← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

ပြိုင်ဘက်ကင်း အင်ပါယာ

စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၃ + ၈၄

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

လင်းချန်၏ ချီးကျူးစကားကြောင့် ကျောက်လုံ၏ မျက်နှာထက်၌ ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လွင်လာကာ ခေါင်းမော့လိုက်သည်။

"ကျောက်လုံ အရင် ပြန်နှင့်လိုက်တော့။"

လင်းချန်၏ အမိန့်ရသည်နှင့် ကျောက်လုံ မြေကြီးပေါ်မှ လှံကို ဆွဲနှုတ်လိုက်သည်။ ထို့နောက် အဖြူရောင် အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး နေရာမှ ပျောက်ကွယ်ကာ ဟွာရှာအင်ပါယာသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ထိုနောက် လင်းချန် လေကွန်၏ အလောင်းနားသို့ သွားလိုက်၏။ အလောင်း၏ မျက်နှာထက်၌ နာကြည်းမုန်းတီးသော အမူအရာများ ကျန်ရစ်နေဆဲ ဖြစ်သည်။

ကျောက်လုံ၏ လှံချက်ကြောင့် နှလုံးနေရာ၌ လက်သီးဆုပ် အရွယ်အစားခန့် အပေါက်ကြီးတစ်ခု ပွင့်ထွက်လျက်ရှိနေသည်။ ဒဏ်ရာအဝ၌ မဲနက်နေသည့် သွေးများ ပေကျံနေပြီး အလောင်း၏ အောက်၌တွင်လည်း မဲနက်သော သွေးအိုင်ကြီးတစ်ခု အိုင်ထွန်းလျက်ရှိနေ၏။

အလောင်းကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် လင်းချန် လက်ချောင်းတစ်ချက် တောက်လိုက်ပြီး မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများကို ဓားငယ်တစ်ချောင်းအသွင် ပြောင်းလိုက်ကာ လေကွန်၏ လက်မောင်းကို လှီးဖြတ်လိုက်သည်။ အံ့သြစရာကောင်းသည်မှာ အဆိုပါ ဒဏ်ရာမှ သွေးနီများ စီးကျလာခြင်းပင် ဖြစ်၏။

ဒဏ်ရာမှ စီးကျလာသော သွေးနီများကို မြင်သောအခါ လင်းချန် မျက်မှောင်ကြုတ်သွားရသည်။ လေကွန်၏ ပါးစပ်တွင် လတ်ဆတ်သော သွေးများ ပေကျံနေသည်ကို သတိထားမိလိုက်သောအခါ အပြင်စည်းတပည့် နှစ်ဦး၏ နှလုံးကို အစိမ်းလိုက် ဝါးစားပြီး သွေးသောက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရသွား၏။

ရုတ်တရက် လေခွင်းသံများ ထွက်ပေါ်လာပြီး ခရမ်းရောင်နှင့် အပြာရောင် စိတ်ဝိညာဉ်အလင်းတန်းများ လေထဲတွင် ပေါ်လာကာ မြေပြင်သို့ ဆင်းသက်လာကြသည်။

စိတ်ဝိညာဉ်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ လူလေးဦး ပေါ်ထွက်လာ၏။ ထိုသူတို့မှာ ချင်ဝူရွှမ် ၊ ဝေဝူရွှမ် ၊ လေချန်နှင့် လေဟန်တို့ပင် ဖြစ်ကြ၏။

"ကွန်လေး"

မြေကြီးပေါ်မှ အလောင်းကို မြင်သောအခါ လေဟန်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားရ၏။

ချင်ဝူရွှမ်သည်လည်း သွေးအိုင်ထဲ၌ လဲကျနေသည့် လေကွန်၏ အလောင်းကို ကြည့်ကာ အထိတ်တလန့် ဖြစ်သွားရသည်။

"ဒီ... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။"

"ခေါင်းဆောင်... ကိစ္စပြီးသွားပြီလား။"

လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်၏။

"လေကွန်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားနေပေမယ့် အတွင်းထဲမှာတော့ မင်းရဲ့ ညီ မဟုတ်တော့ဘူး။ ဒါကြောင့် ငါ ရှင်းပစ်လိုက်တယ်။"

