အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၁ + ၈၂
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
"လေကွန်က မင်းကို ဘယ်တုန်းက အစ်ကိုလို့ ခေါ်ဖူးလို့လဲ။ ပုံမှန်ဆို မင်းနာမည်ကိုပဲ တန်းခေါ်တာ မဟုတ်ဘူးလား။" လေချန်အား အနောက်သို့ ဆွဲယူကာ ကန်ထုတ်လိုက်သူမှာ လင်းချန်ပင် ဖြစ်သည်။
ပြန်လည်ရှင်သန်လာသော လေကွန်က လေချန်အား အစ်ကိုဟု ခေါ်လိုက်ကတည်းက တစ်ခုခု မှားယွင်းနေကြောင်း လင်းချန် သတိပြုမိလိုက်၏။
ယခင်က စကားပြောဆိုမှုများ၌ လေကွန်သည် အသက် ၁၂ နှစ် ပြည့်ပြီးကတည်းက လေချန်အား အစ်ကိုဟု မခေါ်ဝေါ်တော့ဘဲ နာမည်တပ်၍သာ ခေါ်ဝေါ်ကြောင်း လေချန် ပြောပြဖူး၏။ ထိုအချိန်၌ပင် လင်းချန် နောက်ထပ် မှားယွင်းနေသည့် အချက်တစ်ခုအား သဘောပေါက်သွားတော့သည်။
သေဆုံးခြင်း အနံ့အသက်... လေကွန်ထံမှ သေဆုံးခြင်း အနံ့အသက် လုံးဝ မရရှိခြင်းသည် လုံးဝကို မဖြစ်နိုင်ပေ။
လေကွန်၏ ခန္ဓာကိုယ်သည် သေဆုံးပြီး ၇ ရက်ကြာ မြေမြှုပ်ထားသည့်တိုင် မပုပ်မသိုးဘဲ ရှိနေလောက်အောင် သန်မာခြင်း မရှိချေ။ လင်းချန် ဆွဲလှဲလိုက်သဖြင့် မြေကြီးပေါ် ရောက်သွားသော လေချန် ပြန်လည် ထလာပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ငြိမ်လာတော့၏။
"ခုနက မြင်ကွင်းကြောင့် ကျွန်တော် နည်းနည်းလောက် တုန်လှုပ်သွားရုံပါပဲဗျ။"
လင်းချန် နားလည်ပေးနိုင်စွမ်း ရှိသည်။ လေကွန်သည် သူ့အတွက် မည်သူမျှ မဟုတ်သော်ငြား လေချန်နှင့်မူ ဆွေမျိုးတော်စပ်မှု ရှိနေသေး၏။ သွေးသားအရင်း မဟုတ်သည့်တိုင်အောင်ပင် ဆွေမျိုးတော်သေး၏။
"လူသား... မင်း ငါ့ကို နာအောင် လုပ်တယ်ပေါ့လေ။"
လေကွန် ထရပ်လိုက်ပြီး ကိုယ်ပေါ်ရှိ သစ်သားစများကို ခါထုတ်လိုက်၏။ ထို့နောက် သွေးများ ပေကျံနေသော ပါးစပ်ဖြင့် ပြုံးဖြဲဖြဲ လုပ်ပြလိုက်သည်။
"မင်းက သေလမ်းရှာနေတာပဲ"
ထိုသည်ကို မြင်သောအခါ လင်းချန် သက်ပြင်းချလိုက်ပြီး ဘေးရှိ လေချန်အား လှည့်ကြည့်လိုက်၏။
"လေကွန်က သေပြီးသား... သူ့အလောင်းက တစ်နည်းနည်းနဲ့ ဒီလိုပုံစံ ဖြစ်သွားတာ။"
ပြောပြီးနောက် လင်းချန်သည်လည်း ဇဝေဇဝါ ဖြစ်သွားရတော့၏။ ဤကမ္ဘာ၌ သိုင်းဝိညာဉ်စစ်သည်တော်များ သေဆုံးပြီး မြေမြှုပ်ထားပါက ဤကဲ့သို့သော ပုံစံမျိုး ဖြစ်လာတတ်သည်လား။ ဤလေကွန်သည် သူ၏ ယခင်ဘဝမှ ဇွန်ဘီကဲ့သို့များ ဖြစ်နေသည်လား။
