အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ၁၂၃ - မြွေတစ်ကောင်ကို သတ်ဖြတ်ခြင်း
နောက်ဆုံးမှာတော့ စက္ကူကြိုးကြာက ယိုယွင်းပျက်စီးနေသော အိမ်တစ်လုံးရှေ့မှာ ရပ်တန့်သွားသည်။
ချီရွှမ်းစုက လှုပ်ရှားဖို့ကို အလောတကြီး ရှိမနေဘဲ မေးလိုက်၏။
“ငါတို့ သူ့ကို ဖမ်းပြီးရင် ဖီးနစ်စိမ်းတပ်ဖွဲ့ဆီ အပ်မှာလား။”
ကျန်းယွဲ့လုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ဘာလဲ.. နင် သူ့အတွက် စိတ်မကောင်းဖြစ်နေတာလား။”
“ဘယ်ကသာ.. မဟုတ်ပါဘူး။”
ချီရွှမ်းစုက ရှင်းပြလိုက်သည်။
“ငါက အဲဒီ မြှူဆွယ်မယ်တွေနဲ့ ရှုပ်ရလောက်အောင် မမိုက်မဲသေးပါဘူး။ သူတို့က ယောက်ျားတွေရဲ့ နှလုံးသားကို ကြိုးကိုင်ပြီး ငွေညှစ်ယူကြတာ။ သူတို့က လူတိုင်းရဲ့ အားနည်းချက်ကို သိကြတယ်.. ငါ စောစောက ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့တာ စနေတယ် ထင်လို့လား။”
ကျန်းယွဲ့လုက အသံကိုဆွဲပြီး အော်လိုက်သည်။ “အိုး.......”
ထို့နောက် သူမက မေးလိုက်၏။
“ဒါဆို နင်ဘယ်လို အကြံပေးချင်လို့လဲ။”
ချီရွှမ်းစုက အဆိုပြုလိုက်၏။
“သူ့မှာ တရားမဝင်အသပြာတွေ အများကြီး ရှိမယ်လို့ ငါထင်တယ်။ သူ့ကို ဖီးနစ်စိမ်းတပ်ဖွဲ့ဆီ လွှဲပေးမယ့်အစား အခွင့်အရေးရတုန်း ငါ့တို့ အိပ်ကပ်တွေကို ဖြည့်လိုက်ကြရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်ကမ်းပြိုရင် တစ်ဖက်သောင်ထွန်းရမှာပဲ။”
ကျန်းယွဲ့လုက ကျီစယ်လိုက်၏။
“နင်က အဲဒီလူလိမ်မရဲ့ အလှမှာ ကျရှုံးသွားတယ်လို ငါထင်နေတာ၊ ဘယ်ဟုတ်ပါ့မလဲ နင်က သူ့ရဲ့ထိုက်ဖျင်ဒင်္ဂါးတွေမှာ ကျရှုံးသွားတာကိုး.. ဒါပေမဲ့ အဲဒါတွေက ခိုးယူထားတဲ့ငွေတွေပဲ.. နစ်နာသူတွေဆီကို ပြန်ရောက်သင့်တာပေါ့။”
ချီရွှမ်းစုက သဘောမတူဟန်ဖြင့် ပြောလိုက်သည်။
“အဲဒီဖီးနစ်စိမ်းတပ်သားတွေမှာ ကိုယ်ကျင့်တရားရှိတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား၊ သူတို့က နစ်နာသူတွေဆီကနေ ငွေပြန်မညှစ်ရင်ပဲ တော်လှပြီ၊ ဖီးနစ်စိမ်းတပ်သားတွေကို အမြတ်ထုတ်ခွင့် ပေးမယ့်အစား ငါတို့ဘာသာငါတို့ ယူထားလိုက်တာက ပိုမကောင်းဘူးလား။”
တကယ်တော့ ချီရွှမ်းစု၏ ယူဆချက်က အခြေမရှိခြင်း မဟုတ်ပေ။ လုကျိုးနယ်မှာရှိသော ဖီနစ်စိမ်း ဒုစစ်ကဲရုံးသည် ထိုက်ဖျင်ဂိုဏ်းနှင့် ပေါင်းကြံပြီး ဖုန်ထိုက်ခရိုင်ဝန်နှင့် သူ၏ မိသားစုကို ပေါ်ပေါ်ထင်ထင် ကွပ်မျက်ခဲ့သည်။
ကျန်းယွဲ့လုက အနည်းငယ် တွေဝေသွား၏။ တာအိုဂိုဏ်းတော်ကို အင်ပါယာနန်းတော်နှင့် နှိုင်းယှဉ်လို့ မရဘူးဆိုတာကိုလည်း သူမ သိသည်။ တတိယအဆင့် ယိုယီတာအိုအကြီးအကဲသည် သူ့အစေခံများကို ညှင်းပန်းနှိပ်စက်သည့်အတွက် ရာထူးကနေ လျှော့ချခံရနိုင်သော်လည်း နန်းတွင်းအရာရှိများသည် နောက်ဆက်တွဲ ဘာပြဿနာမှ မရှိဘဲ အိမ်ဖော်ကျေးကျွန်တစ်ဦးကို သတ်ဖြတ်နိုင်သည်။
ချီရွှမ်းစု ပြောသည့်အရာက အတော်လေး ဖြစ်နိုင်သည်။ သူတို့အနေဖြင့် နစ်နာသူများကို ကိုယ်တိုင်လိုက်ရှာဖို့ကလည်း မဖြစ်နိုင်သလောက်ပင်။
ချီရွှမ်းစုက ထိုသို့တွေးသည့်အတွက် ကျန်းယွဲ့လုက အံ့အားမသင့်ချေ။ သူသည် ကျောက်စိမ်းနေပြည်တော်၏ အရိပ်အာဝါသကောင်းသော ပတ်ဝန်းကျင်မှာ ပြုစုပျိုးထောင်ခံထားရသည့် ပန်းခင်းထဲက တာအိုဆရာတစ်ဦး မဟုတ်ခဲ့ပေ။ ထိုကဲ့သို့ ပန်းခင်ထဲက တာအိုဆရာများသည် အနည်းငယ် ကြမ်းတမ်းသော ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိသလို စည်းမျဉ်းစည်းကမ်းများကိုလည်း မဖောက်ဖျက်ရဲပေ။
တစ်ဖက်မှာတော့ ချီရွှမ်းစုလိုမျိုး တာအိုဆရာများသည် ကြမ်းတမ်းသော ရာသီဥတုထဲမှာ ကြီးပြင်းလာသည့် ပေါင်းပင်ရိုင်းများနှင့်တူသည်။ သူတို့သည် ဆင်းရဲဒုက္ခများစွာနှင် လောကဓံကို ခံနိုင်ရည်ရှိပြီး အလွန်တရာ ဇွဲနပဲကြီးကြသည်။ သို့သော် သူတို့၏ အားနည်းချက်မှာ ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရရှိဖို့အတွက် စည်းမျဉ်းစည်းကမ်းများနှင့် ထုံးတမ်းကျင့်ဝတ်များကို လျစ်လျူရှုနိုင်ကြခြင်း ဖြစ်ပေမည်။
