အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၅ + ၈၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
နတ်ဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသောအခါ လျူမင်အား အမှန်ပြောဆေးရည် တိုက်ကျွေးလိုက်ပြီးနောက် သကောင့်သားသည် ထိုညက ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း ထုတ်ဖော်ပြောကြားလာတော့၏။
လင်းချန်တို့မှန်းထားသည့် အတိုင်းပင် လေကော့ဆိုသည့် အကောင်သည် လျူမင်အား အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း လာဘ်ထိုးခဲ့၏။
ထိုနည်းတူစွာပင် ထိုညက ရှိနေခဲ့ကြသော အခြားအတွင်းစည်းတပည့်များသည်လည်း လေကော့ထံမှ လာဘ်များ အသီးသီးရယူထားကြပြီး အဖြစ်မှန်ကို ဖုံးကွယ်ပေးထားခဲ့ကြသည်။
ထို့အပြင် လေဟန်အား အကြီးအကျယ် တုန်လှုပ်နာကျင်သွားစေသည့် နောက်ထပ်ကိစ္စတစ်ခု ပေါ်ပေါက်လာသေး၏။ ထိုအရာမှာ လေရှန် ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။
ချင်ဝူရွှမ်နှင့် အခြားသူများ လေကွန် ပြဿနာဖြစ်ပွားရာ နေရာသို့ အပြေးအလွှား ရောက်ရှိသွားချိန်၌ပင် လေရှန် ဂိုဏ်းမှ ရုတ်တရက် ထွက်ခွာသွားခဲ့ကြောင်း တောင်တံခါးစောင့်တပည့်များ၏ အစီရင်ခံစာအရ သိလိုက်ရ၏။
ချင်ဝူရွှမ် အေးစက်စက် မျက်နှာထားဖြင့် မှတ်ချက်ချလိုက်၏။ "ငါတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ လေရှန်က ဂြိုလ်သား သွေးနက်မျိုးနွယ်တွေနဲ့ ပူးပေါင်းကြံစည်နေတာများလားလို့ စိုးရိမ်မိတယ်။"
ထို့ကြောင့် ဤကိစ္စသည် ယာယီ ရပ်နားသွားတော့သည်။ ထို့နောက် လေကွန်၏ အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီး လေကော့၏ အလောင်းကိုမူ လေဟန်က ခွေးစာကျွေးရန် အပိုင်းပိုင်းခုတ်ထစ်ပစ်ဖို့ ယူဆောင်သွား၏။
ထို့နောက် နတ်ဓားဂိုဏ်းသည် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ လေရှန်သည် ဂြိုလ်သား သွေးနက်မျိုးနွယ်နှင့် ပူးပေါင်းကြံစည်ကာ ဂိုဏ်းအား သစ္စာဖောက်၍ ထွက်ပြေးသွားကြောင်း ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးသို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တော့၏။
ထိုကြေညာချက်ထဲ၌ သွေးနက်မျိုးနွယ်နှင့် ပတ်သက်သော အချက်အလက်များကို အသေးစိတ် ဖော်ပြထားပြီး အခြားသောအင်အားစုများအနေဖြင့်လည်း သူတို့၏ ဘိုးဘေးဘီဘင်များ၏ သင်္ချိုင်းဂူများကို ဂရုတစိုက် စောင့်ကြပ်ကြရန် သတိပေးထားသည်။
အဘယ်ကြောင့်ဆိုသော် သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ စွမ်းအား ကြီးမားလေလေ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပိုမိုအားကောင်းလေလေ ဖြစ်ကာ ပုပ်ပွပျက်စီးရန် ခက်ခဲလေလေ ဖြစ်သောကြောင့်ပင်။
