← Chapters

အခြားသူများနှင့် ပက်ပင်းတိုးခြင်း

Vol. 9 Ch. 113

အခြားသူများနှင့် ပက်ပင်းတိုးခြင်း

Vol. 9 Ch. 113

ဒုတိယနေ့ မနက်လင်းချိန် တွင်လည်း အပြင်ဘက်တွင် မိုးက သည်းထန်စွာ ရွာသွန်းနေဆဲပင်။ မိုးကြောင့် အပြင်ကမ္ဘာက မှုန်ရီဝေဝါး ဖြစ်နေသော်လည်း တောင်ပေါ်ရှိ အက်ကွဲကြောင်း ဂူအတွင်းထိုင် နေသည့် စုမင်မှာ ပင်ပန်းနွမ်းနယ်နေဟန် ပေါ်သော်လည်း သူ၏ မျက်လုံးများမှာမူ တောက်ပနေဆဲ ဖြစ်၏။

သူ၏ ညာဘက်လက်တွင် စုစည်းပေါင်းစပ် လိုဟန်ရှိသည့် အနက်ရောင် အရည်ဘောလုံး တစ်ခု ဖြစ်ပေါ်လာလု ရှိနေသော်လည်း အကြိမ်ကြိမ် ကြိုးစားသည့်တိုင် ပေါင်းစပ်နိုင်ရန် မဖြစ်နိုင်သေးပေ။

စုမင်၏ စိတ်အစဉ်မှာမူ ရှေးဟောင်းကန် ရေတွင်းမှ ရေပြင်လို တည်ငြိမ်လျက် ရှိနေ၏။ လက်ပေါ်ရှိ မီးအား ထိန်းချုပ်ပြီး အနည်းငယ်ကြာသော် မီးတောက်များမှာ ပိုမိုကြီးမား လာခဲ့ပြီး မီးဘောလုံးတစ်ခု အဖြစ်ပြောင်းလဲ သွားကာ အနက်ရောင်အရည် တို့အား အတွင်း၌ ဖုံးအုပ်လိုက်သည်။

အတန်ငယ်ကြာသော် စုမင်မျက်နှာမှာ သွေးဆုတ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ အားနည်းနေဆဲပင် ဖြစ်သည်။ သူ၏ ချီ အတွင်းရှိ မီးဓာတ်အား အကြာကြီး အသုံးပြုခြင်းက သူ့အတွက် မကောင်းဖြစ်စေသည်။ မောဟိုက်စွာ အသက်ရှူလျက် လက်ပေါ်က မီးများ ပျောက်ကွယ်သွားသည်။ သူ့လက်ဖဝါးထက်တွင် အနက်ရောင် ဆေးလုံးသုံးလုံး ကျန်ရစ်ခဲ့သည်။

ကောင်းမွန်သော ဆေးရနံ့တို့ နှာဖျားသို့ ဝေ့သီလာရာ အနံ့ရလိုက်သည်နှင့် စုမင်အား လန်းဆန်းသွားစေသည်။ မျက်လုံးအနားသို့ ဆွဲယူကာ သေချာစူးစမ်းသည်။ သည်ဆေးလုံးတွေက အစိမ်းရောင်တော့ မဟုတ်ပေ၊ သို့ပေမဲ့ ရနံ့က စုမင်နှင့် အကျွမ်းတဝင် ရှိနေ၏။ တွေဝေတွန့်ဆုတ်ခြင်း ကင်းကင်းနှင့် ဆေးတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်လိုက်ရာ ဆေးလုံးမှာ ပူနေသော်လည်း စုမင်ကိုတော့ အန္တရာယ် မဖြစ်စေပါ။

ဆေးက လျှာနှင့်ထိသည်နှင့် အရည်ပျော်ကျသွားသည်။ စုမင်မျက်လုံးများကိုမှိတ်ကာ တိတ်ဆိတ်စွာ ခံစားကြည့်မိသည်။

"နည်းနည်းကွာခြားတာတော့ရှိပေမဲ့ ဒါက တကယ့် ‌မြူမှုန်ထိုးခွဲပဲ။" စုမင် ရေရွတ်၍ ကျန်သည့်ဆေးနှစ်လုံးကို သိမ်းလိုက်သည်။ တင်ပျဉ်ချိတ်ထိုင်၍ တရားရှုမှတ်သည်။ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူ့အရှေ့တွင် ရှိနေသော ဆေးပင်များကို ကြည့်ကာ စိတ်ပိုင်းဖြတ်ထားသည့် သွင်ပြင်မျိုး ပေါ်ပေါက်လာခဲ့သည်။

