← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း။၁၈၉

တောအုပ်အတွင်း၌ တိတ်ဆိတ်ခြင်းကသာ စိုးမိုးထားသည်။

တောအုပ်အတွင်း တိုးဝှေ့တိုက်ခတ်နေသော လေသံမှာလည်း ရှိုက်ကြီးတငင် ငိုကြွေးသံကဲ့သို့ ဟိုမှသည်သို့ လွင့်ပျံနေ၏။

ဂလွိုင်...

ချန်ချိုးအာသည် လုံးဝဥဿုံ အသက်ပျောက်သွားပြီဖြစ်သော မုန့်ဟဲတုန်းကို ငေးကြည့်နေမိပြီး သူ၏လက်ထဲမှ သွေးအလိမ်းလိမ်းနှင့် မြှောင်ဓားမှာလည်း မြေပြင်ပေါ်သို့ လွတ်ကျသွားခဲ့သည်။

တဖြည်းဖြည်း ကျယ်ပြန့်လာသော သွေးအိုင်ကြီးအတွင်း၌ မုန့်ဟဲတုန်း၏ အသက်မဲ့၍ ဖြူလျော့နေသော မျက်နှာထက်တွင်မူ နာကျည်းရိပ်များ မရှိဘဲ ဝေခွဲမရသည့် ဇဝေဇဝါဖြစ်မှုများသာ ကျန်ရစ်နေခဲ့သည်။

အကြောင်းမူကား ချန်ချိုးအာ၏လက်ချက်ဖြင့် အသတ်ခံရသည့် နောက်ဆုံးအခိုက်အတန့်

တိုင်အောင် သူသည် ချန်ချိုးအာက သူ့အပေါ် သစ္စာဖောက်ဖျက်လိမ့်မည်ဟု အနည်းငယ်မျှပင် သံသယမဝင်ခဲ့သောကြောင့်ပင်။

သူ တွေးတောနေခဲ့သည်မှာ “ငါ့ညီအစ်ကိုက ငါ့ကို သတ်လိုက်တယ်ဆိုတာ... ရှောင်ပင်းရဲ့ စိတ်လှည့်စားတာကို ခံလိုက်ရလို့နေမှာပါ။ မဟုတ်ရင်တော့ သူ ငါ့ကို ဒီလိုလုပ်မှာ မဟုတ်ပါဘူး” ဟူသော အချက်ပင်။

“အစ်ကိုမုန့်...”

ချန်ချိုးအာသည် ရင်ဘတ်ကို လက်ဖြင့်ဖိကာ အသက်ကို ပြင်းထန်စွာ လုရှူနေရသည်။

မုန့်ဟဲတုန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်သော ဓားချက်သည် သူ၏ ဝိညာဉ်ကိုပါ ခွဲစိတ်

လိုက်သကဲ့သို့ပင်။ သူ၏ဝိညာဉ်ကို အကြိမ်ပေါင်းတစ်ထောင် အပိုင်းပိုင်းဖြတ်တောက်ခံရသည့် ညှဉ်းပန်းနှိပ်စက်စင်ပေါ်တွင် တင်ထားသကဲ့သို့ မခံမရပ်နိုင်သော ပြစ်ဒဏ်ကို ပေးဆပ်နေရသကဲ့သို့ပင်။

အစောပိုင်းက တစ်ခါမျှ မခံစားဖူးသော နာကျင်မှုများမှာ လှိုင်းလုံးကြီးများကဲ့သို့ ထိုးတက်လာသဖြင့် ချန်ချိုးအာသည် မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျသွားခဲ့ရသည်။

၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမဟုတ်ဘဲ သူ၏ဝိညာဉ်အတွင်းပိုင်းမှ မြစ်ဖျားခံသော နာကျင်မှုမျိုး ဖြစ်သည်။

မကြုံစဖူးသော အစွန်းကုန် ဝမ်းနည်းကြေကွဲမှုကြီးပင်။

သူသည် မြေပြင်ပေါ်၌ ဒူးထောက်လျက် တဖြည်းဖြည်း အေးစက်လာသော မုန့်ဟဲတုန်း၏ ရုပ်အလောင်းကို ကြည့်နေမိစဉ် မုန့်ဟဲတုန်းနှင့်အတူ ရှိခဲ့ဖူးသော အချိန်များ၊ မှတ်ဉာဏ်များမှာ သူ၏စိတ်အတွင်းသို့ ဒလဟော ပြန်လည်ဝင်ရောက်လာခဲ့သည်။

ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကြပုံများ၊ အတူတကွ ရယ်မောခဲ့၊ ဆဲဆိုခဲ့ကြပုံများ၊ မည်သူမျှ သတိမထားမိသည့် လူငယ်လေးများဘဝမှသည် တစ်လောကလုံး ကျော်ကြားသော ပါရမီရှင်များအဖြစ် အတူတကွ တက်လှမ်းခဲ့ကြပုံများ...

ဤနှစ်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ဦးသည် အရာရာကို အတူတကွ ရင်ဆိုင်ကာ ကျော်ဖြတ်ခဲ့ကြခြင်းပင်။

သူ ပြောကြားခဲ့သကဲ့သို့ပင် မုန့်ဟဲတုန်းသည် ဤလောက၌ သူ၏အပေါ်သို့ စစ်မှန်သော ကြင်နာမှုနှင့် နွေးထွေးမှုများကို ပေးအပ်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

မှောင်မိုက်သော ညပေါင်းများစွာတွင် မုန့်ဟဲတုန်းကသာ သူ၏လက်ကို ဆွဲကိုင်ခဲ့ပြီး ရွှံ့နွံအတွင်းမှ ဆွဲထုတ်ပေးခဲ့ခြင်းပင်။

သူသည် ချန်ချိုးအာကို မုန့်မိသားစုထံသို့ ခေါ်ဆောင်သွားခဲ့ပြီး မုန့်မိသားစုဝင် အများအပြား၏ ရှေ့မှောက်၌လည်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် မိတ်ဆက်ပေးခဲ့ဖူးသည်။

“ဒါကတော့ ငါ မုန့်ဟဲတုန်း တစ်သက်လုံးမှာ ငါ့ညီအစ်ကိုအဖြစ် အသိအမှတ်ပြုထားတဲ့ တစ်ဦးတည်းသောသူပဲ”

တစ်ခါတုန်းက သူတို့နှစ်ဦးသည် အနောက်ပိုင်း သဲကန္တာရသို့ သွားရောက်ခဲ့ကြစဉ် အဆိပ်ပြင်းသော မီးနီပုရွက်ဆိတ်ဘုရင်၏ အကိုက်ခံရသဖြင့် နှစ်ဦးသား သေလုမျောပါး ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က အဆိပ်နတ်မိမယ်လေးသည် ဝန်မလေးဘဲ မိုင်ပေါင်း သုံးသောင်းဝေးသော ဆေးဘုရင်တောင်ကြားသို့ အပြေးအလွှားသွား၍ ဆေးဘုရင် ရွှမ်ဖူကျီထံမှ အဆိပ်ဖြေဆေးကို သွားရောက်ယူဆောင်ခဲ့ရသည်။

မုန့်ဟဲတုန်းသည် အဆိပ်ဖြေဆေးကို လက်ခံရရှိသည့် အခိုက်အတန့်၌ သူ ပြောဆိုခဲ့သည်မှာ စကားလုံး သုံးလုံးတည်းသာ။

“သူ့ကို အရင်ပေးလိုက်"

ထိုရိုးရှင်းသော စကားလုံး သုံးလုံး၌ ကိန်းအောင်းနေသော အနှစ်သာရမှာ ခန့်ညားထည်ဝါသော ဟောပြောချက်ပေါင်း တစ်ထောင်ထက်ပင် ပိုမိုစွမ်းအားကြီးမားသည်။

သူသည် မှတ်မိနေသေးသည်။

မုန့်ဟဲတုန်းသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့စဉ်၊ အထက်လောကမှ သားရဲများကို သတ်ဖြတ်ခဲ့စဉ်နှင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တတိယအဆင့်ရှိ မိစ္ဆာကြီးများကို နှိမ်နင်းခဲ့စဉ်က လူအပေါင်းက သူ့ကို ဤခေတ်၏ အကြီးကျယ်ဆုံးသော ပါရမီရှင်အဖြစ် ချီးကျူးခဲ့ကြသည်။

တစ်လောကလုံး ကျော်ကြားသော ထိုလူငယ်သည် တောင်ထိပ်ပေါ်၌ သူ၏ဘေးတွင် ရပ်နေရင်း လောကကြီးကို ငုံ့ကြည့်ကာ တက်ကြွသော စိတ်ဓာတ်များဖြင့် အားရပါးရ ပြုံးလျက် ပြောခဲ့ဖူးသည်။

“ငါ မုန့်ဟဲတုန်းသာ တစ်နေ့မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့ရင်... ဒီလောကရဲ့ တစ်ဝက်က မင်းအပိုင်ပဲ”

ထိုပုံရိပ်တို့သည် ချန်ချိုးအာ၏ စိတ်အတွင်းသို့ ဒီရေအလား တိုးဝင်လာခဲ့တော့သည်။

ဤလောကတွင် သူ့အပေါ် တစ်ဦးတည်းသော စေတနာထားခဲ့သူအား သူကိုယ်တိုင်၏ လက်ဖြင့်ပင် ဓားဖြင့်ထိုး၍ သတ်ဖြတ်ခဲ့သည်။

“အား...”

“အား...”

ချန်ချိုးအာသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရင်ဘတ်ကို ဖိကာ အစွန်းကုန်သော ကြေကွဲမှုတို့ဖြင့် ကောင်းကင်ယံသို့ မော့၍ အော်ဟစ်တော့သည်။

သူသည် အော်ဟစ်ငိုကြွေးရင်း ကိုယ်ကို ရှေ့သို့ ကိုင်းညွတ်သွားပြီး အသံများမှာလည်း အက်ရှရှ ဖြစ်လာခဲ့သည်။

“ပုဖု... ငါ့နာမည်ကို ယွမ်ပုဖုလို့ ပြောင်းမယ်... ဟားဟားဟား...”

ချန်ချိုးအာသည် နာကျင်စွာဖြင့် ရယ်မောလိုက်ရာ သူ၏ နက်မှောင်သော ဆံနွယ်တို့သည် ထိုအခိုက်အတန့်၌ပင် ဖြူဖွေးသော အသားအရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသို့ အစွန်းကုန်သော နာကျင်မှုလှိုင်းတံပိုးတို့အကြား ချန်ချိုးအာ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါတို့သည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ စတင်၍ တက်လှမ်းလာခဲ့တော့သည်။

နာကျင်လေလေ သူ ပို၍ အစွမ်းထက်လာလေလေပင်။

သူ၏ စိတ်အာရုံအတွင်း၌ ရှေးဟောင်းမြွေနဂါးကြီးတစ်ကောင်၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုမြွေနဂါးကြီးမှာ အဆုံးမဲ့သောမြူထုတို့ဖြင့် ဖုံးလွှမ်းနေပြီး အေးစက်တည်ငြိမ်သော မြစိမ်းရောင် မျက်လုံးတစ်စုံကိုသာ မြင်တွေ့ရသည်။

၎င်းမှာ ကမ္ဘာလောကကို ရစ်ပတ်ထားသော ရှေးဦးကမ္ဘာဦးမြွေနဂါးကြီးပင်။

မည်မျှကြာသွားသည်မသိ ဆူညံသံအားလုံး တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ချန်ချိုးအာသည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာပေးဖြင့် မုန့်ဟဲတုန်း၏ ဦးခေါင်းကို ဖြတ်တောက်ကာ အနက်ရောင်အဝတ်စဖြင့် ထုပ်ပိုး၍ ခါးတွင် ချည်နှောင်လိုက်သည်။

ထို့နောက် သူသည် အသက်မဲ့သော ရုပ်အလောင်းတစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်လျက် မြေကြီးများကို လက်ဖြင့်ပင် ယက်ထုတ်ကာ နက်ရှိုင်းသော ကျင်းတစ်ခုကို တူးသည်။

“အစ်ကိုမုန့်... နောင်လာမဲ့ ကင်မင်းပွဲတော်တိုင်းမှာ ကျွန်တော် ခင်ဗျားဆီကို လာရောက်ဂါရဝပြုပါ့မယ်"

သူသည် မုန့်ဟဲတုန်း၏ ရုပ်အလောင်းကို ကျင်းအတွင်းသို့ အသာအယာ ချထားလိုက်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။

“နောင်တစ်ချိန်မှာ ကျွန်တော် သေဆုံးခဲ့ရင်လည်း ခင်ဗျားနဲ့အတူ ဒီမှာ မြှုပ်နှံခံရဖို့ နည်းလမ်းရှာပါ့မယ်"