ဝေဝူရွှမ်၏ ခန့်မှန်းချက်အရ ဤသွေးနက်မျိုးနွယ်သည် အကြောင်းတစ်ခုခုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ကမ်းရိုးတန်းပြည်နယ်သို့ ထွက်ပြေးလာခြင်း ဖြစ်နိုင်ပြီး သွေးမွေးမြူရေးအလောင်းကောင်ကို အသုံးပြု၍ ပြန်လည်ကုသရန် အသည်းအသန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ လူသားပိုင်နက်၏ အားနည်းသောဒေသများထဲ၌ သွေးနက်မျိုးနွယ်ကဲ့သို့သော ဂြိုလ်သားမျိုးနွယ်များ ပေါ်ပေါက်လာခြင်းသည် မည်သို့မျှ သတင်းကောင်း မဟုတ်ပေ။ ရုတ်ချည်းဆိုသလိုပင် ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးသည် နတ်ဓားဂိုဏ်း၏ ကြေညာချက်ကြောင့် အကြီးအကျယ် လှုပ်ခတ်သွားရတော့၏။
လူအများကို တုန်လှုပ်သွားစေသည်မှာ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ သစ္စာဖောက်ခြင်း မဟုတ်ဘဲ ဂြိုလ်သားမျိုးနွယ်ဆိုသည့် ကိစ္စပင် ဖြစ်၏။ းကမ်းရိုးတန်းပြည်နယ်ရှိ လူအများစုသည် လင်းချန်နှင့် လေချန်တို့ကဲ့သို့ပင် ဤကမ္ဘာ၌ လူသားများအပြင် အခြားသော သက်ရှိများ ရှိနေကြောင်း လုံးဝ မသိရှိကြပေ။
ထို့ကြောင့် ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးသည် ဂြိုလ်သားမျိုးနွယ်များအကြောင်း ဆွေးနွေးငြင်းခုံမှုများဖြင့် ဆူညံပွက်လောရိုက်သွားတော့သည်။ ထိုအခိုက် နတ်ဓားဂိုဏ်း၏ လက်အောက်ခံ မြို့ငယ်လေးတစ်မြို့ပြင်ပရှိ မထင်ရှားသော လယ်တောအိမ်လေး တစ်လုံးအတွင်း၌ လူရိပ်နှစ်ခု ရှိနေ၏။
ထိုအထဲ၌ ဖြူဖျော့သော အသားအရေနှင့် တစ္ဆေတစ်ကောင်သဖွယ် ငွေရောင်ဆံပင်ရှိသော အမျိုးသားတစ်ဦးသည် သူ့ရှေ့မှ သက်ကြီးရွယ်အိုအား ဒေါသတကြီး ကြည့်ကာ ဆဲဆိုလိုက်၏။
"ခင်ဗျားက တကယ့်ကို အသုံးမကျတာပဲ။ ခင်ဗျားမြေးနဲ့ တစ်ပုံစံတည်းပဲ။"
ထိုစကားကြောင့် လေရှန် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရှေ့မှ ငွေရောင်ဆံပင်နှင့် လူအား စူးရဲစွာ ပြန်ကြည့်လိုက်၏။
"ဟမ့်.. မင်းက အပြစ်အားလုံးကို သနားစရာ ငါ့မြေးလေးအပေါ်ပဲ ပုံချချင်နေတာလား။ မင်းသာ ကြိုပြီး သေချာရှင်းပြထားရင် ဒီလို အမှားမျိုး ဖြစ်လာနိုင်ပါ့မလား... ဒီ ဂြိုလ်သားကောင်။"
ငွေရောင်ဆံပင်နှင့် လူက အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စိုးရိမ်တကြီး ညည်းတွားလိုက်၏။
