← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း ၁၂၅ - ထျန်ကျိခန်းမ

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဟွာရှန်ခန်းမကနေ ထွက်လာပြီးနောက် ချီရွှမ်းစုက ဆေးသေတ္တာကို ကျန်းယွဲ့လုထံ ကမ်းပေးကာမေးလိုက်သည်။

“ဒါတွေကို ဘယ်လိုသုံးရမလဲ မင်းသိလား”

ကျန်းယွဲ့လုက ဖြေလိုက်သည်။

“အင်း သိတယ်… ဒါပေမဲ့ ခရီးသွားရင်း အဲဒါကိုသုံးဖို့က အဆင်မပြေဘူး… အဲဒါကြောင့် ငါ အိမ်ကိုရောက်ပြီးမှပဲ သုံးတော့မယ်”

ချီရွှမ်းစုက စကားများစွာပြောဆိုခြင်းမရှိဘဲ ခေါင်းညိတ်၍ သူ၏ သားရေအိတ်ကို တစ်ဖန်စမ်းလိုက်သည်။

သူ့အိတ်ထဲမှာ ထိုက်ဖျင်ဒင်္ဂါး ၁၁၀၀ တန်သော ငွေစက္ကူများရှိနေ၏။ ထိုရတနာက သူနှင့်ထိုက်တန်သည်ဟု ကျန်းယွဲ့လုဆိုခဲ့သည့်အတွက် ကျန်ရှိနေသောအသပြာက သူ့ဟာဖြစ်သည်။ ထို့ကြောင့် အဲဒါကို သူကြိုက်သလို အသုံးချနိုင်သည်။

ချီရွှမ်းစုက အဲဒါကိုစဉ်းစားရင်း စိတ်ကောင်းဝင်နေ၏။ ဆရာ့ဆရာကြီးများအတွက်တော့ ထိုက်ဖျင်ဒင်္ဂါး တစ်ထောင်က များပြားသောပမာဏမဟုတ်သော်လည်း ချီရွှမ်းစုသည် ဤမျှများပြားသော ငွေပိုငွေလျှံကို ပထမဆုံးအကြိမ်စုဆောင်းမိခြင်းဖြစ်သည်။

သူက နတ်နဂါးပစ္စတိုအသစ်တစ်လက်ဝယ်ယူဖို့ စဉ်းစားနေ၏။ ယခု သူ့ဆီမှာ နတ်နဂါးပစ္စတိုတစ်လက်ရှိသော်လည်း အဲဒါကို ကျန်းယွဲ့လုအား တာအိုဂိုဏ်းတော်က ထုတ်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူက အနှေးနှင့်အမြန်ဆိုသလို အဲဒါကို ပြန်ပေးရပေမည်။

ထို့ကြောင့် နောက်ပိုင်း သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူ့အပိုင်တစ်လက် ရှိထားရပေမည်။

ချီရွှမ်းစုက ကျန်းယွဲ့လုကို တစ်ဖန်လှမ်းကြည့်လိုက်၏။

ဤအချိန်မှာ ကျန်းယွဲ့လုက လက်နှစ်ဖက်ကို မြှောက်ထားသည်။ သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ တောက်ပနေသောပုတီးစေ့များကို လက်ညှိုးဖြင့်ထိုးပြီး တချို့အရာများကို နေရာချနေသည့်အလား သူမ၏ အကြည့်က ငေးငိုင်နေ၏။

သူမသည် မှော်သိုလှောင်ပစ္စည်းကို စစ်ဆေးကြည့်နေခြင်းဖြစ်သည်ကို ချီရွှမ်းစုသိရှိလိုက်သည်။ အပြင်လူများသည် မှောသိုလှောင်ပစ္စည်း၏ အတွင်းဘက်နေရာလွတ်ကို မတွေ့မြင်ရသည့်အတွက် သူမကို ဤကဲ့သို့သောပုံစံဖြင့် တွေ့မြင်ရသည်။

ခဏနေပြီးနောက် ကျန်းယွဲ့လုက ဆေးသေတ္တာကို မှော်သိုလှောင်ပစ္စည်းထဲထည့်ကာ ညည်းညူလိုက်သည်။

“ငါ့ရဲ့ သိုလှောင်ပစ္စည်းက လုံးဝပြည့်သွားပြီ… အထဲကို ဘာမှထပ်ထည့်လို့ မရတော့ဘူး”

ချီရွှမ်းစုက အကြံပေးလိုက်သည်။

“မင်းလည်း ဘေးလွယ်အိတ်တစ်အိတ် ဆောင်ထားဖို့လိုနေပြီထင်တယ်”

