အခန်း (၄၆၃-၄၆၄)
Vol. 47 Ch. 463-464
အခန်း။ ၄၆၃
လုချွမ်းသည် ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ ကြီးမားသော ခုခံမှုများက သူ့ကို ဝန်းရံထားရာ သူ၏ လှုပ်ရှားမှုများမှာပင် လေးလံထိုင်းမှိုင်းသွားခဲ့သည်။
သူ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လုချွမ်းသည် ချည်နှောင်မှုများမှ ရုန်းထွက်နိုင်ရန် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အနှစ်သာရလုံးကို ချက်ချင်း အသက်သွင်းရန် ကြိုးစားလိုက်သည်။
သို့သော် မမျှော်လင့်ဘဲ သူ၏ စီးဆင်းနေသော ဝိညာဉ်အနှစ်သာရများမှာပင် သက်ရောက်မှုဒဏ်ခံလိုက်ရပြီး အလွန်အမင်း စေးကပ်သွားကာ စီးဆင်းမှုနှုန်းမှာလည်း အဆမတန် နှေးကွေးသွားခဲ့သည်။
"ဒါက... မယုံနိုင်စရာပဲ သွားစမ်း"
အခြေအနေကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသော လုချွမ်းသည် အရှုံးမပေးလိုဘဲ သူ၏ အင်အားရှိသမျှကို စုစည်းကာ ဝိညာဉ်အနှစ်သာရများကို အတင်းအကျပ် လည်ပတ်စေလိုက်ရာ သူ၏ မျက်နှာမှာ နီမြန်းလာခဲ့သည်။
ဘုန်း….
ရုတ်တရက် လုချွမ်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ရှေ့သို့ အပြင်းအထန် တိုးဝင်ရန် ကြိုးစားလိုက်ရာ သူ၏ အရှိန်မှာ ယခင်ကထက် ဆထက်ထမ်းပိုး တိုးတက်လာခဲ့သည်။
သို့သော်လည်း လုချွမ်း၏ အရှိန်မှာ ထူးဆန်းစွာ နှေးကွေးနေဆဲပင်။ ၎င်းမှာ ဗီဒီယိုတစ်ခုကို အနှေးပြကွက်ဖြင့် ကြည့်နေရသကဲ့သို့ သူ၏ လှုပ်ရှားမှုများမှာ အဆပေါင်းများစွာ နှေးကွေးသွားခဲ့ခြင်းပင်။
"ဒါက ဘာကြီးလဲ"
လုချွမ်း၏ မျက်ဝန်းများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် လက်မလျှော့ဘဲ ရှေ့သို့ အသည်းအသန် တိုးဝင်နေဆဲပင်။
နာရီဝက်ခန့် ကြာသွားသော်လည်း လုချွမ်း မည်သို့ပင် လှုပ်ရှားပါစေ ကျိရုရွှယ်၏ နည်းလမ်းများကို မချိုးဖျက်နိုင်ခဲ့ပေ။
ခဏမျှအကြာတွင် လုချွမ်းမှာ အံ့ဩမှင်တက်သွားရသည်။ ချီချီလေး၏ စွမ်းရည်မှာ သူ့ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။
လွန်ခဲ့သော ခဏက သူသည် မမြင်ရသော ကြီးမားလှသည့် အင်အားတစ်ခု သူ့ဆီသို့ ချဉ်းကပ်လာသည်ဟုသာ ခံစားလိုက်ရပြီး ထို့နောက်တွင် ရွှံ့နွံထဲ ပိတ်မိနေသကဲ့သို့ လှုပ်ရှားရခက်ခဲသွားခြင်းပင်။ မည်မျှပင် အင်အားစိုက်ထုတ်ပါစေ ရုန်းထွက်၍ မရနိုင်ခြင်းကြောင့် ဤစွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
"ဟိဟိ... ဖေဖေ ဘယ်လိုလဲ ချီချီ တော်တယ်မလား"
အချိန်နယ်ပယ်အတွင်း၌ ပိတ်မိနေသော ဖခင်ဖြစ်သူကို ကြည့်ကာ ကျိရုရွှယ်က ဂုဏ်ယူစွာဖြင့် ပြုံးလျက် မေးလိုက်သည်။
"ချီချီ... သမီးရဲ့ ဒီစွမ်းရည်က ဘာလဲ"
လုချွမ်းက အံ့အားသင့်နေသော မျက်နှာဖြင့် သမီးဖြစ်သူကို မေးလိုက်သည်။
ဤစွမ်းရည်မှာ အမှန်တကယ်ပင် ထူးခြားလှသည်။
ဒါက ချီချီလေး အဆင့် ၇ ကို ရောက်ပြီးမှ ရလာတဲ့ စွမ်းရည်သစ်များလား။
"ဒါက အချိန်နယ်ပယ်လို့ ခေါ်တယ် ဖေဖေ"
