အပြင်လောကသို့ အလည်ထွက်ခြင်း
Vol. 9 Ch. 117
"ဟန်တောင်တန်း မြို့တော်ကို ခရီးလေး တစ်ထောက်ထွက်ဖို့ အချိန်ကျပြီ"
ထိုတစ်မနက်ခင်းတွင် တရားရှုမှတ်ရာမှ စုမင် ထရပ်လိုက်သည်။ တစ်ညလုံး အတွေးများ ခဲ့ရသောကြောင့် မျက်နှာတွင် ရှုပ်ထွေးမှု ပေါင်းစုံထင်ဟပ် နေသော်လည်း သူ့ရင်ထဲတွင် ဆုံးဖြတ်ချက်ချပြီး ဖြစ်လေသည်။
ဆေးလုံးများအား အိတ်ကလေး ထဲစုထည့်ကာ ဂူအား လှည့်ပတ်ကြည့်ရှုသည်။ စုမင် သည်နေရာတွင် နှစ်နှစ်တာကာလ နေထိုင်ခဲ့ပြီး ထွက်သွားဖို့ ရည်ရွယ်ချက်လည်း မရှိသေးပါ။ သည်နေရာနှင့် ရင်းနှီးနေပြီး ဖြစ်ပြီး ကျင့်ကြံခြင်း ပြုလုပ်ရန် ကောင်းသောနေ ရာလည်းဖြစ်သည်။
"ဖန်းမုပြောတဲ့ ဒီအနီးအနား ဝန်းကျင်အကြောင်း တော်တော်များများက တိကျလောက်ပါတယ်။ ဒါပေမဲ့ ငါကိုယ်တိုင် ကြည့်ဖို့လိုတယ်။ အထူးသဖြင့် ပုချန့်မျိုးနွယ်စုပေါ့ ပြီးတော့ တောင်ပိုင်း အရုဏ်ဦးတိုင်းပြည်က အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီး ကိုသွားဖို့ဆိုရင် ဟန်တောင်တန်းမြို့တော်က မဖြတ်မဖြစ် လမ်းကြောင်းပေါ်မှာ ရှိနေတော့ အနောက်ဘက် မဟာမိတ် နယ်မြေဒေသကို သွားတဲ့မြေပုံလေး ဘာလေး ရှာတွေ့ရင်လည်း တွေ့မှာ"
စုမင်မျက်လုံးတို့ လင်းခနဲ ဖြာသွားသည်။ ဂူထဲမှ ထွက်လာကာ အပြင်တွင်ရပ်သည်။ လေထုက စိုစွတ်နေ၏။ မိုးရာသီတစ်ဖန် ပြန်ရောက်နေပြီး ထိုရာသီကား လွန်ခဲ့သည့် နှစ်နှစ် စုမင် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က ကြိုဆိုခဲ့သော ဦးဆုံး ရာသီလည်းဖြစ်သည်။
ရင်ဘတ်ထဲမှ စုတ်ပြဲနေတဲ့ အိတ်အား ထိလိုက်သည်။ ဒီပစ္စည်းလည်း လွန်ခဲ့သည့် နှစ်နှစ်ကတည်းက အခုထိ နည်းနည်းမျှ ပြောင်းလဲသွားခြင်း မရှိပေ။ အထဲက စုတ်ပြဲနေသည့် အပိုင်းများလည်း တိုးပွားမလာရာ စုမင်အား စိတ်သက်သာရာ ရစေခဲ့သည်။
အိတ်ထဲတွင် ဆေးလုံးများ ထည့်ထားသည် သာမက ပြီးခဲ့သည့် နှစ်နှစ်အတွင်း အမဲလိုက်ခဲ့သည့် သားရဲတို့၏ သားမွေးများ၊ အရိုးများလည်း ပါဝင်သည်။ ဖန်းမုပြောပြသော အချက်အလက်များ အရ တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်ရှိ မျိုးနွယ်စုများနှင့် အနောက်ဘက် မဟာမိတ်နယ်မြေ ဒေသတို့မှာ မတူကွဲပြား ခြားနားကြသည်ဟု စုမင်အား နားလည်မှတ်ချက် ချမိစေ၏။ သူတို့သည်လည်း ဆေးမြစ်ဆေးပင်များ လိုအပ်သော်ငြား သူတို့ ပိုမက်မောသည်က သားရဲရိုင်းများ ထံမှ ရယူထားသော အရာများ ဖြစ်သည်တဲ့။