"အကယ်၍ မြူမှုန်ထိုးခွဲကို ဖန်တီးဖို့ မိုးကြိုးသွားက ဖြစ်တဲ့ သစ်ပင်အမြုတေကို သုံးလို့ရတယ် ဆိုရင် တောင်အရပ် ခွဲခွာလုပ်ဖို့လည်း တူညီတဲ့နည်းလမ်းကို သုံးရနိုင်လောက်တယ်။ ဆေးလုံးရဲ့သက်ရောက်မှု ကဘာဆိုတာ မသိပေမဲ့ တောင်တန်းဝိညာဉ် လိုတော့ ငါ့ရဲ့စွမ်းအင်တွေကို တိုးပွားစေမှာ မဟုတ်ဘူး။"

"ဒုတိယ တံခါးဖွင့်တုန်းက ဆေး၃မျိုး အကြောင်း သိခဲ့ရတယ်။ နတ်မင်းကြိုဆိုဖို့ ကိုတော့ ဂရုမစိုက်လို့ ဖြစ်ပါတယ်။ တောင်တန်းဝိညာဉ်က ချီ ကို တိုးပွားစေတယ် ဆိုတော့ အဖြစ်နိုင်ဆုံး ကတော့ တောင်အရပ်ခွဲခွာလည်း ဒီဆေးမျိုးဖြစ်နေမှာ မဟုတ်ဘူး။။

မျက်ခုံးတို့၏အလယ်ဗဟို အားပွတ်လိုက်သည်။ မျှော်လင့်ချက် အများစုက တောင်အရပ်ခွဲခွာ အပေါ်တွင် ထားပစ်လိုက်သည်။ သူ၏ ရှာဖွေထားချက် များသာ မှားယွင်းနေခဲ့လျှင် အားနည်းချိနဲ့ နေသည့် ဒီခန္ဓာကိုယ်ကြီးနှင့် အပြင်ထွက်ပြီး ကုသနိုင်ဖို့ နည်းလမ်းရှာ‌ရတော့မည် ဖြစ်သည်။

တောင်အရပ်ခွဲခွာ ဆေးဖော်စပ်ခြင်းအား သေချာစေရန် နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းစဉ်ကိုပင် သေချာမစသေးဘဲ ညဘက်ပြန်မှောင်သွားသည့် အချိန်အထိ အနားယူနေခဲ့သည်။ တစ်နေ့လုံး အနားယူပြီးခါမှ သူ့အတွက် အရေးပါကောင်း ပါနိုင်သော တောင်အရပ်ခွဲခွာကို ပြုလုပ်ရန် စတင်ပါတော့သည်။

လဝက်မျှ ကုန်လွန်သွားခဲ့သည်။ စိမ်းသက်သော နယ်မြေတွင် စုမင်ရှိနေသည်မှာ နှစ်လကြာသွားခဲ့ပြီ ဖြစ်သည်။ ဆေးလုံး ဖော်စပ်နေရသည့် လဝက်အတွင်း သူ၏ခန္ဓာကိုယ်မှာ ပို၍ပင် အားနည်းလာ ခဲ့ရသည်။

သို့သော်ငြားလည်း တောင်အရပ် ခွဲခွာအား ပထမဆုံးအကြိမ် ဖော်စပ်ရခြင်း ဖြစ်သည့်အတွက် ကျရှုံးမှုနှင့် မလွဲမသွေ ကြုံတွေ့ရမှာပင်။ သူ၏ စဉ်ဆက်မပြတ် ကြိုးပမ်းမှုကြောင့် လဝက်ကြာသော အခါတွင် တောင်အရပ်ခွဲခွာအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပေသည်။