"ဖေဖေ သိတဲ့အတိုင်း ချီချီရဲ့ ပါရမီစွမ်းရည်ထဲမှာ အချိန်ထိန်းချုပ်ခြင်းပါတယ်လေ။ အဆင့် ၇ ကို တက်လှမ်းပြီးတဲ့နောက်မှာ အချိန်ရဲ့ နက်နဲတဲ့သဘောတရားကို အပြည့်အဝ နားလည်သွားခဲ့တာ။ အဲဒီတော့မှ အခုလို အချိန်နယ်ပယ်ကို အသုံးချနိုင်တာပေါ့"
"ပတ်လည် ပေ ၃၀ အတွင်းက ချီချီရဲ့ နယ်ပယ် ချီချီရဲ့ ကမ္ဘာပဲ။ အဲဒီအတိုင်းအတာအတွင်းမှာ အချိန်ရဲ့ စီးဆင်းမှုကို ချီချီ စိတ်ကြိုက် ထိန်းချုပ်လို့ရတယ်"
ပြောပြောဆိုဆိုဖြင့် ကျိရုရွှယ်သည် လက်ကို ဝှေ့ယမ်းကာ အချိန်နယ်ပယ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်သည်။
မတိုက်ခိုက်မီကပင် သူမသည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ဖေဖေမှာ အင်အားကြီးမားသော်လည်း သူ၏ အကြီးမားဆုံးသော စွမ်းအားမှာ အဆင့်မြင့် ဇွန်ဘီစစ်တပ်ကြီးကို အမိန့်ပေးနိုင်ခြင်း၌သာ ရှိသည်။ သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားမှာမူ သူမ၏ အချိန်နယ်ပယ်ကို ချိုးဖျက်နိုင်လောက်အောင် အစွမ်းမထက်သေးပေ။
ထို့အပြင် ဖေဖေမှာ လက်ရှိတွင် အဆင့် ၆ ၌သာ ရှိနေသေးရာ သူမ၏ အဆင့် ၇ နည်းလမ်းများကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။ အဆင့် ၆ နှင့် အဆင့် ၇ ကြားရှိ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။ ယခုဆိုလျှင် သူမ၏ အချိန်နယ်ပယ်ကို ရင်ဆိုင်ရာ၌ မည်သည့်တိုက်ကွက်မဆို သူမ၏ ခန္ဓာကိုယ်အစစ်အမှန်ဆီသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤအချက်က ကျိရုရွှယ်ကို တိုက်ပွဲမစတင်မီကပင် မရှုံးနိမ့်နိုင်သော အနေအထားသို့ ရောက်ရှိစေခဲ့သည်။ အကယ်၍ အင်အားကြီးမားသော ဂြိုဟ်သားမျိုးနွယ်စုများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရလျှင်ပင် ကျိရုရွှယ်မှာ ကြောက်ရွံ့နေမည်မဟုတ်ဘဲ ထိုဂြိုဟ်သားများကို အချိန်နယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြည်းစမ်းခိုင်းပေလိမ့်မည်။
ချည်နှောင်မှုများ ပြေလျော့သွားသဖြင့် စိတ်သက်သာရာရသွားသော လုချွမ်းသည် အရှိန်အဝါများ လွှမ်းခြုံနေသော သမီးဖြစ်သူကို ကြည့်ကာ အားနာစွာ ပြုံးလျက် "အချိန်ရဲ့ စွမ်းအားဆိုတာ မဆန်းပါဘူး... တကယ်ကို ကြောက်စရာကောင်းတာပဲ" ဟု ပြောလိုက်သည်။
အချိန်ထိန်းချုပ်ခြင်းကဲ့သို့ ထူးကဲလှသော ပါရမီစွမ်းရည်က ချီချီလေးကို အချိန်နယ်ပယ်အထိ ပိုင်ဆိုင်စေခဲ့ခြင်းမှာ လုချွမ်းအတွက်မူ အံ့ဩစရာတော့ မဟုတ်ပေ။
ယခုအခါ သူသည် သမီးဖြစ်သူ အဆင့် ၇ သို့ ရောက်ရှိပြီးနောက် ပိုင်ဆိုင်လာသော အစွမ်းထက်စွမ်းရည်များကြောင့် အံ့ဩမိသလို ထိုကဲ့သို့သော စွမ်းအားမျိုးကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည့်အတွက်လည်း ဂုဏ်ယူမိသည်။
ချီချီလေး၏ လက်ရှိအင်အားနှင့်ဆိုလျှင် ဤကမ္ဘာကို ကျူးကျော်လာသော ဂြိုဟ်သားမျိုးနွယ်စုများကို အလွယ်တကူပင် အပြတ်အသတ် ချေမှုန်းနိုင်လောက်ချေပြီ။
