အခန်း (၄၆၇-၄၆၈)
Vol. 47 Ch. 467-468
အခန်း။ ၄၆၇
ဝုန်း...
အမြုတေ လေးခုကို မျိုချလိုက်သည့် ခဏမှာပင် လုချွမ်း၏ ခန္ဓာကိုယ်အတွင်း၌ သမုဒ္ဒရာကြီးတစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ အဆုံးအစမရှိသော စွမ်းအားလှိုင်းများ ရိုက်ခတ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထိုပြင်းထန်လှသော စွမ်းအင်များသည် လုချွမ်း၏ ခန္ဓာကိုယ်အနှံ့သို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားပြီး သူ၏ အဆင့် ၆ ရုပ်ကလာပ်ကို စတင်ပြုပြင်ပြောင်းလဲပေးတော့သည်။ အသားမျှင်များ၊ အရိုးအဆစ်များ၊ ကိုယ်တွင်းအင်္ဂါများနှင့် ဦးနှောက်တို့မှာ တစ်ဆင့်ပြီးတစ်ဆင့် အသွင်ပြောင်းလဲလာခဲ့သည်။
ဤဖြစ်စဉ်သည် များစွာသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသော်လည်း ၎င်းနှင့်အတူ ပါလာသော နာကျင်မှုမှာမူ လုချွမ်း၏ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်သွားစေသည်။ တစ်ကိုယ်လုံး အပိုင်းပိုင်းအပြတ်ပြတ် ဆွဲဖြဲခံနေရသကဲ့သို့ ခံစားနေရခြင်းကြောင့်ပင်။ သို့သော်လည်း အဆင့် ၇ သို့ တက်လှမ်းလိုစိတ် ပြင်းပြနေသော လုချွမ်းသည် အံကြိတ်ကာ အစွမ်းကုန် အောင့်အည်းသည်းခံနေတော့သည်။
သူသည် ထိုစွမ်းအင်များကို စနစ်တကျ လမ်းကြောင်းပေးရန်လည်း စတင်ကြိုးစားလိုက်သည်။
ဗြုန်း... ဗြုန်း...
ခဏအကြာတွင် လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် သွေးကြောများအတွင်း၌ မြစ်ရေစီးကြောင်းသဖွယ် ရူးသွပ်စွာ စီးဆင်းလာခဲ့သည်။ ထိုစွမ်းအင်များသည် သွေးရောင်ဝိညာဉ်အနှစ်သာရများအဖြစ် ပြောင်းလဲသွားပြီး လုချွမ်း၏ ဝိညာဉ်အနှစ်သာရလုံးအတွင်းသို့ စုပြုံဝင်ရောက်သွားကြသည်။ ထိုအခါ ဝိညာဉ်အနှစ်သာရလုံးမှာ တုန်ခါလာပြီး တောက်ပသော ဝိညာဉ်အလင်းတန်းများကို ထုတ်လွှတ်လာတော့သည်။
တစ်ချိန်တည်းမှာပင် လုချွမ်း၏ စိတ်ဝိညာဉ်မှာလည်း ကြီးမားသော စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်နေရသည်။ မီးဖိုတစ်ခုအတွင်း၌ အပြင်းအထန် အနှိပ်စက်ခံနေရသကဲ့သို့ပင်။ ပူပြင်းလှသော သံပူချောင်းတစ်ချောင်းက သူ၏ဦးနှောက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ မွှေနှောက်နေသကဲ့သို့ ခံစားနေရပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် နာကျင်နေသဖြင့် သူ၏ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေတော့သည်။
လုချွမ်းက ဝိညာဉ်အနှစ်သာရများကို အသည်းအသန် စုပ်ယူနေပြီး အဆင့် ၇ သို့ နီးကပ်လာချိန်တွင် ယခင်က ကျိရုရွှယ် အဆင့်တက်စဉ်က ဖြစ်ပေါ်ခဲ့သော စွမ်းအင်မုန်တိုင်းကြီးသည် ဗီလာအထက်သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြန်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကမ္ဘာလောကကြီးမှာ အရောင်အဆင်း ပြောင်းလဲသွားပြီး လေပြင်းများကြောင့် တိမ်တိုက်များမှာ လွင့်စင်ကုန်ကာ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။ အရပ်မျက်နှာအနှံ့မှ စွမ်းအင်များသည် မမြင်ရသောအင်အားတစ်ခု၏ တွန်းပို့မှုကြောင့် ဗီလာဆီသို့ ရူးသွပ်စွာ စုပြုံလာကြတော့သည်။
ခပ်လှမ်းလှမ်းရှိ စိုက်ခင်းအတွင်း၌ အစီအရင်ကို ပြုပြင်နေသော ကျိရုရွှယ်သည် ထိုအခြေအနေကို ချက်ချင်းအာရုံခံမိသွားပြီး ဗီလာအထက်မှ ဝိညာဉ်စွမ်းအင်မုန်တိုင်းကို ကြည့်ကာ ပြုံးလိုက်မိသည်။
"ဖေဖေလည်း အဆင့် ၇ ကို တက်တော့မယ်ထင်တယ်"
ထို့နောက် ကျိရုရွှယ်သည် ဗီလာဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
ဝုန်း... ဝုန်း...
