← Chapters

အခန်း (၄၆၅-၄၆၆)

Vol. 47 Ch. 465-466

အခန်း (၄၆၅-၄၆၆)

Vol. 47 Ch. 465-466

အခန်း။ ၄၆၅

ချောင်ယန် အခြေစိုက်စခန်း။

အစည်းအဝေးခန်းမအတွင်း၌ အဆင့်မြင့်အရာရှိအားလုံး စုံလင်စွာ ရောက်ရှိနေကြပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေပြီး လူတိုင်းမှာ သူတို့ရှေ့တွင် ပြသနေသည့် ဗီဒီယိုဖိုင်ကို လေးနက်သော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်။

ဗီဒီယိုထဲတွင် ဧရာမနဂါးကြီးလေးကောင်၏ တိုက်ခိုက်မှုအောက်၌ ဟယ်ယွမ်အခြေစိုက်စခန်းမှာ မျက်တောင်တစ်ခတ်အတွင်း မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မြို့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ငရဲသို့ ရောက်သွားသကဲ့သို့ပင် အသည်းအသန် အော်ဟစ်ရင်း ပြာအဖြစ်သို့ ကူးပြောင်းသွားကြရသည်။ ဟယ်ယွမ်အခြေစိုက်စခန်း၏ ပြန်လည်ခုခံမှုများသည် ထိုနဂါးကြီးများကို ဘာမျှမလုပ်နိုင်သည်ကို မြင်လိုက်ရသောအခါ အစည်းအဝေးတက်ရောက်လာသူ အများအပြားမှာ မျက်နှာများ ဖြူဖျော့သွားကြပြီး စကားပင် မဆိုနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။

"ဟယ်ယွမ်အခြေစိုက်စခန်း ပျက်စီးသွားပြီဆိုတဲ့ သတင်းကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါကတော့ ဟယ်ယွမ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ တရားခံ၊ တစ်ပါးကမ္ဘာက အစွမ်းထက်သတ္တဝါတွေဖြစ်တဲ့ ဧရာမနဂါးတွေပါပဲ။ အခုအချိန်မှာ ဒီနဂါးတွေက ဟယ်ယွမ်မြို့ရဲ့ တစ်နေရာရာမှာ ခိုအောင်းနေဦးမှာပါ။ အဲဒီမှာ နဂါးဂူတွေနဲ့ ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းရှိနေနိုင်တယ်။ ဟယ်ယွမ်မြို့ဟာ နဂါးပြည်နယ်အတွင်းမှာ ရှိနေတာကြောင့် ဒီနဂါးတွေကကျွန်တော်တို့ ချောင်ယန်အခြေစိုက်စခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေတယ်လို့ ပြောရမှာပါ"

ဗီဒီယိုဖိုင်အဆုံးတွင် အခြေစိုက်စခန်းခေါင်းဆောင်က လူတိုင်းကို ဝေ့ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ဤနဂါးကြီးများမှာ ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်သော်လည်း ကျောက်လင်း ယခင်က ထုတ်ပြန်ခဲ့သည့် တစ်ပါးကမ္ဘာသတ္တဝါများဆိုင်ရာ လမ်းညွှန်ချက်တွင် နဂါးများအကြောင်း ပါဝင်ခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်အရာရှိများမှာ ထိုသတ္တဝါများကို မြင်သည်နှင့် တစ်ပြိုင်နက် မှတ်မိကြခြင်းပင်။ အစပိုင်းတွင် ကျောက်လင်းအနေဖြင့် ဤသတ္တဝါများအကြောင်းကို ဘာလို့ ဒီလောက်အထိ အသေးစိတ် သိရှိနေရတာလဲဟု အရာရှိများက သိလိုစိတ်ပြင်းပြခဲ့ကြသော်လည်း သူမက ထုတ်ဖော်ပြောကြားလိုခြင်း မရှိသဖြင့် မည်သူမျှ အတင်းအကျပ် မမေးမြန်းခဲ့ကြပေ။

အခြေစိုက်စခန်းခေါင်းဆောင်၏ စကားကို ကြားရသောအခါ အရာရှိများမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် မျက်နှာများတွင် ထိတ်လန့်ရိပ်များ သိသိသာသာ ပေါ်ပေါက်လာခဲ့သည်။ ဟယ်ယွမ်မြို့သည် နဂါးပြည်နယ်၏ အစွန်းပိုင်းတွင် ရှိသော်လည်း ပြည်နယ်အတွင်းရှိ အခြားမြို့များနှင့်မူ နီးကပ်စွာ တည်ရှိနေသည်။