"ကျွန်တော် နားလည်ပါပြီဗျာ။"
လေချန် သူ့ရှေ့ရှိ လေကွန်အား ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
"တကယ်လို့ သူသာ ကျွန်တော့်ညီအစစ် ဖြစ်နေရင် ခေါင်းဆောင်ရဲ့ ကန်ချက်ကြောင့် ဗိုက်ပေါက်ထွက်သွားလောက်ပြီဗျ။"
"ဘုန်းးး"
မိုးကြိုးများ ဟိန်းထွက်လာပြီး လင်းချန်၏ ခန္ဓာကိုယ်အား ရွှေနီရောင် မိုးကြိုးဝိညာဉ်စွမ်းအားများ လွှမ်းခြုံသွားတော့၏။ သူ လေကွန်အား စိုက်ကြည့်ရင်း လေချန်ကို မှာကြားလိုက်သည်။
"မင်းက ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ငါ့ကိုပဲ လွှဲထားလိုက်တော့။ မင်း ကျန်တဲ့ တပည့်တွေကို ခေါ်ပြီး ဂိုဏ်းကိုသာ ပြန်သတင်းပို့လိုက်စမ်းပါ။"
"ခေါင်းဆောင်..."
"သူ့အလောင်း မပျက်စီးအောင် ငါ ကြိုးစားပေးပါ့မယ်ကွာ။"
လင်းချန် နောက်သို့ ခေါင်းမလှည့်ဘဲ ပြောလိုက်ပြီး လေချန်၏ စကားကို ဖြတ်ပြောလိုက်သည်။
လေချန်သည်တော့ ရွှေနီရောင် မိုးကြိုးများ လွှမ်းခြုံထားသော လင်းချန်၏ ပုံရိပ်အား ကြည့်ပြီး မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်စွာ ဦးညွှတ်လိုက်တော့၏။ ထို့နောက် လှည့်ထွက်လိုက်ပြီး တပည့်များအား အော်ဟစ်လိုက်သည်။
"အားလုံး... ဂိုဏ်းကို ပြန်ကြမယ်ဟေ့။"
ပြောပြီးသည်နှင့် လေချန် ပထမဆုံး ထွက်ခွာသွားပြီး အမြန်ဆုံး အရှိန်ဖြင့် ပြေးလွှားကာ လျှပ်စီးတန်းတစ်ခုသဖွယ် ပျောက်ကွယ်သွားတော့၏။
အခြားသော တပည့်များသည် ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေနေကြသော်ငြား လေချန်၏ အသံကြောင့် သတိပြန်ဝင်လာပြီး နတ်ဓားဂိုဏ်းဘက်သို့ အလျင်အမြန် လှည့်ပြေးသွားကြ၏။
"မင်းတစ်ယောက်တည်း ကျန်ခဲ့တာတောင် မပြေးဘူးလား လူသား... မင်း တကယ်ပဲ သေချင်နေတာပေါ့။"
အလောင်းကောင်က လှောင်ပြောင် ပြောဆိုလိုက်၏။
လင်းချန် သူ့ရှေ့၌ လေကွန် စကားပြောနေသည်ကို အလွန်အမင်း ထူးဆန်းနေသည်ဟု ခံစားနေရသည်။
လေကွန်ထံမှ မည်သည့် သက်ရှိအငွေ့အသက်ကိုမျှ သူ အာရုံမခံနိုင်ချေ။ ထို့အစား ပြင်းထန်လှသော သေဆုံးခြင်း အနံ့အသက်များကိုသာ ရရှိနေ၏။
အလောင်းကောင် တစ်ကောင်က သူ့အား စကားပြောနေသကဲ့သို့ ဖြစ်နေရသည်။
"ကြောက်ရမယ် ဟုတ်လား။ မင်းက အလောင်းကောင် တစ်ကောင်ပဲလေ... ငါက ဘာကို ကြောက်ရမှာလဲကွ။"
လင်းချန် ပြန်လည် လှောင်ပြောင်လိုက်သည်။
"ဟားဟား..."