“ကျွန်တော့်ရဲ့ အပြစ်အားလုံးကိုတော့ နောက်ဘဝမှပဲ ပေးဆပ်ပါရစေ”

စကားဆုံးသည်နှင့် ချန်ချိုးအာသည် မြေပုံကလေးကို ဦးတိုက်၍ လေးနက်စွာ ဂါရဝပြုလိုက်သည်။

ချန်ချိုးအာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်

“အစ်ကိုပုဖု... ကျွန်မ ပြန်လာပြီ”

ငှက်ကလေးတစ်ကောင်၏ အသံကဲ့သို့ ကြည်လင်သော မိန်းကလေးတစ်ဦး၏ အသံမှာ ပဲ့တင်ထပ်လာခဲ့သည်။ အဝါရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးသည် အဝေးမှ ခုန်ပေါက်ကာ ရောက်ရှိလာ၏။

ထိုမိန်းကလေးသည် အဝေးမှပင် နဖူးပေါ်ရှိ ချွေးစများကို သုတ်ရင်း ပြောလိုက်သည်။

“အစ်ကိုပုဖု... ခုနက အရမ်းအန္တရာယ်များတာပဲ။ အဆိပ်နဂါးတစ်ကောင်နဲ့ တိုးလို့ ကျွန်မသာ ကံမကောင်းရင် ဒါမှမဟုတ် လျင်လျင်မြန်မြန် မရှောင်နိုင်ရင် ပြန်လာနိုင်မှာ မဟုတ်ဘူး"

“ကြည့်ပါဦး... ဒါက ကျွန်မ အပြင်မှာ သွားဝယ်လာတဲ့ ကြက်ကင်လေ။ အပြင်မှာ ကျောက်မြို့ဆိုတဲ့ နေရာတော့ မရှိဘူး။ တော်သေးတာက လမ်းမကြီးပေါ်မှာ တည်းခိုခန်းတစ်ခု ရှိနေလို့...”

အဝါရောင်ဝတ်စုံနှင့် မိန်းကလေးက စကားတပြောပြောဖြင့် နီးကပ်လာခဲ့သည်။

သို့သော် ရုတ်တရက် အသံအားလုံး ရပ်တန့်သွားခဲ့သည်။

အဆိပ်နတ်မိမယ်လေး၏ လက်ထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ကြက်ကင်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူမသည် သွေးများစွန်းထင်း၍ ဆံပင်များ ဖြူဖွေးနေသော ချန်ချိုးအာကို မှင်တက်ကာ စိုက်ကြည့်နေမိပြီး တုန်ရီသောအသံဖြင့် မေးလိုက်သည်။

“မ... မဟုတ်ဘူး အစ်ကိုပုဖု... အစ်ကိုမုန့်ကော ရှင့်ခါးမှာ ချိတ်ထားတာက ဘာလဲ”

ထိုစကားကို ကြားရလျှင် ချန်ချိုးအာသည် ဘာမျှမဆိုဘဲ သက်ပြင်းတစ်ချက်သာ ရှိုက်လိုက်သည်။

နောက်တစ်ခဏ၌ သူသည် ညာလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ အဆိပ်နတ်မိမယ်လေး၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပျော့ခွေသွားပြီး သတိလစ်သွားခဲ့တော့သည်။

သူသည် အဆိပ်နတ်မိမယ်လေး၏ အနားသို့ တစ်လှမ်းချင်း လျှောက်သွားကာ သူ၏လက်ဖဝါးအတွင်းသို့ များပြားလှသော စစ်မှန်သောစွမ်းအင်တို့ကို စုစည်းလိုက်တော့သည်။

အေးချမ်းစွာ အိပ်မပျော်နေသော အဆိပ်နတ်မိမယ်လေး၏ မျက်နှာကို ကြည့်ရင်း

ချန်ချိုးအာသည် အတန်ကြာ ဝေခွဲမရ ဖြစ်နေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ ပြောလိုက်သည်။

“တော်ပြီ”

နောက်တစ်ခဏ၌ သူ၏လက်အတွင်းရှိ စစ်မှန်သောစွမ်းအင်များသည် ပြန့်လွင့်ပျောက်ကွယ်သွားပြီးနောက် သူသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆုံးမဲ့သော ကောင်းကင်ယံအတွင်းသို့ ကွယ်ပျောက်သွားတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၊ နတ်ဘုရားသားတော်၏ စံအိမ်တော်အတွင်း၌...

သီးသန့်လေ့ကျင့်ရေးခန်းမအတွင်း တရားထိုင်ဖျာပေါ်တွင် ခြေစုံပုခတ်ထိုင်နေသော ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် စတုတ္ထအဆင့်... အောင်မြင်ပြီ”

ချန်ကျီရှင်း၏ စကားအဆုံး၌

ဝုန်း

သူ၏ တစ်ကိုယ်လုံးမှ ထာဝရရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ရုပ်ခန္ဓာတစ်ခုလုံးမှာ နတ်ဘုရားတို့၏ ကြွက်သား၊ အရိုးအဆစ်များဖြင့် သွန်းလုပ်ထားသကဲ့သို့ နတ်ဘုရားအရှိန်အဝါတို့ တောက်ပနေသည်။

သူ၏ အလိုအလျောက် လွင့်ပျံနေသော နက်မှောင်သည့် ဆံနွယ်ခက်တိုင်းသည်ပင် ကောင်းကင်ဘုံ၏ အလင်းရောင်များဖြင့် တောက်ပနေ၏။ သူသည် ထိုနေရာတွင် တရားထိုင်နေပုံမှာ အဝေးမှကြည့်လျှင် ဖျက်ဆီး၍မရနိုင်သော ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

ဤသုံးရက်တာအတွင်း ချန်ကျီရှင်းသည် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် စတုတ္ထမြောက် မဟာတာအိုမျိုးစေ့ကို စုစည်းနိုင်ခဲ့ကာ စတုတ္ထမြောက် ကောင်းကင်နှင့်

မြေပြင် ဓမ္မရုပ်သွင်ကိုလည်း တစ်ပြိုင်နက်တည်း ပုံဖော်နိုင်ခဲ့သည်။

စတုတ္ထမြောက် မဟာတာအိုမှာ ရုပ်ခန္ဓာတာအိုပင်။ ၎င်းသည် ချန်ကျီရှင်း အနက်ရှိုင်းဆုံး နားလည်သဘောပေါက်ထားသော တာအိုများထဲတွင် ခွန်အားတာအိုပြီးလျှင် ဒုတိယအကောင်းဆုံးပင်။

“ငါ ပြန်ပြီး အစွမ်းထက်လာပြန်ပြီ...”

