← Chapters

မိုးကြိုးထိမှန်သောသစ်ပင်မှ မီးစွမ်းအားထွက်ပေါ်ခြင်း

Vol. 9 Ch. 112

မိုးကြိုးထိမှန်သောသစ်ပင်မှ မီးစွမ်းအားထွက်ပေါ်ခြင်း

Vol. 9 Ch. 112

'ဒါကညောင်ရွက်ပဲ။ ဒီအပင်တွေက ထူထပ်ထပ် ပေါက်လေ့ရှိတယ်။ အရင်တုန်းက တစ်ခါမှ အာရုံမစိုက် ခဲ့ပေမဲ့ အခုတော့ ..."

စုမင် နောက်ထပ်‌ ဆေးပင်တစ်ခု ကိုယူ၍ အရွက်တစ်ရွက်ကို ခူးလိုက်သည်။ ချိုးခံလိုက်ရသည့် နေရာမှ အရည်များ ကျဆင်းလာသော်လည်း အမွှေးတိုင်တစ်တိုင် ထွန်းစာအချိန်သာ ဖြစ်သည်။ အရည်များက ချိုးခံရသည့် နေရာသို့ စုစည်းသွား၍ အရှေ့သို့ ခပ်ငေါငေါ ပြူထွက်နေသည်။ အကယ်၍ သည်အပင်ကို မြေကြီးပေါ် ချစိုက်ပါက မကြာမီ ထိုအချိုးခံရသည့် နေရာ၌ အရွက်သစ်များ ပြန်လည်ဝေဖြာ လာမည်ဖြစ်ကြောင်း စုမင်သိသည်။ ထိုအရွက်များက အလွန်လှပရာ ထူးဆန်းသည့် မြင်ကွင်းအား မျက်မြင်တွေ့ရသူကို မိန်းမော စေစွမ်းနိုင်သည်။

"မြူမှုန်ထိုးခွဲ ဖော်စပ်ဖို့လိုအပ်တဲ့ ဆေးပင်မျိုး အကြောင်းကို တစ်ခါမှ သေချာ မတွေးဖူးဘူး။ ဒါပေမဲ့ အခုရှင်းနေတာက အဲဒီဆေးပင်တွေက မတူညီတဲ့ ဓာတ်ငါးမျိုးကို ကိုယ်စားပြုနေတာပဲ"

"သံမဏိစွမ်းအား၊ အသက်စွမ်းအား၊ ညခင်းအလင်း သာကိုင်းက မီးစွမ်းအား။ မကြာခဏ မြင်ရလေ့ရှိတဲ့ တခြား ဆေးပင်နှစ်မျိုးကတော့ တစ်ခုက ရေစွမ်းအား ပါဝင်ပြီး ... ဒီအပင်ရဲ့ အရွက်ကိုတော့ ငါမလိုပါဘူး။ ဒါပေမဲ့ အမြစ်က ... မြေအောက်မှာ မြုပ်နေတာပဲ"

စုမင်မျက်နှာမှာ လေးနက်စွာ ဆင်ခြင်တွေးတောနေပုံ။ ဆေးပင်များကြားတွင် လဲလျောင်း တည်ရှိနေသော အမြစ်၌ မြေမှုန်များ ပေကျံနေသည့် အမြစ်တို့ကို ကြည့်သည်။

"ဒါက မြေကမ္ဘာစွမ်းအား ဖြစ်လိမ့်မယ်"

"အစွမ်းထက်တဲ့ မြူမှုန်ထိုးခွဲကို ဖန်တီးဖို့ မတူညီတဲ့ ဓာတ်ငါးမျိုး လိုအပ်တယ်။ ဒါပေမဲ့ အခု ငါ့မှာ တစ်ခုမရှိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ အကယ်၍များ ဒီဆေးရဲ့ ရေမြေခံ ဥပဒေသက ဒါဖြစ်မယ်ဆိုရင် အစားထိုးဖို့ အခြားတစ်ခုခု ရှာလို့ရနိုင်မယ်"

စုမင် မျက်လုံးများ လက်ဖြာသွားသည်။ အဲဒီပြဿနာက သူ့ကို တစိုက်မတ်မတ် နှောင့်ယှက်နေသည်မှာ ကြာညောင်းခဲ့ပြီ။ ယခု လျှပ်စီးမိုးကြိုးသွား ကိုမြင်လိုက် ရသောအခါ သူစိတ်ဓာတ်တို့ တက်ကြွလာခဲ့သည်။