ဗီလာအတွင်းသို့ ပြင်းထန်သော စွမ်းအင်များနှင့် လေပြင်းများ တိုးဝင်လာပြီး အဆင့် ၇ သို့ တက်လှမ်းနေသော လုချွမ်းကို အပြည့်အဝ ဆေးကြောသန့်စင်ပေးလိုက်သည်။ ချက်ချင်းပင် လုချွမ်း၏ အဆင့်တက်နှုန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
အဆုံးအစမရှိသော ဝိညာဉ်အနှစ်သာရများ အဆက်မပြတ် စီးဝင်လာမှုကြောင့် သူ၏ကိုယ်တွင်းရှိ ဝိညာဉ်အနှစ်သာရလုံးမှာ ရူးသွပ်စွာ တုန်ခါလာပြီး တောက်ပလှသော ဝိညာဉ်အလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်လွှတ်လိုက်တော့သည်။
ဘုန်း….
အချိန်မည်မျှ ကုန်လွန်သွားသည်မသိသော်လည်း အံကြိတ်ခံစားနေသော လုချွမ်း၏ ကိုယ်တွင်းမှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ပြင်းထန်လှသော အရှိန်အဝါမှာ နောက်ဆုံးတွင် အဆင့် ၇ သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုသဖွယ် အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားခဲ့သည်။
အိပ်ခန်းအတွင်း တင်ပျဉ်ခွေထိုင်နေသော လုချွမ်းသည် ဖြည်းဖြည်းချင်း လေထဲသို့ မြောက်တက်လာခဲ့သည်။
"ဟူး... နောက်ဆုံးတော့ အောင်မြင်သွားပြီ။ အဆင့် ၇ ... ဟားဟား ဒီလိုခံစားချက်မျိုးက တကယ်ကို လန်းဆန်းစေတာပဲ"
လုချွမ်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ကိုယ်တွင်းရှိ ဝိညာဉ်
အနှစ်သာရများ လှည့်ပတ်စီးဆင်းနေပုံနှင့် လေထဲတွင် ဝဲပျံနေသော သူ့ခန္ဓာကိုယ်ကို ခံစားမိသောအခါ လုချွမ်းမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အားရပါးရ ရယ်မောလိုက်မိသည်။
ချက်ချင်းဆိုသလိုပင် လုချွမ်း၏ စိတ်စွမ်းအားများမှာ ရူးသွပ်စွာ ထွက်ပေါ်လာပြီး လီမြစ်နယ်မြေကို ကျော်လွန်ကာ အိမ်နီးချင်းမြို့၏ မြို့ပြရပ်ကွက်များအထိ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားခဲ့သည်။ သူ၏ စိတ်စွမ်းအား မည်မျှအထိ ဝေးဝေးရောက်နိုင်သည်ကို ခန့်မှန်းကြည့်ရင်း လုချွမ်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အဆင့် ၇ သို့ တက်လှမ်းနိုင်ခဲ့ခြင်းက စိတ်စွမ်းအားကို အဆမတန် မြင့်မားစေခဲ့ရုံသာမက လုချွမ်း၏ ခန္ဓာကိုယ်ကိုလည်း သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ယခုအချိန်တွင် လုချွမ်းသည် လူသားတစ်ယောက်နှင့် လုံးဝခွဲခြား၍ မရနိုင်တော့ပေ။
ရုပ်ရည်အားဖြင့် လုချွမ်းသည် နုပျိုသော လူငယ်တစ်ဦးကဲ့သို့ ဖြစ်နေပြီး ယခင်က ရပ်တန့်နေခဲ့သော သွေးများက ယခုအခါ ခန္ဓာကိုယ်အနှံ့ အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီဖြစ်သည်။ သေဆုံးနေပြီဟု ထင်ရသော သူ၏ရုပ်ကလာပ်မှာလည်း အပြည့်အဝ ပြန်လည်နိုးထလာခဲ့ပြီး ကြွယ်ဝသော သက်စောင့်အားမာန်များကို ထုတ်လွှတ်နေသည်။
