အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၇ + ၈၈
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
လင်းချန် အဝတ်အစားများကို ချွတ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် သစ်သားစည်ပိုင်းထဲသို့ ဝင်ထိုင်လိုက်၏။ နီရဲနေသော ဆေးရည်များက သူ၏ခေါင်းပေါ်အထိ လွှမ်းခြုံလာသည်။
ခြေနှစ်ဖက်ကို စည်ပိုင်းထဲ ချလိုက်သည်နှင့် လင်းချန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရတော့၏။ စူးရှသည့် နာကျင်မှုက ပြင်းထန်စွာ ရိုက်ခတ်လာပြီး ပူလောင်သည့် အပူရှိန်က သူ၏ တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
စည်ပိုင်းထဲသို့ ဝင်ထိုင်လိုက်ချိန်၌ ဆေးရည်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှသော စွမ်းအားကို ခံနိုင်ရည်ရှိစေရန် လင်းချန် အံကိုတင်းတင်း ကြိတ်ထားလိုက်ရသည်။
အကယ်၍ လင်းချန်သာ အလွန်သန်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်အား ပြီးမြောက်ထားသူ မဟုတ်ပါက ဤမျှ အားကောင်းသော ဆေးစွမ်းအားဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အတွင်းစည်းတပည့်များထဲ၌ ရုပ်ပိုင်ဆိုင်းရာအရ အသန်မာဆုံးဟု ဆိုသော လျူမင်သာ ဝင်ထိုင်လိုက်ပါက ဤမျှ ပြင်းထန်လှသည့် ဆေးစွမ်းအားများကြောင့် ပေါက်ကွဲသွားမည်မှာ အသေအချာပင် ဖြစ်၏။
လင်းချန် မျက်လုံးများကို တင်းတင်းပိတ်ထားကာ နာကျင်မှုများနှင့် တဖြည်းဖြည်း အသားကျလာစေရန် ကြိုးစားလိုက်၏။ ဤမျှ နာကျင်မှုလေးကိုပင် သည်းမခံနိုင်ပါက မိဘများကို ကယ်တင်နိုင်ရန် သူ မည်သို့လုပ် ပိုမိုသန်မာလာနိုင်ပါမည်နည်း။
ပြင်းထန်သော နာကျင်မှုများကြားမှ တဖြည်းဖြည်း တည်ငြိမ်လာသည်နှင့် ကောင်းကင်လက်မှုပညာဌာနမှ သူ့အတွက် အထူးဖန်တီးပေးထားသော ဧကရာဇ်၏ အမိန့်တော်ကျင့်စဉ်ကို စတင် လည်ပတ်လိုက်တော့၏။ ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ လင်းချန်၏ အရှိန်အဝါက ဆက်တိုက် မြင့်တက်လာပြီး စိတ်ဝိညာဉ်စွမ်းအားများသည်လည်း နောက်တစ်ကြိမ် ပြန်လည် စုစည်းလာသည်။
အိမ်အပြင်ဘက် ခြံဝင်းထဲ၌မူ ဝေဝူရွှမ်က ရပ်နေရင်း လင်းချန်၏ အခန်းဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေလျက်ရှိသည်။ သူ၏ လက်နှစ်ဖက်ကိုလည်း နောက်ပစ်ကာ တင်းတင်းဆုပ်ထားသေးသည်။
အကျဉ်းထောင်ကျွန်းပေါ်၌ အဆိပ်ကြောင့် သူ၏ စွမ်းအားများအားလုံး ဆုံးရှုံးနေချိန် ကြောက်လန့်နေသော လင်းချန်နှင့် တွေ့ဆုံခဲ့ရသည်။ ထိုကဲ့သို့ လူအချင်းချင်း သတ်စားကြသော နေရာမျိုး၌ ဆရာနှင့် တပည့်တို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် မှီခိုကာ အသက်ရှင်သန်ခဲ့ကြရ၏။
ထို့ကြောင့် ဆရာတပည့် နှစ်ဦးကြား၌ သေတစ်ပန် သက်တစ်ဆုံး ခိုင်မြဲသော သံယောဇဉ် ရှိနေသည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင် သူ သေလုနီးပါး ဖြစ်နေချိန်၌ သူ့ကို ကယ်တင်ပေးခဲ့သူမှာလည်း လင်းချန်ပင် ဖြစ်၏။
