ ညီအစ်ကိုအရင်းအချာထက် ပိုတဲ့သူပဲ အစ်ကိုပုဖု ရှိနေရင်တော့ အစ်ကိုမုန့်ကို အသေအချာ ဂရုစိုက်ပေးနိုင်မှာပါ”
ဂူယန်ရန်ကလည်း အနည်းငယ် ပြုံးလိုက်ပြီးနောက် “ဒီနှစ်တွေအတွင်း အစ်ကိုမုန့်က ကျွန်မဆီ စာရေးတိုင်း သူ့ရဲ့ ညီအစ်ကိုအရင်းထက်တောင် အားကိုးရတဲ့ အဖော်တစ်ယောက်အကြောင်း ခဏခဏ ထည့်ပြောလေ့ရှိတယ်။ သူသာ ရှိနေရင်တော့ အစ်ကိုမုန့် ဘေးကင်းဖို့အတွက် ဘာမှ စိုးရိမ်စရာ မလိုတော့ပါဘူး” ဟု ပြောလိုက်သည်။
ထိုဝေဝါးသော ပုံရိပ်ကလည်း ပြုံးလျက် ဝင်ရောက်၍ ပြောလိုက်သည်။
“အင်း... ဒီလူငယ်လေးက ရုပ်ဆိုးချင်ဆိုးမယ်။ ဒါပေမဲ့ စိတ်နှလုံးကတော့ တကယ့်ကို မွန်မြတ်ပြီး ကြင်နာတတ်သူပဲ။ အရင်တုန်းက ဟဲတုန်း အသက်အန္တရာယ်နဲ့ အကြိမ်ကြိမ် ကြုံခဲ့ရစဉ်က ငါက အင်အားတွေ ပြန်မပြည့်သေးလို့ မကူညီနိုင်ခဲ့ဘူး။ အဲဒီအချိန်တွေမှာ ဒီလူငယ်လေး ယွမ်ပုဖုကပဲ သူ့အသက်ကို ပဓာနမထားဘဲ ဟဲတုန်းကို ကယ်တင်ခဲ့တာ”
“အချုပ်ပြောရရင် သူဟာ ကိုယ့်အသက်ကိုတောင် ယုံကြည်စိတ်ချစွာ အပ်နှံထားလို့ရတဲ့ သစ္စာရှိပြီး သတ္တိခဲတစ်ယောက်ပဲ”
ထိုစကားများကို ကြားရသောအခါ ရွှမ်ဖူကျီမှာ စိတ်အေးသွားပုံရပြီး ပြုံးလျက်
“ဒါဆိုရင်တော့ တော်ပါသေးရဲ့ ငါလည်း စိတ်အေးအေးနဲ့ သွားလို့ရပြီ” ဟု ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရွှမ်ဖူကျီသည် ထိုဝေဝါးသော ပုံရိပ်ကို ကြည့်ကာ “လေးစားအပ်တဲ့ စီနီယာ... အခြေအနေက ဒီလိုဆိုရင်တော့ အချိန်က အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ အခုချက်ချင်းပဲ မြောက်ပင်လယ်ဆီကို ထွက်ခွာကြမလား” ဟု မေးလိုက်သည်။
ထိုပုံရိပ်က ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်ပြီး လူတိုင်းကို တစ်ချက်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် “ဟဲတုန်းမှာ မင်းတို့လို ကူညီပေးမယ့်သူတွေ ရှိနေတာ တကယ့်ကို ကံကောင်းတာပဲ။ ဒီလိုဆိုရင် ကြီးကျယ်တဲ့ ကိစ္စရပ်တွေ မအောင်မြင်မှာကို ဘာစိုးရိမ်စရာ ရှိတော့မှာလဲ” ဟု တိုးတိတ်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် အားလုံးက သဘောကျစွာ ရယ်မောလိုက်ကြသည်။
နောက်တစ်ခဏတွင် ထိုဝေဝါးသော ပုံရိပ်သည် ပြာလွင်သော မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး မုန့်ဟဲတုန်း၏ လက်စွပ်အတွင်းသို့ ဝင်ရောက်ကွယ်ပျောက်သွားခဲ့သည်။ ရွှမ်ဖူကျီက လက်စွပ်ကို ယူကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံကို ဖြတ်သန်းကာ မြောက်ဘက်အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်း၍ ထွက်ခွာသွားတော့သည်။
“အစ်ကိုပုဖု... အစ်ကိုမုန့်ကို အပ်ခဲ့ပါရစေဦးနော်”
ဂူယန်ရန်က ယွမ်ပုဖုကို ပြုံးပြလိုက်ပြီးနောက် မျက်လုံးသုံးလုံးပါ ဘီလူးကြီး၏ ပခုံးပေါ်သို့ ပြန်လည်တက်လှမ်းလိုက်သည်။ ဘီလူးကြီးသည် ဂူယန်ရန်ကို တင်ဆောင်လျက် တောအုပ်အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ခေတ္တမျှအတွင်းမှာပင် တောအုပ်တစ်ခုလုံးတွင် ချန်ချိုးအာ၊ အဆိပ်နတ်မိမယ်လေးနှင့် သတိမေ့မြောနေသော မုန့်ဟဲတုန်းတို့ သုံးဦးသာ ကျန်ရစ်တော့သည်။
“အစ်ကိုပုဖု... ကျွန်မတို့ အခုပဲ မုန့်မိသားစုဆီ ပြန်ကြမလား”
အဆိပ်နတ်မိမယ်လေးက မေးလိုက်သည်။
“အင်း... အိမ်ပြန်ကြတာပေါ့”
ချန်ချိုးအာက ခေါင်းညိတ်ပြလိုက်ပြီး သစ်ပင်တစ်ပင်ကို မှီလျက် သတိမေ့နေသော မုန့်ဟဲတုန်းကို ပွေ့ချီလိုက်သည်။
သူသည် သူ၏ရင်ခွင်ထဲရှိ မုန့်ဟဲတုန်းကို ကြည့်ကာ မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားပြီး နာကျင်စွာဖြင့် “အစ်ကိုမုန့်... ခင်ဗျားက ဒီလောကမှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ။ ကျွန်တော့်ကို နွေးထွေးမှုအပေးနိုင်ဆုံးသူ။ တစ်သက်လုံးအတွက် သစ္စာပြုထားတဲ့ မိတ်ဆွေစစ်ပါ...”
“ဒီတစ်ကြိမ်မှာ ခင်ဗျား ဘာမှမဖြစ်စေရဘူးလို့ ကျွန်တော်တို့ ကတိပေးခဲ့ကြတာလေ။ အခုတော့ ခင်ဗျားရဲ့ တာအိုအခြေခံက လုံးဝပျက်စီးသွားပြီ... ကျွန်တော် ဘာဆက်လုပ်ရမှာလဲ”
စကားပြောနေစဉ်မှာပင် ချန်ချိုးအာ၏ ပေါ်ထွက်နေသော မျက်လုံးတစ်ဖက်မှ မျက်ရည်များမှာ မသိစိတ်မှ စီးကျလာခဲ့သည်။
နာကျင်လိုက်တာ….
တကယ့်ကို နာကျင်လွန်းတယ်….