သူသည် အားအင်ပြည့်ဝသော လူသားလူငယ်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ခြင်းပင်။
ထို့နောက် လုချွမ်းသည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ စည်းချက်ကျကျ ခုန်လှုပ်နေသော သူ၏နှလုံးခုန်သံကို ခံစားရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤအခိုက်အတန့်မှစ၍ သူသည် လူသားတစ်ဦး ပြန်ဖြစ်သွားခဲ့ပြီဟု ဆိုနိုင်သည်။
ဗီလာ၏ အပြင်ဘက်တွင် ဖခင်ဖြစ်သူထံမှ ထွက်ပေါ်လာသော အဆင့် ၇ အရှိန်အဝါကို သတိပြုမိလိုက်သဖြင့် စောင့်ဆိုင်းနေသော ကျိရုရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် ဗီလာအတွင်းသို့ ပြေးဝင်လာခဲ့သည်။ အိပ်ခန်းအတွင်း၌ လှုပ်ရှားမှုကို အာရုံခံမိသဖြင့် ချီချီလေး ဖြစ်မည်ကို သိလိုက်သော လုချွမ်းသည် သူ၏အရှိန်အဝါကို ထိန်းချုပ်လိုက်ပြီး တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
"ချီချီ"
တံခါးဝတွင် ရပ်နေသော ချီချီလေးကို ကြည့်ကာ လုချွမ်းက ပြုံးလိုက်သည်။ ဤအချိန်တွင် ကျိရုရွှယ်မှာ သူမရှေ့ရှိ ဖခင်ဖြစ်သူကို မြင်လိုက်ရသဖြင့် မှင်တက်သွားခဲ့ရသည်။
လုချွမ်း၏ ရုပ်ရည်မှာ များစွာပြောင်းလဲသွားခြင်း မရှိသော်လည်း သူမ၏ဖခင်မှာ လုံးဝဥဿုံ အသွင်ပြောင်းလဲသွားပြီဖြစ်ကြောင်း ကျိရုရွှယ် ခံစားမိနေသည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူမသည် ဖခင်ဖြစ်သူထံမှ နှလုံးခုန်သံ၊ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နွေးထွေးမှုနှင့် သက်ရှိတို့၏ အသက်ရှူသံတို့ကို ခံစားလိုက်ရခြင်းပင်။
ဇွန်ဘီဘုရင်က အဆင့် ၇ ကို ရောက်သွားရင် လူသားတစ်ယောက် လုံးလုံးလျားလျား ဖြစ်သွားတာလား
ကျိရုရွှယ်မှာ စိတ်ထဲမှ တိတ်တဆိတ် တွေးတောရင်း အံ့ဩတုန်လှုပ်နေမိသည်။ ဇွန်ဘီဘုရင်များသည် ဇွန်ဘီလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေနိုင်သောကြောင့် သူမ၏ ယခင်ဘဝတွင် လူသားများသည် ဇွန်ဘီဘုရင်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
ဇွန်ဘီဘုရင်၏ အစအနကို တွေ့သည်နှင့်တစ်ပြိုင်နက် အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် ကြိုးစားကြပြီး သူတို့ကို ကြီးထွားခွင့် လုံးဝမပေးခဲ့ကြပေ။ ထို့ကြောင့် ကျိရုရွှယ်သည် သူမ၏ယခင်ဘဝတွင် အဆင့် ၇ သို့ ရောက်ရှိသွားသော ဇွန်ဘီဘုရင်တစ်ပါးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီဘုရင်တစ်ပါး အဆင့်တက်သွားပြီးနောက် မည်သို့ဖြစ်လာမည်ကို သူမ အမှန်တကယ် မသိရှိခဲ့ခြင်းပင်။
"ဖေဖေ... ဖေဖေ အဆင့် ၇ ကို တက်သွားပြီလား"
သတိပြန်ဝင်လာသော ကျိရုရွှယ်က အနားသို့ တိုးလာပြီး ပြုံးလျက် မေးလိုက်သည်။