ချန်ကျီရှင်း၏ အကြည့်တို့သည် ထက်မြက်နေပြီး သူ၏လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ အလွန်အမင်း အစွမ်းထက်လှသော သူ၏ရုပ်ခန္ဓာအတွင်းမှ လှိုင်းလုံးကြီးများကဲ့သို့ စွမ်းအားတို့သည် အချိန်မရွေး ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသကဲ့သို့ပင်။

“အဆင့်တက်တိုင်းမှာ ငါ့ရဲ့ စွမ်းဆောင်ရည်အားလုံးက မြင့်တက်လာတယ်"

“ဒါပေမဲ့ ဒီတစ်ခေါက် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် စတုတ္ထအဆင့်ကို တက်လှမ်းပြီး ရုပ်ခန္ဓာတာအိုမျိုးစေ့ကို စုစည်းနိုင်ခဲ့တာက ငါ့ရဲ့ ရုပ်ခန္ဓာခုခံနိုင်စွမ်းကို သိသိသာသာ အားကောင်းလာစေတယ်”

ချန်ကျီရှင်းက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ရုပ်ခန္ဓာတာအိုမျိုးစေ့ကို စုစည်းလိုက်ခြင်းကြောင့် သူ၏ မူလကပင် သန်မာလှသော ရုပ်ခန္ဓာကာကွယ်ရေးစွမ်းအားမှာ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းခန့် ထပ်မံတိုးတက်လာသည်ကို ခံစားသိရှိနေရ၏။

သူ၏ လက်ရှိရုပ်ခန္ဓာအဆင့်ထက် ငါးဆယ်ရာခိုင်နှုန်း ထပ်မံတိုးလာသည်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေဖြစ်မည်ကို တွေးဆကြည့်နိုင်သည်။

“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် သတ္တမအဆင့်အောက်က ဘယ်သူမှ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိမယ် မထင်ဘူး"

ချန်ကျီရှင်းသည် သူ၏စွမ်းအားကို အစဉ်တစိုက် ခန့်မှန်း၍ ဆန်းစစ်နေသည်။ အမှန်အတိုင်းဆိုရလျှင် သူ၏စွမ်းဆောင်ရည်အားလုံး ဘက်စုံမြင့်တက်လာမှုကြောင့် သူသည် အင်အားအပြည့်ဖြင့် အစွမ်းကုန်တိုက်ခိုက်မည်ဆိုပါက မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်ကို သူကိုယ်တိုင်ပင် မသေချာတော့ချေ။

“ငါ့ရဲ့ စွမ်းအားကို စမ်းသပ်ဖို့အတွက် အစွမ်းကုန် တိုက်ခိုက်ရမယ့် တိုက်ပွဲစစ်စစ်တစ်ခုသာ ရှိရင် ကောင်းမှာပဲ"

ချန်ကျီရှင်းက ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် ချန်ကျီရှင်းသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ပဉ္စမအဆင့်သို့ တက်လှမ်းရန် ဆွဲအားတာအိုမျိုးစေ့ကို ဆက်လက်

စုစည်းရန် ပြင်ဆင်နေစဉ်မှာပင်….

[တောင် ကောင်းကင်ဘုံ၏ ရွေးချယ်ခံဇာတ်လိုက်သည် သင်၏ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ရာ ပြိုင်ဘက်၏ ကံကြမ္မာအရှိန်အဝါနှင့် ပါရမီစွမ်းရည်အချို့ကို သင် သိမ်းပိုက်ရရှိပါမည်။]

[တောင် သင်၏ ကံကြမ္မာတန်ဖိုး မူလ ၆၀၀ ရာခိုင်နှုန်းမှ ၃၀၀ ရာခိုင်နှုန်း ထပ်မံတိုးတက်သွားပါပြီ။ စုစုပေါင်း ကံကြမ္မာတန်ဖိုး ၉၀၀ ရာခိုင်နှုန်း ဖြစ်လာပါပြီ။]

မုန့်ဟဲတုန်းကဲ့သို့သော ဇာတ်လိုက်တစ်ဦး ကျဆုံးသွားခြင်းက ချန်ကျီရှင်းအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိုက်တော့သည်။

[တောင် သင်၏ဘွဲ့ထူး မဟာကံထူးရှင်]

[တောင် သင် ရရှိသည့်ဆု ကောင်းကင်ဘုံလောင်မြိုက်နတ်ဘုရားရုပ်ခန္ဓာ]

[တောင် သင် ရရှိသည့်ဆု မီးလျှံတာအို သိမြင်နားလည်မှု]

[တောင် သင် ရရှိသည့်ဆု အမည်မဲ့မီးလျှံအတတ် လောကနိဂုံးရွှေကြာပန်း]

အေးစက်လှသော အချက်ပေးသံများမှာ ချန်ကျီရှင်း၏ စိတ်အာရုံအတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့သည်။

“အင်း... မုန့်ဟဲတုန်း သေသွားပြီပေါ့”

ချန်ကျီရှင်းမှာ မျက်ခုံးတစ်ချက် ပင့်သွားပြီးနောက် သူ၏မျက်နှာထက်တွင် အနည်းငယ်မျှသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ဤအချက်ပေးသံများ ထွက်ပေါ်လာခြင်းကပင် ကောင်းကင်ဘုံ၏ ရွေးချယ်ခံဇာတ်လိုက်ကိုးဦးအနက် တစ်ဦးဖြစ်သော မုန့်ဟဲတုန်းသည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ခြင်းပင်။

အမှန်စင်စစ် မုန့်ဟဲတုန်းနှင့် ပတ်သက်၍ ချန်ကျီရှင်း၏ သဘောထားနှင့် အမြင်မှာ ယခင် ဇာတ်လိုက်များနှင့် မတူညီဘဲ ထူးခြားနေခဲ့သည်။

မုန့်ဟဲတုန်းသည် လူဆိုးတစ်ဦး မဟုတ်ခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် သူသည် စိတ်ရင်းစေတနာကောင်းပြီး သစ္စာရှိကာ မိသားစုနှင့် မိတ်ဆွေများအပေါ် အလွန်တရာ အလေးထားသူတစ်ဦး ဖြစ်ခဲ့သည်။