သေဆုံးနေသော လေကွန်ကမူ ခေါင်းမော့ကာ ရယ်မောလိုက်ပြီး လင်းချန်အား ငုံ့ကြည့်လိုက်၏။
"ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် မင်းက သူ့ရဲ့ ရန်သူနဲ့ တူတယ်... ဒါဆိုရင် သူ့အတွက် ဘာလို့ လက်စားမချေပေးရမှာလဲ။"
"နေယွမ်နယ်ပယ် နှလုံးသားနှစ်ခု စားလိုက်ရရုံနဲ့တင် လုံလောက်နေပါပြီလေ။"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် သေဆုံးနေသော လေကွန်သည် ချက်ချင်း ပျောက်ကွယ်သွားတော့၏။
လင်းချန် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အံ့သြမှင်သက်သွားရ၏။
"မြန်လိုက်တာ..."
အသက်ရှင်စဉ်က လေကွန်၏ စွမ်းအားသည် လင်းချန်၏ မျက်လုံးထဲ၌ မည်သည့်အရာမျှ မဟုတ်ချေ။ ခြေတစ်ချက် ကန်လိုက်ရုံဖြင့် ဖြေရှင်းနိုင်သော ကိစ္စပင် ဖြစ်၏။
သို့သော်ငြား ယခု သေဆုံးနေသော လေကွန်၏ အမြန်နှုန်းသည် လင်းချန် မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
အနည်းဆုံးတော့ အတွင်းစည်း အဆင့် ၇ လျူမင်ပင်လျှင် ဤအလောင်းကောင် လေကွန်၏ အမြန်နှုန်းကို မမီနိုင်ချေ။
"ဝှစ်..."
လေတိုးသံ ထွက်ပေါ်လာပြီး သေဆုံးနေသော လေကွန်၏ လက်မောင်းသည် အနောက်ဘက်မှ တိုက်ခိုက်လာတော့၏။
လက်ချောင်းလေးချောင်းအား ဓားသွားကဲ့သို့ စုစည်းထားပြီး လင်းချန်၏ နှလုံးအား ထိုးဖောက်ရန် ရည်ရွယ်ထားသည်။
"ဒါပေမဲ့ ငါ့ထက်တော့ မမြန်ဘူးကွ။"
လင်းချန် ရုတ်တရက် အော်ဟစ်လိုက်ပြီး ကိုယ်ကို လှည့်ကာ မိုးကြိုးဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းနေသော ညာလက်သီးဖြင့် အားပါပါ ဝှေ့ယမ်းလိုက်၏။ လေကွန်၏ တိုက်ခိုက်လာသော ညာလက်ကို တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဘုန်းးး"
ကျယ်လောင်သော တိုက်မိသံ ထွက်ပေါ်လာပြီး နှစ်ယောက်သားထံမှ စွမ်းအားများ ပျံ့နှံ့ထွက်သွားရာ အနီးဆုံး သစ်ပင်များကို ကျိုးပဲ့သွားစေပြီး ဝေးသော သစ်ပင်များကိုပါ အပြင်ဘက်သို့ ယိုင်ထွက်သွားစေတော့၏။
လင်းချန် မလှုပ်မယှက် ရပ်နေနိုင်သော်ငြား လေကွန်မှာမူ အနောက်သို့ လွင့်ထွက်သွားပြီး ညာလက်မှ ချွန်ထက်သော လက်သည်းများ ကျိုးပဲ့သွားရသည်။
"ဒီလူသားကောင်လေးက နေယွမ်နယ်ပယ်ပဲ ရှိသေးတာကို ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။"
"ဆက်နေရင်တော့ မကောင်းဘူး... ငါ ဒီမှာ ပိတ်မိသွားနိုင်တယ်။"
နောက်ဆုတ်သွားသော လေကွန်သည် လင်းချန်၏ လက်သီးစွမ်းအားအား အရှိန်ယူကာ တောအုပ်ထဲသို့ အလျင်အမြန် ဆုတ်ခွာပြီး ထွက်ပြေးရန် ကြိုးစားလိုက်တော့၏။
သို့သော်ငြား သူ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် လှံတစ်ချောင်း ရုတ်တရက် ပျံဝဲလာပြီး သူ့ထံသို့ ဝက်အူရစ်သဏ္ဍာန် လည်ပတ် ဝင်ရောက်လာသဖြင့် ထွက်မပြေးနိုင်တော့ဘဲ မူလနေရာသို့ ပြန်လည် ဆင်းသက်လိုက်ရ၏။
မျက်နှာပျက်နေသော လေကွန်အား စိုက်ကြည့်ရင်း လင်းချန် လှောင်ပြောင်လိုက်၏။
"ငါက ဘယ်တော့မှ တစ်ယောက်တည်း မဖြစ်နိုင်ဘူး... ဘာလို့လဲဆိုတော့ ငါက ဧကရာဇ်မို့လို့ပဲကွ။"