ဥပမာဆိုရလျှင် ဖန်းမုနှင့် စုမင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူနှင့်သူ့ မျိုးနွယ်ဝင်များက ဆေးဝါးဖော်စပ်ရန် အလို့ငှာ အဆိပ်အိတ်နှင့် အရိုးများရယူရန် မြွေတစ်ကောင်အား အမဲလိုက် နေခဲ့ကြခြင်း ဖြစ်၏။
လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ပြီးသည်နှင့် တောက်ခြေရှိ မိုးသစ်တောအား ရှေးရှု၍ ဆင်းသက်လာခဲ့သည်။
ညနက်လာသောအခါ ပထမဆုံး အကြိမ်အဖြစ် စုမင်သည် မိုးသစ်တော နယ်နိမိတ်အတွင်းမှ ထွက်ခွာခဲ့သည်။ သူက ကောင်းကင်ကဲ့သို့ ပြာလွင့်သည့် အရောင်အား ဝတ်ဆင်ထားခဲ့သည်။ သူ၏ အနက်ရောင် ဆံနွယ်ရှည်များက လေပြည်နှင့်အတူ ကခုန်နေကြ၏။ သူ့ရှေ့တူရှုတွင်ကား အဆုံးမဲ့ ကျယ်ပြောသော မြက်ခင်းပြင် မြေပြန့်ကျယ် ဖြစ်ချေသည်။
စုမင်သည် ခေါင်းကိုငုံ့ကာ အကြည့်လွှဲပြီးမှ ရှေ့ဆက်သွားသည်။ ကောင်းကင်နှင့် မြေပြင်တို့မှာ ကြီးမားပြီး သူ့အပြင် မည်သူမျှ ရှိမနေပါ။ အမှန်စင်စစ်တွင် မိုးသစ်တောအတွင်းသို့ လူသူအရောက် အပေါက်နည်းလှသည်။ အချို့လာ တတ်ကြသော်လည်း ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းတို့ လာရောက် စုဆောင်းကြ ရုံသာဖြစ်၏။
လမင်းက ကောင်းကင်ထက်တွင် တွဲလွဲခိုလျက် မြေပြင်ပေါ်သို့ လရောင်ဖြာကျနေ၏။ စုမင် တိတ်ဆိတ်စွာ ရှေ့ဆက်နေခဲ့သည်။ လျှပ်စီးကြောင်း တစ်ခု ဖြတ်ပြေးသည့်နှယ် မြန်ဆန် လှလေသည်။ သို့သော်ငြား ထိုလျှပ်စီးကြောင်းက ကောင်းကင်ထိ မြင့်တက်မသွားဘဲ မြေပြင်နှင့်အနီး လျှပ်တိုက် ခရီးနှင်နေခဲ့သည်။
"ဖန်းမု တစ်ခါပြောဖူး တာတော့ ဒီဦးတည်ရာ အတိုင်း ဆယ်ရက်တိတိ သွားဖို့ လိုတယ်တဲ့"
ဟန်တောင်တန်း မြို့တော်၏ တည်နေရာအား ဖန်းမုထံမှ သိရှိထားသည်မှာ ကြာမြင့်လှပြီ။ မြို့၏ အသေးစိတ် အချက်အလက်များပင် သိရှိနေသေးဟ။
"မျိုးနွယ်စုသုံးခု အုပ်ချုပ်တဲ့နေရာမို့ အဲဒါက အလွန်လူ စည်ကားတဲ့မြို့ပဲ။ အဲဒါကြောင့်ပဲ အချက်အချာ ကျတဲ့နေရာ ဖြစ်နေပြီး အစွမ်းထက်မာန် စွမ်းအားရှင်တွေ အများကြီးရှိတယ်။ မျိုးနွယ်စုသုံးခု ကတော့ သူတို့ကို အမြဲလိုလို လုပ်ပိုင်ခွင့် ပေးထားလေ့ရှိ ကြပြီး တစ်ခါတလေကျ အချို့အစွမ်းထက် မာန်စွမ်းအားရှင် တွေကို ရွေးပြီး စည်းစိမ်လက်ဆောင် တွေပေးလို့ သူတို့ဆီမှာ ဧည့်သည်လုပ်ဖို့ ဖိတ်ကြတယ်"