သူ့ထံ၌ ချန်ကျီရှင်းသည် လူငယ်တို့၏ဖြူစင်မှုဟု ခေါ်ဆိုနိုင်သော ရှားပါးသည့် အရည်အသွေးတစ်ခုကို မြင်တွေ့ခဲ့ရသည်။ သူသည် မုန့်ဟဲတုန်းအပေါ် မုန်းတီးခြင်း သို့မဟုတ် ရွံရှာခြင်း အလျဉ်းမရှိခဲ့ပေ။

သို့သော် လောကကိစ္စဟူသည် တစ်ခါတစ်ရံတွင် မိမိတို့၏ ထိန်းချုပ်မှုအပြင်ဘက်၌ ရှိနေတတ်ပြီး အကောင်းနှင့်အဆိုးဟူသော စည်းဝိုင်းမှာလည်း အမြဲတစေ ရှင်းလင်းပြတ်သားနေလေ့မရှိပေ။

တစ်ကြိမ်တစ်ခါ ရန်ဘက်နယ်ပယ်၌ ရပ်တည်မိသည်နှင့် တစ်ဦးသေ၊ တစ်ဦးရှင်ရမည့် လမ်းစဉ်မှာ ရှောင်လွှဲ၍မရသော ကံကြမ္မာပင်။

ယခင်က မုန့်ဟဲတုန်း၏ ဖခင်သည် ချန်ကျီရှင်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သဖြင့် ချန်ထျန်းလျန်၏ လက်ချက်ဖြင့် အဆုံးစီရင်ခြင်း ခံခဲ့ရသည်။ ဤသို့သော ဖခင်ကို သတ်ဖြတ်သည့် ရန်ကြွေးမျိုးမှာ မည်သို့မျှ ပြေလည်နိုင်စရာ အကြောင်းမရှိပေ။

မုန့်ဟဲတုန်း၏ ပါရမီနှင့် ကံကြမ္မာအရှိန်အဝါအရ ယခုအချိန်တွင် သူ့ကို အဆုံးမသတ်နိုင်ခဲ့ပါက နောင်တစ်ချိန်တွင် သူသည် ချန်မိသားစုအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။

ငါသာ လွှတ်ပေးလိုက်ရင် နောက်မှ မုန့်ဟဲတုန်းက လက်စားပြန်ချေမှာကို ဘယ်သူက တားနိုင်မှာလဲ။ မိသားစုအညှိုးအတေးတွေရှိနေမှတော့ သူက ချန်မိသားစုကို ပြန်လွှတ်ပေးပါ့မလား။ အထူးသဖြင့် သူ့အဖေကို သတ်ခဲ့တဲ့ ချန်ထျန်းလျန်ကိုတော့ သူ ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။

ထို့ကြောင့်ပင် မိမိတန်ဖိုးထားရသူများအတွက် မုန့်ဟဲတုန်းက သေဆုံးရမည်သာ ဖြစ်သည်။

ချန်ကျီရှင်းအနေဖြင့် ဖြစ်ပေါ်လာနိုင်သမျှသော ဘေးအန္တရာယ်များကို အဖူးအငုံဘဝမှာပင် အမြစ်ဖြတ်ပစ်ရပေမည်။ ခဏတာ သနားကရုဏာစိတ်က သူ့ကိုယ်သူ အန္တရာယ်တွင်းထဲသို့ ဆွဲချခြင်းသာ ဖြစ်ပေလိမ့်မည်။

“မုန့်ဟဲတုန်းရဲ့ အရွယ်မတိုင်ခင် သေဆုံးမှုက ဒီအရှေ့ပိုင်းအထူးနယ်မြေကို တကယ်ပဲ ကမောက်ကမတွေ ဖြစ်သွားစေလိမ့်မယ်"

“မဟာခေတ်ကြီး ရောက်ရှိတော့မှာဆိုတော့ ငါလုပ်နိုင်တာက ပိုပြီးတော့ အစွမ်းထက်လာဖို့ပဲ ရှိတော့တယ်”

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး သူ၏ရင်ထဲတွင် အလျင်စလိုဖြစ်မှုတို့ တိုးပွားလာခဲ့သည်။

ငါ့စွမ်းအားက မလုံလောက်သေးဘူး။

စစ်ပွဲကြီး တကယ်တမ်း စတင်လာပြီဆိုလျှင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရှိသူများပင် ရှေ့တန်းထွက် တိုက်ခိုက်ရသည့် စစ်သည်တော်များမျှသာ ဖြစ်သွားပေလိမ့်မည်။ တိုက်ပွဲ၏ အဆုံးအဖြတ်ကို နိဗ္ဗာန်နနယ်ပယ်သို့မဟုတ် အထွတ်အထိပ်နယ်ပယ်ရှိ ဘိုးဘေးကြီးများကသာ ပေးနိုင်ပေလိမ့်မည်။

နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် သူ၏ စိတ်အာရုံအတွင်းရှိ ဆုလာဘ်များကို စတင်လက်ခံလိုက်တော့သည်။

ရှည်လျားလှသော အချက်အလက်များကို ကြည့်ပြီးနောက် သူသည် ဆက်လက်လုပ်ဆောင်ရမည့် ဆဌမမြောက် မဟာတာအိုကိုလည်း ရွေးချယ်ပြီးသား ဖြစ်သွားခဲ့သည်။

ဤတစ်ကြိမ် မုန့်ဟဲတုန်းကို သတ်ဖြတ်ခြင်းကြောင့် သူရရှိခဲ့သော ကံကြမ္မာအရှိန်အဝါနှင့် ပါရမီစွမ်းရည်မှာ ယခင်ကထက် များစွာ သာလွန်ထူးကဲသည်။

ခဏအကြာတွင် ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ထပ်မံမှိတ်လိုက်ပြန်သည်။

ဝုန်း….