စုမင် ချက်ချင်းလှည့်ထွက်၍ ဂူထဲမှ ပြေးထွက်လာကာ ပုံရိပ်တို့ကို ပြန်လည်မြင်ယောင်ရင်း မိုးသက်မုန်တိုင်းကြားသို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။ မိုးရေစက်များက သူ့ကိုယ်ပေါ်သို့ ကျရောက်ကာ မကြာခင် ရွှဲရွှဲစိုသွားသည်။ ‌မိုးရေများက ခေါင်းပေါ်သို့ ရွာသွန်းနေခဲ့သော်လည်း သူဂရုမစိုက်ဘဲ အမြန်ဆုံးရွေ့လျားနေခဲ့သည်။ တောင်စဉ်တန်းငယ် တစ်လျှောက်ပြေးလွှားလာရင်း တောင်ခြေရှိ မိုးသစ်တောအတွင်း ဝင်ရောက်ကာ အစောနက မိုးကြိုးထိမှန်သော နေရာသို့ တစ်ဟုန်ထိုးပြေးလာခဲ့၏။

မိုးသစ်‌တော၏ မြေပြင်မှာ ရွှံ့ညွန်များ ပြည့်နေသည်။ စိုထိုင်းသော အနံ့ထွက်သည့် ရွက်ကြွေပုပ်များလည်း အများအပြား ရှိနေသည်။ မိုးသည်းထန်‌စွာ ရွာသွန်းနေသောကြောင့် မြေပြပေါ်သို့ မိုးရေများ ကျရောက်သံ တဖျောဖျောကလည်း လေထုထဲတွင် သောသောညံ နေခဲ့သည်။

မိုးသစ်တောကို ဖြတ်၍ စုမင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေခဲ့သည်။ မကြာခင် တစ်ချက်ခုန်လွှားကာ စိုစွတ်၍ ချော်ချွတ်သော သစ်ကိုင်းတစ်ခု‌အား ကျော်လွှားလိုက်သည်။ သူ့အရှေ့တွင် ကောင်းကင်သို့ ထိလုမတတ် ကြီးမားသော သစ်ပင်ကြီးအား မြင်တွေ့လိုက်ရသည်။ သည်သစ်ပင်က အနားတစ်ဝိုက်တွင် ရှိသောသစ်ပင် အားလုံးတို့ထက် မြင့်မားသည်မှာ ထင်ရှားပါသည်။ သို့သော် တစ်ပင်လုံး ပိန်းပိတ်အောင် နက်မှောင်လျက်။ အကိုင်းများက ပြာမှုန်များ ဖြစ်နေကာ သစ်ပင်ကြီး၏ ပျက်စီးသည့် သရုပ်ကို ပုံဖော်ပေးနေသည်။

သစ်ပင်မှ အနက်ရောင် မီးခိုးတအူအူ ထွက်နေသည်။ အနီးအနားတွင် မိုးများဆက်လက် ရွာနေဆဲဖြစ်သော်လည်း စုမင်မှာမူ အပင်ကြီးတစ်ဝိုက်မှ လာရောက်ရိုက်ခတ်သော ရှိန်ဝါအင်အားကို ခံစားမိ နေသေးသည်။

ခေတ္တမျှ စူးစမ်းလေ့လာပြီးမှ သစ်ကိုင်းထက်က ခုန်လွှားကာ အနက်ရောင် အပင်ခြောက်ကြီး အနားသို့ ချဉ်းကပ်လာခဲ့သည်။ လက်ကြိုမြှောက်၍ မျက်နှာပြင်ကို ထိကြည့်သည်။ နွေးထွေးမှု အနည်းငယ်မျှ ခံစားရသည်။ မျက်နှာပြင်မှာ မိုးရေတို့ကြောင့် စိုစွတ်နေသော်လည်း စုမင် အင်အားအနည်းငယ်သုံးကာ အပင်အတွင်းသို့ လက်ချောင်းများဖြင့် ထိုးစိုက်ကြည့်ရာ အပင်အတွင်းသား များကမူ ခြောက်သွေ့နေကြောင်း ခံစားလိုက်ရသည်။