ခန်းမကိုးဆောင်ထဲမှာ ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမသည် တိုက်ခိုက်ရေးကို အဓိကထားကြသည်။ ကျောက်စိမ်းနေပြည်တော်မှ တာအိုဆရာအများစုကို ပန်းခင်းထဲက တာအိုဆရာများဟု ဆိုနိုင်သည်။ ထို့ကြောင့် ယခင်မဟာအကြီးအကဲသည် ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမမှာ လစ်လပ်နေသည့် နေရာများကို ဖြည့်တင်းရန် ဒေသဆိုင်ရာ တာအိုစံအိမ်များမှ တာအိုဆရာများကို ဆက်တိုက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့သို့ဖြင့် ချီရွှမ်းစုလိုလူများက ခန်းမကိုးဆောင်သို့ ဝင်ရောက်ခွင့် ရလာခြင်းပင်။
ဤအချက်များကြောင့် ကျန်းယွဲ့လုလို အပင်ပန်းဆင်းရဲလည်းခံနိုင်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသော တာအိုဆရာများက ရှားရှားပါးပါး အဖိုးတန် လက်ရွေးစင်များ ဖြစ်လာကြသည်။ သူတို့မှာ အစွမ်းအစနှင့် မြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခု ရှိနေသရွေ့ သူတို့ထဲအများစုက အရေးပါသောနေရာများသို့ တိုးမြှင့်ပေးခံရပေလိမ့်မည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် ယိုယွင်းပျက်စီးနေသော အိမ်ထဲကနေ တစ်ယောက်ယောက် ပြေးထွက်လာသည်။ ကျန်းယွဲ့လု၏ တုံ့ပြန်မှုက မြန်ဆန်၏။ သူမသည် လက်ထဲက ပုံသဏ္ဌာန်မဲ့စက္ကူကို ပျော့ပျောင်းသော ကျာပွတ်တစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။ ကျာပွတ်က ထိုသူကို ရစ်ပတ်ပြီး ချုပ်နှောင်လိုက်၏။
ချုပ်နှောင်ခံရသောသူက ချက်ချင်းပင် စက္ကူရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲပြီး မြေပြင်ပေါ်မှာ လူးလွန့်နေသည်။ စောစောက ကချေသည်ဆီ ကျန်းယွဲ့လု ထည့်ပေးလိုက်သော စက္ကူကြိုးကြာက အိမ်ထဲကနေ ပျံထွက်လာပြီး ကျန်းယွဲ့လု၏ ရှေ့မှာ ဆင်းသက်လိုက်သည်။
သူမ၏ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ စက္ကူကြိုးကြာက စက္ကူပိုင်းတစ်စအဖြစ် ပြောင်းလဲပြီး ပုံသဏ္ဌာန်မဲ့စက္ကူနှင့် ပေါင်းစည်းသွားသည်။
ချီရွှမ်းစုက မေးလိုက်သည်။
“ဒါက ဘာသဘောလဲ.. ငါတို့ ဟိုလူလိမ်မကို လွတ်သွားပြီလား.. ငါတို့ လှည့်စားခံလိုက်ရတာလား။”
ကျန်းယွဲ့က ညည်းညူလိုက်သည်။
“အမ်း... သူ ငါ့ရဲ့ စက္ကူကြိုးကြာကို သတိထားမိပြီး စက္ကူရုပ်သေးရုပ်ကို ဒီနေရာမှာ တမင်ထားခဲ့တာပဲ၊ အခုလောက်ဆို သူ ဒီနားဝန်းကျင်မှာ မရှိလောက်တော့ဘူး၊ ငါ သူ့ကို လျှော့တွက်မိသွားတယ်။”
ချီရွှမ်းစုက အံ့အားသင့်သွား၏။
“သူက မဆိုးဘူးပဲ၊ ဒါ့ကြောင့် ဖီးနစ်စိမ်း ဒုစစ်ကဲရုံးက သူတို့ကို မဖမ်းနိုင်တာကိုး၊ သူနဲ့ တခြားကြံရာပါတွေ ရှိဦးမယ်ထင်တယ်။”
“ရှိလောက်တယ်။”
ကျန်းယွဲ့လုက လေးလေးနက်နက် ပြောလိုက်သည်။
“သူက ဘာရည်ရွယ်ချက်နဲ့ နေ့ခင်းကြောင်တောင် မြက်ဖျာစင်ပေါ်မှာ ကပြရသလဲ ငါအခုထိ စဉ်းစားမရသေးဘူး”
ချီရွှမ်းစုက အရွှန်းဖောက်လိုက်၏။
“အဲဒါကို ငါသိရင် ငါကိုယ်တိုင် လိမ်စားမိမလားပဲ၊ ဒါနဲ့ ငါတို့ သတိထားနေသင့်ပြီ၊ အဲဒီလူလိမ်တွေက ငါတို့ကို လက်စားချေလာနိုင်တယ်။”
“သူတို့ လုပ်ရဲမှာလား။”
ကျန်းယွဲ့လုက အနည်းငယ် မှင်တက်သွားသည်။
“ရှေးဟောင်းအင်မော်တယ်တွေက တာအိုဂိုဏ်းတော်ကို လက်တုံ့ပြန်ရဲသလို ဒီလူလိမ်တွေကလည်း ငါတို့ကို လက်တုံ့ပြန်လာနိုင်တယ်၊ ပြဿနာကို အမြစ်မဖြတ်နိုင်ရင် တစ်ဖန်ပြန်ရစ်ပတ်လာနိုင်တယ်ဆိုတဲ့ စကားလိုပေါ့။”
ကျန်းယွဲ့လုက ခေါင်းညိတ်လိုက်၏။
“ကျန်းနန်အမှုကိုတောင် ပြန်သတိရသွားတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ သတိကပ်ထားတာ ပိုကောင်းတယ်။”