ဝေဝူရွှမ် စောင့်ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"နိဗ္ဗာန်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တာက သတိမထားရင် လွဲချော်သွားနိုင်တယ် လင်းချန်... နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်နဲ့ ချိုးဖျက်ဝင်ရောက်တာက ဘယ်လို အံ့ဖွယ်မျိုးလဲဆိုတာ ဆရာ့ကို ပြစမ်းပါ။"
ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာသောအခါ စည်ပိုင်းထဲ၌ တိတ်ဆိတ်စွာ ထိုင်နေသော လင်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နေယွမ်နယ်ပယ် အဆင့် ၉ သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။
အခြားသော ကျင့်ကြံသူများနှင့် မတူဘဲ လင်းချန်၏ ဖြန့်ခွဲလိုက်သော စိတ်ဝိညာဉ်စွမ်းအားများသည် သိုင်းဝိညာဉ်အား လှုံ့ဆော်ပေးပြီးနောက် အလဟသ ဖြစ်မသွားဘဲ သေချာစွာ ပြန်လည် စုစည်းလာကြသည်။ ထို့ကြောင့် နိဗ္ဗာန်နယ်ပယ်သို့ ကျင့်ကြံခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအား ဖြန့်ခွဲခြင်းများ ပြုလုပ်ပြီးနောက် လင်းချန်ထံ၌ အလွန် ခိုင်မာသော အခြေခံအုတ်မြစ် ရှိနေပြီ ဖြစ်၏။
နေယွမ်နယ်ပယ် အဆင့် ၉ သို့ ရောက်ရှိသွားခြင်းသည် နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း၏ အစပင် ဖြစ်၏။ လင်းချန်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏ ဒန်တျန်အတွင်းရှိ နက်ဗျူလာတစ်ခုကဲ့သို့ လည်ပတ်နေသော စိတ်ဝိညာဉ်စွမ်းအားများသည် ပြင်းထန်စွာ စတင် လောင်ကျွမ်းလာတော့၏။ ထိုအခိုက်အတန့်၌ သူ၏ ဒန်တျန်သည် မီးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေတော့သည်။
ဒန်တျန်အတွင်း၌ လောင်ကျွမ်းနေသော အခြေအနေနှင့် ပတ်သက်၍မူ လင်းချန် အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိပေ။ ထိုအစား လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ် အနှံ့အပြားသို့ ပို့လွှတ်ပေးလိုက်၏။ လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများသည် မီးမြွေများကဲ့သို့ သွေးကြောများတစ်လျှောက် စီးဆင်းသွားကာ နှိုးဆွပေးနေကြသည်။
တစ်ချိန်တည်း၌ပင် လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများသည် မီးပွားလေးများသဖွယ် လင်းချန်၏ ကြွက်သားများနှင့် အရိုးများထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာကြ၏။
ရုတ်ချည်းဆိုသလိုပင် စည်ပိုင်းထဲရှိ ဆေးရည်များသည်လည်း မီးတောက်များကဲ့သို့ ထတောက်လာပြီး လင်းချန်ကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။ လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်အားလုံးသည် ထိုနိဗ္ဗာန်မီးလျှံများအောက်၌ လောင်ကျွမ်းသွားကြရ၏။