"ကမ်းရိုးတန်းပြည်နယ်မှာ ဘယ်လိုလုပ် သွေးနက်မျိုးနွယ်တွေ ရှိနေရတာလဲ။" ထိုအခိုက် သူတို့နှင့်အတူ ပါလာသော ဝေဝူရွှမ်က ရုတ်တရက် အံ့သြတကြီး ရေရွတ်လိုက်မိ၏။

"သွေးနက်မျိုးနွယ် ဟုတ်လား။" ဝေဝူရွှမ်၏ စကားကို ကြားသောအခါ လင်းချန်နှင့် အခြားသူများ အံ့သြသွားပြီး လှမ်းကြည့်လိုက်ကြ၏။

"ဂြိုလ်သားမျိုးနွယ်တွေလား။" လေဟန်က ဝေဝူရွှမ်ကို ကြည့်ကာ လေးနက်သော မျက်နှာဖြင့် မေးလိုက်၏။

ဝေဝူရွှမ် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လေကွန်၏ အလောင်းနားသို့ လျှောက်သွားကာ မြေကြီးပေါ်မှ မဲနက်သော သွေးများကို ကြည့်ရင်း လေးလေးနက်နက် ရှင်းပြလိုက်သည်။

"လေကွန်က ပြန်လည်ရှင်သန်လာတာ မဟုတ်ဘူး။ သွေးနက်မျိုးနွယ်တွေက သူတို့ကိုယ်သူတို့ အစာကျွေးဖို့ သွေးမွေးမြူရေးအလောင်းကောင်အဖြစ် အသုံးပြုခဲ့တာ။"

"ဆရာ... လူသားမျိုးနွယ်အပြင် တခြားမျိုးနွယ်စုတွေ ရှိသေးတာလား။" ဝေဝူရွှမ်၏ စကားကို ကြားသောအခါ လင်းချန် အလျင်အမြန် ရှေ့တိုးပြီး မေးလိုက်သည်။

ဝေဝူရွှမ် ခေါင်းညိတ်ပြပြီး မြေကြီးပေါ်မှ မဲနက်သော သွေးများကို ညွှန်ပြလိုက်၏။

"လေချန် ပြောပြတာကို ကြားပြီးကတည်းက ဆရာ့စိတ်ထဲမှာ သံသယ ဝင်နေတာ။ အခု ဒီသွေးနက်တွေကို မြင်လိုက်ရတော့ ဒါက သွေးနက်မျိုးနွယ်ရဲ့ လက်ချက်ပဲဆိုတာ အပြည့်အဝ အတည်ပြုနိုင်ပြီ။"

"သွေးနက်မျိုးနွယ်ဆိုတဲ့ နာမည်အတိုင်းပဲ သူတို့ရဲ့ သွေးက မဲနက်နေတယ်။ ဒီမျိုးနွယ်စုက သူတို့ရဲ့ သွေးနက်တွေကို အလောင်းတွေရဲ့ နှလုံးထဲ ထိုးသွင်းပြီး သူတို့မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းလမ်းနဲ့ အလောင်းတွေကို ထိန်းချုပ်ကြတယ်။"

"အလောင်းကို ထိန်းချုပ်ပြီးတာနဲ့ သွေးနက်မျိုးနွယ်က အဲဒီအလောင်းကို သူတို့ မျိုးနွယ်တူတွေရဲ့ နှလုံးကို စားသောက်ခိုင်းပြီး သွေးအဆီအနှစ်တွေကို သောက်သုံးခိုင်းတယ်။ ဒါမှ အလောင်းက သက်ရှိစွမ်းအားတစ်ချို့ကို ပြန်ရလာမှာပေါ့။"

"သွေးနက်တွေနဲ့ မွေးမြူထားတဲ့ အလောင်းတွေကို သွေးနက်မျိုးနွယ်တွေက သွေးမွေးမြူရေးအလောင်းကောင် လို့ ခေါ်ကြတယ်။ သူတို့ကို အသိစိတ်နဲ့ ထိန်းချုပ်ပြီး တိုက်ခိုက်ခိုင်းလို့ ရတယ်။ အတိုင်းအတာ တစ်ခုထိ မွေးမြူပြီးသွားရင် သူတို့ကို ထိန်းချုပ်ထားသူဆီကိုတောင် စွမ်းအားပြန်လည်ပေးစွမ်းနိုင်ပြီး နယ်ပယ်အဆင့်ကိုပါ မြှင့်တင်ပေးနိုင်သေးတယ်။"