ထူးခြားဆန်းပြားလှသော ဖန်တီးမှုအသစ်တစ်ခုက စတင်မြစ်ဖျားခံလာတော့သည်။

အခန်း။ ၁၉၀

ဝုန်း……

ထိုအခိုက်အတန့်တွင် မုန့်ဟဲတုန်း၏ မီးလျှံတာအိုဆိုင်ရာ သိမြင်နားလည်မှုများစွာက ချန်ကျီရှင်း၏ စိတ်အာရုံအတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်း၏ အရေပြားနှင့် အရိုးအဆစ်များပေါ်၌ နတ်ဘုရားပုံစံ စာသားများကဲ့သို့သော မီးလျှံအမှတ်အသားများ ပေါ်ပေါက်လာခဲ့၏။ ၎င်းမှာ ကောင်းကင်ဘုံလောင်မြိုက်နတ်ဘုရားရုပ်ခန္ဓာပင်။ နတ်ဘုရားရုပ်ခန္ဓာ အမျိုးအစားပေါင်း သုံးထောင်အနက် မီးလျှံတာအိုနှင့် အလိုက်ဖက်ဆုံးသော ရုပ်ခန္ဓာပင်။

ချိ... ချိ... ချိ...

ရုတ်တရက် ဟင်းလင်းပြင်အတွင်း၌ မီးလျှံများမှာ ပန်းပွင့်များအလား ဖူးပွင့်လာခဲ့သည်။ ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အနက်ရှိုင်းဆုံးသော တရားသိမြင်မှု နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင်မူ သူသည် မဟာတာအိုသုံးမျိုးကို တစ်ပြိုင်နက်တည်း စုစည်းကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဆဌမအဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းတော့မည် ဖြစ်သည်။

...

...

တစ်ချိန်တည်းမှာပင်

တောင်ပိုင်းနယ်စပ်၊ တောင်တန်းကြီး တစ်သိန်း။

တောင်တန်းကြီး တစ်သိန်းမှာ အဆုံးမရှိသကဲ့သို့ ထင်ရပြီး နက်ရှိုင်းရာသို့ ရှည်လျားစွာ သွယ်တန်းနေ၏။ ထိုတောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးနေရာတွင် မည်သည့်အရာများ ဖုံးကွယ်နေသည်ကိုမူ မည်သူမျှ မသိရှိကြပေ။

အကြောင်းမှာ ထိုတောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားသူတိုင်းမှာ အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင့်ပင်။

ဤနေ့တွင်မူ တောင်တန်းကြီး တစ်သိန်း၏ အနက်ရှိုင်းဆုံးနေရာမှ မီးတောက်ကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး လွှင့်တက်လာသော မီးခိုးလုံးကြီးများမှာ နေမင်းကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ ပြင်ပ၌ နက်မှောင်သော သစ်လုံးကြီးများစွာဖြင့် မြင့်မားလှသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်ဆောက်ထားသည်။ ထိုယဇ်ပလ္လင်မှာ ကောင်းကင်ယံသို့ ထိုးတက်နေပြီး အမြင့်ပေပေါင်း သုံးရာခန့် ရှိသည်။

မျက်လုံးသုံးလုံးရှိသော၊ နတ်ဆရာဝတ်စုံကို ဝတ်ဆင်ထားသည့် အဘွားအိုတစ်ဦးသည် သစ်သားတိုင်များကို တစ်ဆင့်ပြီးတစ်ဆင့် နင်းလျှောက်ကာ ယဇ်ပလ္လင်၏ ထိပ်ဖျားသို့ တက်လှမ်းနေ၏။

အဘွားအိုသည် လက်တစ်ဖက်တွင် ရှေးဟောင်းလိပ်ခွံတစ်ခုကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ မန္တန်လှံတံကို ကိုင်ဆောင်လျက် ယဇ်ပလ္လင်ထိပ်ရှိ စင်မြင့်မြင့်ပေါ်သို့ တက်ရောက်လိုက်တော့သည်။

“အူးးးးး”

အဘွားအိုသည် အဆုံးမဲ့သော ကောင်းကင်ယံသို့ မော့ကြည့်ကာ လှံတံနှင့် လိပ်ခွံကို ကိုင်မြှောက်လျက် အစွန်းကုန် ကြည်ညိုလေးမြတ်စွာ ဂါရဝပြုသည်။

အဘွားအိုသည် အရပ်လေးမျက်နှာလုံးရှိ ကောင်းကင်ယံသို့ ဦးညွှတ်ဂါရဝပြုနေသည်မှာ နာရီဝက်ခန့်ပင် ကြာမြင့်သွားခဲ့၏။

ထို့နောက်တွင်မူ အဘွားအိုသည် ဂါရဝပြုခြင်းကို ရပ်တန့်လိုက်ပြီး တင်ပလ္လင်ခွေ ထိုင်လိုက်ကာ နားလည်ရခက်သော မန္တန်များကို စတင်ရွတ်ဆိုတော့သည်။ လူသားမျိုးနွယ်တို့၏ ဘာသာစကားမဟုတ်သော ထိုမန္တန်သံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ

ရှူး...

ယဇ်ပလ္လင်တစ်ခုလုံး၌ မီးလျှံများ ဝုန်းခနဲ ထတောက်လာခဲ့သည်။

ခဏချင်းမှာပင် ထိုမီးလျှံတို့သည် တောမီးအလား ပျံ့နှံ့သွားပြီး ယဇ်ပလ္လင်တစ်ခုလုံးကို ဝါးမြိုကာ တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။ အဘွားအိုသည် ထိုမီးပင်လယ်အတွင်း၌ပင် အေးဆေးတည်ငြိမ်စွာ ထိုင်လျက် မန္တန်များကို အဆက်မပြတ် ရွတ်ဆိုနေသည်။

ယဇ်ပလ္လင်နှင့် မလှမ်းမကမ်းသော နေရာ၌မူ မျက်လုံးသုံးလုံးရှိသော ထူးဆန်းသည့် လူအုပ်စုတစ်စုသည် ယဇ်ပလ္လင်ဆီသို့ အကြည့်မခွာဘဲ စိုက်ကြည့်နေကြသည်။

ထိုမျက်လုံးသုံးလုံးအဖွဲ့အတွင်း၌ လူသုံးဦးမှာ ရှေ့ဆုံးမှ ထင်ရှားစွာ ရပ်နေကြ၏။ တစ်ဦးမှာ တည်ကြည်ခန့်ညားပြီး ပညာရှိမျက်ဝန်းများ ရှိကာ သူ၏တတိယမြောက်မျက်လုံးမှာ ဘေးတိုက် ပွင့်နေသည်။ အခြားတစ်ဦးမှာ လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ တတိယမျက်လုံးမှာ ပိတ်ထားလျက် ရှိသည်။ နောက်ဆုံးတစ်ဦးမှာမူ ထိုနှစ်ဦးနှင့် အသွင်အပြင်ချင်း ဆင်တူကာ ဆံနွယ်ပေါင်း သုံးထောင်မှာ ဝဲဖြာကျနေသော ကုယန်ရန်ပင်။