အကယ်၍ ဤကြောက်မက်ဖွယ် နဂါးကြီးများက နဂါးပြည်နယ်အတွင်း စတင်သောင်းကျန်းလာပါက ချောင်ယန်အခြေစိုက်စခန်းမှာလည်း ဟယ်ယွမ်၏ ခြေရာအတိုင်း လိုက်သွားရပြီး မြို့ကော လူပါ ပျက်စီးသွားမည်မှာ မလွဲဧကန်ပင်။

ဤအချိန်တွင် အခြေစိုက်စခန်းခေါင်းဆောင်၏ ဘေး၌ ထိုင်နေသော ကျောက်လင်းမှာ စကားတစ်ခွန်းမျှ မဆိုသေးဘဲ ကျိရုရွှယ် ပေးထားသော စာအုပ်ငယ်လေးကိုသာ ဖွင့်ကြည့်နေသည်။ ယခင်က ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်တွင် လူအများ သိရှိနားလည်လွယ်စေရန် အဓိကအချက်များကိုသာ ရွေးချယ်ဖော်ပြခဲ့ခြင်းပင်။ ဥပမာအားဖြင့် နဂါးများနှင့် ပတ်သက်၍ ၎င်းတို့၏ အခြေခံပုံသဏ္ဌာန်နှင့် တစ်ပါးကမ္ဘာရှိ အစွမ်းအထက်ဆုံး မျိုးနွယ်စုဝင်များ ဖြစ်ကြောင်းကိုသာ ဖော်ပြခဲ့သည်။

သို့သော် ကျိရုရွှယ် ပေးခဲ့သည့် ဤစာအုပ်အထူကြီးထဲတွင်မူ နဂါးများအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ ဟယ်ယွမ်တွင် ပေါ်လာသော နဂါးများမှာ နဂါးမျိုးနွယ်စုဝင် "မီးနဂါးများ" ဖြစ်ကြပြီး ပင်ကိုယ်ကပင် ပျံသန်းနိုင်စွမ်းနှင့် အင်အားကြီးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြကာ တစ်ကိုယ်လုံးမှာ နီရဲသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး နဂါးမီးလျှံများကို မှုတ်ထုတ်နိုင်စွမ်း ရှိကြသည်။ ထို့အပြင် မီးနဂါးများသည် နဂါးမျိုးနွယ်စုအတွင်း မြင့်မြတ်သော မျိုးနွယ်များ ဖြစ်ကြပြီး အရွယ်ရောက်ရုံနှင့်ပင် အဆင့် ၇ သို့ အလိုအလျောက် ရောက်ရှိနိုင်ကြသည်။

စာအုပ်ထဲရှိ မီးနဂါးများအကြောင်း အသေးစိတ်ဖော်ပြချက်ကို ဖတ်ကြည့်ရင်း ကျောက်လင်း၏ စိတ်မှာ လေးလံသွားရပြီး သူမ၏ မျက်နှာမှာလည်း အလွန်တည်ကြည်သွားခဲ့သည်။

တောက်... ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ဒီကမ္ဘာမှာ ရှိနေတာလား။ အရွယ်ရောက်ရုံနဲ့ အဆင့် ၇ ကို ရောက်နိုင်တယ်ဆိုတာကတော့ တကယ်ကို မတရားလွန်းရာ ကျနေပြီ

ကျောက်လင်းက စာအုပ်ကို ဖတ်ရှုနေစဉ် အရာရှိများမှာလည်း အပူတပြင်း ဆွေးနွေးနေကြသည်။

"ခေါင်းဆောင်... ဒီနဂါးတွေက အရမ်းကို ကြောက်ဖို့ကောင်းလွန်းပါတယ်။ ဟယ်ယွမ်အခြေစိုက်စခန်းက ကျွန်တော်တို့ ချောင်ယန်လောက် အင်အားမကြီးဘူးဆိုပေမဲ့ ပြင်ပရန်သူတွေကို အခုထိ ကြံ့ကြံ့ခံလာနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီနဂါးတွေရှေ့မှာတော့ သူတို့ ဘာမှမတတ်နိုင်ဘဲ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ အင်အားနဲ့ဆိုရင် ဒီနဂါးတွေကို ခုခံဖို့က တကယ်ကို ခက်ခဲပါလိမ့်မယ်။ အဲဒါကြောင့် စောစောစီးစီး ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်"

အဆင့်မြင့်အရာရှိတစ်ဦးက စိုးရိမ်တကြီး အကြံပြုလိုက်သည်။

၎င်းကို ကြားသောအခါ နဂါးများ၏ စွမ်းအားကြောင့် ထိတ်လန့်နေကြသော အခြားအရာရှိများကလည်း ခေါင်းညိတ်၍ ထောက်ခံကြသည်။ သူတို့က မခုခံချင်ကြခြင်း မဟုတ်ဘဲ နဂါးများ ပြသခဲ့သည့် စွမ်းအားမှာ ပြင်းထန်လွန်းလှသဖြင့် ချောင်ယန်အနေဖြင့် ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲမည်ကို သိနေသောကြောင့်ပင်။