"အခုတော့ ငါ့အကြောင်းကို ကမ်းရိုးတန်းပြည်နယ်က လူတိုင်း သိကုန်ကြပြီ။ အရင်ကထက် လှုပ်ရှားရတာ ပိုခက်ခဲသွားပြီပေါ့။ ဒီလို ခေါင်ဖျားတဲ့ နေရာမှာတောင် ထူးချွန်တဲ့ လူတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး။ အချိန်ကလည်း သိပ်မကျန်တော့ဘူး။ အဲဒီ ရှေးဟောင်းအမွေအနှစ်နယ်မြေ မပေါ်လာခင် ငါ့ဒဏ်ရာတွေ ပြန်မကောင်းလာရင် အားလုံး အလကား ဖြစ်ကုန်လိမ့်မယ်။"
ထိုအခါ လေရှန်၏ မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး အံကို တင်းတင်းကြိတ်လိုက်သည်။
"ဒါတွေအားလုံး ဝေဝူရွှမ်နဲ့ လင်းချန်ဆိုတဲ့ သောက်ဆရာတပည့် နှစ်ယောက်ကြောင့်ပဲ။"
ထိုနာမည်နှစ်ခုကို ကြားသောအခါ ငွေရောင်ဆံပင်နှင့် လူသည်လည်း အနည်းငယ် စိတ်ပျက်အားလျော့သွားပုံပေါ်၏။ သို့သော် ရုတ်တရက်ဆိုသလို သူ၏ မျက်လုံးများ အရောင်လက်သွားပြီး အကြံတစ်ခု ရလိုက်သကဲ့သို့ လေရှန်ကို အလျင်အမြန် မေးလိုက်သည်။
"နေပါဦး မင်းတို့ ကမ်းရိုးတန်းပြည်နယ်မှာ ပင်လယ်မျိုးနွယ်တွေနဲ့ တစ်ခါမှ မကြုံဖူးကြဘူးလား။"
လေရှန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရပြီး ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်၏။
"ပင်လယ်မျိုးနွယ် ဟုတ်လား။ လူသားမျိုးနွယ်ကလွဲရင် တခြားမျိုးနွယ်တွေ ရှိတယ်ဆိုတာ ငါက မင်းနဲ့ တွေ့မှပဲ သိတာလေ။ ပင်လယ်မျိုးနွယ်ဆိုတာမျိုးကို ငါမြင်ဖူးဖို့မပြောနဲ့ ကြားကိုမကြားဖူးတာ။"
ငွေရောင်ဆံပင်နှင့် လူ၏ မျက်လုံးများက တောက်ပလာပြီး ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ကျိတ်ရယ်လိုက်၏။
"မဖြစ်နိုင်တာ။ ဒီလောက် ကျယ်ပြန့်တဲ့ သမုဒ္ဒရာနားမှာ ပင်လယ်မျိုးနွယ် မရှိဘဲ ဘယ်နေပါ့မလဲ။ ပင်လယ်ရှိတဲ့ နေရာတိုင်းမှာ ပင်လယ်မျိုးနွယ် ရှိစမြဲပဲလေ။ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ မင်းတို့ ကမ်းရိုးတန်းပြည်နယ်နားမှာ ပင်လယ်မျိုးနွယ်တွေရဲ့ မြင့်မြတ်နယ်မြေ ရှိနေလို့ပဲ ဖြစ်ရမယ်။"
"ပင်လယ်မျိုးနွယ်တွေရဲ့ မြင့်မြတ်နယ်မြေဆိုတာ သူတို့မျိုးရိုးစဥ်ဆက်က တော်ဝင်မိသားစုတွေရဲ့ ရုပ်အလောင်းတွေကို သိမ်းဆည်းထားတဲ့ နေရာပဲ။ သာမန် ပင်လယ်မျိုးနွယ်တွေက အဲဒီဘက်ကို ချဉ်းကပ်လို့ မရကြဘူးလေ။ ကမ်းရိုးတန်းပြည်နယ်နားက ပင်လယ်မျိုးနွယ် မြင့်မြတ်နယ်မြေကိုသာ ငါရှာတွေ့သွားရင် ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာဖို့က လက်တစ်ကမ်းမှာပဲ... ဟားဟား။"
လေရှန် မျက်လုံးပြူးသွားရကာ သူ့ရှေ့မှ ငွေရောင်ဆံပင်နှင့် လူအား ကြည့်လိုက်သည်။ သူ၏ မျက်နှာထက်၌ တုံ့ဆိုင်းနေသော အရိပ်အယောင်များ ထင်ဟပ်နေ၏။
"မင်းက ပင်လယ်ထဲ ဆင်းမလို့လား။"
လေရှန်၏ အမူအရာကို မြင်သောအခါ ငွေရောင်ဆံပင်နှင့် လူက နှာခေါင်းရှုံ့လိုက်သည်။