စည်ပိုင်းထဲရှိ ဆေးရည်များသည် တောက်လောင်နေသော မီးတောက်များအောက်၌ ဆက်တိုက်ဆိုသလိုပင် အငွေ့ပျံနေကြပြီး အနီရောင် မြူခိုးများက အခန်းတစ်ခုလုံးသို့ ပြည့်နှက်သွားတော့သည်။
ဒန်တျန်အတွင်း လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များသည် အတွင်းရှိ အဖြူနှင့် အမည်းရောင် သိုင်းဝိညာဉ်များကို ဆက်တိုက် လှုံ့ဆော်ပေးနေပြီး မရပ်မနား ထိုးဖောက်ဝင်ရောက်နေ၏။ ထိုအချိန်၌ သိုင်းဝိညာဉ်နှစ်ခုသည်လည်း စကားဖြင့် ဖော်ပြ၍ မရနိုင်သော ပြောင်းလဲမှုများကို တဖြည်းဖြည်း ကြုံတွေ့လာရတော့သည်။
ရုတ်တရက် ခန္ဓာကိုယ်အတွင်း လွှမ်းမိုးနေသော မီးတောက်များ စတင် အားပျော့လာသဖြင့် လင်းချန်၏ စိတ်ထဲတွင် အတန်ငယ် စိုးထိတ်သွားရ၏။
"စိတ်ဝိညာဉ်စွမ်းအား မလောက်တော့ဘူးလား။"
နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းနှင့် တူညီသည်။ စိတ်ဝိညာဉ်စွမ်းအားများ လောင်ကျွမ်းပြီးနောက် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အတွင်းမှ အပြင်သို့ လုံးဝ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်၏။
နေယွမ်နယ်ပယ်မှ နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ကျင်ကြံသူတစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အသစ်တစ်ဖန် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။
နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်း နည်းလမ်းဖြင့် နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် နိဗ္ဗာန်မီးတောက်ကို လိုအပ်ကြသည်။ ထိုမီးတောက်သည် ကျင့်ကြံသူ၏ ဒန်တျန်အတွင်း လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်ပင် ဖြစ်၏။
ယခုအခါ လင်းချန် သူ မချိုးဖျက်နိုင်သေးကြောင်းနှင့် လိုအပ်ချက် ပြည့်မီရန် အလှမ်းဝေးနေသေးကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
"ဘုန်းးး"
သစ်သားစည်ပိုင်းသည် လင်းချန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ချီစွမ်းအင်များကြောင့် ကြေမွထွက်သွားတော့၏။ အတွင်းမှ ဆေးရည်များသည်လည်း အငွေ့ပျံသွားပြီး သူထိုင်နေသော သစ်သားပျဉ်ပြားသာ ကျန်ရစ်ခဲ့တော့သည်။
နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရာမှ ဖြစ်ပေါ်လာသော နိဗ္ဗာန်မီးတောက်သည် ကျင့်ကြံသူ သို့မဟုတ် ဆေးရည်ကိုသာ သက်ရောက်မှု ရှိ၏။ သစ်သားစည်ပိုင်းနှင့် အခြားသော သက်မဲ့အရာဝတ္ထုများဆီသို့ ကူးစက် လောင်ကျွမ်းနိုင်စွမ်း မရှိပေ။
ထို့ကြောင့် လင်းချန်သည် စိတ်ဝိညာဉ်စွမ်းအား မီးတောက်များ၏ ဝန်းရံခြင်းကို ခံထားရသော်လည်း သူထိုင်နေသော သစ်သားပျဉ်ပြားသည် မီးလောင်ကျွမ်းသွားခြင်း မရှိပေ။
လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပြီး သူ၏ရှေ့၌ သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်သော နည်းဗျူဟာမှန်ပြင်တစ်ခု ပေါ်ထွက်လာ၏။ ထိုမှန်ပြင်ထက်တွင် ဟွာရှာအင်ပါယာဘက်၌ ရှိနေသော ကျူးကော့မင်၏ ပုံရိပ်က ထင်ဟပ်လာသည်။