"ဟုတ်ပါတယ် ခေါင်းဆောင်... အခုပေါ်လာတဲ့ နဂါးတွေက ကျွန်တော်တို့ အခြေစိုက်စခန်း တစ်ခုတည်းနဲ့ တိုက်ခိုက်လို့ရမယ့် အနေအထား မဟုတ်တော့ဘူး။ ဒီနဂါးတွေကသာ နယ်မြေချဲ့ထွင်လာမယ်ဆိုရင် နဂါးပြည်နယ်ထဲက အခြား အခြေစိုက်စခန်းတွေလည်း တစ်ခုပြီးတစ်ခု ပျက်စီးသွားရမှာပါပဲ"

"ဒါကြောင့် ကျွန်တော်တို့ ချောင်ယန်အခြေစိုက်စခန်းအနေနဲ့ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်"

အခြားအဆင့်မြင့်အရာရှိတစ်ဦးကလည်း ထောက်ခံစကားပြောလိုက်သည်။ ထို့နောက်တွင် လူအများက အကြံပြုချက်များ အသီးသီးပေးကြရာ အများစုမှာ နဂါးပြည်နယ်မှ စောစီးစွာ စွန့်ခွာရန် အခြေစိုက်စခန်းခေါင်းဆောင်ကို တိုက်တွန်းနေကြခြင်းပင်။

"ကဲ... တော်ကြပါတော့ အားလုံး ကျွန်တော့်စကားကို နားထောင်ပေးကြပါ"

အခြေစိုက်စခန်းခေါင်းဆောင်က တည်ကြည်သောမျက်နှာထားဖြင့် ဆူညံနေသောအစည်းအဝေးခန်းမအတွင်း လက်နှစ်ဖက်ကို မြှောက်ကာ အောက်သို့ဖိချသည့်အမူအရာ လုပ်ပြလိုက်သည်။

ချက်ချင်းပင် အခန်းထဲ၌ တိတ်ဆိတ်သွားပြီး အရာရှိများအားလုံး ခေါင်းဆောင်ထံသို့ အကြည့်ပို့လိုက်ကြသည်။

"ခင်ဗျားတို့ရဲ့ အကြံပြုချက်အားလုံးကို ကျွန်တော် လက်ခံပါတယ်။ နဂါးတွေ တိုက်ခိုက်လာနိုင်တာက ဖြစ်နိုင်ခြေတစ်ခုပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ချောင်ယန်အခြေစိုက်စခန်းကို ပြန်လည်တည်ထောင်ထားတာ မကြာသေးဘူး။ အခုလိုမျိုး အလွယ်တကူ လက်လွှတ်လိုက်ရမှာလား။ ဒီဆုံးရှုံးမှုက... နောက်ပြီး နဂါးပြည်နယ်ကနေ ထွက်သွားမယ်ဆိုရင်တောင် ဘယ်ကိုသွားကြမှာလဲ ကျန်းပြည်နယ်ကိုပဲ ပြန်သွားကြမှာလား"

အခြေစိုက်စခန်းခေါင်းဆောင်က မျက်မှောင်ကြုတ်နေကြသော အရာရှိများကို ကြည့်ကာ ဆက်လက်ပြောကြားသည်။

"တခြားပြည်နယ်တွေကို သွားဖို့ဆိုတာကလည်း အရမ်းဝေးလွန်းပါတယ်။ ကျွန်တော်တို့ အခြေစိုက်စခန်းမှာ အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကလည်း အရမ်းများတော့ ဒီလောက်ဝေးတဲ့နေရာကို ရွှေ့ပြောင်းဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ကိစ္စပါ။ နဂါးတွေ ချောင်ယန်ကို တိုက်ခိုက်လာမှာကို အားလုံးစိုးရိမ်နေကြတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဟယ်ယွမ်နဲ့ တော်တော်လေး ဝေးပါသေးတယ်။ ပြောရရင်တော့... နဂါးတွေ တိုက်ခိုက်လာမယ်ဆိုရင်တောင် လမ်းမှာရှိတဲ့ တခြားအခြေစိုက်စခန်းတွေကို အရင်တိုက်မှာဖြစ်လို့ ကျွန်တော်တို့အတွက် ပြင်ဆင်ဖို့ အချိန်ရပါသေးတယ်။ ဟယ်ယွမ်မြို့ ပျက်စီးသွားတဲ့အကြောင်းကိုလည်း အထက်ကို တင်ပြထားပြီးပါပြီ"

