စုမင်၏ စမ်းသပ်မှု
Vol. 9 Ch. 122
"အဲဒီလူက ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်ဝင်ပဲ။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင်ဟာ ငါ ဖန်းမုကို ကုပေးနေတာကို သိကိုသိရမယ်"
စုမင်သည် ထိုကိစ္စကြောင့် အာရုံနောက်လျက် တိတ်တဆိတ် ရှေ့ဆက်သွားသည်။ ပြဿနာ ကြုံရတိုင်း တွေးတောပါ ဟု အကြီးအကဲ ကမှာခဲ့သည်။ ထို့ကြောင့် ပြဿနာတစ်ခုအား နားမလည်ပါက အခြားသူ နေရာတွင် ဝင်ရောက်ခံစား၍ အခြားသော အတွေးအမြင်သစ် တစ်ရပ်အား ရှာဖွေလေ့ရှိသည်။
"ငါသာ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင်ဖြစ်ခဲ့ရင် ငါ့သားရဲ့ ကျန်းမာရေးနဲ့ အပြုအမူတွေ ပြောင်းလဲလာတာကို သတိပြုမိမှာပဲ။ ဒါကြောင့် ငါသူ့ နောက်လိုက်မယ် ...။ ဒါပေမဲ့ သူကအခုထိ ပေါ်မလာသေးဘူး။ ဆိုတော့ကာ သတိပေးတဲ့ အနေနဲ့ ငါသုံးပြခဲ့တဲ့ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းက အလုပ်ဖြစ်တယ်ပေါ့"
"အလားတူပဲ ငါသာ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင်ဖြစ်ခဲ့ရင် ငါ့သားကို ကုသပေးနေတဲ့ ဒီလူနဲ့ပတ်သက်ပြီး သံသယတွေဝင်၊ အဖြေမထုတ် နိုင်တာမျိုး ရှိလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မသေချာ မရေရာတဲ့ အခြေအနေမျိုးမှာ သားရဲ့ဒဏ်ရာတွေ ပိုပိုကောင်း လာတာလည်း မြင်ရတော့ ငါ သိပ်မသေချာဘဲနဲ့ သံသယ ဖြစ်မိပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်း အဆင့်ကိုသိရဖို့ အတွက်သက်သက် ရုပ်နယ်လွန် အဆင့်သမား တစ်ယောက်ကို အပြစ်မပြုမိလိုဘူး။ ငါ့အတွက်လည်း ဘာအကျိုးမှ မရှိဘူး"
"ဒီလို အခြေအနေ မျိုးမှာ ... ငါ့သားက လက်ဆောင်အဖြစ် ပေးခဲ့ပြီး ဖြစ်တဲ့ အရိုးနက်ဓားကို ငါ့ရဲ့ မျိုးနွယ်ဝင်လူက ငါ့ဆီပြန်ယူ လာပေးမယ်ဆိုရင် ငါဘယ်လိုတွေးမလဲ"
စုမင်က မျက်ခုံးနှစ်ဖက်ကြား အလယ်ဗဟိုအား နှိပ်နယ်နေသည်။ ဟောသည့် မရင်းနှီး စိမ်းသက်သော တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်သို့ ရောက်လာလျှင်ချင်း အရာအားလုံးနှင့် ပတ်သက်၍ မိမိကိုယ်မိမိ မှီခိုမှ ဖြစ်တော့မည်။ လူက လိုလိုလားလားနှင့် သာမန် ဘဝလေးဖြင့် နေထိုင်လိုခြင်း မရှိပါက ထူးဆန်းသည့် နေရာဒေသတွင် အားအင်တို့လည်း နည်းပါးနေသေးရာ အသက်ရှင် နေထိုင်ရန် ခက်ခဲလှသည်။ သို့သော်ငြားလည်း မိမိအိမ်အား ပြန်ရောက်နိုင်ရန် မည်မျှကြာညောင်း ဦးမည် မသိသောကြောင့် စုမင်မှာ အမှန်တကယ်ပင် ထိုသို့ နေထိုင်ဖြစ်ခဲ့သည်။
သို့သော် စုမင်တွင် ဘဝ အတွေ့အကြုံ နည်းပါးလှသည်။ ဒေသတစ်ခု၊ ထောင့်တစ်ခု အတွင်းကန့်သတ် တည်ရှိနေသည့် အရာများကို စဉ်းစားရသည် ဖြစ်ရာ အဖြေကောင်းထွက် မလာပေ။ မိမိကိုယ်မိမိ ရန်လိုလျက်ရှိသော ဖြစ်တည်မှု တစ်ခုအဖြစ် အလွယ်တကူ ရုပ်လုံးထွက် မပြနိုင်သော်လည်း ရုပ်လုံးထွက်ပြ ရသည့်အခါ တွင်လည်း မယိုင်နဲ့သော ဆုံးဖြတ်ချက်ဖြင့် အသေအချာ လုပ်ဆောင်သွားမည်။
"ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ... ငါ ဖန်းမုကို တဖြည်းဖြည်းချင်း ကုသပေးနေတယ်။ ငါ့ရဲ့ စွမ်းအားတွေ အဆင့်တစ်ခု ရောက်ပြီဆိုရင် အခွင့်အရေးရှာပြီး အဲဒီမှာ နေရာတစ်ခု ရအောင်လုပ်ရမယ်"
"သူတို့မျိုးနွယ်စုနဲ့ ပတ်သက်ပြီး ဘယ်လို မုန်းတီးမှုမျိုးမျှ မပြဖူးသေးဘူး။ ပြီးတော့ ဖန်းမုဒဏ်ရာ တွေကိုလည်း ကုသပေးနေ သေးတယ်။ ငါ့ရဲ့ စိတ်ကောင်းစေတနာကို ပြပြီးပြီပဲ။ အခု ဒီဓားနဲ့ ငါက ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုကို စမ်းသပ်ပြီး သူတို့ကို ဘယ်လိုပြုမူ ဆက်ဆံသင့်တယ် ဆိုတဲ့အကြောင်း သိနိုင်ပြီပေါ့"
စုမင်မှာ ထိုအတွေးအမြင် များကို အလွယ်တကူ တွေးဆနိုင်ခဲ့သည် မဟုတ်ပေ။ ဟယ်ဖုန်းတစ်ယောက်၊ ဟန်တောင်တန်း ကြိုးတန်းများအား စိန်ခေါ်ခြင်း မပြုမီ အဘိုးအို၏ လက်မှ ခေါင်းလောင်းနက်များကို မြင်သည်နှင့်၊ ဟယ်ဖုန်းနှင့် ရွှမ်းလွမ်တို့ အချေအတင် ဖြစ်ပွားနေခဲ့သည့် တစ်ချိန်လုံး၌ တွေးတောနေခဲ့သည့် အတွေးဖြစ်သည်။
သူ့တွင် အတွေ့အကြုံ နည်းပါးသေးသည်၊ မဟုတ်လျှင် ထိုသို့ ချက်ချင်းတွေးတော နိုင်မည်ဖြစ်၏။ အခုကျတော့ တွေးတောဖို့ အချိန်လိုသည်။ မြေခွေးများလောက်တောင် ဉာဏ်မများ နိုင်သေးပေ။
ဥပမာ ဖန်းမုအား တည်ကြက်အဖြစ် အသုံးပြုခဲ့သည့် ဖြစ်ရပ်ကိုပဲကြည့်။ သူသည် ဒုတိယ အကြိမ်မြောက် ဖန်းမုနှင့် ဆုံစည်းခဲ့စဉ် ကပင် သူ၏ အပြုအမူများမှာ အတွေ့အကြုံ ရင့်ကျက်ပုံပေါ် စေခဲ့သည်၊ အချက်အလက်များ သိလိုသောအခါ သူ၏ စကားများမှာ ဖိနှိပ်နိုင်သည့် အကျိုးသက်ရောက်မှု ရှိသည်။ သူ၏ ပြုမူ ဆောင်ရွက်ပုံများက သူ့အား တည်ငြိမ်၊ လေးနက်ပုံ ပေါ်အောင် ကူညီပေးနိုင်သည်။ သို့သော် ထိုအရာအားလုံးမှာ ပြင်ဆင်ချိန် ရသောကြောင့်ပင်ဖြစ်သည်။ ဖန်းမုအဖေအား အံ့ဩသွားစေသည့် ကိစ္စရပ်တွင်လည်း လူငယ်လေး တစ်ယောက်သာသာ မဖြစ်ရလေအောင် ကိုယ့် အခြေအနေကို စမ်းစစ်၍ တွေ့ဆုံရန် အချိန်ယူ ပြင်ဆင် ခဲ့သောကြောင့်ဖြစ်သည်။
အစီအစဉ်၏ ကိုးဆယ် ရာခိုင်နှုန်းမျှ အောင်မြင်ရန် သေချာသော အခါမှ အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် လူလုံးထွက် မပြခင် ဖန်းမုတစ်ယောက် တောထဲသို့ ကြိမ်ဖန်များစွာ လာရောက်ပြီးသည် အထိ စောင့်နေခဲ့ခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့်သာ မဟုတ်လျှင် လူငယ်လေး ပထမဆုံး တောထဲ ရောက်လာခဲ့သည့် အချိန်ကပင် သူ ထွက်တွေ့ခဲ့ပြီး ဖြစ်၏။ လပေါင်းများစွာ စောင့်ဆိုင်းရန်ပင် မလိုပေ။
ယခုတွင်လည်း ထိုနည်း လည်းကောင်းပင်။ အတွေ့အကြုံ နည်းပါးမှုအား မသိသာစေရန် အချိန်ကို အသုံးချခဲ့သည်။ ဟယ်ဖုန်း၏ တောင်တန်း ကြိုးတန်းအား စိန်ခေါ်မှု မဖြစ်ပေါ်ခဲ့လျှင်သော်မှ သည်နေရာက ထွက်မလာခင် အထိ အပြန်ပြန်အလှန်လှန် လေ့လာဦးမည် ဖြစ်သည်။
ယခုတွင် ဖြစ်ခဲ့သည့် အကြောင်းအရာ များအား ခေါင်းထဲ၌ တွေးတော စမ်းစစ်ပြီးပြီ။ အမှား မလုပ်ထားဟု သေချာမှသာ ညမမှောင်ခင် တတိယအလွှာမှ ထွက်ခွာ၍ စတုတ္ထ အလွှာရှိ မိမိ၏ တည်းခိုဆောင်သို့ ပြန်လာခဲ့သည်။
စုမင်သည် လေပြည်စီးကြောင်း တောင်ကထက် ပို၍ ကြီးမားကျယ်ဝန်းသော အခန်းထဲတွင် လေးနက်စွာ တွေးတောနေခဲ့သည်။ တောင်ပိုင်းအရုဏ်ဦး နယ်မြေတွင် ရှိနေခဲ့သော နှစ်နှစ်အတွင်း၌ စုမင်သည် တွေးတော စဉ်းစားတတ်သည့် အကျင့်ရလာခဲ့သည်။ အကြီးအကဲ၏ နှစ်ပေါင်းများစွာ သင်ကြား ပေးခဲ့မှုများက တဖြည်းဖြည်း အစွမ်းပြခဲ့သည်။
"ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုနဲ့ ဆက်ဆံရေး ကောင်းဖို့လိုတယ်။ ငါတို့ကြားက ပတ်သက်မှုက ခိုင်မာတဲ့အဆင့် တစ်ခု မရောက်သေးဘူး။ ပတ်သက်မှုကို ခိုင်မာအောင် တည်ဆောက်မှ အဲဒီမျိုးနွယ်စုက ငါရွေးချယ်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မယ်။ ငါ့အတွက်ငါ ရွေးချယ်စရာတွေ အများကြီး ဖန်တီးမှဖြစ်မယ်။ ဒါမှ ငါ စိတ်ချနိုင်မှာ"
စုမင်သည့် အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။ အနောက်ဘက် မဟာမိတ် နယ်မြေသို့ သွားရောက်ရန် မြေပုံရှာမည့် အစား အခြေခိုင်သော မြေတစ်ခုတွင် ခြေကုပ် ယူနိုင်မှသာ အကြီးအကဲ သည်မှာ ရှိမရှိအား ရှာဖွေနိုင်လိမ့်မည်။
၎င်းအား ရှာဖွေနိုင်ရန် မျှော်လင့်ချက် အနည်းငယ် လေးမျှသာ ရှိသော်လည်း၊ အကြီးအကဲ သေဆုံးသွားနိုင်ပြီ ဖြစ်သော်လည်း စုမင်သည် ထို့သို့ယုံကြည်ရန် ငြင်းဆန်နေဆဲပင်။
"အနောက်ဘက် မဟာမိတ် နယ်မြေကို ညွှန်ပေးနိုင်တဲ့ မြေပုံအများစုက တောင်ပိုင်းအရုဏ်ဦး တိုင်းပြည်ထဲမှာပဲ ရှိနေတယ် ဆိုတာသေချာတယ်၊ ဒါပေမဲ့ အဲဒီမြေပုံက အလယ်အလတ် တန်းစား မျိုးနွယ်စုလေး တစ်ခုမှာ ရှိနိုင်တာမျိုး မဟုတ်ဘူး။ ဒီပစ္စည်းက အရမ်း အဖိုးတန်တာမို့ သူများ တကာကိုလည်း အလွယ်တကူ ပြမယ်မထင်ဘူး"
စုမင် သက်ပြင်းရှိုက်သည်။
"ဒါတွေအားလုံး မလုပ်ရသေးခင် အရင်ဆုံး အသက်ရှင်ဖို့ လိုသေးတယ်။ ဟယ်ဖုန်း လိုမဖြစ်ဘဲ ရွှမ်းလွမ်လို အစွမ်းထက် မာန်စွမ်းအားရှင် အဖြစ် အသက်ရှင် ရဦးမယ်"
စုမင် မျက်လုံးထဲတွင် သတိမပြု မိလောက်သော အကြည့်စူးစူး တစ်ချက် ခေတ္တမျှ ဖြစ်ပေါ်သွားသည်။
"ဟန်တောင်တန်း မြို့တော်ထဲမှာ ရုပ်နယ်လွန် အဆင့် အစွမ်းထက် မာန်စွမ်းအားရှင် ငါးဦးရှိတယ်။ ရွှမ်းလွမ်က သူတို့ထဲက တစ်ယောက်ပဲ။ သူက ပုချန့် မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဧည့်သည် လည်းဖြစ်တယ်။ ဒီလိုသာဆိုရင် ရုပ်နယ်လွန်အဆင့် တခြားမာန် စွမ်းအားရှင် လေးယောက်က မျိုးနွယ်စု သုံးခုထဲမှာ တကွဲတပြား ရှိနေလိမ့်မယ်"
"သူတို့အပြင် ဒီမှာက သွေးကြောကျောက်သား အဆင့်သမားတွေ အများကြီးရှိတယ်။ အများစုက ဒီက မျိုးနွယ်ဝင်တွေ မဟုတ်ပြန်ဘူး။ ဟန်တောင်တန်း မြို့တော်မှာ လူတွေအများကြီး အချိန်အကြာကြီး နေနိုင်လောက်တဲ့ အကြောင်းအရင်း ရှိနေရမယ်"
"ဖန်းမု တစ်ခါ ပြောဖူးတာတော့ အရင်တုန်းက အေးခဲကောင်းကင် ကလန်ဟာ ဟန်တောင်တန်း မြို့တော်ဆီလာပြီး တပည့်ရွေးလေ့ ရှိတယ်တဲ့"
"စွဲဆောင်မှုရှိတဲ့ မက်လုံးတစ်ခုလို့ ထင်ရတယ်။ ဒါပေမဲ့ ရွှမ်းလွမ်လို အစွမ်းထက် မာန်စွမ်းအားရှင် တို့ကို စွဲဆောင်ထားနိုင်တဲ့ အရာတစ်ခုခု ပုန်းကွယ် တည်ရှိနေဦးမယ် ဆိုတာသေချာတယ်"
"လောလောဆယ် ငါ့မှာ သွေးကြော၂၄၃ခု ရှိနေပြီး သွေးကြောကျောက်သား အဆင့်၇ ဖြစ်တယ်။ ဟန်တောင်တန်း မြို့တော်မှာတော့ ငါက အလယ်တန်းစားပဲ ရှိတယ်။ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းနဲ့ဆို အဆင့်၈ သမားကို တိုက်ခိုက်နိုင်တယ် ဒါပေမဲ့ သွေးကြောကျောက်သား အလယ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီလို့တော့ မှတ်ယူဖို့တော့ ခက်ခဲနေဦးမယ်"
စုမင်က ငြိမ်သက်စွာ ရှိနေခဲ့သော်လည်း မျက်လုံးများထဲတွင် သွေးလွှမ်းလ အရိပ်ပေါ်ပေါက် လာခဲ့သည်။
"ဒါပေမဲ့ ငါ့မှာ လရဲ့ အတောင်ပံတွေ ရှိနေတယ်။ နက်မှောင်တောင်မှာ တုန်းက အကြီးအကျယ် ဒဏ်ရာရခဲ့တဲ့ အကျိုးရလဒ်လို သူတို့အားလုံးကို လရောင်အောက်မှာ သက်ဝင်နိုးထ စေနိုင်ခဲ့ရင် …"
စုမင်သည် မျက်လုံးကို မှိတ်ကာ မျက်လုံးထဲမှ သွေးလွှမ်းလ အရိပ်အား ဖုံးကွယ်လိုက်သည်။
"ဒါက ငါ့ရဲ့ ပွဲသိမ်းတိုက်ကွက်ပဲ။ အပြင်းအထန် ဖိအားပေးပြီး အသက်လုရတဲ့ အခြေအနေ မရောက်ခင်အထိ လုံးဝ ထုတ်မသုံးဘူး"
"ပြီးတော့ ဟန်ဖေးကျစ် ဆိုတာ တကယ် ထူးဆန်းတဲ့ နာမည်ပဲ။ ဆွေးနွေး နေကြတာတွေ နားထောင်ရသလောက် ဟိုးအရင်ကတည်းက အေးခဲကောင်းကင် ကလန်ရဲ့ အသန်မာဆုံး တပည့်သုံးယောက်ကိုပဲ သူတော်စင်ဘွဲ့ ပေးတာတဲ့"
စုမင်သည် ခေတ္တမျှသာ စဉ်းစား၍ ထိုအရာကြောင့် ခေါင်းစား မခံတော့ပေ။ သူနှင့် မဆိုင်သော ကိစ္စရပ်များအတွက် အားအများကြီး မစိုက်ထုတ် လိုပါလေ။
သူ့စိတ်တည်ငြိမ် သွားခါမှ တရားရှုမှတ်ကာ ချီစွမ်းအားတို့ကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေလိုက်သည်။ မသိလိုက်ခင်တွင် ညဉ့်နက်သန်းခေါင်ချိန် ရောက်ရှိလာခဲ့သည်။ လောကသည် တိတ်ဆိတ်နေ၏။ ဟန်တောင်တန်း မြို့တော်တစ်ခုလုံး နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။
မကြာခင် မိုးခြိမ်းသံနှင့်အတူ မြေပြင်ပေါ်သို့ မိုးရေစက်များ ကျဆင်းလာသည်။ မိုးရာသီဖြစ်ပေ၏။
ကောင်းကင်ပေါ်မှ မိုးရေတို့ သည်းထန်စွာ ကျဆင်းလာသည် နှင့်အမျှ ဟန်တောင်တန်း မြို့တော်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ လေပြည်မှလည်း မိုးရေစက်များအား ပင့်မပေးကာ စုမင်၏ ပြတင်းတံခါးသို့ လာရောက်ထိခတ်ရာ ပြတင်းပေါက်၌ တတောက်တောက် အသံမှတစ်ဆင့် ခပ်ပြင်းပြင်း ထုနှက်ချက်များ သကဲ့သို့ ပြောင်းလဲခဲ့သည်။
အခန်းထဲတွင် ဖယောင်းတိုင် မီးရောင်မရှိပါ။ အတိမှောင်မည်းလျက် ရှိသော်လည်း ကောင်းကင်၌ မိုးကြိုး ထစ်ချုန်းမှု နှင့်အတူ လျှပ်ပြက်လေသောအခါ အခန်းအား ခေတ္တခဏ အလင်းဆောင်သည်။
စုမင်မျက်လုံးများ ကိုဖွင့်သည်။
သူထရပ်၍ ရှေ့ဆက်သွားကာ ပြတင်းပေါက်အား တိတ်ဆိတ်စွာ ဖွင့်ခဲ့သည်။ မိုးရေများက သူ့မျက်နှာကို လာရောက်ထိမှန်၍ လေဟုန်တို့က ဆံပင်များကို လွင့်စေခဲ့သည်။ အပြင်ဘက်မှ အမှောင်ထုနှင့် မိုးရေများကို ကြည့်ကာ လှုပ်လည်းမလှုပ်၊ အသံလည်း မထွက်ပေ။
"နက်မှောင်တောင် မှာရော ဘယ်ရာသီ ရောက်နေမလဲ မသိဘူး။ နှစ်နှစ်တောင် ကြာသွားပြီ ... အချိန်ကုန် မြန်လိုက်တာ ..." စုမင် တွေးသည်။
"မျိုးနွယ်စု ဘယ်လိုရှိမလဲ ... အကြီးအကဲရော အသက်ရှင် နေသေးလား"
စုမင် ခါးသီးစွာ ခံစားမိသည်။ ထူးဆန်း၍ စိမ်းသက်သော ဒေသသို့ တစ်ယောက်တည်း ရောက်နေရ၍ အထီးကျန်သည်။ ထိုအထီးကျန်မှုမှ မိမိကိုယ်ကို တိတ်ဆိတ်ငြိ မ်သက်ခြင်းဖြင့် ကာကွယ်ထားခဲ့သည်။
မျက်နှာပေါ်မှ ဒဏ်ရာကို ထိကာ အကြာကြီး ရပ်နေခဲ့သည်မှာ ဟန်တောင်တန်း မြို့တော်ရှိ ဒုတိယညပင် တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ မနက်လင်းသော် တစ်တိုင်းပြည်လုံး မိုးရေထဲမှာ ရှိဆဲပင်။ လမ်းပေါ်တွင် လမ်းလျှောက်နေသူ အနည်းငယ်ရှိသည်။ မြေပြင်ပေါ်ရှိ မိုးရေများမှာ တောင်လမ်းကြော အတိုင်း စီးဆင်း၍ လမ်းအား ချော်ချွတ်စေသည်။
စုမင်သည် ဟန်တောင်တန်း မြို့တော်တွင် ဆက်မနေတော့ပေ။ ဆေးပင် အများအပြား ဝယ်ယူပြီး ဖြစ်၏။ ဝိညာဉ်လုယက် အတွက် ဆေးပင် အနည်းငယ် လိုအပ်နေသေးပြီး သားရဲ အရိုးသုံးခုမှ တစ်ခုသာ ရရှိထား သေးသော်လည်း စတုတ္ထနှင့် တတိယမြောက် အလွှာတွင် သူလိုသည့်အရာ ဘာမှ မရှိတော့ပါ။ ဒုတိယ အလွှာတွင် ရှာကြည့်နိုင်မည် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ...
မည်သို့ပင် ဆိုစေကာမူ ဒုတိယမြောက် အလွှာသို့ ဝင်ရောက်ရန် လိုအပ်ချက်မှာ ကျင့်ကြံခြင်း အဆင့်တစ်ခုတည်း မဟုတ်ပေ။ မျိုးနွယ်စုသုံးခုမှ အစွမ်းထက် မာန်ပညာရှင် များသာ ဝင်ခွင့်ရနိုင် ပေသည်။ စုမင်သည် လက်မလျှော့ လိုက်ခင် တစိမ့်စိမ့် တွေးတောပြီးကာမှ ဟန်တောင်တန်း မြို့တော်မှ ထွက်ခွာလာခဲ့သည်။
ထို့ကြောင့် ဟန်တောင်တန်း မြို့တော်သို့ ပထမဆုံး ခရီးစဉ်မှာ ထိုသို့ ပြီးဆုံးခဲ့သည်။ သာမန်ခရီး တစ်ခုသာဖြစ်၏။ လူအများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသော်လည်း ထိုအာရုံစိုက်မှု ပမာဏမှာ ကန်ရေပြင်သို့ ပြုတ်ကျလာသော ကျောက်ခဲတစ်ခဲ ကဲ့သို့ လှိုင်းကြက်ခွပ် အနည်းငယ် ထအပြီးတွင် ပျောက်ကွယ် သွားသည်မျိုးဖြစ်သည်။
သူ ရောက်လာခဲ့စဉ်က ကောင်းကင်က ကြည်လင်သည်။ ထွက်သွားချိန်တွင် မိုးရွာနေခဲ့သည်။
ဟန်တောင်တန်း မြို့တော်အား ကျောခိုင်းထားသည့် စုမင်သည် အဝေး တစ်နေရာသို့ ပျောက်ကွယ် သွားခဲ့သည်။ မိုးသစ်တောနက် ထဲတွင် တည်ရှိသော တောင်ဆီသို့ မိုးထဲလေထဲတွင် တစ်ဟုန်ထိုး ပြေးလွှားသွားခဲ့သည်။
ဟန်တောင်တန်း မြို့တော်တွင် နေထိုင်ခဲ့စဉ် တောင်ပိုင်း အရုဏ်ဦး တိုင်းပြည်၏ မြေပုံကို ရှာဖွေရန် အားသိပ် စိုက်မထုတ်ခဲ့ပါ။ သို့သော် လမ်းလျှောက်ရင်း တွေ့သမျှ ဆိုင်မှ မြေပုံများအား အလေးထား ကြည့်ရှုသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပါ။
သူ့ပတ်ဝန်းကျင်တွင် ပြောဆိုနေကြသည့် စကားများအား နားထောင်ကြည့် ရသလောက် ဤဒေသရှိ မြေပုံအားလုံးမှာ အံ့မခန်း အဖိုးတန်သော ပစ္စည်းများဖြစ်သည့် အားလျော်စွာ မျိုးနွယ်စုသုံးခု လက်ထဲတွင် ရှိနေကြောင်း တဖြည်းဖြည်း သိလာခဲ့ရသည်။
စုမင်၏ ရှေ့ခရီးမှာ မြူများအုံ့ဆိုင်းလျက် ခက်ခဲမှုများဖြင့် ပြည့်နှက်နေ၏။
သာမန်လူ တစ်ယောက်အစား အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်လာ ရမည်ဟု ဆုံးဖြတ်ထားသော်လည်း အနာဂတ်တွင် ဘာတွေ ဆက်ဖြစ်မည်ကို မသေချာသေး။ သူသိသည်မှာ မိမိလမ်းကြောင်းကို တည်ငြိမ်စွာ ဆင်ခြင်ဉာဏ် ရှိစွာနှင့် လျှောက်လှမ်း၍ မိမိစွမ်းအား များကိုလည်း အဆင့်တစ်ခု အထိ တိုးတက်လာ စေရမည်။ သို့မှသာ သူ၏ မရေရာ ဝေဝါးမှု ကန့်လန့်ကာအား ဆုတ်ဖြဲဖယ်ရှား နိုင်ပေမည်။
စုမင်သည် ပုံမှန်နှုန်းဖြင့် ရှေ့ဆက်နေခဲ့သည်။ ချက်ချင်း မပြန်သေးဘဲ မိုးသစ်တောအတွင်း ရက်အနည်းငယ်မျှ လှည့်လည် သွားလာနေကာ နောက်ယောင် ခံလိုက်လာသူ မရှိသည်မှာ သေချာမှ မိုးသစ်တော အနက်ပိုင်းရှိ အက်ကွဲကြောင်း အတွင်းမှ ဂူထဲသို့ ပြန်လာခဲ့သည်။
မိုးသည် အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ သူ၏ ခြေရာများကို အလိုအလျောက် ဖျက်ပေးသည်ဖြစ်ရာ သူ့အတွက် သဘာဝ အကာအကွယ် ဖြစ်စေသည်။ ဂူထဲသို့ ပြန်ရောက်ရှိ လာချိန်တွင် တစ်ကိုယ်လုံး ရွှဲစိုလျက် ဆံပင်များကြားမှ မိုးရေတတောက်တောက် ကျနေခဲ့သည်။
ခြောက်သွေ့သည့် အခန်းသို့ ရောက်ရှိသည့်နှင့် ချီစွမ်းအားကို လှည့်လည်လိုက်ကာ သူ့ခန္ဓာကိုယ်မှ အပူလှိုင်းတို့ ထွက်ပေါ်လာ ခဲ့သည်မှာ သူ၏ ချီ တို့ မီးလျှံအသွင်ပြောင်း သွားသကဲ့သို့ပင်။ မကြာခင် သူ့ကိုယ်မှ အဖြူရောင် မီးခိုးငွေ့တို့ ထွက်ရှိလာခဲ့ပြီး အဝတ်အစားများလည်း ခြောက်သွားခဲ့သည်။ သို့သော် ခေါက်ရာကြေရာ အမြောက်အမြား ကျန်ရစ်ခဲ့ရာ သူ့အား သနားဖွယ်ရာ အသွင်ဖြစ်ပေါ် စေခဲ့သည်။
***