တစ်ချိန်တည်းမှာပင် ဟွာရှာအင်ပါယာ တည်ရှိရာ ဧရာမဂြိုဟ်ပေါ်ရှိ မြို့တော်၏ ကောင်းကင်လက်မှုပညာဌာန ခမ်းနားထည်ဝါသော ခန်းမကြီးထဲ၌ အင်ပါယာတစ်ခုလုံး၏ အထက်မြက်ဆုံး ပညာရှင်များသည် အလုပ်များနေကြလျက်ရှိနေသည်။
သူတို့ရှေ့မှ အရွယ်အစား အမျိုးမျိုးရှိသော နည်းဗျူဟာမှန်ပြင်များက များစွာသော အချက်အလက်များကို ပြသနေပြီး သူတို့သည်လည်း အချိန်နှင့်တပြေးညီ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လိုအပ်သည်များကို ထည့်သွင်းကာ တုံ့ပြန်ချက်များ ပြန်လည်ပေးပို့နေကြ၏။
ကျူးကော့မင်သည် ခန်းမကြီး၏ အလယ်ဗဟိုရှိ မြင့်မားသော စင်မြင့်ပေါ်၌ ရပ်လျက် ပတ်ဝန်းကျင်ကို အပေါ်စီးမှ ကြည့်ရှုနေပြီး သူ့ပတ်လည်တွင် အကြီးဆုံး နည်းဗျူဟာမှန်ပြင် ရှစ်ခု ရှိနေသည်။
နည်းဗျူဟာမှန်ပြင် ခုနစ်ခု၌ လင်းချန်၏ အသေးစိတ် အခြေအနေနှင့် ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ဟွာရှာအင်ပါယာ၏ စိတ်ဝိညာဉ်စွမ်းအင် ပို့လွှတ်ပေးနေမှုများကို ပြသနေ၏။ ထိုအခိုက် ကျူးကော့မင်၏ ရှေ့ရှိ နည်းဗျူဟာမှန်ပြင်ပေါ်တွင် လင်းချန်၏ မျက်နှာ ပေါ်လာသည်။
လင်းချန်ကို မြင်သောအခါ ကျူးကော့မင်က ချက်ချင်းပင် အရိုအသေ ပေးလိုက်သည်။ "အရှင်မင်းမြတ်။"
လင်းချန်ကမူ တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။ "နိဗ္ဗာန်နယ်ပယ် ချိုးဖျက်ဝင်ရောက်ဖို့ မျှော်လင့်ထားတာထက် စိတ်ဝိညာဉ်စွမ်းအား ပိုလိုနေတယ်။ ကောင်းကင်လမ်းကြောင်းရဲ့ စိတ်ဝိညာဉ်စွမ်းအား ပို့လွှတ်မှုကို တိုးမြှင့်ပေးလိုက်။"
ကျူးကော့မင် ထိတ်လန့်သွားပြီး အလျင်အမြန် လျှောက်တင်လိုက်၏။ "တကယ်လို့ စိတ်ဝိညာဉ်စွမ်းအား ပို့လွှတ်မှုကို တိုးလိုက်ရင် ပိုပြင်းထန်လာမယ့် နာကျင်မှုဒဏ်ကို အရှင်မင်းမြတ် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။ အဲဒီနာကျင်မှုက အခု အရှင်မင်းမြတ် ခံနိုင်ရည်ရှိမယ့် အရာ မဟုတ်လောက်ဘူး။"
လင်းချန် ပြတ်သားစွာ တုံ့ပြန်လိုက်သည်။ "စိတ်ဝိညာဉ်စွမ်းအား ပို့လွှတ်မှု တိုးလိုက်လို့ ဖြစ်လာမယ့် နာကျင်မှုကို ငါကိုယ်တော် ခံနိုင်တယ်။ ဒါပေမဲ့ ချိုးဖျက်ဝင်ရောက်မှု ကျရှုံးတာကိုတော့ ငါကိုယ်တော် လုံးဝ အဖြစ်မခံနိုင်ဘူး။"
ထို့နောက် လင်းချန် ခဏတာ ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်၏။ "ငါကိုယ်တော် မောင်မင်းနဲ့ ကောင်းကင်လက်မှုပညာဌာနကို ယုံကြည်တယ်။"
ကျူးကော့မင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခဏအကြာတွင်တော့ ပြုံးကာ မျက်လုံးမှိတ်လိုက်၏။ ထို့နောက် ခေါင်းညိတ်ပြီး ပြန်လည်လျှောက်တင်လိုက်သည်။ "ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်။ ကျွန်တော်မျိုးတို့ နားလည်ပါပြီ။"
နောက်တစ်ခဏ၌ ကျူးကော့မင်၏ ရှေ့ရှိ နည်းဗျူဟာမှန်ပြင်ပေါ်မှ လင်းချန်၏ ပုံရိပ် ပျောက်ကွယ်သွားပြီး မူလ အချက်အလက်များ ပြသရာသို့ ပြန်ရောက်လာသည်။
ကျူးကော့မင်သည် ပညာရှင်များအား ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။
"အားလုံး ကြားတယ်မလား။"
ပညာရှင်များ၏ စိတ်အားထက်သန်မှုများက တစ်ယောက်မှတစ်ယောက် ကူးစက်သွားပြီး သူတို့၏ လက်သီးများကို တင်းတင်းဆုပ်ထားကြကာ တညီတညွတ်တည်း ဖြေကြားလိုက်ကြ၏။
"ကြားပါတယ်။"
ကျူးကော့မင် သူ့ရှေ့မှ နည်းဗျူဟာမှန်ပြင်ကို အာရုံစိုက်လိုက်ရင်း အမိန့်ပေးလိုက်၏။ "ဒါဆိုရင် အစွမ်းကုန် ကြိုးစားကြ... အရှင်မင်းမြတ်အတွက်... စိတ်ဝိညာဉ်စွမ်းအင် ပို့လွှတ်မှုကို အခုချက်ချင်း တိုးမြှင့်လိုက်စမ်း။"
**--**--**--**--**--**--**--**
မော်ချင်းတောင်ရှိ အိမ်ထဲ၌မူ လင်းချန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။ အံကို တင်းတင်းကြိတ်ထားသဖြင့် သွားဖုံးများမှ သွေးများပင် စီးကျလာတော့၏။
"ဘုန်းးး" ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များသည် လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် သူ့အိပ်ခန်းတစ်ခုလုံးကို လုံးဝ လွှမ်းခြုံသွားတော့သည်။
ခြံဝင်းထဲ၌ ရပ်နေသော ဝေဝူရွှမ်ကမူ အိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များကို အံ့သြတကြီး စိုက်ကြည့်နေမိ၏။ သူ လင်းချန်ကြောင့် လုံးဝ ဆွံ့အသွားရပြီး တီးတိုးရေရွတ်လိုက်မိသည်။
"ဒီကောင်စုတ်လေးကတော့..."
နိဗ္ဗာန်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ချိန်၌ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအား မီးတောက်များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာ သန့်စင်ပေးလေ့ရှိသည်။
သို့သော် နိဗ္ဗာန်နယ်ပယ်ချိုးဖျက်ရာတွင် အိမ်တစ်လုံးလုံးကို လွှမ်းခြုံသွားသည်အထိ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များ ထုတ်လွှတ်နိုင်သည့် သိုင်းဝိညာဉ်ပညာရှင်မျိုးကိုမူ ဝေဝူရွှမ် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုသို့ ထူးဆန်းလွန်းသော ဖြစ်ရပ်ကြောင့် ဝေဝူရွှမ် စိတ်မအေးနိုင် ဖြစ်နေရ၏။
ဝေဝူရွှမ်က စိုးရိမ်တကြီးဖြင့် ဆုတောင်းလိုက်သည်။
"လင်းချန်... ငါ့တပည့် မင်း ဘာမှ မဖြစ်ပါစေနဲ့။"
ခြံဝင်းထဲ၌ ဝေဝူရွှမ်သည် အိမ်အပြင်ဘက်၌ စောင့်ကြပ်နေပြီး အိမ်တစ်လုံးလုံးကို လွှမ်းခြုံထားသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များ တစ်ညလုံး လောင်ကျွမ်းနေသည်ကို ကြည့်နေမိ၏။ သို့သော် နောက်တစ်နေ့ မနက်ရောက်သည်အထိ စိတ်ဝိညာဉ်စွမ်းအား မီးတောက်များက ငြိမ်းမသွားဘဲ ပို၍ပင် ပြင်းထန်လာနေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အချိန်မှန်မှန် ရောက်လာတတ်သည့် လေချန်သည်လည်း အိမ်တစ်လုံးလုံးကို လွှမ်းခြုံထားသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များကို ငေးကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကာ မေးလိုက်၏။