"ဖေဖေ... အဆင့် ၇ ကို ရောက်သွားရင် ကိုယ်တိုင် ပျံသန်းနိုင်တယ်၊ ကြည့်ပါဦး"
ထိုစဉ် ကျိရုရွှယ်၏ ခန္ဓာကိုယ်မှ အလင်းတန်းများမှာ လှိုင်းထသဖွယ် တောက်ပလာပြီး သူမ၏ ကိုယ်ခန္ဓာမှာ ချက်ချင်းဆိုသလို ပျံတက်သွားခဲ့ကာ လုချွမ်း၏ရှေ့၌ ရှေ့တိုးနောက်ငင်ဖြင့် ဝဲပျံပြနေတော့သည်။
"အဆင့် ၇ မှာ တကယ် ပျံလို့ရတာလား"
လုချွမ်း သတိပြန်ဝင်လာချိန်တွင် သူ၏ရှေ့၌ ပျံသန်းနေသော ချီချီလေးကို မြင်လိုက်ရသဖြင့် မျက်လုံးများ ဝင်းလက်သွားကာ အံ့အားသင့်ကြောင်း ဖော်ပြမိသည်။
ထို့နောက် လုချွမ်းသည် မသေချာသဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ရာ ချီချီလေး၏ ဘေးပတ်လည်တွင် စိတ်စွမ်းအင်အသုံးပြုထားသည့် အရိပ်အယောင်မျှပင် မတွေ့ရချေ။ ဆိုလိုသည်မှာ ချီချီလေး ပြောသည်မှာ အမှန်ပင်။
"အဆင့် ၇ က တကယ်ကို ထူးခြားတာပဲ။ ချီချီတောင် အဆင့် ၇ ကို အောင်အောင်မြင်မြင် ရောက်သွားပြီဆိုတော့ ဖေဖေလည်း နောက်ကျကျန်နေလို့ မဖြစ်တော့ဘူး"
အဆင့် ၇ သို့ ရောက်လျှင် ကိုယ်တိုင် ပျံသန်းနိုင်သည်ဟူသော အချက်ကို တွေးမိရင်း လုချွမ်း၏ စိတ်ထဲတွင် အဆင့်တက်လှမ်းလိုစိတ်များ ပိုမိုပြင်းပြလာခဲ့သည်။
"ဒါနဲ့ ဖေဖေ... ချီချီရဲ့ အချိန်ထိန်းချုပ်ခြင်းစွမ်းရည်က အခုလိုမျိုးတင် မဟုတ်သေးဘူးနော်"
တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် ကျိရုရွှယ်သည် ပျံသန်းနေမှုကို ရပ်တန့်ကာ ခါးထောက်လျက် လုချွမ်းကို ပြောလိုက်သည်။ အဆင့် ၇ ရောက်ပြီးနောက်တွင် သူမ၏ အချိန်ထိန်းချုပ်မှုမှာ အချိန်နယ်ပယ်တစ်ခုတည်းတင်မကဘဲ များစွာ တိုးတက်လာခဲ့ခြင်းပင်။
ပြောပြောဆိုဆိုပင် လုချွမ်း၏ အကြည့်အောက်၌ ကျိရုရွှယ်သည် ရှေ့ရှိ အပင်ကြီးတစ်ပင်ကို လက်ညှိုးညွှန်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအပင်ကြီးမှာ ကာလရှည်ကြာသော ခေတ်တစ်ခေတ်ကို ဖြတ်သန်းလိုက်ရသကဲ့သို့ အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။
ခြေသလုံးခန့်သာ ရှိသော ပင်စည်မှာ ပေါင်လုံးခန့်အထိ လျင်မြန်စွာ တုတ်ခိုင်လာပြီး အပေါ်ယံမှ စိမ်းညိုရောင် အခေါက်များမှာလည်း ထူထဲလာကာ အရောင်ပြောင်းသွားပြီး နောက်ဆုံးတွင် လုံးဝညိုမည်း၍ အက်ကွဲသွားခဲ့သည်။ အထက်ရှိ သစ်ကိုင်းများမှာလည်း ဝါးဦးများပေါက်သကဲ့သို့ ဆန့်ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်သည့် အမိုးအကာကြီးတစ်ခုသဖွယ် ဖြစ်သွားတော့သည်။
လက်ဝါးခန့်ရှိသော သစ်ရွက်များကြားတွင် ဝါဖျော့ဖျော့ ပန်းကလေးများ ပွင့်အာလာပြီး ပြန်လည်ညှိုးနွမ်းသွားကာ ဖန်ဂေါ်လီလုံးခန့်ရှိသော အစိမ်းရောင် အသီးလေးများ သီးပွင့်လာခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအပင်မှာ နှစ်ပေါင်းရာချီ သက်တမ်းရှိသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အဖြစ် အံ့ဖွယ်ပြောင်းလဲသွားခဲ့ခြင်းပင်။