"ဒီလိုလုပ်ဖို့ ပြီးပြည့်စုံတဲ့ အလောင်း ဖြစ်ဖို့တော့ လိုအပ်တယ်။ လက်ခံသူအလောင်းက ပိုသန်မာလေလေ ပြန်လည်ပေးစွမ်းနိုင်တဲ့ အကျိုးသက်ရောက်မှု ပိုကောင်းလေလေ ဖြစ်တာကြောင့် သွေးနက်မျိုးနွယ်တွေက တခြားမျိုးနွယ်စုတွေရဲ့ အလောင်းတွေကို ခိုးယူလေ့ရှိကြတယ်။ ဒါကြောင့်လည်း သွေးနက်မျိုးနွယ်တွေမှာ အလောင်းသူခိုးဆိုတဲ့ နာမည်ပြောင် ရှိနေတာပဲ။"

ထိုစကားကို ကြားပြီးနောက် လင်းချန် မြေကြီးပေါ်မှ လေကွန်၏ အလောင်းကို အံ့သြတကြီး ကြည့်လိုက်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်လာမိသည်။

"ဆရာ... ဆရာပြောတဲ့ စွမ်းအားပြန်လည်ပေးစွမ်းတယ် ဆိုတာ ဘယ်လိုမျိုးလဲ။"

"ပြန်စားတာလေ။"

"..."

လင်းချန်၏ မျက်နှာ မည်းမှောင်သွားပြီး ခေါင်းကို တွင်တွင်ခါလိုက်သည်။

"ဒီလောက် ရွံစရာကောင်းတဲ့ မျိုးနွယ်စု ဒီကမ္ဘာမှာ တကယ်ရှိတာလား။"

"သွေးနက်မျိုးနွယ်က တကယ်ကို ရွံစရာမျိုးနွယ်စုပဲ။ သူတို့ သွေးနဲ့ ပြုလုပ်ထားတဲ့ သွေးမွေးမြူရေးအလောင်းကောင်တွေက စွမ်းအားကြီးပြီး ခံနိုင်ရည် အလွန်ကောင်းတယ်။ သူတို့ရဲ့ တစ်ခုတည်းသော အားနည်းချက်က နှလုံးပဲ။"

ဝေဝူရွှမ်က မြေကြီးပေါ်မှ လေကွန်၏ အလောင်းကို ညွှန်ပြရင်း ဆိုလိုက်၏။

"ဦးလေးလေဟန်... ကျွန်တော့်တပည့်က ဦးလေးရဲ့ မြေးကို အပေါက်ဖောက်လိုက်မိလို့ အပြစ်မတင်ပါဘူးနော်။"

လေဟန် သက်ပြင်းချလိုက်ပြီး ခေါင်းခါကာ လက်ကာပြလိုက်၏။ "လင်းချန်ကိုတောင် ကျေးဇူးတင်ရဦးမယ်။ မဟုတ်ရင် ဦးလေးမြေးရဲ့ အလောင်းက ဟို သွေးနက်မျိုးနွယ်တွေရဲ့ အစာအဖြစ် စားသောက်ခံလိုက်ရမှာ။"

"ကမ်းရိုးတန်းပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်ပေမယ့် လူသားမျိုးနွယ် ပိုင်နက်ရဲ့ တောင်ဘက်ကုန်းတွင်းပိုင်း ပင်လယ်နားမှာ ရှိတယ်။ ဘာလို့ သွေးနက်မျိုးနွယ်တွေ ဒီမှာ ပေါ်လာရတာလဲ။" ဝေဝူရွှမ် တိုးတိုးလေး ရေရွတ်ရင်း တွေးတောလိုက်မိသည်။

ချင်ဝူရွှမ်ကမူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေးနက်သော မျက်နှာဖြင့် မေးခွန်းထုတ်လိုက်သည်။

