← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း။ ၁၈၇

သုံးရက်တာ အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

အရှေ့ပိုင်းအထူးနယ်မြေအတွက်မူ သုံးရက်ဟူသော အချိန်သည် ကျင့်ကြံသူတစ်ဦးအဖို့ မျက်တောင်တစ်ခတ်စာမျှသာ ရှိသော်လည်း ထိုသုံးရက်အတွင်း၌မူ မရေမတွက်နိုင်သော နှစ်ကာလများစွာ ငြိမ်သက်နေခဲ့သော အရှေ့ပိုင်းအထူးနယ်မြေသည် မကြုံစဖူးသော လှုပ်ခတ်မှုများဖြင့် ရုတ်တရက် ပွက်လောရိုက်သွားခဲ့တော့သည်။

“မုန့်မိသားစုရဲ့ သားကြီး ဒီခေတ်ရဲ့ အထွတ်အထိပ်ပါရမီရှင် မုန့်ဟဲတုန်းက ဆယ်နှစ်တာ ကတိကဝတ်ကို တည်ဖို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်လှိုင်းရဲ့ နတ်ဘုရားသားတော် ရှောင်ပင်းနဲ့ ရင်ဆိုင်ရတဲ့အခါ... အမွှေးတိုင်တစ်ဝက်စာ အချိန်လေးအတွင်းမှာတင် မုန့်ဟဲတုန်းက အချခံလိုက်ရပြီး သူ့ရဲ့ မဟာတာအိုအခြေခံပါ ဖျက်ဆီးခံလိုက်ရတာကြောင့် ကျင့်ကြံခြင်းလမ်းစဉ်က နိဂုံးချုပ်သွားခဲ့ရတယ်။ လူသားလောကရဲ့ ထိပ်တန်းပါရမီရှင်၊ အနာဂတ်မှာ ထာဝရအသက်ရှည်ခြင်းလမ်းစဉ်ကို ဆက်ခံမယ့်သူလို့ လူအများက ယုံကြည်မျှော်လင့်ထားကြတဲ့ မုန့်ဟဲတုန်းက... တစ်ညအတွင်းမှာတင် လူစဉ်မမှီတဲ့ ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီ”

ဤသတင်း ပြန့်နှံ့သွားသောအခါ အရှေ့ပိုင်းအထူးနယ်မြေတစ်ခုလုံးသို့ ချက်ချင်းဆိုသလို ရိုက်ခတ်သွားခဲ့သည်။

တစ်ခဏချင်းမှာပင် တစ်လောကလုံး တုန်လှုပ်ချောက်ချားသွားခဲ့ရပြီး နယ်မြေတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။ လူအများအပြားမှာ မှင်တက်သွားကြပြီး ၎င်းကို မယုံကြည်နိုင်ဘဲ ရှိနေကြသည်။

တိုက်ပွဲပေါင်းများစွာမှာ တစ်ခါမှ မရှုံးဖူးဘဲ ပါရမီရှင်တွေကို အပြတ်အသတ် နှိမ်နင်းခဲ့တဲ့ မုန့်ဟဲတုန်းက... ဘာလို့ အမည်မသိ လူငယ်တစ်ယောက်ရဲ့လက်မှာ ရှုံးရုံတင်မကဘဲ ကျင့်ကြံခြင်းပါ အဖျက်ဆီးခံလိုက်ရတာလဲ။

သို့သော်လည်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေပြင်ပရှိ ဖြစ်ရပ်မှန်အားလုံးကို မှတ်တမ်းတင်ထားသော အလင်းမှန်ကို တစ်စုံတစ်ယောက်က ထုတ်ပြလိုက်သောအခါတွင်မူ သံသယများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။

အရှေ့ပိုင်းအထူးနယ်မြေတစ်ခုလုံးမှာ သေလုမတတ် တိတ်ဆိတ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများက ဖုံးလွှမ်းသွားခဲ့သည်။

ထိုအလင်းမှန်မှ ပြသနေသော ပုံရိပ်များအရ ဤတိုက်ပွဲ၏ စွမ်းရည်ကွာခြားချက်မှာ လူတိုင်း စိတ်ကူးယဉ်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။

တစ်ချိန်က လောကကို စိုးမိုးခဲ့သော မုန့်ဟဲတုန်းမှာ ရှောင်ပင်း၏ ရှေ့မှောက်တွင် အားကိုးရာမဲ့သော ကလေးငယ်တစ်ဦးအလား ဖြစ်နေခဲ့သည်။ မုန့်ဟဲတုန်း အသုံးပြုခဲ့သည့် ထိတ်လန့်ဖွယ်ရာ မဟာနတ်ဘုရားအတတ်ပညာများမှာ အလင်းမှန်မှတစ်ဆင့် ကြည့်နေသူများကိုပင် ဖိအားများ ပေးနိုင်ခဲ့သော်လည်း ထိုအတတ်ပညာများအားလုံးကို ကောင်းကင်လှိုင်းနတ်ဘုရားသားတော် ရှောင်ပင်းက လက်တစ်ဖက်ဖြင့်သာ အသာအယာ ပယ်ဖျက်နိုင်ခဲ့သည်။

အကယ်၍ ဆေးဘုရင်တောင်ကြားမှ ဆေးဘုရင် ရွှမ်ဖူကျီသာ ကြားဝင်မတားဆီးခဲ့ပါက မုန့်ဟဲတုန်းမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ ရှေ့မှောက်မှာပင် အသက်ပျောက်သွားနိုင်သည်။

ဒါကို ဘယ်လိုတောင်လဲဟ။ အရမ်းကြောက်ဖို့ကောင်းတာပဲ။

ထိုအခိုက်အတန့်တွင် အရှေ့ပိုင်းအထူးနယ်မြေရှိ ကျင့်ကြံသူအပေါင်းမှာ တစ်ကိုယ်လုံး စိမ့်တက်သွားပြီး ဦးရေပြားများပင် ထုံကျဉ်သွားခဲ့ကြရသည်။

နတ်ဘုရားသားတော် ရှောင်ပင်းမှာ မည်သို့မျှ နားမလည်နိုင်လောက်အောင် အစွမ်းထက်လွန်းနေသည်။ မုန့်ဟဲတုန်း၏ စွမ်းအားမှာ အတိုင်းအတာတစ်ခုအထိ မှန်းဆ၍ရနိုင်သော်လည်း ရှောင်ပင်း၏ စွမ်းအားမှာမူ သူတို့၏ နားလည်မှုဘောင်ကို ကျော်လွန်နေခဲ့သည်။