နောက်တစ်ခဏတွင် ကျိရုရွှယ်သည် ဗီလာရှေ့ရှိ ပန်းခင်းထဲမှ ကြက်သွန်မြိတ်ပင်များကို လက်ညှိုးညွှန်လိုက်ပြန်သည်။
ချက်ချင်းပင် နုနယ်လှသော ကြက်သွန်မြိတ်ပင်များမှာ အရှိန်အဟုန်ဖြင့် ရှည်ထွက်လာကာ ပေဝက်ခန့်အထိ မြင့်တက်လာပြီး ရင့်မှည့်သော အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားကာ အပွင့်များပွင့်၍ အစေ့များ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ကြက်သွန်မြိတ်စေ့များမှာ လေနှင့်အတူ လွင့်ပါသွားပြီး မြေပေါ်တွင် ခဏချင်း အပင်ပေါက်ကာ အသစ်တစ်ဖန် ပြန်လည်ကြီးထွားလာပြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြက်သွန်မြိတ် အနည်းငယ်သာ ရှိသော ပန်းခင်းလေးမှာ ကြက်သွန်မြိတ်ပင်များဖြင့် ပြည့်လျှံသွားခဲ့လေတော့သည်။
"တော်လိုက်တာ... တော်လိုက်တာ ငါ့သမီး ချီချီလေးက အတော်ဆုံးပဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသော လုချွမ်းမှာ ချီးကျူးစကား မပြောဘဲ မနေနိုင်တော့ချေ။ အချိန်၏ စွမ်းအားမှာ အမှန်တကယ်ပင် သဘာဝတရားကို ဆန့်ကျင်နေသကဲ့သို့ပင်။
"ဖေဖေ... မမေ့နဲ့ဦးလေ ချီချီရဲ့ ပါရမီစွမ်းရည်က ဒါတင်ပဲ ရှိတာမဟုတ်ဘူးနော်"
ဖခင်ဖြစ်သူ၏ ချီးကျူးစကားကြောင့် ကျိရုရွှယ်မှာ ဝမ်းသာသွားသော်လည်း လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။ အဆင့် ၇ တွင် အချိန်ထိန်းချုပ်မှုမှာ သိသိသာသာ ပြောင်းလဲသွားသကဲ့သို့ စိတ်စွမ်းအင် ထိန်းချုပ်မှုမှာလည်း ထိုနည်းတူပင်။
ကျိရုရွှယ်၏ စိတ်အာရုံတစ်ခုဖြင့်ပင် တစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ လေထဲမှ ဖုန်မှုန့်များနှင့် မြေပြင်ပေါ်မှ သဲပွင့်များမှာ ပြင်းထန်သော ဆွဲငင်အားကြောင့် ကောင်းကင်ယံရှိ တစ်နေရာတည်းသို့ လျင်မြန်စွာ စုပြုံ၍ ရောက်ရှိလာကြသည်။
မကြာမီမှာပင် အချင်း ပေ ၁၀၀ ကျော်ရှိသော ကြီးမားလှသည့် မြေလုံးကြီးတစ်လုံးမှာ ကျိရုရွှယ်နှင့် လုချွမ်းတို့၏ အထက် ကောင်းကင်ယံ၌ ဝဲပျံ၍ ပေါ်ထွက်လာခဲ့သည်။
နောက်တစ်ခဏ၌ ထိုမြေလုံးကြီးမှာ ပုံသဏ္ဌာန်ပြောင်းလဲသွားကာ ကောင်းကင်ယံ၌ မြေသားအလွှာတစ်ခုအဖြစ် ပြန့်ကားသွားခဲ့သည်။ ထို့နောက် ကျိရုရွှယ်၏ စိတ်စွမ်းအင်ဖြင့် ထိုဖုန်မှုန့်များကို ဖိသိပ်လိုက်ရာ ကျောက်သားကဲ့သို့ပင် မာကျောသွားခဲ့သည်။
ခဏချင်းမှာပင် ဗီလာ၏ အရှေ့နှင့် အနောက်ကို ဆက်သွယ်ထားသော ကောင်းကင်တံတားကြီးသဖွယ် ဖြစ်နေသည့် ပေ ၂၀ ခန့် ကျယ်ဝန်းသော ကျောက်လမ်းမကြီးတစ်ခု ကောင်းကင်ယံ၌ ပေါ်ထွက်လာခဲ့တော့သည်။
"ဖေဖေ... အကယ်၍ ဖေဖေက ဇွန်ဘီစစ်တပ်ကြီးကို ဦးဆောင်ပြီး လီမြစ်မြို့ပြင်ကို ထွက်
ချင်တယ်ဆိုရင် ချီချီက ဖေဖေအတွက် အချိန်မရွေး တံတားတစ်စင်း ဖန်တီးပေးနိုင်တယ်နော်"
ကျိရုရွှယ်က လက်ခုပ်တီးလျက် ပြုံးကာ ပြောလိုက်သည်။
သူ့ခေါင်းပေါ်ရှိ ကျောက်လမ်းမကြီးကို ကြည့်ရင်း လုချွမ်းမှာ စိတ်ထဲမှ သက်ပြင်းချလိုက်
မိသည်။