"အခုလောလောဆယ်တော့ အင်ပါယာမြို့တော်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲ စောင့်ရပါမယ်။ အင်ပါယာမြို့တော်မှာတောင် အဖြေမရှိတော့ဘူးဆိုမှ ကျွန်တော်တို့ ရွှေ့ပြောင်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ကြတာပေါ့"

ခေါင်းဆောင်၏စကားကို ကြားသောအခါ တက်ရောက်လာသူများအားလုံး ခေါင်းညိတ်လက်ခံလိုက်ကြသည်။

လီမြစ် အခြေစိုက်စခန်း

ဟင်းသီးဟင်းရွက်စိုက်ခင်းအတွင်း၌

"ဖေဖေ... မြန်မြန်လာကြည့်ဦး ချီချီ့ရဲ့ အစီအရင်ကို စမ်းကြည့်ရအောင်"

ခရမ်းချဉ်သီး ခူးနေသော လုချွမ်းကို ကျိရုရွှယ်က လက်လှမ်းပြကာ အော်ခေါ်လိုက်သည်။

"အစီအရင် ဟုတ်လား"

ခရမ်းချဉ်သီးခင်းထဲမှ လုချွမ်းက အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။ စောစောက ချီချီလေးတစ်ယောက် စိုက်ခင်းနဲ့ သစ်သီးခြံထဲမှာ ဟိုပြေးဒီပြေးလုပ်ပြီး တစ်ခုခု မြှုပ်နေတာကို သူတွေ့လိုက်ရသည်။ ထိုအရာက အစီအရင်ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လုချွမ်းမှာ စပ်စုလိုစိတ်ဖြင့် အနားသို့ လျှောက်လာခဲ့သည်။

"ချီချီ... သမီးက ဒီစိုက်ခင်းထဲမှာ အစီအရင်တစ်ခု ဖန်တီးလိုက်တာလား"

လုချွမ်းက ပြုံးလျက် မေးလိုက်သည်။

"ဟုတ်တယ် ဖေဖေ အရင်ဆုံး ချီချီနဲ့အတူ အပြင်ဘက်ကို ခဏလိုက်ခဲ့ဦး"

ကျိရုရွှယ်က ခေါင်းညိတ်ပြပြီး လုချွမ်းကို စိုက်ခင်းအစွန်းဘက်သို့ ဆွဲခေါ်သွားသည်။

"စတင်စေ"

နောက်တစ်ခဏတွင် ကျိရုရွှယ်၏ မျက်နှာမှာ တည်ကြည်သွားပြီး သေးငယ်သောလက်လေးဖြင့် စိုက်ခင်းထောင့်ကို ညွှန်ပြကာ အသံလေးဖြင့် အမိန့်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျိရုရွှယ်၏ လက်ချောင်းထိပ်များမှ ဝိညာဉ်အနှစ်သာရများထွက်ပေါ်လာပြီး စိုက်ခင်းထောင့်ရှိ မြေကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။

ဝိန်း... ဝိန်း... ဝိန်း...

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေအောက်၌ မြှုပ်ထားသော နတ်ဆိုးအမြုတေမှာ တုန်ခါလာပြီး ၎င်းပေါ်ရှိ စာလုံးများမှာ တောက်ပသော ဝိညာဉ်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

ရှူး... ရှူး...

ခဏချင်းမှာပင် အလင်းတန်းများမှာ သက်တန့်များသဖွယ် စိုက်ခင်းနှင့် သစ်သီးခြံ၏ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကာ မြေအောက်တွင် မြှုပ်ထားသော နတ်ဆိုးအမြုတေများကို တစ်ခုပြီးတစ်ခု အသက်သွင်းလိုက်တော့သည်။

ဘုန်း

ချက်ချင်းပင် မြေပြင်မှ အစီအရင်တစ်ခု ထွက်ပေါ်လာပြီး စိုက်ခင်းနှင့် သစ်သီးခြံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"ဖေဖေ... ဒီအစီအရင် ဘယ်လောက်အစွမ်းထက်လဲဆိုတာ တစ်ချက်လောက် တိုက်ခိုက်ကြည့်ပါဦး"

ကျိရုရွှယ်က ခေါင်းမော့၍ ဂုဏ်ယူစွာ ပြောလိုက်သည်။

အခန်း။ ၄၆၆

ဤကာကွယ်ရေးအစီအရင်ကို တည်ဆောက်ရန်အတွက် ကျိရုရွှယ်မှာ အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။ အစောပိုင်း ပြင်ဆင်မှုများကပင် သူမ၏ စွမ်းအင်များကို များစွာ ကုန်ဆုံးစေခဲ့ခြင်းပင်။