၎င်းမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တွင် ရှိသင့်သော စွမ်းအားမျိုး မဟုတ်တော့ချေ။

ထို့နောက်တွင် ကောင်းကင်လှိုင်း၏ တောင်ထိပ်ခေါင်းဆောင်နှစ်ဦး ထွက်ပေါ်လာခြင်း၊ ရှေးဦးကမ္ဘာဦးမျိုးနွယ်နှင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အရှင်သခင်တို့ ပေါ်ပေါက်လာခြင်းတို့က ဤကိစ္စကို လူအများ စိတ်ဝင်စားမှု၏ အထွတ်အထိပ်သို့ တွန်းပို့ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

အခြေအနေကို အကဲခတ်တတ်သူတိုင်း မြင်နိုင်သည်မှာ မုန့်ဟဲတုန်း ဒုက္ခိတဖြစ်သွားခြင်းက အင်အားကြီးအဖွဲ့အစည်းများအကြား မကြုံစဖူးသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာစေရန် စနက်တံတစ်ခု ဖြစ်သွားတော့မည် ဆိုသည်ပင်။

လက်ရှိအချိန်တွင် အရှေ့ပိုင်းအထူးနယ်မြေတစ်ခုလုံး၌ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းကဲ့သို့သော အခြေအနေဆိုးများက လွှမ်းမိုးနေတော့သည်။

မကြုံစဖူးသော စစ်ပွဲကြီးတစ်ခု မကြာမီ ဆင်နွှဲတော့မည်ဟု လူအပေါင်းက အသေအချာ ယုံကြည်နေကြသည်။ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ရှောင်ပင်းဟူသော အမည်နာမသည်လည်း အရှေ့ပိုင်းအထူးနယ်မြေတစ်ခုလုံးတွင် ကျော်ကြားသွားခဲ့သည်။

...

...

ချင်းပြည်နယ်၊ မုန့်မိသားစု။

ထိုက်အန်းမြို့။

ထိုက်အန်းမြို့၏ အလယ်ဗဟိုတည့်တည့်တွင် မြို့၏ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံထားသော ခန့်ညားထည်ဝါလှသည့် နန်းတော်အစုအဝေးကြီးတစ်ခု ရှိနေသည်။ ထိုအဆောက်အအုံများမှာ တစ်ခုလုံး နက်မှောင်နေပြီး စေတီချွန်ပုံစံများဖြင့် တည်ဆောက်ထားခြင်းပင်။

အလယ်ဗဟိုရှိ နန်းတော်မကြီးတစ်ခုသာလျှင် ပတ်ဝန်းကျင် မိုင်ပေါင်းများစွာကို လွှမ်းမိုးထားသကဲ့သို့ ခေါင်မိုးများ မြင့်တက်နေပြီး နတ်ဘုရားပုံစံ စာသားများ ရေးထိုးထားသော အစိမ်းရောင် အုတ်ကြွပ်များနှင့် အနက်ရောင် နံရံများဖြင့် နန်းတော်စု၏ နှလုံးသားသဖွယ် တည်ရှိနေသည်။ နန်းတော်၏ အောက်ခြေတွင်မူ အဝေးသို့ ရှည်လျားစွာ သွယ်တန်းနေသော နက်မှောင်သည့် ကျောက်စိမ်းလှေကားထစ်များ ရှိနေ၏။

အစေခံအိုကြီးတစ်ဦးသည် အလင်းမှန်ကို လက်နှစ်ဖက်ဖြင့် ဦးခေါင်းပေါ် မြှောက်ကိုင်ထားရင်း လှေကားထစ်များအတိုင်း အလျင်အမြန် တက်လာခဲ့သည်။ သတင်းစကားကို နန်းရင်ပြင်သို့ တင်ပြလိုက်သည်နှင့် တစ်ပြိုင်နက် မုန့်မိသားစု တစ်ပြင်လုံး၌ စည်သံကြီးများ ဟိန်းထွက်သွားခဲ့တော့သည်။

နောက်တစ်ခဏတွင် နန်းတော်မကြီး၏ တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ အစေခံအိုကြီးသည် မျက်နှာတစ်ခုလုံး ဖြူလျော့နေလျက် အလင်းမှန်ကို ဦးခေါင်းပေါ် တင်ထားဆဲဖြင့် ဦးညွှတ်ကာ ဝင်ရောက်သွားသည်။ အမွှေးတိုင်တစ်ဝက်စာ အချိန်ခန့် ကြာပြီးနောက်

“ဟဲတုန်း”

နှလုံးကြေကွဲဖွယ်ရာ အော်ဟစ်သံကြီးတစ်ခုမှာ မုန့်မိသားစုအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ မကြာမီမှာပင် အစွန်းကုန် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသော အသံကြီးမှာ ခန်းမဆောင်အတွင်းမှ ထွက်ပေါ်လာတော့သည်။

“ကိုးထပ်စည်တော်ကို တီးခတ်ပြီး တစ်လောကလုံးကို အမိန့်ထုတ်ပြန်လိုက်စမ်း”

“မုန့်မိသားစုရဲ့ တပည့်တွေအားလုံး ချက်ချင်း ပြန်လာကြစေ။ စစ်တပ်ကို ပြင်ဆင်ပြီး သံချပ်ကာဝတ်စုံတွေကို ဝတ်ဆင်ကြ”

“ငါ မုန့်ယွန်းထျန်း ဒီနေရာကနေ ကျိန်ဆိုတယ်... ငါ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို မြေလှန်ပစ်ပြီး ကောင်းကင်လှိုင်း နတ်ဘုရားသားတော်ရှောင်ပင်းရဲ့ ခေါင်းကို ဖြတ်ပစ်မယ်”

“တစ်ယောက်ယောက်... ဘိုးဘေးကြီးကို တရားကျင့်ရာကနေ ချက်ချင်း သွားပင့်ခဲ့စမ်း”

...

...

ယန်ကျိုးပြည်နယ်။

ဇီဝေချန်မိသားစု။

အဓိကတောင်ထိပ်၊ မျိုးနွယ်စုခေါင်းဆောင် ခန်းမဆောင်။

သစ်စန္ဒကူးနံ့သာနံ့များ သင်းပျံ့နေသော ခန်းမဆောင်ကြီးတစ်ခုလုံးမှာ အေးစက်တိတ်ဆိတ်နေသည်။ ဆံပင်ဖြူများ ပခုံးပေါ်သို့ ဝဲကျနေသော သန်မာထွားကြိုင်းသည့် အဖိုးအိုတစ်ဦးသည် တရားထိုင်ဖျာပေါ်တွင် မျက်လုံးမှိတ်လျက် ငြိမ်သက်စွာ တရားထိုင်နေ၏။

ဒုတ်... ဒုတ်... ဒုတ်...

လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် မျက်နှာဖြူဖြူနှင့် မုတ်ဆိတ်မပါသော အဖိုးအိုတစ်ဦးမှာ ခန်းမဆောင်အတွင်းသို့ အလျင်အမြန် လျှောက်လှမ်းကာ ဝင်ရောက်လာခဲ့သည်။

“မျိုးနွယ်စုခေါင်းဆောင်... အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပျက်သွားပါပြီ”

အကြီးအကဲမဟူရာသည် ချန်တောက်ယန်၏ ရှေ့မှောက်တွင် မားမားမတ်မတ် ရပ်နေသည်။ သူ၏ ပုံမှန်အမြဲရှိနေတတ်သော နောက်ပြောင်လိုသည့် အမူအရာမှာ ပျောက်ကွယ်နေပြီး ယခုအခါတွင်မူ အစွန်းကုန် တည်ကြည်လေးနက်နေတော့သည်။

“ဘာကိစ္စလဲ”

ချန်တောက်ယန်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

“တတိယသခင်လေးက... ဆေးဘုရင်တောင်ကြားနဲ့ ရှေးဦးကမ္ဘာဦးမျိုးနွယ်တို့ရဲ့ ရှေ့မှောက်မှာတင် ချင်းပြည်နယ် မုန့်မိသားစုရဲ့ မုန့်ဟဲတုန်းကို အပြီးတိုင် အစွမ်းကုန်နှိမ်နင်းပြီး ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်”

အကြီးအကဲမဟူရာက လေးနက်သောလေသံဖြင့် ဆိုလိုက်ရင်း သူ၏ညာလက်ကို ဝှေ့ယမ်းကာ အလင်းမှန်တစ်ခုကို ထုတ်ပြလိုက်သည်။

“အို”

ချန်တောက်ယန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီးနောက် ထိုအလင်းမှန်ကို ယူကာ ကြည့်ရှုသည်။ နာရီဝက်ခန့် ကြာပြီးနောက် ချန်တောက်ယန်သည် အလင်းမှန်ကို အကြီးအကဲမဟူရာထံသို့ ပြန်ပေးလိုက်၏။ သူ၏မျက်ဝန်းများတွင် အလင်းတန်းများ အဆက်မပြတ် လက်လှုပ်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးစတစ်ခု ပေါ်ထွက်နေသည်။

“မျိုးနွယ်စုခေါင်းဆောင်... ဒီလောက်အရေးကြီးတဲ့ အချိန်မျိုးမှာ ဘယ်လိုဖြစ်ပြီး ပြုံးနေနိုင်ရတာလဲ”

အကြီးအကဲမဟူရာမှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေမိသည်။

“မုန့်မိသားစုအတွက် မုန့်ဟဲတုန်းဆိုတာ ကျွန်တော်တို့ ချန်မိသားစုအတွက် တတိယသခင်လေးလိုပဲ အဖိုးတန်တာလေ အခု မုန့်ဟဲတုန်းက လူစဉ်မမှီတော့ဘူးဆိုတော့ မုန့်မိသားစုကတော့ ရူးသွားမှာ အသေအချာပဲ။ တတိယသခင်လေး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ ဆက်နေနေတာက အရမ်းအန္တရာယ်များတယ်”

အကြီးအကဲမဟူရာ၏ စိုးရိမ်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ချန်တောက်ယန်မှာ တည်ငြိမ်နေဆဲဖြစ်ကာ အသာအယာ ပြုံးလျက်

“ငါ့မြေး ကျီရှင်းက ထာဝရအသက်ရှည်ခြင်း လမ်းစဉ်ကို ဆက်ခံနိုင်မယ့် ပါရမီမျိုး ရှိတာပဲ”

“ငါက ဘာလို့ မပြုံးနိုင်ရမှာလဲ”

ထိုစကားကို ကြားသောအခါ အကြီးအကဲမဟူရာမှာ ခေါင်းကိုက်သွားရပြီး “မျိုးနွယ်စုခေါင်းဆောင်... ဒါက အဲဒီလိုစကားတွေ ပြောနေရမယ့် အချိန်လားဗျာ”

ချန်တောက်ယန်က ပြန်မဖြေဘဲ မျက်လုံးကို မှေးကာ ခန်းမဆောင်ပြင်ပရှိ အဆုံးမဲ့ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။

“အကြီးအကဲမဟူရာ... ငါ့မြေးက တကယ်ပဲ သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ။ သူ့ရဲ့ စွမ်းအားကို ငါ ခန့်မှန်းမိပြီလို့ ထင်လိုက်တိုင်း သူက ငါ့ကို ပိုပြီးကြီးမားတဲ့ အံ့ဩမှုတွေ အမြဲပေးတတ်တယ်"

“ဒီကောင်လေးက... ငါ သူ့အသက်အရွယ်တုန်းကထက် အများကြီး ပိုပြီး အစွမ်းထက်နေပြီ"

၎င်းကို ကြားရသောအခါ အကြီးအကဲမဟူရာမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်။ တတိယသခင်လေးက ကျွန်တော်တွေ့ဖူးသမျှထဲမှာ ပါရမီရော စွမ်းအားရော အထူးခြားဆုံး ပုဂ္ဂိုလ်ပါပဲ။ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရသူဆိုတဲ့ စကားလုံးထက်တောင် ပိုပါသေးတယ်...”

ပြောရင်းဆိုရင်း…

ဖြောင်း

အကြီးအကဲမဟူရာက သူ၏ နဖူးကို ရိုက်လိုက်ပြီး “မျိုးနွယ်စုခေါင်းဆောင်... ခင်ဗျား စကားအဖြတ်ကောင်းလို့ ကျွန်တော် ဘာပြောမလို့လဲဆိုတာတောင် မေ့သွားပြီ”

“ဟုတ်ပြီ... တတိယသခင်လေးက အခု အကြီးအကျယ် အန္တရာယ်ရှိနေတာ ကျွန်တော် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားပြီး သူ့ကို ပြန်ခေါ်လာရမလား”

“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ”

ချန်တောက်ယန်က ခေါင်းကို ခါယမ်းလိုက်ရင်း ဖျာပေါ်မှ ဖြည်းညှင်းစွာ ထလိုက်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

“အရှေ့ပိုင်းအထူးနယ်မြေက ငြိမ်းချမ်းနေတာ ကြာလှပြီ... ဘယ်လောက်တောင် ကြာသွားသလဲဆိုရင် ငါကိုယ်တိုင်တောင် ဒီနေရာနဲ့ စိမ်းနေသလိုပဲ"

“လောကကြီးက ငါ ချန်တောက်ယန်ကို မေ့နေကြပြီထင်တယ်။ ဇီဝေချန်မိသားစုကိုလည်း မေ့နေကြပုံပဲ"

“လောကကြီးအနေနဲ့ ငါ့ကို တစ်ကျော့ပြန် သိကျွမ်းဖို့ အချိန်တန်ပြီ ထင်ပါတယ်"

ချန်တောက်ယန်က တိုးတိတ်စွာ ရေရွတ်လိုက်ပြီးနောက် အကြီးအကဲမဟူရာကို ကြည့်လိုက်သည်

“ကောင်းပြီ... မင်းနဲ့ အကြီးအကဲမင်တို့က အခွင့်အရေးကို စောင့်ရင်းနဲ့ ကျင့်ကြံခြင်းအဆင့်တွေကို နှိမ်ထားခဲ့တာ နှစ်တွေ မနည်းတော့ဘူး။ အခုတော့ နိဗ္ဗာန်နနယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အချိန်တန်ပြီ"

၎င်းကို ကြားသောအခါ အကြီးအကဲမဟူရာက ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ “နောက်ထပ် ခဏလောက် ထပ်စောင့်သင့်သေးလားဟင် ကျွန်တော်နဲ့ အကြီးအကဲမင်တို့ နောက်ထပ် နည်းနည်းလောက် ထပ်ထိန်းထားနိုင်ရင် နိဗ္ဗာန်နနယ်ပယ် နဝမအဆင့်ကို တန်းပြီး ချိုးဖျက်နိုင်မလားလို့ပါ”

“အခွင့်အရေး မရှိဘူး”

ချန်တောက်ယန်က ပြတ်သားစွာ ပြောလိုက်သည်။

ချန်တောက်ယန်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် အကြီးအကဲမဟူရာကို ကြည့်

လိုက်ပြီး “မင်းတို့နှစ်ယောက်ကတော့ အိပ်မက်မက်နေတာပဲ။ နိဗ္ဗာန်နနယ်ပယ် နဝမအဆင့်ကို တန်းတက်ဖို့ စိတ်ကူးနေတာလား။ အဲဒီလောက်တောင် ဖြစ်ချင်နေရင်လည်း ပိုပြီး သတ္တိရှိရှိနဲ့ အထွတ်အထိပ်အဆင့်ကိုသာ တစ်ခါတည်း ခုန်တက်လိုက်ပါလား။ ပြီးရင် ငါ့ရဲ့ မျိုးနွယ်စုခေါင်းဆောင် နေရာမှာ တစ်လှည့်စီ ထိုင်ကြတာပေါ့ ဘယ်လိုလဲ”

ထိုစကားကို ကြားသောအခါ အကြီးအကဲမဟူရာက အားနာပါးနာ ရယ်မောလျက် “အိပ်မက်မက်တာတော့ အပြစ်မရှိပါဘူးဗျာ...” ဟု ပြောလိုက်သည်။

“ကဲ... အပိုတွေ ပြောမနေနဲ့တော့ မင်းတို့ရဲ့ အခြေခံအရဆိုရင် ဒီနှစ်တွေအတွင်း နှိမ်ထားခဲ့တာတောင် နိဗ္ဗာန်နနယ်ပယ် သတ္တမအဆင့်အထိ ရောက်ဖို့ဆိုတာ တော်တော်လေး ကံကောင်းမှ ဖြစ်မှာ"

ချန်တောက်ယန်က ခေါင်းကို ခါယမ်းလိုက်ရင်း

“လာခဲ့... ငါ့နောက်ကနေ မြေအောက်အမှောင်ထောင်ရဲ့ တတိယအလွှာဆီကို လိုက်ခဲ့ကြ"

“တချို့သော မိတ်ဆွေဟောင်းတွေ လောကအလင်း ပြန်မြင်ဖို့ အချိန်တန်ပြီ"

“ဟား... အဲဒီ အရူးတွေ အပြင်ထွက်လာကြတော့မှာလား”

အကြီးအကဲမဟူရာသည် ထိတ်လန့်တုန်လှုပ်သွားပြီး အသက်ရှူပင် မှားသွားခဲ့တော့သည်။

...

...

တစ်ချိန်တည်းမှာပင် နေရောင်ခြည်ပင် မတိုးနိုင်လောက်အောင် သစ်ပင်ကြီးများ ဖုံးအုပ်နေသည့် မှောင်မည်းစိုစွတ်သော တောအုပ်တစ်ခုအတွင်း၌...

“အစ်ကိုပုဖု... ဒါက ဘယ်နေရာလဲဟင် ချင်းပြည်နယ်ကို သွားတဲ့ လမ်းကြောင်းနဲ့ မတူသလိုပဲနော်”

အဆိပ်နတ်မိမယ်လေးသည် အဆိပ်ငွေ့များ ဖုံးလွှမ်းပြီး ပိုးမွှားများ ထူထပ်လှသော ပတ်ဝန်းကျင်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ချန်ချိုးအာ၏ အနောက်မှ ကပ်၍ လိုက်နေသည်။

“ရှောင်ပင်းက အစ်ကိုမုန့်အပေါ် ထားတဲ့ သတ်ဖြတ်လိုစိတ်က အရမ်းပြင်းထန်တာ။ တကယ်လို့ သူက မုန့်မိသားစုဆီ အပြန်လမ်းမှာ ကြိုတင်ချုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားရင်တော့ ပြဿနာအကြီးအကျယ် တက်မှာပဲ"

ချန်ချိုးအာသည် မုန့်ဟဲတုန်းကို ကျောပိုးထားရင်း ရှေ့သို့ လှမ်းလျှောက်နေကာ ပြန်ဖြေလိုက်သည်။

“ဒီလမ်းကတော့ ချင်းပြည်နယ် ထိုက်အန်းမြို့ဆီကို သွားတဲ့ တောင်လမ်းလေးပဲ။ လမ်းကြောင်းကတော့ နည်းနည်း ပိုဝေးသွားလိမ့်မယ်။ ဒါပေမဲ့ အန္တရာယ်တွေကိုတော့ ရှောင်ကွင်းသွားနိုင်ပါတယ်"

၎င်းကို ကြားရသောအခါ အဆိပ်နတ်မိမယ်လေးမှာ စိတ်ထဲမှ အသာအယာ ခေါင်းညိတ်မိသွားပြီး “အစ်ကိုပုဖုက တကယ်ပဲ အရာရာကို သေသေချာချာ တွေးတောတတ်တာပဲ” ဟု ပြောကာ ချန်ချိုးအာကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

အကယ်၍ အစ်ကိုပုဖု၏ စေ့စပ်သော စဉ်းစားမှုများသာ မရှိပါက သူမသာဆိုလျှင် လမ်းဟောင်းအတိုင်း ဇွတ်သွားမိပြီး လူဆိုးများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရနိုင်သည်ဟု တွေးတောကာ ရင်ထဲတွင် စိမ့်တက်သွားရသည်။

သူတို့နှစ်ဦး အတန်ငယ် ဆက်လက်လျှောက်လှမ်းလာကြစဉ် ကြီးမားသော ဂူကြီးတစ်ခုကို တွေ့လိုက်ရသည်။ ချန်ချိုးအာက ရပ်တန့်လိုက်ပြီး မုန့်ဟဲတုန်းကို ကျောပေါ်မှ အသာအယာ ချလိုက်ကာ အနောက်မှ အဆိပ်နတ်မိမယ်လေးကို ကြည့်၍ နွေးထွေးစွာ ပြုံးလျက်

“ဒီနေရာမှာ ခဏလောက် နားကြတာပေါ့"

“အဆိပ်နတ်မိမယ်... မင်း အရှေ့ဘက် မိုင်နှစ်ရာလောက်ကို သွားလိုက်ရင် ကျောက်မြို့ဆိုတဲ့ မြို့လေးတစ်မြို့ ရှိတယ်။ အဲဒီကိုသွားပြီး အစ်ကိုမုန့်အတွက် စားစရာတချို့ သွားဝယ်ပေးပါဦး။ ငါ ဒီမှာပဲ စောင့်နေပါ့မယ်"

“အခု အစ်ကိုမုန့်က သာမန်လူတစ်ယောက်လို ဖြစ်သွားပြီဆိုတော့ အင်အားပြန်ပြည့်ဖို့အတွက် အာဟာရဖြစ်မယ့် စားစရာတွေ လိုအပ်တယ်"

“ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်မ အခုချက်ချင်း သွားလိုက်ပါ့မယ်"

အဆိပ်နတ်မိမယ်လေးမှာ ဝန်မလေးဘဲ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး

“ဒါဆိုရင် အစ်ကိုပုဖု... အစ်ကိုမုန့်ကို ဒီမှာပဲ ကောင်းကောင်း စောင့်ရှောက်ပေးထားပါဦးနော်။ ကျွန်မ မြန်မြန် ပြန်လာခဲ့ပါ့မယ်"

“အင်း... သွားပါ အေးအေးဆေးဆေးပဲ သွားပါ"

ချန်ချိုးအာက လက်ကို ဝှေ့ယမ်းပြရင်း နူးညံ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ခပ်

နောက်နောက်ပင် ပြောလိုက်သေးသည်။

“စိတ်မပူပါနဲ့ ငါ ဒီမှာရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး"

အဆိပ်နတ်မိမယ်လေးမှာ ရယ်မောလိုက်ပြီး “အမြဲတမ်း တည်တည်တံ့တံ့ နေတတ်တဲ့ အစ်ကိုပုဖုက ဒီလို နောက်ပြောင်တတ်မယ်လို့ မထင်ထားမိဘူး” ဟု ပြောကာ ချီတုံချတုံ မဖြစ်တော့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် အရှေ့ဘက်သို့ ပျံသန်း၍ ထွက်ခွာသွားတော့သည်။

မကြာမီမှာပင် တောအုပ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ တောင်လေကြောင့် သစ်ရွက်လှုပ်သံနှင့် ပိုးမွှားကလေးများ၏ အော်သံမှတစ်ပါး ဘာအသံမှ မရှိတော့ချေ။

ချန်ချိုးအာသည် ဝေးကွာသွားသော အဆိပ်နတ်မိမယ်လေး၏ ပုံရိပ်ကို ကြည့်နေရင်း သူ၏မျက်နှာပေါ်ရှိ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် သူသည် ခေါင်းကို ငုံ့လိုက်ပြီး သတိမေ့မြောနေဆဲဖြစ်သော မုန့်ဟဲတုန်းကို စိုက်

ကြည့်လိုက်တော့သည်။

အခန်း။ ၁၈၈

ရှူး... ရှူး... ရှူး...

မှောင်မည်းစိုစွတ်သော တောအုပ်အတွင်း အဆိပ်ငွေ့များက ဖုံးလွှမ်းနေပြီး မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကြားတွင် အဆိပ်ပြင်းမြွေများက တွားသွားနေကြသည်။

ချန်ချိုးအာသည် အဆိပ်နတ်မိမယ်လေး၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

အရှေ့ဘက် မိုင်တစ်ရာအကွာတွင် ကျောက်မြို့ဟူသည် မရှိချေ။

ထိုအရပ်တွင် နှစ်ပေါင်းငါးရာသက်တမ်းရှိသော အဆိပ်နဂါးတစ်ကောင်သာ ရှိသည်။ အဆိပ်နတ်မိမယ်လေး၏ နတ်ဘုရားခရီးသွားနယ်ပယ်မျှသာရှိသော ကျင့်ကြံခြင်းအဆင့်

ဖြင့်မူ ဤခရီးက သေမင်းထံသို့ သွားခြင်းသာ ဖြစ်ပေလိမ့်မည်။

နောက်တစ်ခဏတွင် ချန်ချိုးအာသည် သတိမေ့မြောနေသော မုန့်ဟဲတုန်း၏ ဆံပင်ကို ဆွဲကာ အနီးရှိ ဂူအောင်းရာတစ်ခုဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

ခေတ္တအကြာတွင် သူတို့နှစ်ဦးသည် ဂူအတွင်းသို့ ရောက်ရှိသွားကြသည်။

သူသည် မုန့်ဟဲတုန်းကို မြေပြင်ပေါ်၌ လှဲသိပ်ထားလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်လျက် အဝေးသို့ ငေးမောကြည့်နေမိသည်။ သူသည် အလောတကြီး မလုပ်ဆောင်သေးဘဲ သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ပတ်ထားသော ပတ်တီးများကို ဖြည်းညှင်းစွာ ဖြေချလိုက်၏။

မူလကပင် ရုပ်ဆိုးလှသော သူ၏မျက်နှာမှာ ယခုအခါတွင် ပို၍ပင် ထိတ်လန့်ဖွယ်ရာ ကောင်းနေတော့သည်။ အနက်ရောင် အစက်အပြောက်များ ဖုံးလွှမ်းနေသော မျက်နှာတစ်ခုလုံးနှင့် ပိန်လှီသော ခန္ဓာကိုယ်ပေါ်တွင် အကြိမ်ပေါင်းတစ်ထောင်ခန့် ဓားဖြင့် အမွှန်းခံထားရသော အမာရွတ်များဖြင့် ပြည့်နှက်နေသည်။

အမာရွတ်ဟောင်းများအပေါ်တွင် အမာရွတ်သစ်များ ထပ်နေကာ တစ်ကိုယ်လုံး နီရဲနေ၏။ အမျိုးမျိုးသော အဆိပ်ရှိပိုးမွှားများနှင့် ပုရွက်ဆိတ်များသည် သူ၏ အရေပြားကို ဖောက်ထွက်ကာ အပြင်သို့ အဆက်မပြတ် ထွက်ပေါ်နေကြသည်။

“အစ်ကိုမုန့်... ကျွန်တော်တို့ စတွေ့တုန်းကတော့ မိတ်ဆွေဟောင်းတွေလိုပါပဲ။ အခု ခွဲခွာရတော့မယ့်အချိန်မှာတော့ မိတ်ဆွေတစ်ယောက်အနေနဲ့ ခင်ဗျားကို စကားအနည်းငယ်နဲ့ နှုတ်ဆက်ပါရစေ"

ချန်ချိုးအာသည် သူ၏ဘေးတွင် သတိမေ့နေသော မုန့်ဟဲတုန်းကို ငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ အဝေးသို့ ငေးကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။

“အစ်ကိုမုန့်... တခါတလေကျရင် ခင်ဗျားကို ကျွန်တော် တကယ်အားကျမိတယ်။ ခင်ဗျားက နွေးထွေးတဲ့ မိသားစုမှာ မွေးဖွားလာခဲ့တယ်။ ချစ်ခင်တတ်တဲ့ မိဘတွေရှိတယ်။ လေးစားရတဲ့ ညီအစ်ကိုတွေရှိတယ်။ တစ်မိသားစုလုံးက ခင်ဗျားကို ရတနာတစ်ပါးလို တန်ဖိုးထားကြတယ်"

“ခင်ဗျားမြင်တွေ့ရတဲ့ လောကကြီးက နေရောင်ခြည်တွေ၊ မိုးပြာရောင် ကောင်းကင်ယံတွေ၊ ပန်းခင်းကြီးတွေနဲ့ သာယာလှပနေတာပေါ့"

“လူ့သဘာဝက ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းနိုင်သလဲဆိုတာ ခင်ဗျားမသိဘူး။ ဒီလောကကြီးမှာ အစာတစ်လုပ်အတွက်နဲ့ တောခွေးတွေလိုမျိုး ဘာလို့ အသေအလဲ လုယက်သတ်ဖြတ်နေကြသလဲဆိုတာလည်း ခင်ဗျား နားမလည်နိုင်ဘူး"

“အောက်ခြေလူတန်းစားတွေရဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျား စိတ်ကူးတောင် မယဉ်

နိုင်သလိုပဲ။ အောက်ခြေကလူတွေကလည်း ခင်ဗျားလို ဘာလို့ ဒီလောက် ပျော်ရွှင်နေနိုင်ရတာလဲဆိုတာကို အိပ်မက်တောင် မမက်ရဲကြပါဘူး"

“ခင်ဗျားကတော့ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ခံရသူပဲ။ မရေမတွက်နိုင်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လေးစားအားကျရတဲ့ ချစ်ခင်သူတွေရှိသလို ခင်ဗျားကို ကာကွယ်ပေးမယ့် သဘောကောင်းတဲ့ လူကြီးသူမတွေလည်း ရှိတယ်။ ခင်ဗျားအတွက်ဆိုရင် တစ်လောကလုံးကို ရန်သူလုပ်ပြီး အရာရာကို စွန့်စားပေးမယ့် ချစ်သူမျိုးတောင် ရှိသေးတယ် မဟုတ်ဘူးလား"

“ခင်ဗျား သိသလား... ခင်ဗျားက နေရောင်ခြည်အောက်မှာ လှပနေတဲ့ သစ်ရွက်ကလေးတစ်

ရွက်ဆိုရင် ကျွန်တော်ကတော့ အမှောင်ထုထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံခံထားရတဲ့ အမြစ်တစ်ခုပေါ့"

စကားပြောနေစဉ်မှာပင် ချန်ချိုးအာသည် ခေါင်းကိုငုံ့လိုက်ပြီး အတန်ငယ် အားငယ်နေပုံ ပေါ်လာသည်။

“အစ်ကိုမုန့်... ဒီလောကမှာ ဘယ်လိုမျိုး ကလေးက အသနားဖို့အကောင်းဆုံးလဲဆိုတာ ခင်ဗျား သိသလား”

သူသည် မုန့်ဟဲတုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ လှောင်ပြောင်သော အပြုံးဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

“ကျွန်တော့်လို ကလေးမျိုးပေါ့... မိသားစုက အမွေအနှစ် ဘာမှပေးမထားပေမဲ့ မိသားစု စည်းကမ်းတွေကြားမှာပဲ ကြီးပြင်းလာခဲ့ရတဲ့ ရိုးသားတဲ့ကလေးမျိုး"

“ဥပဒေပညာရပ်တွေက ကျွန်တော့်ရဲ့ လည်ချောင်းကို ညှစ်ထားသလိုမျိုး ကွန်ဖြူးရှပ် အယူအဆတွေက ကျွန်တော့်ရဲ့ နံရိုးတွေကို ပိတ်ကန်ထားသလိုပဲ"