“ဖေဖေ….မေမေ….ယဇ်နတ်ဆရာအဘွားက အဲဒီလူသားရဲ့ နောက်ကြောင်းကို တကယ်ပဲ ခြေရာခံနိုင်မှာလား”

ကုယန်ရန်က စိုးရိမ်တကြီး မေးလိုက်သည်။

“စိတ်ချပါ သမီး... သမီးစုံစမ်းနေတဲ့သူက လူသားမျိုးနွယ်ထဲက မဟာထာဝရအသက်ရှင်ခြင်းနယ်ပယ်ရောက်နေတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးဆိုရင်တော့ သူတို့ရဲ့ ကံကြမ္မာကို ဘယ်လောက်ပဲ ပိတ်ဆို့ထားပါစေ ယဇ်နတ်ဆရာအဘွားက ဟင်းလင်းပြင်ထဲကနေ သူတို့ရဲ့ ဇာစ်မြစ်ကို ဖမ်းယူနိုင်စွမ်းရှိပါတယ်။ ပြီးတော့ သမီးရှာနေတဲ့ မုန့်ဟဲတုန်းရဲ့ ကံကြမ္မာကို သိဖို့ဆိုတာကတော့ ပိုတောင် လွယ်ကူပါသေးတယ်"

ဘေးတိုက်ပွင့်နေသော တတိယမျက်လုံးရှိသည့် အမျိုးသားက ကုယန်ရန်၏ ခေါင်းကို ပွတ်သပ်ပေးကာ နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။

“ဒါဆိုရင်တော့ တော်ပါသေးရဲ့"

ကုယန်ရန်မှာ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိပြီး ယဇ်ပလ္လင်ပေါ်ရှိ ထူးဆန်းသော အဘွားအိုကို ကြည့်ရင်း သူမ၏မျက်နှာမှာ အတန်ငယ် ကြည်လင်သွားခဲ့သည်။

မီးလျှံများမှာ တဖျတ်ဖျတ်နှင့် တောက်လောင်နေဆဲပင်။

ရုတ်တရက်ဆိုသလို မီးပင်လယ်အတွင်း မြုပ်ဝင်နေသော မြင့်မားသည့် ယဇ်ပလ္လင်ပေါ်၌ ထူးဆန်းသော အဘွားအိုသည် ခေါင်းကိုမော့ကာ အဆုံးမဲ့သော ကောင်းကင်ယံကို စိုက်ကြည့်လိုက်စဉ် သူမ၏မျက်နှာထက်၌ ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့တော့သည်။

“အူလာလာတို ဂူလာကျန်း... အီမိုဂျီတို စူအိုဖို”

[စာရေးသူမှတ်ချက် - ဒါလေးတော့သည်းခံပြီးဖတ်ပေးကြပါနော်။ သူရေးတာတော့အဲ့လိုပဲ]

နောက်တစ်ခဏတွင်

ဖူး

ထူးဆန်းသော အဘွားအိုသည် သွေးစိမ်းရှင်ရှင်များကို ရုတ်တရက် အော့အန်ချလိုက်သည်။ သူမသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို မြင်တွေ့လိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပြင်းထန်စွာ တုန်ယင်လာခဲ့၏။

“ဖေဖေ... ဒါ ဘာဖြစ်တာလဲဟင်”

ကုယန်ရန်၏ မျက်နှာမှာ တင်းမာသွားခဲ့သည်။ သူမသည် ယဇ်နတ်ဆရာအဘွား ဤကဲ့သို့ ကံကြမ္မာဟောစမ်းသည့် အခမ်းအနား ပြုလုပ်သည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးချေ။

ဘေးတိုက်ပွင့်နေသော တတိယမျက်လုံးရှိသည့် သန်မာထွားကြိုင်းသော အမျိုးသား၏ အမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူသည် ပြန်လည်မဖြေကြားဘဲ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့်သာ ကြည့်နေသည်။

“ဂျူဂူလာ ဟူးဝူး ကျွန်းတူး”

ထူးဆန်းသော အဘွားအိုသည် တစ်ဦးတစ်ယောက်နှင့် ငြင်းခုံနေသကဲ့သို့ သူမ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ သူမ၏ နား၊ နှာခေါင်း၊ ပါးစပ် စသည့် မျက်နှာရှိ အပေါက်ခုနစ်ပေါက်မှ သွေးများမှာလည်း ရူးသွပ်စွာ စီးကျလာခဲ့ပြီး ရုပ်သွင်မှာလည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

နောက်တစ်ခဏ၌

ဗြိ….

သူမသည် ရုတ်တရက်ဆိုသလို သူမ၏လက်ကို မြှောက်ကာ နဖူးပေါ်ရှိ တတိယမြောက်မျက်လုံးကို အရှင်လတ်လတ် ဆွဲထုတ်လိုက်သည်။

ထို့နောက် သူမသည် ထိုမျက်လုံးကို လက်ဖြင့် ညှစ်ခြေပစ်လိုက်ရာ သွေးစက်များစွာမှာ ရှေးဟောင်းလိပ်ခွံပေါ်သို့ တဖွဲဖွဲ ကျဆင်းသွားခဲ့တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်….

ဝုန်း…

တဟုန်းဟုန်း တောက်လောင်နေသော ယဇ်ပလ္လင်ကြီးမှာ ရုတ်တရက် ပြိုလဲကာ ပျက်စီးသွားခဲ့သည်။ အဘွားအိုသည် နာကျင်မှုကြောင့် မျက်နှာပျက်ယွင်းနေလျက် ပြာပူများကြားမှ ခက်ခဲစွာ ထရပ်ကာ ကုယန်ရန်တို့ မိသားစုရှိရာသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

“မဟာနတ်ဆရာကြီး”

ဘေးတိုက်ပွင့်နေသော တတိယမျက်လုံးရှိသည့် အမျိုးသား၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး အဘွားအိုထံသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ ကုယန်ရန်သည်လည်း စိုးရိမ်တကြီးဖြင့် အနောက်မှ ကပ်၍ လိုက်ပါသွား၏။

“နတ်ဆရာကြီး... အဆင်ပြေရဲ့လား”