"မိုးကြိုးသွား စွမ်းအားက မီးနဲ့ပတ်သက် နေတယ်။ မိုးကြိုးသွား ဒီအပင်ပေါ် ကျရောက်တုန်းက နဂိုမူလ စိုစွတ်တဲ့အပင်ရဲ့ ရေဓာတ်တွေကို အငွေ့ပြန်၊ ခြောက်သွေ့သွားစေပြီး ထိမိတာနဲ့ လောင်မြိုက် သွားစေတာပဲ ဖြစ်လိမ့်မယ်"

"ဟိုမှာပဲ။ မီးစွမ်းအား ပါဝင်နေတာ ဒီအပင်ကလွဲလို့ တခြားအရာ မရှိတော့ဘူး"

စုမင် ခုန်လိုက်ရာ ခန္ဓာ‌ကိုယ်ပေါ်ရှိ သွေးကြော ၈၀တို့မှာ‌ သွေးရောင်ရဲရဲ အလင်းဖြင့် ရုတ်တရက် လင်းလက်လာသည်။ သစ်ပင်အား သုံးချက်တိတိ ရိုက်လိုက်သည်။ ကျယ်လောင်သည့် မြည်ဟိန်းသံတို့ လေထုထဲ ပျံ့နှံ့သွားသည့် နှင့်အမျှ ပင်စည်အခေါက်များ ကြွေကျသွားကာ အတွင်းမှ ပူပြင်းသော အမြူတေကို ထွက်ပေါ်လာစေတော့သည်။

စုမင်သည် ညာဘက်လက်အား ဓားတစ်ချောင်း သဏ္ဌာန်ဖြင့် အောက်ဘက်သို့ခုတ်ပိုင်း ချလိုက်သည်။ ရုတ်တရက် အမြင့်ပေ၃၀ မျှရှိသော သစ်ပင်၏ အမြူတေမှာ ပြတ်ထွက်သွားသည်။ အပိုင်းပိုင်းအစစ ဖြစ်အောင် ဖြတ်ပစ်၍ စုတ်ပြဲနေသည့် အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

သို့သော်ငြား အိတ်၏ နေရာလွတ်မှာ အကန့်အသတ်နှင့် ဖြစ်၏။ အမြူတွေခုတ်ပိုင်းစ အချို့ကို ထည့်မရတော့ပေ။ ထိုအရာများကို ကိုယ်ပေါ်တွင် နေရာချ၍ မိုးသစ်တောအတွင်း ပြန်လည်ပြေးဝင်သွားကာ တောင်တန်းဂူ ရှိရာသို့ ပြန်လာခဲ့၏။

"ငါ့ရဲ့သွေးထဲမှာ ပါဝင်နေတဲ့မီးဓာတ်နဲ့ အစားထိုးလို့ရမယ်၊ ညခင်းအလင်းသာရဲ့ သက်ရောက်မှုမျိုး ရအောင် အပင်တွေကို မီးရှို့လို့ရပေမဲ့ မိုးကြိုးသွားက ဖြစ်ပေါ်လာတဲ့ သဘာဝ မီးစွမ်းအားနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ"

စုမင် ပြေးလွှားနေရင်း သူ့ခေါင်းထဲတွင် အတွေးမျိုးစုံ ပေါ်ပေါက်နေခဲ့သည်။ မကြာခင် အက်ကွဲကြောင်းသို့ ရောက်ရှိလာပြီး တစ်ကိုယ်လုံး စက်လက်ကျနေသော မိုးရေစက်များနှင့် ဂူအတွင်း ဝင်လာခဲ့သည်။

အနည်းငယ်မျှ မောဟိုက်ရင်း တူးခြစ်နေသည့် ခပ်နွေးနွေး အမြူတေတို့ကို အောက်ချလိုက်သည်။ ပစ္စည်းအားလုံး ကိုကြည့်ကာ အသက်ပြင်းပြင်းရှူသည်။ တင်ပျဉ်ချိတ် ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်း ချီစွမ်းအင်တို့ကို ချောချောမွေ့မွေ့ လည်ပတ်စေသည်။ အမွှေးတိုင်နှစ်တိုင် ထွန်းစာအချိန် ပြီးနောက်တွင် စုမင်မျက်လုံးများ ဖွင့်ကာ ညာဘက်လက်ကို မြှောက်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် ထိုညာလက်ပေါ်၌ တဖျိုးဖျိုးတဖျစ်ဖျစ် အသံနှင့်အတူ မီးဘောလုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မီးဘောလုံးက ထွက်ပေါ်သည့်‌ နွေးထွေးမှုက နေရာတစ်ခုလုံးကို အပူချိန် မြင့်တက်လာစေပြီး တစ်ဂူလုံးအား လင်းချင်း သွားစေသည်။ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းကို အသုံးပြု၍ မီးဘောလုံး အရိပ်အယောင် ဖန်တီးနေသည့် စုမင်မျက်နှာမှာမူ လေးနက်နေ၏။ ခေတ္တမျှ လေ့လာနေပြီးနောက် လက်ထဲရှိ မီးဘောလုံးအား တည်ငြိမ်သည်အထိ စောင့်ကာ မြူမှုန်ထိုးခွဲ ဖော်စပ်ရန်မရှိမဖြစ် လိုအပ်သော ဆေးပင်များကို အနားသို့ ဆွဲယူလိုက်သည်။ ထိုသို့ဆွဲယူရာတွင် ဘယ်လက်ဖြင့် ဆွဲယူ၍ ညာဘက်လက်ပေါ်ရှိ မီးတောက်ထဲသို့ ဂရုတစိုက်ထည့်သည်။

ဟောသည့်‌ဒေသစိမ်းတွင် မဟူရာမီးတောင် ကဲ့သို့နေရာ မရှိကြောင်း သိရှိသွားရာ၌ စဉ်းစားတွေးတော မိခဲ့သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ချေသည်။ သူ့၏ ချီ တွင် မီးဓာတ်ပါဝင် နေပြီး ပိထူနှင့်ပြိုင်ပွဲ အပြီးတွင်လည်း သူ့ခန္ဓာကိုယ်ရှိ တစ်စုံတစ်ရာ‌သော အပိုင်းများ ပြောင်းလဲသွားခဲ့သည် ကိုလည်း စုမင် ခံစားမိခဲ့သည်။ သည်မီးဘောလုံးက ပြောင်းလဲမှုများ ထဲက တစ်ခုဖြစ်သည်။ မီးဓာတ်ကို ဖိတ်ခေါ်ဖို့ လတ်လတ်ဆတ်ဆတ် သွေးတို့ပင် မလိုအပ်တော့ပါ။

သူ၏လက်များကို ဒယ်အိုးအဖြစ် အသုံးပြု၍ ဆေးဝါးနိုင်စီး ငြှိမ်းသတ်ခြင်းပြုရန် စဉ်းစားမိချိန်က အတွေးဖြစ်သည်။

စုမင်အနေဖြင့် မြူမှုန်ထိုးခွဲအား အကြိမ်ပေါင်းများစွာ ဖော်စပ်ခဲ့ပြီး ဖြစ်သည်။ သည်ဆေးလုံး ဖော်စပ်ဖို့ အဆင့်တစ်ခု ချင်းစီနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေပြီ။ သို့သော်ငြား လက်ကို ဒယ်အိုးအနေဖြင့် အသုံးပြုခြင်းကတော့ ပထမဆုံး အကြိမ်ပါပင်။

မသက်မသာ ရှိသောအချိန်ပိုင်း အပြီးတွင် တဖြည်းဖြည်း ကျွမ်းကျင်လာတော့သည်။

မိုးကြိုးဒဏ်ခံ သစ်ပင်အမြူတေမှာ ကနဦးမီးထဲ ထည့်ခံရသည့် အရာဖြစ်သည်။ ပစ္စည်းငါးမျိုးတို့ အတူတကွ ရောထွေး၍ပေါင်းစပ် ပျော်ဝင်သွားသည်ကို ကြည့်ရင်း လက်ဖဝါးထက်မှ မီးအား အာရုံစူးစိုက်ကာ တည်ငြိမ်စွာဖြင့် နိုင်စီးငြှိမ်းသတ်ခြင်းအား စတင်လုပ်ဆောင် ပါတော့သည်။

***

All Chapters