စုမင်မျက်လုံးများ လက်သွားကာ အရှိန်နှုန်း တိုးမြှင့်လိုက်ပြန်သည်။
တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်အား အများအားဖြင့် တောင်စဉ်တောင်တန်း များဖြင့် တည်ဆောက်ထားသည်။ တောင်တန်းများ ဆယ်ထောင်ချီ၍ တည်ရှိသောကြောင့် ဟောသည့် ကျယ်ပြောသည့် တိုင်းပြည်အား တောင်စဉ်တောင်တန်းတို့ ၏ နယ်မြေဟု ခေါ်ဆိုခြင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။
ဤနေရာရှိ မျိုးနွယ်စု များအား တောင်ပတ်လည်တွင် တည်ဆောက်ထားပုံက အနောက်ဘက် မဟာမိတ် နယ်မြေဒေသနှင့် လုံးဝကွဲပြား ခြားနားသော ပုံစံဖြစ်သည်။
တောင်ပိုင်းအရုဏ်ဦး တိုင်းပြည်တွင် မျိုးနွယ်စု အများအပြား နေထိုင်ကြရာ ထူးခြားဆန်းပြားသည့် မာန်ပညာရပ် အမျိုးမျိုးလည်း ရှိသည်။ အစွမ်းထက် မာန်စွမ်းအားရှင် တို့လည်း အများအပြား ရှိသည်။ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီး ၏ ဖြစ်တည်မှု၊ အထူးသဖြင့် အေးခဲကောင်းကင် ကလန်တည်ရှိမှု တို့က တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်အတွက် တောင့်တင်း ခိုင်မာသည့် အခြေခံ အုတ်မြစ်ဖြစ်သည်။
အေးခဲကောင်းကင် ကလန်မှာ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီး၏ ထိန်းချုပ်မှုအောက်တွင် တိတိပပ တည်ရှိသော လျို့ဝှက်နက်နဲသည့် နေရာတစ်ခု ဖြစ်သည်။ ထိုကလန်ကား မျိုးနွယ်စုတစ်ခု မဟုတ်ဘဲ သင်တန်းကျောင်း တစ်ခုဖြစ်သည်။ တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်ရှိ မာန်စွမ်းအားရှင် တစ်ဦးသာ ဖြစ်ပါစေ၊ မည်သည့် မျိုးနွယ်စုဝင် ဖြစ်စေကာမူ အေးခဲကောင်းကင် ကလန်၏ စမ်းသပ်ပွဲအား အောင်မြင်နိုင်ပါက ကလန်အတွင်းသို့ ဝင်ခွင့်ရမည်။
တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်တွင် အေးခဲ ကောင်းကင်ကလန်မှာ အံ့မခန်း အစွမ်း ထက်မြက်ခြင်းကြောင့် နာမည်ကျော်ကြားလှသည်။ ထိုနေရာနှင့် ပတ်သက်၍ ကောလာဟလ များစွာလည်းရှိသည်။ ဒဏ္ဍာရီများအရ လွန်ခဲ့သည့် နှစ်၆၀၀၀ခန့် အကြာက အေးခဲကောင်းကင် မျိုးနွယ်စု အကြီးအကဲက ထိုကလန်အား အပြင်လူတချို့ ၏အကူအညီနှင့် တည်ထောင် ခဲ့သည်တဲ့။
