← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၉ + ၉၀

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ထိုအက်ကွဲကြောင်းသည် အစပြုရာနေရာမှ တဖြည်းဖြည်း ပြန့်နှံ့သွားပြီး မီးကျွမ်းနေသော အခွံတစ်ခုလုံးဆီသို့ ကူးစက်သွားတော့၏။ မဲနက်နေသော အခွံများသည် မြေကြီးပေါ်သို့ ကြွေကျသွားပြီး မီးသွေးခဲများကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။

တစ်ချိန်တည်းမှာပင် အတွင်းမှ လင်းချန် ပေါ်ထွက်လာတော့သည်။ စိတ်ဝိညာဉ်မီးတောက်များကြောင့် လောင်ကျွမ်းသွားခဲ့သော ဆံပင်များမှာ ပြန်လည်ရှည်ထွက်လာပြီး အနက်ရောင်ဆံကေသာများက ကျောပြင်ထက်သို့ ဖြာကျနေ၏။ ဓားသွားကဲ့သို့ စူးရှသော မျက်ခုံးအစုံမှာလည်း ပြေလျော့သွားပြီ ဖြစ်သည်။

ယခင်က လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြစ်မျိုးမဲ့သော အသားအရေကို ပိုင်ဆိုင်ထားပြီ ဖြစ်၏။ ဤသည်ကိုသာ အမျိုးသမီးများသာ မြင်တွေ့လိုက်ရပါက မနာလိုစိတ်ဖြင့် ရူးသွပ်သွားလောက်ပေမည်။

ထိုအခိုက်၌ လင်းချန် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ တောက်ပသော ရွှေဝါရောင် စွမ်းအားများက အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် ဧကရာဇ်အရှိန်အဝါနှင့်အတူ ထွက်ပေါ်လာ၏။

ခြံဝင်းထဲ၌ ရှိနေသော ဝေဝူရွှမ်နှင့် လေချန်တို့၏ အမူအရာမှာ တစ်ပြိုင်နက် ပြောင်းလဲသွားကြသည်။ ထိုခဏ၌ အိမ်ထဲတွင် အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတစ်ဦး သို့မဟုတ် ဧကရာဇ်တစ်ပါးပါး ရှိနေသကဲ့သို့ သူတို့ ခံစားလိုက်ကြရသည်။

ဝေဝူရွှမ်က ထိုဖိအားကို အလွယ်တကူ ခံနိုင်ရည်ရှိသော်လည်း ဘေးနားမှ လေချန်မှာမူ ထိုသို့ မဟုတ်ပေ။ သူသည် အငိုက်မိသွားကာ ဖိအားကြောင့် ဒူးထောက်ကျသွားရ၏။

"ဝေါင်းးးးး" ထူးဆန်းသော ဟိန်းဟောက်သံတစ်ခု အခန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ဝေဝူရွှမ်နှင့် လေချန်တို့ အံ့အားသင့်သွားရပြီး လှမ်းကြည့်လိုက်မိကြသည်။

တစ်ချိန်တည်းမှာပင် လင်းချန်၏ ပတ်လည်ရှိ တောက်ပသော ရွှေဝါရောင် စွမ်းအားများက အစိုင်အခဲများအဖြစ် ပြောင်းလဲသွားပြီး လက်သည်းငါးချောင်းပါ ရွှေနဂါးကိုးကောင်အသွင်ဖြင့် သူ့အား ရစ်ပတ်သွား၏။

လင်းချန် သူ့အား ရစ်ပတ်ထားသော ရွှေနဂါးကိုးကောင်ကို ကြည့်ကာ ပြုံးလိုက်သည်။

"နဂါးမျိုးနွယ်... နိဗ္ဗာန်နယ်ပယ်က တကယ်ကို ထူးခြားတာပဲ။ ဂိမ်းထဲက စွမ်းရည်မျိုးတောင် သုံးလို့ ရနေပြီပေါ့။"

ရုတ်တရက် ရွှေနဂါးကိုးကောင်၏ ပုံစံမှာ ပြောင်းလဲသွား၏။ ရွှေနီရောင် မိုးကြိုးများ ထွက်ပေါ်လာကာ ရွှေနဂါးများကို လွှမ်းခြုံသွားပြီး အရှိန်အဝါပြင်းထန်သော မိုးကြိုးနဂါးများအသွင်သို့ ကူးပြောင်းသွားတော့သည်။

