တောင်ပိုင်းအရုဏ်ဦးတိုင်းပြည်
Vol. 9 Ch. 114
လူငယ်၏ တည်ငြိမ်မှုမှာ လုပ်ယူထားသည်နှင့် မတူဘဲ လန့်ဖျပ်သည့် အမူအရာ အနည်းငယ်မျှ မတွေ့ရပါပေ။ ထိုသို့ စိတ်နေစိတ်ထားမျိုးမှာ အသက်ကြီးသူများ ထံပင် တွေ့ရခဲလှရာ သည်အရွယ် ဆယ်ကျော်သက်ငယ်လေးတွင် သည်လို တည်ငြိမ် ရင့်ကျက်မှုမျိုး မြင်ရသည်က သည်လူငယ်၏ အဆင့်အတန်းက မည်မျှ ထူးကဲလှကြောင်း ဖော်ပြနေခြင်းပင်။
သူသည် စုမင်ကိုကြည့်နေသည်၊ သူ့မျက်လုံးများက မတောက်ပသလို တုန်လှုပ်ခြင်း လည်းမရှိ။ သို့သော် စုမင်ကို ကြည့်သောအခါ တစ်ကိုယ်လုံးအား သိုင်းခြုံ၍ စေ့စေ့စပ်စပ် ကြည့်ရှုသည်မှာ စုမင်ကိုယ်ပေါ်ရှိ သေးငယ်သော သဲလွန်စများမှ တစ်ဆင့် စုမင်ဘယ်က လာသည်ကို ရှာဖွေနေပုံ ရသည်။
စုမင်က တစ်ကိုယ်လုံးကို တိရစ္ဆာန် သားရေထည်ဖြင့် ဖုံးလွှမ်း၍ ထိုင်နေခဲ့သည်။ သူ နှိုးလိုက်သည်နှင့် လူငယ်၏ အပြုအမူများကြောင့် လူငယ်အား ချီးကျူးသည့် အကြည့်ဖြင့် ကြည့်မိသည်။ သို့သော်ငြားလည်း လူငယ်အဖို့ သူ့ကိုယ်ပေါ်က ဘာသဲလွန်စကိုမျှ ရှာတွေ့ရန် မဖြစ်နိုင်ပါ။
"မင်းကိုယ်ပေါ်က ဒဏ်ရာတွေရှိနေတာ နှစ်တွေ သိပ်ကြာခဲ့ပြီပဲ ..." စုမင်က လူငယ်၏ မေးခွန်းကို မဖြေဘဲ အနည်းငယ် အက်ကွဲရှတသည့် အသံဖြင့် ဖြည်းညင်းစွာ ပြောခဲ့သည်။
လူငယ်က တည်ကြည်ခိုင်မာသော အမူအရာအား မပျက်ယွင်းစေဘဲ စုမင် အားကြည့်သည်။ စကားပြောလေ၊ အမှားပါလေ ဖြစ်မည်ကို သိသည့်အတွက် ဘာမျှလည်း မပြောပါ။ သူ့ကိုဖမ်းဆီး ခေါ်ဆောင်လာခဲ့သည့် သည်လူ၏ ရည်ရွယ်ချက်ကို သိရလျှင် ပိုကောင်းမည်ဖြစ်သည်။
"ဒါက မင်းမွေးဖွားပြီး သိပ်မကြာခင်မှာ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ချန်ထားခဲ့တာ တွေပဲ" စုမင်က အလျင်မလိုစွာ ဆက်ပြောသည်။
လူငယ် လန့်သွားသည်။ သို့သော် မျက်နှာမှာမူ မပြောင်းမလဲ တည်ငြိမ်လျက် ခံစားချက်မဲ့သည့် သွင်ပြင်ပဲဖြစ်သည်။
"အဲဒီဒဏ်ရာ တွေကို အာရုံစိုက်ကြည့်။ ပြောင်းလဲမှု တစ်ခုခုရှိလားပေါ့"
စုမင်တည်ငြိမ်စွာ ပြောဆိုရာ သူ့အသံမှာ တစ်ချက်လေးမျှတောင် မနိမ့်မမြင့် ဖြစ်သည်။ ပြောပြီးသည်နှင့် မျက်လုံးတို့ကို မှိတ်ချလိုက်သည်။
လူငယ်လေးမှာ ခေတ္တမျှ မှင်တက်သွားခဲ့သည်။ စုမင်အား သင်္ကာမကင်း ကြည့်ကာ မျက်လုံးများကို မှိတ်၍ ချီ ကို လည်ပတ်စေသည်။ နိုးနိုးချင်းက သတိမထား မိသော်ငြား ချီစွမ်းအားတို့ကို လှည့်ပတ်ကြည့် လိုက်သည်နှင့် မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့်လာခဲ့သည်။ ထိုခဏသော အခိုက်အတန့် အတွင်း သူ့ကိုယ်တွင်းက ဒဏ်ရာတို့ အနည်းငယ်မျှ ပိုကောင်းလာသည်ကို ထင်ထင်ရှားရှား ခံစားရသည်။
သူ လန့်ဖျပ်သွားသော်လည်း တည်ငြိမ်မြဲဖြစ်အောင် လုပ်ယူခဲ့သည်။ သူ အသက်ငါးနှစ် ကတည်းက သူ့မှာ ဒဏ်ရာအနာတရ များရှိနေမှန်း သိခဲ့ပြီး တစ်စုံတစ်ယောက်က သူ့အား ပညာရပ်တစ်ခုဖြင့် အန္တရာယ် ပေးခဲ့သော်လည်း မသေအောင်၊ ဒဏ်ရာအပြင်းအထန် ရအောင်သာ သေချာစီမံခဲ့သည်။ ဒီကိစ္စရပ်ကြောင့် သူအသက် ဆက်ရှင်နိုင်ရန် သူ့အဖေက ချီစွမ်းအင် အများအပြားဖြင့် ကုသ ပေးခဲ့သောကြောင့် အဖေဖြစ်သူ၏ ကျင့်ကြံခြင်း အဆင့်များ လျော့ကျရန် ရည်ရွယ်ချက်ဖြစ်သည်။
ထိုဒဏ်ရာများမှာ အံ့မခန်း ပြင်းထန်လှသည်။ လွန်ခဲ့သောနှစ်များ အတွင်း ဆေးပင် အများအပြား သောက်သုံးမှီဝဲ ခဲ့သော်လည်း အသက်ဆက်ဖို့ရာသာ အားဖြစ်ခဲ့ပြီး အလုံးစုံ ပျောက်ကင်းခြင်းကိုတော့ မတတ်စွမ်း နိုင်ခဲ့ပါ။ မျိုးနွယ်စုခေါင်းဆောင်၊ အကြီးအကဲနှင့် အခြားသူများလည်း သူ့အား မကူညီနိုင်ခဲ့ပါ။ အန္တရာယ်ပေးသွားသူ မာန်စွမ်းအားရှင်အား တွေ့အောင်ရှာဖွေ သတ်ဖြတ်၍ ၎င်း၏ မာန်အတတ်ပညာအား မတည်မငြိမ် ဖြစ်စေ၍ ကျေပျက်အောင် လုပ်မှဖြစ်မည်ဟု သူတို့ တစ်ခါပြော ဖူးပါသည်။
သို့သော်ငြား ယခုတွင် သူ၏ဒဏ်ရာတို့ အနည်းငယ်မျှ ပျောက်ကင်းသွားခဲ့ပြီ။ ဒါဟာ လုံးဝ မမျှော်လင့်ထားသည့် ကိစ္စရပ်ပင်။ သူ၏ အသက်ရှူနှုန်းတို့ အနည်းငယ် မြန်ဆန်လာသည်။ ကတိုက်ကရိုက် ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများအား ထပ်မံစစ်ဆေး၍ မျက်လုံးမှ တောက်ပလာသော အလင်းကောင်ကိုမူ ကွယ်ဝှက်လိုက်၏။
မိမိ၏ ဒဏ်ရာများအား ပျောက်ကင်းအောင် ကုသပေးပါရန် မိုးကောင်းကင်အား အကြိမ်ကြိမ်အဖန်ဖန် တောင်းဆိုခဲ့ဖူးသည်။ အဖေ့အတွက် ဝန်ထုပ်ကြီးတစ်ခု မဖြစ်လိုသော်ငြား ကုန်လွန်ခဲ့သည့် နှစ်ပိုင်းများအတွက် အိုမင်းသထက် အိုမင်းရင့်ရော် လာခဲ့သော အဖေ့အားကြည့်၍ သူချက်ချင်း လဲသေပစ်ချင်ခဲ့သည်။ စိုးရိမ်ပူပန်ရမှု အနည်းငယ် ရှိနေသေးသည့် ကြောင့်သာမဟုတ်လျှင် သည်လောကအား ထားရှိထွက်ခွာ သွားခဲ့သည်မှာ ကြာပေပြီ။
သည်တစ်ကြိမ်တွင် မျိုးနွယ်စုမှ မျိုးနွယ်ဝင်တို့ နှင့်အတူ မိုးသစ်တောအတွင်း ဆေးပင်ဆေးမြစ်များ ရှာဖွေရန်လာ ခဲ့ကြသည်။ သူတို့နှင့် အတူလာခဲ့သည်မှာ ဒဏ်ရာများ ပျောက်ကင်းလို၍ မဟုတ်ဘဲ သူသည်လည်း မျိုးနွယ်ဝင် ဆစ်ယောက်ဖြစ်သည်ကို သက်သေပြ လိုသောကြောင့် ဖြစ်သည်။
သို့သော် လမ်းခရီးတစ်လျှောက် မိမိကို ကာကွယ်စောင့်ရှောက်မှု များကိုမြင်တွေ့ရသော် သူ့စိတ်ထဲမှ သက်ပြင်းမောချမိသည်။
သူခေါင်းကို ငုံ့ထားစဉ်တွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ခေါင်းကိုမော့၍ သူ၏ စိတ်ခံစားချက် တို့ကိုဖုံးကွယ်ရန် မကြိုးစားတော့ပါ။ အဲသည့်အစား စုမင်အား အရူးလိုကြည့်၍ သူ့မျက်နှာတွင်မူ စိတ်လှုပ်ရှားမှုနှင့် အသက်ရှင်လိုသော စိတ်ဆန္ဒတို့ ပေါ်ပေါက်နေ၏။
"ခင်ဗျား …" လူငယ်က အသက်ပြင်းပြင်း ရှိုက်၍ သူ့အသံက အနည်းငယ် တုန်ယင်နေသည်။
"မင်းခန္ဓာကိုယ် ပေါ်ကဒဏ်ရာတွေက သိပ်ပြင်းလွန်းတယ်။ မင်းကိုလုံးဝ ပျောက်ကင်းအောင် မကုပေးနိုင်ပေမဲ့ အခြေအနေ နည်းနည်းပိုကောင်း လာအောင်တော့ လုပ်ပေးနိုင်တယ်"
စုမင် မျက်လုံးဖွင့် လာသည်။ ရေထည်ဖြင့် အုပ်ကာထားသော မျက်လုံးများနှင့် လူငယ်၏ အတွေးများကို ဖောက်ထွင်းမြင် နေရသကဲ့သို့ လူငယ်အား စိုက်ကြည့်သည်။ သူ့အသံက ခံစားချက်မဲ့သည်။
အကြည့်တစ်ချက် နှင့်ပင် မိမိအား ထိုလူက အလုံးစုံ မြင်နိုင်သွား လေပြီလို့ လူငယ်ခံစား မိလိုက်သည်။ သူသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူ ဖြစ်သည်။ သူ၏ စိတ်လှုပ်ရှားမှုနှင့် အသက်ရှင် လိုသောဆန္ဒ တို့အား အစောက လှစ်ဟပြသခဲ့ပြီး ဖြစ်၏။ စုမင်၏စကားသံကို ကြားလိုက်ချိန်တွင် စိတ်သက်သာရာရသွားပြီး ဟူးခနဲသက်ပြင်းချမိသည်။ စုမင်သာသေချာလျှင် မယုံစရာ အကြောင်းမရှိဘူး။
သူလည်းပဲ သူ့အခြေအနေကိုသူ ကောင်းစွာသိပါသည်။
"ခင်ဗျားဘာလိုချင်လဲ" ခံစားချက်မဲ့သည့်ပုံ မှန်မျက်နှာသေလေး ပြန်ဖြစ်မသွားခင် လူငယ်က တိတ်ဆိတ်နေခဲ့သေးသည်။ သူ၏ စိတ်လှုပ်ရှားမှုအား ဖုံးကွယ်၍ စုမင်အား ကြည့်ကာ ညင်သာစွာ စကားဆိုသည်။
"ဒါ ဘယ်နေရာလဲ"
စုမင် ဘာလှည့်ကွက်၊ ဘာပရိယာယ်မှ သုံးမနေ။ သူမေးစရာရှိသည် ကိုသာ မေးလိုက်သည်။ သူလိုချင်သော သတင်းအချက်အလက် တို့က အစဦးပိုင်း မှာတင် သူ့အကြောင်း အရိပ်အမြွက်ကို ပေါ်လွင်စေမည် ဖြစ်သောကြောင့် အထူးတလည် မဖုံးကွယ် လိုတော့ပါ။
"ဒါက ဟန်မြေပြန့်ကျယ်ပဲ" လူငယ်က တိုးညင်းစွာ ပြောရင်း ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာပြီး ဆက်ပြောသည်" ဟန်မြေပြန့်ကျယ် သစ်တောက သိပ်ကြီးမားတယ်။ ဒီနေရာက တောရဲ့ တစ်စိတ်တစ်ဒေသ ပဲရှိသေးတယ်။ အကယ်၍ ခပ်နက်နက် တိုးနိုင်ပြီး စီရင်စုတွေ ထဲက တောင်တွေပေါ် တက်ကြည့်မယ်ဆိုရင် ပိုပြီး ကြီးတဲ့မိုးသစ်တော တွေကိုပဲ တွေ့ရမှာ။ ဘယ်လောက်ဝေး ဘယ်လောက်နီး တာကိုတော့ ကျုပ်လည်း သေချာ မပြောတတ်ဘူး"
"ကျုပ်သိတာ ကတော့ ကျုပ်လာခဲ့တဲ့ နေရာက ခင်ဗျားသွားမယ် ဆိုရင် လဝက်အတွင်းမှာ ဟန်တောင်တန်းမြို့တော် ကိုရောက်နိုင်မယ်။ အဲဒီမြို့ကိုက တောင်တွေနဲ့ တည်ထားတာ။ အေးခဲကောင်းကင် မြို့တော်ကို သွားချင်ရင်တော့ အဲဒီနေရာက ဖြတ်သွားမှရမယ်။ အဲဒါက တကယ် စည်ကားတဲ့ မြို့ကြီးတစ်မြို့ပဲ"
လူငယ်က အသေးစိတ် ပြောပြသည်။ သူ့နှလုံးသားထဲတွင် မေးခွန်းများ ရှိသော်လည်း သူဖုံးကွယ် ထားဆဲပင်။
"အေးခဲကောင်းကင် မဟာလူမျိုးစုကြီး …"
စုမင် မျက်မှောင်ကုတ်ကာ သက်မချမိသည်။ သူမွေး ကတည်းက အဝေးဆုံး ရောက်ဖူးသည်ဆို၍ လေပြည်စီးကြောင်း မျိုးနွယ်စုသို့သာ ဖြစ်သည်။ အခြားသော မျိုးနွယ်စုများကို ကြားပင်မကြားဖူးပေ။
"အေးခဲကောင်းကင် မဟာမျိုးနွယ်စုက တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်ရဲ့ အကြီးဆုံး မျိုးနွယ်စု နှစ်ခုထဲက တစ်ခုပဲ"
လူငယ်က စုမင်အား လှမ်းကြည့်ကာ စတင် ရှင်းပြသည်။ သည်ပုဂ္ဂိုလ်နှင့် ပတ်သက်သည့် မေးခွန်းတို့ ပိုမိုများပြားလာသည်။ စုမင်ဟာ သည်နေရာက မဟုတ်ဘူးဆိုသည် ကိုတော့ ဘာကြောင့်မှန်းမသိ အတပ်ပြောနိုင်သည်။ ထိုခန့်မှန်းချက်က စုမင်အပေါ် ထားရှိသည့် မုန်းတီး ကြောက်ရွံ့မှုအား လျော့ပါးစေသည်။
သူ အစိုးရိမ်ဆုံးမှာ သူတို့ မျိုးနွယ်စုအား မကောင်းကြံမည့်သူ ဖြစ်သည်။ သည်လူ့ထံမှ အကဲခတ်မိ သလောက်သဲလွန်စ များကြောင့် သည်လူနှင့် ပတ်သက်၍ တဖြည်းဖြည်း စိတ်အေးစေသည်။
"ဟန်တောင်တန်း မြို့တော်က ဘယ်မျိုးနွယ်စုရဲ့ မြို့လဲ" စုမင် အသံက ပေါ့ပေါ့ပါးပါး။ သည်ကောင်လေးကို စိတ်အေးစေမှသာ နောက်ထပ် သတင်း အချက်အလက် အတော်များများ ရရှိနိုင်မည်ဖြစ်ပြီး ကိုယ်တိုင်နှင့် ပတ်သက်သည့် အရိပ်အမြွက်များနှင့် သဲလွန်စများ ကိုတော့ အများအပြား ဖော်ပြလိမ့်မည် မဟုတ်ပေ။
စုမင်၏မေးခွန်းက လူငယ်အား ပို၍စိတ်သက်သာရာ ရစေသည်။ သူ့မျက်နှာတွင် အပြုံးစစလေး ထင်လာသည်။
"ဟန်တောင်တန်း မြို့တော်က မျိုးနွယ် တစ်ခုတည်းရဲ့မြို့ မဟုတ်ဘူး၊ ဒါပေမဲ့ ပုချန့်မျိုးနွယ်စု၊ အရောင်စုံရေအိုင် မျိုးနွယ်စု နဲ့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု သုံးစု၊၊ မြို့ကို အဲဒီမျိုးနွယ်စု သုံးစုက ထိန်းချုပ်ထားတယ်"
''ကျွန်တော်က ပုချန့်မျိုးနွယ်စု ကပါ။ နောင်ကြီး၊ အကယ်၍ ခင်ဗျားမှာ ကျွန်တော့်ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်မဲ့ မာန်အတတ်ပညာ များရှိရင် ပုချန့်မျိုးနွယ်စုကို ဝင်လာခဲ့ ပါလားဗျာ။ ဧည့်သည်အနေနဲ့ လာရောက်ခဲ့ပါ။ ခင်ဗျားသာ သဘောတူရင် အနားယူဖို့ နေရာရသလို ဒီနယ်မြေဒေသ အကြောင်းလည်း ပိုသိလာနိုင်တာပေါ့။ အခွင့်သင့်ရင် အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေးမျိုးတောင် ရနိုင်တယ်ဗျ"
လူငယ်က ထိုအကြောင်းပြောရင်း စုမင်အား အသာအယာ လှမ်းလှမ်းကြည့်ကာ စူးစမ်းလေ့လာချက် ရှိ၏။
"ကလန်ထဲဝင်ဖို့ ကတော့ တော်တော်ခက်မှာပဲ"
စုမင်ကမူ တည်ငြိမ်၏။ လူငယ်၏ အပြုအမူများ အားနားလည်၍ အတွေးများကို ထွင်းဖောက်မြင် နေရသည်။ စုမင်နှင့်ယှဉ်လျှင် သည်ပုဂ္ဂိုလ်လေးက လာစုငယ်လေးသာသာ။
လူငယ်က နှာခေါင်းအားပွတ်ကာ မလုံမလဲပြုံးရင်း ပြောသည်" ခင်ဗျားမှန်တယ်။ ကလန်ထဲဝင်ဖို့ ကတော့ ခက်ခဲရင် ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဟန်တောင်တန်း မျိုးနွယ်စုက လူတစ်ယောက်က စမ်းသပ်ပွဲကို အောင်မြင်ပြီး အေးခဲကောင်းကင် ကလန်ရဲ့ မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်လာဖူးတယ်"
စုမင်က ခေတ္တတိတ်ဆိတ် နေပြီး ထရပ်သည်။ သူ၏ ကိုယ်ပိုင် အဆင့်အတန်းမှ လွဲ၍ သည်လူငယ် ပြောသမျှ အားလုံးနီးပါး အမှန်ဖြစ်ကြောင်း စုမင်တပ်အပ် ပြောနိုင်သည်။ ယခု အချက်အလက်များ ကတော့ လျှို့ဝှက်ချက်တစ်ခုလည်း လိမ်ညာစရာ ဘာအကြောင်းမှ ရှိမနေပါ။
ခေါင်းထဲ၌ အချက်အလက် အားလုံးစုစည်း မိသောအခါ သည်နေရာနှင့် ပတ်သက်၍ စုမင်ရေးသမျှ ပုံဖော်လာ နိုင်ခဲ့ပြီ။ သူသည် အမှန်တကယ်ပင် သူလာခဲ့သည့် လုံးဝကွဲပြား ခြားနားသည့် နေရာသစ် တစ်ခုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် အဲသည့်ညက ကောင်းကင်ထက်က ကြယ်များကို မြင်ရစဉ်က မိမိနှင့်ဘာကြောင့် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားရမှန်း မသိခဲ့သော်လည်း ထိုအရာများနှင့် ပတ်သက်၍ တစ်ခုခုတော့ မှားယွင်း နေခဲ့ကြောင်းကို ပြောနိုင်ခဲ့ပြီးသား။
စုမင် ထရပ်လိုက်သည်နှင့် လူငယ်အား မကြည့်တော့ပါ။ သူ့နာမည်ကိုပင် မမေးပါ။ သူကသာ ပုချန့်မျိုးနွယ်ဝင် ပါဟုမပြောလျှင် စုမင်က မေးမည်မဟုတ်ပါ။ သည်လူငယ် ဘာမျိုးနွယ်ဝင်ပါဟု ပြောပြောမပြောပြော ယုံကြည်စရာ မရှိပါ။
လူငယ်မှာ ဉာဏ်ရည် ထက်မြက်သော်လည်း စုမင်နှင့် နှိုင်းယှဉ်လျှင် ဘဝတွင် မုန်တိုင်းနှင့် မကြုံဖူးသေးသည့် ကြက်ပေါက်စလေး တစ်ကောင်လို ရိုးစင်းသည်။ လူငယ်လေးကို ကြည့်ရသည်မှာ မိမိကိုယ်ကို ကြည့်နေရသကဲ့သို့ ခံစားရသည်။
စုမင် မိုးသစ်တောထဲ ဝင်သွားသော် လူငယ်မှာ လုံးဝ မှင်တက်သွားသည်။ သူ့ခေါင်းထဲတွင် ပုံရိပ်အများအပြား ဖော်၍ ဘာဆက်ပြောမည် ဆိုတာကို အကွက်ချထားပြီး ဖြစ်သည်။ အားလုံးက မိမိ၏ လုံခြုံရေးအား သေချာနိုင်ဖို့ ဖြစ်သည်။ သို့ပေမဲ့ စုမင် အဝေးထွက်သွား သောအခါ ထိုသို့ပြင်ဆင်မှုများ အားလုံးက အချည်းနှီး ဖြစ်ခဲ့သည်။
"နေတဲ့နေရာနဲ့ ပတ်သက်တဲ့ အချက်အလက်ကိုပဲ မေးသွားတာပဲ။ သည်လူက ထူးဆန်းတယ်။ စိတ်ယုတ်မာ မရှိဘူး …"
လူငယ်က နှာခေါင်းကိုပွတ်သည်။ အမှန်အတိုင်း ပြောရလျှင် သူနိုးလာသည့် အချိန်မှစ၍ တစ်ခုခုတိုက်ကျွေး ခံထားရသကဲ့သို့ ထပ်ဖန်ဖန် အရသာရ နေခဲ့သည်။
သူ့ဒဏ်ရာများ ပိုကောင်းလာခြင်းနှင့် စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်သွားသည့် စုမင် ဆိုသည့် အချက်များအား ပေါင်းစပ်မိသည့်အခါ သူ့ရှေ့က ထိုလူတွင် မိမိအပေါ်၌ စိတ်ယုတ်မာမရှိကြောင်း သေချာသွားသည်။
"သူသာငါ့ကို အန္တရာယ်ပေးချင်ရင် ငါ့ဒဏ်ရာတွေကို ကုပေးဖို့တောင် မလိုဘူး။ မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေက လွဲလို့ သူမေးသမျှ ငါပြောပြနိုင်တာပဲ ..."
"ဒါပေမဲ့ သူဘာမှ မလုပ်ဘူး။ ငါ့ဒဏ်ရာတွေကို ကုပေးဖို့ အရင်ဆုံး လုပ်ခဲ့တယ်။ အဆိပ်ဆူးနက်ကို မျှားခေါ်ခဲ့တာလည်း အဲဒီသားရဲက သွေးကြောကျောက်သား အဆင့်၇ လောက်ပဲရှိတာ ကြောင့်ပဲ။ အစ်ကိုကြီးအားမုံ့ ကိုင်တွယ်နိုင်ပြီး ငါတို့လူတွေ တစ်ယောက်မှ သေစရာ မလိုတာမျိုး။"
လူငယ်၏ ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ ဖြတ်ပြေးသွား၏။ စုမင်တစ်ယောက် တောထဲတိုးဝင် ပျောက်ကွယ်သွားလု ဆဲဆဲတွင် သူအလျင်အမြန် ထရပ်ကာ ပြေးသွားသည်။
"နောင်ကြီး ... ရပ်ပါဦးဗျာ"
သူ့အသံက မိုးသစ်တော တစ်ခွင် ပျံ့နှံ့သွားသော်လည်း စုမင်က မရပ်ခဲ့ပါ။ တစ်ချက် လှုပ်ရှားရုံဖြင့် လူငယ် မျက်စိထဲမှ ပျောက်သွားကာ အဝေးသို့ ပျောက်ကွယ်သွား၏။
လမ်းကြောင်းအတိုင်း အတော်ကြာ ပြေးလိုက်ခဲ့သော်လည်း ဘာကိုမျှ မတွေ့ရတော့ပါ။ သူ့မျက်နှာပေါ်တွင် နောင်တတို့ပေါ်ပေါက် လာတော့သည်။
"အာ ... ဘယ်လိုများ ဒီလောက်မြန်မြန် လျှောက်နိုင်ပါလိမ့်။ ငါတအား သတိထားလိုက်တော့ အခု ကုသပျောက်ကင်းမဲ့ အခွင့်အရေးနဲ့ လွဲချော်သွားပြီ"
တွေးလေ နောင်တရလေ ဖြစ်လာခဲ့သည်။ ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုချ နေရသကဲ့သို့ သူ့မျက်နှာထက်တွင် တွေဝေမှု အလျဉ်းပေါ်ပေါက် နေခဲ့သည်။
ထိုအခိုက်အတန့်တွင် မိုးသစ်တော အတွင်းမှ သစ်ရွက်အချင်းချင်း ပွတ်တိုက်သံများကို ကြားလိုက်ရသည်။ လူငယ်မှာ မလှုပ်မယှက်။ ရောက်လာ နေခဲ့သည်မှာ သူ့လူများဖြစ်ကြောင်း အတပ်ပြောနိုင်သည်။ မကြာမီ သွေးကြော ကျောက်သားအဆင့်၇ ရှိသူ လူတစ်ယောက် ပြေးထွက်လာပြီး သူ့နောက်မှာ အခြားသော မျိုးနွယ်ဝင်များ ရှိနေသည်။ တစ်ယောက်မျှ အကျအဆုံး မရှိပါ။
လူငယ်ဘာမှ မဖြစ်သည်ကို မြင်တော့မှသာ ထိုလူအားလုံးတို့ သက်ပြင်းချ နိုင်တော့သည်။ အားမုံ့ဟု ခေါ်သောလူက အနားကပ်လာကာ မေးခွန်းတချို့ ခပ်တိုးတိုး မေးမြန်းသော်လည်း လူငယ်ကမူ ခေါင်းကိုသာ ခါယမ်းသည်။ စုမင်နှင့် ပြောခဲ့သည့် အကြောင်းအရာများကို မပြောပြခဲ့ပါ။ သူ့နှလုံးသားထဲတွင် ကိုယ်ပိုင်အတွေး သက်သက်ရှိနေသည်။ သူ့ထံတွင် မည်သို့သော တွေဝေတွန့်ဆုတ်မှုမျှ ရှိမနေတော့ပါ။ ဆုံးဖြတ်ချက် ချခဲ့ပြီးလေပြီ။
စုမင်မှာ မိုးသစ်တော အားဖြတ်၍ လျင်မြန်စွာ လျှောက်လှမ်းနေခဲ့သည်။ ဝတ်ရုံကိုချွတ်ကာ မသေချာ မရေရာသော မျက်နှာထားနှင့် သူ့အရှေ့တွင် တည်ရှိသော တောင်စဉ်တန်းထံသို့ လျှောက်လာခဲ့သည်။
"တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်"
"ဟန်တောင်တန်းမြို့တော်'
"အေးခဲကောင်းကင် မဟာမျိုးနွယ်စု ... အေးခဲကောင်းကင် ကလန်"
စုမင်အနေဖြင့် အေးခဲကောင်းကင် ကလန်ဆိုသည်ကို ဘာမှန်း မသိပေမဲ့ လူငယ်၏ စကားများနှင့် အမူအရာများကို အကဲခတ်ရလျှင် ထိုမျိုးနွယ်စုနှင့် ပတ်သက်၍ ခပ်ရေးရေးမျှ နားလည်လာခဲ့ပြီ။
"အေးခဲကောင်းကင် ကလန်ဆိုတာ မျိုးနွယ်စုတစ်ခုနဲ့ မတူတဲ့တည်ရှိမှု ဖြစ်မယ်ထင်တယ်"
"ဒါက တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်တဲ့။ ငါ့အိမ်နဲ့ဆိုရင် ... ဘယ်လောက်များ ဝေးမလဲ"
စုမင် သက်ပြင်း ခပ်ဖျော့ဖျော့ ချသည်။ ဝတ်ရုံနက်နှင့် လူပြောခဲ့သည့် နက်မှောင်တောင်တန်းသည် အနောက်ဘက် မဟာမိတ်နယ်မြေ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး လေပြည်စီးကြောင်း မျိုးနွယ်စုဟာ မြောင်မန့် မာန်မျိုးနွယ်စုကြီး ၏ အင်အားနည်းသော မျိုးနွယ်ခွဲတစ်ခု ဖြစ်သည်တဲ့။
***