အမှန်ပင်... ချီချီလေးမှာ သူ၏ အစွမ်းထက်ဆုံးသော ဝှက်ဖဲပင်။
အခန်း။ ၄၆၄
ဒါက အဆင့် ၇ ရဲ့ စွမ်းရည်ပဲ။
ချီချီလေးက ကျောက်တံတားကြီးကို ဖုန်မှုန့်များအဖြစ် ပြန်လည်ပြောင်းလဲကာ လေထဲ၌ လွင့်ပျံ့သွားစေသည်ကို ကြည့်ရင်း လုချွမ်း၏ ရင်ထဲတွင် လှုပ်ခတ်သွားရသည်။
သမီးဖြစ်သူ အဆင့် ၇ သို့ တက်လှမ်းနိုင်ပြီး စွမ်းရည်များ ပြသနိုင်ခြင်းမှာ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်သော်လည်း သူကိုယ်တိုင်သာ အဆင့် ၇ သို့ ရောက်ရှိသွားမည်ဆိုပါက ပို၍ပင် ကောင်းမွန်ဦးမည်ဖြစ်သည်။ နောက်ဆုံးတွင် ဖခင်တစ်ဦးအနေဖြင့် အန္တရာယ်ကြုံလာတိုင်း သမီးဖြစ်သူ၏ အကာအကွယ်ကိုသာ အမြဲယူနေ၍ မဖြစ်ပေ။
ချီချီလေးက စိတ်ထဲမထားသော်လည်း လုချွမ်းကမူ သူ၏ဂုဏ်သိက္ခာကို ထောက်ထားရဦးမည် ဖြစ်သည်။
“ငါလည်း အမြန်ဆုံး အဆင့် ၇ ကို တက်လှမ်းနိုင်အောင် လုပ်ရမယ်”
“ဒါပေမဲ့... မကြာတော့ပါဘူး။ ဇွန်ဘီမွေးမြူရေးစခန်း အတော်များများကလည်း အောင်မြင်နေပြီပဲ။ နောက်ဆိုရင် စနစ်တကျ ရိတ်သိမ်းပြီး အဆင့် ၆ ဇွန်ဘီရုပ်သေးတွေ ပိုမွေးထုတ်နိုင်တော့မယ်။ ငါ့ရဲ့ အဆင့်တက်လှမ်းဖို့ကလည်း သိပ်မဝေးတော့ဘူး”
လုချွမ်း၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ တကယ်တော့ သူသာ အမှန်တကယ် အလိုရှိမည်ဆိုပါက လက်ရှိရှိနေသည့် အဆင့် ၆ ဇွန်ဘီရုပ်သေးများထံမှအမြုတေများကို ထုတ်ယူ၍ အဆင့် ၇ အတွက် အသုံးပြုနိုင်သည်။
သို့သော် လောလောဆယ်တွင် သူ၏ထံ၌ အဆင့် ၆ ဇွန်ဘီရုပ်သေး အရေအတွက် များများစားစား မရှိသေးသလို အစပိုင်းတွင် အဆင့်မြှင့်ပေးခဲ့သည်များမှာလည်း မီးလျှံ ၁၊ အားဖန်းတို့ကဲ့သို့ ကမ္ဘာပျက်ကပ်ကတည်းက သူ့ဘေးတွင်ရှိခဲ့သည့် ရဲဘော်ဟောင်းများ ဖြစ်နေသောကြောင့်ပင်။ လုချွမ်းသည် ဇွန်ဘီဘုရင် ဖြစ်လာခဲ့သော်လည်း လူသားတို့၏ စိတ်ခံစားချက်များ ရှိနေသေးသဖြင့် သူတို့ကို ဒုက္ခပေးရန် လက်မရဲခဲ့ပေ။
ကံကောင်းသည်မှာ နောက်ထပ် မွေးမြူရေးစခန်းများမှ ရိတ်သိမ်းပြီးပါက အမြုတေများ အလုံအလောက် ရရှိလာတော့မည် ဖြစ်သည်။ ထိုအခါမှသာ အဆင့် ၅ အမြုတေများကို သုံး၍ သာမန် အဆင့် ၆ ဇွန်ဘီရုပ်သေးများကို မွေးထုတ်မည်ဖြစ်သည်။ ထိုအသစ်မွေးထုတ်သည့် ဇွန်ဘီများကသာ လုချွမ်းအတွက် အမြုတေ ရယူရန် ပစ်မှတ်များ ဖြစ်လာလိမ့်မည်။ ၎င်းတို့မှာ အသစ်များဖြစ်ပြီး မည်သည့်သံယောဇဉ်မှ မရှိသောကြောင့် သုတ်သင်ရန် ဝန်လေးနေမည် မဟုတ်တော့ပေ။
“ကောင်းပြီ... နောက်တစ်ခါ ဖေဖေ လီမြစ်မြို့ကနေ ထွက်ချင်ရင်တော့ ချီချီလေးဆီက အကူအညီ တောင်းရမှာပဲ။ ငါ့သမီးလေးက တကယ်တော်တာပဲ ဖေဖေရဲ့ သမီးလေး ဖေဖေရဲ့ မင်းသမီးလေးပဲ”
ချီးကျူးစကားကို မျှော်လင့်၍ သူ့ကို စိုက်ကြည့်နေသော မျက်ဝန်းဝိုင်းစက်စက်လေးများကို ကြည့်ရင်း လုချွမ်းက ပြုံးလျက် လက်မထောင်ပြလိုက်သည်။ ၎င်းကို ကြားသောအခါ လူကြီးစိတ်ပေါက်နေသည့် ကျိရုရွှယ်တောင်မှ ရှက်သွေးဖြာသွားရရှာသည်။