"ဟုတ်တယ် ဖေဖေလည်း အခုတော့ ချီချီလေးလိုပဲ အဆင့် ၇ ကို ရောက်သွားပြီပေါ့"
လုချွမ်းက ကျေနပ်အားရစွာဖြင့် ချီချီလေး၏ ခေါင်းကို အသာအယာပွတ်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် ဖေဖေ၊ ဖေဖေက ပိုပြီးတော့တောင် အစွမ်းထက်လာပြီ"
၎င်းကို ကြားသောအခါ ကျိရုရွှယ်က ဝမ်းသာဟန်ဆောင်ကာ လုချွမ်း၏ လက်မောင်းကို ဖက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ... ဖေဖေအနေနဲ့ ဒီစွမ်းအားတွေကို တည်ငြိမ်အောင် လုပ်ဖို့ အချိန်နည်းနည်း လိုသေးတယ်။ သမီးအရင်သွားဆော့နှင့်ဦးနော်"
လုချွမ်းက စစ်မှန်သော အပြုံးဖြင့် ချီချီလေးကို မှာကြားလိုက်သည်။ အဆင့် ၇ သို့ ရောက်ရှိခါစ ဖြစ်သဖြင့် သူ၏ကိုယ်တွင်းရှိ ဝိညာဉ်အနှစ်သာရများမှာ အလွန်ပြင်းထန်နေဆဲဖြစ်ရာ ၎င်းတို့ကို ပြန်လည်ငြိမ်သက်သွားစေပြီး သူ၏ ကျင့်စဉ်အဆင့်ကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်နေခြင်းပင်။
"ဟုတ်ကဲ့ ဖေဖေ ဒါဆို ချီချီ အောက်ထပ်ကို အရင်သွားနှင့်မယ်နော်"
ကျိရုရွှယ်က ခေါင်းညိတ်ပြကာ လက်မောင်းကို လွှတ်လိုက်ပြီး လိမ္မာပါးနပ်စွာဖြင့် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ကျိရုရွှယ် ထွက်သွားပြီးနောက် လုချွမ်းသည် ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ သူ၏ကိုယ်တွင်းရှိ ဝိညာဉ်အနှစ်သာရများကို စတင်လမ်းကြောင်းပေးရင်း စိတ်လှုပ်ရှားမှုများကို ဖယ်ရှားကာ သူ၏စွမ်းအားများကို တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။
နာရီဝက်ခန့်အကြာတွင် လုချွမ်းသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ ယခုအခါ သူ၏စွမ်းအားများမှာ လုံးဝတည်ငြိမ်သွားခဲ့ပြီ ဖြစ်သော်လည်း သူ ချက်ချင်း ထမရပ်သေးပေ။
စောစောက သူ၏ပြောင်းလဲမှုများကို အာရုံခံရင်း စွမ်းအားများကို တည်ငြိမ်အောင် လုပ်ဆောင်နေစဉ်အတွင်း အဆင့် ၇ သို့ တက်လှမ်းခြင်းက သူ့ကို မထင်မှတ်ထားသော စွမ်းရည်သစ်တစ်ခု ပေးအပ်လိုက်ကြောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
ထိုစွမ်းရည်က သူ၏ရင်ထဲတွင် ထိန်းမနိုင်သိမ်းမရသော စိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ဇွန်ဘီဘုရင်တစ်ပါးအနေဖြင့် သူ၏စွမ်းရည်မှာ ဇွန်ဘီရုပ်သေးများ၏ အတွေးနှင့် လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး သူ၏အမိန့်ကို နာခံစေခြင်းသာ ဖြစ်ခဲ့သည်။
သို့သော် ယခုမူ သူသည် ဇွန်ဘီရုပ်သေးများ၏ ဆင့်ကဲဖြစ်စဉ် လားရာကိုပါ စိတ်ကြိုက် လှည့်ပတ်နိုင်စွမ်း ရှိလာပြီဟု ထင်ရသောကြောင့်ပင်။
အခန်း။ ၄၆၈
အသစ်ရရှိလာသော ဤစွမ်းရည်မှာ အလွန်ပင် ထူးခြားသည်။ ဇွန်ဘီရုပ်သေးများကို အခြားသော သက်ရှိသတ္တဝါများအား ဝါးမြိုစေခြင်းဖြင့် သတ်မှတ်ထားသော အရေအတွက်
တစ်ခုသို့ ရောက်ရှိပါက ထိုဇွန်ဘီရုပ်သေးများသည် ဝါးမြိုခြင်းခံရသော သတ္တဝါများ၏ ပုံသဏ္ဌာန်အတိုင်း အသွင်ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုသို့ အသွင်ပြောင်းလဲခြင်းဖြစ်စဉ်အတွင်း ဝါးမြိုခံရသော သတ္တဝါများ၏ စွမ်းရည်များကိုပါ ရရှိနိုင်ခြေ အလွန်မြင့်မားလှသည်။
ဤစွမ်းရည်၏ အာနိသင်ကို နားလည်သွားသောအခါ လုချွမ်းမှာ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။ သူသည် သူ့လက်အောက်ရှိ ဇွန်ဘီရုပ်သေး အမျိုးအစားများမှာ အလွန်
နည်းပါးလွန်းသည်ဟု အမြဲတွေးတောနေခဲ့သူဖြစ်ရာ ယခု ဤစွမ်းရည်ဖြင့် ဇွန်ဘီရုပ်သေး အမျိုးအစားပေါင်းစုံကို စိတ်ကြိုက်ဖန်တီးနိုင်တော့မည်ပင်။
"ဒီစွမ်းရည်ကိုတော့ ဝါးမြိုဆင့်ကဲဖြစ်စဉ်လို့ပဲ ခေါ်ရမယ်"
ခဏမျှ စဉ်းစားပြီးနောက် လုချွမ်းက ထိုစွမ်းရည်ကို အမည်ပေးလိုက်သည်။
နှမြောစရာကောင်းသည်မှာ ဤစွမ်းရည်မှာ ဇွန်ဘီရုပ်သေးများအပေါ်၌သာ သက်ရောက်ခြင်းပင်။ အကယ်၍ သူကိုယ်တိုင်အတွက်ပါ အသုံးဝင်မည်ဆိုလျှင် ပို၍ကောင်းမည်မှာ အမှန်ပင်။
စွမ်းရည်၏ ကန့်သတ်ချက်ကို တွေးမိသောအခါ လုချွမ်းမှာ အနည်းငယ် စိတ်ပျက်သွားမိသည်။ သို့သော် သူသည် ထိုအတွေးကို ချက်ချင်းပင် ခေါင်းယမ်းကာ ဖယ်ထုတ်လိုက်သည်။ လူသားတစ်ယောက်နှင့် မခြားနားတော့သော သူ၏ လက်ရှိပုံစံကို သူကိုယ်တိုင် အလွန်ကျေနပ်နေခြင်းကြောင့်ပင်။
ဝါးမြိုဆင့်ကဲဖြစ်စဉ်ကို သုံးပြီး သူ့ကိုယ်သူ ဘီလူးသတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲပစ်ရန်မှာ သူ လက်ခံနိုင်သောကိစ္စ မဟုတ်ချေ။ ထိုသို့သာ ဖြစ်သွားပါက ချီချီလေးကလည်း ဖခင်ဖြစ်သူ သူ့ကို ရွံရှာသွားမည်မှာ သေချာလှသည်။
"ဒီစွမ်းရည်က ရိုးရှင်းတာတော့ မဟုတ်ဘူး။ အခွင့်အရေးရရင် စမ်းသပ်ကြည့်ပြီး ဒီစွမ်းရည်က ဇွန်ဘီရုပ်သေးတွေကို ဘယ်လောက်အထိ အင်အားတိုးလာစေမလဲဆိုတာ ကြည့်ရမယ်"
လုချွမ်း၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး စမ်းသပ်လိုစိတ်များ ပြင်းပြနေမိသည်။
သူ၏အမြင်အရ ဝါးမြိုဆင့်ကဲဖြစ်စဉ်ကို အကောင်းဆုံးအသုံးချနည်းမှာ အခြားသတ္တဝါများ၏ အားသာချက်များကို ယူကာ ဇွန်ဘီရုပ်သေးများ၏ အားနည်းချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် မူလစွမ်းအားများကို ပိုမိုမြှင့်တင်ပေးခြင်းပင်။
ဥပမာအားဖြင့် အားဖန်နှင့် တာဖန်းတို့ကဲ့သို့ အကောင်ကြီးဇွန်ဘီများမှာ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် အံ့မခန်း ကာကွယ်ရေးစွမ်းအားများ ရှိကြသော်လည်း အရှိန်နှုန်းနှေးကွေးခြင်းမှာ သူတို့၏ သိသာသော အားနည်းချက် ဖြစ်နေသည်။