"ခေါင်းဆောင်လင်းချန် အဆင့်တက်နေတာများလား။"
သူ နိဗ္ဗာန်နယ်ပယ်သို့ တက်ရောက်စဉ်က ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များသည် သူ့ခန္ဓာကိုယ်မှ တစ်လက်မခန့်သာ ကွာဝေးခဲ့သော်လည်း သူ့အဘိုးမှာ အလွန် စိတ်လှုပ်ရှားခဲ့ရသည်ကို သူ မှတ်မိသည်။
လင်းချန်ကမူ ဤမျှ ပြင်းထန်စွာ လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များမှာ ကိုက်အတော်များများအထိ မြင့်တက်နေသည်မှာ ယုံချင်စရာပင် မကောင်းပေ။ နေယွမ်နယ်ပယ်၌ ရှိစဉ်ကပင် လင်းချန် အလွန် အစွမ်းထက်နေပြီ ဖြစ်ရာ နိဗ္ဗာန်နယ်ပယ်သို့သာ ရောက်ရှိသွားပါက သူ၏ စွမ်းအားက မည်မျှအထိ ရောက်ရှိသွားမည်ကို လေချန် တွေးတောနေမိတော့သည်။
ရုတ်တရက် ဝေဝူရွှမ်က လှည့်ကြည့်ပြီး လေချန်ကို မေးလိုက်၏။ "လေချန်... မင်းတုန်းက အဆင့်တက်ဖို့ ဘယ်လောက်ကြာလဲ။"
လေချန် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဖြေလိုက်သည်။
"ကျွန်တော် နိဗ္ဗာန်နယ်ပယ် တက်တုန်းက နှစ်နာရီကျော်လောက် ကြာပါတယ်ဗျ။"
ထိုစကားကို ကြားသောအခါ ဝေဝူရွှမ် ခေါင်းညိတ်လိုက်ပြီး အိမ်ဘက်သို့ လှမ်းကြည့်ရင်း ညည်းတွားလိုက်၏။
"ဒီကောင်လေးက တစ်ညလုံး ကြာနေပြီ... ဘာလို့ အဆင့်တက်တာ မပြီးသေးတာလဲကွာ။"
လေချန် ခေါင်းခါလိုက်ပြီး သူ့ရှေ့မှ လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများကို ကြောက်ရွံ့အားကျသော မျက်လုံးများဖြင့် ကြည့်နေမိ၏။ ထို့နောက် သက်ပြင်းချကာ အချိန်မဖြုန်းတော့ဘဲ ခြံဝင်းထဲ၌ပင် စတင် ကျင့်ကြံလိုက်တော့သည်။
ဝေဝူရွှမ်ကမူ အိမ်ကို ငေးကြည့်ရင်း တိတ်တဆိတ် တွေးလိုက်မိသည်။ "ဒီကောင်လေးရဲ့ အခြေခံက ခိုင်မာလွန်းလို့ အခုလို အဆင့်တက်ဖို့ ဒီလောက် ကြာနေတာပဲ ဖြစ်ရမယ်။"
သို့သော် ဝေဝူရွှမ် ထင်မထားမိသည်မှာ အိမ်တစ်လုံးလုံးကို လွှမ်းခြုံထားသော စိတ်ဝိညာဉ်စွမ်းအား မီးတောက်များသည် သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ပြီးနောက်မှသာ တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
အခန်းထဲ၌မူ သစ်သားစည်ပိုင်း၏ အောက်ခြေ၌ မီးကျွမ်းနေသော လူပုံသဏ္ဌာန် အရာတစ်ခုသည် မလှုပ်မယှက် ငြိမ်သက်နေလျက်ရှိသည်။
"ခရက်..." မီးကျွမ်းနေသော လူပုံသဏ္ဌာန် အခွံပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။
ထိုအက်ကွဲကြောင်းသည် အစပြုရာနေရာမှ တဖြည်းဖြည်း ပြန့်နှံ့သွားပြီး မီးကျွမ်းနေသော အခွံတစ်ခုလုံးဆီသို့ ကူးစက်သွားတော့၏။ မဲနက်နေသော အခွံများသည် မြေကြီးပေါ်သို့ ကြွေကျသွားပြီး မီးသွေးခဲများကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။
တစ်ချိန်တည်းမှာပင် အတွင်းမှ လင်းချန် ပေါ်ထွက်လာတော့သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၇ + ၈၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team