"ငါတို့ နတ်ဓားဂိုဏ်းနားမှာ ပုန်းအောင်းနေတာများလား။"

"မဖြစ်နိုင်ဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က သွေးနက်မျိုးနွယ် ကိုယ်စား လှုပ်ရှားပြီး အလောင်းရဲ့ နှလုံးထဲ သွေးနက် ထိုးသွင်းပေးလိုက်ရင်လည်း အလောင်းကို ထိန်းချုပ်နိုင်ပြီး သွေးမွေးမြူရေးအလောင်းကောင် ဖန်တီးလို့ ရတယ်။" ဝေဝူရွှမ် ခေါင်းခါလိုက်ပြီး မသေချာသလို ဆို၏။ "ဒါပေမဲ့ သွေးမွေးမြူရေးအလောင်းကောင် ဖန်တီးတာက အမြဲတမ်းတော့ မအောင်မြင်နိုင်ဘူး။"

"ငါ အပြင်လောကမှာ လှည့်လည်သွားလာတုန်းက ကြားဖူးသလောက်ဆိုရင် သွေးနက်မျိုးနွယ်တွေက သွေးမွေးမြူရေးအလောင်းကောင် ဖန်တီးတဲ့အခါ အောင်မြင်မှုနှုန်း မြင့်မားအောင် ပစ္စည်းတွေ အများကြီး သုံးပြီး သေချာ ပြင်ဆင်ကြတယ်။ ပြင်ပလူကို သုံးပြီး အလောင်းထဲ သွေးနက် ထိုးသွင်းခိုင်းတာက အောင်မြင်မှုနှုန်း တော်တော်လေး နည်းတယ်။"

ဆရာတူအစ်ကို၏ စကားကို နားထောင်ပြီးနောက် ချင်ဝူရွှမ် ခဏတာ စဉ်းစားလိုက်သည်။

"ငါထင်တာကတော့ လေကွန် သွေးမွေးမြူရေးအလောင်းကောင် ဖြစ်သွားတာက သွေးနက်မျိုးနွယ် ကိုယ်တိုင် လုပ်တာ မဖြစ်နိုင်လောက်ဘူး။"

"ငါ့အထင် သွေးနက်မျိုးနွယ်ကို ကူညီနေတဲ့လူက လေကွန်ရဲ့ နှလုံးထဲ သွေးနက် ထိုးသွင်းလိုက်တယ်။ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မတွေ့ရတော့ ခြေရာလက်ရာ ဖျောက်ဖျက်ဖို့ စီစဉ်လိုက်တာ ဖြစ်မယ်။"

"နတ်ဓားဂိုဏ်း တောင်တံခါးဝ အပြင်ဘက်မှာ တပည့်တွေ ကင်းလှည့်နေတော့ အလောင်းကို မီးရှို့ဖို့က မဖြစ်နိုင်ဘူးလေ။ အကောင်းဆုံး နည်းလမ်းက ဒီနေရာမှာပဲ မြှုပ်နှံလိုက်တာပဲ။"

"အဲဒီလူ ထင်မထားမိတာက ရက်အတော်ကြာပြီးတဲ့နောက် သွေး​မွေးမြူရေးအလောင်းကောင်က တကယ်ကို အောင်မြင်သွားတာပဲ။" ချင်ဝူရွှမ်၏ သုံးသပ်ချက်အား ကျန်သူများလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုအခိုက် လင်းချန် ဝင်ရောက်ကာ ပြောလိုက်၏။ "တပည့် သောက်လိုက်ရင် အမှန်တိုင်း ပြောစေတဲ့ အမှန်ပြောဆေးတစ်မျိုး ဖော်စပ်ထားတယ်။ လေချန်နဲ့ တပည့် တောင်တံခါးစောင့် တပည့်တွေဆီကနေ သိခဲ့ရတာက..."