“ကဲ သွားကြစို့ ဖေဖေနောက် လိုက်ခဲ့တော့။ အဆင့် ၇ ကို အောင်အောင်မြင်မြင် ရောက်သွားတာဆိုတော့ ဖေဖေတို့တွေ အောင်ပွဲခံရမယ်လေ။ ဖေဖေက သမီးအတွက် အရသာရှိတဲ့ ဟင်းတွေ ချက်ပေးမယ်”
ပြောပြောဆိုဆိုနှင့်ပင် လုချွမ်းက ချီချီလေး၏ လက်ကိုဆွဲကာ ဗီလာဆီသို့ လျှောက်လှမ်းလာခဲ့သည်။
“ဟိဟိ... ဖေဖေ ချီချီက ကြက်သွန်မြိတ်နဲ့ နံရိုပေါင်း စားချင်တယ်”
ကျိရုရွှယ်က ခေါင်းမော့၍ အမြန်ပြောလိုက်သည်။ ဖေဖေချက်သည့် နံရိုးပေါင်းကို တွေးမိသည်နှင့် ကျိရုရွှယ်မှာ သွားရည်ကျချင်လာပြီ ဖြစ်သည်။
“ကြက်သွန်မြိတ်နဲ့ နံရိုးပေါင်းလား ရတာပေါ့ ခဏနေရင် ချက်ပေးမယ်”
လုချွမ်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဒီရက်ပိုင်းအတွင်း သူ ဟင်းမျိုးစုံ ချက်ပေးခဲ့သော်လည်း ချီချီလေး အကြိုက်ဆုံးမှာ ဤနံရိုးပေါင်းပင်။ သို့သော် ဗီလာအတွင်း၌ ဝက်နံရိုး ပြတ်နေသည်ကို သတိရသွားသဖြင့် လုချွမ်းက ကောင်းကင်တွင် ကင်းလှည့်နေသည့် “ပျံသန်းသူ ၁”ကို တောထဲသွား၍ ဝက်အမျိုးအစား သားရဲရိုင်းတစ်ကောင် ဖမ်းဆီးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
လီမြစ်မြို့မှာ ရေပတ်လည်ဝိုင်းနေသဖြင့် သားရဲရိုင်း အရေအတွက် သိပ်မများသော်လည်း အမဲလိုက်မည့်သူ မရှိသောကြောင့် တောအုပ်ငယ်လေးများအတွင်း၌ လွတ်လပ်စွာ နေထိုင်နေကြသည်များ ရှိသေးသည်။ ဤသားရဲများ လုချွမ်း၏ နယ်မြေအတွင်း အေးအေးဆေးဆေး နေနိုင်သည်မှာလည်း သူက အစာအဖြစ် တမင်မွေးထားခြင်းကြောင့်ပင်။ မည်သည့်တောတွင် မည်သို့သော သားရဲများ ရှိသည်ကို လုချွမ်းက အသေအချာ စုံစမ်းထားပြီးသား ဖြစ်သည်။ အိမ်တွင် အသားပြတ်ပြီဆိုလျှင် “ပျံသန်းသူ ၁” ကို သွားဖမ်းခိုင်းရုံပင်။
“ချီချီ... နောက်ဆိုရင် ဒီစွမ်းရည်တွေကို အရမ်းကြီး ထုတ်မသုံးနဲ့ဦး။ မလိုအပ်ဘဲနဲ့ သူစိမ်းတွေရှေ့မှာ မပြရဘူးနော် နားလည်လား”
ဗီလာရှေ့ရှိ ပန်းခင်းကို ဖြတ်လျှောက်လာစဉ် စိမ်းစိုနေသော ကြက်သွန်မြိတ်ခင်းကြီးကို ကြည့်ကာ လုချွမ်းက ချီချီလေးကို အလေးအနက် တိုက်တွန်းလိုက်ခြင်းပင်။
အချိန်၏စွမ်းအားမှာ အလွန်ပင် ထူးခြားဆန်းပြားလွန်းလှရာ အကယ်၍ ချီချီလေးက ဤစွမ်းရည်ကို ပေါ့ပေါ့ဆဆအသုံးပြုမိပြီး လူသားများ မြင်တွေ့သွားပါက မလိုလားအပ်သော လောဘဇောများ သို့မဟုတ် ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်မည်ကို လုချွမ်း စိုးရိမ်နေမိသည်။
"နားလည်ပါပြီ ဖေဖေ"
ကျိရုရွှယ်က လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
အဆင့် ၇ သို့ တက်လှမ်းပြီးနောက်တွင် ကျိရုရွှယ်အနေဖြင့် လူသားတို့၏ အမြင်ကို ဂရုစိုက်ရန် မလိုတော့ဘူးဟု ခံစားရသော်လည်း အကယ်၍ လူသားများက ကျူးကျော်လာပါကလည်း သူမအနေဖြင့် အလွယ်တကူ နှိမ်နင်းနိုင်စွမ်းရှိသည်။
သို့သော်လည်း "ပြဿနာများလေထက် နည်းလေက ပိုကောင်းသည်" ဟူသော စကားအတိုင်း၊ အထူးသဖြင့် ဂြိုဟ်သားများ ကျူးကျော်နေချိန်တွင် မလိုအပ်သော ရှုပ်ထွေးမှုများကို ရှောင်ရှားချင်ခြင်းပင်။