အထူးသဖြင့် နတ်ဆိုးအမြုတေများပေါ်တွင် အစီအရင်စာသားများကို ရေးထွင်းရာ၌ စိတ်ရှည်ရုံသာမက အချိန်များစွာလည်း ပေးခဲ့ရသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုချွမ်းသည် စိုက်ခင်းနှင့် သစ်သီးခြံကို ကာရံထားသည့် အစီအရင် အလင်းကာပြင်ကို လှမ်းကြည့်လိုက်သည်။ ဝိညာဉ်အလင်းတန်းများမှာ အစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အလင်းကာပြင်တစ်လျှောက် အဆက်မပြတ် လှည့်ပတ်စီးဆင်းနေသည်။

"ဒါဆိုရင် ဖေဖေ တစ်ချက်လောက် ထပ်စမ်းကြည့်ဦးမယ်"

လုချွမ်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး နောက်တစ်ခဏ၌ သူသည် ကျားသစ်တစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ပြေးထွက်သွားကာ အလင်းကာပြင်ကို လက်သီးဖြင့် အားကုန်လွှဲရိုက်လိုက်သည်။

ဘုန်း….

မျက်တောင်တစ်ခတ်အတွင်းမှာပင် လုချွမ်း၏ လက်သီးချက်မှာ အစီအရင်အလင်းကာပြင်ပေါ်သို့ ကျရောက်သွားပြီး မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ လုချွမ်းသည် အစီအရင်ဆီမှ တန်ပြန်ရိုက်ခတ်လာသော အင်အားကြီးမားသည့် တွန်းအားတစ်ခုကို ခံစားလိုက်ရသည်။

ထိုတွန်းအားကြောင့် လုချွမ်းမှာ နောက်သို့ လွင့်ထွက်သွားခဲ့ပြီး ပေ ၃၀ ကျော်ခန့်အကွာသို့ ရောက်မှသာ ရပ်တန့်နိုင်ခဲ့သည်။ တစ်ဖက်တွင်မူ အစီအရင်အလင်းကာပြင်မှာ တုန်ခါသွားပြီး ဝိညာဉ်အလင်းတန်းများမှာ ရေပြင်ပေါ်မှ ဂယက်လှိုင်းများသဖွယ် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ခဏအကြာတွင် ထိုဂယက်လှိုင်းများမှာ ပျောက်ကွယ်သွားခဲ့ပြီး အစီအရင်မှာ မူလအတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

"ဒီအစီအရင်ရဲ့ ကာကွယ်ရေးက မဆိုးဘူးပဲ..."

ခပ်လှမ်းလှမ်းမှနေ၍ လုချွမ်းမှာ ထိုအစီအရင်ကို အံ့ဩတကြီး ကြည့်နေမိသည်။ မူလက သူသည် ဤအစီအရင်မှာ အဆင့်နိမ့်သတ္တဝါအချို့ကိုသာ တားဆီးနိုင်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။ သို့သော် သူ၏ တိုက်ခိုက်မှုကိုပင် ဤမျှ တောင့်ခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏ စွမ်းအားမှာ အလွန်ကြီးမားလှသည်မဟုတ်သော်လည်း နောက်ဆုံးတွင် သူသည် အဆင့် ၆ ရှိသူတစ်ဦးပင်။ ချီချီလေး၏ အစီအရင်မှာ သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေခြင်းမှာ အမှန်တကယ်ပင် ထူးခြားသည်။

ဘေးနားတွင် ကြည့်နေသော ကျိရုရွှယ်မှာမူ သူမ၏ ဖခင်ဖြစ်သူ အစီအရင်ကြောင့် နောက်သို့ လွင့်ထွက်သွားသည်ကို မြင်သောအခါ ကလေးပီပီ သဘောကျကာ ပြုံးနေတော့သည်။

ဟိဟိ...

သူမ၏ ကာကွယ်ရေးအစီအရင်အတွက် နတ်ဆိုးအမြုတေ အမြောက်အမြားကို အသုံးပြုထားခြင်းပင်။ ၎င်း၏ ပြင်းထန်သော ကာကွယ်ရေးစွမ်းအားမှာ အဆင့် ၆ အောက်ရှိ မည်သည့်တိုက်ခိုက်မှုကိုမဆို တားဆီးနိုင်ရန် လုံလောက်သည်။ ဖေဖေအနေဖြင့် သူ၏ အင်အားအစစ်အမှန်ကို အသုံးမပြုသရွေ့ ဤအစီအရင်ကို ချိုးဖျက်ရန်မှာ မဖြစ်နိုင်ပေ။

