ဟန်တောင်တန်းမြို့တော်
Vol. 9 Ch. 118
ဖန်းမုပြောတာ မှန်နေတာပဲ ... ပုချန့်မျိုးနွယ်စုက ဝူစန်းနဲ့ အတူတူ ပါပဲလား။ သူတို့ရဲ့ မာန်စွမ်းအား ကျင့်ကြံတဲ့ နည်းလမ်းက အလောင်းကောင်တွေကို အသုံးပြုဖို့ လိုတာပဲ။ ဒါပေမဲ့ ကြည့်ရတာနဲ့တင် ဝူစန်းက သူတို့ကို မယှဉ်ပြိုင် နိုင်လောက်ဘူး" စုမင်က ခပ်တိုးတိုး ရေရွတ်ကာ အကြာကြီး စိုက်ကြည့်နေပြီးမှ အကြည့်လွှဲသည်။
ဟန်တောင်တန်း မြို့တော်အား ကြည့်ကာ စုမင် ထရပ်လိုက်သည်။ တောင်လမ်းကြော အတိုင်းဆင်းသွား၍ ညနေခင်း ဆည်းဆာနေရီအောက်တွင် နေပူဆာ လှုံနေသော ဟန်တောင်တန်း မြို့တော်သို့ ရှေးရှုလျှောက်လှမ်း လာခဲ့သည်။
"ဝိညာဉ်လုယက် ကိုသာ ဖော်စပ်နိုင်ခဲ့ရင် ငါဟာတကယ်ပဲ သူတို့ပြောတဲ့ မိုးကျရွှေ ကိုယ်မာန်စွမ်းအားရှင် ဆိုတဲ့ ဂုဏ်အင်္ဂါရပ်နဲ့ လျော်ညီ လာတော့မှာပဲ"
ဆည်းဆာ နေရောင်အောက်တွင် စုမင်အရိပ် ထင်လျက် ရှိသည်။ သူ့အနားတွင် အထီးကျန်သော လေထုက ဝန်းရံလျက်ရှိသော်လည်း အလားတူပင် တည်ကြည်ပြတ်သား၍ စိတ်ပိုင်းဖြတ်ထားခြင်း တို့လည်း ရှိနေပါ၏။
တောင်စဉ်တန်းများ ပတ်လည် တည်ရှိနေသော တိုင်းပြည်ပေါ်သို့ ညကျရောက်သည့် ဆည်းဆာနေက အနည်းငယ် နွေးထွေးစွာ တောက်ပ လင်းဖြာနေခဲ့သည်။ မရင်းနှီးသော ဟန်တောင်တန်း မြို့တော်သို့ လှမ်းလျှောက်သွား သည်နှင့်အမျှ စုမင်အား အနားယူတော့မည့် နေမင်း အလင်းရောင်က ကြိုဆိုခဲ့သည်။
မြို့မှာ စည်ပင်သာယာ ဝပြောပုံ ပေါ်သည်။ စုမင် နီးကပ်လာသည် နှင့်အမျှ ပို၍ ကြီးမားလာသည်မှာ ထိတ်လန့်ဖွယ်ပင် ဖြစ်၏။ တောင်ပေါ်တွင် တည်ဆောက်ထားသည့် မြို့ဖြစ်ရာ တောင်၏ အမြင့်ပေက သန်မာအားကောင်း လှ၍ ဖိနှိပ်လိုသော ရှိန်ဝါတို့က တောင်ခြေတွင် ရပ်နေသူကိုပင် သက်ရောက်၏။ တောင်ပေါ်တွင် လွင့်မျောနေသော မြူစိုင်သုံးခုမှလည်း ကြောက်မက်ဖွယ်ရာ သက်ရောက်မှုတို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ထူးခြားသာလွန်သော အစွမ်းရှိသူတို့ ပင်လျှင် ဤနေရာသို့ လာရောက်သည့် အခါ မိမိတို့၏ အပြုအမူ များအား လွန်စွာ သတိထားရသည်။
စုမင်သည် ဟန်တောင်တန်းမြို့တော် အားကြည့်ကာ အသက်ပြင်းပြင်း ရှူသည်။ လမ်းအတိုင်း တက်ရောက်လာရင်း သူ့မျက်နှာမှာ တည်ငြိမ်နေသည်။
ဟန်တောင်တန်းမြို့တော်၏ အောက်ဘက်တွင် လေထဲတွင် လွင့်နေသော လှေကားကျယ်ကြီး ရှစ်ခုရှိလေသည်။ ထိုအရာများမှာ တောင်ပေါ် မရောက်ခင် လမ်းတစ်ဝက်တွင် ရှိသော ဂိတ်တံခါးရှစ်ခုနှင့် သွယ်ဆက်ထားသည့် လေမုန်တိုင်းများနှင့် တူသည်။
အကယ်၍ တစ်စုံတစ်ယောက်က မြို့အတွင်းသို့ ဝင်လိုလျှင် ထိုလှေကားထစ် များအား လျှောက်လှမ်း ရမည်သာဖြစ်သည်။
ဂိတ်တံခါး၈ ခုမှ ၄ ခုကိုသာ ပြည်သူများအတွက် ဖွင့်ပေးထားသည်။ ထို၄ ဂိတ်မှ ၃ ခုမှာ မြို့ကို ထိန်းချုပ်နေသော မျိုးနွယ်စုသုံးခု အတွက်သီးသန့် သုံးရန်ထားရှိသည်။ ကျန်တစ်ဂိတ် မှာမူ ဧည့်သည်ဂိတ် တံခါးဟု လူသိများကြသည်။ မျိုးနွယ်စု သုံးခုမှ ဧည့်သည်များ သာလျှင် ထိုဂိတ်နှင့် ဂိတ်နှင့် ဆက်သွယ်ထားသည့် လှေကားများကို အသုံးပြုခွင့် ရှိပေသည်။
လှေကားများမှာ ခမ်းနားလှပြီး မျိုးနွယ်စုသုံးခု၏ အစွမ်းအင်အားများ ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီး ပြုလုပ်ထားသည်။ ထိုအရာများက အစွမ်းထက် မာန်စွမ်းအားရှင် များအား မိမိတို့ မျိုးနွယ်စု၏ ဧည့်သည်အဖြစ် လာရောက်ရန် ဆွဲဆောင်နိုင်သည်။
ဤကဲ့သို့ နေရာတစ်ခုအား စုမင် ရောက်ရှိလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဂိတ်တစ်ခုသို့ လမ်းဆုံးသွားသည့် လှေကားပေါ် ဖြည်းဆေးစွာ တက်ရောက်သွားသည်။ မည်သူမျှ စောင့်ကြည့်နေသူ မရှိပါ။ တောင်တစ်ဝက်မျှ ရောက်ရှိမှသာ ဟန်တောင်တန်း မြို့တော်မှ ဂိတ်တံခါး၈ ခုမှ တစ်ခုအား မြင်လိုက်ရသည်။
လှေကားတစ်ဖက် တစ်ချက်တွင် ပေပေါင်းရာချီ မြင့်မားသော ကျောက်သား ရုပ်တုကြီးများ ရှိနေသည်။ ကျောက်သားရုပ်တု များအား မာန်စွမ်းအားရှင်တို့၏ ပုံစံအတိုင်း ထွင်းထုထားပြီး သွေးဆာနေသည့်ဟန် ထင်မြင်ရသည်။ မလှုပ်ရှား ကြသော်လည်း ၎င်းတို့ထဲမှ ရက်စက်ခက်ထန်မှု များအား ခံစားသိရှိ နိုင်ပေသည်။
ဂိတ်တံခါးမှာမူ ရုပ်တု၏ လက်နှစ်ဖက်အား သွယ်ဆက်ထား၍ ဘောင်ခတ်ထားသည့် ဂိတ်ပုံစံ တစ်ခုဖြစ်ပေါ် နေစေသည်။ လက်မောင်းများနှင့် ပုံဖော်ထားသော ဂိတ်တံခါး၏ အပေါ်ပိုင်း အမြင့်တစ်နေရာတွင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ လူငယ်လေး တစ်ယောက် လဲလျောင်း နေလေသည်။ သူက ဘောင်ပေါ်တွင် လဲလျောင်းလျက်ပင် ခြေထောက် တစ်ဖက်အား တန်းလန်းချလျက် ဟိုဒီလွှဲယမ်း နေခဲ့သည်။
လူငယ်၏ခါး၌ ချိတ်ဆွဲထားသည့် ပလိတ်ပြား တစ်ခုရှိသော်လည်း ထိုကျောက်ပြား ပေါ်တွင်မူ အနီရောင်စစ စွန်းထင်နေ၏။ သူက မျက်လုံးများကို မှိတ်ထားကာ တစ်ရေးအိပ် နေသကဲ့သို့ ဖြစ်သည်။ လက်ထဲ၌ အစိမ်းရောင် ဘူးသီးခြောက် သေရည်ဘူး ကိုင်ထားပြီး လေဝှေ့ လိုက်တိုင်း ဝိုင်နံ့ပြင်းပြင်း ထွက်ပေါ်နေသည်။
ဂိတ်တံခါးကို ကြည့်နေသည် နှင့်အမျှ စုမင်၏ မျက်လုံးတွေ တဖျတ်ဖျတ် လက်သွားသည်။ သည်မြို့သည် သူ့မျက်လုံးနှင့် တပ်အပ်မြင် ခဲ့ရသမျှ ထဲတွင် အခမ်းနား အကြီးကျယ်ဆုံးသော မြို့တော်ဖြစ်သည်။ ဂိတ်တံခါးအား မှတ်ဉာဏ်ထဲတွင် စွဲထင်နေအောင် မှတ်သားခြင်းနှင့် တစ်ပြိုင်နက် ဖြတ်သန်းဝင်ရောက် လာခဲ့သည်။ ဟန်တောင်တန်း မြို့တော်သို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် ပျင်းရိလေးတွဲ့တွဲ့ အသံတစ်ခုက စုမင်နားသို့ ပျံ့နှံ့ လာခဲ့သည်။
"လူကြီးမင်း ... စည်းမျဉ်းတွေကို မသိဘူးလား"
စကားပြောလိုက်သည်က လူငယ်ဖြစ်၏။ မျက်လုံးများကို ဖွင့်ပြီးဖြစ်ကာ ဘေးနားရှိ ဘူးသီးခြောက်အား နှုတ်ခမ်းသို့ တေ့လိုက်သည်။ သေရည်ယစ်မူး နေသောမျက်လုံး တို့ဖြင့် စုမင်အား ကြည့်သည်။ စုမင် ဝတ်ဆင်ထားသည့် ဝတ်ရုံကိုမြင်တော့ သူ့မျက်လုံးတို့ အနည်းငယ် အမူးပြေ သွားသည်။
စုမင် မျက်နှာထားမူကား တည်ငြိမ်လျက်ပင်။ လူငယ်စကားပြော လိုက်သည်နှင့် ညာလက်ကို ဝှေ့ယမ်းကာ အဖြူရောင် ဒင်္ဂါးတစ်ပြားအား လူငယ်အား ပစ်ပေးလိုက်ရာ ၎င်းက လက်ရဖမ်းလေသည်။
ဟန်တောင်တန်း မြို့တော်သည် အားလုံးအတွက် တံခါးဖွင့် ပေးထားသော်လည်း ကျောက်ဒင်္ဂါး အလုံအလောက် ပေးရသည်ဟု ဖန်းမုထံမှ ကြားသိထားခြင်းကြောင့် ထိုအရာများကို စုမင်နားလည်ပြီးသား ဖြစ်သည်။ ကျောက်ဒင်္ဂါး အရေအတွက် များပြားလေ၊ မြို့တွင်နေထိုင်ရန် အချိန်ပိုရရှိလေ ဖြစ်သည်။
လူငယ်က ဒင်္ဂါးပြားအား လက်ခံယူ ပြီးချိန်တွင် စုမင်အား မီးခိုးရောင် ပလိတ်ပြား တစ်ချပ်ပေးပြီး ဘောင်ပေါ်တွင် ပြန်လဲလျောင်းကာ ဘူးသီးခြောက်ထဲမှ သေရည်အား ရံဖန်ရံခါမော့၍ ငိုက်မြည်း နေပြန်တော့သည်။
စုမင်သည် ကျောက်ပြားအား ခါးတွင် ချိတ်ဆွဲလိုက်သည်။ ပလိတ်၏ အရောင်များမှာ အမျိုးအစား ခွဲခြားပြီးသား ဖြစ်သည်။ မျိုးနွယ်စု သုံးခုမှ မျိုးနွယ်ဝင်များမှ လွဲ၍ အနီ၊ အနက်နှင့် အဖြူရောင် ပလိတ်ပြားတို့ကို မည်သူမျှ သုံးစွဲခွင့် မရှိပေ။ ဧည့်သည်များ၏ ပလိတ်ပြား အောက်၌ အပြာရောင် ဆေးခြယ်ထားပြီး သူတို့သွားမည့် မျိုးနွယ်စု၏ အရောင်အား ထပ်ပေါင်းထည့် ပေးထားသည်။
အသိမိတ်ဆွေ မရှိဘဲမြို့ ဝင်လာသည့်လူများ အတွက်တော့ မီးခိုးရောင် ပလိတ်ပြား ရရှိသည်။ ပလိတ်ပြား အရောင်မှိုင်း သွားသည့်အခါ မြို့တွင်းနေခွင့် မရှိတော့ပါဟု ဆိုလိုသည်။ ကျောက်ဒင်္ဂါးများပေးဆောင်၍ နေထိုင်ခွင့်သက်တမ်းမတိုးမြှင့်ထားဘဲ မြို့စောင့်များ၏ ဖမ်းဆီးခြင်း ခံရပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။
မြို့ဝင်ခွင့် ရရှိသူများက ပလိတ်ပြားက ခါးကဲ့သို့ မြင်သာသော နေရာများတွင် ချိတ်ဆွဲပြထားရန် လိုသည်။
စုမင် ပြန်လည်တိတ်ဆိတ် သွားသည်။ မီးခိုးရောင် ပလိတ်ပြားအား ခါးတွင် ချိတ်ဆွဲကာ ဟန်တောင်တန်း မြို့တော်၏ ဂိတ်တံခါးအား ဖြတ်သန်းဝင်ရောက် လာခဲ့သည်။ ပျားပန်းခပ် လှုပ်ရှားနေသော မြို့ကြီးပြကြီး အသံက နားထဲသို့ ရုတ်တရက်ကြီး တိုးဝင်လာကာ ဂိတ်အပြင်ဘက်က တိတ်ဆိတ် ငြိမ်သက်နေခြင်းနှင့် လုံးဝကွဲပြား ခြားနားသော ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။ စုမင်မှာ ထိုအခြင်းအရာကြောင့် အနည်းငယ် အံ့အားသင့် သွားရသည်။
အထဲတွင် လူအများအပြား ရှိသည်။ တောင်စဉ်တန်းများနှင့် တည်ဆောက်ထားသည့် မြို့ထဲတွင် ဈေးဆိုင် အမြောက်အမြား လည်းရှိသည်။ မြို့တွင်းမှ အိမ်များသည်လည်း တောင်၏ ကျောက်တုံးများဖြင့်ပင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဟန်တောင်တန်း မြို့တော်အတွင်း လမ်းလျှောက်ရင်း ပတ်ဝန်းကျင် ကိုလည်း ကြည့်ရှုမိသည်။ ဤနေရာရှိ အရာအားလုံး နီးပါးက ထူးဆန်း၍ မိမိနှင့် တစ်စိမ်းပြင်ပြင် ဖြစ်နေတော့သည်။ ဤနေရာ၏ စည်ပင်သာယာသော၊ တက်ကြွလှုပ်ရှားသော ပတ်ဝန်းကျင်က စုမင်အား အပြင်လူတစ်ယောက် ကဲ့သို့ ခံစားရစေသည်။
အိမ်များ၊ ဈေးဆိုင်များ၊ ပေထောင်ချီ မြင့်သော အဆောက်အဦ များလည်းရှိသည်။ မြို့ထဲတွင် တိရစ္ဆာန် သားရေထည် ဝတ်ဆင်သူ တစ်ဦးတလေမှ စုမင် မတွေ့မိပါ။ အနိမ့်ဆုံး အရည်အသွေးမှာ ချည်ထည်ကြမ်း ဖြစ်ကာ ထို့ကြောင့်ပင် အရောင်အသွေး စုံလင်သော ချည်ထည်ကြမ်းများ ဝတ်ဆင်ထားသူ တို့လည်း ရှိနေသေးသည်။ စုမင်ကဲ့သို့ ဝတ်ဆင်ထားသူများ လည်းရှိသည်။ အများထက်ပို၍ ဈေးကြီးသော၊ ဂုဏ်ရှိသော ဝတ်ရုံတရွှမ်းရွှမ်း ဆင်မြန်းထားကြသည်။
"ရွှံ့မြေကျောက်တုံး မြို့တော်ရဲ့ ဆယ်ဆလောက် ရှိမယ်"
တောင်ပတ်လမ်း တစ်လျှောက် တည်ငြိမ်စွာ လျှောက်လှမ်းလာရင်း မိမိအား ဖြတ်ကျော် သွားကြသော လမ်းသွားလမ်းလာ များအား ဝေ့ဝဲကြည့်ရှု မိသည်။
"ဒီမှာ သာမန်လူသိပ် မရှိဘူးပဲ။ အများစုက မာန်စွမ်းအားရှင်တွေ … ပြီးတော့ အဆင့်မနိမ့် လှဘူး"
စုမင် လျှောက်လှမ်းလာ သည်နှင့်အမျှ ဘေးပတ်လည်ရှိ အရာအားလုံးကို လေ့လာနေခဲ့သည်။ မကြာမီ မှောင်လာခဲ့သော်လည်း ဤနေရာရှိ သက်ဝင် လှုပ်ရှားမှုများ ကတော့ လျော့ပါး မသွားသေးပေ။
လေပြည်စီးကြောင်းတွင် တွေ့ကြုံခဲ့သည့် အတွေ့အကြုံများနှင့် ဖန်းမု၏စကားများ ပေါ်နားလည်ထားမှု များကြောင့် ဟန်တောင်တန်း မြို့တော်သို့ ပထမဆုံးအကြိမ် ရောင်ဖူးခြင်း ဖြစ်သော်လည်း စုမင် မျက်စိလည် မနေခဲ့ပါ။ ပတ်ဝန်းကျင်အား စူးစမ်းလေ့လာရင်း ဖန်းမုပြောထားသည့် အပြင်လူများ အတွက် အထူး ပြင်ဆင်ထားသည့် နေရာအား တွေ့ရှိခဲ့သည်။
ထိုနေရာမှာ ယခုအချိန်ထိတိုင် စည်ကား နေသေးသည်။ စုမင် အထဲသို့ ဝင်ရောက်လာပြီး ရုပ်တည်နှင့် အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ စားပွဲနှင့်ထိုင်ခုံ အများအပြား ခင်းကျင်းထားသည်။ လပ်နေသော စားပွဲတစ်ခုသို့ လျှောက်သွားရင်း တည်ငြိမ်အေးဆေးစွာ ထိုင်ချလိုက် ချင်းတွင်း မျက်နှာပေါ်တွင် အပြုံး ဝေဝေဆာဆာနှင့် တစ်စုံတစ်ယောက်က သူ့အနား ရောက်လာခဲ့သည်။
စကား အနည်းငယ်နှင့်ပင် သည်နေရာ၏ ရည်ရွယ်ချက်ကို သိလိုက်ရပြီဖြစ်သည်။ စုမင်သည် အနားယူရန် အခန်းငှားလိုက်၏။ အစားအသောက် များမှာယူပြီး သည်နှင့် အခြားသော စားပွဲတိုင်းလိုလို တွင်ရှိနေသော ဝိုင်အမျိုးအစား အားမှာယူလိုက်သည်။ ထို့နောက် စားပွဲတွင်ထိုင်၍ အပြင်ဘက်သို့ ကြည့်ကာ တစ်စုံတကာ စဉ်းစားတွေးတော နေပုံရသည်။
အမှန်မှာ အခြားသူများ ၏ စကားဝိုင်း များကို နားထောင်နေခြင်း ဖြစ်သည်။ အများစုသော ဆွေးနွေးမှုများမှာ သူ့အတွက် အသုံးမဝင်လှပေ။ သို့သော် မြို့အကြောင်း အသေးစိတ်ကို သိရှိစေသော အချို့သော ဆွေးနွေးမှုများလည်း ရှိပါသေးသည်။
"နောက်လ အနည်းငယ်ကြာရင် ဟန်တောင်တန်း မြို့တော်က လူပိုစည်ဦးမှာ။ ဘာကြောင့်လဲ မသိပေမဲ့ ပုချန့်၊ အရောင်စုံ ရေကန်နဲ့ ငြိမ်းအေးရာ အရှေ့အရပ်တို့က သူ့တို့မျိုးနွယ်စု ထဲကို ဧည့်သည်တွေ အများကြီး ဖိတ်မယ်တဲ့။ "
"မင်းဒီကို မရောက်တာကြာတော့ အသေးစိတ် မသိတာပါကွာ။ အဲဒီမျိုးနွယ် သုံးခုက တစ်စုနဲ့တစ်စု တိုက်ကြခိုက်ကြ၊ အကောက်ကြံလိုက်ကြ ဖြစ်နေတာ။ ဒီတစ်ခါ သူတို့ မျိုးနွယ်စု ထဲကို ဧည့်သည်တွေခေါပြီး အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးလို အင်အားတောင့်အောင် လုပ်မလို့လေ။ သူတို့အတွက် တိုက်ခိုက်ပေးမဲ့ အင်အားဖြည့်တင်း တာပါပဲ။"
"ဒါပေမဲ့ ဒါက ငါတို့အတွက် အခွင့်အရေးပဲ။ ငါကြားတာတော့ အရောင်စုံ ရေကန်က သူတို့မျိုးနွယ်ဝင် မိန်းကလေး တွေထဲက ဆယ်ယောက်ကို သူတို့မျိုးနွယ်စု ထဲဝင်မယ့် ဧည့်သည်တွေနဲ့ ထိမ်းမြားပေးမှာတဲ့။ အရောင်စုံ ရေကန်က မိန်းကလေးတွေ ဆိုရင် ငါတို့ကျင့်ကြံခြင်း အတွက် အများကြီး အသုံးဝင်တယ်။ ဒီတစ်ကြိမ် အရောင်စုံရေကန်က အများကြီးအားစိုက် ထုတ်ထားတာပါလား"
"နှမြောစရာက ငါတို့က ရုပ်နယ်လွန် အဆင့်သမားတွေ မဟုတ်လို့ပေါ့ကွာ။ သူတို့တွေ အတွက် ပိုပြီး အကျိုးပိုရှိတာ။ ငါကြားထား တာတော့ ဆရာရွှမ်းလွင်က ပုချန့်မျိုးနွယ်စု ထဲဝင် သွားဝယ်တဲ့၊ သူ့ကို မာန်နတ်ဘုရား ရုပ်တုတောင် ပေးတယ်ဆိုပဲ"
အချိန်ကား တဖြည်းဖြည်းနှင့် ကုန်လွန်နေ၏။ စုမင်မှာ မိမိနေရာတွင် ထိုင်ကာ ဝိုင်သောက်ရင်း မျက်မှောင်ကုတ် ထားသည်။ ဒီအရာက ပူစပ်ပူလောင် ရှိလှပြီး အရသာနှင့် မရင်းမနှီး ရှိလှသည်။ ဆက်လက် သောက်သုံးနေရင်း ထူးဆန်းသည့် ခံစားချက်တို့ မြင့်တက်လာကာ သူတဖြည်းဖြည်း နေသားကျလာသည်။
ဤနေရာရှိ အရာအားလုံးက သူနှင့် စိမ်းသက်လှကြောင်း စုမင် သိပါသည်။ ထို့ကြောင့်ပင် မြို့ထဲသို့ ဝင်လာသည့် အချိန်မှစ၍ ဖြည်းဖြည်းချင်း လေ့လာစူးစမ်းရင်း အခြားသူများ၏ စကားများကို နားထောင်ခဲ့သည်။ လေးနာရီမျှ ကြာမြင့်သွားပြီ ဖြစ်ရာ ကောင်းကင်က ပကတိ အမှောင်ကျ သွားခဲ့ပြီ။ ဟန်တောင်တန်း မြို့တော် တစ်ခွင်တွင်တော့ အလင်းရောင်များ ရှိနေသေးသည်။ အဆောင်အဦ တစ်ခုဆိုလျှင် ဆီမီးတိုင်များတွင် ဆီမီးရောင်စုံ ထွန်းညှိကာ နံရံမြင့်မြင့် ပေါ်တွင်ချိတ်ဆွဲ ထားသည်။
ဆီမီးတိုင်များ ကိုကြည့်၍ စကားပြောသံများကို နားထောင်ရင်း ဟန်တောင်တန်း မြို့တော်အကြောင်း ပို၍နားလည် လာခဲ့သည်။
"ဖန်းမု ခဏခဏ အရိပ်ပြခဲ့တယ်၊ ငါသာ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုထဲ ဧည့်သည်အဖြစ် ဝင်ရောက်ရင် လက်ဆောင်တွေ အများကြီးပေးပြီး ငါလိုအပ် သမျှလည်း အကုန်ဖြည့်ဆည်း ပေးမယ်။ ဘာကြောင့် ဒီလောက်ဧည့်သည် တွေခေါ်နေလဲ ဆိုတဲ့ အကြောင်းပြချက်တော့ ရှိရမယ်"
ဝိုင်တစ်ကျိုက် မော့သောက်ကာ ဘေးပတ်လည်မှ ဆွေးနွေးနှီးနှောသံ များအား ဆက်လက်နားထောင် နေခဲ့သည်။ ညသန်းခေါင်ခန့်တွင် လူစုခွဲ သွားကြလေရာ စုမင်လည်း အခန်းပြန်၍ အနားယူခါနီး ဆဲဆဲ၌ သူ၏မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲ သွားခဲ့သည်။ သူ မထဘဲနှင့် နောက်ထပ် ဝိုင်တစ်ခွက် မော့လိုက်ပြန်သည်။
ထိုအခိုက်တွင် တံခါးမှဖြတ်၍ တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူမှာ အသက်သုံးဆယ် ခန့်ရှိ၍ အခြားသူများနှင့် မတူဘဲ လုံးဝကွဲထွက် နေသည်။ စုမင် မထွက်သွားရသည့် အကြောင်းအရင်းမှာ ထိုလူက တိရစ္ဆာန် သားရေထည်အား ဝတ်ဆင် ထားသောကြောင့် ဖြစ်သည်။
ဟန်တောင်တန်း မြို့တော်သို့ စုမင် ရောက်ရှိချိန် မှစ၍ ရင်းနှီးကျွမ်းဝင် ရင်းစွဲရှိသော အဝတ်အစားများအား ပထမဆုံး မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုလူ၏ မျက်နှာမှာ ဖြူဖျော့၍ မျက်မှောင်ကြုတ် ထားသည်။ အဆောက်အဦ တွင်းသို့ ဝင်ရောက်လာသည်နှင့် စုမင်နှင့် အနည်းငယ်ဝေးသော နေရာတွင် ထိုင်ကာ ဝိုင်ရည်များမှာ ယူ၍ ခပ်မဆိတ် သောက်သုံး နေတော့သည်။
ထိုလူ၏ မျက်နှာတွင်မူ မရေရာမှု၊ တွေဝေ မပြတ်သားမှုနှင့် ထိတ်လန့် ကြောက်ရွံ့မှု အရိပ်ယောင်များ စွန်းပေနေသည်။
"အနည်းဆုံးတော့ ဒီလူက သွေးကြော ကျောက်သားအဆင့် ၁၀ ရှိတယ်။ သွေးကြောကျောက်သား ကျင့်စဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေလောက်ပြီ။ ရုပ်နယ်လွန် ရောက်ဖို့ ဘယ်လောက်မှ မလိုတော့ဘူး"
စုမင်၏ မျက်နှာတွင်မူ မည်သည့် အရိပ်အယောင်မျှ ပေါ်လွင်မနေပါ။ ထိုလူကား သူ၏ချီ စွမ်းအင်အား ဖြန့်ကြက် မထားသော်လည်း ၎င်းထံမှ ဖိအားဖျော့ဖျော့အား စုမင် ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
နောက်ထပ် တစ်နာရီ ကုန်ဆုံးသွား ပြန်လေပြီ။ ထိုလူမှာ စကားတစ်ခွန်း မဆိုဘဲ သူ၏ဝိုင်ခွက်အား တဂွပ်ဂွပ် မော့သောက်နေမြဲ ဖြစ်သော်လည်း သူ့မျက်လုံးများ ထဲက အခက်အခဲ ရှိနေသည့် အရိပ်အယောင် တို့ကတော့ ပို၍ထင်ရှားပြတ်သား လာခဲ့၏။ တစ်စုံတစ်ယောက်ကို စောင့်နေသကဲ့သို့ တံခါးဝအား မကြာခဏ ကြည့်နေခဲ့သည်။
သို့သော် အချိန်များသာ ကုန်လွန်သွားခဲ့ပြီး ဝန်ဆောင်မှု ပေးသူများလည်း စားပွဲထက်တွင် ငိုက်မြည်း ကုန်ကြရာ စုမင်နှင့် ထိုလူတို့သာ ကျန်ခဲ့တော့ချိန်တွင် ထိုလူ၏ မျက်နှာတွင် စိတ်ပျက်မှုတို့က သိသိသာသာ။ တစ်ကြိမ်တော့ စုမင်အား သာမန်ကာလျှံကာ ကြည့်လိုက်သေးသည်။ ထို့နောက်တွင်မူ စကားတစ်ခွန်းမျှ မဆိုဘဲ ဝိုင်ကို ဆက်သောက်ကာ သူ့မျက်လုံးထဲမှာ မရေရာ ဝေဝါးမှုတို့က စိတ်ပိုင်းဖြတ်မှုနှင့် ခက်ထန်မှုများ အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
စုမင် ပြဿနာ မရှာလိုပါ။ ထရပ်၍ အနောက်ဘက် ခြံဝန်းထဲသို့ ထွက်လာခဲ့သည်။ ဤနေရာ၌ ကုန်လွန်ခဲ့ပြီးသော အချိန်နာရီများ အတွင်းလေ့လာထားမှု များအရ ဤအဆောက်အဦ၏ အနောက်ဘက် ခြံဝန်းသည် အမှန်တကယ်ပင် အပြင်လူများ နေထိုင် အနားယူရန် ပြင်ဆင်ထား ပေးသည့်နေရာ ဖြစ်ကြောင်း သေချာခဲ့ပြီးသား။ အခန်းကိုလည်း ငှားရမ်းပြီးသား ဖြစ်၏။ သူထထွက် လာချိန်တွင် ရုတ်တရက် တံခါးအဝင်ဝမှ လေတစ်ဝှေ့ တိုးလာရာ ဆီမီးတိုင်များ ထက်မှာ မီးတောက်များအား တဖျပ်ဖျပ် ဖြစ်သွားစေသည်။
ထိုအခိုက်တွင် အဖြူရောင် အင်္ကျီဝတ် အမျိုးသမီးသည် ဖြည်းညင်းစွာ လှမ်းဝင်လာခဲ့သည်။ အမျိုးသမီးမှာ အသက်ကြီးပုံ မရသေး။ မျက်နှာပေါ်တွင် ဇာပဝါလွှား ထားသောကြောင့် သူမ၏ မျက်နှာရိပ်မျက်နှာကဲ အားမမြင်နိုင်ပေ။ တစ်ခုတည်းသော မြင်ရသည်မှာ ကောင်းကင်ပေါ်မှ ကြယ်များကဲ့သို့ ထူးခြားသည့် ဆွဲဆောင်မှုရှိသော မျက်ဝန်းများပင် ဖြစ်လေ၏။
***