"အေးဆေးပေါ့။ ပင်လယ်ထဲမှာ အသက်ရှင်နိုင်တဲ့ စိတ်ဝိညာဉ်ပစ္စည်း တစ်ခု ငါ့ဆီမှာ ရှိတယ်။ ငါတစ်ယောက်တည်း သွားမှာမလို့ မင်း ဒီမှာပဲနေပြီး ငါပြန်လာမယ့်အချိန်ကိုသာ စောင့်နေ။"
စကားပြောပြီးသည်နှင့် ငွေရောင်ဆံပင်နှင့် လူသည် သူ၏ တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်လိုက်ပြီး လယ်တောအိမ်ထဲမှ ထွက်ခွာသွားရာ လေရှန် တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။
လေရှန် အံကြိတ်လိုက်ရာ လျှပ်စီးကြောင်းသဲ့သဲ့များက သူ့ပတ်ပတ်လည်တွင် တဖျစ်ဖျစ် မြည်လာသည်။
"လင်းချန် ၊ မင်းကများ ငါ့မြေးကို သတ်ရဲတယ်ပေါ့။ သောက်ခွေးမသား မျိုးမစစ်။"
ထိုအခိုက်၌ သူ၏ အကြည့်သည် မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အေးစက်နေပြီး အခွင့်အရေးရသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့သည်။
**--**--**--**--**--**--**--**
မော်ချင်းတောင်၏ တောင်ထိပ်နေအိမ်၌မူ ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ဝေဝူရွှမ်က ကုန်စင်သွားသော သလင်းကျောက်ပုလင်းကို စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် ဝေဝူရွှမ် ခေါင်းခါလိုက်ပြီး သူ့ရှေ့မှ တပည့်ကို ရှင်းပြလိုက်၏။ "လေရှန်နဲ့ ပတ်သက်တဲ့သူတွေဖြစ်တဲ့ လေဟန်နဲ့ လေချန် အပါအဝင် အားလုံးကို ဆရာ စစ်ပြီးသွားပြီ။ ဘာမှ ထူးခြားတာတော့ မတွေ့ရဘူး။"
လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ခန့်မှန်းလိုက်၏။ "ကြည့်ရတာ လေရှန်နဲ့ လေကော့ဆိုတဲ့ မြေးအဖိုး နှစ်ယောက်တည်း ထင်တယ်။"
ဝေဝူရွှမ် သူ့ရှေ့မှ တပည့်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"နောက်ထပ် တစ်ခုရှိသေးတယ်။ ပြိုင်ပွဲတုန်းက မင်းက နိဗ္ဗာန်နယ်ပယ်အဆင့်ကိုး သိုင်းဝိညာဉ်စစ်သည်တော် စစ်တပ်ကြီးတစ်ခုလုံးကို ခေါ်လာတယ်လို့ ဆရာ ကြားတယ်။ လူသုံးထောင်တောင် ဆိုလား။"
လင်းချန် သူ၏ ဆရာ မေးလာမည်ကို ကြိုတင်ခန့်မှန်းထားသဖြင့် ရှင်းပြချက်ကို အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်၏။
"ရှေးဟောင်းအမွေအနှစ်နယ်မြေထဲက ရလာတဲ့ ရှေးဟောင်းစိတ်ဝိညာဉ်ပစ္စည်း တစ်ခုပါ။ ရုပ်သေးစစ်တပ်ကို ယာယီဆင့်ခေါ်နိုင်တယ်။ အဲဒီဆေးရည်တွေနဲ့အတူ တွေ့ခဲ့တာပါ။"
ဝေဝူရွှမ်ကူ လင်းချန်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ရသည်။ ထိုကဲ့သို့သော ရှေးဟောင်း စိတ်ဝိညာဉ်ပစ္စည်း ရှိသည်ဆိုသည်ကို သူ လုံးဝ မယုံပေ။
"ဒါဆို အဲဒီ စိတ်ဝိညာဉ်ပစ္စည်းက အခု ဘယ်မှာလဲ။"
"အဲဒါက တစ်ခါသုံးပစ္စည်းလေ။ အခု မရှိတော့ဘူး ၊ လွှင့်ပစ်လိုက်ပြီ။"
"..."
ဝေဝူရွှမ် သူ၏ တပည့်စကားကို မယုံကြည်သည်မှာ သိသာလှ၏။ ဤမျှ သုံးမရသော ဆင်ခြေမျိုးသည် ကြားလိုက်သည်နှင့်တင် အလိမ်အညာမှန်း သိသာနေသည်။
သို့သော်လည်း ဤထူးချွန်လှသောတပည့်ဖြစ်သူက ဝေဝူရွှမ်ကို အကြီးအကျယ် ခေါင်းကိုက်သွားစေ၏။ ဤမျှ ထူးချွန်သော တပည့်တစ်ဦး ရှိနေခြင်းသည် တစ်ခါတစ်ရံ၌တော့ စိတ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်နေသည်။
ထို့နောက် ဝေဝူရွှမ် ပြောလိုက်၏။ "ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် မင်းက ဆရာ့ကို အမှန်အတိုင်း ပြောမှာမှ မဟုတ်တာပဲ။ နေပါဦး မင်း နိဗ္ဗာန်နယ်ပယ်ကို ဘယ်တော့လောက် ချိုးဖျက်ဖို့ စိတ်ကူးရှိလဲ။"
နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် ကျင့်ကြံသူတိုင်းအတွက် အလွန်အရေးပါသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် သူ့ရှေ့မှ တပည့်သည် မကြုံစဖူး နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်ကို ပြီးမြောက်ထားသူ တစ်ဦးလည်း ဖြစ်နေ၏။
လင်းချန်၏ မျက်နှာထက်၌ မျှော်လင့်ချက် အရိပ်အယောင်များ ယှက်သန်းသွားရင်း ဖြေလိုက်သည်။
"ဒီည နေယွမ်နယ်ပယ် ၉ ဆင့်ကို ပြန်ရောက်အောင် ကျင့်ကြံပြီးရင် နိဗ္ဗာန်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မှာပါ။"
အခြေခံနယ်ပယ်သုံးဆင့်ကို ကျော်လွန်သွားပြီဖြစ်သော နိဗ္ဗာန်နယ်ပယ်သည်ကား လုံးဝကို အခြားကမ္ဘာတစ်ခုပင် ဖြစ်၏။
နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်သည် သမိုင်းတစ်လျောက် မဖြစ်ဖူးခဲ့ချေ။ စက်ဝန်း ၁၂ သွယ်ဖြင့် နိဗ္ဗာန်နယ်ပယ်သို့ အဆင့်တတ်ပြီးပါက လင်းချန်သည် မည်ကဲ့သို့သော မကောင်းဆိုးဝါးမျိုး ဖြစ်လာမည်နည်း။
နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးခါစ ယီစင်းပင် နာမည်ကြီး နိဗ္ဗာန်အဆင့်ကိုး ပညာရှင်များကိုပင် အနိုင်ယူနိုင်စွမ်းရှိနေပြီး ယခုမျိုးဆက်၏ ဓားသူတော်စင်မယ်လေးဟုပင် တင်စားခံနေရပြီဖြစ်သည်။
ဝေဝူရွှမ်က ဆက်လက်၍ သတိပေးလိုက်၏။ "အဲဒီလို ပါရမီရှင်မျိုးကို ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ ရောက်ရင် ရှန်ထျန်ဂိုဏ်းက တပည့်တွေ သေချာပေါက် ပစ်မှတ်ထားကြလိမ့်မယ်။ အဲဒီအချိန်မရောက်ခင် မင်းရဲ့ စွမ်းအားကို မြှင့်တင်ထားသင့်တယ်။ မင်းရဲ့ စေ့စပ်ထားသူ မိန်းကလေးကိုလည်း မင်း ကာကွယ်ပေးရမယ်မလား။"
ထိုစကားကြောင့် လင်းချန် အေးစက်စက် ပြုံးကာ ဆိုလိုက်၏။ "တကယ်လို့သာ အဲဒီလိုကိစ္စမျိုး ဖြစ်လာခဲ့ရင် ရှန်ထျန်ဂိုဏ်းက တပည့်တွေ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်နိုင်စေရဘူးလို့ တပည့် အာမခံတယ်။
**--**--**--**--**--**--**--**
လင်းချန် အခန်းထဲ၌ နိဗ္ဗာန်မီးလျံဆေးရည်စိမ်ကန်ကို နောက်တစ်ကြိမ် ပြင်ဆင်ထား၏။ ယခုတစ်ကြိမ်၌မူ ဆေးရည်၏ အာနိသင်သည် ယခင်ကထက် ပိုမို ပြင်းထန်နေသည်။ အာနိသင်က ယခင်ကထက် အဆများစွာ ပိုမိုပြင်းထန်သည်နှင့်အညီ ခံစားရမည့် နာကျင်မှုသည်လည်း အဆပေါင်းများစွာ ပိုမိုပြင်းထန်နေမည်မှာ ကျိန်းသေပေါက်ပင်ဖြစ်တော့သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၅ + ၈၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team