အကယ်၍ ဝါးမြိုဆင့်ကဲဖြစ်စဉ်ကို အသုံးပြုပြီး လျင်မြန်သော သတ္တဝါအမြောက်အမြားကို ဝါးမြိုစေကာ အရှိန်နှုန်း အားသာချက်များကို ရရှိစေမည်ဆိုလျှင် အားဖန်နှင့် တာဖန်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အကြီးအကျယ် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဤအချက်ကို တွေးမိရင်း လုချွမ်းမှာ စမ်းသပ်ရန် စိတ်လောနေမိသည်။ သို့သော် ကောင်းကင်ယံမှာ မှောင်မိုက်နေပြီဖြစ်ရာ လုချွမ်းမှာ စိတ်ကိုထိန်းပြီး နောက်တစ်နေ့မှသာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဝါးမြိုဆင့်ကဲဖြစ်စဉ်ပြီးမြောက်ရန်အတွက် ဝါးမြိုခံရမည့် သတ္တဝါများမှာ မျိုးနွယ်တူဖြစ်ရမည့်အပြင် အရေအတွက်တစ်ခုအထိလည်း ရှိနေရမည်ဖြစ်သည်။ အရေအတွက် နည်းပါးလွန်းပါက အသွင်ပြောင်းလဲခြင်းဖြစ်စဉ်မှာ ပြီးမြောက်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အပြင်ဘက်ရှိ သားရဲရိုင်းများမှာ စမ်းသပ်ရန် သိပ်မသင့်တော်လှချေ။ လုချွမ်းအနေဖြင့် အချိန်တိုအတွင်းမှာ မျိုးနွယ်တူ သားရဲရိုင်း အုပ်စုလိုက်ကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။
အသေအချာ စဉ်းစားကြည့်ပြီးနောက် အသင့်တော်ဆုံးမှာ တစ်ပါးကမ္ဘာမှ သတ္တဝါများပင်။ ထိုသတ္တဝါများမှာ စွမ်းအားကြီးမားရုံသာမက အရေအတွက်မှာလည်း လုံလောက်စွာ ရှိနေသဖြင့် ဝါးမြိုဆင့်ကဲဖြစ်စဉ်အတွက် အကောင်းဆုံး ရွေးချယ်မှုပင်။
လီမြစ်မြို့အတွင်း၌ ပေါ်ထွက်နေသော ကိုးဘော့လ်များနှင့် မျက်လုံးနီ နတ်ဆိုးမြွေများမှာ လုချွမ်းအတွက် အကောင်းဆုံး ရွေးချယ်စရာများ ဖြစ်လာတော့သည်။ အစီအစဉ်အတိုင်းဆိုလျှင် မနက်ဖြန်တွင် ကိုးဘော့လ်များမှာ ဟင်းလင်းပြင်အက်ကွဲကြောင်းမှတစ်ဆင့် နောက်ထပ်အဖွဲ့တစ်ခု ထပ်လွှတ်ဦးမည်ဖြစ်ရာ ထိုကိုးဘော့လ်များကို အသုံးပြုပြီး စွမ်းရည်အသစ်ကို စမ်းသပ်ရမည်ဖြစ်သည်။
လုချွမ်း၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ မျက်လုံးနီ နတ်ဆိုးမြွေများနှင့် ပတ်သက်၍မူ လုချွမ်းက ရေထိန်းချုပ်သူ ၁ ကို အသုံးချကာ ရေအောက်အက်ကွဲကြောင်းမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော နတ်ဆိုးမြွေများကို အမဲလိုက်စုဆောင်းထားရန် စီစဉ်လိုက်သည်။ အရေအတွက်တစ်ခုအထိ ရလာပြီဆိုမှ နောက်တစ်နေ့တွင် ဝါးမြိုဆင့်ကဲဖြစ်စဉ်ကို စမ်းသပ်တော့မည် ဖြစ်သည်။
တစ်ရက်ကုန်လွန်သွားပြီးနောက်...
လီမြစ်မြို့။
လုချွမ်း စောင့်မျှော်နေသော ကိုးဘော့လ်များ နောက်ဆုံးတွင် ရောက်ရှိလာကြပြီဖြစ်သည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းမှာ တုန်ခါသွားပြီးနောက် လှိုင်းများထွက်ပေါ်လာကာ ကိုးဘော့လ်အုပ်စုသစ်မှာ အက်ကွဲကြောင်းအတွင်းမှ ခုန်ထွက်လာခဲ့ကြသည်။
"ဝေါင်း... ဝေါ..."