"ချီချီ... ဖေဖေကို အမှန်အတိုင်းပြောစမ်းပါဦး။ ဒီအစီအရင်က ဘယ်လောက်အထိ တောင့်ခံနိုင်တာလဲ"

လုချွမ်းမှာ သတိပြန်ဝင်လာပြီးနောက် သူ့ကို ကြည့်ပြီး ပြုံးစိစိလုပ်နေသော သမီးဖြစ်သူကို အသာအယာ မျက်စောင်းထိုးရင်း မေးလိုက်သည်။

"ဖေဖေ... ဒီကာကွယ်ရေးအစီအရင်က အဆင့် ၆ အောက်က တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်တယ်။ အဆင့် ၆ ရှိတဲ့သူတောင်မှ ခဏချင်းနဲ့ ဖျက်ဖို့ မလွယ်ဘူးနော်"

ကျိရုရွှယ်က သူမ၏ အမူအရာကို ပြန်ထိန်းကာ သေချာရှင်းပြလိုက်သည်။

အဆင့် ၆ အောက်ဆိုလျှင် ဖျက်ရန်ခဲယဉ်းပြီး အဆင့် ၆ ရှိသူပင် ခက်ခက်ခဲခဲ လုပ်ဆောင်ရမည်ဟု ကြားလိုက်ရသောအခါ လုချွမ်းမှာ အလွန်ပင် ဝမ်းသာသွားခဲ့သည်။ ဤသည်မှာ အလွန်ကောင်းမွန်သည်။ နောင်တွင် တစ်စုံတစ်ယောက်ကသာ ခိုးကြောင်ခိုးဝှက် လာရောက်တိုက်ခိုက်ခဲ့လျှင်ပင် အစီအရင်ဖြင့် ကာကွယ်ထားသော ဤစိုက်ခင်းမှာ ပျက်စီးသွားတော့မည် မဟုတ်ပေ။

ယခင်က ချင်းရွှေလယ်တောရှိ စိုက်ခင်းများမှာ ရဟတ်ယာဉ်များ၏ ဒုံးကျည်များဖြင့် အပိုင်းပိုင်းအပြတ်ပြတ် ဖျက်ဆီးခံခဲ့ရခြင်းမှာ လုချွမ်းအတွက် ဘယ်သောအခါမှ မေ့ဖျောက်၍မရနိုင်သော နာကျင်မှုတစ်ခု ဖြစ်ခဲ့ရသည်။

ထို့နောက်တွင်တော့ လုချွမ်းသည် အစီအရင်ကို အကြိမ်အနည်းငယ် ထပ်မံတိုက်ခိုက်ကြည့်ခဲ့သည်။ အစီအရင်၏ ကာကွယ်ရေးအတိုင်းအတာကို အသေအချာ သိရှိသွားပြီးနောက်တွင်မူ သူ၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ကဲ သွားကြစို့ ချီချီ... နေ့လယ်စာအတွက် ဖေဖေက ခရမ်းချဉ်သီး ကြက်ဥကြော်ရယ်၊ ခရမ်းချဉ်သီး အမဲသားချက်ရယ် ချက်ပေးမယ်..."

"ဟုတ်ကဲ့ပါ ဖေဖေ"

လုချွမ်းသည် ခရမ်းချဉ်သီးများ အပြည့်ပါသော ခြင်းတောင်းကို တစ်ဖက်ကကိုင်ကာ နောက်တစ်ဖက်ကမူ ချီချီလေး၏ လက်ကိုဆွဲ၍ ဗီလာအတွင်းသို့ ပြန်ဝင်ခဲ့ကြသည်။

မွန်းလွဲပိုင်း၌

"မဆိုးဘူးပဲ... ရိတ်သိမ်းဖို့ အချိန်တန်ပြီ"

ဗီလာအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လုချွမ်းမှာ ဇွန်ဘီရုပ်သေး၏ အမြင်အာရုံမှတစ်ဆင့် ကိုးဘော့လ်အခြေစိုက်စခန်း၏ အခြေအနေကို အကဲခတ်ရင်း ရေရွတ်လိုက်တော့သည်။

အထဲတွင်ရှိနေသော အဆင့် ၃ နှင့် အဆင့် ၄ အဆင့်မြင့်ဇွန်ဘီ အရေအတွက်မှာ သတ်မှတ်ထားသော အချိုးအစားသို့ ရောက်ရှိလာသည်ကို မြင်သောအခါ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

စောစောကပင် သူသည် မြွေနီဇွန်ဘီမွေးမြူရေးစခန်းကိုလည်း အကဲခတ်ခဲ့ရာ ထိုနေရာရှိ အဆင့်မြင့်ဇွန်ဘီများမှာလည်း ရိတ်သိမ်းရန် အချိန်တန်နေပြီ ဖြစ်သည်။

