ဝိညာဉ်လုယက်
Vol. 9 Ch. 116
ဖန်းမုအား ထားခဲ့ပြီးနောက် မိုးသစ်တောအား ဖြတ်သန်း၍ စုမင်သည် လျင်မြန် ဖျတ်လတ်စွာ လျှောက်လှမ်းလာခဲ့သည်။ မျက်နှာသေနှင့် အမူအရာလေး တစ်ချက်မျှ ပြောင်းလဲမှု မရှိသော်လည်း သူ့ရင်တွင်းမှ ခံစားချက်များကတော့ ဆန့်ကျင်ဘက်ဖြစ်၏။ သို့သော် သတိအပြည့် ထားလျက်ကား ရှိသေး၏။ သူ့အနားတွင် လှုပ်ရှားသွားသမျှ အရာအားလုံးကို ချက်ချင်း သတိပြုမိ၏။
အမှန်စင်စစ်တွင်မူ သူတို့အား ဖန်းမုအဖေ နောက်ယောင်ခံ လိုက်ခြင်းအား စုမင် သတိမပြုမိခဲ့ပါ။ သူ၏ စကားများနှင့် အပြုအမူများသည် ပြဿနာရန်မှ ကင်းဝေးရန်သာ ဖြစ်၏။
ထို့ပြင် နက်မှောင်တောင်တွင် ရှိခဲ့စဉ်ကလည်း တူညီသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ အဲသည့်အချိန်က စုမင်မှာ စစ်ခုန်းနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်ခုန်းကိုသာမြင်၍ ထိုသို့ အဆင့်အတန်းရှိသူ တစ်ယောက်အနေဖြင့် မျိုးနွယ်စုအတွင်းမှ အစွမ်းထက် မာန်စွမ်းအားရှင်တို့၏ မျက်စိအောက်တွင် ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်ပြီးခါမှ တစ်ယောက်တည်း ထွက်ခွာလာ နိုင်ပါ့မလား ဆိုသည့်အချက်အား မစဉ်းစားမိခဲ့။
အကြီးအကဲမှ မိမိအတွေးများအား လမ်းကြောင်းပေး၍ မိမိလျစ်လျူရှု ထားမိခဲ့သည့် အချက်များအား မြင်စေခဲ့သည်။ သို့သော်ငြား နက်မှောင်တောင်ဒေသ ဖြစ်ခဲ့သည့် အတွက် ဒုက္ခမရောက်ခဲ့ပါ။
အခုတော့ စိမ်းသက်သည့် ဒေသသို့ ရောက်ရှိနေခဲ့ပြီ။ သူ့ကိုကာကွယ် ပေးမည့် အကြီးအကဲလည်း မရှိပါ။ အရာအားလုံးအတွက် မိမိကိုယ်ကိုသာ မှီခိုအားကိုးရမည် ဖြစ်၍ အမှားသေးသေး လေးမျှတောင် လုပ်ခွင့်မရှိပါ။
ဖန်းမုနောက်မှ လိုက်လာသူအား သတိမပြု မိသော်လည်း သံသယဖြစ်စရာ အချက်အများအပြား ရှိခဲ့သည်။ စုမင်၏ ဉာဏ်ရည်နှင့် လအနည်းငယ်ကပင် အရာအားလုံးကို တိတိပပ ဆင်ခြင် တွေးဆပြီးသားဖြစ်၏။
ဒဏ်ရာအကြီးအကျယ် ရထားပြီး ကျောက်သားအဆင့် ၅သာရှိသော လူငယ်လေးတစ်ယောက် အနေဖြင့် နေ့ဆက်လဆက် မိုးသစ်တောအတွင်းသို့ ဝင်ရောက်နိုင်၍ ထိုသို့ ဝင်ရောက်လာတိုင်း အန္တရာယ်ကင်း လုံခြုံနေရန်မှာ မဖြစ်နိုင်ပါ။ လူငယ်လေးက တစ်ယောက်တည်း လာရောက်လိုလျှင်တောင် သူ၏ မိသားစုဝင်များက သေချာပေါက် သတိပြုမိ၍ နောက်ယောင်ခံ လိုက်မည်သာ။ ထိုသို့ပြုလုပ်ခြင်း မှာလည်း ယုတ္တိရှိသည်။
ထို့အပြင် လူငယ်အား တောထဲမှ စုမင် ခေါ်ဆောင်သွားခဲ့ ပြီးနောက် လူငယ်၏ ဒဏ်ရာများမှာလည်း အနည်းငယ်မျှ ကုသပျောက်ကင်းခဲ့သည်။ သူ့အနေဖြင့် စကားတစ်ခွန်း မဆိုလျှင်သော်မှ သူနှင့်အတူ တောထဲဝင်လာခဲ့သော အခြားသော မျိုးနွယ်ဝင်များက အတပ်ပြောနိုင်ပေမည်။
ထိုသို့ သဲလွန်စများကြောင့် ဖန်းမုအား တစ်စုံတစ်ယောက် နောက်ယောင်ခံခြင်းနှင့် သူတို့၏ ပစ်မှတ်မှာ စုမင်ဖြစ်ကြောင်း ခန့်မှန်းဖို့ မခက်ခဲတော့ပါ။ ထို့ကြောင့် စုမင် အနေဖြင့်လည်း ထွက်ရှိလာရန် အလျင်မလိုဘဲ လအနည်းငယ် စောင့်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
စုမင်အား လူငယ်မှ ပေးအပ်သော ထူးခြားပြောင်မြောက်သည့် ဓားသွားကြောင့်လည်း ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုမှာ သာမန်မျိုးနွယ်စု တစ်ခုမဟုတ်ဘဲ အလယ်အလတ် တန်းစားမျိုးနွယ်စု တစ်ခုဖြစ်ကြောင်း စုမင်အနေဖြင့် ပို၍သေချာခဲ့သည်။
ထိုသို့ အဆင့်အတန်းဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်က မျိုးနွယ်စုထဲမှ တစ်ယောက်တည်း ထွက်လာခဲ့သည်မှာ မဖြစ်နိုင်ပါ။
ထို့ကြောင့် သူတို့၏ စကားဝိုင်းအား တစ်စုံတစ်ယောက်က အကဲခတ် နေခဲ့သည်ကို ခန့်မှန်းသိရှိနိုင်ခဲ့၏။ ၎င်းတို့အလျင်လိုစွာ လှုပ်ရှားမှု မပြုကြခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ စုမင်အား ဓားသွားအား လက်ခံခဲ့စဉ်က လရဲ့အတောင်ပံများကို အသုံးပြု၍ တောက်လောင်ခြင်း အစွမ်းများအား ပြသရာ အခြားသူတို့အား မိမိမှာ ရုပ်နယ်လွန်အဆင့် ပညာရှင်တစ်ယောက်ဟု ထင်မြင်ကြ စေခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် လရဲ့အတောင်ပံ သတ္တဝါတို့၏ ဝိညာဉ်များနှင့် လေပေါ်တွင် လမ်းလျှောက်ကာ စိတ်စွမ်းအင်ဖြင့် ကောင်းမွန်စွာ ထိန်းချုပ်ခြင်းအား အသုံးပြု၍ သစ်ခေါက်ပေါ်တွင် အမှတ်အသားထားရှိကာ ဝင်သက်၁၅ကြိမ်မျှသော ခံလိမ့်မည်ဟု ပြောခဲ့သည်။ မြင်တွေ့သမျှ လူတိုင်းအား သတိပေးသည့် အနေနှင့် ထိုအရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
သူ၏ သတိပေးချက်ကြောင့် အခြားသူများအား တွန့်ဆုတ်တွေဝေ သွားစေလိုသည်။ အမှန်တွင်တော့ လူငယ်၏ဒဏ်ရာအား တဖြည်းဖြည်း ကုသပေးခြင်း ဆိုသည့် အကြောင်းပြချက် အပေါ်တွင် အရာအားလုံး အားတွက်ဆ ထားခဲ့ခြင်းဖြစ်၏။ ထိုသို့ အကြောင်းပြချက်ဖြင့် အခြေအနေ တစ်ရပ်လုံးကို စုမင်ထိန်းချုပ်နိုင်စွမ်း အပြည့်အဝ ရှိထားသည်။ အခြားသူများအား မိမိအစွမ်းနှင့် ပတ်သက်၍လည်း မှန်းဆ မရနိုင်အောင် ပြုထားခြင်းက မိမိ လုံခြုံမှုရှိရန် အခွင့်အလမ်းများ အားပို၍ တိုးများလာစေသည်။
စုမင်မှာ နိုးကြားသတိရှိမြဲ ဖြစ်သည်။ ဂူသို့ချက်ချင်း မပြန်ဘဲ အနီးအနားတွင် တစ်ပတ်ပြီးတစ်ပတ် ပတ်လျှောက်နေဖို့ ရွေးချယ်ခဲ့သည်။ မိုးချုပ်သွားပြီး လသာချိန်ရောက်မှ မိမိနောက်မည်သူမျှ မလိုက်လာခဲ့ဘူး ဆိုတာကို သေချာသွားခဲ့မှသာ ဂူသို့ပြန်ခဲ့တော့သည်။
ဂူထဲတွင် တင်ပျဉ်ချိတ်ထိုင်သည်။ စုမင်က သူ၏ ညာလက်အား သူ့ရှေ့တည့်တည့်တွင် ဝှေ့ယမ်းလျက် လရဲ့အတောင်ပံ များအား အပိုင်းပိုင်း အစစကွဲပြား သွားစေကာ ဂူပေါက်ဝသို့ ပျံ့နှံ့သွားစေသည်။ အရင်နှစ်ကတည်းက သည်နည်းလမ်းကို အသုံးပြု၍ ဖြစ်လာနိုင်သည့် မည်သို့သော မတော်တဆမှုမျိုး မဆိုအတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။
"အားလုံးအဆင်ပြေရင် ငါဒီနေရာက မကြာခင် ထွက်သွားနိုင် တော့မှာပါ"
စုမင်ထိုင်ချ လိုက်သည်နှင့် အမြော်အမြင် ရှိသည့်မျက်နှာထားက ပေါ်လွင်လာသည်။ မိမိ၏ အပြုအမူများ အားလုံးအကြောင်း တွေးမိလိုက်သည်နှင့် ကိုယ့်ကိုကိုယ် အာရုံစူးစိုက်လျက် ခန္ဓာကိုယ်တွင်းမှ ချီအား လှည့်ပတ်ခဲ့သည်။ တဖြည်းဖြည်းနှင့် ကိုယ်ပေါ်တွင် သွေးနီရောင် အလင်းတို့ လွှမ်းခြုံလာခဲ့သည်။
ထိုကဲ့သို့ ကာလရှည် ကျင့်ကြံခြင်းနှင့် ကုသခြင်း နည်းလမ်းများမှာ ခြောက်သွေ့ပျင်းရိဖွယ် ကောင်းလှရာ လူတိုင်း စိတ်ရှည်နိုင်သည် မဟုတ်ပေ။ စုမင်မှာမူ ထိုဘဝ နေနည်းအား ယခင်နှစ်ကတည်း ကပင် ကျင့်သားရခဲ့ပြီး ဖြစ်၏။ တိတ်ဆိတ်သောဂူ အတွင်း တစ်ယောက်တည်း နေထိုင်ရခြင်း၊ စကားတစ်ခွန်းမျှ မပြောရခြင်း နှင့် မိမိဒဏ်ရာများအား ဆိတ်ငြိမ်စွာ ကုသခြင်းတို့နှင့် နေသားကျခဲ့ပြီ။
တောင်အရပ် ခွဲခွာများကို စဉ်ဆက်မပြတ် ဖော်စပ်၍ ဒဏ်ရာများကို ကုသရန် ဆေးလုံးများအား အဆက်မပြတ် သောက်သုံးခဲ့ခြင်းကြောင့် ယခင်က ရရှိခဲ့သည့် အတွင်းဒဏ်ရာ အနာတရများကိုပါ တဖြည်းဖြည်းချင်း အချိန်နှင့်အမျှ ကောင်းမွန်လာ စေခဲ့သည်။
တစ်လတာ လွန်မြောက်သွားခဲ့ပြီ။ သူ့အား ခေါ်ဆိုနေသံကို မိုးသစ်တောအတွင်း ထပ်မံ ကြားခဲ့ရသည်။ သည်တစ်ကြိမ်တွင် စုမင်က လူငယ်အား ထွက်မတွေ့ခင် ရက်အနည်းငယ်မျှ စောင့်နေခဲ့သေးပြီး၊ အသံတစ်ချက် မပြုခဲ့ပေ။
ဖန်းမုအား ကုသပေး၍ တိမ်လွှာမြက်ပင်အား ရရှိပြီးသည်နှင့် အခြားသော ဆေးပင်များအား ထပ်မံတောင်းဆို ပြန်သည်။
ဖန်းမုမှာ အံ့မခန်း လေးစားသမှု ရှိလျက် စုမင်၏ ဆန္ဒမှန်သမျှ အားလည်း လက်တွေ့ ဖြည့်စွမ်းပေးကာ စုမင်နှင့် မတွေ့ခဲ့သည့် လပိုင်းအတွင်း လျှို့ဝှက်ချက် များလည်းမဟုတ်သည့် အားလျော်စွာ မျိုးနွယ်စုသုံးခု အတွင်း ဖြစ်ပွားခဲ့သည့် အကြောင်းအရာ အများစုအား ပြောပြခဲ့သည်။ ထို့ကြောင့် စုမင်အနေဖြင့် ပတ်ဝန်းကျင် အခြေအနေများ နှင့်တကွ ထိုမျိုးနွယ်စု သုံးခုတွင်းမှ အစွမ်းထက် မာန်စွမ်းအားရှင် တို့အားလည်း ပိုမိုသိရှိ လာခဲ့သည်။
ထိုအခြင်းအရာက သူတို့၏ ဖလှယ်မှု အပြီးတွင် ပြုလုပ်လေ့ရှိသည့် အခြေခံအလုပ်များ ဖြစ်လာခဲ့သည်။
မိုးသစ်တောအတွင်း ဆေးမြစ်ဆေးပင် အများအပြား ရှိသည်မှန်သော်လည်း ဆေးလုံးများ ပြုလုပ်ရန် မရှိမဖြစ် လိုအပ်သည့် ပါဝင်ပစ္စည်းတိုင်း ရရှိရန်မူ ခက်ခဲလှသည်။ သို့သော် ဖန်းမု ရှိနေခြင်းကြောင့် စုမင်၏ ဆေးလုံး ဖော်စပ်မှုနှုန်းလည်း တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။
ဖန်းမုအဖေ၏ စုမင်အား ထုတ်ဖော် မပြောဆိုသော်ငြား လက်သင့် ခံပေးမှုကြောင့် စုမင်အား ဂါရဝပြုသည့် အနေဖြင့် ဟန်တောင်တန်း မြို့တော်မှ ဆေးဝါးများအား ဖန်းမုကို ရယူခွင့်ပေးရာ စုမင်မှာ ညခင်းအလင်းသာ ကိုင်းကိုပင် ရရှိခဲ့နိုင်သည်။ ဖန်းမုလည်း မိုးသစ်တောအတွင်းသို့ ယခင်ထက်ပင် အရောက်စိပ်လာကာ ထူးခြားသော အဝတ်အထည် ကဲ့သို့ မရှိမဖြစ် ပစ္စည်းပစ္စယ များအား ယူဆောင်လာခဲ့သည်။
ထိုအဝတ်အထည်များ အကြောင်းတွေး မိသည်မှာ ဖန်းမုအဖေ ဖြစ်သည်။ ထိုအရာများကို ပြင်ဆင်ရန် ဖန်းမုအား သတိပေး၍ စုမင်၏ မျက်နှာကိုဝတ်ရုံဖြင့် ကွယ်ကာထားတတ်သည့် အကျင့်ကိုလည်း ထည့်သွင်း တွက်ချက်၍ ဖန်းမု ယူဆောင်လာသည့် အများစုသော အဝတ်များတွင် ခေါင်းစွပ်များ ပါဝင်လေ၏။
အားလုံးပေါင်း သုံးထည်ဖြစ်၍ ချည်ထည်ကြမ်း အဝတ်စတို့ ပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ပါ။
"နောင်ကြီးမော့ ... ဒါတွေကို ဟန်တောင်တန်းမြို့တော် ကနေမှာ ယူဖို့ ကျွန်တော်အများကြီး အားစိုက်ခဲ့ ရတယ်ဗျ။ ကျွန်တော်တို့ မျိုးနွယ်စုထဲ မှာတောင် အကြီးအကဲ တစ်ယောက်တည်း ဒါမျိုးဝတ်ခွင့် ရှိတယ်" ဖန်းမုက သူ၏ စိတ်ပါလက်ပါ ရှိမှုအား ကြွားဝါပြောဆိုရာ ထိုအခြင်းအရာက စုမင်အား သူ့ကိုပို၍ နှစ်သက် သဘောကျလာ စေခြင်းငှာ ဖြစ်စေသည်။
သို့သော် စုမင်၏ သတိရှိမှုကြောင့် ဖန်းမု သူ့ထံ လာရောက်သည့် အခါတိုင်း လာချင်သလို လာရောက်၍ မိမိနေသည့်ဂူ အကြောင်းလည်း မပြောပြပါ။
နှစ်ဝက်ကာလသည် ဤသို့ပင် ကုန်လွန်သွားခဲ့သည်။ လွန်ခဲ့သည့် တစ်လကတည်းက စုမင်၏ ဒဏ်ရာအားလုံး ပျောက်ကင်းသွားပြီ ဖြစ်ပြီး သွေးကြော၂၄၃ ခုပေါ်ပေါက် လာချိန်တွင် သွေးကြောကျောက်သား အဆင့်၇ ရှိသော အံ့မခန်း မာန်စွမ်းအားတို့က ပေါက်ကွဲထွက်ပေါ် လာခဲ့သည်။
စုံလင်သော ဆေးဝါးများဖြင့် စုမင်သည် တောင်တန်းဝိညာဉ် အများအပြား ကိုလည်း ဖော်စပ်နိုင်ခဲ့သည်။ ထိုဆေးများ သောက်သုံးခြင်း ကလည်း ဒဏ်ရာများ ပျောက်ကင်းသည်နှင့် သူ၏ စွမ်းအားတို့ကို တည်ငြိမ်စွာ တိုးတက်လာ စေခဲ့၏။
လုံလောက်သည့် ဆေးလုံးတို့ရှိပြီ ဖြစ်ရာ စုမင် စတင်တွေးတော ရပြီ။ သူ့လက်ထဲတွင် လက်ရှိ ဆေးနှစ်မျိုး ရှိနေသည့် တောင်တန်းဝိညာဉ်နှင့် တောင်အရပ်ခွဲခွာ တို့ဖြစ်၏။
အရေအတွက်မှာ မနည်းလှ။ တစ်မျိုးချင်းကို တစ်ဒါဇင်မျှ ရှိသည်။ လက်ထဲမှ ဆေးလုံးများကို ကြည့်၍ ဆုံးဖြတ်ချက် မချမီ ခေတ္တမျှ အချိန်ယူ စဉ်းစားနေသေးသည်။
"ဒုတိယတံခါးကို ဖွင့်လိုက်တာနဲ့ ဘာပေါ်လာမလဲ ဆိုတာ ငါသွားကြည့်သင့်တယ်''
ဆေးလုံးများကို သိမ်းဆည်းကာ မိမိနှင့်အတူ ထိုနေရာသို့ အဖော်ပြုလိုက်ပါ ပေးခဲ့သော လည်တိုင်တွင် တွဲလွဲကျနေသည့် ကျောက်တုံးနက်လေးအား ထိကိုင်လိုက်သည်။
ထူးခြား ဆန်းကြယ်သည့် ထိုကျောက်နက်လေးက စုမင်အား ဆေးလုံးများ ဖန်တီးဖော်စပ်ရန် မြောက်များစွာသော ဆေးညွှန်းများအား ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် သူ့ဒဏ်ရာများ သက်သာ၍ ကျင့်ကြံခြင်း အဆင့်တို့လည်း တိုးမြင့်ခဲ့ရသည်။ အခုအချိန်တွင် စုမင်လက်ထဲ၌ ဒုတိယတံခါးအား ဖွင့်လှစ်ရန် ဆေးလုံး လုံလုံလောက်လောက် ရရှိနေခဲ့ပြီ။
စိတ်ပိုင်းဖြတ်မှုနှင့် စုမင်မျက်လုံး မှိတ်လိုက်သည်။ ထူးဆန်းသည့်ကမ္ဘာ တစ်ခုအား ရောက်ရှိရန် ယခင်အခေါက်က သုံးခဲ့သည့် တူညီသော နည်းလမ်းအား အသုံးပြုရာတွင် သူ့ကိုယ်မှ အနက်ရောင်အလင်းတို့ ဖြာထွက်လာခဲ့သည်။ ချောက်ချားဖွယ်ရာ တဖျပ်ဖျပ် အနက်ရောင်အလင်းသည် စုမင်တစ်ကိုယ်လုံး သို့ရစ်သိုင်းသွား သည်နှင့် တောက်ပစွာ လင်းဖြာလျက် စုမင်၏ ကိုယ်တွင်းသို့ စုံးစမြှုပ်စ ဝင်ရောက်ပျောက်ကွယ် သွားခဲ့လေ၏။
နေရာကား မြူတို့ဖြင့် ဝန်းရံလျက် ရှိသေး၏။ မကြာမီ အမှောင်ထုနှင့် စုမင် နေသားကျသွားသည်။ မြူလွှာတွင်းသို့ ဆက်လက် ဝင်ရောက်သွားရာ မကြာမီ ရင်းနှီးကျွမ်းဝင် ရင်းစွဲရှိသော တောင်နှင့် တောင်ခြေရှိ ဉမင်လိုဏ်ဂူတို့အား မြင်တွေ့လိုက် ရတော့သည်။
တောင်ကိုကြည့်ကာ တိတ်ဆိတ်စွာဖြင့် စုမင် လျှောက်လှမ်းလာခဲ့သည်။ သူ့ဘေးပတ်လည်တွင် တူညီသော ရုပ်ပုံများ ရှိနေသေးသည်။ ပထမတံခါးကို ဖြတ်သန်း၍ မကြာမီ ဒုတိယတံခါးသို့ ရောက်ရှိလာခဲ့သည်။
ယခင်တစ်ခေါက် ပထမတံခါးကို ဖွင့်လှစ်စဉ်သကဲ့သို့ စုမင် ရှေ့ဆက်လျှောက်လာကာ ရင်ဘတ်တွင်းမှ တောင်တန်းဝိညာဉ်နှင့် တောင်အရပ် ခွဲခွာတို့အား ထုတ်ယူ၍ အပေါက်ငယ်လေးများ ထဲသို့ တစ်လုံးချင်း ထည့်သွင်းလိုက်သည်။
ဆေးလုံးများအား နေရာမှန်ချ ထားပြီးသည်နှင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ တံခါးအား သေချာစွာ စောင့်ကြည့် နေခဲ့သည်။
တံခါးထက်က အပေါက်ငယ်လေးများ ထံမှ တောက်ပသော အလင်းရောင်တို့ ထွက်ပေါ်လာ၏။ အလင်းရောင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသံများ မြည်ဟိန်းလာရာ ဂူနံရံများ တစ်လျှောက်၌ပင် ပဲ့တင်သံတို့ညံ သွားလေ၏။ တံခါးနှစ်ဖက်အကြား ကနဦး၌ ဖြတ်ရှရာ သဏ္ဌာန် လှစ်ဟလာ၍ ကျယ်လောင်သော အသံဖြင့် တဖြည်းဖြည်း ပွင့်လာကာ အထဲမှ ဥမင်လိုဏ် ပေါ်လာသည်။
စုမင်မျက်လုံးများမှာ တည်ငြိမ်သည်။ ကသုတ်ကရက် မပြုမူဘဲ တံခါးလုံးဝ ပွင့်သွားသည်အထိ စောင့်သည်။ အထဲသို့ကြည့်ရာ ဉမင်လိုဏ်ကို မြင်သည်၊ နံရံများမှလည်း အနီရောင် အလင်းဖြာထွက် နေသည်။ တိတ်ဆိတ်သည်။
ခေတ္တမျှ စောင့်ကြည့်ပြီးမှ ဉမင်အတွင်းသို့ လျှောက်လှမ်း သွားခဲ့သည်။ ချက်ချင်း ဝင်ရောက်သွားသေးသည် မဟုတ်ဘဲ ဘေးနှစ်ဘက်မှ ရုပ်ပုံကားချပ်များကို ကြည့်ရှုလိုက်သည်။ ထိုပုံများမှာ ဆေးဖော်စပ်နေသော လူပုံများပင်ဖြစ်နေသေး၏။
ပထမတံခါးကို ဖွင့်စဉ်ကတည်းက စုမင် သတိပြုမိခဲ့၏။ နံရံပေါ်မှ ရုပ်ပုံများသည် ဆေးပင်များကို နိုင်စီးငြှိမ်းသတ်ခြင်း ပြုရာတွင် လုပ်ဆောင်ဖွယ် နည်းလမ်းများဖြစ်နိုင်သည်။ စုမင်သာ ၎င်းနည်းလမ်းများအား ကျွမ်းကျင်စွာ တတ်မြောက်ခဲ့လျှင် ဆေးဖော်သည့် နေရာ၌ အကူအညီကြီး ဖြစ်မည်မှာသေချာသည်။
နံရံပေါ်မှ ရုပ်ပုံများကိုကြည့်၍ အလျင်မလိုစွာဖြင့် ရှေ့ဆက် လျှောက်လာခဲ့သည်။ အချိန်မည်မျှ ကြာမြင့်သွားသည် မသိလိုက်။ ရုပ်ပုံများ အဆုံးသတ်သို့ ရောက်ရှိချိန်တွင် သူ့ရှေ့၌ အခန်းငယ်လေးတစ်ခု ရှိနေခဲ့သည်။
တတိယတံခါးမှာ ထိုအခန်းငယ်လေး အတွင်း၌ဖြစ်၏။
ထိုတံခါးပေါ်၌ ဆေးလုံး တစ်လုံးတည်း၏ ရုပ်ပုံသာရှိသည်။ ထိုဆေးလုံးအား ဖော်စပ်ရန်လိုအပ်သည့် ဆေးပင်မှန်သမျှ အားလုံးနီးပါး ကိုလည်း မြင်တွေ့ရသည်။ သူ့မျက်လုံးများ လက်ဖြာသွားကာ ဆေးလုံးရုပ်ပုံ အောက်ဘက်ရှိ အပေါက်ငယ်လေး များအား ကြည့်လိုက်သည်။
စုမင်မှာ ဒီအခြင်းအရာအား နှစ်ကြိမ်တိုင် တွေ့ကြုံ ပြီးပါပြီ။ ဆေးလုံးဖော်စပ်မှု တစ်လျှောက်၌ ဟောသည့် အရပ်ဒေသရှိ တံခါးပေါက်များ အားဖွင့်ရန်လိုအပ်သော ဆေးလုံး ရုပ်ပုံများ၏ အောက်ဘက်မှ အပေါက်ငယ် အရေအတွက်က ဆေးလုံးအား ဖန်တီးရာတွင် ခက်ခဲမှုအဆင့်ကို ဖော်ပြသည်။
အပေါက်များလေ၊ ဖန်တီးရာတွင် လွယ်ကူလေ။
တစ်ချက်ကြည့်ရုံဖြင့် စုမင် မျက်မှောင်ကြုတ်မိသည်။ ထိုဆေးလုံးရုပ်ပုံ၏ အောက်တွင် အပေါက်ငယ် နှစ်ခုသာရှိသည်။
"ဒီဆေးလုံးက ... နတ်မင်းကြိုဆိုက လွဲလျှင် ငါဖော်စပ်နိုင် သမျှထဲ အခက်ဆုံး ဖြစ်လိမ့်မယ်"
စုမင် မျက်မှောင်ကြုတ်လျက် တံခါးပေါ် ညာလက်တင်ကာ အရှေ့သို့ဆက်လျှောက် လာသည်။ ထိုအခိုက်အတန့်၌ သူ့ဦးခေါင်းထဲသို့ ရင်းနှီးကျွမ်းဝင်သော နာကျင်မှုတို့ တစ်ဖန်ပြန်ထွက် ပေါ်လာခဲ့သည်။ တံခါးမှ တောက်ပစွာ လင်းဖြာလာပြီး၊ ဆေးဖော်စပ်နေသည့် မြင်ကွင်းများမှာ သူ့ခေါင်းထဲ၌ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့၏။
အချိန်အတော် ကြာပြီးနောက် စုမင်၏ညာလက်မှာ တုန်ယင်လာခဲ့သည်။ မြေပြင်မှ ပြင်းထန်သည့် အင်အားရပ် ဆောင့်တက်လာကာ စုမင် ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ ခေါင်းမော့ လာခဲ့ရာ သူ့မျက်လုံးများ ထဲ၍ ထိတ်လန့်မှုတို့ မြင်တွေ့ရသည်။
"ဝိညာဉ်လုယက်"
စုမင် အသက်ပြင်းပြင်း ရှူသည်။ သူသိလိုက်ရသည့် အချက်များအရ ဆိုလျှင် ဆေးအမည်နှင့် ဖော်စပ်ရမည့် နည်းလမ်းများ မှအပ ပထမဆုံးအကြိမ် အဖြစ် ဆေးလုံး၏ အကျိုးစွမ်းအင် သက်ရောက်မှုအား သိရှိ လိုက်ရခြင်းဖြစ်၏။
"ဆေးလုံးထဲမှာ ဝိညာဉ်ပုံရိပ်ယောင် တစ်ခုထည့်သွင်းနိုင်လျှင် အခြားသူများကို အန္တရာယ်ပြုတဲ့ နေရာမှာ သုံးနိုင်တယ်။ အဲဒီအပြင် ကိုယ့်ရဲ့ဝိညာဉ် စွမ်းအားဖြည့်တဲ့ နေရာမှာလည်း သုံးလို့ရတယ်"
စုမင်မျက်လုံးတို့ လင်းလက်သွားသည်။ "ဝိညာဉ်လုယက်" အား ဖော်စပ်နိုင်ရန် လိုအပ်သည့် ဆေးပင်တို့အား သေချာစွာ မှတ်သား၍ မျက်လုံးတို့ကို မှိတ်လိုက်သည်။ သူ့မျက်နှာ ထက်တွင်မူ ရှုပ်ထွေးနေသည့် မျက်နှာထားရှိ၏။
"ဒီဆေးဖော်တဲ့ နေရာမှာ ဒီဆေးပင်တွေ အများကြီးလိုတာပဲ"
"ပုံမှန် ဆေးဒယ်အိုးလည်း သုံးလို့မရဘူး။ သေတာ မကြာသေးတဲ့လူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဒယ်အိုးအဖြစ် သုံးပြီး မပါမဖြစ် ဆေးပင်တွေကို အလောင်းထဲ ထည့်သွင်းလို့ စင်ကြယ်ရှင်းသန့်ခြင်း ပြုလုပ်ရမယ်"
"ပုံမှန် မီးတောက်ကိုလည်း သုံးလို့မရဘူး။ အလောင်းကောင်တွေကို စုဆောင်းဖို့လိုပြီး သူတို့အပေါ် မိုးကြိုးပစ်ချ စေပြီးမှ စင်ကြယ်ရှင်းသန့်ခြင်း ပြုလုပ်လို့ ရလိမ့်မယ်။ ဒီလိုသာဆိုရင် ဆေးလုံး ဖော်စပ်ပြီးတာနဲ့ လောကကို အပြောင်းအလဲ ဖြစ်စေမှာ တွေကိုလည်း ရှောင်ဖယ်နိုင်မယ်"
စုမင်မှာ လေးနက်သည့် အတွေးနွံထဲ နစ်မြုပ်နေသည်။ တံခါးအား နင့်နင့်နဲနဲ စိုက်ကြည့်ပြီးနောက် လှည့်ထွက်ကာ အပြင်သို့ လျှောက်လာသည်။
"ဒီဆေးဖော်ရတာ ခက်ခဲပြီး အောင်မြင်မှုနှုန်းလည်း မမြင့်ပေမဲ့ ဖော်စပ် လိုက်နိုင်တာနဲ့ သူ့ရဲ့ ခွန်အားကတော့ …"
ဆေး၏ ဖော်ပြထားချက်အား ပြန်လည်မြင်ယောင် လာခဲ့သည်။
"ဝိညာဉ်ပုံရိပ်ယောင် တစ်ခုကို လုယက်တယ် …။ ဝိညာဉ်ပုံရိပ်ယောင် ဆိုတာ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သွေးဝက်ဝံကောင်လို၊ ရှန့်ဟန်ရဲ့ဓားလို မာန်စွမ်းအားရှင် တွေရဲ့ မာန်စွမ်းအင် အမှတ်အသားနဲ့ အတူတူပဲ။ ဒီစွမ်းအားကို ရုပ်နယ်လွန် အဆင့်အောက်သမား တစ်ယောက်မှ မခံနိုင်လောက်ဘူး။ ရုပ်နယ်လွန် အဆင့်သမား ဆိုရင်တောင် ငါသတ်နိုင်လောက်တယ်။ ဒါဆို ဒါက ဆေးလုံးမှ မဟုတ်တော့ဘဲ ..."
လျှောက်လှမ်း ထွက်လာရင်း စုမင်မျက်လုံးတို့ အရောင် တလက်လက်။
မိုးသစ်တောခပ်နက်နက်အပိုင်းရှိ ဂူထဲမှ ချောက်ချားဖွယ့်အလင်းရောင်တို့ တောက်ပနေသည်။ စုမင်ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ပြန်လည်ပေါ်ပေါက် လာခဲ့သည်။ လည်ပင်းထက်တွင် ကျောက်တုံးနက်အား ဆွဲလျက် လေးလေးနက်နက် စဉ်းစားဆင်ခြင်ရင်း ထိုင်ချလိုက်သည်။
"ငါ ဆေးပင်၁၉မျိုး လိုတယ်။ အကုန်လုံးနီးပါးကို ငါသိတယ်။ အကြီးအကဲပေးခဲ့တဲ့ ဝါးပိုးမှတ်စုထဲက ပုံတွေထဲမှာ ပါတယ်။ တစ်ခုပဲ ငါနဲ့မရင်းနှီးတာ၊ ဒါပေမဲ့ အဲဒါက အဓိကအချက် မဟုတ်ဘူး။ အဓိကအချက်က အဲဒီဆေးပင် ဆေးမြစ်၁၉ မျိုးထဲမှာ ငါ ဒီအတိုင်းသုံးလို့ မရတာပါ နေတယ်။ စွမ်းအား ပြင်းထန်တဲ့ သားရဲရိုင်းတွေရဲ့ အရိုးထဲမှာ အပင်ရဲ့အစေ့တွေ ချဖို့လိုပြီး ကြီးပြင်းလာအောင် ပျိုးထောင်ရမယ်"
"ငါသိလာရတဲ့ အတိုင်းဆိုရင် ငါလိုအပ်တာက ရုပ်နယ်လွန် အဆင့်ရှိ အစွမ်းထက်မြက်တဲ့ စစ်သည်တော် တစ်ယောက်နဲ့ တူညီတဲ့ အစွမ်းမျိုး ပိုင်ဆိုင်တဲ့ သားရဲတစ်ကောင်ရဲ့ အရိုးပဲ"
***