← Chapters

အခန်း (၂၀၉)

Vol. 21 Ch. 209

အခန်း (၂၀၉)

Vol. 21 Ch. 209

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၉)

လုံထိုင်နန်းတော်အတွင်း ရင်ကျန့်က သူ၏ ရှေ့မှ ကျောက်နိုင်ငံ၏ ပလ္လင်ကို စိုက်ကြည့်နေသည်။ သူက လှေကားထစ်များအတိုင်း တက်သွားသည်။

" ကျောက်ယန် " သူက ပလ္လင်ပေါ်တွင် သူ၏ ရန်သူတော်ကြီး ထိုင်နေသကဲ့သို့ ကြည့်ပြီး ပြောလိုက်သည်။ " ငါရောက်လာပြီ။ "

" အရှင်မင်းကြီး " တုဆွေနှင့် ကျန်းဟန်တို့က ဦးညွှတ်ပြီး အစီရင်ခံလိုက်ကြသည်။ " ဒီတိုက်ပွဲမှာ ကျွန်တော်တို့ စစ်တပ်က ကျောက်အရာရှိ သုံးဆယ်ကျော်ကို ဖမ်းမိထားပြီး အခု သူတို့အားလုံးကို အကျဉ်းချထားပါတယ်။ ကျောက်နန်းတော်ကလည်း ကျွန်တော်မျိုးတို့ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝ ရောက်သွားပါပြီ။ "

" တုဆွေ " ရင်ကျန့်က သူ့ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ " မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ အဲ့ဒတုန်းက ယုံမြို့က ထွက်သွားတာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ "

" ဒါတွေက အရှင်မင်းကြီးရဲ့ ကျေးဇူးကြောင့်ပါ။ မဟုတ်ရင် ကျွန်တော်မျိုး ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။ " တုဆွေက ရိုသေစွာ ပြောလိုက်သည်။

" အစီရင်ခံပါတယ်။ ဟန်တန်မြို့ရဲ့ မြောက်ဘက်က စစ်သူကြီးကျောက်ဆီက အရေးပေါ်သတင်းစကား ရောက်လာပါတယ်။ " သတင်းပို့သူတစ်ယောက်က ပြေးဝင်လာပြီး ပြောလိုက်သည်။

" ကျောက်ဖုန်းဆီက အရေးပေါ် အစီရင်ခံစာလား။ " ရင်ကျန့်က ဘာမှမပြောမီ ဝမ်ကျန့်က ချက်ချင်း ထပြောလိုက်သည်။ " ပြောစမ်း။ "

" စစ်သူကြီးကျောက်က သူ့ရဲ့ ကိုယ်ရံတော်တွေကို ဦးဆောင်ပြီး ကျောက်ဝန်ကြီးတွေကို ဖမ်းဆီနိုင်ခဲ့သလို တော်ဝင်အစောင့် တစ်ထောင်ကိုလည်း ချေမှုန်းနိုင်ခဲ့ပါတယ်။ အခု သူပြန်လာနေပါပြီ။ " သတင်းပို့သူက ကျယ်လောင်စွာ ပြောလိုက်သည်။

" ကောင်းတယ်။ " ၎င်းကို ကြားသောအခါ ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ဝမ်ကျန့်က ဝမ်းသာသွားသည်။ ကျောက်ဖုန်းက တော်ဝင်အစောင့်များကို သုတ်သင်လိုက်ပြီဟုဆိုသောကြောင့် သူက ကျောက်ယန်ကို ဖမ်းဆီးလာပြီဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် ရင်ကျန့်၏ ကတိအတိုင်း ကျောက်ဖုန်းက စစ်သေနာပတိချုပ် ဖြစ်လာတော့မည်ဖြစ်သည်။ သူ၏ သမက်က စစ်သေနာပတိချုပ်ဖြစ်တော့မည်ဖြစ်သောကြောင့် ဝမ်ကျန့်က အလွန်ဝမ်းသာနေသည်။

" ကျောက်ဘုရင်ကို ဖမ်းမိတဲ့အတွက် အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " ဝမ်ကျန့်က ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ " တုဆွေနှင့် အခြားသူများကလည်း ပြောလိုက်ကြသည်။

ရင်ကျန့်က ပြုံးပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ ယခုအချိန်တွင် သူကိုယ်တိုင်လည်း သူ၏ ပျော်ရွှင်မှုကို မနည်းဖုံးကွယ်ထားရသည်။

