အဲဒါ သူကိုး
Vol. 9 Ch. 119
ဝိုင်ကိုသာ ဖိသောက်နေသော ထိုလူမှာ အမျိုးသမီးအား မြင်သွားသည့်အခါ သူ့မျက်နှာထက်တွင် ပျော်ရွှင် ဝမ်းသာမှုတို့ အလျဉ်းပေါ်ပေါက် လာခဲ့၏။ တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် ထရပ်လိုက်သည်။ သူ့ဆီသို့ လျှောက်လှမ်းသွားသော အမျိုးသမီးမှာမူ တည်ငြိမ်အေးဆေးသည့် ဟန်ပန်ဖြင့် ထိုင်ချလိုက်သည်။ အမျိုးသမီးက အဆောက်အဦ တစ်ဝိုက် ဝေ့ဝဲကြည့်ရှုကာ ထွက်သွားတော့မည် ဟန်ပြင်နေသော စုမင်ထံသို့ အကြည့်တစ်ချက် ကျရောက်လာ သေးသော်လည်း သိပ်စိတ် မဝင်စားပါ။
"ကျုပ် အောင်မြင်သွားလား" အမျိုးသားကို ကြည့်ရသည်မှာ စိတ်လက် မချမ်းမသာ ဖြစ်နေပုံရ၏။ ထိုင်ပင် မထိုင်ဘဲ ခပ်တိုးတိုး ပြောနေသည်။
"ကျွန်မတို့ မျှော်မှန်းထားချက် တွေနဲ့တော့ မကိုက်ညီပေမဲ့ ရှင့်ရဲ့ ထိုက်တန်မှုကို ပြသနိုင်မဲ့ တစ်နေ့တစ်ချိန်ကို ယူဆောင်လာ ပေးနိုင်ပါတယ်"
စုမင် ထွက်လာခဲ့သည်။ ထွက်လာရင်းမှ ထိုစကားများ အားကြားခဲ့ရသည်။ ထိုလူနှစ်ဦးမှာ မိမိတို့အား အခြားသူများ ခိုးနားထောင်မည်ကို ဂရုမစိုက် ဟန်ပေါ်သော်လည်း စုမင်မှာမူ ၎င်းတို့ နှစ်ဦးအကြား လျှို့ဝှက်ချက်များ ရှိလိမ့်မည်ကို အတပ်ပြော နိုင်သော်ငြား မိမိနှင့် မသက်ဆိုင်သည့် မည်သည့်ကိစ္စ ကိုမျှ ဝင်မပါလိုပါ။
ညမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ဒုတိယ မနက်ခင်း၌ စုမင်သည် တရားရှုမှတ်နေရာမှ မျက်လုံးတို့ ဖွင့်လိုက်ပြီး အင်္ကျီအား သေသပ်အောင် ပြုပြင်၍ အခန်းမှ ထွက်ခွာလာခဲ့သည်။ မနက်ခင်း၌ ဟန်တောင်တန်း မြို့တော်အား မြူလွှာပါးပါး လွှမ်းခြုံထားသည်။ သူ အပြင်ထွက် လာချိန်တွင် တိမ်ပေါ်လမ်းလျှောက် ရသကဲ့သို့ပင်။ ထူးဆန်းသော ခံစားချက်ဖြစ်၏။