“ငယ်ငယ်ကတည်းက အမေ သင်ပေးခဲ့တဲ့ ဆုံးမစကားတွေက ကြီးလာတဲ့အခါ အရာရာမှာ တွန့်ဆုတ်နေရတဲ့ သံခြေကျင်းတွေ ဖြစ်လာခဲ့တယ်။ တခြားသူကို မငြင်းရက်ဘဲ ကိုယ့်ကိုကိုယ်ပဲ အမြဲတမ်း နစ်နာအောင် လုပ်ခဲ့မိတယ်"

“ဘယ်လိုပဲ နေထိုင်ပါစေ... ဘဝက ဘယ်တော့မှ ကျေနပ်စရာ မကောင်းခဲ့ဘူး"

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ချန်ချိုးအာသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အဝေးက ကောင်းကင်ယံကို ငေးကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်

သည်။

“ဘယ်လောက်တောင် မတရားတဲ့ လောကကြီးလဲဗျာ... တချို့လူတွေက ဘာမှမလုပ်ဘဲနဲ့ ခေါင်းပေါ်ကို သရဖူ အတင်ခံရသလိုမျိုး တချို့လူတွေကျတော့ ဘယ်လောက်ပဲ ရုန်းကန်ပါစေ... လူရွှင်တော်တစ်ယောက်လို အကြည့်ခံရတယ်။ ဒါမှမဟုတ်ရင်လည်း ပုပ်စော်နံနေတဲ့ ရွှံ့မြောင်းထဲက ကြွက်တစ်ကောင်လိုမျိုး ပုပ်သိုးသွားတဲ့အထိတောင် အလင်းရောင်ကို မမြင်ရဘူး"

“အစ်ကိုမုန့်... ကျွန်တော်လည်း ဒီလိုအခြေအနေမျိုးအထိ မရောက်ချင်ခဲ့သလို လူမပီ သရဲမပီတဲ့အကောင်မျိုးလည်း မဖြစ်ချင်ခဲ့ပါဘူး"

“ဒါပေမဲ့...”

“ကျွန်တော် တစ်ခါက အကျယ်ကြီး အော်ဟစ်ခဲ့ဖူးပေမဲ့ တဖြည်းဖြည်းနဲ့ အသံတွေ ပျောက်ဆုံးသွားခဲ့တယ်။ တစ်ခါက ငိုကြွေးခဲ့ဖူးပေမဲ့ တဖြည်းဖြည်းနဲ့ မျက်ရည်တွေ ခမ်းခြောက်သွားခဲ့တယ်။ တစ်ခါက ဝမ်းနည်းခဲ့ဖူးပေမဲ့ တဖြည်းဖြည်းနဲ့ အရာရာကို အောင့်အည်းခံစားတတ်လာတယ်။ တစ်ခါက ခံစားချက်တွေ ပြင်းထန်ခဲ့ဖူးပေမဲ့ တဖြည်းဖြည်းနဲ့ လောကကြီးအပေါ် စိတ်ကုန်လာခဲ့တယ်"

“ဒီလောကကြီးမှာ အားနည်းတဲ့သူတွေရဲ့ ခံစားချက်ကို ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတာ ကျွန်တော် ရုတ်တရက် သိလိုက်ရတယ်"

ချန်ချိုးအာက ရယ်မောလိုက်ရာ သူ၏အပြုံးမှာ အတန်ငယ် ကြောက်မက်ဖွယ် ကောင်းလာသည်။

“နောက်ပိုင်းမှာတော့... ကျွန်တော် ခြေထောက်မပါတဲ့ ငှက်ကလေးကို သဘောကျလာမိတော့တာပဲ"

“ခြေထောက်မပါတဲ့ငှက်မှာ အတောင်ပံပဲရှိပြီး ခြေထောက်မပါဘူး။ ဒါကြောင့် သူက အမြဲတမ်း ပျံသန်းနေရတယ်။ သူ မြေပြင်ပေါ်ကို နားလိုက်တဲ့အချိန်က သူ့ဘဝရဲ့ နောက်ဆုံးအချိန်ပဲ"

“ဒါက သေတ္တာဖွင့်လို့ အသေထွက်တဲ့ လောင်းကစားမျိုးပဲ။ မပျံသန်းနိုင်ရင် သေရမှာပဲ”

ချန်ချိုးအာက ဖြည်းညှင်းစွာ ပြောလိုက်သည်။

သူ၏ဘေးတွင် မုန့်ဟဲတုန်း၏ မျက်တောင်များမှာ အဆက်မပြတ် လှုပ်ခတ်နေပြီး မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်ကိုမူ သူ သတိမထားမိချေ။ မုန့်ဟဲတုန်းသည် ချန်ချိုးအာကို သနားကရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး နှစ်သိမ့်စကားအချို့ ပြောရန် ပြင်လိုက်စဉ်မှာပင်

“ဒါကြောင့်...”

ချန်ချိုးအာ၏ မျက်နှာထက်တွင် ယုတ်မာရိုင်းစိုင်းသော အပြုံးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

“အစ်ကိုမုန့်... ဒီဘဝမှာ ကျွန်တော့်ရဲ့ အကောင်းဆုံး ညီအစ်ကိုဖြစ်တဲ့ ခင်ဗျားရဲ့ အသက်ကို”

“ခြေထောက်မပါတဲ့ ကျွန်တော့်ရဲ့ငှက်ကလေး ကောင်းကင်ယံဆီ ပျံတက်နိုင်ဖို့အတွက် အသုံးချရလိမ့်မယ်”

စွပ်….