ချီရွှမ်းစုသည် ကျန်းနန်အမှုကြီး၏ နောက်ဆုံးရလဒ်ကို သတင်းစာလွှာကနေသာ ဖတ်ခဲ့ရသည်။ သူက မေးလိုက်၏။
“ကျန်းနန်အမှုက အလွဲသုံးစားလုပ်တဲ့အမှုဆိုတာ ငါမှတ်မိတယ်၊ အရာရှိတွေက ကုန်စည်တွေကို ခိုးယူဖို့ ကုန်သင်္ဘောတွေ နစ်မြုပ်သွားတယ်ဆိုပြီး အစီခံစာအတုတွေ လုပ်ခဲ့ကြတယ်တဲ့၊ ဖြစ်လာမယ့် ဂယက်ကို သူတို့ မစဉ်းစားမိခဲ့ကြဘူးလား။ ဘိုးဘေးကျောင်းတော်က အနှေးနဲ့အမြန်ဆိုသလို အဲဒါကို ရှာတွေ့မှာပဲလေ။”
“အဲ့ဒါက အဲလောက် မရိုးရှင်းဘူးလေ။” ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။
“တစ်ဖက်နဲ့တစ်ဖက် ကုန်သွယ်ရေး တိုးတက်လာဖို့အတွက် ဘိုးဘေးကျောင်းတော်နဲ့ မွန်မြတ်သန့်စင်နန်းတော်က စာချုပ်တစ်ခု ချုပ်ထားကြတယ်၊ အဲဒါကို ဦးစီးဖို့ ဘိုးဘေးကျောင်းတော်က ကျန်းနန်တာအိုစံအိမ်ကို တာဝန်ပေးထားတယ်။”
“ကုန်သွယ်မှုကို ချဲ့ထွင်လိုက်တဲ့အတွက် ပိုးထည်တွေ၊ ကြွေထည်တွေနဲ့ လက်ဖက်တွေရဲ့ တင်ပို့ရမယ့် ပမာဏက နှစ်ဆဖြစ်လာတယ်၊ ဒါပေမဲ့ အချိန်မလောက်ငှတဲ့အတွက် ကျန်းနန်တာအိုစံအိမ်က စံမံချက်တစ်ခုကို အဆိုပြုခဲ့တယ်၊ အဲဒါကတော့ လတ်တလော လိုအပ်ချက်ကို ဖြည့်တင်းဖို့အတွက် တခြားတာအိုစံအိမ်တွေက ကုန်စည်တွေကို ယူပြီး လှည့်သုံးထားမယ်ဆိုတာပဲ။”
“ကျန်းနန်တာအိုစံအိမ်ရဲ့ အစီအစဉ်က ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ပြီးမှ အဲဒီကုန်စည်တွေကို သက်ဆိုင်ရာ တာအိုစံအိမ်တွေဆီ ပြန်ပေးမလို့ပဲ၊ ဘိုးဘေးကျောင်းတော်ကလည်း အဲဒီအဆိုပြုချက်ကို လက်ခံပြီး လျောင်တုံတာအိုစံအိမ်နဲ့ ချီကျိုးတာအိုစံအိမ်က ကုန်စည်တွေကို ယူခွင့်ပေးလိုက်တယ်။”
“ထျန်းယွမ်.. အကျင့်ပျက်ခြစားမှုတွေက ဘယ်လိုလည်ပတ်သလဲဆိုတာ နင်သိထားပြီးသား ဖြစ်မှာပါ။ အဲဒီစံမံချက်မှာ ပါတဲ့လူတိုင်းက အဆင့်ဆင့် ဖြတ်စားလျှပ်စား လုပ်ခဲ့ကြတယ်။ နောက်ဆုံး ကျန်းနန်တာအိုစံအိမ်ကို သင်္ဘောတွေ ဆိုက်ကပ်လာတဲ့အချိန်မှာ ရှိရမယ့် ကုန်စည်အရေအတွက်က ပြည့်မီအောင် မရှိတော့ဘူး။”
“ကျန်းနန်တာအိုစံအိမ်က ကုန်စည်လိုအပ်ချက်ကို ရှင်းပြဖို့အတွက် သင်္ဘောနစ်မြုပ်မှုကို လုပ်ကြံဖန်တီးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး၊ ဒါပေမဲ့ ကွာဟချက် အရမ်းများတဲ့အတွက် စာရင်းက ဘယ်လိုမှကိုက်မှာ မဟုတ်ဘူး၊ သူတို့က သင်္ဘောဆယ်စင်းကျော်လောက်ကို နစ်မြုပ်ပြဖို့ လိုနေတယ်။ ဒါပေမဲ့ အဲလိုလုပ်ရင်လည်း သူတို့ပေါ် သံသယက တိုးလာဖို့ပဲရှိတယ်။”
“အဲဒါကြောင့် ကျန်းနန်တာအိုစံအိမ်က နောက်ထပ်အကြံတစ်ခုကို ထုတ်သုံးလာတယ်၊ အဲဒါကတော့ လျှို့ဝှက်အသင်းအဖွဲ့နဲ့ တိတ်တဆိတ်ပေါင်းကြံပြီး သူတို့ရဲ့ ကုန်သိုလှောင်ရုံတွေကို မီးရှို့ပစ်တာပဲ။ တကယ်တော့ ကုန်သိုလှောင်ရုံတွေက အခွံတွေ။ အဲလိုလုပ်ရင် သူတို့က တာဝန်ပျက်ကွက်မှုနဲ့ပဲ အပြစ်ပေးခံရမယ်၊ အပြစ်ဒဏ်က အလွဲသုံးစားလုပ်တာထက် အများကြီးပိုပြီး ပေါ့လျော့မယ်ပေါ့။ ပိုပြီးတော့ အရေးပါတာက သူတို့ဖြောင်ထားတဲ့ ကုန်စည်တွေကိုလည်း ဆက်ယူထားနိုင်ဦးမယ်။”
“တူကျစ်ခန်းမက စာရင်းကွာဟမှုကို သတိထားမိသွားပြီး ဘိုးဘေးကျောင်းတော်ထံ တင်ပြခဲ့တယ်၊ ဘိုးဘေးကျောင်းတော်က အဲဒီကိစ္စကို စုံစမ်းဖို့ ပေချန်ခန်းမကို တာဝန်ပေးခဲ့တယ်၊ အဲဒီအချိန်မှာ ကျန်းနန်တာအိုစံအိမ်က စပြီး ထိတ်လန့်လာကြပြီ၊ သူတို့က လာစုံစမ်းမယ့်သူတွေကို နှုတ်ပိတ်ပြီး လျှို့ဝှက်အသင်းအဖွဲ့တွေအပေါ် အပြစ်ပုံချဖို့ လုပ်ခဲ့ကြတယ်။”
“အဲဒီအလွဲသုံးစားလုပ်တဲ့အမှုက အကျင့်ပျက်ခြစားမှု၊ လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ ဘိုးဘေးကျောင်းတော်ကို ဖီဆန်မှုဆိုတဲ့ အမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်၊ အဲဒါကို ခြုံငုံပြီး ကျန်းနန်အမှုကြီးလို့ ခေါ်ခဲ့ကြတယ်၊ နောက် အဲဒါမျိုး ထပ်မဖြစ်အောင် နမူနာပြတဲ့အနေနဲ့ လူတွေအများကြီးကို ကွပ်မျက်ခဲ့ရတယ်။”
ဤအကြောင်းအရာများကို နားထောင်ပြီး ချီရွှမ်းစုက ရေရွတ်လိုက်သည်။
“လူတချို့က အတိတ်ကို ဖက်တွယ်ခြင်းနဲ့ မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်ရခြင်းကြားမှာ ပိတ်မိနေတတ်ကြတယ်။”
ကျန်းယွဲ့လုကလည်း သက်ပြင်းချလိုက်သည်။
ချီရွှမ်းစုက အတန်ကြာအောင် နှုတ်ဆိတ်နေမိသည်။
ဤအမှုက သိပ်ပြီး မရှုပ်ထွေးသော်လည်း လူသားသဘာဝကို ကောင်းကောင်းထင်ဟပ်ပြသပေးနေသည်။ တာအိုဂိုဏ်းတော် နိုင်ငံရေးအရှုပ်အထွေးများနှင့်ယှဉ်လျှင် အပြင်လောကရှိ ဂိုဏ်းဂဏများကြား နယ်မြေလုတိုက်ပွဲက ကလေးကစားစရာကဲ့သို့ ဖြစ်သည်။
ကျန်းယွဲ့လုက ရေရွတ်လိုက်၏။
“အဲဒါကို ကြုံတွေ့ပြီးတဲ့နောက် ငါ့ဘဝရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ ငါနားလည်သွားတယ်၊ တာအိုဂိုဏ်းတော်က ပြန်ပြုပြင်ရတော့မယ့် အနေအထားကို ရောက်လာပြီ၊ ဒါပေမဲ့ အဲဒါကို လုပ်ဖို့ ငါက မြင့်မားတဲ့တစ်နေရာကို တက်လှမ်းရမယ်၊ တန်ခိုးရှင်သူတော်စင်တစ်ဦး ဒါမှမဟုတ် မွန်မြတ်သူတော်စင်တစ်ဦးက အဲဒါကို လုပ်နိုင်မှာ မဟုတ်ဘူး၊ ငါက လက်ထောက်မဟာအကြီးအကဲသုံးဦးထဲကတစ်ဦး ဒါမှမဟုတ် မဟာအကြီးအကဲနေရာကို ရောက်မှဖြစ်မယ်။”
ချီရွှမ်းစုက အနည်းငယ် ရှက်မိသွားသည်။ သူ့ရည်မှန်းချက်သည် လက်ထပ်ထိမ်းမြားပြီး တည်ငြိမ်သော အလုပ်အကိုင်တစ်ခု ရရှိဖို့သာဖြစ်သည်။ အဲဒါသည် ကျန်းယွဲ့လု၏ ရည်မှန်းချက်နှင့် အရမ်းကို ဝေးကွာလွန်းနေသည်။
အခန်း ၁၂၄ - ဟွာရှန်ခန်းမ
အနီရောင်ဝတ်စုံနှင့် ကချေသည်က ကျန်းယွဲ့လုနှင့် ချီရွှမ်းစုထံကနေ ထွက်ပြေးလွတ်မြောက်ပြီး တည်းခိုခန်းတစ်ခု၏ ခြံဝန်းငယ်တစ်ခုထဲသို့ ရောက်ရှိလာ၏။ သူမသည် စုတ်ပြတ်နေသောဝတ်စုံကို လဲလှယ်ဖို့အချိန်မရဘဲ သူမ၏ ခန္ဓာကိုယ်နေရာများစွာက ပေါ်ထွက်နေ၏။
“ဒီတစ်ခေါက် ဖီးနစ်စိမ်းတပ်သားတွေက ကျွန်မကို ခြေရာခံမိသွားတယ်… အဲဒါကြောင့် တာဝန်က ကျရှုံးသွားတယ်… ပေါ့ပေါ့ဆဆပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်”
နူးညံ့သိမ်မွေ့၍ ညုတုတုနိုင်သောအသံတစ်သံက ထွက်ပေါ်လာ၏။
“ညီမ… ဖီးနစ်စိမ်းတပ်ဖွဲ့ကို အပြစ်တင်မနေစမ်းပါနဲ့… သူတို့ ဝင်ပါမလာရင်တောင် နင့်ရဲ့တာဝန်က ကျရှံးသွားမှာပဲ… ပညာရှိကျန်းက နင့်ရဲ့လှည့်ကွက်တွေကို တွေ့မြင်ထားပြီးပြီ… သူက နင့်ကိုနေရာမှာတင် ဖမ်းခဲ့လို့ရတယ်… ဒါပေမဲ့ သူက နင့်ကိုလွှတ်ပေးပြီး နင်နဲ့ သူ့ရဲ့ စက္ကူကြိုးကြာကို ထည့်ပေးလိုက်တယ်… သူက ငါတို့ရဲ့အသိုက်အမြုံကို ခြေရာခံချင်နေတာ အသိသာကြီးပဲ… တော်သေးတာပေါ့ ငါတို့အားလုံး ဖော်ထုတ်ခံရတော့မလို့။”
စုတ်ပြဲနေသောအနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးက လျှောက်လှမ်းဝင်လာသည့် မြေခွေးသားမွေးခြုံထည်နှင့်အမျိုးသမီးကို စိုက်ကြည့်နေ၏။ မြေခွေးသားမွေးနှင့် အမျိုးသမီးက အနီရောင်ဝတ်အမျိုးသမီးလိုပင် ချောမောလှပလေသည်။
အမျိုးသမီးနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ရန်လိုမှုဖြင့် စိုက်ကြည့်နေကြ၏။
ဤအချိန်မှာ နှုတ်ဆိတ်နေသောအမျိုးသားက နောက်ဆုံးမှာ ခပ်ထိုင်းထိုင်းအသံဖြင့် ပြောလိုက်သည်။
“သူတို့ကို သတိထားမိအောင် မလုပ်နဲ့လို့ ခေါင်းဆောင်ဟွာက ငါတို့ကို ထပ်တလဲလဲသတိပေးထားတယ်… ဒါပေမဲ့ နင်က သူတို့ကိုအရင်သွားပြီးတော့ ရန်စလိုက်သေးတယ်… နင် အမိန့်ကို တမင်သက်သက် ဖီဆန်နေတာလား”
အနီရောင်ဝတ်အမျိုးသမီးက စိတ်ထိခိုက်ခံစားရဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မ… သူတို့ကို အရင်သွားပြီး ရန်စတာမဟုတ်ရပါဘူး… အဲဒါက တိုက်ဆိုင်သွားတာပါ”
အမျိုးသားက သူမကို တစ်ချက်ကြည့်လိုက်၏။
“အဲဒါက တကယ်ပဲတိုက်ဆိုင်တာလားဆိုတာ နင်ပဲသိမှာပေါ့… နင့်ရဲ့ဖြေရှင်းချက်ကို ခေါင်းဆောင်ဟွာနဲ့တွေ့တဲ့အခါ ရှင်းပြဖို့ သိမ်းထားလိုက်ဦး”
မြေခွေးသားမွေးနှင့်အမျိုးသမီးက မီးလောင်ရာ လေပင့်လိုက်သည်။
“ငါတို့အားလုံးကို ဆရာတစ်ယောက်တည်းက သင်ကြားပေးထားတာ… နင်ဘယ်သူ့ကို လိမ်ညာဖို့ ကြိုးစားနေတာလဲ”
အနီရောင်ဝတ်အမျိုးသမီးက ထိတ်ထိတ်ပျာပျာနှင့် ခေါင်းဆောင်ဟွာကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေရတော့သည်။
တကယ်တော့ အနီရောင်ဝတ်အမျိုးသမီးက ကျန်းယွဲ့လုကို ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ပေ။ သူမသည် လူပျိုတစ်ဦးဖြစ်ပုံရသော ချီရွှမ်းစုကို မြှူဆွယ်ဖြားယောင်းဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။
ချီရွှမ်းစုက ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်နေသည့်အတွက် သူမက တုန်လှုပ်ခဲ့ရလျှင်တောင် သူမ၏ အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ယုံကြည်မှုရှိနေခဲ့ဆဲဖြစ်သည်။
ယောင်္ကျားအများစုမှာ သန်မာသောစိတ်ဆန္ဒ၊ တဇွတ်ထိုးနိုင်မှုနှင့် မိုက်မဲမှုတို့ရှိလေသည်။ ယောင်္ကျားများကို ပစ်မှတ်ထားသည့်အခါ ပြင်းထန်ကြမ်းတမ်းစွာ လုပ်ဆောင်စရာ မလိုအပ်ပေ။
ချီရွှမ်းစု၏ အရွယ်မှာရှိသော ယောင်္ကျားများသည် သန်မာ၍အကြောက်အလန့်ကင်းမဲ့ကြသော်လည်း သူတို့၏ အကြီးမားဆုံးအားနည်းချက်မှာ လှပသောအမျိုးသမီးများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံနိုင်စွမ်းမရှိသလောက်နီးပါးဖြစ်နေခြင်းပင်။
ထို့ကြောင့် အနီရောင်ဝတ်အမျိုးသမီးသည် ချီရွှမ်းစုကို ညှို့ငင်ဖမ်းစားပြီး သူသိသမျှအရာရာတိုင်းကို ထုတ်ဖော်ခိုင်းဖို့ ယုံကြည်မှုရှိနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် ချီရွှမ်းစုကို သူမ၏ သူလျှိုအဖြစ် ပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ထားသည်။ ထိုသို့ဖြင့် သူမသည် ကျန်းယွဲ့လု၏ လှုပ်ရှားမှုတိုင်းကို အချိန်တိုင်းသိရှိနိုင်မည်ဖြစ်သည်။
ထိုအခါ သူမသည် ခေါင်းဆောင်ဟွာရှေ့မှာ အကျိုးဆောင်မှုကို တောင်းဆိုနိုင်ပေလိမ့်မည်။ သို့သော်လည်း ကိစ္စများက ဤမျှအထိ တူးတူးခါးခါးဖြစ်သွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ ယခု သူမက ကိုယ့်ရှူးကိုယ်ပတ်သွားသည်ကို သိရှိလိုက်၏။
. . . . . .
တစ်ချိန်တည်းမှာပင် ဘယ်လိုလူလိမ်မျိုက နေ့ခင်းကြောင်တောင် မြက်ဖျာစင်ပေါ်မှာ ကပြဖျော်ဖြေဖို့လိုအပ်မလဲ ကျန်းယွဲ့လုက စဉ်းစားနေမိသည်။ အနီရောင်ဝတ်အမျိုးသမီးက တကယ်တမ်းမှာ သူ့ကိုပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ကို ချီရွှမ်းစုကလည်း သတိမထားမိခဲ့ပေ။
သို့သော်လည်း အနီရောင်ဝတ်အမျိုးသမီးသည် ချီရွှမ်းစု၏ ခံနိုင်ရည်စွမ်းကို လျှော့တွက်ခဲ့မိသည်။ ချီရွှမ်းစုက လူပျိုတစ်ဦးဖြစ်ပြီး အမျိုးသမီးလက်တစ်ဆုပ်စာနှင့်သာ ထိတွေ့မှုရှိခဲ့သော်လည်း သူက အစစ်အမှန်လောကမှာ အန္တရာယ်များစွာကို ကောင်းကောင်းတွေ့မြင်ထားဖူးသည့် အတွေ့အကြုံရှိ ခရီးသွားတစ်ဦးဖြစ်သည်။ အလှမယ်ထောင်ချောက်က ဘယ်လိုအလုပ်လုပ်သည်ကိုလည်း သူသိရှိထားပြီး သူ့ကို ချောမောလှပမှုဖြင့် အလွယ်တကူအရူးလုပ်ဖို့က လွယ်ကူလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူ့အထက်လူကြီးနှင့် သူ့မိတ်ဆွေသူငယ်ချင်းဖြစ်သော ကျန်းယွဲ့လုကလည်း ချီရွှမ်းစုကို အလှမယ်ထောင်ချောက်ထဲမှာ ကျဆင်းခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ဤအချိန်မှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက လမ်းထဲကနေ ထွက်လာခဲ့ကြပြီဖြစ်ပြီး ဟွာရှန်ခန်းမရှိရာသို့ ဦးတည်လိုက်ကြသည်။
ကျင်းကွမ်စီရင်စုက ကြီးမား၍ တစ်ခါတုန်းက ရှုတိုင်းပြည်၏ မြို့တော်ဟောင်းဖြစ်ခဲ့ဖူးသည်။ သူတို့သည် မြို့ထဲမှာ သိုသိုသိပ်သိပ်သာနေလိုသောကြောင့် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ကျားမာအဆောင်ကို အသုံးပြုခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ လျှောက်လှမ်းသွားကြ၏။
သူတို့နှစ်ယောက်သည် တစ်နာရီကျော် လမ်းလျှောက်ပြီးနောက် ဈေးထဲကို ရောက်လာကြသည်။
မြို့ဂိတ်တံခါးမှ ဝတ်ရုံနက်ပြောခဲ့သလိုပင် ဟွာရှန်ခန်းမ၏ မျက်နှာစာက အတော်လေးကြီးကျယ်ခမ်းနားနေသည်။ ပင်မအဆောက်အအုံနှင့် ၎င်း၏ အခြေခံအုတ်မြစ်က နှစ်ထပ်စာအမြင့်လောက်ရှိသည်။ ပင်မဝင်းတံခါးက ပေနှစ်ဆယ်မြင့်မားလေသည်။ ရင်ပြင်တစ်ခုဆီသို့ အဖြူရောင်စကျင်ကျောက်လှေခါးထစ် ၃၆ထစ်ဖြင့် ချိတ်ဆက်ထားပြီး ရင်ပြင်၏ အလယ်မှာ လူ့တစ်ရပ်အမြင့်လောက်ရှိသော မြေကမ္ဘာဘုရင်မရုပ်တုကို ထားရှိလေသည်။ ဤရုပ်တုသည် ပြုစုပျိုးထောင်ပေးခြင်း၊ ထောက်ပံ့ခြင်းနှင့် အလုံးစုံကို ခြုံငုံခြင်း၏ အမှတ်သင်္ကေတဖြစ်သည်။ အရာအားလုံးက မြေကမ္ဘာထံကနေ မွေးဖွားပေါ်ထွက်လာသည်ဟူသော သဘောဖြစ်သည်။
ချီရွှမ်းစုက လှေခါးခြေရင်းကို ရောက်ရှိလာပြီး အနက်ရောင်နောက်ခံမှာ ဟွာရှန်ခန်းမဟု ရွှေရောင်စာလုံးများဖြင့် ရေးထိုးထားသည့် မုခ်ဦးကို မော့ကြည့်လိုက်သည်။ သူက ချီးကျူးလိုစိတ်ဖြင့် သက်ပြင်းချလိုက်မိ၏။
“အို… ဒါက ငါတို့ ထျန်ကန်းခန်းမထက် ပိုပြီးတော့ ကြီးကျယ်ခမ်းနားနေတာပဲ”
ကျန်းယွဲ့လုက ထေ့ငေါ့လိုက်၏။
“နင်က ဟွာရှန်ခန်းမရဲ့ ဌာနချုပ်ကို မမြင်ဖူးတာ သေချာပြီပဲ… ဟွာရှန်ခန်းမရဲ့ အခွဲတွေအားလုံးက အဲဒါကို တုပထားတဲ့ ပုံစံငယ်တွေပဲ”
ချီရွှမ်းစုက မေးမြန်းလိုက်၏။
“ထျန်ကန်းခန်းမက ဘာလို့အခွဲမရှိတာလဲ”
ကျန်းယွဲ့လုက ဖြေပေးလိုက်သည်။
“ကျိဝေခန်းမ၊ တူကျစ်ခန်းမနဲ့ ပေချန်ခန်းမတို့မှာလည်း အခွဲတွေမရှိဘူး… အဲဒီခန်းမတွေက ခန်းမခွဲတွေရှိနေမှပဲ ထူးဆန်းနေလိမ့်မယ်”
ချီရွှမ်းစုက ခဏမျှစဉ်းစားပြီးနောက် အဓိပ္ပါယ်ရှိသလို ခံစားလိုက်ရသည်။
“အဲဒါက ဘာလို့လဲ”
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“ကျိဝေခန်းမ၊ တူကျစ်ခန်းမ၊ ထျန်ကန်းခန်းမနဲ့ ပေချန်ခန်းမတို့က အခြေခံအားဖြင့် အမှုထမ်းရေးရာ၊ ဘဏ္ဍာရေး၊ ခုခံကာကွယ်ရေးနဲ့ တရားစီရင်ရေးဌာနတွေပဲ… အဲဒီဌာနလေးခုမှာ ဒေသဆိုင်ရာတာအိုစံအိမ်တွေရဲ့ ကိုယ်စားလှယ်တွေရှိတယ်… သူတို့က လက်ထောက်စံအိမ်သခင်တွေပဲ.. တာအိုစံအိမ်တစ်ခုလုံးကို စံအိမ်သခင်က ကြီးကြပ်ထားတယ်… အဲဒါကြောင့် ငါတို့က ဘယ်လိုခန်းမခွဲကိုမှ ထားစရာမလိုဘူး”
“ဟွာရှန်ခန်းမနဲ့ ထျန်ကျိခန်းမမှာတော့ ခြွင်းချက်ရှိတယ်… သူတို့တွေက ဒေသဆိုင်ရာတာအိုစံအိမ်တွေ မကြီးကြပ်နိုင်တဲ့ ထူးခြားတဲ့ ကုန်သွယ်စီးပွားရေးလုပ်ငန်းတချို့ကို ဂရုစိုက်ပေးရတယ်… အဲဒါကြောင့် ဘိုးဘေးကျောင်းတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ အဲဒီခန်းမအခွဲတွေကို တည်ထောင်ထားတာပဲ”
“ငါသိပြီ”
ချီရွှမ်းစုက လှေခါးရှိရာသို့ အရင်ဆုံးလျှောက်လှမ်းသွားပြီး ကျန်းယွဲ့လုက နောက်ကနေလိုက်ပါသွားသည်။
ပုံမှန်အားဖြင့် သာမန်စားသောက်ဆိုင်တစ်ဆိုင် သို့မဟုတ် ဈေးဆိုင်တစ်ဆိုင်၏ ပင်မဝင်ပေါက်မှာ နှစ်ချပ်တွဲတံခါးများ တပ်ဆင်ထားတတ်ကြသည်။ သို့သော်လည်း ဟွာရှန်ခန်းမ၏ ပင်မတံခါးက ရှစ်ချပ်တွဲတံခါးဖြစ်သည်။ ဤအချိန်မှာ တံခါးရှစ်ချပ်စလုံးကိုဖွင့်ထားပြီး လူဆယ်ယောက်ကျော်က တစ်ပြိုင်နက်တည်း ဝင်နိုင် ထွက်နိုင်ကြသည်။
အရှေ့ဘက်နှင့် အနောက်ဘက်ကို ၁၂ချပ်တွဲလိုက်ကာများဖြင့် ပိုင်းခြားထားသည့် ခန်းမအပွင့်တစ်ခုရှိနေသည်။ တံခါးများ၏ အတွင်းဘက်မှာ နဂါးငွေ့တန်း ကြယ်တာရာတစ်ခုနှင့် ဆင်တူသည့် အနက်ရောင်ကျောက်သားဖြင့် ပြုလုပ်ထားသော ကောင်တာရှည်တစ်ခုရှိနေသည်။ အနီရောင်စန္ဒကူးစားပွဲများနှင့် ကုလားထိုင်များစွာကိုလည်း နံရံဘေးမှာ စီချထားသည်။ ထိုအရာများအားလုံးက သေးငယ်သော ပရိဘောဂပစ္စည်းများဖြစ်သော်လည်း အတော်လေး အဖိုးထိုက်တန်နေဆဲဖြစ်သည်။
ကောင်တာ၏ နောက်ဘက်မှာ အမျိုးသမီးတာအိုဆရာတစ်ဦးက ပြုံး၍မတ်တတ်ရပ်နေ၏။ သူမသည် ချီရွှမ်းစုနှင့်ကျန်းယွဲ့လု ချဉ်းကပ်လာသည်ကို တွေ့မြင်သောအခါ ပြုံး၍ မေးလိုက်သည်။
“ရှင်တို့တွေက…”
ချီရွှမ်းစုက သူနှင့် ကျန်းယွဲ့လု၏ အထောက်အထားများကို ထုတ်ယူကာ ကောင်တာပေါ်တွင် တင်ပေးလိုက်ပြီဖြစ်သည်။
သူတို့၏ ရာထူးများကို တွေ့မြင်သည့်အခါ ဧည့်ကြိုအမှုထမ်းက မှင်တက်သွား၏။
“လက်ထောက်ခန်းမသခင်ကျန်း… အမှုဆောင်ချီ… ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါရှင်”
သူမက လိုက်ကာနောက်ကို အလောတကြီး ဝင်ရောက်သွား၏။ ခဏနေပြီးနောက် တာအိုဓလေ့ထုံးထမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာလေသည်။ သူ၏ ဝတ်စားဆင်ယင်ပုံအရ သူက အဆင့် ၅ တာအိုဆရာတစ်ဦးဖြစ်သည်။
အမျိုးသားက လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
“ကျုပ်က ဒီမှာရှိတဲ့ ကြီးကြပ်ရေးမှူး စုန့်ဝမ်ပါ… လက်ထောက်ခန်းမသခင်ကျန်း… တွေ့ရတာ ဝမ်းသာပါတယ်”
ကျန်းယွဲ့လုက ပြန်လည်ဦးညွှတ်ပြီး သူမလာရောက်သည့်ရည်ရွယ်ချက်ကို အကြမ်းဖျင်းရှင်းပြလိုက်သည်။
ဤစကားကိုကြားပြီးနောက် စုန့်ဝမ်က အကျပ်တွေ့သည့်ပုံပေါ်သွား၏။
“လက်ထောက်ခန်းမသခင်ကျန်း.. ဟွာရှန်ခန်းမရဲ့ စည်းမျဉ်းစည်းကမ်းအရဆို အလှအပရေးရာအတွက် ကုသမှုတွေက ပုံမှန်အားဖြင့် လျှော့ဈေးမရတတ်ဘူး… ဒါပေမဲ့ ခင်ဗျားက အဆင့် ၄ကျိကျိုးတာအိုအကြီးအကဲတစ်ဦးဖြစ်တဲ့အတွက် လျှော့ဈေး တစ်ဆယ်ရာခိုင်နှုန်း ရခွင့်ရှိပါတယ်”
ကျန်းယွဲ့လုက ဤသို့ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“ဒါဆိုလည်း… ကုန်ကျစရိတ်ကို ကျေးဇူးပြုပြီး တွက်ပြပါဦး”
စုန့်ဝမ်က ကုန်ကျငွေကို တွက်ချက်ပြီး ပြောလိုက်သည်။
“လိုအပ်တဲ့ ဆေးဝါးပမာဏအရဆိုရင် အဲဒါက ထိုက်ဖျင်ဒင်္ဂါး သုံးထောင်ကျော်ကျော်ကျသင့်လိမ့်မယ်… ဒါပေမဲ့ ကျုပ်က အစွန်းထွက်ကို လျှော့ပေးနိုင်တယ်… အပြည့်အဝကုသမှုအတွက် ထိုက်ဖျင်ဒင်္ဂါး သုံးထောင်ပဲကျပါမယ်”
စုန့်ဝမ်၏ ထင်မြင်ချက်အရ ထိုက်ဖျင်ဒင်္ဂါးသုံးထောင်က နည်းပါးသောပမာဏမဟုတ်ပေ။ သို့သော် အဆင့်-၄ တာအိုဆရာတစ်ဦးက ထိုက်ဖျင်ဒင်္ဂါးသုံးထောင်ကို တတ်နိုင်ပေလိမ့်မည်။ အထူးသဖြင့် နာမည်ဂုဏ်သတင်းကြီးမားသော ကျန်းမိသားစုကလာပြီး မြေကမ္ဘာဆရာသခင်၏ အလေးထားခြင်းခံရသော ကျန်းယွဲ့လုလို နာမည်ကြီးတစ်ယောက်အတွက်ဖြစ်သည်။ သူမမှာ တောက်ပသောအနာဂတ်ရှိပြီး သူမက ထိုမျှငွေကြေးကို ကောင်းကောင်းတတ်နိုင်မည်ဟု စုန့်ဝမ်က ယူဆလိုက်သည်။
သူ မသိသည်မှာ ကျန်းယွဲ့သည် ကျန်းမိသားစု၏ ပင်မအခွဲကနေ လာခြင်းမဟုတ်သလို သူမမိသားစု၏ ထောက်ပံ့မှုများစွာကိုလည်း ရရှိမထားပေ။ မြေကမ္ဘာဆရာသခင်က သူမကို တန်ဖိုးထားသော်လည်း ငွေကြေးအသပြာကို ပေးထားလိမ့်မည် မဟုတ်ပေ။ သူမသည် စွန်းယုံဖုန့်လို အပိုဝင်ငွေလည်း မရှာတတ်ပေ။ ထို့ကြောင့် ကျန်းယွဲ့လုသည် ပုံမှန်အားဖြင့် ထိုက်ဖျင်ဒင်္ဂါးသုံးထောင်ကို တတ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းယွဲ့လုက မသဲမကွဲရေရွတ်လိုက်၏။
“သုံးထောင်လား…”
ကုသမှုက ဈေးကြီးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သည်။ သူမကို တကယ်တမ်း အံ့အားသင့်စေသည့်အရာမှာ ချီရွှမ်းစု၏ ခန့်မှန်းတွက်ချက်မှုက အတော်လေးတိကျနေခြင်းဖြစ်သည်။
ဤအချိန်မှာ ချီရွှမ်းစုက ဖြတ်ပြောလိုက်၏။
“ကြီးကြပ်ရေးမှူးစုန့်… ကျုပ်တို့က ခရီးသွားနေတာဆိုတော့ အဲလောက်များတဲ့ငွေသားပမာဏကို ဆောင်လာဖို့က မလွယ်ဘူး… အဲဒါကြောင့် အခုကျုပ်တို့မှာ အဲလောက်ထိ ပါမလာဘူး… ဒါပေမဲ့ ကျုပ်တို့မှာ အပေါင်ထားလို့ရတဲ့ ရတနာဒိုင်းကာတစ်ခုရှိတယ်”
ဟွာရှန်ခန်းမက အပေါင်ဆိုင်မဟုတ်သည့်အတွက် အပေါင်ပစ္စည်းများကို ပုံမှန်အားဖြင့် လက်မခံပေ။ သို့သော်လည်း အရာရာတိုင်းမျာ ခြွင်းချက်ဆိုတာရှိလေသည်။ အပြင်လူများအတွက်တော့ စည်းမျဉ်းစည်းကမ်းက ပုံသေနည်းကျဖြစ်သော်လည်း ကျန်းယွဲ့လုက အပြင်လူမဟုတ်ပေ။
စုန့်ဝမ်က ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ရပါတယ်… ကျုပ်ခင်ဗျားတို့နှစ်ယောက်ကို မျက်နှာသာပေးပါမယ်”
ကျန်းယွဲ့လုက မျက်မှောင်အနည်းငယ်ကြုတ်ထားသည်ကိုကြည့်ပြီး ချီရွှမ်းစုက သူမကိုယ်စား ခပ်မြန်မြန်သဘောတူလိုက်သည်။
“ကြီးကြပ်ရေးမှူးစုန့်… ကျေးဇူးအများကြီးတင်ပါတယ်”
ချီရွှမ်းစုက မီးလင်းပုလဲတစ်လုံးနှင့်တူသော ရတနာကို ထုတ်ယူပြီး စုန့်ဝမ်ကို ကမ်းပေးလိုက်သည်။
စုန့်ဝမ်က အဆင့်မြင့်တာအိုဆရာတစ်ဦးမဟုတ်သော်လည်း သူက ဟွာရှန်ခန်းမတွင် တာဝန်ထမ်းဆောင်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး အတော်လေးဗဟုသုတရှိလေသည်။ သူက ပုတီးစေ့ကိုယူ၍ စစ်ဆေးပြီးနောက် ချီတချို့ကို ထည့်သွင်းကာ ရတနာအစစ်ဟုတ်မဟုတ် အကြမ်းဖျင်းအတည်ပြုလိုက်သည်။
စုန့်ဝမ်က မှတ်ချက်ပေးလိုက်၏။
“ဒါက… တကယ့်ရတနာကောင်းပဲ… ဈေးကွက်တန်ဖိုးအရဆို ဒီကောင်က ထိုက်ဖျင်ဒင်္ဂါး ၄၁၀၀ တန်ပါတယ်”
ချီရွှမ်းစုက လက်သီးနှင့်လက်ဝါးကို ထိကာ ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်… ကြီးကြပ်ရေးမှူးစုန့်”
စုန့်ဝမ်က သူတို့နှစ်ယောက်ကိုထိုင်ခိုင်းပြီးနောက် အမှုထမ်းတစ်ဦးကို လက်ဖက်ရည်ဖြင့် ဧည့်ခံခိုင်းလိုက်သည်။ ထို့နောက် သူက ရတနာနှင့်အတူ ထွက်ခွာသွား၏။
တစ်နာရီခန့်ကြာပြီးနောက် စုန့်ဝမ်က လက်တစ်ဖက်မှာ သေတ္တာတစ်လုံးနှင့် အခြားလက်တစ်ဖက်မှာ စက္ကူတစ်ထပ်ကိုကိုင်ကာ ပြန်လည်ရောက်ရှိလာ၏။
ချီရွှမ်းစုက ကျန်းယွဲ့လုကို လက်ဖက်ရည်ဆက်သောက်နေရန် အချက်ပြပြီး ကြီးကြပ်ရေးမှူးကို မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်၏။
ကိစ္စအဝဝကို ချီရွှမ်းစုက ကိုင်တွယ်နေသည်ကို စုန့်ဝမ်က သတိထားမိနေသည်။ ထို့ကြောင့် သူက ပြောလိုက်၏။
“အမှုဆောင်ချီ… ဒါက လက်ထောက်ခန်းမသခင်ကျန်းအတွက် လိမ်းဆေးပါ”
သူက ပြောရင်း ချီရွှမ်းစုအား သေတ္တာကို ကမ်းပေးလိုက်သည်။ ၎င်းသည် သမားတော်များ ဆောင်သွားလေ့ရှိသည့် ဆေးသေတ္တာမျိုးဖြစ်သည်။
ချီရွှမ်းစုက သေတ္တာကိုဖွင့်ပြီး စစ်ဆေးကြည့်လိုက်၏။ အထဲမှာ အရွယ်အစားတူညီသော ကျောက်စိမ်းပုလင်းလေးများကို သေသပ်စွာစီထည့်ထားလေသည်။ စုစုပေါင်း ကျောက်စိမ်းပုလင်း ၁၂ ပုလင်းဖြစ်ပြီး ဆေးတစ်ပုလင်းက ထိုက်ဖျင်ဒင်္ဂါး ၂၅၀ ကျသင့်သည်ဟု ဆိုလိုသည်။
စုန့်ဝမ်က ချီရွှမ်းစုထံ စက္ကူတစ်ထပ်ကို ကမ်းပေးလိုက်ပြန်သည်။
“ဒါက ပြေစာနဲ့ ငွေစက္ကူအတန်ကြီး ၁၁ရွက်ပါ… အားလုံးပေါင်း ထိုက်ဖျင်ဒင်္ဂါး ၁၁၀၀ တန်ကြေးရှိပါတယ်… အမှုဆောင်ချီ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး”
သူတို့က ကုသစရိတ်ကို ပြန်လည်တောင်းခံလိုသည်ဆိုလျှင် ပြေစာတစ်ခုကို လိုအပ်လေသည်။
ချီရွှမ်းစုက သေတ္တာကိုပိတ်၍ စက္ကူတစ်ထပ်ကိုယူပြီး စစ်ဆေးကြည့်လိုက်၏။ ထို့နောက် အဲဒါကို သူ့အိတ်ထဲ ထည့်လိုက်သည်။ သူက စုန့်ဝမ်ကို နောက်တစ်ဖန်ကျေးဇူးတင်စကားပြောလိုက်၏။
“ကြီးကြပ်ရေးမှူးစုန့်… အခုလိုကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်… ခင်ဗျား နောက်ပိုင်း ကျောက်စိမ်းနေပြည်တော်ကိုရောက်ခဲ့ရင် အတူတူ သောက်ကြသေးတာပေါ့။”
ဤသည်မှာ စုန့်ဝမ်မျှော်လင့်နေသည့်စကားဖြစ်ပြီး သူက ချိုသာသောအပြုံးဖြင့် တုံ့ပြန်လိုက်လေသည်။