စုမင်မျက်နှာမှာ ဖြူဖျော့နေသည်။ သို့သော် မြူမှုန်ထိုးခွဲထက် အရွယ်အစားကြီး၍ လက်သီးဆုပ် လောက်ရှိသည့် ခရမ်းရောင်ဆေးလုံးများ ကိုကြည့်သော် သူ၏ မျက်လုံးများမှာမူ တည်ငြိမ်လှသည်။ ဆေးလုံးမှ ဆေးနံ့လည်းမရ၊ ကြည့်ရသည်မှာ သာမန်ဆန်လွန်းနေသည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စုမင်တွေဝေ မနေတော့ဘဲ ဆေးတစ်လုံးကိုယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ‌ကိစ္စတွေအများကြီး ကျော်ဖြတ်ပြီးနောက်မှာ စုမင်သည် ကလေးငယ်လေး တစ်ယောက်မဟုတ်တော့ပါ။ ကိုယ့်ကိုကိုယ် သဘောပေါက်မှ ဖြစ်တော့မည်။ ‌သူ ဆေးလုံးများ စတင်ဖော်စပ်စဉ် ကတည်းက အခုထိဖော်စပ် လာခဲ့သည့်ဆေးများတွင် သွေးကြေပျက်သုဉ်း မှလွဲ၍ အားလုံးက အန္တရာယ်ကင်းခဲ့သည်။ ထို့ထက်ပို၍ သူ့တွင် ဆေးတစ်လုံးကို စမ်းသပ်ရန် ရည်ရွယ်ချက် သက်သက်ဖြင့် ဖြုန်းတီးပစ် နိုင်လောက်အောင် ကြွယ်ဝမနေပါ။

စုမင်ပါးစပ်ထဲသို့ ခရမ်းရောင်ဆေးလုံး ရောက်လာချိန်တွင် ဆေးလုံးကချက်ချင်း ပျော်ကျမသွားပါ။ အဲသည့်အစား တဖြည်းဖြည်း ကွဲကြေသွား ပြီးလျှင် ခါးသက်သက် အရသာနှင့် လည်ချောင်းထဲသို့ ကျဆင်းသွားသည်။ ထို့နောက် မြူမှုန်ထိုးခွဲ တစ်လုံးယူ၍ စုမင် ထပ်မံ မျိုချလိုက်သည်။

အားလုံးပြီးသည်နှင့် ချီစွမ်းအင် လည်ပတ်၍ တောင်အရပ်ခွဲခွာ၏ သက်ရောက်မှုတို့ကို ခံစားကြည့်ရန် တင်ပျဉ်ချိတ်ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။ တစ်နာရီ ကြာပြီးနောက် စုမင် ရုတ်တရက် တုန်ခါသွားပြီး သွေးကြော၂၄၃ ခုတို့ သူ့ကိုယ်ပေါ်တွင် ပေါ်ထွက်လာတော့သည်။ သို့သော် သွေးကြော၈ ၀သာလျှင် သွေးနီရောင် လင်းလက်နေပြီး ကျန်သွေးကြောများ ကတော့ မှုန်မှိုင်းနေခဲ့သည်။

စုမင်ခန္ဓာကိုယ်၏ တုန်လှုပ်မှုမှာ ပို၍ ပြင်းထန်လာပြီး သူ့မျက်နှာတွင်လည်း ထိတ်လန့်သည့် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ ခဏကြာသော် မျက်လုံးများ ပြန်ဖွင့်လာခဲ့ပြီး သွေးနက်တစ်ပွက် အန်သည်။ မြေပေါ်သို့ကျသွားသော ထိုသွေးနက်များမှ ပုပ်‌ဟောင်သည့် အနံ့ရသည်။

စုမင် သွေးအန်သည့် အခိုက်အတန့်၌ သူ့ပါးပြင်ပေါ်တွင် သွေးရောင်စစ လွှမ်းလာခဲ့သည်။ မှုန်မှိုင်းနေသော သွေးကြော၁၀ ခုခန့် ပြန်လည် အသက်ဝင်လာသည်။ မှုန်ရီဝေဝါးနေခြင်း မရှိတော့ဘဲ သွေးနီရောင် တောက်တောက်အလင်းတို့ တဖြည်းဖြည်းလင်းလက် လာပေတော့သည်။

အချိန်အတော်ကြာ သွားပြီးနောက်တွင် စုမင်၏ အသက်ရှုနှုန်းတို့ ပြန်လည်တည်ငြိမ် လာသည်။ သူ့လက်ထဲက နောက်ဆုံးသော တောင်အရပ် ခွဲခွာအား စုမင်ကြည့်သည်။

"တောင်အရပ် ခွဲခွာမှာ ကုသနိုင်စွမ်း ရှိတာပဲ။ မျိုးနွယ်စုတိုက်ပွဲ မတင်ရခင် အချိန်မှာသာ ဒါကိုငါ ဖော်စပ်နိုင်ခဲ့ရင် …''