ယခင်နေ့အား လေ့လာစူးစမ်းခြင်း၊ နားထောင်ခြင်း တို့ဖြင့် ကုန်ဆုံးခဲ့ ပြီးနောက် ဟန်တောင်တန်း မြို့တော်နှင့်ပတ်သက်ပြီး ပို၍ နားလည်လာခဲ့ပြီ ဖြစ်သည်။ လမ်းများပေါ်တွင် လျှောက်လှမ်းရင်း ခေါင်းမော့ကာ မြို့အား ကြည့်လိုက်သည်။ အတိအကျ ဆိုရလျှင် မြို့မှာ အလွှာလေးလွှာ ရှိသည်။ စုမင်မှာ လက်ရှိတွင် မြို့အောက်ပိုင်းတွင် တည်ရှိသော စတုတ္ထမြောက် အလွှာတွင် ရပ်နေခြင်းဖြစ်၏။ ထိုအလွှာသည် ဧရိယာ အကျယ်အဝန်း အကြီးဆုံး နေရာလည်း ဖြစ်သည်။
တတိယမြောက် အလွှာမှာ သင့်တော်သော ကျင့်ကြံခြင်းအဆင့် ရှိသူများအတွက်သာ ဖွင့်ထားပေးသည်။ ထိုအဆင့်တစ်ခု မရောက်သေးသူများ ဝင်ရောက်ခွင့် မရှိပေ။ ဒုတိယအလွှာနှင့် ပထမအလွှာ တို့မှာမူ လုံလောက်သော လူမှုရေး အဆင့်အတန်း မြင့်မားသူ တို့ကိုသာ ကြိုဆိုသည်။
"အထွတ်အထိပ် ကတော့ ပထမဆုံးအလွှာရဲ့ အပေါ်ထပ်မှာပဲ။ အဲဒါက မြို့တော်ရဲ့ ကြယ်စင်စုဝေး မျှော်စင်တည်ရှိရာ အရပ်လည်းဖြစ်တယ်။ ရုပ်နယ်လွန် အဆင့်ကျင့်ကြံသူ တို့နဲ့ မျိုးနွယ်စု သုံးခုရဲ့ဧည့်သည် တွေသာ ဝင်ရောက်နိုင်တယ်။
စုမင်သည် မြို့တော်၏ ထိပ်ဆုံးအလွှာအား စူးစိုက်ကြည့်ကာ အတန်ကြာပြီးမှ မျက်လုံးလွှဲလိုက်သည်။ စတုတ္ထမြောက် အလွှာရှိ အပင်များ ရောင်းချနေသည့် ဈေးဆိုင်များသို့ လျှောက်သွားခဲ့သည်။
တောင်တန်းဝိညာဉ်နှင့် တောင်အရပ်ခွဲခွာ တို့အားဖန်တီးရန် လိုအပ်သည့်ဆေးပင်များ မဝယ်ပါ။ သူဒီကို လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ အနောက်ဘက် မဟာမိတ် နယ်မြေသို့ လမ်းပြမည့် မြေပုံတစ်ခု ရှာဖွေရန်နှင့် ဝိညာဉ်လုယက် ဖော်စပ်ရန် လိုအပ်သောဆေးပင်တို့ ရှာယူရန်ဖြစ်၏။
ဈေးဆိုင် အများအပြားသို့ တစ်မနက်လုံး လျှောက်သွားနေခဲ့သည်။ ထိုဆိုင်များတွင် ဆေးပင် အမျိုးအစား တို့စုံလင်သော်လည်း လေပြည်စီးကြောင်း ထက်ပို၍ ဈေးနှုန်းမြင့်မားသည်။
ကံကောင်းသည်မှာ စုမင်၏ အိတ်ကပ်တို့မှာ လေးစားသမှုဖြင့် ဖန်းမုက ပေးထားသည့် ကျောက်ဒင်္ဂါးပြားတို့ ပြည့်နှက်လျက် ရှိနေခြင်းပင်။
"ဝိညာဉ်လုယက် အတွက် ဆေးပင်၅ မျိုးလောက်တော့ လိုနေသေးတယ် ... ဒါပေမဲ့ ..."