ယခုအခါ သူသည် အဆင့် ၇ သို့ တက်လှမ်းရန် လိုအပ်သော အမြုတေများကို ရရှိရန်အတွက် အကြီးအကျယ် ရိတ်သိမ်းမှုတစ်ခု ပြုလုပ်ရန်သာ လိုတော့သည်။ ဤအချက်ကို တွေးမိရင်း လုချွမ်းမှာ စိတ်ထဲမှ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

ထိုစဉ်မှာပင် အဆောက်အအုံအတွင်းရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းမှာ ရုတ်တရက် လှုပ်ရှားလာသဖြင့် လုချွမ်းမှာ ထိတ်လန့်သွားခဲ့ရသည်။

"ဒါက..."

လုချွမ်းသည် သူ၏အမြင်အာရုံကို ချက်ချင်းပင် အဆောက်အအုံအတွင်းသို့ ပို့လွှတ်လိုက်ရာ အဆက်မပြတ် တုန်ခါနေသော ဟင်းလင်းပြင်အက်ကွဲကြောင်းကို တွေ့လိုက်ရသည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ပြန့်ကားလာနေပြီး အတွင်းဘက်မှ တစ်စုံတစ်ခုက အတင်းတိုးထွက်လာနေသကဲ့သို့ပင်။

ဘုန်း….

နားကွဲမတတ် အသံကြီးများနှင့်အတူ ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ မည်းနက်နေသော အရိပ်များ တိုးထွက်လာခဲ့သည်။ ၎င်းတို့မှာ အရေအတွက် သုံးရာမှ လေးရာခန့်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ကိုးဘော့လ်များပင်။ ရှေ့ဆုံးမှ ဦးဆောင်လာသော ကိုးဘော့လ်မှာ အလွန်အရပ်ရှည်ပြီး အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားကာ ၎င်း၏ ငွေရောင်အမွှေးအမျှင်များမှာ အလွန်ပင် သန်မာထွားကြိုင်းပုံရသည်။

ထို့အပြင် ထိုကိုးဘော့လ်သည် အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည့် အနက်ရောင် စစ်ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး အလွန်အင်အားကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"တကယ်ပဲ အဆင့် ၆ ကိုးဘော့လ်တစ်ကောင် ပေါ်လာပြီပေါ့"

ပြိုင်ဘက်၏ အရှိန်အဝါကို ခံစားမိသောအခါ လုချွမ်း၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"ဝေါး..."

ထွက်ပေါ်လာသော ကိုးဘော့လ်များသည် သူတို့ကို ဝိုင်းရံထားသော ဇွန်ဘီရုပ်သေးများကို မြင်လိုက်ရသောအခါ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်ပေါက်လာပြီး ဟိန်းဟောက်ကာ သူတို့၏ လက်နက်များကို ဝှေ့ယမ်းရင်း ရှေ့သို့ ပြေးဝင်လာကြတော့သည်။

ဤအခြေအနေတွင် လုချွမ်း၏ ဇွန်ဘီရုပ်သေးများကလည်း ဟိန်းဟောက်သံများပေးကာ ပြန်လည်တိုက်ခိုက်ကြရာ အဆောက်အအုံအတွင်းရှိ မြေပြင်ကျယ်ကြီးပေါ်တွင် နှစ်ဖက်စလုံး အပြင်းအထန် တိုက်ခိုက်နေကြတော့သည်။

ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်နေသော အဆင့် ၆ ကိုးဘော့လ်မှာ သိသိသာသာ ကြီးမားလာခဲ့ပြီး ခန္ဓာကိုယ်မှာ သတ္တုနှင့် သွန်းလုပ်ထားသကဲ့သို့ပင် အေးစက်သော ငွေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

"ဝုတ်……"

၎င်းသည် ရှေ့သို့တိုးဝင်လာသော အဆင့် ၆ ဇွန်ဘီရုပ်သေးကို ကြည့်ကာ ဟိန်းဟောက်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်ဘေးပတ်လည်တွင် မီးလျှံများ ဝဲလည်လာပြီး အနက်ရောင်စစ်ဓားပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။

ဘုန်း…..

ချက်ချင်းဆိုသလိုပင် မီးလျှံဓားချက်မှာ မသေနိုင်သူ ၁ ထုတ်လွှတ်လိုက်သော သွေးရောင်လျှပ်စီးဘောလုံးကို အပိုင်းပိုင်းဖြတ်တောက်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားခဲ့သည်။

ရှူး….

ဝုန်း...

ထို့နောက်တွင်တော့ အဆင့် ၆ ကိုးဘော့လ်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး မသေနိုင်သူ ၁ မှုတ်ထုတ်လိုက်သော သွေးဆာသော ဝိညာဉ်အလင်းကို ရှောင်ကွင်းကာ အနက်ရောင်စစ်ဓားကို ဝှေ့ယမ်းလျက် သံတုတ်ကို ကိုင်ဆောင်ထားသော အားဖန်းနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်တော့သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

မြေအောက်နေရာအတွင်း၌ နှစ်ဖက်စလုံးမှာ အဆက်မပြတ် အပြင်းအထန် တိုက်ခိုက်နေကြပြီး ပေါက်ကွဲသံများမှာလည်း တရစပ် ထွက်ပေါ်နေသည်။ မသေမျိုး ၁၊ အားဖန်းနှင့် အာဏာရှင် ၁ တို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ထိုအဆင့် ၆ ကိုးဘော့လ်မှာ ကြောက်ရွံ့ခြင်းမရှိဘဲ ရူးသွပ်စွာ တိုက်ခိုက်နေကာ ဓားချက်တိုင်းမှာ ဇွန်ဘီရုပ်သေးများ၏ ခန္ဓာကိုယ်ဆီသို့သာ ဦးတည်နေသည်။

သို့သော် လက်နှစ်ဖက်သည် လက်လေးဖက်ကို မယှဉ်နိုင်ပါချေ။ မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ ထိုကိုးဘော့လ်မှာ ဝိုင်းရံတိုက်ခိုက်မှုကို မခံနိုင်တော့ပေ။

ဘုန်း….

ခဏအကြာတွင် သွေးအိုင်ထဲ၌ နစ်နေသော ကိုးဘော့လ်မှာ အကာအကွယ် လစ်ဟင်းသွားခဲ့ရာ အားဖန်း၏ တုတ်ချက်မှာ ၎င်း၏ ရင်ဘတ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားခဲ့သည်။ အနက်ရောင်သံချပ်ကာမှာ အက်ကွဲပျက်စီးသွားပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"ဂျီလီဟူလာ"

ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး ပါးစပ်မှ သွေးများထွက်နေသော်လည်း ထိုကိုးဘော့လ်မှာ အားနည်းစွာဖြင့် ပြန်လည်တွားသွားကာ အဆင့် ၆ ဇွန်ဘီရုပ်သေး သုံးကောင်ကို ကြည့်ရင်း တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်နေသည်။

"ဘာတွေ အော်နေတာလဲ ဒီလောက် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... သေလိုက်တာက ပိုအေးဆေးတယ်"

အဆင့်နိမ့်ကိုးဘော့လ်များနှင့် ယှဉ်လျှင် ဤအဆင့် ၆ ကိုးဘော့လ်မှာ ပိုမိုမြင့်မားသော ဉာဏ်ရည်ရှိသော်လည်း ဘာသာစကား အခက်အခဲကြောင့် လုချွမ်းမှာ ၎င်း၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် စိတ်ရှည်ခြင်း မရှိပေ။

နောက်တစ်ခဏတွင် မသေနိုင်သူ ၁ အစရှိသော ဇွန်ဘီရုပ်သေးများမှာ တစ်ပြိုင်နက်တည်း ဝိုင်းအုံလိုက်ကြပြီး ပြိုင်ဘက်ကို အပိုင်းပိုင်းဖြစ်အောင် ချေမှုန်းပစ်လိုက်ကြတော့သည်။ မကြာမီမှာပင် ကျန်ရှိနေသော ကိုးဘော့လ်များမှာလည်း အဆင့် ၅ ဇွန်ဘီရုပ်သေးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

"အဆင့် ၆ တွေတောင် စပေါ်လာပြီဆိုတော့... ငါလည်း အဆင့် ၇ ကို တက်လှမ်းဖို့ အချိန်တန်ပြီထင်တယ်..."

ဗီလာအတွင်း၌ လုချွမ်း၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားခဲ့သည်။ နောက်တစ်ဆင့်မှာတော့ ဇွန်ဘီများကို ရိတ်သိမ်းပြီး အမြုတေများကို ရယူရန်ပင်။

ညနေစောင်းသို့ ရောက်ရှိလာချိန်တွင် လုချွမ်းသည် အဆင့် ၆ အမြုတေ လေးခုကို အောင်မြင်စွာ ရရှိခဲ့ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ပြင်ဆင်လိုက်သည်။

လက်ထဲရှိ အမြုတေများကို ကြည့်ရင်း လုချွမ်းသည် ပြတ်သားသော မျက်ဝန်းများဖြင့် ၎င်းတို့ကို တစ်ပြိုင်နက်တည်း မျိုချလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အာရုံစူးစိုက်လိုက်တော့သည်။

All Chapters