အချိန်ရာသီတို့ ပြောင်းလဲလာသည် နှင့်အမျှ အလယ်အလတ် တန်းစားမျိုးနွယ်စု တစ်ခုမှ တောင်ပိုင်း အရုဏ်ဦးတိုင်းပြည်၏ အင်အား အကြီးမားဆုံးသော မဟာမျိုးနွယ်စု ကြီးနှစ်ခုမှ တစ်ခုဖြစ်လာခဲ့သည်။ ထိုအခါ အေးခဲကောင်းကင် ကလန်၏ အဆင့်အတန်း ဂုဏ်သတင်း သည်လည်းမြင့်မား လာခဲ့သည်။
ပြောကြသည့် အတိုင်းဆိုလျှင် အေးခဲကောင်းကင် ကလန်၌ မာန်စွမ်းအားရှင် တစ်သိန်း ရှိပါသတဲ့။
ထိုကလန်ကား ကနဦးဆုံး အနေဖြင့် တောင်ပိုင်းအရုဏ်ဦး တိုင်းပြည် တစ်ပြည်လုံးရှိ မျိုးနွယ်စု များကြားမှ တားမြစ်ထားချက် များကို ရိုက်ချိုးကာ သူတို့၏ မာန်ပညာရပ်အား တိုင်းသိပြည်သိ ချပြ၍ အလားအလာ ကောင်းရှိသူများအတွက် အစွမ်းထက် မာန်စွမ်းအားရှင် ဖြစ်လာနိုင်ကာ နေရာ တစ်နေရာ ရရှိစေသည့် ကလန်ဖြစ်လာ ခဲ့သည်။
ဒဏ္ဍာရီပုံပြင် တို့အရ အေးခဲကောင်းကင် မျိုးနွယ်စု အနေဖြင့် တောင်ပိုင်း အရုဏ်ဦး နယ်မြေ၌ ဦးစီး ခေါင်းဆောင်ဖြစ်လာ နိုင်ခြင်းမှာ ထိုအေးခဲကောင်းကင် ကလန်ကြောင့် အနီးစပ်ဆုံး ဖြစ်ပါသတဲ့။ ကလန်အကြောင်း ပြောတတ်ကြသည့် ကောလာဟလမှာ ကလန်သည် မျိုးနွယ်စုချင်း၊ ကျင့်ကြံခြင်း နည်းလမ်းချင်း တစ်ခုနှင့်တစ်ခု လွန်စွာကွဲပြား ခြားနားသည့် လျှို့ဝှက်နက်နဲသော အခြားကမ္ဘာ၏ ပုံတူပွား ဖြစ်တည်မှု တစ်ရပ်ဖြစ်ပါသည်တဲ့။
ဒဏ္ဍာရီတို့က ထပ်မံဆိုထားသည်မှာ ထိုသို့ အခြားကမ္ဘာ တစ်ခုတွင် မျိုးနွယ်စုမရှိ၊ သင်တန်းကျောင်း သီးသန့်သာ ရှိသည်တဲ့။
အေးခဲကောင်းကင် ကလန်၏ အောင်မြင်မှုကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း၁၀၀၀ ခန့်မှစ၍ တောင်ပိုင်း အရုဏ်ဦးတိုင်းပြည်၌ ကလန် တည်ထောင်ခြင်းက လွန်စွာ ရေပန်းစားခဲ့သည်။ မျိုးနွယ်စု အများအပြား၊ အထူးသဖြင့် အေးခဲကောင်းကင်နှင့် အဆင့်တူ ရပ်တည်နိုင်သော မျိုးနွယ်စုဖြစ်သည့် အနောက်ပိုင်း ပင်လယ်မျိုးနွယ်စုက ၎င်းအား အတုခိုးခဲ့သည်။ သူတို့က အနောက်ပိုင်း ပင်လယ်ကလန်အား တည်ထောင်ခဲ့ရာ ၎င်း၏ ပေါ်ပေါက်လာမှုကြောင့် ကလန်နှစ်ခုကြား ပဋိပက္ခများ မြင့်တက်ခဲ့သည်။
ထို့အတူပင် မျိုးနွယ်စု ငယ်များမှလွဲ၍ အာဏာရှိသော အလယ်အလတ် တန်းစားမျိုးနွယ်စု များသည်လည်း မဟာမျိုးနွယ်စုကြီး များအား အတုခိုးကာ သူတို့၏ မျိုးနွယ်စုအတွင်း ကိုယ်ပိုင်ကလန်များ တည်ထောင်လာကြသည်။
သို့သော်ငြားလည်း ထိုကလန်များအား ၎င်းတို့မျိုးနွယ်စု၏ မာန်စွမ်းအားရှင်များ အတွက်သာ ဗဟိုပြုတည်ထောင် ကြသည်။ အပြင်လူများအား မနှစ်မြို့မှုကို မစွန့်လွှတ်နိုင်ကြ။ ပညာရပ်တို့၏ တစ်စိတ်တစ်ပိုင်းအား အမွေပေးကြသည် မှာလည်း အနယ်နယ် အရပ်ရပ်ရှိ အစွမ်းထက် မာန်စွမ်းအားရှင် ဧည့်သည်များ လာရောက်စေရန် မျိုးနွယ်စုအင်အား တောင့်တင်းစေရန် အလို့ငှာဖြစ်သည်။
လွန်ခဲ့သည့် နှစ်ဝက်အတွင်း ဖန်းမုနှင့် စကားပြောဆိုရာမှ စုမင်သည် ထိုအရာအားလုံးကို နားလည်လာခဲ့သည်။
တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်၏ ထူးဆန်းမှု များကြောင့် စုမင် မလန့်ဖျပ်ပါ။ စင်စစ်တွင် သူက အနောက်ဘက် မဟာမိတ် နယ်မြေဒေသမှ လာရောက်ခဲ့သော်လည်း ငယ်စဉ်ကတည်းက နက်မှောင်တောင် အနီးအနားဝန်းကျင် ကိုသာရောက်ဖူးခဲ့သည်။ အနောက်ဘက် မဟာမိတ် နယ်မြေဒေသနှင့် ပတ်သက်သည့် ဗဟုသုတ များသည် လက်ရှိ တောင်ပိုင်း အရုဏ်ဦးတိုင်းပြည် ကိုသိရှိ နားလည်ထားသည် တို့လောက် မများပြားပါ။
ဟန်တောင်တန်းမြို့တော်၊ ပို၍တိကျစွာ ပြောရလျှင် သည်ပတ်ဝန်းကျင်တွင် တည်ထောင်ထားသည့် မြို့တော်သည် နှစ်၂၀၀၀ သက်တမ်းရှိသောမြို့ ဖြစ်သော်လည်း နှစ်၄၀၀မျှသာ သက်တမ်းရှိသည့် ပုချန့်၊ အရောင်စုံရေကန်နှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ဖန်းမုပြောပြသည်မှာ သူတို့မျိုးနွယ်စုများ၏ ဝါးပိုးမှတ်စုများတွင် လွန်ခဲ့သည့် နှစ်ပေါင်း၄၀၀ကျော်က ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီး၏ မှတ်တမ်းရှိသည်တဲ့။ ဟန်တောင်တန်း မြို့တော်အား အံ့မခန်း အစွမ်းထက်လှသည့် ဟန်မျိုးနွယ်စုဟု ခေါ်တွင်သည့် အလယ်အလတ် တန်းစားမျိုးနွယ် တစ်ခုက အုပ်ချုပ်ခဲ့သည်။ ၎င်းအင်အား လျော့ပါးလာခဲ့ရာ ၎င်းလက်အောက်မှ မျိုးနွယ်သုံးခုက သိမ်းပိုက်ခဲ့သည်။ ဟန်မျိုးနွယ်စုအတွင်းမှ မျိုးနွယ်ဝင်များ အားလုံးကို သတ်ဖြတ်ပြီးသည်နှင့် ဟန်တောင်တန်း မြို့တော်အား သူတို့၏လက်အောက်သို့ အောင်မြင်စွာ သွတ်သွင်း အုပ်ချုပ်ခဲ့သည်။
ထိုမြို့အား သိမ်းပိုက်လိုရသည့် အကြောင်းရင်းမှာ ထိုမြို့ကိုအုပ်ချုပ်ခွင့် ရသည့် မည်သူမဆို အေးခဲကောင်းကင် ကလန်နှင့် အဆက်အသွယ် လုပ်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဟန်တောင်တန်း မြို့တော်အား သိမ်းပိုက်နိုင်သူက ထိုဒေသ၏ အရှင်သခင်လည်း ဖြစ်သည်။ အုပ်ချုပ်သူ မျိုးနွယ်စုမှာ ဖန်းမုပင် သေချာမသိသည့် အထူး အခွင့်ထူးများကို ခံစားခွင့် ရရှိကြသည်တဲ့။
မျိုးနွယ်စုသုံးခု၏ အင်အားမှာ မတိမ်းမယိမ်း ရှိရာ ဆက်လက်တိုက်ခိုက် နိုင်စွမ်းလည်း မရှိတော့ပြီ။ ဟန်တောင်တန်း မြို့တော်လည်း အုပ်ချုပ်သူ အပြောင်းအလဲနှင့် ထပ်မံရင်ဆိုင် ရမည့်အရေးများမှ လွှဲဖယ်ရန် မျိုးနွယ်စု သုံးခုမှ ခေါင်းဆောင်များမှ သဘောတူ စာချုပ်ချုပ်ဆိုကာ မြို့အား မျိုးနွယ်စု သုံးခုလုံးမှ တစ်ပြိုင်နက်တည်း အုပ်ချုပ်ကြရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် မြို့အား ထိန်းချုပ်ထားသည်က မျိုးနွယ်စုများမှ မဟုတ်ဘဲ ထိုမျိုးနွယ်စုသုံးခုမှ တည်ထောင်ထားသည့် ကလန်များက အုပ်ချုပ်ခြင်းဖြစ်သည်။
ဖန်းမုပြောပြခဲ့သည့် အချက်အလက်တို့က စုမင် စိတ်ထဲသို့ ရောက်ရှိလာသည်။ ရက်အနည်းငယ် လွန်မြောက်ပြီးသော် တောင်ထွက်တစ်ခု အပေါ်တွင် စုမင်ရပ်လျက် ရှိရာ သူနှင့် မနီးမဝေးမှ မြင့်မားသော တောင်တစ်လုံးကို လှမ်းတွေ့ရသည်။ အချိန်ကား နေဝင်ရီတရော ဖြစ်သည်။
သစ်ပင်တို့ ပေါက်ရောက်နေခြင်း မရှိဘဲ မြို့တစ်ခု တည်ဆောက်ထားခြင်း ဖြစ်သည်။ တောင်တစ်ခုလုံးမှာ ကျောက်သားအတိ ဖြစ်သည်။ လေပြည်စီးကြောင်း မျိုးနွယ်စု၏ ရွှံ့မြေကျောက်သား မြို့တော်က ဒါနှင့် ယှဉ်နိုင်စရာ မရှိပေ။ စုမင် ဘဝတစ်လျှောက်လုံး မြင်ဖူးသမျှတွင် အခမ်းနားဆုံး မြို့တော်ကြီးဖြစ်သည်။
စုမင်သည် တောင်ထွတ် ပေါ်တွင်ရပ်လျက် တောင်ပေါ်မြို့တော်အား အတန်ကြာ စိုက်ကြည့်နေပြီးမှ သက်ပြင်းရှည်ကြီး ချလေသည်။ သူ့မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေသည်။ အကြီးအကဲ ငယ်စဉ်က နက်မှောင်တောင်မှ အကြိမ်ကြိမ်အလီလီ ထွက်ခွာ၍ လောကအနှံ့ လှည့်လည် သွားလာခဲ့သည့် အကြောင်းရင်းကို ယခုနားလည်လိုက်သည်။ လောက အစစ်အမှန်အား သိမြင်၍ အတွေ့အကြုံ များပြားသူ တို့မှသာ အမှန်တကယ် အရွယ်ရောက် ကြီးပြင်းသူဟု ဆိုနိုင်သည်။
မဟုတ်လျှင် ခန္ဓာကိုယ်သာ ကြီးပြင်းလာ၍ စိတ်ဝိညာဉ်က ကျန်ရစ်ခဲ့လိမ့်မည်။
စုမင် ချက်ချင်း မသွားသေးပါ။ တင်ပျဉ်ချိတ် ထိုင်ချလျက် တောင်ပေါ်လေပြည် တို့က မျက်နှာအားဖြတ်သန်း တိုက်ခတ်သွားကာ သူ၏ ဆံနွယ်ရှည်တို့အား လူးလွန့်နေစေသည်။ ထိုနေရာနှင့် နီးလာလေလေ မိမိကိုယ်တွင်းရှိ လရဲ့ အတောင်ပံတို့ မနေမနား တိုးပွားလာကြသည် ကိုလည်း ခံစားမိသည်။ မျက်လုံးကိုမှိတ်ကာ ထိုင်ချလိုက်ပြီးနောက် ပြန်ဖွင့်လာခဲ့သည်။ စုမင်၏ မျက်ဆံများထဲတွင် သွေးလွှမ်းလ၏ ပုံရိပ် ထင်နေခဲ့ပြီ။
သွေးလွှမ်းလ ပုံရိပ်က မှိန်ဖျော့၍ မည်သူမျှ မမြင်နိုင်ပါ။ သို့သော် ထိုအခိုက်အတန့်တွင်ပင် စုမင် မြင်နေရသည့် ကမ္ဘာကြီးကတော့ ပြောင်းလဲသွားခဲ့ပြီ။
မြို့အထက်တွင် လွင့်မျောနေသည့် မြူစိုင်သုံးခုအား စုမင် မြင်တွေ့လိုက်ရသည်။
မြူစိုင်သုံးခုမှာ အနီ၊ အနက်နှင့် အဖြူရောင်တို့ ဖြစ်ကြ၏။
မျက်လုံးထောင့်မှ မြင်ရသည်တွင် မြို့အားပတ်လည် ဝန်းရံနေသော တောင်သုံးလုံးလည်း တည်ရှိသေးသည်။ ထိုတောင်သုံးလုံး အပေါ်၌လည်း လွင့်မျောနေသော မတူညီသည့် မြူစိုင်တစ်ခုစီ လွင့်မျောနေကြသည်။ ဤနေရာ၏ ထူးခြားဆန်းကြယ်မှု တို့အား မသိသူ ရှိမည်ကို စိုးထိတ်သကဲ့သို့ ခမ်းနားလှပ ပေသည်။
မြူစိုင်သုံးခု အနက် ဘယ်ဘက်တွင် ရှိနေသည်မှာ အနီရောင်ဖြစ်သည်။ ထိုအနီရောင် မြူစိုင်ထဲတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကောက်ကြောင်း ဖျဖျအား စုမင် မြင်တွေ့ရသည်။ သူမမျက်နှာမှာ အေးစက်၍ ခက်ထန်ကာ မြင်ရသူတိုင်း၏ စိတ်နှလုံးအား တုန်လှုပ်စေသည်။
ဟန်တောင်တန်း မြို့တော်၏ ညာဘက်တွင်ကား အခြားသော တောင်ထွတ်တစ်ခု ဖြစ်သည်။ ၎င်းအထက်မှာ ရှိနေသည့် မြူစိုင်က အဖြူဖြစ်ပြီး တောင်အား မြင့်မြတ်သော တိမ်လွှာတို့ အုံ့ဆိုင်းထားသည်နှင့် တူသည်။ မြူစိုင်များပေါင်းစုံသည့်အားလျော်စွာ အေးမြ၍ သီးသန့်ဆန်သည့် လေထုတည်ရှိသည်။ အဖြူရောင် မြူစိုင်ထဲတွင် ဧရာမ ကင်းမြီးကောက်ကြီး၏ အရိပ် ထင်နေသည်။ ကင်းမြီးကောက်၏ အမြီးတွင်မူ ခေါင်းလောင်းနက် တစ်လုံး ချိတ်ဆွဲထားသည်။
နောက်ဆုံးတောင်ထွတ်မှာ ဟန်တောင်တန်းမြို့တော်၏ အနောက်ဘက်တွင် တည်ရှိသည်။ ထိုတောင်အား သေခြင်းတရား၏ အရိပ်အယောင်ကဲ့သို့ အနက်ရောင် မြူမှုန်လွှာတို့ အုံ့ဆိုင်းလျက်ရှိသည်။ ကြည့်ရသည်မှာ ချောက်ချားဖွယ်၊ စိတ်ညစ်ညူးဖွယ်ပင်။ မြူစိုင်ထဲတွင် တင်ပျဉ်ချိတ် ထိုင်နေသော အနက်ရောင် အရိုးစု၏ခပ်ဖျဖျ ကောက်ကြောင်းလည်း ရှိနေသည်။
"အနက်ရောင် မြူစိုင်က ပုချန့်မျိုးနွယ်၊ အနီက အရောင်စုံ ရေကန်မျိုးနွယ်စု ဖြစ်ပြီး အဖြူကတော့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတို့ ဖြစ်တယ်" စုမင်က ခပ်တိုးတိုး ရေရွတ်သည်။ သူ့မျက်လုံးထဲမှ သွေးလွှမ်းလ ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။
ထိုတောင်သုံးလုံးသည် တောင်တန်းမြို့တော် တည်ဆောက်ထားသော တောင်ပတ်လည်တွင် ဝန်းရံတည်ရှိပြီး တစ်တောင်နှင့်တစ်တောင် အလှမ်းမကွာလှဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ထိုတောင်တစ်တောင်မှ သာမန် မျိုးနွယ်စုဝင် တစ်ဦးသာ ဟန်တောင်တန်း မြို့တော်သို့ လမ်းလျှောက် လာပါက ရောက်ရှိလာနိုင်ဖို့ ရက်အနည်းငယ် ကြာမြင့်နိုင်သည်။
ဟန်တောင်တန်း မြို့တော်ရှိရာတောင်မှ အခြားသော မျိုးနွယ်စုသုံးခု နေထိုင်ရာ တောင်သုံးလုံးသို့ ဆက်သွယ်ထားသည့် တောင့်တင်း ခိုင်မာသော ကွင်းဆက်သံကြိုးများ ရှိနေသည်။ ထိုအောက်တွင်မူ ပေပေါင်း ရာထောင်ချီ နက်ရှိုင်းသော အသူရာချောက် များတည်ရှိနေရာ ထိုအောက်သို့ ပြုတ်ကျလျှင် ရုပ်နယ်လွန် အဆင့်မာန်စွမ်းအားရှင် တစ်ဦးပင်လျှင် မုချသေရလိမ့်မည် ဖြစ်၏။
တောင်သုံးလုံးအား သွယ်ဆက်ထားသည့် သံကြိုးများက တစ်တောင်နှင့်တစ်တောင် ဖြတ်သန်း၍ မျက်စိတဆုံး ဆက်လက်တည်ရှိ နေသည်။ သို့သော် ထိုနေရာများမှာ မြူများဖြင့် အုံ့ဆိုင်းနေသောကြောင့် အရှေ့တွင် မည်သည့်အရာများ ရှိသည်ကို မြင်နိုင်သူ မရှိပေ။
"ဒီမျိုးနွယ်စုသုံးခုက ဟန်တောင်တန်း မြို့တော်အပေါ် သူတို့ရဲ့ အင်အားရပ်တွေနဲ့ ပျံ့နှံ့ဖြန့်ကြက် ထားတော့ သူတို့ရဲ့စွမ်းအားကို ပြသနိုင်ရာ ရောက်တယ်။ တခြားသူတွေ စိတ်ထဲမှာ အံ့ဩထိတ်လန့် စေရုံသာမက အစွမ်းထက် မာန်စွမ်းအားရှင် တွေကို သူတို့ဆီလာပြီး ဧည့်သည် လုပ်ချင်အောင် ဆွဲဆောင်နိုင်တယ်"
စုမင်မျက်လုံးတို့ လက်ဖြာသွားကာ ဟန်တောင်တန်း မြို့တော်နောက်ဘက်မှ အနက်ရောင်မြူခိုး တို့လွှမ်းခြုံ ရစ်သိုင်းနေသည့် တောင်ကို ကြည့်လိုက်သည်။ ထိုကား ပုချန့်မျိုးနွယ်စု တည်ရှိရာနေရာ ဖြစ်၏။
***