သန်မာထွားကြိုင်းသော ထိုလူလတ်ပိုင်းအမျိုးသားသည် အဘွားအိုကို တွဲကူပေးထားရင်း သူ၏လေသံမှာ ပို၍လေးနက်လာသည်။

အဘွားအို၏ မျက်နှာမှာ အသက်မဲ့နေသကဲ့သို့ ဖြစ်နေပြီး ထိုအမျိုးသားကို အသာအယာ ခေါင်းခါပြလိုက်ကာ လက်တုန်ရင်စွာဖြင့် လိပ်ခွံကို ကမ်းပေးလိုက်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင်မူ အဘွားအိုသည် ဆက်လက်၍ အောင့်အည်းနိုင်စွမ်း မရှိတော့ဘဲ သွေးတစ်လုပ်ကို အော့အန်လိုက်ကာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားခဲ့တော့သည်။

ထိုအမျိုးသားသည် လိပ်ခွံကိုယူ၍ ငုံ့ကြည့်လိုက်၏။

လိပ်ခွံပေါ်ရှိ သွေးစက်များသည် ဇီဝေပန်းပုံသဏ္ဌာန်အဖြစ် စုစည်းသွားပြီးနောက် ထိုပန်းမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားကာ သင်္ကေတအချို့အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းကို မြင်တွေ့ရလျှင် အမျိုးသား၏ အမူအရာမှာ မပြတ်မသား ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။

“ဖေဖေ... ဒါက ဘာကို ဆိုလိုတာလဲဟင်”

အမျိုးသားသည် လိပ်ခွံကို အသာချလိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ကုယန်ရန်ကို ကြည့်လိုက်သည်။

“ဇီဝေချန်မိသားစုပဲ”

“သမီး စုံစမ်းနေတဲ့သူက လူသားမျိုးနွယ်ရဲ့ ထာဝရအသက်ရှည်ခြင်းမိသားစုတွေထဲက တစ်ခုဖြစ်တဲ့ ဇီဝေချန်မိသားစုကပဲ"

၎င်းကို ကြားရလျှင် ကုယန်ရန်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ လူသားမျိုးနွယ်တို့ကြားတွင် ကြီးပြင်းလာခဲ့သူဖြစ်သဖြင့် ဇီဝေချန်မိသားစု၏ အကြောင်းကို သူမ အစဉ်တစိုက် ကြားဖူးနားဝ ရှိသည်။

ထိုမိသားစုမှာ ချင်းပြည်နယ် မုန့်မိသားစုနှင့် အဆင့်အတန်းချင်း တူညီပြီး နှစ်ပေါင်းများစွာအတွင်း အပြန်အလှန် အားပြိုင်နေကြသော ရန်ဘက် ထာဝရအသက်ရှည်ခြင်းမိသားစုကြီးများပင်။

တကယ်လို့ အဲဒီရှောင်ပင်းဆိုတဲ့လူက ဇီဝေချန်မိသားစုကသာ ဖြစ်ခဲ့မယ်ဆိုရင် သူက မုန့်ဟဲတုန်းအပေါ် ဘာလို့ ဒီလောက်တောင် သတ်ဖြတ်ချင်စိတ် ပြင်းထန်နေရတာလဲဆိုတာ ရှင်းသွားပြီပဲ။

နောက်တစ်ခဏ၌ ကုယန်ရန်သည် ထိုအမျိုးသား၏ ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်လျက် အံကြိတ်ကာ ပြောလိုက်သည်။

“ဖေဖေ ကျွန်မတို့ရဲ့ ရှေးဦးကမ္ဘာဦးမျိုးနွယ်တွေကို ဦးဆောင်ပြီး ဇီဝေချန်မိသားစုနဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီကို ချီတက်ပေးပါ”

အမျိုးသားက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး

“မုန့်ဟဲတုန်း သေဆုံးသွားပြီ... မုန့်မိသားစုရဲ့ ကံကြမ္မာကလည်း သူ့လမ်းစဉ်အတိုင်း ကုန်ဆုံးသွားပြီ"

“ဟောကိန်းအရဆိုရင် လောကကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်တော့မယ်။ အရပ်ရပ်က သူရဲကောင်းတွေ ပေါ်ထွန်းလာပြီး အားပြိုင်ကြလိမ့်မယ်"

“သွေးချောင်းစီးမှုတွေက ကောင်းကင်ယံအထိ ရောက်လိမ့်မယ်။ ကမောက်ကမဖြစ်မှုတွေကလည်း တစ်လောကလုံးကို လွှမ်းမိုးသွားလိမ့်မယ်"

“ဇီဝေချန်မိသားစုက လူသားမျိုးနွယ်ရဲ့ အရှင်သခင်သစ်အဖြစ် တက်လှမ်းလာနိုင်တယ်"

“ငါတို့ ရှေးဦးကမ္ဘာဦးမျိုးနွယ်တွေအနေနဲ့ကတော့ အကြားအဟပ်တွေကြားမှာ ခက်ခဲစွာ ရှင်သန်နေရတာဖြစ်လို့ ဒီလို ကြီးမားလှတဲ့ ကောင်းကင်ဘုံရဲ့ ကပ်ဘေးကြီးထဲမှာ ပါဝင်ပတ်သက်လို့ မဖြစ်ဘူး"

၎င်းကို ကြားရလျှင် ကုယန်ရန်မှာ မှင်တက်သွားပြီးနောက် မျက်နှာတစ်ခုလုံး ဖြူလျော့သွားကာ တုန်ရီစွာဖြင့်

“ဖေဖေ….ဖေဖေ ဘာတွေပြောနေတာလဲ အစ်ကိုမုန့်... သေသွားပြီ ဟုတ်လား”

“ဟုတ်တယ်"

အမျိုးသားက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

ထိုခဏ၌ပင် ကုယန်ရန်သည် တစ်လောကလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးတစ်လုပ်ကို အော့အန်လိုက်သည်။ သူမ၏ အမြင်အာရုံများ ဝေဝါးလာခဲ့ပြီး သတိလစ် မေ့မြောသွားခဲ့ရတော့သည်။

“တစ်ယောက်ယောက်... ငါ့သမီးကို မှောင်မိုက်သော ချောက်နက်ဆီကို ခေါ်သွားလိုက်ကြ။ ငါ့အမိန့်မရဘဲနဲ့ မျိုးနွယ်စုရဲ့ အပြင်ဘက်ကို ထွက်ခွင့်မပေးနဲ့"

ထိုအမျိုးသားသည် အသက် ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

All Chapters