ဟယ်ယွမ်အခြေစိုက်စခန်း
ဟယ်ယွမ်အခြေစိုက်စခန်းသည် နဂါးပြည်နယ်၏ အစွန်းဘက်တွင် တည်ရှိပြီး စုပြည်နယ်နှင့် ထိစပ်နေသည်။ ကမ္ဘာပျက်ကပ် စတင်ကတည်းက ဟယ်ယွမ်အခြေစိုက်စခန်းကို လျင်မြန်စွာ တည်ထောင်ခဲ့ပြီး နဂါးပြည်နယ်နှင့် စုပြည်နယ်အကြား ဆက်သွယ်ကူးလူးရာ အဓိကတံတားတစ်ခုသဖွယ် ဖွံ့ဖြိုးလာခဲ့သည်။
ယခုအခါ ဟယ်ယွမ်အခြေစိုက်စခန်း၏ မြို့ရိုးအပြင်ဘက် မြေပြင်မှာ ကျင်းခွက်များဖြင့် ပြည့်နှက်နေပြီး စစ်ပွဲ၏ အကြွင်းအကျန်များအဖြစ် မည်းနက်နေသော အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသည်။ အထူးသဖြင့် နီညိုရောင် သွေးစွန်းနေသော မြေသားများမှာ ပုပ်စပ်သော အနံ့ဆိုးများကို ထုတ်လွှတ်နေပြီး အမြောက်အမြားသော သွေးများသည် မြေကြီးထဲသို့ စိမ့်ဝင်သွားခဲ့ကြသည်။ မကြာသေးမီကပင် ဤနေရာ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည်။
"အားလုံး ဂရုစိုက်ကြပါ... မျက်နှာပြင်ပေါ်က သွေးစွန်းနေတဲ့ မြေသားတွေကို အကုန်ရှင်းပစ်ကြ။ ပြီးတော့ ချိုင့်ခွက်တွေကို ပြန်ဖို့တဲ့အခါမှာ မြေကို သေချာနင်းပြီး ဖိသိပ်ထားကြဦး။ မညီမညာကြီး ချန်မထားခဲ့နဲ့။ မဟုတ်ရင်တော့ အကျိုးပြုအမှတ်တွေ မရလို့ ငတ်ပြတ်သွားရင် ငါ့ကို လာမပြောနဲ့"
ဤအချိန်တွင် အခြေစိုက်စခန်း ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အသက်ရှင်ကျန်ရစ်သူများစွာသည် ဤဧရိယာကို သန့်ရှင်းရေးလုပ်နေကြသည်။ အချို့က ဂေါ်ပြားများကို ကိုင်ထားပြီး၊ အချို့က မြေခြင်းတောင်းများကို သယ်ကာ အလုပ်တွင် အားကြိုးမာန်တက် လုပ်ကိုင်နေကြသည်။
ကမ္ဘာပျက်ကပ် စတင်ပြီးနောက် မူလက ငွေကြေးများမှာ စက္ကူစုတ်များ ဖြစ်သွားခဲ့ရသည်။ ကုန်သွယ်မှုနှင့် လူမှုပတ်ဝန်းကျင် လည်ပတ်နိုင်ရန်အတွက် အင်ပါယာမြို့တော်က အကျိုးပြုအမှတ်စနစ်ကို တီထွင်ခဲ့သည်။ ဤအမှတ်များဖြင့် အသက်ရှင်ကျန်ရစ်သူများသည် နေ့စဉ်သုံးပစ္စည်းများ၊ ရိက္ခာများနှင့် အခြားအရာများကို လဲလှယ်နိုင်ကြသည်။ ထို့ကြောင့် လူများစွာသည် ကိုယ့်ကိုကိုယ် ထောက်ပံ့နိုင်ရန် အခြေစိုက်စခန်းမှ ထုတ်ပြန်သော အလုပ်တာဝန်များကို လက်ခံ၍ လုပ်ကိုင်နေကြခြင်းပင်။
မြို့ရိုးပေါ်တွင်တော့ ဟယ်ယွမ်အခြေစိုက်စခန်း၏ ခေါင်းဆောင်နှင့် အဆင့်မြင့်အရာရှိတစ်စုသည် အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်နေကြသည်။
"တိုက်ပွဲဖြစ်ပြီး ၃ ရက်ပဲ ရှိသေးတယ်... ဂျက်ကယ်ဝံပုလွေလူသားတွေအကုန် သေကုန်ကြပြီ။ နောက်ဆုံးတော့ ဟယ်ယွမ်အခြေစိုက်စခန်းလည်း အရင်လို အေးချမ်းတော့မယ်"
အခြေစိုက်စခန်းခေါင်းဆောင်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ခေါင်းဆောင်... တော်သေးတာပေါ့ ကျွန်တော်တို့ဆီမှာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမရဲ့ အကူအညီရှိလို့။ မဟုတ်ရင်တော့ ကျွန်တော်တို့ အခြေစိုက်စခန်းက..."