နောက်တစ်ခဏတွင် ရွှေနီရောင် မိုးကြိုးများ ပျောက်ကွယ်သွားပြီး ရွှေနဂါးများမှာ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွား၏။

ထို့နောက် အရိုးခိုက်မတတ် အေးစက်မှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာကာ ရွှေနဂါးကိုးကောင်ထံ သက်ရောက်သွားပြီး အခန်းတစ်ခုလုံး တဖြည်းဖြည်း အေးခဲလာသည်။

မျက်တောင်တစ်ခတ်အတွင်း၌ပင် ထူးခြားဆန်းကြယ်သော ဖြစ်စဉ်များအားလုံး ပျောက်ကွယ်သွားပြီး စွမ်းအားများအားလုံး လင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြ၏။

လင်းချန် အဝတ်အစားသစ် လဲလှယ်လိုက်ပြီး တံခါးကိုဖွင့်ကာ ခြံဝင်းထဲသို့ ထွက်လာလိုက်သည်။ လင်းချန် ထွက်လာသည်ကို မြင်သောအခါ ဝေဝူရွှမ်က အလျင်အမြန် ရှေ့တိုးလာကာ မေးလိုက်၏။

"ဘယ်လိုလဲ... အောင်မြင်ရဲ့လား။"

ဘေးနားမှ လေချန်သည်လည်း စိတ်လှုပ်ရှားစွာ အနားရောက်လာသည်။ နိဗ္ဗာန်နယ်ပယ်သို့ တကယ်ပဲ ဝင်ရောက်နိုင်ခဲ့ပြီလား ဟူသော သိချင်စိတ်များဖြင့် လင်းချန်ကို ကြည့်နေ၏။ လင်းချန်၏ အဆင့်တက်ခြင်း ကြာမြင့်နေမှုကြောင့် သူတို့နှစ်ယောက်လုံး စိုးရိမ်နေရသည် မဟုတ်ပါလော။

လင်းချန် မျက်ခုံးတစ်ချက်ပင့်ပြကာ ပြုံး၍ ပြောလိုက်သည်။

"ဒါပေါ့... အောင်မြင်တာပေါ့။ နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်တောင် အောင်မြင်ခဲ့တာပဲ ၊ နိဗ္ဗာန်နယ်ပယ်ကို မရောက်နိုင်စရာ အကြောင်းမရှိဘူးလေ။"

လင်းချန် ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း လက်တွေ့တွင်မူ အဆင့်တက်ခြင်းမှာ အလွန် အန္တရာယ်များလှ၏။ ကောင်းကင်လမ်းကြောင်းမှ စီးဝင်လာသော စွမ်းအင်များ၏ ဒဏ်ကြောင့် နာကျင်လွန်းလှသဖြင့် သတိလစ်လုနီးပါးပင် ဖြစ်ခဲ့ရသည်။

အကယ်၍သာ သတိလစ်သွားခဲ့ပါက အဆင့်တက်ခြင်း ကျရှုံးသွားမည်ဖြစ်ပြီး အသက်အန္တရာယ်ကိုပင် စိုးရိမ်ရမည် ဖြစ်၏။

ပြိုလဲလုနီးပါး ဖြစ်သွားတိုင်း မိန်းကလေးတစ်ဦး၏ အပြုံးက လင်းချန်၏ အာရုံထဲ၌ အမြဲ ပေါ်လာသည်။ ဤဘဝရှိ သူ၏ မိဘများမှာ သူ့အတွက် သိုင်းဝိညာဉ်နိုးထလာရန် နည်းလမ်းအား ရှာဖွေရန် ထွက်သွားကြပြီးနောက် ပြန်မလာခဲ့ကြတော့ပေ။ ညဘက် ခြံဝင်းထဲတွင် တစ်ယောက်တည်း ထိုင်ကာ ကောင်းကင်ကို ငေးကြည့်ရင်း အထီးကျန်နေတတ်သော လင်းချန်ကိုသာ ချန်ထားရစ်ခဲ့ကြ၏။

ထိုအချိန်တိုင်း ယီစင်းက သူ့အနား လာနေပေးပြီး နူးညံ့သော အပြုံးလေးဖြင့် စကားပြောပေးလေ့ရှိခဲ့သည်။ ထိုအပြုံးလေးက လင်းချန်၏ နှလုံးသားထဲမှ အထီးကျန်မှုများကို လွင့်ပါးသွားစေ၏။

"ရှင်းရှင်း အခု ဘယ်လိုနေမလဲ မသိဘူး။"

လင်းချန် တိတ်ဆိတ်စွာ တွေးလိုက်ပြီးနောက် ခေါင်းမော့ကာ ဝေဝူရွှမ်အား မေးလိုက်၏။

"ဆရာ... ဒီတစ်ခေါက် ရှေးဟောင်းအမွေအနှစ်နယ်မြေကို ရှင်းရှင်း တကယ်လာမှာ သေချာရဲ့လား။"

"သေချာတာပေါ့။ ယီစင်းကလည်း နိဗ္ဗာန်နယ်ပယ်ကို ရောက်နေပြီလေ။ ဓားနတ်ဘုရားဂိုဏ်းရဲ့ အမျိုးသမီးဓားသူတော်စင်က သူ့တပည့်အတွက် ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။"

ဝေဝူရွှမ်ကမူ လင်းချန်ကို စိတ်မပူရန် ပခုံးပုတ်ကာ ဖြေလိုက်၏။ လေချန်သည်လည်း လင်းချန်ကို ကြောင်ငေးကြည့်နေရင်း ဝင်မေးလိုက်၏။

"အစ်ကိုကြီးက... ဓားနတ်ဘုရားဂိုဏ်းက အမျိုးသမီးဓားသူတော်စင်လေးနဲ့ ပတ်သက်မှု ရှိတာလား။"

လေချန်၏ အံ့သြနေသော မျက်နှာကို မြင်လိုက်ရသောအခါ လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

"ရှိတာပေါ့။ ယီစင်းက ငါ့ရဲ့ စေ့စပ်ချစ်သူလေ။"

"ဟင်"

လေချန်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကာ ထပ်ပြောလိုက်၏။

"တကယ်ကို ထင်မထားဘူး။ ဓားနတ်ဘုရားဂိုဏ်းက ဓားသူတော်စင်လေးက အစ်ကိုကြီးရဲ့ စေ့စပ်ချစ်သူ ဖြစ်နေမယ်လို့။ အံ့သြစရာပဲ။"

"ကဲ... အဲဒါတွေ ခဏထားလိုက်။ နိဗ္ဗာန်နယ်ပယ် ရောက်သွားတော့ ဘာပြောင်းလဲမှုတွေ ရှိလဲ။ မင်းရဲ့ နိဗ္ဗာန်စွမ်းရည်ကရော ဘာလဲ။"

ဝေဝူရွှမ်က ဝင်မေးလိုက်သည်။

"သာမန်ပါပဲ... အားဖြည့်ခြင်း စွမ်းရည်ပါ။"

"အားဖြည့်ခြင်း ဟုတ်လား။"

ထိုစကားကို ကြားသောအခါ ဝေဝူရွှမ်က စိတ်ပျက်သွားသော လေသံဖြင့် ရေရွတ်လိုက်သည်။

"အဲဒီလောက် အားနည်းတဲ့ စွမ်းရည်ကြီးလား။"

ဘေးနားမှ လေချန်သည်လည်း အံ့သြသွားပြီး လင်းချန်ကို မျက်မှောင်ကြုတ် ကြည့်လိုက်၏။

"အစ်ကိုကြီး... အစ်ကိုကြီးရဲ့ စွမ်းရည်က ဘာလို့ ကျွန်တော့်ထက်တောင် အားနည်းနေရတာလဲ။"

နိဗ္ဗာန်အဆင့်သို့ ရောက်ရှိချိန်၌ နိုးထလာသော စွမ်းရည်များမှာ တစ်ယောက်နှင့်တစ်ယောက် ကွာခြားမှု ရှိပြီး အချို့က ထူးဆန်းသော စွမ်းအင်များကို ပိုင်ဆိုင်တတ်ကြသည်။

နိဗ္ဗာန်စွမ်းရည်များကို စွမ်းအားအပေါ် မူတည်၍ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်းနှင့် စတုတ္ထတန်း ဟူ၍ အဆင့် လေးဆင့် ခွဲခြားထား၏။ ထိုအဆင့်တစ်ခုစီကို အထက် ၊ အလယ် ၊ အောက် ဟူ၍ ထပ်မံ ခွဲခြားထားသေးသည်။

ဥပမာအားဖြင့် လေချန်၏ မိုးကြိုးစွမ်းရည်မှာ တတိယတန်းအဆင့် အထက်တန်းစား ဖြစ်သဖြင့် သူ၏အဘိုး အကြီးအကဲလေ ကိုယ်တိုင်ပင် အလွန် ဝမ်းမြောက်ခဲ့ရသည်။

အကြောင်းမှာ အကြီးအကဲလေ၏ နိဗ္ဗာန်စွမ်းရည်မှာ တတိယတန်း အလယ်အလတ်သာ ဖြစ်သောကြောင့်ပင်။ မြေးဖြစ်သူက နိဗ္ဗာန်စက်ဝန်း ၈ သွယ်ဖြင့် အဆင့်တက်ကာ တတိယတန်း အထက်တန်းစား စွမ်းရည် နိုးထလာခြင်းက သူ့အတွက် ကြီးမားသော ဝမ်းမြောက်စရာ ဖြစ်ရ၏။

သို့သော် လူငယ်ဧကရာဇ်လင်းချန်သည် နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်ကို အောင်မြင်ခဲ့ပါလျက်နှင့် နိုးထလာသော စွမ်းရည်မှာ အားဖြည့်ခြင်း ဖြစ်နေသည်လား။

အားဖြည့်ခြင်းစွမ်းရည် ဆိုသည်မှာ ကျင့်ကြံသူ၏ စွမ်းရည်တစ်ခုခုကို အနည်းငယ် မြှင့်တင်ပေးခြင်းသာ ဖြစ်၏။ ဥပမာအားဖြင့် ခွန်အားပိုသန်မာလာခြင်း ၊ အမြင်အာရုံ သို့မဟုတ် အကြားအာရုံ ပိုကောင်းလာခြင်း စသည်တို့သာ ဖြစ်သည်။

ထိုသို့ မြှင့်တင်ပေးရာတွင်လည်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်သာ တိုးလာလေ့ရှိသည်။ ကံကောင်း၍ ခန္ဓာကိုယ်ကို အားဖြည့်ပေးမည်ဆိုလျှင်တော့ တိုက်ခိုက်ရာ၌ အထောက်အကူ ပြုနိုင်ပေလိမ့်မည်။

အတွင်းစည်းတပည့်တစ်ဦး၏ အားဖြည့်ခြင်းစွမ်းရည်မှာ ဆံပင်အရှည်မြန်ခြင်းသာ ဖြစ်ကြောင်းကို လေချန် သိထား၏။ ထိုစွမ်းရည်မျိုးက တိုက်ပွဲမြေပြင်၌ မည်သို့ သုံးစားရမည်နည်း။

ထို့ကြောင့် အားဖြည့်ခြင်းစွမ်းရည်သည် ခန္ဓာကိုယ်ကို သန်မာစေခြင်းမျိုး ဖြစ်လျှင်ပင် စတုတ္ထတန်း အလယ်အလတ်အဆင့်ဟုသာ သတ်မှတ်နိုင်သည်။ ဆံပင်အရှည်မြန်စေခြင်းမျိုးသာ ဖြစ်လျှင်မူ အားအနည်းဆုံးဖြစ်သည့် စတုတ္ထတန်း အောက်ဆုံးအဆင့်သာ ဖြစ်ပေမည်။

"ကိစ္စမရှိပါဘူး။ အားဖြည့်ခြင်း ဖြစ်နေရင်တောင် မင်းက တခြားသူတွေကို အလွယ်တကူ ကျော်တက်နိုင်မယ်လို့ ငါ ယုံကြည်တယ်။"

ဝေဝူရွှမ်က လင်းချန်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။

"အစ်ကိုကြီး... ဒီစွမ်းရည်အကြောင်း တခြားသူတွေကို မပြောတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အစ်ကိုကြီးရဲ့ ပုံရိပ် ထိခိုက်လိမ့်မယ်။"

လေချန်ကလည်း ဘေးမှ ဝင်ပြောလိုက်သည်။ သူတို့နှစ်ဦး၏ အမူအရာကို ကြည့်ကာ လင်းချန် နားမလည်နိုင်စွာ မေးလိုက်၏။

"အားဖြည့်ခြင်းစွမ်းရည်က အဲဒီလောက်တောင် အားနည်းတာလား။ ငါ့စိတ်ထဲမှာတော့ တော်တော် စွမ်းအားကြီးတယ်လို့ ခံစားရတာပဲ။"

"အားမနည်းဘူး ဟုတ်လား။ ဒါဆို ပြောစမ်းပါဦး... မင်းရဲ့ စွမ်းရည်က ဘာများအသုံးဝင်လို့လဲ။"

လင်းချန်၏ ယုံကြည်မှုအပြည့်ရှိနေသော ပုံစံကို မြင်သောအခါ ဝေဝူရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ လင်းချန်မှာ နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်ဖြင့် အဆင့်တက်ခဲ့သူ ဖြစ်ရာ အားဖြည့်ခြင်း ဖြစ်နေလျှင်ပင် တစ်စုံတစ်ရာ ထူးခြားမှု ရှိကောင်း ရှိနိုင်ပေသည်။

"ကျွန်တော် မိုးကြိုးစွမ်းရည်ကို ထုတ်သုံးလိုက်တာနဲ့ ခန္ဓာကိုယ်စွမ်းအားကို ၅ ဆ မြှင့်တင်ပေးတယ်။"

ပြောပြီးသည်နှင့် လင်းချန်၏ ခန္ဓာကိုယ်မှ ရွှေနီရောင် မိုးကြိုးများ ပေါက်ကွဲထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားတော့သည်။

"ရွှစ်"

လင်းချန် လက်သီးကို ခါးဆီသို့ ပြန်ဆွဲယူကာ လေထဲသို့ ရုတ်တရက် ထိုးချလိုက်၏။

စိတ်ဝိညာဉ်စွမ်းအားကို မသုံးဘဲ ခန္ဓာကိုယ် ကြံ့ခိုင်မှုသက်သက်ဖြင့် လေထုကို တုန်ခါသွားစေလောက်အောင် ထိုးချလိုက်ခြင်း ဖြစ်သည်။ ပုံသဏ္ဌာန်မဲ့ လက်သီးအားက လေချန်ကို ဖြတ်ကျော်ကာ အနောက်ဘက်ဆီသို့ ဦးတည်သွား၏။

"ဘုန်းးး"

ပြင်းထန်သော အသံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။ လေချန် တံတွေးတစ်ချက်မြိုချကာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိသည်။

အနောက်ဘက်မှ မြင်ကွင်းကြောင့် လေချန် ထိတ်လန့်သွားပြီး အသက်ရှူမှားသွားရတော့သည်။ တောင်ထိပ်ပေါ်ရှိ ခြံစည်းရိုးနံရံကြီး ပြိုကျသွားကာ အပေါက်ကြီး ဖြစ်ပေါ်နေပြီ ဖြစ်၏။ မြေသားများ လန်တက်နေပြီး ပြိုကျသွားသော နံရံအထိ ၁၀ ပေကျော်ခန့် ကျယ်ဝန်းသော မြောင်းတစ်ခု ဖြစ်ပေါ်နေ၏။

လင်းချန် စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး ပခုံးတွန့်ကာ ပြုံး၍ ပြောလိုက်သည်။ "ဆရာ... ဘယ်လိုလဲ။ ဒီစွမ်းရည်က မိုက်တယ်မဟုတ်လား။ ဘာလို့ အသုံးမဝင်ဘူးလို့ ပြောကြတာလဲ။"

ပြောပြီးသည်နှင့် လင်းချန် လေထဲသို့ လက်သီးချက် အနည်းငယ် ထပ်ထိုးပြလိုက်ရာ လေထု ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းများကိုပါ ဖြစ်ပေါ်လာစေတော့သည်။

မျက်လုံးအပြူးသား ဖြစ်နေသော လေချန်က အာမေဍိတ်သံဖြင့် မေးလိုက်၏။ "အစ်ကိုကြီး... ကျွန်တော့်ကို နောက်နေတာ မဟုတ်ပါဘူးနော်။ ဒါက အားဖြည့်ခြင်းစွမ်းရည်တဲ့လား။"

လေချန်၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ပြီး လင်းချန် ဇဝေဇဝါဖြင့် ပြန်မေးလိုက်၏။

"နိဗ္ဗာန်နယ်ပယ်ရောက်ရင် ကိုယ့်စွမ်းရည်နာမည်နဲ့ အာနိသင်ကို အလိုလို သိလာတယ် ပြောကြတယ် မဟုတ်လား။"

"ဒါပေမဲ့... ဒါက ကျွန်တော်တို့ သိထားတဲ့ အားဖြည့်ခြင်းစွမ်းရည်မျိုးမှ မဟုတ်တာ။" လေချန်က ကြောင်အမ်းအမ်း ဖြစ်နေသော လင်းချန်ကို ကြည့်ရင်း အော်ဟစ်လိုက်သည်။ ဘေးနားမှ ဝေဝူရွှမ်ကလည်း မျက်နှာကို အုပ်ကာ ခေါင်းခါရမ်းလိုက်၏။

"ငါ စိတ်ငြိမ်အောင် ထားရဦးမယ်။ လေချန်... မင်းပဲ သူ့ကို ရှင်းပြလိုက်စမ်းပါ။"

လေချန်က စွမ်းရည်အဆင့် ခွဲခြားပုံများနှင့် သူတို့ သိထားသော အားဖြည့်ခြင်းအကြောင်း ရှင်းပြလိုက်သည်။ ထိုအခါမှ လင်းချန်လည်း သဘောပေါက်သွားပြီး ရယ်မောလိုက်၏။

"ဟားဟား... ဆံပင်အရှည်မြန်အောင် လုပ်ပေးတဲ့လူက နိဗ္ဗာန်စက်ဝန်း ဘယ်နှသွယ်နဲ့ အောင်မြင်ထားတာလဲ။"

လေချန်က နှုတ်ခမ်းမဲ့လိုက်ပြီး ဖြေလိုက်၏။

"သူက ၁၉ နှစ်ကျမှ အဆင့်တက်နိုင်ခဲ့တာ။ အစ်ကိုကြီးလို သားရဲကောင်နဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ။"

"အားဖြည့်ခြင်းဆိုတဲ့ နာမည်ကို ဖယ်ထားပြီး အာနိသင်ကို ကြည့်မယ်ဆိုရင် ငါ့တပည့်ရဲ့ စွမ်းရည်က အနည်းဆုံး ပထမတန်း အထက်တန်းစားလို့ သတ်မှတ်လို့ ရတယ်။"

ဝေဝူရွှမ်က ရုတ်တရက် မှတ်ချက်ချလိုက်သည်။ လေချန်သည်လည်း လေးနက်စွာ ခေါင်းညိတ်ထောက်ခံလိုက်၏။

ခန္ဓာကိုယ် ကြံ့ခိုင်မှုအား ၅ ဆ မြှင့်တင်ပေးခြင်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။ လင်းချန်၏ မူလ ခန္ဓာကိုယ်အခြေအနေကိုပါ ထည့်တွက်မည်ဆိုလျှင် ထို ၅ ဆ မြှင့်တင်မှုက ကြောက်မက်ဖွယ် စွမ်းအားကြီးကို ဖြစ်ပေါ်စေမည်။

စွမ်းအား အသုံးမပြုဘဲ လေထဲသို့ ထိုးလိုက်ရုံဖြင့် ၁၀ ပေကျော်ခန့် ကျယ်ဝန်းသော မြောင်းတစ်ခု ဖြစ်ပေါ်သွားစေပြီး ခိုင်ခံ့သော ခြံစည်းရိုးနံရံကိုပါ ပြိုကျသွားစေသည် မဟုတ်ပါလား။

"ကျွန်တော် နောက်ထပ် စွမ်းရည်တစ်ခုလည်း နိုးထလာသေးတယ်။"

ဝေဝူရွှမ်နှင့် လေချန်တို့ အံ့သြနေစဉ်မှာပင် ထွက်ပေါ်လာသော လင်းချန်၏ စကားကြောင့် သူတို့နှစ်ဦး ခြေခေါက်လဲကျလုနီးပါးပင် ဖြစ်သွားကြ၏။

ခမ်းနားထည်ဝါသော စွမ်းအားများက လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဧကရာဇ်အရှိန်အဝါက နေရာအနှံ့ လွှမ်းမိုးသွားတော့၏။ ဝေဝူရွှမ်နှင့် လေချန်တို့သည် ယခင်က ထိုအရှိန်အဝါကို ခံစားခဲ့ရဖူးသော်လည်း ယခုလောက် မပြင်းထန်ခဲ့ပေ။

ထိုအခါမှသာ အစောက အခန်းထဲတွင် အဘယ်ကြောင့် ထိုမျှလောက် ခမ်းနားသော ဖိအားကြီး ရှိနေခဲ့သလဲ ဆိုသည်ကို သူတို့ နားလည်သွားကြတော့သည်။

"ကောင်းကင်ဘုံ... ငါ့ကို စနောက်ဖို့ ဒီလိုတပည့်မျိုးကို ပို့ပေးလိုက်တာလား။"

လင်းချန်၏ ရွှေနီရောင် စွမ်းအားကို ကြည့်ရင်း ဝေဝူရွှမ် သက်ပြင်းချလိုက်၏။

"မင်း ကျရှုံးမှာ စိုးရိမ်နေမိတဲ့ ငါက တကယ် အရူးပဲ။ မင်းလို သားရဲကောင်က ကျရှုံးစရာ အကြောင်းမှ မရှိတာ။"

ပြောပြီးသည်နှင့် ဝေဝူရွှမ်က သူ၏ဒဏ်ရာများကို ကုစားရန် အခန်းသို့ ပြန်သွားတော့၏။ အဆိပ်ကြောင့် ဖြစ်လာသော အတွင်းဒဏ်ရာများမှာ ထင်ထားသည်ထက် ပိုဆိုးရွားနေသောကြောင့် ဖြစ်သည်။

"ဘယ်ဆရာက ကိုယ့်တပည့်ကို သားရဲကောင်လို့ ခေါ်လို့လဲ... သေစမ်း။" လင်းချန် သူ့လက်များကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ "ထားလိုက်ပါတော့... တိမ်တိုက်ဓားသိုင်းဝိညာဉ် အကြောင်း မပြောတာပဲ ကောင်းပါတယ်။ မဟုတ်ရင် ဒီအဘိုးကြီး သွေးအန်သွားလိမ့်မယ်။"

ဝေဝူရွှမ်၏ အခန်းတံခါး ပိတ်သွားသည်ကို ကြည့်ရင်း လင်းချန် တိတ်ဆိတ်စွာ တွေးလိုက်သည်။

အခန်းထဲ ပြန်ဝင်သွားသော ဝေဝူရွှမ်သည် သူ၏တပည့်မှာ တကယ့်ကို သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု အပြည့်အဝ တွေးမိမည် မဟုတ်သေးပေ။

လင်းချန်၏ မိုးကြိုးလျှပ်စီး ဓားသိုင်းဝိညာဉ်သည် ခန္ဓာကိုယ်ကို ၅ ဆ မြှင့်တင်ပေးသော အားဖြည့်ခြင်းစွမ်းရည်ကို နိုးထစေခဲ့သည်။ သို့သော် သူ၏ခန္ဓာကိုယ်ထဲ၌ နောက်ထပ် တိမ်တိုက်ဓားသိုင်းဝိညာဥ် ရှိနေသေးသည်ကိုတော့ သူ မပြောပြခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုတိမ်တိုက်ဓားသိုင်းဝိညာဉ်၏ စွမ်းရည်မှာလည်း အားဖြည့်ခြင်းပင် ဖြစ်နေပြီး ထိုဓားသိုင်းဝိညာဉ်က စိတ်ဝိညာဉ်စွမ်းအားကိုပါ ၅ ဆ မြှင့်တင်ပေးနိုင်သောကြောင့်ပင် ဖြစ်၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၉ ၊ အတွဲ ၁ ၊ အပိုင်း ၈၉ + ၉၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters