← Chapters

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း (၂၀၇)

Vol. 21 Ch. 207

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၇)

" အမှန်အတိုင်း ပြောရရင် မင်းအစောက သေသွားခဲ့ရင် နောက်ထပ်ခံစားရမယ့် ဒုက္ခတွေကနေ သက်သာသွားနိုင်တယ်။ " ကျောက်ဖုန်းက လှောင်ပြောင်လိုက်သည်။ " ဒါပေမယ့် မင်းပ ရှင်သန်ဖို့ ရွေးချယ်လိုက်ပြီဆိုတော့ ငါတို့ အရှင်မင်းကြီးရဲ့ လက်ထဲမှာ မင်းရဲ့ ကံကြမ္မာက လုံးဝကောင်းနိုင်မှာမဟုတ်ဘူး။ "

ကျောက်ယန်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက ရင်ကျန့်နှင့် သူ့ကို စောင့်ကြိုနေသော ခါးသီးသည့် နေ့ရက်များကို တွေးမိလိုက်သည်။

" နားထောင်ကြ။ ထွက်ပြေးဖို့ ကြိုးစားတဲ့သူမှန်သမျှ သတ်ခံရမယ်။ ဟန်တန်မြို့ကို လိမ်လိမ်မာမာနဲ့ ပြန်လိုက်မယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးရနိုင်တယ်။ အားလုံးပြန်လှည့်ကြ။ ဟန်တန်ကို ပြန်မယ်။ " ကျောက်ဖုန်းက မြင်းပေါ်မှ ကျယ်လောင်စွာ ပြောလိုက်သည်။

ဝန်ကြီးများက ငြင်းဆိုရဲခြင်းမရှိဘဲ ကြောက်ရွံ့စွာဖြင့် နောက်မှ လိုက်သွားကြသည်။ အကယ်၍ သူတို့က လူစုခွဲပြီး ထွက်ပြေးခဲ့လျှင် ကျောက်ဖုန်းက တစ်ယောက်ချင်းစီ လိုက်ဖမ်းရန် စစ်သည်အလုံအလောက်မရှိပေ။ ထိုအချက်က ကျောက်ယန်၏ မိုက်မဲသော လုပ်ရပ်ကို ဖော်ပြနေသည်။

သူက တော်ဝင်အစောင့်များ၏ ကာကွယ်မှုအောက်တွင် လုံခြုံမှုရှိသည်ဟု ထင်မှတ်ခဲ့ပြီး တစ်ယောက်တည်းထွက်ပြေးခြင်းက လွတ်မြာက်နိုင်ခြေရှိသည်ကို သတိမမူမိခဲ့ပေ။

ဟန်တန်မြို့အတွင်း တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်သည်။ နိုင်ငံတစ်ခု၏ မြို့တော်က ကျယ်ပြောလိုက်သည်။ အချို့က မြို့၏ အနောက်ဘက်မှ ထွက်ပြေးသွားကြသော်လည်း သူတို့၏ အရေအတွက်က အလွန်နည်းပါးလှသည်။ အများစုက အတွင်း၌ ပိတ်မိနေဆဲ ဖြစ်သည်။

ကျောက်ဖုန်း၏ တပ်ဖွဲ့များ သတ်ဖြတ်ထားသူများမှလွဲ၍ ကျန်သူများက ထွက်ပြေးရန် အချိန်မရလိုက်ပေ။ ချင်စစ်သည်များက မြို့အတွင်းမှ ကျန်ရှိနေသော ကျောက်စစ်သည်များကို ဆက်လက်ရှင်းလင်းနေဆဲ ဖြစ်သည်။ လက်နက်ချသူများကို ချမ်းသာပေးပြီး ခုခံသူများကိုမူ သတ်ဖြတ်ခဲ့သည်။

ဟန်တန်မြို့ရိုးပေါ်၌ ရင်ကျန့်နှင့် ဝမ်ကျန့်တို့က မြို့ရိုးပေါ်သို့ အတူတူ တက်လာကြသည်။ ရင်ကျန့်က မီးခိုးများဖုံးလွှမ်းနေသော စစ်ဒဏ်သင့်မြို့ကြီးကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

" ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးတဲ့နောက်မှာ ဒီမြို့ရိုးပေါ်က ရပ်ပြီး ဟန်တန်မြို့ကို ငုံ့ကြည့်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ ပြီးတော့ ကျောက်လူမျိုးတွေကလည်း သူတို့မြို့မှာ ဓားစာခံအဖြစ် ဖမ်းထားခဲ့ဖူးတဲ့သူက တစ်နေ့မှာ စစ်တပ်ကို ဦးဆောင်ပြီး ပြန်လာလိမ့်မယ်လို့ အိပ်မက်တောင် မက်ဖူးမှာမဟုတ်ဘူး။ "

" အရှင်မင်းကြီးက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ရှင်ဘုရင်ပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြန်ပြောလိုက်သည်။ " အရင်က ဟန်၊ ဒီနေ့မှာ ကျောက်။ အနာဂတ်မှာ အရှင်မင်းကြီးက ကျန်တဲ့ နိုင်ငံအားလုံးကို သိမ်းပိုက်ပြီး ကမ္ဘာကြီးကို စုစည်းနိုင်တဲ့ တစ်ဦးတည်းသော ဧကရာဇ်ဖြစ်လာပါလိမ့်မယ်။ "

" အရင်ဘုရင်တွေရဲ့ ရည်မှန်းချက်၊ ချင်လူမျိုးတွေရဲ့ ရည်မှန်းချက်။ " ရင်ကျန့်က ဟန်တန်မြို့ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ " ချင်နိုင်ငံတစ်ခုတည်းကသာ ကောင်းကင်အောက်က အရာအားလုံးကို စုစည်းနိုင်လိမ့်မယ်။ ငါက ဒါကို မုချအောင်မြင်အာင် လုပ်မယ်။ "

ဟန်တန်မြို့ကျဆုံးသွားသည်နှင့် ကျောက်နိုင်ငံက ပျက်သုဉ်းတော့မည်ဖြစ်သည်။ ချင်နိုင်ငံက ကျင်နိုင်ငံသုံးခုအနက် နှစ်နိုင်ငံကို ချေမှုန်းပြီး ၎င်းတို့ထဲတွင် ကျောက်နိုင်ငံက အင်အားအကြီးဆုံး ဖြစ်သည်။

ချူနိုင်ငံတစ်ခုတည်းသာ ကျောက်နိုင်ငံနှင့် ယှဉ်နိုင်သော စွမ်းအားရှိပြီး သူတို့၏ နိုင်ငံအင်အားမှာ တစ်တန်းတည်းရှိသည်ဟု ဆိုနိုင်သည်။

ရင်ကျန့်က မြို့ရိုးပေါ်တွင် လက်နောက်ပစ်၍ ရပ်နေပြီး အောက်သို့ မဆင်းသေးပေ။ သူက ဟန်တန်မြို့အား သူ၏ ခြေထောက်အောက်တွင် ထားရှိရသည့် ခံစားချက်ကို အလွန်သဘောကျနေသည်။

" မြို့ထဲက အစီရင်ခံစာ ရောက်လာပါတယ်။ စစ်သူကြီးကျောက်ဖုန်းက ကျောက်နန်းတော်ကို သိမ်းပိုက်ပြီး အခု နန်းတော်တစ်ခုလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပါပြီ။ " ကိုယ်ရံတော်တပ်မှူးက စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံလိုက်သည်။

" ကျောက်ယန်ကို ဖမ်းမိပြီလား။ " ရင်ကျန့်က ချက်ချင်း မေးလိုက်သည်။

" စစ်သူကြီးကျောက်က နန်းတော်ကို တိုက်ခိုက်တဲ့အချိန်မှာ ကျောက်ဘုရင်က သတင်းကြားပြီး သူ့ရဲ့ ဝန်ကြီးတွေနဲ့အတူ ထွက်ပြေးသွားပါတယ်။ ဒါပေမယ့် စစ်သူကြီးကျောက်က သူ့ရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး လိုက်လံဖမ်းဆီးနေပါတယ်။ " ကိုယ်ရံတော်တပ်မှူးက အစီရင်ခံလိုက်သည်။

" ကျောက်ယန်..." ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " ဒီလောက်နှစ်တွေကြာတာတောင် သူက အရင်လိုပဲ ကြောက်တတ်ပြီး အသုံးမကျသေးဘူး။ "

" အရှင်မင်းကြီး စိတ်လျော့ပါ။ ကျောက်ဖုန်းက ကျောက်ဘုရင်ကို သေချာပေါက် ဖမ်းဆီးပြီး ပြန်ခေါ်လာပါလိမ့်မယ်။ " ဝမ်ကျန့်က သူ၏ သမက်အပေါ် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

ရင်ကျန့်က ပြုံးပြီး ရုတ်တရက် ဝမ်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

" ဝန်ကြီးဝမ် ပြောစမ်းပါဦး။ ကျောက်ကို ဖျက်ဆီးပြီးရင် ကျောက်ဖုန်းကို ငါဘယ်လိုဆုလာဘ်ပေးသင့်လဲ။ "

၎င်းကို ကြားသောအခါ ဝမ်ကျန့်က တုန်လှုပ်သွားပြီး လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ " ဒါကတော့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်မျိုး မပြောဝံ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်မျိုးက ချင်ရဲ့ စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်ပေမယ့် ကျောက်ဖုန်းရဲ့ ယောက္ခမလည်း ဖြစ်နေပါတယ်။ ဒီကိစ္စကို အကြံပြုဖို့က ကျွန်တော်မျိုးအတွက် မသင့်တော်ပါဘူး။ "

ချင်နန်းတွင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သောကြောင့် ဝမ်ကျန့်က စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်သော်လည်း အလွန်သတိကြီးသူဖြစ်သည်။ မည်သည့်အချိန်တွင် စကားပြောရမည်၊ မည်သည့်အချိန်တွင် နှုတ်ဆိတ်နေရမည်ကို အတိအကျသိသည်။

ယခုအချိန်တွင် ရင်ကျန့်၏ စကားများအရ ကျောက်ဖုန်းကို ရာထူးတိုးပေးရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။ ကျောက်ဖုန်းသာ ရာထူးနောက်တစ်ဆင့်တိုးသွားလျှင် သူနှင့် ရာထူးတူသော စစ်သေနာပတိချုပ် ဖြစ်လာမည်ဖြစ်သည်။ ထို့နောက် ကျောက်ဖုန်းက တစ်လောကလုံးတွင် အငယ်ဆုံး စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

ဝမ်ကျန့်၏ တုန့်ပြန်မှုကို မြင်သောအခါ ရင်ကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။

" တကယ်လို့ သူက ကျောက်ယန်ကို ဖမ်းဆီးနိုင်ခဲ့ရင် စစ်ရေးစွမ်းဆောင်မှုဥပဒေအရ ငါသူ့ကို ချင်မှာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အများဆုံးရတဲ့ စစ်သေနာပတိချုပ် ဖြစ်စေရမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်အရဆို ဒါက နှစ်ဆပိုပြီး ဖြစ်သင့်တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုစကားများက သူ၏ သဘောထားကို ရှင်းလင်းသွားစေသည်။ ဝမ်ကျန်က စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူက ထိုသို့ထင်မှတ်ခဲ့သော်လည်း ရင်ကျန့်က ဆုံးဖြတ်ချက် ချပြီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အကယ်၍ ဤသို့ ဖြစ်လာခဲ့လျှင် ဝမ်မိသားစုက ဂုဏ်သိက္ခာအရှိဆုံး မိသားစုဖြစ်လာပေလိမ့်မည်။ သူကိုယ်တိုင်က စစ်သေနာပတိချုပ်ဖြစ်ရုံသာမက သူ၏ သမက်ကလည်း ဖြစ်လာပေလိမ့်မည်။

" ဒါပေမယ့် အရှင်မင်းကြီး ကျောက်ဖုန်းက အသက် ၁၉နှစ်ပဲ ရှိပါသေးတယ်။ " ဝမ်ကျန့်က တွေဝေစွာဖြင့် ပြောလိုက်သည်။ " သူက ဝါရင့်မှုမရှိသေးပါဘူး။ ဒါ့အပြင် သူ့ရဲ့ ရာထူးတိုးမှုက ချင်နိုင်ငံတစ်ခုလုံးမှာ ​အမြန်ဆုံး ဖြစ်နေပါတယ်။ တကယ်လို့ သူ့ကို ရာထူးထပ်တိုးပေးလိုက်ရင် နန်းတွင်မှာ ကန့်ကွက်မယ့်သူတွေ အများကြီး ရှိလာမှာသေချာတယ်။ ပြီးတော့ ရာထူးတက်ဖို့ စောင့်နေကြတဲ့ စစ်သူကြီးတွေ အများကြီး ရှိနေပါတယ်။ "

" စစ်သေနာပတိချုပ် မင်း ဒါကို မှတ်ထားရမယ်။ ချင်ဆိုတာ ငါ့ရဲ့ နယ်မြေပဲ။ ပြီးတော့ စစ်ရေးစွမ်းဆောင်မှုစနစ်က ငါတို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါက ကျောက်ဖုန်းမဟုတ်ရင်တောင် လုံလောက်တဲ့ စွမ်းဆောင်မှုရှိတဲ့ ဘယ်သူမဆို ငါ ဆုလာဘ်ပေးမှာပဲ။ "

" ကျောက်ကို ဖျက်ဆီးခဲ့တဲ့ ဒီစစ်ဆင်ရေးမှာ ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုကို ဘယ်သူက နှိုင်းယှဉ်နိုင်မှာလဲ။ သူက ဝါရင့်မှုမရှိတာနဲ့ အသက်ငယ်လွန်းတာ မှန်ပေမယ့် သူက ဒီဆုလာဘ်တွေနဲ့ ထိုက်တန်တယ်။ သူက ကျောက်ယန်ကို ဖမ်းနိုင်ရင် သူ့ရဲ့ စွမ်းဆောင်မှုတွေအတွက် အပြည့်အဝ ဆုချီးမြှင့်ခံရမယ်။ သူ ရှန်းယန်မြို့ကို ပြန်ရောက်တဲ့အခါ ငါကိုယ်တိုင် သူ့ကို စစ်သေနာပတိချုပ်အဖြစ် ချီးမြှင့်မယ်။ " ရင်ကျန့်က ပြတ်သားစွာဖြင့် ပြောလိုက်သည်။

၎င်းကို မြင်သောအခါ ရင်ကျန့်က ဆုံးဖြတ်ချက်ချပြီးသည်ကို ဝမ်ကျန့်က နားလည်သွားသည်။ ထိုဆုံးဖြတ်ချက်ကို ခိုင်မာစေသူမှာ ကျောက်ယန်ပင်ဖြစ်သည်။ ရင်ကျန့်ပြောသကဲ့သို့ ၎င်းက ဥပဒေနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စနှစ်ခုလုံး ပါဝင်နေသည်။

ကျောက်ဖုန်းက ကျောက်ယန်ကို ဖမ်းမိခဲ့လျှင် ဘုရင်တစ်ပါးကို ဖမ်းဆီးနိုင်သည့် စွမ်းဆောင်မှုကို ရရှိမည်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ ကျောက်ယန်က ရင်ကျန့်၏ ဆရာဖြစ်သူကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ ကျောက်ယန်က ရင်ကျန့်ကို ငယ်စဉ်ကတည်းက နှိပ်စက်ခဲ့သောကြောင့် ရင်ကျန့်က မုန်းတီးနေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ရင်ကျန့်အတွက်မူ ကျောက်ယန်အပေါ် အကြီးမားဆုံး အမုန်းတရားမှာ သူ၏ ဆရာကို သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်သည်။

" ကျွန်တော်မျိုးနားလည်ပါပြီ။ " ဝမ်ကျန့်က ရိုသေစွာဖြင့် ပြန်ဖြေလိုက်သည်။

" တစ်ရက်အတွင်းမှာ မြို့တစ်ခုလုံး ငြိမ်သက်သွားလိမ့်မယ်ထင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မြို့ထဲက ကျောက်စစ်သည်တွေကို တစ်ရက်အတွင်း သေချာပေါက် ချေမှုန်းနိုင်မှာပါ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ငါ နားဖို့အတွက် နေရာတစ်ခု စီစဉ်လိုက်ပါ။ ငါ မနက်ဖြန်ကျရင် မြို့ထဲကို ဝင်မယ်။ " ရင်ကျန့်က ညွှန်ကြားလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

ဟန်တန်မြို့၏ မြောက်ဘက်တွင်။

" စစ်သူကြီး ကျွန်တော်တို့ ဆက်မသွားနိုင်ပါဘူး။ ခဏလောက်နားလို့ရမလား။ "

" ဟုတ်ပါတယ်။ ကျွန်တော်တို့ကို အပြစ်ပေးချင်ရင်တောင် ခဏလောက် နားခွင့်ပေးပါ။ ကျွန်တော်တို့ မောလို့သေပါတော့မယ်။ "

" ကျွန်တော်တို့ကို နားခွင့်ပေးပါ။ "

ယခုအချိန်က မွန်းတည့်ချိန်သို့ နီးကပ်နေပြီဖြစ်သည်။ ကျောက်ဖုန်းက သူတို့ကို လေးနာရီနီးပါး ခေါ်ဆောင်လာခြင်းဖြစ်သည်။ ထွက်ပြေးချိန်တွင် သူတို့က အသည်းအသန် အသက်လုပြေးခဲ့ကြသော်လည်း ယခုအချိန်တွင် တတ်နိုင်သမျှ အချိန်ဆွဲချင်နေကြသည်။

All Chapters