ဘေးတွင်ရပ်နေသော အရာရှိက အောက်ဘက်မှ စစ်မြေပြင်ကို ကြည့်ကာ ပြောနေစဉ်မှာပင် စကားမဆုံးသေးမီ ဝေးလံသော အရပ်ဆီမှ မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတိုင်း အံ့အားသင့်စွာ လှမ်းကြည့်လိုက်သောအခါ ဝေးလံသော ကောင်းကင်ယံမှ အကြေးခွံပါသော အတောင်ပံများကို ခတ်ကာ ပျံသန်းလာသည့် ဧရာမ သတ္တဝါကြီးများကို တွေ့လိုက်ရသည်။
လေပြင်းများ တိုက်ခတ်လာပြီး အပူလှိုင်းများက ရိုက်ခတ်လာသည်။ ၎င်းတို့မှာ အရွယ်အစား အမျိုးမျိုးရှိသော မီးနဂါးများပင်။ အသေးဆုံး ခန္ဓာကိုယ်သည်ပင် ပေ ၆၀ သို့မဟုတ် ၇၀ ခန့် ရှည်လျားလိမ့်မည်ဟု ခန့်မှန်းရသည်။
၎င်းတို့၏ ခန္ဓာကိုယ်မှာ မီးလျှံကဲ့သို့ အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ရုပ်ဆိုးကြမ်းတမ်းသော မျက်နှာများ၊ ပြင်းထန်သော အကြည့်များနှင့် အသက်ရှူလိုက်တိုင်း ပူပြင်းသော အခိုးအငွေ့များ ထွက်ပေါ်နေကာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
"ဒါ... ဒါတွေက နဂါးတွေပဲ"
"မကောင်းတော့ဘူး တစ်ပါးကမ္ဘာက သတ္တဝါတွေပဲ... အရေးပေါ် အခြေအနေ ကြေညာလိုက်။ ဒီမီးနဂါးတွေ အနားမကပ်နိုင်အောင် အင်အားရှိသမျှ တားဆီးကြ"
မြို့ရိုးပေါ်ရှိ အရာရှိများ၏ မျက်နှာမှာ ဖြူဖျော့သွားကြပြီး ခေါင်းဆောင်ဖြစ်သူက အစွမ်းကုန် အော်ဟစ် အမိန့်ပေးလိုက်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်းဆိုသလိုပင် မြို့ရိုးပေါ်မှ သေနတ်သံ၊ အမြောက်သံများ ဆူညံသွားပြီး ကျည်ဆန်များနှင့် ဗုံးများသည် မီးနဂါးလေးကောင်ဆီသို့ မိုးရွာသကဲ့သို့ ကျရောက်သွားခဲ့သည်။ သို့သော်လည်း ထိုကျည်ဆန်များသည် မီးနဂါးများ၏ အကြေးခွံများကို မဖောက်နိုင်ဘဲ ၎င်းတို့ကို အနည်းငယ် နာကျင်အောင်သာ လုပ်နိုင်ခဲ့သည်။
"ဝေါး..."
နားကွဲမတတ် ဟိန်းဟောက်သံများနှင့်အတူ အမျက်ထွက်နေသော မီးနဂါးလေးကောင်သည် ဟယ်ယွမ်အခြေစိုက်စခန်းဆီသို့ ထိုးဆင်းလာပြီး မြစ်ရေစီးကြောင်းသဖွယ် ပြင်းထန်လှသော နဂါးမီးလျှံများကို မှုတ်ထုတ်လိုက်ကြသည်။ နောက်တစ်ခဏတွင် ဟယ်ယွမ်အခြေစိုက်စခန်းတစ်ခုလုံးမှာ မီးပင်လယ်အတွင်းသို့ ကျရောက်သွားတော့သည်။