ရုတ်တရက်ဆိုသလို ချန်ချိုးအာ၏ လက်ထဲတွင် ထက်မြက်သော မြှောင်ဓားတစ်စင်း ပေါ်လာပြီး မုန့်ဟဲတုန်း၏ ရင်ဘတ်တည့်တည့်သို့ အားကုန် ထိုးစိုက်ချလိုက်တော့သည်။

သွေးများမှာ ဒလဟော ပန်းထွက်လာခဲ့သည်။

မုန့်ဟဲတုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး လွန်ခဲ့သော ခဏလေးကမှ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေသည့် ချန်ချိုးအာကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။

“မုန့်... အစ်ကိုမုန့် ခင်ဗျား နိုးနေတာလား”

ချန်ချိုးအာမှာ မှင်တက်သွားပုံရပြီး သူ၏လက်ထဲမှ မြှောင်ဓားမှာလည်း မြေပြင်ပေါ်သို့ အသံမြည်ကာ ကျသွားခဲ့သည်။

အမှားတစ်ခုခု လုပ်မိသွားသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင် သူသည် မုန့်ဟဲတုန်း၏ ရှေ့တွင် ဒူးထောက်ကျလိုက်ပြီး မျက်ရည်များမှာလည်း ချက်ချင်း စီးကျလာခဲ့ပြန်သည်။

“မုန့်... အစ်ကိုမုန့် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ခဏတာ စိတ်လွတ်သွားပြီး ခင်ဗျားကို တကယ်ပဲ လုပ်မိသွားတယ်”

“ကျွန်တော် ခင်ဗျားကို နာကျင်အောင် ဒီလိုမျိုး လုပ်မိလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဘူး။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့ကောင်ပဲ”

ချန်ချိုးအာသည် မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

“မ... မဟုတ်တာ ကိစ္စမရှိပါဘူး။ မင်းနဲ့ငါက အကောင်းဆုံး ညီအစ်ကိုတွေပဲလေ။ ခုနက မင်း ရှောင်ပင်းရဲ့ စိတ်လှည့်စားခြင်းအတတ်မိနေလို့ ဖြစ်မှာပါ။ ငါ မင်းကို အပြစ်မတင်ပါဘူး"

မုန့်ဟဲတုန်းသည် အားယူ၍ ပြုံးလိုက်ကာ နှစ်သိမ့်စကားများ ပြောရှာသည်။

ဤမျှအထိ ဖြစ်ပျက်နေသည့်တိုင် ချန်ချိုးအာက သူ့အပေါ် သစ္စာဖောက်လိမ့်မည်ဟု သူ အနည်းငယ်မျှပင် သံသယမဝင်ခဲ့ချေ။ သူတို့သည် လောကတွင် အရင်းနှီးဆုံးသော ညီအစ်ကိုများပင်။

“ကျေး... ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်ရာ ကျွန်တော် ခင်ဗျားအပေါ် ဒီလောက်ယုတ်မာမိတာတောင် ခင်ဗျားက ကျွန်တော့်အပေါ် အကောင်းဆုံး ဆက်ဆံနေတုန်းပဲလား။ ကျွန်တော် တကယ့်ကို...”

စွပ်….

ချန်ချိုးအာသည် မြေပြင်ပေါ်ရှိ မြှောင်ဓားကို ကောက်ယူကာ မုန့်ဟဲတုန်း၏ ရင်ဘတ်ထဲသို့ ထပ်မံ၍ အားကုန် ထိုးစိုက်လိုက်ပြန်သည်။ ထို့နောက် ဓားသွားကို လှည့်ပတ်မွှေနှောက်ကာ အသားစများကိုပါ လှီးဖြတ်ပစ်လိုက်၏။

“ကျွန်တော် တကယ့်ကို စိတ်လှုပ်ရှားမိတာပဲ”

“မင်း....”

မုန့်ဟဲတုန်းသည် ဦးစွာ သူ၏ရင်ဘတ်ထဲသို့ စိုက်ဝင်နေသော ဓားကို မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်မိသည်။ ထို့နောက် ခက်ခဲပင်ပန်းစွာဖြင့် ခေါင်းကိုမော့ကာ ချန်ချိုးအာကို စိုက်ကြည့်လိုက်၏။

စွပ်….စွပ်…..စွပ်….

ချန်ချိုးအာသည် ရူးသွပ်နေသူတစ်ဦးအလား မုန့်ဟဲတုန်း၏ ရင်ဘတ်ထဲသို့ မြှောင်ဓားဖြင့် အဆက်မပြတ် ထိုးစိုက်နေတော့သည်။

“အား... အား... အား အစ်ကိုမုန့်... ခင်ဗျားက ဒီဘဝမှာ ကျွန်တော့်ရဲ့ အကောင်းဆုံး ညီအစ်ကိုပါ”

“ဝူး... ဝူး... နာတယ် တကယ့်ကို နာကျင်လှချည်လား”

“ဟားဟားဟားဟား”

သူသည် မျက်ရည်များ ဒလဟော စီးကျနေရင်း ရူးသွပ်စွာဖြင့် ဟားတိုက်ရယ်မောနေသည်။

ဓားဖြင့် တစ်ချက်ထိုးတိုင်း အတိတ်ကာလက မုန့်ဟဲတုန်းနှင့်အတူ သေဘေးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးသည့် ပုံရိပ်များမှာ သူ၏စိတ်ထဲတွင် တရစပ် ပေါ်ပေါက်လာပြီး သူ၏နှလုံးသားကို အပြင်းအထန် နာကျင်စေသည်။

ထိုသို့ နာကျင်မှု ခံစားရလေလေ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ တိုးတက်မြင့်မားလာလေလေ ဖြစ်နေတော့သည်။

မုန့်ဟဲတုန်းသည် ခက်ခဲပင်ပန်းစွာ လက်ကိုလှမ်း၍ ချန်ချိုးအာ၏ အင်္ကျီစကို ဆွဲကိုင်ကာ တားဆီးရန် ကြိုးစားရှာ၏။

“ဘာလို့လဲ... ဘာလို့လဲ....”

သူသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသကဲ့သို့ ပါးစပ်ကို ဟလိုက်သည်။

စွပ်….စွပ်….စွပ်…

သို့သော် မြှောင်ဓားမှာမူ သူ၏ခန္ဓာကိုယ်ထဲသို့ အကြိမ်ကြိမ် ထိုးစိုက်ဝင်ရောက်နေဆဲပင်။

သူ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာပြီး စကားတစ်ခွန်းကိုပင် အဆုံးအထိ မပြောနိုင်တော့ဘဲ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ရသည်။

တဖြည်းဖြည်းနှင့် မုန့်ဟဲတုန်း၏ မျက်ဆုံများမှာ ပြူးကျယ်လာကာ အသက်မဲ့သော မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ချန်ချိုးအာ၏ အင်္ကျီစကို ဆွဲကိုင်ထားသော သူ၏လက်မှာလည်း အင်အားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ကြီးမားလှသော သွေးအိုင်ကြီးမှာ သူ၏ ခန္ဓာကိုယ်အောက်၌ တဖြည်းဖြည်း ကျယ်ပြန့်လာတော့သည်။

All Chapters