"ကျောက်လုံ... သူ့ကို ရှင်းပစ်လိုက်။ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး နဂိုအတိုင်း ချန်ထားပါ။ တကယ်လို့ မင်းအတွက် အန္တရာယ်ရှိတယ်ဆိုရင်တော့ ထုံးစံအတိုင်းသာ သုတ်သင်လိုက်တော့။"
ကျောက်လုံအား ညွှန်ကြားလိုက်ပြီးနောက် လင်းချန် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ကျောက်လုံ လက်ထဲမှ လှံကို လှည့်လိုက်ပြီး သူ့ရှေ့ရှိ လေကွန်၏ အလောင်းအား စိုက်ကြည့်ကာ လေးလေးနက်နက် တုံ့ပြန်လိုက်၏။
"အမိန့်အတိုင်းပါ အရှင်မင်းကြီး"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကျောက်လုံ၏ နိဗ္ဗာန်နယ်ပယ် ၉ ဆင့် စိတ်ဝိညာဉ်စွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာတော့၏။ သူ မြေကြီးအား ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ပြီး လေကွန်၏ အလောင်းထံသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သူ၏ ပုံရိပ် ရွေ့လျားသွားသည်နှင့် လှံချက်သည် နဂါးတစ်ကောင်ကဲ့သို့ ထိုးထွက်သွား၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လေကွန် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ့ထံ ဦးတည်လာသော လှံသွားအား အလျင်အမြန် ရှောင်တိမ်းကာ ဘယ်လက်ဖြင့် ကျောက်လုံ၏ မျက်နှာအား လှမ်းကုပ်ဆွဲလိုက်၏။
လေကွန်၏ အလောင်းထံမှ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော်ငြား ကျောက်လုံသည် တည်ငြိမ်စွာပင် သူ၏ ခြေလှမ်းများကို ရုတ်တရက် အနောက်သို့ ဆုတ်လိုက်ပြီး လှံအား တုတ်တစ်ချောင်းကဲ့သို့ ဝှေ့ယမ်းကာ ရိုက်ချလိုက်သည်။
ကျောက်လုံ၏ ရုတ်တရက် တိုက်ခိုက်မှု ပြောင်းလဲသွားခြင်းကြောင့် လေကွန်၏ အလောင်းမှာ အငိုက်မိသွားပြီး ပြင်းထန်သော ရိုက်ချက်ကြောင့် လွင့်ထွက်သွားရ၏။
ကျောက်လုံသည် အလောင်းအား အကောင်းပကတိ ချန်ထားရန်ဟူသော သူ့သခင်၏ အမိန့်အား အမှတ်ရနေမိ၏။
လေကွန်၏ အလောင်း ထွက်ပြေးမသွားစေရန် ကျောက်လုံသည် လေပေါ် လွင့်ထွက်နေသော အလောင်းနောက်သို့ အခြေအနေအား အခွင့်ကောင်းယူကာ ချက်ချင်း လိုက်ပါသွားတော့သည်။
"သောက်ကျိုးနည်း လူသား။"
လေကွန်၏ အလောင်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကြက်သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများ သူ၏ အတွင်းမှ ထွက်ပေါ်လာကာ ခန္ဓာကိုယ်အား လွှမ်းခြုံသွားတော့၏။
ကြက်သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းနေသော လေကွန်၏ အလောင်းသည် သစ်ပင်ပင်စည်တစ်ခုအား ခြေကန်လိုက်ပြီး ဒူးကွေးကာ ရုတ်တရက် အားစိုက်ထုတ်လိုက်သည်။
"ခွမ်းးး"
လေကွန်၏ အလောင်း နင်းလိုက်သော သစ်ပင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ထိုတွန်းကန်အားအား အသုံးပြုကာ ကျောက်လုံကို ပြန်လည် တိုက်ခိုက်လိုက်၏။
ကျောက်လုံသည်လည်း ရွှေရောင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် လေကွန်၏ အလောင်းမှ ကြက်သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ကျောက်လုံ၏ လှံသည် လေကွန်၏ အလောင်းနှင့် ထိတွေ့သွားပြီး သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာတော့၏။
"ဒေါင်... ဒေါင်... ဒေါင်..."