နေမွန်းတည့်ချိန် ရောက်သော် စုမင်မှာ စဉ်းစားရင်း ငြိမ်သက်နေပြန်၏။ တတိယအလွှာ၏ အဝင်ပေါက်သို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုအဝင်ဝ၌ ခမ်းနားကြီးကျယ်သော ရိတ်တံခါးဝလည်း ရှိကာ တံခါး အတွင်းဘက်၌ တဖျပ်ဖျပ် လင်းနေသော အလင်းရောင်ဖျဖျ လည်းရှိနေ၏။ ထိုတံခါး အနားတွင် လူဒါဇင်ချီ၍ စုဝေးရောက်ရှိ နေပြီး အားလုံးက ဖျော်ဖြေရေး အတွက် ရောက်ရှိနေခြင်း ဖြစ်သည်။
တံတားကို ဖြတ်ကျော်ကြသူ မာန်စွမ်းအားရှင် အချို့အား စုမင် မြင်တွေ့နေရပြီး အချို့မှာ ကျင့်ကြံခြင်း အဆင့်မလုံလောက် သောကြောင့် ထုတ်ပယ်ခံလိုက် ရသည်။ သူတို့၏ မျက်နှာများမှာ ဒေါသတရား တို့ဖြင့်ပြည့်နှက် နေသော်လည်း လုပ်နိုင်တာ ဘာမှ မရှိဘူးလေ။ ထပ်မံ၍ ကြိုးစားအားထုတ်ခြင်း မပြုကြတော့ဘဲ စောင့်ကြည့် ပရိသတ် လူအုပ်ကြီးထံ လျှောက်လှမ်းသွားသည်။
ခေတ္တမျှ လေ့လာစမ်းစစ် ပြီးနောက်တွင် စုမင်သည် ဂိတ်ဝသို့ လျှောက်သွားသည်။ သူရောက်ရှိ သွားသည်နှင့် အပျော်သဘော လာကြည့် နေသူများက စုမင်အား လှမ်းကြည့်ကြသည်။
စုမင်မှာ တည်ငြိမ်ဆဲပင်။ အလင်းရောင်ဖျဖျထံ တိုးကပ်သွား ခဲ့သော်လည်း ထိုအခိုက်တွင် တွန်းကန်သည့် အင်အားတစ်ရပ် မိမိကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က မိမိကို အားကြီးနှင့် တွန်းပစ်လိုက် သကဲ့သို့ပင်။ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရကာ တံခါးမှ ဖြတ်မရသည်ကို တွေ့လိုက်ရသည်။
"ကန့်သတ်ချက်က သွေးကြောကျောက်သား အဆင့်၈ ပဲကိုး"
စုမင် မျက်မှောင်ကြုတ်၍ အနောက်သို့ ဆုတ်လိုက်သည်။ သူသည် တွန်းကန်အား တစ်ခုတည်း အပေါ်အခြေခံ၍ တတိယအလွှာအား ဝင်ရောက်နိုင်ရန် လိုအပ်ချက်အား ကောက်ချက်ချ လိုက်နိုင်သည်။
"လုပ်နိုင်စွမ်း မရှိတဲ့သူတစ်ယောက် လာကြိုးစားကြည့် ပြန်ပြီဟေ့။ ဒီမယ် ... ငါမင်းကို ပြောနေတာ ဒီကိုလာခဲ့" ဘေးမှရပ်ကြည့် နေသော လူအုပ်ကြီးမှ စုမင်အား ချက်ချင်း လှမ်းခေါ်ကြသည်။
စုမင်က အေးတိအေးစက် ကြည့်လိုက်သည်။ သူ့အား စကား ပြောလိုက်သူမှာ သွေးကြောကျောက်သား အဆင့်၅ ရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်သည်။ စုမင်က သူ့ကို သုန်မှုန်သော မျက်နှာဖြင့် ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် စူးစူးရဲရဲ ပြန်ကြည့်၍ သူ့ခါးတွင် ချိတ်ထားသည့် အဖြူရောင် ပလိတ်ပြားအား မြင်သာအောင် ပြသလေသည်။
"ဟမ့် ... မင်းကိုကြည့်ရတာ ခေါင်းမာပုံပဲ။ ငါ ဒါကို ၁၀၀၀နဲ့ အမြဲ ရောင်းလေ့ ရှိပေမဲ့ မင်းကိုတော့ ... ဒီတတိယ အလွှာကိုဖြတ် ကြည့်ချင်ရင် ဒါကို ၁၃၀၀ ပေးမှ ရောင်းပေးနိုင်မယ်" သက်လတ်ပိုင်း အမျိုးသားက အေးစက်စွာ ဟမ့်ခနဲ အသံပြု၍ ရင်ဘတ်ထဲမှ လက်ဖဝါး အရွယ်ရှိ ကျောက်စအား ထုတ်ကာ လက်ထဲ၌ ဝှေ့ယမ်း နေလေသည်။
စုမင်မှာမူ အကြည့်လွှဲ၍ ထိုလူအား အဖတ် မလုပ်တော့ပါ။ ဂိတ်မှ အလင်းရောင်ဖျဖျ အားကြည့်၍ နောက်ထပ်တစ်ခေါက် လျှောက်သွားပြန် လေသည်။
စုမင်၏ အပြုအမူကြောင့် ထိုလူသည် အေးတိအေးစက် ရယ်သွေးသွမ်းသည် သာမက မျိုးနွယ်စုသုံးခုမှ ဂိတ်ဖြတ်ကူးခွင့် ရောင်းချနေသော အခြားလူများကလည်း လှမ်းကြည့်ကာ လှောင်ပြောင်ရယ်မော ကြလေ၏။
"ငါသူ့လို လူကိုမမြင်တာ နည်းနည်းတော့ ကြာပြီ။ ဖန်လင်း၊ ဒီဖြတ်ကူးခွင့်ကို ၁၃၀၀ မရမချင်း သူ့ကို မရောင်း ပေးနဲ့တော့"
"သူ့ကို ဖန်လင်း အရင်ရသွားတာ နှမြောလိုက်တာ။ ဒီတစ်ခါ အချီကြီး ပွပေါက်တိုးတာပဲ။ ငါသာဆိုရင် ၂၀၀၀အောက်ထစ် နည်းနည်းမှ လျှော့မရောင်း ဘူးကွာ။ မတန်တဆဈေးနဲ့ ဝယ်ရတာဖြစ်ဖြစ် မဝင်နိုင်တာပဲ ဖြစ်ဖြစ်က သူ့ဘာသာ အဆင့် မလုံလောက်တဲ့ အမှားပဲလေ"
သည်လူများအားလုံး တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းကြသည်မှာ ထင်ရှားသည်။ ရယ်မောရင်း သူတို့ကြား၌ သဘော တူညီမှုပင် ဖြစ်ပေါ်လာ၏။ ဘယ်သူမှ ဈေးနှိမ့်ပြီး မရောင်းကြ၊ ပိုမြင့်ရန်သာ ရှိသည်။
သူတို့၏ ရယ်သံက ဘေးပတ်ဝန်းကျင်မှ လူတို့အား စိတ်ဝင်စားမှု ဖြစ်ပေါ်စေသည်။ အထူးသဖြင့် တံခါးကို မဖြတ်သန်း နိုင်ခဲ့သော သူတို့အား ဖြစ်၏။ အများစု၏ မျက်နှာထက်တွင် သနားဖွယ့် မျက်နှာထားကိုယ်စီ ရှိကြလေသည်။
ဂိတ်တံခါးနှင့် စုမင် နီးကပ်လာ ခဲ့သော်လည်း အထဲသို့ မဝင်သေးပါ။ အလင်းရောင်ဖျဖျအား ညာလက်ဖြင့် တွန်းကာကြည့်ရာ ထိုမှထွက်ပေါ် လာသည့် ပြန်လည် တွန်းကန်အားကို ခံစားလိုက်ရပြန်သည်။
"ကျောက်ဒင်္ဂါး၂၀၀၀ ကွာ။ ကျောက်ဒင်္ဂါး၂၀၀၀ ပဲပေး၊ ငါ ဒီဖြတ်သန်းခွင့်ကို ပေးလိုက်မယ်။ ကောင်လေး ငါပြောမယ်၊ ဒီနေရာမှာ ဒုက္ခရောက်တာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူးကွ။ မင်း ဒီနေ့မဝယ်ထားရင် ငါတို့စည်းကမ်းချက် တွေအရ ငါတို့ ဒီမှာ မရှိနေသည့်တိုင် ပိုများတဲ့ ကျောက်ဒင်္ဂါးပြား တွေကိုသုံးစွဲ ရဦး …" ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုမှ သက်လတ်ပိုင်း လူကြီးက ကျယ်လောင်စွာ အော်ဟစ်ပြောဆို နေရာမှ ပြော၍ မပြီးသေးခင် ဖြတ်ချခံ လိုက်ရသကဲ့သို့ သူဆက်ပြောမည့် စကားများကို မျိုချလိုက်တော့သည်
အခြားသူများလည်း မှင်တက်နေကြ၏။ ရယ်နေသူ မရှိတော့ဘဲ မျက်နှာပေါ်တွင် ထိတ်လန့်မှု အထင်းသားနှင့် တံခါးဝအား စောင့်ကြည့်နေကြသည်။
သူတို့အားလုံးသည် စုမင် ဂိတ်ဝတွင် မလှုပ်မယှက် ရပ်နေသည်ကို မြင်ကြသည်။ သူ၏ ညာဘက်လက်အား အလင်းဖျဖျထဲ ထည့်လိုက်သော် အလင်းရောင်က တလက်လက် တောက်ပလာခဲ့သည်မှာ မမြင်ရသည့် အင်အားတစ်ရပ်က စီးဝင်နေသည် မသိပေ။ အဝတ်စတစ်စစီ ဆွဲဖြဲစုတ်ခံ နေရသကဲ့သို့ ခံစားရသည်။ အလင်းရောင်ထဲတွင် နက်ရှိုင်းသော ချိုင့်ခွက်ကြီး ပေါ်လာခဲ့ပြီး ထို အခြင်းအရာကြောင့် လေလှိုင်းကြက်ခွပ် များပင်ဖြစ်ပေါ် လာသည်မှာ ဖိအားကို မခံရပ်နိုင် တော့သည့်နှယ် ဖြစ်သည်။
ထိုမြင်ကွင်းအား ကြည့်ကာ ဖြတ်သန်းခွင့် ရောင်းနေသည့် မျိုးနွယ်စု သုံးခုမှာ လူများမှာ သက်ပြင်းမောရှိုက် မိကြလေသည်။ ဤနေရာတွင် ဤနည်းလမ်းဖြင့် နှစ်ပေါင်းများစွာ ငွေရှာခဲ့ကြသည်။ တွေ့ကြုံခဲ့ရတာ တွေများပြီဟုပင် ဆိုနိုင်ပါသေးသည်။ ထိုမြင်ကွင်းမျိုးအား ကြိမ်ဖန်များစွာ မြင်ဖူးသော်လည်း ထိုကဲ့သို့ အခြေအနေ ပေါ်တိုင်း ရုပ်နယ်လွန် အဆင့်အစွမ်းထက် ပညာရှင်တို့ကြောင့် ဖြစ်ချေသည်။
ရုပ်နယ်လွန် အဆင့်မာန် စွမ်းအားရှင်တို့ ဂိတ်တံခါးမှ ဝင်ရောက်သည့်အခါတိုင်း အလင်းရောင်ဖျဖျသည် ဘေးသို့ဆွဲဖယ်ခြင်းခံရသကဲ့သို့ ဖျက်ဆီးခံ ရသကဲ့သို့ ဖြစ်တတ်သည်။
တိတ်ဆိတ်မှုများ အလယ်၌ ဂိတ်တံခါးဝရှိ အလင်းရောင်ထဲတွင် အက်ကွဲကြောင်း တစ်ခုပွင့်ဟ လာခဲ့သည်။ စုမင်က ညာလက်ကို ဖြည်းညင်းစွာ ပြန်ရုတ်၍ အက်ကွဲကြောင်းတွင်းသို့ တည်ငြိမ်စွာ ဝင်ရောက်သွားသည်။ ထိုသို့ ဝင်သွားသည်နှင့် ဂိတ်ဝရှိ အလင်းရောင်မှာ ပုံမှန်အတိုင်းပြန် ဖြစ်သွားသည်။
ဂိတ်အပြင်ဘက် တွင်ကား တိတ်ဆိတ် ငြိမ်သက်မှုကသာ ကြီးစိုးထား၏။ သက်လတ်ပိုင်း လူကြီးမှာ စိတ်လှုပ်ရှား နေသော်လည်း တည်ငြိမ်ဟန်ဆောင် ထားခဲ့သည်။ သူ့ဘေးနားမှအခြားသောမျိုးနွယ်ဝင်များသည်လည်း ခေတ္တမျှ မှင်တက်နေပြီးနောက်တွင် သူ့အား သနားသော အကြည့်များဖြင့် ဝိုင်းကြည့်ကြ လေသည်။
"မင်းက ရုပ်နယ်လွန် အဆင့်မာန် စွမ်းအားရှင် တစ်ယောက်ကို အပြစ်ပြု မိလိုက်တာပဲ။ ဖန်လင်းရေ ကံကောင်း ပါစေကွာ"
"သူ့ကို ရုပ်နယ်လွန် အဆင့်လို့ မထင်မိဘူး။ သူ့ကိုကြည့်ရတာ ဘယ်နှနှစ်လောက် ထင်ရလဲ"
"သူ့ကိုငါ တစ်ခါမှ မမြင်ဖူးဘူး။ ဟန်တောင်တန်း မြို့တော်ကို ရောက်တာ မကြာသေးဘူး ဖြစ်ရမယ်"
သက်လတ်ပိုင်း လူကြီးမှာ စိတ်လက် မချမ်းမသာ ခံစားနေရသည်။ သူ့ကိုယ်သူ တည်ငြိမ်သယောင် ထိန်းချုပ်ထားသော်လည်း သူ့နှလုံးသားထဲက ကြောက်စိတ်ကတော့ ဖြတ်သန်းခွင့်တွေ ဆက်မရောင်းနိုင် ရဲတော့အောင်အထိ ဖြစ်စေသည်။ သူ့တွင် ခါတိုင်းဆို လိမ္မာပါးနပ်သော မျက်လုံးရှိသည် ဖြစ်ပြီး ထိုသို့သာ မဟုတ်လျှင် ဒီလို လုပ်ငန်းလုပ်ကိုင် နိုင်မည်လည်း မဟုတ်ပေ။ စုမင်၏ ကျင့်ကြံခြင်း အဆင့်အား ခန့်မှန်းကြည့်ပြီးမှ ထိုစကားများကို ပြောရဲခြင်းဖြစ်သည်၊ သူ၏ တွက်ချက်မှု မှားယွင်းနေ လိမ့်မည်ဟု လုံးဝ မတွေးဖူးပါ။
တွေးလေလေ မှားလေပြီဟု ခံစားလာခဲ့ရသည်။
ထိုအခိုက်တွင် စုမင်မှာ ဟန်တောင်တန်း မြို့တော်၏ တတိယ အလွှာသို့ လှမ်းလျှောက်ဝင်ရောက် သွားပြီဖြစ်၏။ ဂိတ်တံခါးများ တိုင်းမှ အလင်းရောင်ကို ကြည့်ပြီး စဉ်းစားတွေးခေါ် နေသည့်မျက်နှာထား ပေါ်ထွက်လာသည်။
"ကြည့်ရတာ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းက သွေးကြော ကျောက်သားအဆင့် လောက်မှာ ကျွမ်းကျင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး ထင်တယ်။ ကောင်းမွန်စွာ ထိန်းချုပ်ခြင်း လုပ်ဆောင်နိုင်တာနဲ့ ဒုတိယ အကြိမ်မြောက် ငါ့ရဲ့ ချီကို လှည့်ဖြား နိုင်ပြန်ပြီ။ အလင်းရောင်ထဲက ချိုင့်ခွက်ပေါ်လာတဲ့ ပုံစံကလည်း ငါ့ရဲ့ ဝင်ရောက်မှုက အခြားသူတွေနဲ့ မတူဘူးဆိုတာ ထင်ရှားတယ်"
တိတ်ဆိတ်စွာ စဉ်းစားရင်း စုမင်သည် လမ်းအတိုင်း တက်လှမ်းခဲ့သည်။ မဝေးလှသော နေရာတွင် ရှိနေသည်မှာ ဟန်တောင်တန်း မြို့တော်၏ ဒုတိယ အလွှာပင်ဖြစ်သည်။ ထိုနေရာတွင် အဆောက်အဦ အများအပြား မရှိသကဲ့သို့ လမ်းလျှောက် သွားလာသူများလည်း နည်းပါးသည်။ ဤနေရာတွင် လမ်းလျှောက်နေသူ တို့မှာ အနည်းဆုံး သွေးကြောကျောက်သား အဆင့်၈ ရှိကြသည်။ အဆောက်အဦများ ပင်လျှင် ခမ်းနားထည်ဝါသော ခွန်အားနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဖိအား တို့အား ထုတ်လွှတ်လျက် ရှိသည်။
ထိုအဆောက်အဦတွင် အစွမ်းထက် မာန်စွမ်းအားရှင်တို့ နေထိုင်နေကြသည်မှာ ထင်ရှား၏။
နေမွန်းတည့်ချိန် မျှပင်ရှိသေးသော်လည်း ဤအလွှာမှာ စတုတ္ထမြောက် အလွှာကဲ့သို့ မစည်ကားပါ။ စုမင်မျက်လုံးတွေ ရုတ်တရက် လင်းချင်းသွားကာ ဈေးဆိုင်များဆီသို့ လျှောက်သွားခဲ့သည်။ သူ့မျက်နှာထက်၌ အံ့ဩမှုတို့ ပေါ်ထွက် လာခဲ့သော်လည်း အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။
သားရဲကောင်တို့ ထံမှရရှိသည်များ အားရောင်းချသည့် ဆိုင်တစ်ဆိုင် ရှိနေသည်။ သွေးညှီနံ့တို့က လေထုထဲတွင် ပျံ့လွင့်လျက်ရှိ၏။ ဆိုင်တွင် တင်ပျဉ်ချိတ် ထိုင်လျက်ရှိသော အဘိုးအို တစ်ယောက်လည်း ရှိနေ၏။ သူ့ညာဘက်လက်တွင် ခေါင်းလောင်းနက် အများအပြား ရှိသည်။
ဆိုင်ကား သိပ်မကြီးလှ။ နံရံ၏ ညာဘက်ခြမ်းတွင်မူ အနက်ရောင် သစ်သားတွယ်အပ်များ ရှိသည်။ ထိုတွယ်အပ်များမှာ ကြိတ်ဆုံကျောက် အရွယ်အစားရှိ ပင့်ကူတစ်ကောင်ပေါ် နေရာတကျ ထိုးစိုက်ထားခြင်း ဖြစ်၏။ ထိုပင့်ကူမှာ ခြေကိုးချောင်း ရှိပြီး သေလွန်ပြီးဖြစ်သည်။
ကိုးချောင်းမြောက် ခြေချောင်းမှာ အနီဖြစ်ပြီး ၎င်းပင့်ကူရှိ အခြားသော ခြေချောင်းများနှင့် ကွဲထွက်နေသည်မှာ ထင်ရှားသည်။
"ဒါက ငါ နတ်မင်းကြိုဆိုဖို့ ကိုဖော်စပ်ရမဲ့ ပါဝင်ပစ္စည်း တွေထဲက တစ်ခုပဲ။
စုမင် ဆိုင်သို့ လျှောက်သွားသည်။
ဆိုင်ထဲသို့ဝင်မည့် အခိုက်တွင် တောင်ပေါ်တွင် လွင့်မျောလျက်ရှိသော မြူစိုင်သုံးခုမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ စတင်တုန်ခါ လာကာ ထစ်ချုန်းသံ များလည်းပေါ်ထွက် လာသည်။
ထိုသို့ရုတ်ခြည်း ပြောင်းလဲမှုက ဆိုင်အတွင်းရှိ အဘိုးအိုအား မျက်လုံးပွင့် လာစေသည်။ သူတစ်ယောက်တည်း မဟုတ်ပါ။ တတိယအလွှာတွင် ရှိသူအားလုံးနီးပါး ခေါင်းမော့ကြည့်ကာ ရင်ဘတ်ထဲက နှလုံးသားတို့ လူးလွန့်လှုပ်ရှား သွားကြ၏။
မြူစိုင်သုံးခုမှာ ပို၍ပင် မြန်ဆန်စွာ လှုပ်ခတ်လာသည်။ တစ်ချိန်တည်းတွင် တောင်စဉ်တန်းတို့ဖြင့် ဝန်းရံနေသည့် မြို့တော်၏ အထွတ်အထိပ်တွင် တည်ရှိသော ကြယ်စင်စုဝေး မျှော်စင်မှ အိုမင်းရင့်ရော်သည့် ခေါင်းလောင်းမှာ ရုတ်တရက် လှုပ်ယမ်းသွားသည်။
ခေါင်းလောင်းသံမှာ ဒြပ်မဲ့ အသံလှိုင်း အမြောက်အမြားအဖြစ် တောင်အောက်အထိ ပျံ့လွင့်သွားသည်။ တတိယ အလွှာရှိလူ အားလုံးတို့အား စိတ်ဝင်စား စေရုံမျှမက စတုတ္ထအလွှာမှ လူများကြားတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ဒုတိယအလွှာမှ လူများပင် အာရုံစိုက်မော့ ကြည့်ကြ၏။
"ခေါင်းလောင်းသံ သုံးချက်မြည်တယ် ဟန်တောင်တန်း မြို့တော်ရဲ့ သွယ်ဆက် ကြိုးတန်းတွေကို စိန်ခေါ်သူ တစ်ယောက်ယောက် ရှိနေပြီ"
"ဟန်တောင်တန်း မြို့တော်ရဲ့ သွယ်ဆက်ကြိုးတန်းတွေကို စိန်ခေါ်တဲ့သူ မပေါ်တာ တော်တော်ကြာပြီ ကျရှုံးသူ အများစုကတော့ သေတာပဲ၊ ဒါပေမဲ့ သူတို့အောင်မြင်ရင် မျိုးနွယ်စု သုံးခုက သူ့ရဲ့တောင်းဆိုမှု တစ်ခုကို ဖြည့်ဆည်းပေး ရတယ်"
"တောင်းဆိုချက်က အဓိက မဟုတ်ဘူး။ သူတို့အောင်မြင်ရင် မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဧည့်သည်တော် ဖြစ်လာမှာ။ အဲဒီ အဆင့်အတန်းက ပုံမှန်ဧည့်သည် တစ်ယောက်ထက်တော့ မြင့်မားတယ်။ အဲဒါက ဟန်တောင်တန်း မြို့တော်ကနေ တပည့်တစ်ယောက်ကို အေးခဲကောင်းကင်ကလန်က ခေါ်ယူဖို့ လိုအပ်ချက်တွေထဲက တစ်ခုလည်း ဖြစ်တယ်လို့တောင် ငါကြားဖူးတယ်"
"ဟန်တောင်တန်းရဲ့ ဘယ်သွယ်ဆက် ကြိုးတန်းကို စိန်ခေါ်မှာလဲ'
ဆွေးနွေး နှီးနှောမှုများက စုမင်နားထဲသို့ လျှံတက်လာသည်။ ကြိုးတန်းသုံးခု ပေါင်းစု ဆုံစည်းရာ တောင်ထိပ်တွင် လူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။
"အဲဒါ သူကိုး"
စုမင်သည် ထိုလူအား ရှင်းလင်းစွာ မြင်ရသည်တွင် လေးနက်စွာ စဉ်းစားတွေးတော နေသည့် ဟန်ပန်တို့ သူ့မျက်လုံးများ ထဲတွင် ကိန်းဝပ်နေခဲ့သည်။
***