စုမင် မျက်လုံးများ မှိတ်ကာ သက်ပြင်းဖျော့ဖျော့ ချသည်။

မိုးသစ်တော ခပ်နက်နက်အပိုင်းရှိ တောင်စဉ်တန်းတွင် နေထိုင်ရင်း အပြင်ထွက်ခဲသည်။ ထွက်သည့် အခါများကလည်း ဆေးပင်အားလုံး အသုံးပြုပြီး သွား၍ဖြစ်စေ၊ ညခင်းအလင်း သာအစား အသုံးပြုသည့် သစ်ပင်အမြူတေ ကုန်သွား ထပ်မံ ရှာ‌ဖွေရန်ဖြစ်စေ ထိုမှသာ အပြင်ထွက်ဖြစ်သည်။

ကံကောင်းသည်က မိုးသစ်တောက ကြီးမားပြီး သစ်ပင်တို့အားလည်း မိုးကြိုး ထိမှန်ခြင်းက ရှားပါးသည့်ဖြစ်ရပ် မဟုတ်ပေ။ သစ်ပင်တစ်ပင် အပေါ်မိုးကြိုးပစ်ချတိုင်း စုမင်အတွက် ပစ္စည်းအတော်များများ ရရှိနိုင်မြဲ ဖြစ်သည်။

မျက်စိတစ်ဖျတ် အတွင်း၌ တစ်နှစ်တာ ကုန်လွန်သွားခဲ့ပေပြီ။

ထိုတစ်နှစ်အတွင်း နှစ်ဝက်တိတိ မိုးမရွာခဲ့သလို မိမိဇာတိကဲ့သို့ နှင်းများလည်း မကျခဲ့ပါ။ သည်နေရာတွင် ဆောင်းရာသီ လုံးဝမရှိဘူး ထင်ပါသည်။

သူ့ဒဏ်ရာများက ပြင်းထန်လွန်းခဲ့သည်။ ထိုတစ်နှစ် အတွင်း တောင်အရပ်ခွဲခွာတို့ အများအပြား သောက်သုံးခဲ့ သော်လည်း      သွေးကြော၁၉၀ ကိုသာ ပြန်လည် အသက်ဝင်အောင် လုပ်ဆောင် နိုင်သေးသည်။ မိမိစွမ်းအင်၏ အမြင့်ဆုံးသော အပိုင်းနှင့် အနည်းငယ်မျှ လွဲချော်နေသေးသည်။

ထိုတစ်နှစ်အတွင်း ဆေးပင်ထွက်ရှာသည့် အခါများတွင် လူတို့၏ ခြေရာလက်ရာ များအား တွေ့ခဲ့သည့် အကြိမ်ရေမနည်း ရှိသည်။ တစ်ခါကဆိုလျှင် ဧရာမမြွေကြီး အနောက် အမဲလိုက်နေသော ဒါဇင်နှင့်ချီသည့် အဖွဲ့တစ်ဖွဲ့ကို ပင်လျှင် မိုးသစ်တောအတွင်း မြင်တွေ့ခဲ့ရသည်။

ထိုမာန်စွမ်းအားရှင် တို့မှာ သွေးကြောကျောက်သား ကျင့်စဉ်အဆင့် ၅ သို့မဟုတ် ၆ ခန့် ရှိကြသူများ ဖြစ်ပြီး တစ်ယောက်သာလျှင် အဆင့်၇ မှာ ရှိသည်။ သူ့ဘေးနားမှာ လူများကို ကြည့်ရသည်မှာ ထိုလူက ပို၍ထင်ရှားသူ ဖြစ်ပုံရသည်။

သူတို့က တိရစ္ဆာန် အရေထည်များကို ဝတ်ဆင်မထားဘဲ ချည်ထည်ကြမ်းများ ကိုဝတ်ဆင်သည်။ အများစုက လှံတံရှည်များအား လက်နက်အဖြစ် အသုံးပြု၍ လေးမြားကို အသုံးပြုခဲလှသည်။ အားလုံးနီးပါးက အသံမထွက်သော ခေါင်းလောင်းနက် များအား ချိတ်ထားကြသည်။

အများစုမှာ ခေါင်းလောင်းနက် တစ်လုံးသာ လက်‌ကောက်ဝတ်တွင် ဝတ်ဆင်ထားသော်လည်း ထိုလူမှာမူ ခေါင်းလောင်းနှစ်လုံးရှိသည်။ လူများအကြားတွင် သွေးကြောကျောက်သား ကျင့်စဉ်အဆင့် ၅ ရှိသည့် လူငယ်လေးတစ်ယောက် ကိုလည်း စုမင် သတိထားမိသည်။ ထိုလူငယ်လေး၏ မျက်နှာက နေမကောင်းသူ တစ်ယောက်လို ဖြူဖျော့နေသည်။

သူ့ကို အဖွဲ့က ဝန်းရံလျက် ကာကွယ်ထားသည်။ သူ့လက်ကောက်ဝတ် တွင်မူ ခေါင်းလောင်းလေးလုံး တွေ့ရသည်။

ထိုမျိုးနွယ်စုက နက်မှောင်တောင်နှင့် လေပြည်စီးကြောင်း မျိုးနွယ်စုတို့နှင့် လုံးဝကွဲပြား ခြားနားနေသည်။ စုမင် လေ့လာစူးစမ်း ချိန်တွင် သူတို့နှင့် အနီးလေးမှာ မရပ်ခဲ့ပါ။ သို့သော် သွေးကြောကျောက်သား အဆင့်၇ ပုဂ္ဂိုလ်က သူ့အားသတိပြုမိ သွားခဲ့သည်။ ထိုလူက ချက်ချင်းအသံ မပြုသေးဘဲ တမင်လုပ်သည့် ပုံစံမဟုတ်သလို စုမင် ရပ်နေသည့်အနား တိုးကပ်လာခဲ့သည်။

သို့သော်ငြားလည်း စုမင်အတွက်တော့ သူ့ အပြုအမူများက အနည်းငယ်မျှ ပေါချာ နေခဲ့သည်။ စုမင် ထွက်ခွာလာခဲ့သည်။ စုမင် ၏ အရှိန်နှုန်းဖြင့်ဆိုလျှင် စုမင် ထွက်ခွာလိုပါက ထိုလူမှ မရပ်တန့်နိုင်ပါ။

စုမင်သည် ထိုလူများအား စိတ်မဝင်စားဘဲ ဆေးပင်များကိုသာ ဆက်လက်ရှာဖွေ နေခဲ့သည်။ မှောင်ရီပျိုးသည်နှင့် သူ၏ဂူရှိရာသို့ ပြန်ရာတွင် ထိုလူအုပ်နှင့် ထပ်မံတိုးပြန်လေသည်။

ထိုအခိုက်အတန့်တွင် ၎င်းတို့မှာ ခေါင်းလောင်းလေးခုနှင့် လူငယ်လေးအား ကာကွယ်ရင်း တိရစ္ဆာန် အရေထည်များဖြင့် ယာယီတဲ ငယ်ဆောက်နေကြသည်။ ကြည့်ရသည်မှာ သည်နေရာတွင် တစ်ညနားမည် ထင်သည်။

သွေးကြောကျောက်သား အဆင့်၇ သမားသည် လှံတံရှည်ကို ကိုင်စွဲကာ သစ်ပင်ကြီး တစ်ပင်ကိုမှီနေရင်း  တောက်ပသော မျက်လုံးများဖြင့် အနီးအနား ဝန်းကျင်အား စောင့်ကြည့်နေသည်။

စုမင်လည်း သစ်ပင်တစ်ပင်ပေါ် တက်၍ ၎င်းတို့ကို ကြည့်ခဲ့သည်။ သူ့မျက်လုံး တဖြည်းဖြည်း လက်ဖြာလာသည်။ သူ့စွမ်းအင်များက လုံးဝအကောင်းအတိုင်း ဖြစ်ဖို့လို နေသေးသော်ငြား ယခု သူတိုက်ခိုက်နိုင်ပါပြီ။ သည်နေရာက ဘယ်ကလည်း ဆိုသည်နှင့် သည် အနီးအနားက မျိုးနွယ်စုများ အကြောင်း သိလိုခဲ့သည်။

ထိူလူများက အပြင်လူများအား ရန်လိုပုံရသည်။ စုမင်သာ အတင်းကာရော ချဉ်းကပ်သွားပါက သူ့စကားများကို နားမထောင်ဘဲ တိုက်ပွဲဆင်နွှဲ ရနိုင်သည်။

မျက်လုံးများ လက်သွားသည်နှင့် စုမင်ခေါင်းငုံ့ လိုက်သည်။ အသံတစ်စက်မျှ မထွက်ဘဲ မိုးသစ်တောထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားသည်။ အချိန်များကုန်လွန်ခဲ့ပြီး နှစ်နာရီကြာ‌သော် ထိုလူများ ဖိုထားစခဲ့သော မီးဖိုက လေထုအား စိုထိုင်းစ နည်းပါးစေခဲ့ပြီး သစ်ပင်ကို မှီရပ်နေသူ၏ မျက်နှာပျက်သွားကာ လှံတံရှည်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

အခြားသူများလည်း အခြေအနေကို သတိပြုမိကာ အမူအရာများလည်း ပြောင်းလဲကုန်ကြသည်။ မကြာမီ မိုးသစ်တော ခပ်နက်နက် တစ်နေရာမှ သားရဲကောင်၏ မာန်ဖီသံကို ကြားလိုက်ရသည်။ ထိုသတ္တဝါမှာ ကျားနှင့်ဆင် တူသော်လည်း ကျောရိုးမှ တစ်ပေခန့်ရှိသည့် ဆူးချွန်များ ငေါထွက်နေပြီး သူတို့အနားသို့ အသာအယာ ချဉ်းကပ်လာခဲ့သည်။

"အဆိပ်ဆူးနက်"

ထိုလူများက လန့်ဖျပ်စွာ အော်ဟစ်ကြရာ ဝရုန်းသုန်းကား ဖြစ်နေကြသည်။

"ဒီသတ္တဝါက မီးကြိုက်တယ်။ မီးငြိမ်းကြ ... အမြန်" သွေးကြောကျောက်သား အဆင့်၇ သမားက ချက်ချင်းအော်သည်။

လက်တွင် လှံတံရှည်ကို ကိုင်ဆွဲလျက် သားရဲကောင်ထံသို့ ပြေးဝင်သွားသည်။ ဒီသားရဲက ခွန်အားကြီးသည်ဟု ထင်ရသော်လည်း သွေးကြောကျောက်သား အဆင့်၇ ရှိသူနှင့် မာန်အဆင့် အတူတူလောက်သာ ရှိသည်။ ထိုပုဂ္ဂိုလ် တိုက်ခိုက်နိုင်စွမ်း ရှိပါသည်။

သို့သော် ထိုသတ္တဝါအား တိုက်ခိုက်ရန် ထိုလူမှ အဖွဲ့အား ထားခဲ့သည့် အခိုက်အတန့်၊ သူ့လူများကလည်း မီးငြိမ်းသတ်လိုက်ကြရာ နေရာတစ်ခုလုံး မှောင်မည်းသွားခဲ့သည်။ အမှောင်ထုနှင့် နေသားကျသွားသည့် ခဏအတွင်း လျှပ်စီးကဲ့သို့ လျင်မြန်သော လူတစ်ယောက်က အဖွဲ့က ကာကွယ်ထားသော လူငယ်လေးဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။

လူစိမ်းမှာ လျင်မြန်လှသည်။ သူ့အား တစ်ခုခုတုံ့ပြန်ကြရန် သတိဝင်သည့် အချိန်တွင် ထိုသူမှာ ဆယ်ကျော်သက်လေး၏ အနီးအနားသို့ ရောက်ရှိနေခဲ့လေပြီ။ ဖြူရော်နေသော လူငယ်လေး၏ ခုခံမည့်အချိန် အားစောင့်မနေဘဲ ကုပ်ပိုးအား လက်ဖနောင့်ဖြင့် ရိုက်ချကာ မေ့မြော သွားစေပြီး လည်ကုပ်မှ ဆွဲ၍ ထွက်ပြေးသွား လေတော့သည်။

ထိုလူအားလုံး ခေတ္တမျှ မှင်တက်နေကြပြီး မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။ ထိုပုဂ္ဂိုလ်၏ မျက်နှာပင်လျှင် မာထန်လာခဲ့သည်။ ဆယ်ကျော်သက်လေး အနောက်လိုက် ချင်သော်လည်း အဆိပ်ဆူးနက်ကိုပင် မောင်းမထုတ်နိုင်သေးပါ။ အနည်းငယ်မျှသော နှောင့်နှေးမှု ဖြစ်လင့်ကစား ဆယ်ကျော်သက်လေး အားဖမ်းဆီးသွားသူမှာ တောနက်အတွင်း ဝင်ရောက်ပျောက်ကွယ် သွားခဲ့လေပြီ။

လက်မောင်းအောက်၌ လူငယ်လေးအား ချုပ်ထားရင်း မိုးသစ်တောအတွင်း ဖြတ်သန်းပြေးလွှား နေခဲ့သည်။ သည်လူများနှင့် ရန်ငြိုးရန်စ မရှိသည့်အတွက် အကြောင်းမရှိဘဲနှင့် သူတို့ကို မသတ်ပါ။ သားရဲကောင်အား ၎င်းတို့ထံ မျှားခေါ်လာ ခဲ့သော်ငြား ထိုသားရဲကောင်သည် ၎င်းတို့ တစ်ဦးတလေမျှ သေကျေရန် မလိုဘဲ မောင်းထုတ်နိုင်သည့် သားရဲကောင်ဖြစ်ကြောင်း သေချာလုပ်ဆောင်ခဲ့သည်။

သူ၏ပစ်မှတ်က ဟောသည့် ဆယ်ကျော်သက်လေး ဖြစ်၏။ သည်ကလေးက တော်တန်ရုံအဆင့် နှင့်‌မွေးဖွားသူ မဟုတ်ပေ။ သူအများကြီး သိထားရမည်။ သည်နေရာအကြောင်း သိလိုလျှင် စုမင်လုပ်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

"ငါသိချင်တာ သိရပြီဆိုလျှင် ပြန်လွှတ်ပေးမှာပါ"

စုမင်သည် တောကို တစ်ဟုန်ထိုး ဖြတ်သန်းနေသည်။ တောအား တစ်ပတ်ပတ်ကာ ပို၍ လူသူအရောက် နည်းသောနေရာသို့ ရောက်လာခဲ့ပြီး လူငယ်အား အောက်ချလိုက်သည်။ သူဒူးထောက်၍ လူငယ်အား စစ်ဆေးကြည့်သောအခါ အချို့အရာများအား နားလည်သွားသည်။

လူငယ်ကို မြင်စကတည်းက ပြဿနာရှိနေသည် ကိုသိခဲ့သည်။ အနားကပ်၍ အတည်ပြုပြီးသည့်နောက် စုမင် ခေတ္တတိတ်ဆိတ် သွားကာ တောင်အရပ်ခွဲခွာ နှင့် ‌မြူမှုန်ထိုးခွဲတို့အား ရင်ဘတ်တွင်းမှ ထုတ်ယူကာ နှစ်ခုလုံးအား လူငယ်၏ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ ရင်ဘတ်တွင်းမှ တိရစ္ဆာန် သားရေထည် တစ်ချပ်ကို ဆွဲထုတ်လိုက်သည်။ ထိုအရာသည် ယမန်နှစ်က ရိက္ခာအတွက် အမဲလိုက်ခဲ့သော သားရဲကောင်ထဲမှ ဖြစ်သည်။ ထိုအရာကို တစ်ကိုယ်လုံးတွင် ပတ်လျက် လူငယ်နှင့် မနီးမဝေးနေရာရှိ သစ်ပင်အားမှီ၍ ထိုင်ချလိုက်သည်။

ဘေးဘက်မှ သစ်စတစ်စအား ညာလက်နှင့် ဆွဲယူလိုက်သည်။ လက်အနည်းငယ် လှုပ်ရှားရုံဖြင့် သစ်စအား လူငယ်၏ မျက်ခုံးကြားသို့ ပြေးထွက်သွားစေသည်။ အားမထည့်ထားဘဲ လူငယ်သတိရ လာစေရုံမျှသာ ဖြစ်သည်။

လူငယ်မှာ နာကျင်စွာဖြင့် မျက်လုံး ဖွင့်လာခဲ့ပြီး မကြာခင် တည်ကြည်သွားသည်။ သူ့မျက်နှာမှာ မကျန်းမမာ ‌ဖြူရော်နေသော်လည်း လန့်ဖျပ်သည့် အမူအရာမျိုး မရှိပေ။ တစ်ကိုယ်လုံး သားရေထည်လွှ မ်းခြုံ၍ သူ့အရှေ့တွင် ထိုင်နေသော စုမင်အား ကြည့်ခဲ့သည်။

"ခင်ဗျားဘယ်သူလဲ"

***

All Chapters