ကျောက်လုံသည် လှံအား လျင်မြန်စွာ ဝှေ့ယမ်းပြီး သူ့ရှေ့ရှိ လေကွန်၏ အလောင်းအား မရပ်မနား ထိုးနှက် တိုက်ခိုက်နေလျက်ရှိသည်။
သို့သော်ငြား လေကွန်၏ အလောင်းမှ ကြက်သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ သူ၏ စွမ်းအားနှင့် အမြန်နှုန်းတို့မှာ အခြားအဆင့်တစ်ခုသို့ မြင့်တက်သွားသဖြင့် ကျောက်လုံအတွက် အသာစီးရရန် ခက်ခဲနေ၏။
ဘေးမှ ကြည့်နေသော လင်းချန်သည် ကျောက်လုံ၌ လေကွန်၏ အလောင်းအား အနိုင်ယူနိုင်စွမ်း မရှိ၍ မဟုတ်ဘဲ အလောင်းကို အကောင်းပကတိ ချန်ထားရန် သူ၏ အမိန့်ကြောင့်သာ စွမ်းအားအပြည့် မထုတ်နိုင်ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
သို့မဟုတ်ပဲ ကျောက်လုံသာ မိုးစက်ပွင့် လှံသိုင်းကို အသုံးပြုလိုက်ပါလျှင် လေကွန်၏ အလောင်းသည် အပိုင်းအစများ ဖြစ်သွားသည်မှာ ကြာလှပြီဖြစ်သည်။
"ငါ့ကို လူသားလို့ ခေါ်တယ်ဆိုတော့ လေကွန်က သေပြီးတဲ့နောက် တခြားမျိုးနွယ်များ ဖြစ်သွားတာလား။"
လင်းချန် လက်ပိုက်လျက် စဉ်းစားလိုက်သည်။
"ဒီကောင် ပြန်လည်ရှင်သန်လာပြီး တစ်စုံတစ်ခုက ဝင်စီးထားတာများလား။"
သေဆုံးပြီးနောက် လေကွန်၏ အံ့သြဖွယ် ပြောင်းလဲမှုများသည် လင်းချန်အား အလွန်ပင် အံ့အားသင့်သွားစေတော့၏။ မသေဆုံးမီက လေကွန်သည် နေယွမ်နယ်ပယ် ၉ ဆင့်သို့ ကပ်သီလေးသာ ရောက်ရှိထားပြီး နိဗ္ဗာန်တစ်သွယ်ကိုသာ ပြီးမြောက်ထားသူ ဖြစ်၏။
ထိုအဆင့်သို့လည်း ဆေးဝါးများ၏ အကူအညီဖြင့်သာ ရောက်ရှိထားခြင်း ဖြစ်သည်။ အပျော်အပါး မက်မောသော လေကွန်သည် ကျင့်ကြံရာ၌ ပေါ့ဆသကဲ့သို့ ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်ရာတွင်လည်း အာရုံမစိုက်ခဲ့ချေ။
ထို့ကြောင့် လေကွန်၏ ခန္ဓာကိုယ်သည် အလွန်ပင် ပျော့ညံ့လှ၏။ သို့သော်ငြား ပြန်လည်ရှင်သန်လာသော လေကွန်၏ အလောင်းသည် အဆင့်တူ၌ ယှဉ်ပြိုင်ဖက် ကင်းမဲ့လောက်အောင် မာကျောနေပြီး အတွင်းစည်း၌ အသန်မာဆုံး ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည့် လျူမင်ထက်ပင် အပြတ်အသတ် သာလွန်နေသည်။
ထို့အပြင် အလောင်းမှ ကြက်သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာချိန်၌ ပြသနေသော တိုက်ခိုက်စွမ်းရည်မှာ အသက်ရှင်စဉ်ကနှင့် လုံးဝကို ကွာခြားနေလျက်ရှိသည်။
"လေကွန် ဘာတွေများ ဖြစ်သွားတာလဲ။"
လင်းချန် အဝေးမှ ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေမိတော့၏။