အဆောက်အအုံ၏ မြေညီထပ်တစ်ခုလုံးတွင် ဟိန်းဟောက်သံများ ချက်ချင်း ဆူညံသွားခဲ့သည်။ ခြုံခိုတိုက်ခိုက်ရန် အသင့်ပြင်ထားသော ဇွန်ဘီရုပ်သေးများကို မြင်လိုက်ရသောအခါ အရေအတွက် လေးရာမှ ငါးရာခန့်ရှိသော ကိုးဘော့လ်များသည် အဆင့် ၅ ကိုးဘော့လ်အချို့၏ ဦးဆောင်မှုဖြင့် ၎င်းတို့၏ လက်နက်များကို ကိုင်ဆောင်ကာ ဇွန်ဘီရုပ်သေးများဆီသို့ စတင်ထိုးနှက်၍ တိုက်ခိုက်ကြတော့သည်။
ဟင်းလင်းပြင်အက်ကွဲကြောင်း တုန်ခါသွားသည့် ခဏမှာပင် အခြေစိုက်စခန်း၌ ရှိနေသော လုချွမ်းသည် ဇွန်ဘီရုပ်သေးများမှတစ်ဆင့် အခြေအနေကို သိရှိသွားခဲ့သည်။ ထိုးစစ်ဆင်လာသော ကိုးဘော့လ်များကို ကြည့်ရင်း လုချွမ်းက ပြုံးလိုက်ကာ အဆင့်မြင့်ဇွန်ဘီရုပ်သေးများကို လက်လျှော့ကာ တိုက်ခိုက်ရန်၊ ကိုးဘော့လ်များကို အပိုင်းပိုင်းအပြတ်ပြတ် မဖြစ်သွားစေရန် အမြန်အမိန့်ပေးလိုက်သည်။
နောက်ဆုံးတော့ သူတို့က ဒီနေ့အတွက် စမ်းသပ်ပစ္စည်းတွေပဲ။ ပျက်စီးသွားလို့ မဖြစ်ဘူး။
အဆင့်မြင့်ဇွန်ဘီရုပ်သေးများ၏ ဦးဆောင်မှုအောက်တွင် ဇွန်ဘီစစ်တပ်ကြီးသည် ထိုကိုးဘော့လ်များကို လျင်မြန်စွာပင် လွှမ်းမိုးသွားခဲ့သည်။ အားအကောင်းဆုံး ကိုးဘော့လ်အဖွဲ့မှာပင် အဆင့် ၅ သာ ရှိသဖြင့် လုချွမ်း၏ လက်အောက်ခံ ဇွန်ဘီရုပ်သေးများကို မယှဉ်နိုင်ဘဲ မိနစ်ပိုင်းအတွင်းမှာပင် အသတ်ခံလိုက်ရတော့သည်။
အဆောက်အအုံ၏ အောက်ခြေ၊ ဟင်းလင်းပြင်အက်ကွဲကြောင်း၏ ရှေ့တွင် ကိုးဘော့လ်အလောင်းများမှာ ပုံလျက်သား ဖြစ်နေပြီး သူတို့၏အောက်ရှိ သွေးအိုင်များမှာ တစ်ခုနှင့်တစ်ခု ဆက်သွားကာ သွေးနီရောင် ကွင်းပြင်ကြီးသဖွယ် ဖြစ်ပေါ်နေသည်။ အလွန်မကျယ်ဝန်းလှသော မြေအောက်နေရာတစ်ခုလုံးမှာ သွေးညှီနံ့များဖြင့် ပြည့်နှက်နေတော့သည်။
"ဝေါ... ဝေါ..."
လုချွမ်း၏ အမိန့်ကို ဇွန်ဘီရုပ်သေးများက အတိအကျ လိုက်နာခဲ့ကြသည်။ ထို့ကြောင့် ကိုးဘော့လ်အတော်များများမှာ ခြေလက်ပြတ်တောက်ကာ သွေးအိုင်ထဲတွင် လဲလျောင်းနေသော်လည်း မသေဆုံးသေးဘဲ ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ အသည်းအသန် တွားသွားရန် ကြိုးစားရင်း နာကျင်စွာ အော်ဟစ်နေကြသည်။ သို့သော် အရာအားလုံးက အချည်းနှီးပင်။ အပြင်းအထန် ဒဏ်ရာရထားသော ထိုကိုးဘော့လ်များသည် ပေအနည်းငယ်သာ ရွေ့နိုင်ကြပြီး သူတို့၏ အိမ်ပြန်လမ်းနှင့်မှာမူ အလွန်ပင် ဝေးကွာနေသေးသည်။
ဤအခိုက်အတန့်တွင် လုချွမ်း၏ အာရုံမှာ ထိုသတ္တဝါများအပေါ်၌ မဟုတ်ဘဲ ဝါးမြိုဆင့်ကဲဖြစ်စဉ်အတွက် သူ၏ ဇွန်ဘီရုပ်သေးများထဲမှ တစ်ကောင်ကို ရွေးချယ်ရန်သာ ဖြစ်သည်။ ကိုးဘော့လ်များ အသုံးပြုခဲ့သော အရှိန်နှုန်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ စွမ်းရည်များကို စဉ်းစားပြီးနောက် လုချွမ်းသည် နောက်ဆုံးတွင် တာဖန်းကို ဤစမ်းသပ်မှုအတွက် ရွေးချယ်လိုက်သည်။
အကယ်၍ တာဖန်းသာ ကိုးဘော့လ်များ၏ စွမ်းရည်များကို ရရှိသွားမည်ဆိုလျှင် အရှိန်နှုန်း တိုးတက်လာသည်ဖြစ်စေ၊ ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်လာသည်ဖြစ်စေ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် ခုန်တက်သွားမည်မှာ သေချာလှသည်။
ဝုန်း...
လုချွမ်း၏ အတွေးနှင့်အတူ ဇွန်ဘီရုပ်သေးများအကြား ရပ်နေသော တာဖန်းမှာ ရှေ့သို့ လှမ်းထွက်လာပြီး မြေပြင်ပေါ်ရှိ ကိုးဘော့လ်အလောင်းများဆီသို့ ဦးတည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လုချွမ်းသည် သူ၏ ဝါးမြိုဆင့်ကဲဖြစ်စဉ်စွမ်းရည်ကို တာဖန်းအပေါ်၌ အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် တာဖန်း၏ မည်းနက်ပြီး ထူထဲလှသော အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည့် ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။
ထိုသွေးရောင်အလင်းတန်းမှာ တာဖန်း၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့သည်။ ထို့နောက်တွင် တာဖန်းသည် ခါးကို အနည်းငယ်ကိုင်းလိုက်ပြီး သူ၏ ကြီးမားလှသော လက်များဖြင့် မြေပြင်ပေါ်ရှိ ကိုးဘော့လ်အလောင်းများကို ဆွဲယူလိုက်တော့သည်။
ကိုးဘော့လ်အလောင်း လေးငါးခုမှာ တာဖန်း၏ လက်ထဲသို့ ရောက်ရှိသွားပြီးနောက် ခဏအကြာတွင် သူ၏ ကြီးမားလှသော ပါးစပ်အတွင်းသို့ တိုက်ရိုက် ထိုးထည့်ခံလိုက်ရသည်။
ဂွတ်... ဂွတ်...
သွေးများ ဖိတ်စင်လာသည်။ အရိုးများ ကျိုးကြေသွားသည့် အသံများနှင့်အတူ ကိုးဘော့လ်အလောင်းများမှာ ဝါးမြိုခံလိုက်ရပြီး တာဖန်း၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
"ဝေါး..."
ဤမြင်ကွင်းကို ကြည့်နေရသော အပြင်းအထန် ဒဏ်ရာရထားသည့် ကိုးဘော့လ်များသည် ထိတ်လန့်တကြား အော်ဟစ်ရင်း အဝေးသို့ တွားသွားရန် အသည်းအသန် ကြိုးစားကြသည်။ သို့သော် တာဖန်း၏ ဧရာမလက်ဝါးကြီးများရှေ့တွင်တော့ ဘာမျှမတတ်နိုင်ခဲ့ပေ။ မိနစ်ပိုင်းအတွင်းမှာပင် အသက်ရှင်နေသေးသော ကိုးဘော့လ်တစ်ဒါဇင်ကျော်မှာ တာဖန်း၏ အရှင်လတ်လတ် ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ထို့နောက်တွင်လည်း တာဖန်းသည် ကျန်ရှိနေသော ကိုးဘော့လ်အလောင်းများကို ဆက်လက်ဝါးမြိုနေခဲ့ရာ မကြာမီမှာပင် မြေပြင်ပေါ်ရှိ ကိုးဘော့လ်အမြောက်အမြားမှာ တာဖန်း၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ကိုးဘော့လ်များကို ပိုမိုဝါးမြိုလာသည်နှင့်အမျှ တာဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးရောင်အလင်းတန်းများမှာလည်း ပိုမိုတောက်ပကာ စူးရှလာခဲ့သည်။