ဟယ်ဖုန်း
Vol. 9 Ch. 120
တောင်ထိပ်ပေါ်တွင် ထိုလူ ရပ်နေရာ လေပြည်တို့က သူ့ကိုယ်ခန္ဓာအား ဖြတ်တိုက်သွားကာ သူ၏ ဆံပင်တို့အား လေနှင့်အတူ ကခုန်သွားစေသည်။ သူဝတ်ဆင်ထားသည့် တိရစ္ဆာန် သားရေထည် မှာလည်း သူ့အား ကြမ်းတမ်း အရိုင်းဆန်သည့် သွင်ပြင်အား ဖြစ်ပေါ်စေ၏။
ထိုလူကား စုမင် ယခင်နေ့ညက မြင်တွေ့ခဲ့သူ ဖြစ်သည်။
ထိုလူ၏ ကိုယ်ပေါ်တွင် သွေးကြောများ ပျံ့နှံ့ဖြာဆင်းလျက် ရှိရာ အံ့မခန်း စွမ်းအားကြီးမားသော ချီ အား ဖြစ်ပေါ်စေလျက် လေထုကိုပင် တုန်ခါသွား စေသည်ဟု ထင်ရသည်။ ထိုအရှိန်အဝါမှ လွှင့်ထုတ်နေသော ဖိအားမှာ ရုပ်နယ်လွန် အဆင့်ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့ သကဲ့သို့ပင်။
သူက ရုပ်နယ်လွန်အဆင့် မရောက်သေးပါ၊ သို့သော် သိပ်သည်း များပြားသော သွေးကြောတို့က ပြသနေသည်မှာ သူသည် သာမန်မာန် စွမ်းအားရှင် တစ်ဦး၏ ၇၈၁ ခုမျှသော သွေးကြော အကန့်အသတ်အား ကျော်လွန်နိုင်ပြီ ဖြစ်သည်။ ကြည့်ရုံဖြင့်ပင် သွေးကြော၈၀၀ ကျော်ရှိကြောင်း သိနိုင်သည်။
ထိုအခိုက်တွင် သူ၏ မျက်နှာထားမှာ ခက်ထန်၍ လေးနက်သည်။ မျက်နှာပေါ်တွင် ပြတ်သားမှုနှင့် စိတ်ပိုင်းဖြတ်ထားမှုတို့ ပြည့်ဝပြီး စူးရှ ထက်မြက်သည့်ဟန် ပေါ်သည်။
"အဲဒါ ဟယ်ဖုန်းပဲ"
"သူလား ငါ ဒီလူအကြောင်းကိုကြားဖူးတယ်။ သူက သွေးကြောကျောက်သား အဆင့်၁၁ ရောက်နေပေမဲ့ ရုပ်နယ်လွန် အဆင့်ကို တက်လှမ်းနိုင်ဖို့ သုံးကြိမ်သုံးခါတိုင် ကျရှုံးခဲ့တယ်တဲ့။ ဒါတောင် ဒီလူရဲ့ လုပ်နိုင်ရည်စွမ်း ထက်မြက်လိုက်တာမှ ရုပ်နယ်လွန် အဆင့် မာန်စွမ်းအားရှင် ငါးဦးကလွဲပြီး ခွန်အားအကြီးဆုံး မာန်စွမ်းအားရှင်လို့ တောင်ပြောလို့ ရတယ်"
"မျိုးနွယ်စု သေးသေးလေးကနေ ဟန်တောင်တန်း မြို့တော်ကို ရောက်လာခဲ့သူ တစ်ယောက်ပဲ။ ဘာကြောင့်မှန်းမသိ သူက သူတို့မျိုးနွယ်စု ငယ်လေးက ယူလာတဲ့ တိရစ္ဆာန်သားရေထည် အဝတ်အစားတွေကိုပဲ ဝတ်ဆင်တယ်။ သူများ အာရုံစိုက် ခံရအောင် သက်သက်လုပ်တယ်ပဲ ငါတော့ ထင်မြင်မိတယ်။ ဒါအပြင် ဟန်တောင်တန်း မြို့တော်ရဲ့ သွယ်ဆက်ကြိုးတန်း တွေကို စိန်ခေါ်ရဲလောက်အောင် ဘယ်လောက်မိုက်မဲ လိုက်သလဲ"
"လွန်ခဲ့တဲ့ ဆယ်နှစ်က ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ ခြောက်ပိုင်းမြောက် ကြိုးတန်းပေါ်မှာ လမ်းလျှောက်နိုင်ပြီး အေးခဲကောင်းကင်ကလန်ရဲ့ တပည့်ဖြစ်ခွင့် ရခဲ့တဲ့ ဆန်းလန်ကလွဲလို့ ဟန်တောင်တန်း မြို့တော်ရဲ့ သွယ်ဆက် သံကြိုးတွေကို စိန်ခေါ်တဲ့နေရာမှာ အောင်မြင်နိုင်သူ တစ်ယောက်မှ မရှိသေးဘူး!"
စုမင်မှာ တောင်ထိပ်အား လေးနက်သည့် မျက်နှာထားဖြင့် ကြည့်နေသော်လည်း သူ့မျက်လုံးများကမူ တဖျပ်ဖျပ် တောက်နေသည်။ ဖန်းမုထံမှ ဟန်တောင်တန်း၏ သွယ်ဆက်ကြိုးတန်း များအကြောင်း မကြားခဲ့ဖူးပါ။ ယခုကဲ့သို့ ကြားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ရာ အချက်အလက်များအား စိတ်ထဲတွင် စုဆောင်းနေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီလောက်က ဟန်တောင်တန်း မြို့တော်မှာ ဟန်တောင်တန်းရဲ့ သွယ်ဆက်ကြိုးတန်းကို လူပေါင်း၆၅ ယောက် စိန်ခေါ်ခဲ့ဖူး ကြတယ်။ ဟယ်ဖုန်းက ၆၆ယောက်မြောက်ပဲ။ ဒါပေမဲ့ အဲဒီ ၆၅ယောက်မှာ ၅ယောက်ပဲအောင်မြင်ခဲ့တယ်" တတိယအလွှာတွင် စုဝေးလာသည့် လူအုပ်ကြီးမှ အိုမင်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသို့ ပြောလိုက်သူမှာ အခုနက စုမင် လျှောက်သွားမည် ကြံသည့် ဆိုင်မှ အဘိုးအိုဖြစ်သည်။
အဘိုးအိုမှာ ဖြည်းညင်းစွာ လျှောက်လှမ်း ထွက်လာ၍ သူတို့အထက်တွင် ရပ်နေသော ဟယ်ဖုန်းအား ကြည့်ကာ နွမ်းလျစွာ ပြောခဲ့သည်။
"ကျရှုံးတဲ့သူ အများစုက သေတာပါပဲ၊ အကုန်လုံးတော့ မဟုတ်ဘူးပေါ့လေ" အဘိုးအိုက တည်ငြိမ်သည့် မျက်နှာထားဖြင့် ရေရွတ်သည်။
ထိုအခိုက်တွင် ဟန်တောင်တန်း မြို့တော် တစ်ခုတည်းသာ လူစုလူဝေး ဖြစ်ပေါ်လျက် တောင်ထိပ်အား အာရုံစိုက် မိကြသည် မဟုတ်ပေ။ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ဟန်တောင်တန်း မြို့တော်၏ အနီးတစ်ဝိုက်တွင် အရပ်မျက်နှာ အနှံ့တွင် တည်ရှိသော၊ သံကြိုးများဖြင့် အသီးသီး ဆက်သွယ်ထားသော တောင်တန်းသုံးခုမှ လူများ၏ အရိပ်တို့သည်လည်း ရွှေ့လျားလာကြသည်။ ဟယ်ဖုန်း၏ အပြုအမူအား သူတို့လည်း စိတ်ဝင်စား ကြသည်မှာ ထင်ရှားသည်။
လူအားလုံးနီးပါးက ဟယ်ဖုန်းတစ်ယောက် မည်သည့် ကြိုးတန်းအား စိန်ခေါ်မည်ကို ခန့်မှန်းနေကြသည်။
ကြိုးတန်းများ ပေါင်းစုစည်းရာ တောင်ထိပ်တွင် ဟယ်ဖုန်း၏ မျက်လုံးများမှာ ဖြတ်ခနဲ တောက်ပသွားသည်။ ပုချန့်မျိုးနွယ်စုနှင့် သွယ်ဆက်ထားသည့် ကြိုးအားကြည့်လိုက်ရာ မျက်လုံးထဲ၌ အေးစက် တင်းမာမှု ထွက်ပေါ်လာ၏။ သူရွေးချယ်မှုက ဒါမဟုတ်ဘူး။ အရောင်စုံ ရေကန်မျိုးနွယ်စု တည်ရှိရာကို ကြည့်သည်။ သူမျက်လုံးထဲတွင် အနီရောင် မြူမှုန်တို့ ထူထပ်စွာ ဝန်းရံထားသည့် တောင်မှာ အရောင်စုံ ရေကန်မျိုးနွယ်စု ဖြစ်သည်။ ထိုမြူမှုန်များ ကြားတွင် အမျိုးသမီး တစ်ယောက်၏ မျက်နှာပုံကောက်ကြောင်း ဖျော့ဖျော့ရှိသည်။
သူသည် အသက်ပြင်းပြင်း ရှူသွင်းသည်၊ ထိုသို့ အရိုင်းဆန်သော သွင်ပြင်ရှိသည့် အမျိုးသားသည် အရောင်စုံ ရေကန်မျိုးနွယ်အား သွယ်ဆက်ထားသည့် ကြိုးတန်းဆီသို့ ရွှေ့လျားရန် ခြေထောက်ကို မသည်။
သူလှုပ်ရှားလိုက်သည့် တစ်ခဏ တောင်ထိပ်အား လှမ်းကြည့် နေကြသည့် ဟန်တောင်တန်း မြို့တော်မှ လူများမှာ တခဲနက် ကြွေးကြော်လိုက်ကြသည်။ ရေတွက် မရနိုင်သော မျက်လုံးအစုံများ အောက်၌ ဟယ်ဖုန်းသည် အရောင်စုံ ရေကန်မျိုးနွယ်စုနှင့် သွယ်ဆက်ထားသည့် ကြိုးတန်းပေါ်သို့ တဖြည်းဖြည်းလျှောက်လှမ်း သွားတော့သည်။
ကြိုးတန်းပေါ်သို့ ခြေချမည့်အလုပ်တွင် သွေးကြောကျောက်သား အဆင့်မာန် စွမ်းအားရှင် အားလုံးတို့အား ဖိနှိပ်ထား နိုင်သည့် အင်အား တစ်ရပ်မှာ တောင်တန်းမြို့တော် ၏ ဒုတိယ အလွှာမှာ ပွင့်ထွက်လာခဲ့သည်။ တစ်ချိန်တည်း မှာပင် ကြိုးတန်းအား စိန်ခေါ်နေသော ဟယ်ဖုန်းထံသို့ သွားရောက် လိုသည့်ဟန်နှင့် ခရမ်းရောင် ဝတ်လူတစ်ယောက်က လေထဲသို့ ထိုးတက်သွားသည်။
"ဟယ်ဖုန်း" ခရမ်းရောင် ဝတ်လူက ပျံတက်လာကာ ကြုံးဝါးလိုက်သည်။
သူ့အသံမှာ မိုးခြိမ်းသကဲ့သို့ ဖြစ်၏။ လေထုထဲတွင် ပျံ့နှံ့သွားကာ ကြားရသူတိုင်းအား နားကန်းတော့မတတ် နားအူသွားစေသည်။ တောင်ထိပ်တွင် ရပ်နေသော ဟယ်ဖုန်းမှာလည်း ဆတ်ခနဲ တုန်ယင်သွားသည်။ ထိုအရပ်သို့ ကြည့်လိုက်ရင်း သူ့မျက်နှာထက်၌ အမုန်းတရားနှင့် ထိတ်လန့်မှု အရိပ်အယောင်တို့ ပေါ်ထွက်လာခဲ့၏။
"ရုပ်နယ်လွန်အဆင့် ..."
စုမင်သည် ခရမ်းရောင်ဝတ် လူအားကြည့်အား အသက်ပြင်းပြင်း ရှူသွင်းမိ၏။ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်ကို ပထမဆုံး ကြုံတွေ့ရသကဲ့သို့ မအံ့ဩ မတုန်လှုပ်တော့ပြီ။
"ဆရာရွှမ်းလွမ်"
"ဟန်တောင်တန်း မြို့တော်က မျိုးနွယ်စုသုံးခုက လူတွေကို ထည့်မတွက်ရင် ရုပ်နယ်လွန် အဆင့်သမား ၅ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဆရာရွှမ်းလွမ် ပါလား"
အံ့ဩတကြီး ရေရွတ်သံများက လေထုထဲတွင် ပျံ့နှံ့ နေခဲ့သည်။ တစ်စုံတစ်ဦးက ဟန်တောင်တန်း မြို့တော်၏ ကြိုးတန်းများအား စိန်ခေါ်တော့မည့် ဆဲဆဲ ဤဖြစ်ရပ်မျိုး ဖြစ်ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့် ထားကြချေ။
ခရမ်းရောင်ဝတ်လူမှာ လေကိုထိုးခွင်း၍ ရွှေ့လျားသွားသည်။ တောင်ထိပ်သို့ ရောက်လုရောက်ခင်၌ ဟယ်ဖုန်း သွားရောက်လိုသည့် အနီရောင်မြူမှုန်လွှာ အောက်တွင် ပုန်းကွယ်တည် ရှိနေသည့် အရောင်စုံရေကန် တောင်တန်း၏ ကြိုးတန်းအဆုံးမှ ဟမ့်ခနဲ အေးစက်စွာ လှောင်ရယ်သည့်အသံ ထွက်ပေါ်လာခဲ့၏။
အေးစက်သောလှောင်ရယ်သံမှာ အဝေးကြီးမှ ရောက်လာခဲ့ဟန်တူသော်လည်း ခရမ်းရောင်ဝတ်လူ၏နားသို့ကျရောက်သွားသည်နှင့် ထိုလူမှာ ဆတ်ခနဲ တုန်ခါသွားသည်။ သို့သော် သူမရပ်လိုက်ပါ။ အရှေ့သို့ တစ်ဟုန်ထိုး ပြေးလွှားသွားရင်း တောင်ထိပ်မှ ဟယ်ဖုန်းအနားသို့ နီးကပ်လာသည်။ ညာလက်ကိုမြှောက်၍ လက်သည်းစွယ်တို့ ထုတ်ကာ ဟယ်ဖုန်းအား ပွတ်ဆွဲလိုက်သည်။
ဟယ်ဖုန်းမျက်နှာမှာ ဖြူရော်သွားသော်လည်း သူမရှောင်ပါ။ ခရမ်းရောင်ဝတ်လူ သူ့အနား နီးကပ်လာသည် ကိုသာ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲမှ ထိတ်လန့်သည့် အမူအရာတို့ ပျောက်ဆုံးသွားပြီ ဖြစ်လျက် ကောင်းကင်ကို လောင်မီးကျ သွားစေနိုင်သည့် အမုန်းတရားများ အဖြစ်သို့ ပကတိပြောင်းလဲ သွားသည်။
ခရမ်းရောင်ဝတ်လူ၏ လက်သည်းများက ဟယ်ဖုန်ုးအား ထိမိတော့မည့် အခိုက်တွင် ဟယ်ဖုန်း၏ ကိုယ်ခန္ဓာမှ အနီရောင် မြူမှုန်တို့ ရုတ်ခြည်းထွက်ပေါ် လာခဲ့ကာ သူ့ဘေးနား ပတ်လည်တွင် မြူလွှာအကာအရံ ဖြစ်ပေါ်စေခဲ့သည်။
ခရမ်းရောင်ဝတ်လူ၏ လက်သည်းတို့နှင့် မြူမှုန် အကာအကွယ်တို့ ပြင်းထန်စွာ တွေ့ဆုံမိကြသည်။ ရုပ်နယ်လွန် အဆင့်မာန် စွမ်းအားရှင်မှာ တုန်ယင်သွားလျက် အနောက်သို့ ပေပေါင်းရာချီ၍ ခြေလှမ်းဆုတ် သွားရသည်။ ထိုအခိုက်တွင် သူ့မျက်နှာလည်း ပေါ်ထွက်လာရာ ခရမ်းရောင်ဝတ်ရုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်နေခဲ့သည်။ သူ့မျက်နှာမှာ မကျေမချမ်း ဖြစ်လျက် သတ်ဖြတ်လိုမှု အရိပ်အယောင်တို့ ပြည့်လျှမ်းနေ၏။
"ရန်လွမ် ... ဒါ ဘာအဓိပ္ပာယ်လဲ"
"ရှင်နဲ့ ဟယ်ဖုန်းတို့ကြားမှာ ဘာရန်ငြိုးတွေ ရှိနေလဲ ကျွန်မ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျွန်မတို့မျိုးနွယ်စုနဲ့ သွယ်ဆက်ထားတဲ့ ကြိုးတန်းကို စိန်ခေါ်ဖို့သူ ရွေးလိုက်ကတည်းက ရှင့်မှာသူ့ကို အန္တရာယ်ပေးခွင့် မရှိတော့ဘူး။ ဒါက မျိုးနွယ်စု သုံးခုကြားက သဘောတူညီမှုပဲ။ ပုချန့်မျိုးနွယ်စု အနေနဲ့လည်း စည်းကမ်းချိုးဖောက်မှာ မဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်"
အရောင်စုံ ရေကန်မျိုးနွယ်စု တည်ရှိရာ ဝေးကွာသော တောင်တန်းမှ အေးစက်တည်ငြိမ် လှသည့် အမျိုးသမီးသံမှာ ဖြည်းဆေးစွာ ထွက်ပေါ်လာခဲ့၏။
ဟန်တောင်တန်း မြို့တော်တစ်ခုလုံး တိတ်ဆိတ်နေသည်။ စုမင်သည် ထိုနေရာတွင် ရပ်လျက် အားလုံးကို မှတ်သားနေခဲ့သည်။ သူ၏ခေါင်းထဲတွင် ဟယ်ဖုန်းဟု ခေါ်သောထိုလူက ယခင်နေ့ညက မျက်နှာတွင် ဇာပဝါ လွှမ်းထားသည့် အမျိုးသမီး တစ်ယောက်အား စောင့်နေခဲ့သည့် မြင်ကွင်းအား ပြန်မြင်ယောင် ခဲ့သည်။
"အသံက မတူဘူး။ လူနှစ်ယောက် ဖြစ်နေမလား ... မနေ့ညက အမျိုးသမီး ပြောခဲ့တာက သူ့ရဲ့ထိုက်တန်မှုကို ပြသနိုင်ဖို့ တစ်နေ့အတွင်း ကြိုးစားပေးမယ်တဲ့။ ဟယ်ဖုန်းကို ကြည့်ရတာ သူ့ရဲ့ ထိုက်တန်မှုကို ပြဖို့ ဟန်တောင်တန်း မြို့တော်ကို စိန်ခေါ်တာပဲ"
"ဒါပေမဲ့ သူက ဘာနဲ့ထိုက်တန်ကြောင်း သက်သေပြဖို့ ကြိုးစားနေတာလဲ။ အရောင်စုံရေကန် မျိုးနွယ်စုကို ဝင်ဖို့ အဲဒီလောက် ခက်မယ် မထင်ပါဘူး။ ဒီကြိုးတန်းတွေကို စိန်ခေါ်ဖို့ကြိုးစားရင်း လူတွေအများကြီး သေခဲ့ကြတယ်လေ"
စုမင်သည် တောင်ထိပ်တွင် ရပ်နေကြသော ဟယ်ဖုန်းနှင့် ရွှမ်းလွမ်ဟု ခေါ်တွင်သော အနှီလူအား ကြည့်လိုက်သည်။ သူ ခန့်မှန်းဖို့ပင် မလိုပေ။ သူတို့၏စကား အသွားအလာကို နားထောင်ရသည်နှင့် သည်လူ နှစ်ယောက်ကြားတွင် အမုန်းတရားတို့ အတော်လေး နက်ရှိုင်းကြမည်ကို စုမင် အတပ်ပြောနိုင်သည်။
"ဒီရွှမ်းလွမ်က သိနေလောက်တယ်။ ပြီးတော့ သူစိုးရိမ်နေပုံ ရတယ်။ ဒါကြောင့် ဟန်တောင်တန်း မြို့တော်က မျိုးနွယ်စုသုံးခု တို့ချမှတ်ထားတဲ့ ခိုက်ရန်ဖြစ်ပွားခြင်း မပြုရဆိုတဲ့ စည်းမျဉ်းကို မျက်ကွယ်ပြုလို့ ဒီလိုပြုမူ နေတာပဲ"
စုမင်မျက်လုံး ထဲတွင် နက်နဲတည်ကြည်စွာ စဉ်းစားတွေးခေါ် နေသောဟန် ရှိ၏။ သို့သော် ဒါက သူနှင့်ဘာမှ မဆိုင်သည်မို့ ခေတ္တမျှသာ တွေးတော၍ လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။
ရွှမ်းလွမ်၏ မျက်နှာမှာ ပို၍ မကျေမချမ်း ဖြစ်လာ၏။ သို့သော် စကားပြောလိုက်သည့် အမျိုးသမီးအား သတိထားနေရသည်။ မည်သို့ပင် ဆိုစေကာမူ သူသာ လက်လျှော့လိုက် ရလျှင်လည်း ကျေနပ်နိုင်မည် မထင်ပေ။ ထိုအချိန်ကား သူလှုပ်ရှားရမည့်အချိန်ဖြစ်၍ မဟုတ်ပါက ဟယ်ဖုန်း သေသွားလျှင် သူလိုချင်သည့် ပစ္စည်းရရှိဖို့ အခွင့်အရေးအား အလဟဿ ဆုံးရှုံးပေမည်။
သူ့မျက်လုံးထဲတွင် ဟယ်ဖုန်း အောင်မြင်နိုင်ချေ လုံးဝမရှိပါ။
ထိုအခိုက်တွင် အနက်ရောင် မြူမှုန်တို့ ဝန်းရံလျက်ရှိသည့် ပုချန့်မျိုးနွယ်စု တည်ရှိသည့် တောင်အထက် မြူမှုန်ထဲတွင် တင်ပျဉ်ချိတ် ထိုင်နေသော အရိုးစုထံမှ မကြည်လင် မရွှင်လန်းသည့် အသံသည်
"ရွှမ်းလွှမ် ... ဟန်တောင်တန်း မြို့တော်ထဲမှာ ခိုက်ရန်ဖြစ်ပွားခြင်း ကိုတားမြစ် ထားတယ်"
"ကောင်းပြီ၊၊ ဒါပေမဲ့ ဒီလူက ကျုပ်ရဲ့တပည့်ကို သတ်ခဲ့တယ်။ သူသေတာနဲ့ သူ့အလောင်းကို ကျုပ်ကို ပေးရမယ်"
ခရမ်းရောင် ဝတ်လူမှာ အေးစက်စွာ ရယ်မော၍ လက်နှစ်ဖက်အား ဝှေ့ယမ်းကာ တောင်ထိပ်တွင် အခြေချပြီးနောက် ခေတ္တတိတ်ဆိတ် သွားခဲ့သည်။ အခြား ဘာမှဆက် မလုပ်ဘဲ ဟယ်ဖုန်းဟု အမည်ရသော ပုဂ္ဂိုလ်အား တင်ပျဉ်ချိတ် ထိုင်ကြည့်ရန် ရွေးချယ်သည်။ ထိုသို့ ပြုလုပ်ရင်း သူ့အပြုံးမှာ ပို၍ အေးစက်လာခဲ့သည်။
"မင်းက ပုချန့် မျိုးနွယ်စုရဲ့ ဧည့်သည် ခေါင်းဆောင်ပဲ။ ဒါလောက်တော့ ကျုပ်တို့ လုပ်ပေးပါမယ်" အနက်ရောင် မြူမှုန်တို့ အုံ့ဆိုင်းနေသည့် တောင်မှ ချောက်ချားဖွယ် အသံကထွက်ပေါ် လာခဲ့ပြန်သည်။
စုမင်မှာ ထိုမြင်ကွင်းအား ကြည့်နေရင်း သူ့မျက်လုံးများက ဟယ်ဖုန်းထံသို့ ကျရောက်သွားသည်။ ထိုအမျိုးသားအား ဂရုတစိုက် ကြည့်နေရင်း၌ ဟယ်ဖုန်းက ကြိုးတန်းသို့ စတင်ခြေလှမ်းသည်။
သူလှုပ်ရှားသောအခါ စုမင်ဘေးနားမှ လူများသည် အခုနက ဘာဖြစ်ခဲ့သည် တို့ကို မေ့လျော့သွားကြသည်။ အကြည့်များကို စိန်ခေါ်သူထံသို့ လွှဲလိုက်ကြသည်။ အမှန်တွင် သည်လို ဖြစ်ရပ်မျိုးက ဟန်တောင်တန်း မြို့တော်တွင် ဖြစ်ခဲလှသည် မဟုတ်ပါလား။ နှစ်ရာ ပေါင်းများစွာတွင် လူ၆၅ယောက်သာ ကြိုးပမ်းအားထုတ် ခဲ့ဖူးသည့် အရာမဟုတ်ပါလား။
ရွှမ်းလွမ်ပင် သူ့အား အေးစက်စွာ ကြည့်နေသည်။ ဟယ်ဖုန်းအား ကြည့်နေစဉ်တွင် သူ့မျက်ထဲတွင် ရက်စက်ကြမ်းကြုတ်သော ဟန်ပန်တို့ ပြည့်လျှံလျက်ပင်။ ကြိုးတန်းပေါ်သို့ လျှောက်လှမ်းသွားသည်ကို ကြည့်ရင်းမှ ကြိုးတန်းမှာ ယိမ်းခါသွားရာ အမျိုးသားမှာ ပြုတ်ကျတော့မည့်ဟန်။
ကြိုးတန်းပေါ်သို့ ဟယ်ဖုန်း စတင်လျှောက်လှမ်း လိုက်ချိန်တွင် မြေကမ္ဘာမှာ တုန်ခါလာသည်။ အရောင်စုံ ရေကန်မျိုးနွယ်စု ၏ အနီရောင် မြူဆိုင်းတောင်တန်းသို့ သွယ်ဆက်လျက် ရှိသည့် ကြိုးတန်းအောက်မှ ချောက်ကမ်းပါးကြီးထဲမှ ပေပေါင်းရာချီ အမြင့်ရှိသည့် ဧရာမ ကျောက်တိုင်ကြီး ၈ခုတို့ ထိုးတက်လာကာ ကြိုးတန်းအား ထောက်ကန် ပေးလိုက်သည်။ အလားတူပင် အပိုင်း၉ ပိုင်းအဖြစ် ကွဲထွက်သွားစေသည်။
အချိန်ကား တဖြည်းဖြည်း ကုန်ဆုံး၏။ နောက်ကွယ်တွင် မည်သို့သော လှည့်ကွက်များ ရှိနေသည် မသိသော်လည်း ဟယ်ဖုန်းမျက်နှာမှာ အံ့မခန်း လေးနက် ခက်ထန်နေသည်ကို မူ မြင်တွေ့နိုင်၏။ သူလျှောက်သည့် ခြေလှမ်းတိုင်း အတွက် ရှိသမျှ အားကုန်သုံးထားသည်။ သူ့ကိုယ်ခန္ဓာ တုန်ယင်လာကာ မျက်နှာပေါ်တွင် သွေးကြောကြီးများ ထောင်ထလာပြီး မောဟိုက်စွာ အသက်ရှူလျက် ရှိ၏။
မကြာမီ နှစ်နာရီမျှ ကုန်လွန်သွားခဲ့ပြီ။ ထိုနှစ်နာရီ အတွင်း ဟန်တောင်တန်း မြို့တော်တစ်ခုလုံး ငြိမ်သက်နေခဲ့၏။ အားလုံးနီးပါး ဟယ်ဖုန်းကို ကြည့်နေခဲ့ကြသည်။ ထိုအခိုက်တွင် ဟယ်ဖုန်းသည် ကြိုးတန်း ပထမဆုံး အပိုင်း၏ သုံးပုံတစ်ပုံအား လှမ်းနိုင်ခဲ့ပြီးပြီ။
တောင်ထိပ်တွင် ထိုင်နေသော ခရမ်းရောင်လူ ပုဂ္ဂိုလ်သည်လည်း ရင်ထဲတွင် အတွေးပေါင်းစုံ ဖြစ်ပေါ်လျက် မျက်မှောင်ကြုတ် ထားလေသည်။
အချိန်မှာ ဆက်လက် ကုန်ဆုံးနေသည်။ နှစ်နာရီမှ လေးနာရီ ...။ တစ်နေခင်းလုံး ကုန်ဆုံးသွား သောအခါ ညနေခင်း ရောက်ရှိလာပြီး ဝင်လုဆဲဆဲ နေရောင်က သူတို့အပေါ် ကျရောက်လာခဲ့သည်။ ဟယ်ဖုန်းသည် ကြိုးတန်း ပထမအပိုင်း၏ တစ်ဝက်အထိ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်တွင် ဟယ်ဖုန်းသည် အမည်မသိ နည်းလမ်းကို အသုံးပြုလိုက်ရာ သူ့ကိုယ်ထဲမှ စွမ်းအားပြင်း ချီက ပေါက်ကွဲထွက် ပေါ်လာသည်။ ထိုအင်အားသည် မယုံကြည် နိုင်လောက်သော စွမ်းအား ထက်မြက်သည့် အဆင့်သို့ ရောက်ရှိနေခဲပြီး ရုပ်နယ်လွန် အဆင့်၏ ခပ်ဖျဖျ အရိပ်အငွေ့လည်း ရုတ်ခြည်း ထွက်ပေါ် လာခဲ့သည်။
"ရုပ်နယ်လွန် အဆင့်တက်ရောက်နိုင်ဖို့ အကြိမ်ဖန်များစွာ ကြိုးစားခဲ့တဲ့လူက မျှော်လင့်ထားတဲ့ အတိုင်းပဲ။ သူ မအောင်မြင်ရုံ သာရှိမယ်၊ သူ့ကိုယ်ထဲမှ ရုပ်နယ်လွန် အငွေ့အသက်တွေ ကိန်းဝပ် နေနှင့်ပါပြီ။ တစ်ခုထပ် ရှိတာက သူဟာ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်ဖို့ကို ဒီနေရာမှာ ကြိုးစား နေပြန်တာပဲ"
"အကယ်၍ သူသာ ဟန်တောင်တန်း ကြိုးတန်းကို စိန်ခေါ်ဖို့ သတ္တိရှိတယ် ဆိုတော့ ပြင်ဆင်ထားတာ တွေလည်းရှိမှာပဲ။ အခုလောလောဆယ် ရုပ်နယ်လွန် အဆင့်ကို ရောက်ရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ ကျရှုံးခဲ့ရင်တောင် ရုတ်တရက် တိုးတက်သွားတဲ့ စွမ်းအားတွေကြောင့် သူ ပိုပြီးဝေးဝေး လျှောက်နိုင်လိမ့်မယ်"
"ငါ သိချင်မိတယ်၊ သူက ပထမဆုံး အပိုင်းကို လျှောက်လှမ်းနိုင်ရုံနဲ့ ရုတ်တရက် စွမ်းအားတွေ ထွက်ပေါ်လာတယ် ဆိုရင် ကြိုးတန်းမှာ အပိုင်း ၉ ပိုင်းရှိတယ်။ ကျန်တာတွေကို သူဘယ်လို ဖြတ်ကျော်မလဲ"
တီးတိုးဆွေးနွေး နှီးနှောသံတို့ စုမင် အနားတွင် ထွက်ပေါ်လာကြပြီး စုမင် မျက်လုံးတို့ တစ်ချက် စူးရဲသွားသည်။ အရေးကြီးသည့် တစ်ခုခုကို သိသွားသည့် အတိုင်းပင်။ သူ့မျက်နှာက တည်ငြိမ်လျက် ရှိသေးသော်လည်း မျက်လုံးထဲတွင် စိုးရိမ် ကြောင့်ကြမှုတို့ ပေါ်ပေါက်လာခဲ့၏။
"သူက ဟန်တောင်တန်းရဲ့ ကြိုးတန်း တစ်တန်းလုံးကို စိန်ခေါ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ သူက ပထမဆုံး အပိုင်းကိုပဲ ပြီးအောင်လျှောက်ပြီး သူနဲ့ ထိုက်တန်တဲ့အကြောင်း သက်သေပြ နေတာ။ ဒါပေမဲ့ သူကဘာနဲ့ ထိုက်တန်တယ်လို့ သက်သေပြချင် နေရတာလဲ"
***