အချိန်ခဏအကြာ၌ လေကွန်၏ အလောင်းပေါ်မှ ကြက်သွေးရောင် စိတ်ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း မှေးမှိန်လာပြီး ကျောက်လုံ၏ တိုက်စစ်အား ခုခံနိုင်စွမ်း မရှိတော့သည်ကို လင်းချန် သတိထားမိလိုက်သည်။
"သေစမ်း။"
ကျောက်လုံ ရလာသည့် အခွင့်အရေးအား အရယူကာ အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး လှံကို ထိုးသွင်းလိုက်ရာ လေကွန်၏ နှလုံးအား ဖောက်ထွင်းသွားတော့၏။
"ဖောက်..."
လေကွန်၏ နှလုံး ဖောက်ထွင်းခံလိုက်ရပြီး မဲနက်နေသော သွေးများကို အန်ထုတ်လိုက်ရသည်။ ကျောက်လုံ၏ မျက်နှာ တင်းမာသွားပြီး လှံကို အလျင်အမြန် ပြန်ဆွဲထုတ်ကာ မဲနက်နေသော သွေးများ မထိမှန်စေရန် ဘေးသို့ ရှောင်လိုက်၏။
လေကွန်၏ အလောင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး နှလုံးနေရာအား လက်ဖြင့် အုပ်ထားသော်ငြား မဲနက်နေသော သွေးများသည် လက်ချောင်းကြားမှ မရပ်မနား စီးကျနေလျက် ရှိနေသည်။
"မင်းတို့ လူသားတွေ... ငါ့ရဲ့ စီမံကိန်းကြီးကို ဖျက်ဆီးပစ်တဲ့အတွက် တကယ် သေသင့်တယ်။"
လေကွန်၏ အလောင်းသည် လင်းချန်အား နာကျည်းမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
"နောက်ကျရင်တော့ ငါ့လက်ထဲ မင်းတို့ မရောက်ပါစေနဲ့လို့သာ ဆုတောင်းလိုက်ကြတော့။" ပြောပြီးသည်နှင့် တစ်ပြိုင်နက် လေကွန်၏ အလောင်းသည် အသက်မဲ့စွာဖြင့် နောက်သို့ လဲကျသွားတော့၏။
တစ်ချိန်တည်းမှာပင် နှလုံးနေရာမှ မဲနက်သော သွေးများ စီးဆင်းမှုမှာလည်း ရပ်တန့်သွားတော့သည်။
ကျောက်လုံသည်လည်း လက်ထဲမှ လှံကို လှည့်လိုက်ပြီး နောက်ဆုံး၌ လက်ဖြင့် တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်ရာ လှံသွားပေါ်ရှိ မဲနက်သော သွေးစက်များ မြေကြီးပေါ်သို့ လွင့်စင်ကျသွားပြီး လှံသွားသည် သန့်ရှင်းသွားတော့၏။
"ဒေါက်..."
လှံအား မြေကြီး၌ စိုက်လိုက်ပြီး ကျောက်လုံ လင်းချန်၏ အနားသို့ လျှောက်လာကာ လက်သီးဆုပ် ဦးညွှတ်လိုက်သည်။
"တာဝန်ထမ်းဆောင်ခွင့် ရတဲ့အတွက် ဝမ်းမြောက်မိပါတယ် အရှင်မင်းမြတ်။"
"ကောင်းတယ်... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးကွ။"
လင်းချန် ကျောက်လုံအား သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၁ + ၈၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team