သူတို့ထဲ၌ အံ့သြဆုံးသူမှာ လေဟန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူကိုယ်တိုင် မေးမြန်းခဲ့သော်လည်း လျူမင်၏ ထွက်ဆိုချက်ကြောင့် မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။

ချင်ဝူရွှမ်ကမူ လင်းချန်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ "အဲဒီဆေးကို မင်း ဖော်စပ်တာလား။ မဖြစ်နိုင်တာ။"

"ဦးလေးရာ... ဘာလို့ မဖြစ်နိုင်ရမှာလဲ။"

"နတ်ဓားဂိုဏ်းက လူတိုင်း သိကြတယ်လေ... မင်း လင်းချန်က ကျင့်ကြံတာကလွဲရင် တခြားပညာရပ်တွေမှာ လုံးဝ အသုံးမကျဘူး ဆိုတာ။"

"ဆေးဖော်တာကိုပဲ ကြည့်... မင်း ဖော်စပ်လိုက်တဲ့ ဆေးတွေက ရေဆာပြေရုံကလွဲရင် ဘာမှ အသုံးမဝင်ဘူး။ ဆေးပညာ သင်ပေးတဲ့ အကြီးအကဲတွေဆို မင်းကို မြင်တာနဲ့တင် ရှောင်ပြေးကြတာ။"

"လက်နက်သွန်းလုပ်တာမှာလည်း မင်းက စံချိန်တင်ထားတာပဲ။ အကြီးအကဲချီ ပြောဖူးတယ်... လက်နက်သွန်းလုပ်တာ သင်နေတဲ့ တပည့်တွေထဲမှာ မင်းသွန်းလုပ်လိုက်တဲ့ မူလလက်နက်နဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေက စိတ်ဝိညာဉ်စွမ်းအား ထည့်လို့မရဘဲ ပြန်ကန်ထွက်တာမျိုး သူ တစ်ခါမှ မကြုံဖူးဘူးတဲ့။"

"အစီအရင် တည်ဆောက်တာက ပိုတောင် ဆိုးသေးတယ်။ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှု မြှင့်တင်ပေးပြီး ကျင့်ကြံနှုန်း မြန်စေမယ့် စိတ်ဝိညာဉ်စုစည်းအစီအရင်က မင်းလက်ရာလည်း ဖြစ်ရော ကျင့်ကြံနှုန်း ၁၀ ဆ ကျသွားစေတာလေ။ အခုထိ အကြီးအကဲဖူက မင်းလို ဉာဏ်ကြီးရှင်မျိုး တစ်ခါမှ မမြင်ဖူးပါဘူးလို့ လှောင်နေတုန်းပဲ။"

"ပိုရယ်ရတာက မင်းရဲ့ ဆေးပေါင်းအိုး ပေါက်ကွဲတာ ၊ လက်နက်သွန်းလုပ်တဲ့ မီးဖို ပေါက်ကွဲတာ.၊ အစီအရင် ပေါက်ကွဲတာ... အတိုချုပ်ပြောရရင် အမြဲတမ်း ပေါက်ကွဲနေတာပဲ။ ဒီလို အံ့သြစရာကောင်းတဲ့ ဆေးမျိုး မင်း သုတေသန လုပ်ထားပါတယ် ဆိုတာ ဦးလေး ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။"

သူ့ဘေးမှ လေချန်ကမူ ရုတ်တရက် သဘောပေါက်သွားပြီး လင်းချန်ကို အံ့သြတကြီး ကြည့်ရင်း ရေရွတ်လိုက်၏။

"ဒါဆို ခေါင်းဆောင်က အပြင်စည်းက ပေါက်ကွဲမှုဘုရင် ပေါ့။"

ဝေဝူရွှမ်သည်လည်း အသံထွက်ကာ ရယ်မောလိုက်ရသည်။ လင်းချန် အစပိုင်းတွင် ဆေးဖော်ခြင်း ၊ လက်နက်သွန်းလုပ်ခြင်း စသည်တို့ကို သင်ယူချင်ခဲ့ပြီး နေ့တိုင်း သပ်သပ်ရပ်ရပ် ထွက်သွားသလောက် ပြန်လာလျှင် တစ်ကိုယ်လုံး မဲတူးနေတတ်သည်ကို သူ ပြန်သတိရသွားတော့သည်။

နောက်ပိုင်း၌ ဂိုဏ်းမှ ပညာရပ် သင်ကြားပေးသော အကြီးအကဲများက လင်းချန်အား သူတို့ စာသင်ခန်းများသို့ လာရောက်ခွင့် မပြုတော့ဘဲ တားမြစ်ပိတ်ပင်လိုက်ကြ၏။ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည့် ပေါက်ကွဲမှုများအား အကြီးအကဲများ တကယ် သည်းမခံနိုင်ကြတော့ချေ။

"..."

လင်းချန် မျက်နှာမဲ့သွားရ၏။

"ဘာရှန်းမြို့နားမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေ တစ်ခု ရှိတယ်။ တပည့် အဲဒီက ရလာတာ။"

ရွေးချယ်စရာ မရှိတော့သဖြင့် လင်းချန် ညာပြောလိုက်ရတော့သည်။ သို့သော်လည်း ချင်ဝူရွှမ်က တံခါးစောင့်တပည့်များ၏ ထွက်ဆိုချက်နှင့် ပတ်သက်ပြီး လင်းချန် ပြောသည်ကိုတော့ ယုံကြည်သွား၏။

အကယ်၍ လေကော့သာ အမှန်တကယ် ကျူးလွန်ခဲ့ခြင်း ဖြစ်ပါက တရားခံသည် အလောင်းကို အဘယ်ကြောင့် မယူသွားသလဲ ဆိုသည်ကို ဤအချက်က ကောင်းကောင်း ရှင်းပြနိုင်လေသည်။

လေကော့သည် နတ်ဓားဂိုဏ်း တပည့်တစ်ဦး ဖြစ်သဖြင့် ဂိုဏ်းအား အသိမပေးဘဲ တောင်တံခါးဝ အပြင်ဘက်၌ အချိန်ကြာမြင့်စွာ လွတ်လွတ်လပ်လပ် နေ၍ မရနိုင်ပေ။ ထို့ကြောင့် သဘာဝကျစွာပင် အလောင်းကို ယူဆောင်သွားနိုင်မည် မဟုတ်ချေ။

"ကြည့်ရတာ လေကော့က လျူမင်နဲ့ ပေါင်းပြီး ဦးလေးကို လိမ်ခဲ့တာပဲ။" ထိုအချက်ကို တွေးမိသောအခါ လေဟန် အလွန်ဒေါသထွက်သွား၏။ "နတ်ဓားဂိုဏ်း ပြန်ရောက်ရင် လေကော့ကို သေချာ စစ်ဆေးမေးမြန်းရမယ်။"

"ဦးလေး... လေကော့ကို စစ်ဆေးမေးမြန်းဖို့က မဖြစ်နိုင်လောက်တော့ဘူး။"

ချင်ဝူရွှမ် ခါးသက်သက် ပြုံးလိုက်ရင်း လေဟန်ကို ဆိုလိုက်၏။

လေဟန် မျက်မှောင်ကြုတ်သွားပြီး ချင်ဝူရွှမ်ကို နားမလည်နိုင်သလို ကြည့်လိုက်သည်။

"ဘာလို့လဲ။"

"လေကော့ သေပြီလေ... လင်းချန် သတ်လိုက်တာ။"

"ဘာ..."

လေဟန် မျက်လုံးပြူးသွားပြီး လင်းချန်ကို အံ့သြတကြီး လှမ်းကြည့်လိုက်၏။

လင်းချန်ကမူ လက်ကာပြလိုက်ပြီး အပြစ်ကင်းစင်သည့် ဟန်ပန်ဖြင့် ရှင်းပြလိုက်၏။

"လေကော့ ပါဝင်ပတ်သက်နေမှန်း တပည့် မသိခဲ့ဘူး။ အဲကောင်က သူ့နှလုံးကို ထိုးပါလို့ အော်ပြောနေတာ။ သူ အဲဒီလောက် စိတ်အားထက်သန်နေတာ မြင်တော့ တပည့်လည်း မငြင်းရက်တာနဲ့ ဓားနဲ့ ထိုးပေးလိုက်တာပါ။"

"လေကော့ သေသွားပေမယ့် လျူမင် ကျန်သေးတာပဲ။ သူ့ဆီကနေ အစဖော်ကြည့်ကြတာပေါ့။"

ဝေဝူရွှမ်သည်လည်း ခေါင်းခါလိုက်ပြီး ခါးသက်သက် ပြုံးရင်း ဆိုလိုက်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ

စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၃ + ၈၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters