← Chapters

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁)

Vol. 21 Ch. 201

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၁)

" ဒီတစ်ပွဲတည်းနဲ့ အားလုံးကို ဆုံးဖြတ်ကြမယ်။ ညီအကိုတို့ ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို ဟန်တန်အတွင်းမြို့ဆီသို့ နောက်တစ်ကြိမ် ဦးဆောင်သွားခဲ့သည်။ နှစ်နာရီကျော်တိတ်ဆိတ်နေခဲ့သော ဟန်တန်မြို့က တိုက်ခိုက်သတ်ဖြတ်သံများနှင့် နောက်တစ်ကြိမ် ဆူညံလာခဲ့သည်။

မြို့အပြင်ဘက်၌။

" စစ်သေနာပတိချုပ် စစ်သူကြီးကျောက်က တိုက်ခိုက်မှု ပြန်စနေပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ဝမ်ကျန့်ကို အစီရင်ခံလိုက်သည်။

" ရက်အနည်းငယ်အတွင်း ဟန်တန်က ပိုင်ရှင်ပြောင်းတော့မှာပဲ။ " ဝမ်ကျန့်က ဟန်တန်မြို့ကို ကြည့်ပြီး ပြုံးလိုက်သည်။

ဤတိုက်ပွဲကို အောင်မြင်ခြင်းက သူ၏ သမက်ကြောင့် ဖြစ်သည်။ သူ၏ သမက်သာမရှိလျှင် ကြောက်စရာကောင်းသော ဟန်တန်မြို့ကြီးကို လေးရက်အတွင်း ထိုးဖောက်နိုင်မည်ဟု ဘယ်သူမှ စိတ်ကူးယဉ်နိုင်မည်မဟုတ်ပေ။

" ကျွန်တော်အခုလေးတင် သတင်းရပါတယ်။ အရှင်မင်းကြီးက ဟန်တန်မြို့နဲ့ မိုင်တစ်ရာတောင် မဝေးတော့ပါဘူး။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ အရှိန်နဲ့ဆို သဘက်ခါလောက် ရောက်ပါလိမ့်မယ်။ " ကိုယ်ရံတော်တပ်မှူးက ထပ်ပြောလိုက်သည်။

" ကျောက်ဖုန်းရဲ့ ကျေးဇူးကြောင့် အရှင်မင်းကြီးကို စိတ်ကျေနပ်စေတော့မှာပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

သူက ချင်ဘုရင်ရောက်ရှိလာမည့်အပေါ် စိုးရိမ်နေခဲ့သည်။ သို့သော် ဟန်တန်မြို့ကို ထိုးဖောက်နိုင်ခဲ့ပြီး သိမ်းပိုက်နိုင်ရန် ရက်အနည်းငယ်သာ လိုသောကြောင့် သူက စိတ်သက်သက်သာရာ ရသွားခဲ့သည်။

ဝမ်ကျန့်၏ ဘေးတွင် ရပ်နေသော ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ကလည်း ခေါင်းညိမ့်လိုက်ကြသည်။ ကျောက်ဖုန်းက ဝူအန်းမြို့ကို အလွယ်တကူ သိမ်းပိုက်ပြီး ကျောက်စစ်တပ်အပေါ် အောင်နိုင်ခဲ့သည်ကို သူတို့ကိုယ်တိုင် မမြင်ခဲ့ရသော်လည်း ဟန်တန်မြို့မှ တိုက်ပွဲကိုမူ သူတို့၏ မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စစ်တပ်က မြို့ထဲဝင်ပြီး ကျောက်ဖုန်းကို ကူညီပေးရမယ်။ " ဝမ်ကျန့်က ချက်ချင်း အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ။ " ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က တစ်ပြိုင်နက် ပြန်ပြောလိုက်ကြသည်။

" အရှင်မင်းကြီး ရောက်မလာခင် ငါတို့က ဟန်တန်မြို့ကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ရမှာပဲ။ " ဝမ်ကျန့်က မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။

ဟန်တန်မြို့အတွင်း သတ်ဖြတ်မှုများက နေ့တစ်ဝက်ကြာအောင် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကျောက်ဖုန်းက သူ၏ စစ်တပ်ကို ဟန်တန်အတွင်းမြို့၏ ကျောက်စစ်တပ်များဆီသို့ တိုက်ရိုက်ဦးဆောင်သွားခဲ့သည်။ သူ၏ ပစ်မှတ်က ကျောက်နန်းတော်ပင်ဖြစ်သည်။

သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက်ပြီးနောက် ကျောက်စစ်တပ်၏ စိတ်ဓာတ်က ကျောက်ဖုန်းကြောင့် လုံးဝ ပြိုလဲသွားခဲ့ပြီဖြစ်သည်။ ကျောက်နန်းတော်ကို ဝင်ရောက်ပြီး ကျောက်ယန်ကို ဖမ်းမိသည်နှင့် မြို့ထဲမှ ကျောက်စစ်တပ်က ပျက်စီးသွားမည်ဖြစ်သည်။

ကျောက်ဖုန်းက ဓား၏ ထိပ်ဖျားသဖွယ် ရှေ့သို့ ထိုးဖောက်တိုက်ခိုက်နေသည်။ သူ၏ စစ်သည်များက နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။ မြို့အတွင်းရှိ တစ်နေရာသို့ ရောက်သောအခါ ကျောက်ဖုန်းက ကျောက်ဗဟိုကွပ်ကဲရေးဌာနမှ အလံများကို လှမ်းမြင်လိုက်ရသည်။

" ညီအကိုတို့... " ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။ " ရှေ့မှာ ကျောက်ရဲ့ ဗဟိုစစ်တပ်ပဲ။ စစ်သေနာပတိချုပ်ဖန်ရွှမ်က ရှေ့မှာတင် ရှိနေပြီ။ ဖန်ရွှမ်ကို သတ်လိုက်တာနဲ့ ဒီမြို့က ငါတို့မြို့ ဖြစ်သွားလိမ့်မယ်။ "

ဗဟိုစစ်တပ်အတွင်း ဖန်ရွှမ်က သူ၏ စစ်ရထားပေါ်တွင် ရပ်ပြီး ချင်စစ်တပ်က ရှေ့သို့ ထိုးဖောက်ကာ သူ၏ လူများက ကူကယ်ရာမဲ့စွာ သတ်ခံနေရသည်ကို ကြည့်ရင်း စိတ်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။

" နောက်ဆုံးတော့ ဒီလိုဖြစ်လာပြီပေါ့။ ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ဒီအစေခံအိုကြီးက အရည်အချင်းမရှိခဲ့ဘူး။ ကျွန်တော်မျိုးက ဟန်တန်မြို့ကို မကာကွယ်နိုင်ခဲ့သလို ကျောက်ကိုလည်း မထိန်းသိမ်းနိုင်ခဲ့ဘူး။ "

သူက သူ၏ အစွမ်းရှိသမျှကို ပေးဆပ်ခဲ့သော်လည်း သူတို့ကို မယှဉ်နိုင်သေးပေ။ စစ်သည်သုံးသိန်းရှိသော စစ်တပ်က ရှုံးနိမ့်သွားခဲ့သည်။ ထိုအချိန်တွင် သူအမြဲတမ်း ကျော်တက်ရန် ကြိုးစားခဲ့သော လျန်ပိုကို တွေးမိသွားသည်။ သူ၏ စိတ်ထဲတွင် နောက်ဆုံး၌ သူ၏ အရှုံးကို ဝန်ခံလိုက်တော့သည်။

" လျန်ပို....ငါမင်းကို မမှီပါဘူး။ မင်းသာ ဒီမှာရှိနေသေးရင် ဒီမြို့ကို မင်းကာကွယ်ကောင်း ကာကွယ်နိုင်လိမ့်မယ်။ "

ယခင် ချင်က ပိုမိုကြီးမားသော အင်အားဖြင့် ဟန်တန်မြို့ကို တိုက်ခိုက်ချိန်တွင် လျန်ပိုက စစ်သည်နှစ်သိန်းဖြင့် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။ ထိုစဉ်က ဟန်တန်မြို့က အထက်အောက်အားလုံး စည်းလုံးညီညွှတ်ခဲ့ပြီး သူတို့၏ နိုင်ငံအတွက် အသေခံမည်ဆိုသည့် စိတ်ဓာတ်များ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုတော့ ထိုစိတ်ဓာတ်များ မရှိတော့ပေ။

ချင်စစ်တပ်က ပိုမိုနီးကပ်လာသည်ကို ကြည့်ရင်း ဖန်ရွှမ်က သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်လုံးများထဲတွင် ကြောက်ရွှံ့မှုမရှိဘဲ နောက်ဆုံးကျန်ရှိသော ဂုဏ်သိက္ခာများသာ ရှိတော့သည်။ သူက သူ၏ ဓားကို ချင်စစ်တပ်ဆီသို့ ချိန်ရွယ်ပြီး ဟိန်းဟောက်လိုက်သည်။

" ကျောက်စစ်သည်တို့ ဒီနေ့ ငါဖန်ရွှမ်က မင်းတို့နဲ့အတူ တိုက်ပွဲဝင်မယ်။ ကျောက်နိုင်ငံ ထာဝရတည်တံ့ပါစေ။ "

ကိုယ်ရံတော်တပ်မှူးက မြင်းကို ရိုက်လိုက်ရာ ဖန်ရွှမ်၏ စစ်ရထားက ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ ကျောက်စစ်သည်သောင်းချီက ချင်စစ်တပ်ကို ရင်ဆိုင်ရန် တိုက်ပွဲထဲသို့ တိုးဝင်လာခဲ့သည်။ ၎င်းက ဟန်တန်မြို့အတွက် အဆုံးအဖြတ် တိုက်ပွဲပင် ဖြစ်သည်။

ကျောက်ဖုန်းက သူထံသို့ အရှိန်ဖြင့် လာနေသော စစ်ရထားနှင့် ၎င်းအပေါ်တွင် ဓားကို ရှေ့သို့ ချိန်ရွယ်ထားသော ဖန်ရွှမ်ကို မြင်လိုက်ရသည်။

" ဖန်ရွှမ် မင်းရဲ့အသက်က ငါ့အပိုင်ပဲ။ "

ကောင်းကင်မှ မြားမိုးများ ရွာချနေစဉ် သူက သူ၏ ဓားကို မြှောက်ကာ တိုက်စစ်ကို ရင်ဆိုင်လိုက်သည်။ ကျောက်ဖုန်းက စစ်ရထားနှင့် နီးကပ်သွားချိန်တွင် လေထဲသို့ ခုန်တက်လိုက်သည်။ သူက ကိုက်အနည်းငယ် အမြင့်သို့ ပျံတက်သွားပြီး သူ၏ ဓားကို ပိုင်းချလိုက်သည်။

ဝုန်း....

စစ်ရထားကို မောင်းနှင်နေသော ကျောက်စစ်သည်မှာ ချက်ချင်း သေဆုံးသွားပြီး ကျောက်ဖုန်က ဖန်ရွှမ်၏ စစ်ရထားပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

ဖန်ရွှမ်က မျက်မှောင်ကြုတ်ပြီး သူ၏ ဓားဖြင့် ကျောက်ဖုန်းကို ထိုးလိုက်သည်။ သို့သော် ကျောက်ဖုန်းက ရှောင်တိမ်းခြင်းမရှိပေ။ ချီစွမ်းအားဖြင့် အားဖြည့်ထားသော သူ၏ ဘယ်လက်နှင့် ဓားသွားကို လက်နှစ်ချောင်းကြားတွင် ဖမ်းလိုက်သည်။

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဖန်ရွှမ်က အလွန်အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားသည်။

ကျောက်ဖုန်း၏ သွေးစွန်းနေသော ဓားက တုန့်ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ ထိုးသွင်းလိုက်သည်။

စွပ်....

ဓားက ဖန်ရွှမ်၏ နှလုံးတည့်တည့်သို့ ထိုးဖောက်သွားသည်။ ပြင်းထန်သော နာကျင်မှုက ဖန်ရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းမိုးသွားသည်။ ဓားကိုင်ထားသော သူ၏ လက်က တုန်ယင်သွားပြီး ဓားက စစ်ရထား၏ ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။

" ဝူအန်းမြို့မှာတုန်းက ငါမင်းကို လွှတ်ပေးခဲ့တယ်။ ဒီတစ်ခါတော့ မင်း အဲ့ဒီလောက် ကံမကောင်းတော့ဘူး။ "ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" မင်း... မင်းက ဘယ်သူလဲ။ " ဖန်ရွှမ်က နောက်ဆုံးအင်အားဖြင့် မေးလိုက်သည်။

" ချင်စစ်သူကြီး ကျောက်ဖုန်း "

" မင်းကိုး..." ဖန်ရွှမ်က အလွန်အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားသည်။

သူက ကျောက်ဖုန်း၏ နာမည်ကို အကြိမ်များစွာ ကြားဖူးခဲ့သည်။ ပထမအကြိမ်မှာ ချင်နိုင်ငံက ဟန်နိုင်ငံကို ဖျက်ဆီးပြီး ဟန်ဘုရင်ကို ဖမ်းဆီးစဉ်ကဖြစ်သည်။ ဒုတိယအကြိမ်မှာ ကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်ပြီး ဝေဝူကျိကို အနိုင်ယူခဲ့စဉ်ကဖြစ်သည်။ တတိယအကြိမ်မှာ လျန်ပိုကို ခေါင်းဖြတ်ခဲ့စဉ်ကဖြစ်သည်။ ယခု နောက်ဆုံးတစ်ကြိမ် ကျောက်ဖုန်းက သူ၏ အသက်ကို နှုတ်ယူခဲ့သော အချိန်ဖြစ်သည်။

" သွားပေတော့...." ကျောက်ဖုန်းက အချိန်ဖြုန်းမနေတော့ဘဲ သူ၏ လုံချွမ်ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားတစ်ချက်တည်းဖြင့် ဖန်ရွှမ်၏ ခေါင်းကို ဖြတ်ပစ်လိုက်သည်။

" သင်က ကျောက်စစ်သေနာပတိချုပ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၃၀ မှတ် ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" စွမ်းရည်မှတ်အားလုံး ၅၀၀၀ ကျော်လွန်သွားပါပြီ။ အဆင့်တစ်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "

ကျောက်ဖုန်းက သူ၏ ဒန်တျန်အတွင်းမှ အစစ်အမှန်ချီများ ရူးသွပ်စွာ လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။ ထိုတိုးတက်မှုက သူ၏ အစစ်အမှန်ချီက ငါးထောင်ကျော်လွန်သွားကြောင်း ဖော်ပြနေသည်။

ကျောက်ဖုန်းက ၎င်းတို့ကို ဂရုမစိုက်သေးဘဲ ဖန်ရွှမ်၏ ဦးခေါင်းကို မြှောက်ကာ ဟိန်းဟောက်လိုက်သည်။

" ဖန်ရွှမ်ကို သတ်လိုက်ပြီ။ လက်နက်ချပြီး ဒူးထောက်အရှုံးပေးတဲ့သူတွေကို အသက်ချမ်းသာခွင့်ပေးမယ်။ "

" ဟေ့ ဟေ့..." ချင်စစ်သည်များထံမှ ကြွေးကြော်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ " ဖန်ရွှမ်ကို ငါတို့ စစ်သူကြီးက သတ်လိုက်ပြီ။ လက်နက်ချအရှုံးပေးတဲ့ ကျောက်စစ်သည်အားလုံး အသက်ဘေးက လွတ်မယ်။ "

" လက်နက်ချရင် အသက်ချမ်းသာခွင့်ပေးမယ်။ " ပတ်ဝန်းကျင်မှ ချင်စစ်သည်များက ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြသည်။

ကျောက်စစ်သည်များက စစ်ရထားပေါ်မှ ကျောက်ဖုန်းကို လှမ်းကြည့်လိုက်သောအခါ ဖန်ရွှမ်၏ ဦးခေါင်းကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူတို့၏ စိတ်က လုံးဝ ပြိုလဲသွားခဲ့သည်။

" သနားညှာတာပါဦး။ ကျွန်တော် အရှုံးပေးပါပြီ။ "

" အသက်ချမ်းသာခွင့်ပေးပါ။ "

" ပြေးကြ။ ထွက်ပြေးကြ။ "

" စစ်သေနာပတိချုပ် သေပြီ။ ငါတို့ ရှုံးပြီ။ "

ထိုအချိန်တွင် ကျောက်စစ်တပ်က နှစ်ဖက်ကွဲသွားခဲ့သည်။ အချို့က လက်နက်များကို အောက်သို့ ချကာ ဒူးထောက်အရှုံးပေးလိုက်ကြပြီး အချို့ကမူ လှည့်၍ ထွက်ပြေးကြသည်။ ကျောက်တပ်မှူးများက ထိန်းသိမ်းရန် ကြိုးစားဘိုက်ကြသော်လည်း အရှိတရားကို ပြောင်းလဲရန် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

All Chapters