" ကျောက်ဖုန်း " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ချင်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ စစ်သူကြီး ချင်ရဲ့ ကောင်းချီးတစ်ပါးပဲ။ "

တုဆွေနှင့် ကျန်းဟန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူတို့၏ မျက်နှာများတွင် ဝမ်းသာမှုများနှင့် ပြည့်နှက်နေသည်။ သူတို့က ကျောက်ဖုန်း၏ သစ္စာခံများဖြစ်ကြသည်။

" ဒါနဲ့ ပက်သက်ပြီး ငါတကယ်ပဲ သိချင်မိတယ်။ " ရင်ကျန့်က ပြုံး၍ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ " ကျောက်ဖုန်းက တကယ်ပဲ ဘယ်လိုလူမျိုးလဲ။ မင်းတို့က သူ့နောက်က စစ်ပွဲတွေမှာ လိုက်ပါခဲ့ကြတာဆိုတော့ ငါ့ကို ပြောပြနိုင်မလား။ "

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ " တုဆွေက လေးနက်စွာ ပြောလိုက်သည်။ " ကျွန်တော်မျိုးက စစ်သူကြီးအကြောင်းကို အဆင်အခြင်မဲ့ မပြောဝံ့ပါဘူး။ ဒါပေမယ့် သူ့လက်အောက်က စစ်သည်အားလုံးကတော့ အချက်တစ်ချက်ကို ကောင်းကောင်းသိကြပါတယ်။ "

" ပြောစမ်းပါဦး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးရဲ့ နောက်ကို လိုက်မယ်ဆိုရင် ကျွန်တော်မျိုးတို့က တိုက်ပွဲတိုင်းမှာ အောင်မြင်ရပါလိမ့်မယ်။ " တုဆွေက လေးနက်စွာ ပြောလိုက်သည်။ " စစ်သူကြီး တပ်မှူးအဆင့်မှာပဲ ရှိနေတုန်းက စစ်သည်တစ်သောင်းလုံးက သူ့အပေါ် သစ္စာရှိခဲ့ကြတယ်။ သူ လက်ထောက်စစ်သူကြီးဖြစ်တော့လည်း စစ်သည်ငါးသောင်းလုံးက သူ့အပေါ် သစ္စာရှိခဲ့ကြတယ်။ အခု သူက ပင်မစစ်သူကြီးဖြစ်လာတော့လည်း စစ်သည်တစ်သိန်းလုံးက သစ္စာရှိကြပါတယ်။ "

" စစ်သည်အားလုံးရဲ့ မျက်လုံးထဲမှာ စစ်သူကြီးက ကျွန်တော်တို့ စစ်တပ်ရဲ့ စိတ်ဝိညာဉ်ပါပဲ။ " ကျန်းဟန်က လေးစားမှုများဖြင့် ပြောလိုက်သည်။

" စစ်တပ်ရဲ့ စိတ်ဝိညာဉ်ဟုတ်လား။ " ရင်ကျန့်၏ အမူအရာက လေးနက်သွားသည်။

ဘုရင်တစ်ပါးအတွက် အဓိကလုပ်ဆောင်ရမည့်အရာမှာ နိုင်ငံကို အုပ်ချုပ်ခြင်း၊ ဝန်ကြီးများကို စီမံခန့်ခွဲခြင်း၊ နိုင်ငံအင်အားကို တောင့်တင်းစေခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတို့ဖြင့် တစ်နိုင်ငံလုံးက ချီးကျူးရသော ပညာရှိဘုရင်တစ်ပါး ဖြစ်လာရန် ဖြစ်သည်။

စစ်သူကြီးတစ်ယောက်အတွက် စိတ်ဝိညာဉ်ရှိသော စစ်တပ်တစ်ခုကို လေ့ကျင့်ပေးနိုင်ရန်မှာ အလွန်တစ်ရာရှားပါးလှသည်။ ယခု တုဆွေနှင့် ကျန်းဟန်တို့၏ စကားများမှတစ်ဆင့် ရင်ကျန့်က လူတစ်ယောက်၏ ကြိုးစားမှုဖြင့် တည်ဆောက်ထားသော စိတ်ဝိညာဉ်ရှိသည့် စစ်တပ်တစ်ခုကို အမှန်တကယ် မြင်ယောင်လာသည်။

ကျောက်ဖုန်းက စစ်တပ်၏ စိတ်ဝိညာဉ် ဖြစ်နေသည်။ ယခင်ဝူအန်းနယ်စားပင် သူနှင့်ယှဉ်လျှင် အရောင်မှိန်သွားရသည်။ ထိုကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်မျိုးက ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရန် ထိုက်တန်ပေသည်။

" စစ်သေနာပတိချုပ်က ဒီလိုသမက်မျိုးရှိနေတာ ဝမ်မိသားစုက လူရွေးတော်တယ်လို့ ပြောရမှာပဲ။ " ရင်ကျန့်က ဝမ်ကျန့်ကို ပြုံးပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက ကျွန်တော်မျိုးကို မြှောက်ပင့်လွန်းနေပါပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြန်ပြောလိုက်သည်။ " ဒါက ကျွန်တော်မျိုးရဲ့ သမီးနဲ့ ကျောက်ဖုန်းတို့ကို ဆုံစည်းစေခဲ့တဲ့ ကံကြမ္မာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ "

" ကျောက်နိုင်ငံကို အပြည့်အဝ ချေမှုန်းပြီးရင် ကျောက်ဖုန်းနဲ့ စစ်သေနာပတိချုပ်ရဲ့ သမီးတို့ရဲ့ မင်္ဂလာပွဲကို ငါကိုယ်တိုင် ဦးစီးကျင်းပပေးမယ်။ ဒါဟာ ငါတို့ ချင်စစ်တပ်အတွင်းမှာ တကယ်ကို ကောင်းမွန်တဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဒါနဲ့ အရှင်မင်းကြီး " ဝမ်ကျန့်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူက ရှေ့သို့တိုးက သေတ္တာတစ်လုံးကို ယူပြီး ဖွင့်ပြလိုက်သည်။

" ကျောက်နိုင်ငံရဲ့ တော်ဝင်တံဆိပ်တော်ပဲ။ " ရင်​ကျန့်က အေးစက်စွာ ကယ်လိုက်သည်။ " ထွက်ပြေးတဲ့အချိန်မှာ ကျောက်ယန်က ဒါကိုတောင် မေ့ထားခဲ့တယ်ပေါ့။ တကယ်ကို ရယ်စရာကောင်းတာပဲ။ "

" ရန်ရှောင် " ရင်ကျန့်က ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " ရန်ရှောင်က ရှေ့သို့ တက်လာပြီး ဝမ်ကျန့်၏ လက်ထဲမှ တံဆိပ်ကို ယူပါ သိမ်းဆည်းလိုက်သည်။

တော်ဝင်တံဆိပ်တော်က ဘုရင်၏ အာဏာစက်ကို ဖော်ပြသော သင်္ကေတဖြစ်သည်။ ယခုအခါ ၎င်းက ကျဆုံးသွားသော ကျောက်နိုင်ငံ၏ အကြွင်းအကျန်တစ်ခု ဖြစ်သွားသဖြင့် ချင်၏ လက်အောက်သို့ ရောက်ရှိလာမည်ဖြစ်သည်။

အတိတ်တွင် ဟန်နိုင်ငံကို ချေမှုန်းပြီးနောက် ဟန်ဘုရင်၏ တံဆိပ်တော်ကိုလည်း တော်ဝင်ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားခဲ့သည်။ ကျောက်နိုင်ငံ၏ တံဆိပ်ကလည်း ခြွင်းချက်မရှိပေ။ အနာဂတ်တွင် ထိုတော်ဝင်တံဆိပ်များက ရင်ကျန့်၏ နယ်မြေများကို စုစည်းညီညွှတ်စေခဲ့မှု၏ သက်သေများပင်ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ကလည်း ခန်းမအတွင်းသို့ ဝင်လာကြသည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " စစ်သူကြီးနှစ်ယော​က်က ဦးညွှတ်ပြီး ပြောလိုက်ကြသည်။

" စစ်သူကြီးတို့နှစ်ယောက်လုံး ပင်ပန်းသွားကြပြီ။ ထကြပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ "

" မြို့ထဲက အခြေအနေတွေကို ငါ့ကို ပြောပြပါဦး။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ "ဝမ်ပင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ " ဟန်တန်မြို့ထဲက တိုက်ပွဲကတော့ အဆုံးသတ်သွားပါပြီ။ မြို့ထဲမှာ ကျန်နေတဲ့ ကျောက်စစ်သည်တွေက ကျွန်တော်မျိုးတို့ စစ်တပ်ကို လက်နက်ချခဲ့ပြီး အခုသူတို့ကို မြို့ပြင်မှာ အစောင့်အကြပ်တွေနဲ့ ထိန်းသိမ်းထားပါတယ်။ "

" ဒါပေမယ့် အချို့က ဖရိုဖရဲဖြစ်နေတုန်း ထွက်ပြေးသွားကြပြီး အချို့က ပြည်သူတွေရဲ့ အိမ်ထဲမှာ ပုန်းအောင်းနေကြပါတယ်။ သူတို့ကိုတော့ သေချာစစ်ဆေးဖော်ထုတ်ပြီး ရှင်းလင်းရဦးမှာပါ။ ကျွန်တော်မျိုးတို့ရဲ့ စစ်သည်တွေကို အိမ်တိုင်းစေ့ရှာဖွေခိုင်းပြီး တွေ့တာနဲ့ ချက်ချင်း သတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်။ " ဝမ်ပင်းက ပြောလိုက်သည်။

" ဒါ့အပြင် " ယန်တွမ်ဟီက ချက်ချင်း ထပ်ပြောလိုက်သည်။ " ရောဂါတွေ မပြန့်ပွားအောင် မြို့ထဲက အလောင်းတွေကို ရှင်းလင်းဖို့ ထောက်ပို့တပ်ဖွဲ့ကို အရေး​ြော်တာဝန်ပေးထားပါတယ်။ "

" ဟန်တန်ကို တိုက်ခိုက်တဲ့နေရာမှာ လန်ထျန်းစခန်းက စစ်သည်တွေက နားချိန်တောင်မရခဲ့ကြဘူး။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " သူတို့ကို အလှည့်ကျနားနိုင်အောင် စီစဉ်ပေးလိုက်။ သူတို့အားလုံး အများကြီး ကြိုးစားခဲ့ကြတယ်။ "

" အရှင်မင်းကြီးက ပညာရှိလှပါတယ်။ " ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က မြို့အတွင်းမှ အခြေအနေများကို ဆက်လက်အစီရင်ခံလိုက်ကြသည်။ အချိန်မည်မျှကြာသွားသည်မသိ အသံတစ်ခု ထွက်ပေါ်လာသည်။

" အစီရင်ခံပါတယ်။ " ဝမ်ကျန့်၏ ကိုယ်ရံတော်တပ်မှူးက လျင်မြန်စွာ ​ပြေးဝင်လာသည်။

" စစ်သူကြီးကျောက်ဖုန်းက သူရဲ့ ကိုယ်ရံတော်တွေနဲ့အတူ ပြန်ရောက်လာပါပြီ။ ထွက်​ပြေးသွားတဲ့ ကျောက်ဝန်ကြီးတွေကိုလည်း ဖမ်းခေါ်လာပါတယ်။ သူတို့ အခု နန်းတော်ရင်ပြင်ထဲကို ဝင်လာကြပါပြီ။ "

" ကျောက်ယန် " ရင်ကျန့်က ထိုနာမည်ကို ရေရွတ်လိုက်ပြီး ခန်းမအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားသည်။

ဟန်တန်မြို့မှ ထွက်ပြေးသွားသော ကျောက်ဝန်ကြီးများနှင့် အရာရှိများက လုံထိုင်နန်းတော်ရှေ့ရှိ ရင်ပြင်တွင် စုဝေးနေကြသည်။ ထိုလူအားလုံးက တစ်ချိန်က အရာရှိအရာခံများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ သူတို့အားလုံးက အကျဉ်းသားများဖြစ်နေကြပြီဖြစ်သည်။

ကောခိုင်၏ လှည့်စားမှုကို မခံရဘဲ ချင်စစ်တပ်၏ တိုက်ခိုက်မှုသတင်းကို ရရှိခဲ့လျှက် သူတို့က ထွက်ပြေးရန် အချိန်အလုံအလောက်ရှိခဲ့ပေလိမ့်မည်။ သို့သော် ယခုမူ အရာအားလုံးနောက်ကျသွားခဲ့ပြီဖြစ်သည်။ ကောခိုင်က သစ္စာဖောက်လိမ့်မည်ဟု သူတို့က မတွေးမိကြသေးပေ။

All Chapters