ကျန်းယွဲ့လုက ချီရွှမ်းစုလွယ်ထားသည့်အိတ်ကိုတစ်ချက်ကြည့်ပြီးနောက် ခဏမျှတွေဝေနေ၏။

“နောက်မှပေါ့”

သူတို့နှစ်ယောက်က ဟွာရှန်ခန်းမ၏ လှေကားကနေ ဆင်းလာပြီး ဈေးထဲမှာ လမ်းလျှောက်သွားလာကာ စက်ချုပ်ဆိုင်တစ်ဆိုင်ကို တွေ့မြင်လိုက်ရသည်။

ချီရွှမ်းစုက ကျန်းယွဲ့လုဘက်ကို လှည့်ပြီး ပြောလိုက်သည်။

“ငါတို့ ဒီကိုရောက်လာမှတော့ ငါတို့ရဲ့ခြုံထည်ကို ပြန်ပြင်ကြရင် မကောင်းဘူးလား… သူများတွေပြောကြသလိုပေါ့… အဝတ်အစားအသစ်တွေက သုံးနှစ်ခံတယ်တဲ့… အဲဒါကို ပြန်လည်ပြုပြင်ပြီးရင် နောက်ထပ်သုံးနှစ်ထပ်ခံတယ်တဲ့”

ကျန်းယွဲ့လုက သူတို့၏ ခြုံထည်များကိုထုတ်ယူပြီး ညည်းညူလိုက်သည်။

“ငါတို့ရဲ့ အဝတ်တွေကတော့ သုံးနှစ်မပြောနဲ့ သုံးပတ်တောင် မခံလိုက်ဘူး”

လူအများစုက သူတို့၏ စုတ်ပြဲနေသောခြုံထည်များကို လွှင့်ပစ်ကြပေလိမ့်မည်။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးက မချမ်းသာသည့်အတွက် သူများတွေထက် ပို၍ ခြိုးခြံချွေတာရသည်။

ချီရွှမ်းစုက ရယ်မော၍ ခြုံထည်များကိုယူကာ အပ်ချုပ်ဆိုင်သို့ လျှောက်လှမ်းသွား၏။

အပ်ချုပ်သမားက ဆံပင်ဖြူ၊ မျက်မှန်နှင့် အသက် ၅၀ ကျော်အရွယ် လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူက လက်ထဲမှာ ခြုံထည်နှစ်ထည်ကိုင်ပြီး ဆိုင်ထဲကိုဝင်ရောက်လာသည့် ချီရွှမ်းစုကို တွေ့မြင်သောအါ နားလည်သဘောပေါက်သွားသည်။

ချီရွှမ်းစုက ခြုံထည်များကို စားပွဲပေါ်တင်ပြီး မေးလိုက်သည်။

“လူကြီးမင်း… ဒီခြုံထည်နှစ်ထည်ကို ပြန်ပြီးတော့ ပြုပြင်ဖာထေးဖို့ အချိန်ဘယ်လောက်ကြာမလဲ… အဲဒါက ဘယ်လောက်ကျသင့်မလဲ”

အပ်ချုပ်သမားက ခြုံထည်တစ်ထည်ကိုကောက်ယူ၍ သေသေချာချာအကဲခတ်ကြည့်ပြီးနောက် ဖြေလိုက်သည်။

“ဒါတွေက ကျောက်စိမ်းနေပြည်တော်က အသင့်ချုပ်ပြီးသားအထည်တွေဖြစ်ပုံရတယ်… ဒီနေရာမှာဆိုရင်တော့ အဲဒါမျိုးက ရှားရှားပါးပါးပဲ”

“ခင်ဗျားက အတော်လေး ဗဟုသုတရှိသားပဲ”

ချီရွှမ်းစုက သူ့ကိုချီးကျူးလိုက်သည်။

အပ်ချုပ်သမားက ခဏမျှစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“တစ်ရက်ဆိုရင် ရပါတယ်… ဒါပေမဲ့ ကျောက်စိမ်းနေပြည်တော်နဲ့မတူတာကတော့ ဒီမှာ အထည်သားနဲ့ ချည်တချို့က ရှားပါးတယ်… အဲဒါကြောင့် နည်းနည်းပိုပြီးတော့ ဈေးကြီးလိမ့်မယ်… စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားကျပါမယ်”

ချီရွှမ်းစုသည် မကြာသေးခင်ကမှ ပွပေါက်တိုးထားသည့်အတွက် ဈေးဆစ်မနေဘဲ သူ၏အိတ်ကပ်ထဲကနေ ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားကို ရက်ရက်ရောရောထုတ်ယူကာ ခြုံထည်နှစ်ထည်ဘေးတွင် တင်ပေးလိုက်သည်။

အပ်ချုပ်သမားအတွက်တော့ ထိုက်ဖျင်ဒင်္ဂါးနှစ်ပြားက အတော်လေးများပြားသည့် ပမာဏဟု ဆိုနိုင်သည်။ သူက ရွှင်လန်းတက်ကြွသွားပြီး ပြောလိုက်သည်။

“ခင်ဗျားရဲ့ဝတ်ရုံကလည်း တချို့နေရာတွေ ပျက်စီးနေတာ ကျုပ်သတိထားမိတယ်… အဲဒါကို ကျုပ်ပြန်ပြီးတော့ ပြုပြင်ပေးရမလား… အဲဒီအတွက် အဖိုးအခပေးစရာမလိုဘူး”

ချီရွှမ်းစုက တွေဝေနေပြီးနောက် ပြောလိုက်သည်။

“ကျုပ်မှာ လဲစရာအဝတ်ပါမလာဘူး”

ချီရွှမ်းစုက ရှန်းထျန်သက်ရှိတစ်ဦးဖြစ်သောကြောင့် သူက လဲစရာအဝတ်အစားကို ပြင်ဆင်မလာခဲ့ပေ။ လမ်းခရီးက ကြမ်းတမ်းမည်ကို သူမျှော်လင့်ထားသော်လည်း လမ်းတစ်လျှောက် ဤမျှအထိ တိုက်ခိုက်ခဲ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲများကြောင့် ချီရွှမ်းစု၏ ခန္ဓာကိုယ်နှင့် အဝတ်အစားများက စုတ်ပြဲနေလျှင်တောင် သူ့ခန္ဓာကိုယ်မှာ မည်သည့်အနံ့အသက်မှ ထွက်မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သာမန်လူများထက်ပို၍ သန့်ရှင်းနေ၏။

အပ်ချုပ်သမားက ပြောလိုက်သည်။

“အဝတ်လဲစရာမလိုပါဘူး… ခင်ဗျားဝတ်ရုံက သိပ်ပြီးတော့ ပျက်စီးနေတာမှမဟုတ်တာ… ကျုပ်အဲဒါကို ဒီတိုင်းပဲ ချုပ်ပေးလို့ရတယ်”

ဤစကားမှာ ချီရွှမ်းစုက အံ့အားသင့်သွား၏။ သူက မတ်တတ်ထရပ်ပြီး ညွှန်ကြားသည့်အတိုင်း လက်နှစ်ဖက်ကိုမြှောက်ပေးလိုက်၏။ အပ်ချုပ်သမားက အပ်နှင့်ချည်ကိုယူပြီး သူ၏ ဝတ်ရုံကို ကျွမ်းကျင်စွာဖြင့် ဖာထေးပေးနေ၏။ အပ်ချုပ်သမားက လက်စသတ်ပြီးနောက် ချီရွှမ်းစုက သူ၏အဝတ်အစားကိုကြည့်ရှုလိုက်ချိန် မည်သည့်စုတ်ပြဲရာကိုမှ မတွေ့မြင်ရတော့ပေ။ သူက အပ်ချုပ်သမားကို ချီးကျူးလိုက်၏။

“တော်တော်ကောင်းတဲ့လက်ရာပဲ”

သူက မည်သည့်စကားမှမဆိုဘဲ ကျန်းယွဲ့လုကို လှည့်ကြည့်လိုက်၏။ သို့သော်လည်း ‘မင်းဝတ်ရုံကိုလည်း ဖာထေးချင်သလား’ ဟု သူမေးချင်နေသည်မှာ သိသာနေ၏။

ယခင် ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲများမှာ ကျန်းယွဲ့လုသည် ဓားပျံကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ သူမ၏ အနွေးထည်ကလည်း လှီးဖြတ်ခံရပြီး အောက်ခံဝါဂွမ်းစများပင် ထွက်ပေါ်နေသည်။

ကျန်းယွဲ့လုက ကမ်းလှမ်းမှုကို ငြင်းဆန်လိုပြီး နှုတ်ဆိတ်နေ၏။ ကျန်းယွဲ့လုမှာ လဲစရာအဝတ်အစား အပိုပါသော်လည်း အဲဒါက အဆင့် ၄ ကျိကျိုးတာအိုဆရာတစ်ဦး၏ ထုံးတမ်းစဉ်လာဝတ်စုံဖြစ်သည်။ သူမ၏ ရာထူးအဆင့်ကိုဖော်မပြလိုသောကြောင့် ဤဝတ်စုံကို မဝတ်ဆင်လိုပေ။

အပ်ချုပ်သမားက အလောတကြီးပြောလိုက်သည်။

“ဒီက သခင်မကို ကျုပ်ရဲ့အမျိုးသမီးက ကူညီပေးနိုင်ပါတယ်… အဲဒါကြောင့် အဝတ်လဲစရာမလိုပါဘူး”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

အပ်ချုပ်သမားက သူ့ဇနီးကို လှမ်းအော်ခေါ်လိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးထွက်လာပြီး ကျန်းယွဲ့လုကို ဆိုင်နောက်ဘက်ရှိ အခန်းတစ်ခန်းထဲသို့ ဖိတ်ခေါ်လိုက်၏။

ချီရွှမ်းစုက အပြင်ဘက်မှာ ထိုင်စောင့်နေစဉ် အပ်ချုပ်သမားက ပေတံတစ်ချောင်းကိုယူကာ ခြုံထည်နှစ်ထည်ကို တိုင်းတာကြည့်နေ၏။

တစ်နာရီခန့်ကြာပြီးနောက် ကျန်းယွဲ့လုနှင့် အမျိုးသမီးက အတွင်းဘက်ခန်းထဲကနေ ပြန်ထွက်လာကြသည်။ ဤဝန်ဆောင်မှုက အခမဲ့မဟုတ်သောကြောင့် ကျန်းယွဲ့လုက ထိုက်ဖျင်ဒင်္ဂါးအသေးတစ်ပြားကို ထုတ်ပေးလိုက်သည်။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက အပ်ချုပ်ဆိုင်ကနေ ထွက်လာခဲ့ကြ၏။ သူတို့သည် ခြုံထည်များပြန်ရဖို့ တစ်ရက်စောင့်ရမည်ဖြစ်သောကြောင့် အခန်းကြိုတင်ငှားထားရန် အနီးဆုံးမှာရှိသော ထိုက်ဖျင်တည်းခိုခန်းသို့ ဦးတည်လိုက်ကြသည်။ ထိုသို့ဖြင့် ယခင်တစ်ခေါက်ကလိုမျိုး အခန်းတစ်ခန်းသာကျန်တော့သည့် ပြဿနာမျိုးကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

ချီရွှမ်းစုသည် ကုလားထိုင်ပေါ်မှာ တစ်ညလုံးထပ်ပြီး မအိပ်စက်ချင်ပေ။

……….

မြေခွေးသားမွေးနှင့် အမျိုးသမီးက ခြံဝင်းထဲကို ပြေးလာပြီး အော်ပြောလိုက်သည်။

“ငါတို့တော့ ဒုက္ခရောက်ပြီ”

လှေကားမှာထိုင်နေသောအမျိုးသားက မျက်ခုံးပင့်ကြည့်ပြီး မေးလိုက်၏။

“ဘာလို့အော်နေတာလဲ”

“ဟိုနှစ်ယောက်… ဒီကိုရောက်နေပြီ”

“ဘယ်သူတွေလဲ”

အမျိုးသမီးက ပြောလိုက်သည်။

“ခေါင်းဆောင်ဟွာပြောတဲ့ ဟိုနှစ်ယောက်လေ… ပညာရှိကျန်းနဲ့ ဟိုကောင်လေး..”

အမျိုးသားက ရုတ်တရက်မတ်တတ်ထရပ်ပြီး တည်တံ့သောမျက်နှာထားဖြင့် မေးလိုက်သည်။

“မင်း သူတို့နှစ်ယောက်ကို မြင်ခဲ့တာလား”

“ဟုတ်တယ်… ကျွန်မ သူတို့နဲ့ လမ်းမှာဆုံမိတာ… ဒါပေမဲ့ သူတို့ ကျွန်မကို မမှတ်မိဘူး… ညီမနဲ့သာတွေ့ရင် ပညာရှိကျန်းက သူ့ကို မှတ်မိမှာ… တော်သေးတာပေါ့ ညီမက သူ့ရဲ့အမှားကို ဆင်ခြင်သုံးသပ်ဖို့ အခန်းထဲမှာ ကျန်နေခဲ့လို့”

အမျိုးသားက အလေးအနက်စဉ်းစားတွေးတောလိုက်သည့်အတွက် မြေခွေးသားမွေးနှင့် အမျိုးသမီးက ဆက်လက်၍ မပြောဆိုတော့ဘဲ တိတ်တဆိတ်စောင့်ဆိုင်းနေသည်။

ခဏနေပြီးနောက် အမျိုးသားက ရေရွတ်လိုက်သည်။

“ထွက်ကြရအောင်”

“ထွက်တော့မှာလား”

အမျိုးသမီးက မေးလိုက်သည်။

“အင်း ဟုတ်တယ်… ငါတို့ ဒီက ထွက်မှရမယ်”

အမျိုးသားက ရှင်းပြလိုက်သည်။

“ငါတို့ ဒီမှာ သိပ်ကြာကြာနေလို့မဖြစ်တော့ဘူး… ပညာရှိကျန်း တစ်ခုခု သတိထားမိမသွားအောင်လို့ သူ့နောက်ကို ဆက်မလိုက်နဲ့တော့… တည်းခိုခန်းရဲ့ ဝင်ပေါက်ဝကိုပဲ စောင့်ကြည့်နေ.. သူတို့ တည်းခိုခန်းထဲကနေထွက်တာနဲ့ ကျန်တဲ့သူတွေကို နောက်ဖေးတံခါးကနေ ခေါ်ပြီး မြို့တောင်ပိုင်းက ဂေဟာဆီကို လိုက်လာခဲ့”

အမျိုးသမီးက နာခံလိုက်သည်။

“ကောင်းပါပြီရှင်”

တစ်ဘက်မှာတော့ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် ကျင်းကွမ်စီရင်စုမှာ ပြဿနာရှာနေသည့် လူလိမ်အုပ်စုကလည်း ထိုက်ဖျင်တည်းခိုခန်းမှာရှိနေသည်ကို မသိရှိကြပေ။ သူတို့က အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသည့် သီးသန့်ခြံဝန်းတစ်ခုကို ငှားရမ်းလိုက်ကြသည်။ အခကြေးငွေကိုပေးချေ၍ သော့ကိုယူပြီးနောက် စောနေသေးသည့်အတွက် သူတို့နှစ်ယောက်က အပြင်ကို ပြန်ထွက်လာကြသည်။ သူတိုက မြို့ထဲရှိ စည်ကားသော‌‌‌ဈေးဆီကို လျှောက်လာကြ၏။ ထိုဈေးက ကျောက်စိမ်းနေပြည်တော်က ထိုက်ချင်းရင်ပြင်လောက်တော့ မစည်ကားပေ။ နောက်ဆုံးမှာတော့ သူတို့သည် ဈေး၏ အစပ်ကို ရောက်ရှိလာပြီး ထျန်ကျိခန်းမအခွဲတစ်ခုကို ရှာတွေ့လိုက်သည်။

အဲဒါက ဟွာရှန်ခန်းမလိုပင် ကြီးကျယ်ခမ်းနားလေသည်။ သို့သော်လည်း သူတို့ဆီမှာထားရှိသောရုပ်တုက ကောင်းကင်ဧကရာဇ်၏ ရုပ်တုဖြစ်သည်။

သို့သော် ဘာ့ကြောင့်ရယ်မသိ ထျန်ကျိခန်းမသည် ဈေး၏ အခြားတစ်ဘက်မှာရှိပြီး ဟွာရှန်ခန်းမနှင့် အတော်လေးဝေးကွာသည်။

ချီရွှမ်းစုက မေးလိုက်၏။

“ဟွာရှန်ခန်းမနဲ့ ထျန်ကျိခန်းမက ဆက်ဆံရေးမကောင်းဘူးလား”

ကျန်းယွဲ့လုကလည်း ထူးဆန်းသည်ဟု ခံစားမိလိုက်၏။

“မဟုတ်ဘူး… ထျန်ကျိခန်းမနဲ့ ဟွာရှန်ခန်းမရဲ့ ဌာနချုပ်တွေက ရွှမ်မြို့တော်ထဲမှာ ဘေးချင်းကပ်ပဲ… ခန်းမနှစ်ခုက မကြာခဏထိတွေ့ဆက်ဆံလေ့ရှိတယ်… သူတို့မှာ အချင်းချင်းချိတ်ဆက်ထားတဲ့ အတွင်းပိုင်း ပေါင်းကူးတံတားတစ်ခုတောင်ရှိတယ်”

“ဪ… ဒါနဲ့ အဲဒီကို တစ်ချက်လောက်သွားကြည့်ရအောင်”

ချီရွှမ်းစုက နတ်နဂါးပစ္စတိုတစ်လက်ကို ဝယ်ချင်နေ၏။ ထို့ကြောင့် သူက ထျန်ကျိခန်းမထဲသို့ စိတ်လှုပ်ရှားစွာဖြင့် လျှောက်လှမ်းဝင်ရောက်သွား၏။ ကျန်းယွဲ့လုက သူ့ကိုအရင်သွားနှင့်စေပြီး နောက်ကနေ အေးအေးဆေးဆေးလိုက်သွားသည်။

ထျန်ကျိခန်း၏အခင်းအကျင်းက ဟွာရှန်ခန်းမနှင့် အတော်လေးဆင်တူလေသည်။ ကောင်တာနောက်မှာရပ်နေသော ဧည့်ကြိုအမှုထမ်းကတော့ အမျိုးသားတာအိုဆရာတစ်ဦးဖြစ်နေသည်။

ချီရွှမ်းစု၏ အဆင့်အရ သူသည် နတ်နဂါးပစ္စတိုတစ်လက်ကို ဝယ်ယူဖို့ အဆင့်မမီပေ။ ထို့ကြောင့် ဤဝယ်ယူမှုအတွက် ကျန်းယွဲ့လု၏ အမည်ကို အသုံးပြုရပေမည်။ ကျန်းယွဲ့လုက ရှေ့သို့တက်လှမ်းပြီး သူမ၏ အထောက်အထားကိုပြကာ လိုရင်းကို တန်းပြောလိုက်သည်။

“ရှင်တို့မှာ နတ်နဂါးပစ္စတိုတစ်လက်ရှိလား”

ကျန်းယွဲ့လု၏ အထောက်အထားကို တွေ့မြင်သောအခါ တာအိုဆရာက တုန်လှုပ်သွား၏။ သူက ကျန်းယွဲ့လု၏ နာမည်ကို မကြားဖူးသော်လည်း အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦး၏ အဆင့်အတန်းက ဘယ်လောက်မြင့်မားသည်ကို သိရှိထားသည်။ စောစောက သူ၏ မောက်မာဝံ့ကြွားသောအမူအရာက ပျောက်ကွယ်သွားပြီး ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။

“ရှိပါတယ်.. ပညာရှိ”

နတ်နဂါးပစ္စတိုကို နတ်ဘုရားလက်နက်တိုက်က တီထွင်ခဲ့ခြင်းဖြစ်သော်လည်း နှစ်ဦးနှစ်ဖက်ကြား ပူးပေါင်းဆက်ဆံရေးတစ်ခုရှိထားသောကြောင့် ထျန်ကျိခန်းမက အဲဒါကို ထုတ်လုပ်နိုင်သည်။

ကျန်းယွဲ့လုက အမိန့်ပေးလိုက်သည်။

“အဲဒါဆိုရင် တစ်လက် ယူလာပြပေးပါ”

တာအိုဆရာက ထွက်ခွာ၍ ခဏနေပြီးနောက် သေတ္တာတစ်လုံးနှင့်အတူ ပြန်ရောက်လာပြီး ကျောက်သားကောင်တာပေါ်မှာ တင်ပေးလိုက်သည်။

ကျန်းယွဲ့လုက သေတ္တာကို ဖွင့်ကြည့်လိုက်၏။ အထဲမှာ ဆင်စွယ်လက်ကိုင်၊ ကြေးကိုယ်ထည်နှင့် သေနတ်တစ်လက်ရှိလေသည်။ နဂါးဦးခေါင်းပုံစံဖြင့် အလှဆင်ထားပြီး ၎င်းကို ကတ္ထီပါစဖြင့် ထုပ်ထားသည်။

တာအိုဆရာက ပစ္စည်းကို မိတ်ဆက်ပေးလိုက်၏။

“ဒါက… တစ်တောင့်ထိုးကျည်နဲ့အသုံးပြုတဲ့ နောက်ပွင့်သေနတ်ပါ… မီးခတ်စနစ်ကို စနက်တံနဲ့ အစားထိုးထားပါတယ်… ပစ်ခတ်နိုင်တဲ့အကွာအဝေးကတေ့ ခြေလှမ်းတစ်ရာအတွင်းပါ… ထိုက်ဖျင်ဒင်္ဂါး ၆၀၀ ကျသင့်ပါမယ်။”

အခန်း ၁၂၆ - အသစ်က အဟောင်းလောက်မကောင်း

မှောင်ခိုဈေးကွက်က ဈေးပိုကြီးသည်ကို ချီရွှမ်းစုသိရှိထားသော်လည်း ထျန်ကျိခန်းမက ဤမျှအထိ ဈေးပိုချိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထျန်ကျိခန်းမမှ အသစ်စက်စက် နတ်နဂါးပစ္စတိုတစ်လက်သည် မှောင်ခိုဈေးကွက်မှ တစ်ပတ်ရစ်ပစ္စတိုတစ်လက်နှင့် ဈေးနှုန်းအတူတူဖြစ်သည်။ ဤသည်မှာ အဆင့်မြင့်တာအိုဆရာတစ်ဦးဖြစ်လာခြင်း၏ အကျိုးကျေးဇူး ဖြစ်လေသည်။

ကျန်းယွဲ့လုက ချီရွှမ်းစုကို တစ်ချက်လှမ်းကြည့်ချိန် သူက မသိမသာခေါင်းညိတ်ပြလိုက်သည်။

အတည်ပြုမှုရရှိပြီးနောက် ကျန်းယွဲ့လုက ဧည့်ကြိုအမှုထမ်းကို ပြောလိုက်သည်။

“ဟုတ်ပြီလေ… ကျွန်မဒီသေနတ်ကိုယူမယ်… ရှင်တို့မှာ ကျည်ဆန်တွေရောရောင်းဖို့ရှိလား”

ဧည့်ကြိုအမှုထမ်းက အကျပ်တွေ့ဟန်ဖြင့် ပြောလိုက်သည်။

“ပညာရှိ… တာအိုဂိုဏ်းတော်က သေနတ်တွေရောင်းချတာကို ထိန်းချုပ်မထားပေမဲ့ ခဲယမ်းကျည်ဆန်တွေကိုတော့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်… ဖီးနစ်မျက်လုံးကျည်ဆန်နဲ့ နဂါးမျက်လုံးကျည်ဆန်တွေကို ထျန်ကန်းခန်းမရဲ့ ခွင့်ပြုချက်နဲ့ပဲ ဝယ်လို့ရပါမယ်”

ထျန်ကျိခန်းမက ခဲယမ်းကျည်ဆန်များကို အဓိကထားစဉ် အနောက်ဘက်ကုန်းမြေတိုက်က သေနတ်များကို ပိုမိုအလေးထားသည်။

ကျန်းယွဲ့လုသည် သူမ၏ သရုပ်သကန်ကို သက်သေပြသည့်အနေဖြင့် သူမ၏ လက်ထောက်ခန်းမသခင်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

ဤသည်ကို တွေ့မြင်ရခြင်းမှာ ဧည့်ကြိုအမှုထမ်းက တုန်လှုပ်သွား၏။

“လက်ထောက်ခန်းမသခင်ကျန်း… ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ… ကျုပ် ကြီးကြပ်ရေးမှူးကို သွားခေါ်လိုက်ပါ့မယ်”

သိပ်မကြာခင် ထျန်ကျိခန်းမမှ ကြီးကြပ်ရေးမှူးသည် အလောတကြီးရောက်ရှိလာပြီး ကျန်းယွဲ့လုကို နှုတ်ဆက်လိုက်သည်။ သူက မေးလိုက်၏။

“လက်ထောက်ခန်းမသခင်ကျန်း… ခင်ဗျား ဘယ်လိုကျည်ဆန်မျိုး လိုချင်ပါသလဲ”

ကျန်းယွဲ့လုက မေးလိုက်သည်။

“ရှင်တို့မှာ ဘာတွေရှိလဲ”

ကြီးကြပ်ရေးမှူးက ပြန်ဖြေလိုက်သည်။

“(က) အဆင့် နဂါးမျက်လုံးကျည်ဆန်နဲ့ ဖီးနစ်မျက်လုံးကျည်ဆန်တွေကို ဘိုးဘေးကျောင်းတော်က ထျန်ကျိခန်းမရဲ့ ဌာနချုပ်မှာပဲ ရနိုင်ပါတယ်… (ခ)အဆင့် အမှတ်စဉ် ၁ ကျည်ဆန်နှစ်မျိုးစလုံးကလည်း လက်တလောမှာ ပစ္စည်းပြတ်နေပါတယ်… ကျန်တဲ့ဟာတွေကိုတော့ ရနိုင်ပါတယ်”

ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီးပြောလိုက်သည်။

“ဒါဆိုကျွန်မကို (ခ) အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန် ဆယ်တောင့်၊ (ခ) အဆင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန် အတောင့် ၂၀ နဲ့ (ခ) အဆင့် အမှတ်စဉ် ၃ ဖီးနစ်မျက်လုံးကျည်ဆန် ငါးတောင့်ပေးပါ။”

ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။

“(ခ) အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန်တစ်တောင့်ရဲ့ တန်ကြေးက ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ပါ… အဲဒါကြောင့် ဆယ်တောင့်ကို ထိုက်ဖျင်ဒင်္ဂါး တစ်ရာကျပါမယ်… (ခ) အဆင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်တစ်တောင့်ရဲ့တန်ဖိုးက ထိုက်ဖျင်ဒင်္ဂါးခုနှစ်နဲ့ ရူယိုဒင်္ဂါး ၅၀ပါ… အဲဒါကြောင့် အတောင့် ၂၀ ကို ထိုက်ဖျင်ဒင်္ဂါး ၁၅၀ ကျပါမယ်… (ခ) အဆင့် အမှတ်စဉ် ၃ ဖီးနစ်မျက်လုံကျည်ဆန်တစ်တောင့်ရဲ့တန်ကြေးကတော့ ထိုက်ဖျင်ဒင်္ဂါး ၈ ပါ… အဲဒါကြောင့် ကျည်ဆန်ငါးတောင့်ကို ထိုက်ဖျင်ဒင်္ဂါး ၄၀ ကျပါမယ်”

“အဲဒါတွေ အားလုံးပေါင်းရင် ထိုက်ဖျင်ဒင်္ဂါး ၂၉၀ ကျပါမယ်… နတ်နဂါးပစ္စတိုအတွက် ထိုက်ဖျင်ဒင်္ဂါး ၆၀၀ ကို ထပ်ပေါင်းမယ်ဆိုရင် ခင်ဗျားရဲ့ ဝယ်ယူမှုက စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါး ၈၉၀ ကျသင့်ပါတယ်”

နတ်နဂါးပစ္စတိုကို ဈေးသက်သက်သာသာနှင့် ရသည့်အတွက် ချီရွှမ်းစုက ဝမ်းသာပျော်ရွှင်နေသော်လည်း စုစုပေါင်းတန်ဖိုးကိုကြားရသည့်အချိန်မှာ သူ၏ဝမ်းသာပျော်ရွှင်မှုက ရပ်တန့်သွားရသည်။ ထျန်ကျိခန်းမမှာ ဘယ်အရာက ကုန်ကျစရိတ်များသည်ကို သူနောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။

အရင်တုန်းက သူသည် ထျန်ကန်းခန်းမကနေ ထုတ်ပေးသည့် ကျည်ဆန်များကိုအသုံးပြုခဲ့ပြီး များစွာမစဉ်းစားခဲ့ပေ။ ယခု သူကိုယ်တိုင်ဝယ်ယူရမှ ထိုကျည်ဆန်များက ဘယ်လောက်ဈေးကြီးသလဲ သဘောပေါက်သွားသည်။ ကျည်ဆန်အနည်းငယ်ကပင် နတ်နဂါးပစ္စတို၏ တန်ဖိုးတစ်ဝက်နီးပါးလောက်ရှိနေသည်။

ကျန်းယွဲ့လုက ပြောလိုက်၏။

“၉၀၀ ဖိုး ပြည့်သွားအောင် ရိုးရိုးကျည်ဆန်တချို့ ထပ်ပေါင်းထည့်ပေးလိုက်…. အဲဒါက ချပ်ဝတ်တန်ဆာဖောက်နိုင်ရင် ပိုကောင်းတယ်”

ကြီးကြပ်ရေးမှူးက ခေါင်းညိတ်ပြလိုက်သည်။

ခဏနေပြီးနောက် ဧည့်ကြိုအမှုထမ်းက ပစ္စည်းများကို သွားထုတ်ပြီး အမျိုးမျိုးသော ကျည်ဆန်များကို စားပွဲပေါ်မှာ တင်ပြလိုက်သည်။

“(ခ) အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန်ဆယ်တောင့်၊ (ခ) အဆင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်အတောင့် ၂၀၊ (ခ) အဆင့် အမှတ်စဉ် ၃ ဖီးနစ်မျက်လုံးကျည်ဆန်ငါးတောင့်နဲ့ ရိုးရိုးချပ်ဝတ်ဖောက်ကျည်ဆန် အတောင့် ၃၀ ပါ… ဒီသားရေသေနတ်အိတ်ကတော့ လက်ဆောင်အဖြစ်ပေးတာပါ… အဲဒါကို ကျည်ဆန်တွေထည့်ဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်… ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ဝယ်ယူမှုကိုစစ်ဆေးကြည့်ပါဦး လက်ထောက်ခန်းမသခင်ကျန်း”

ကျည်ဆန်များအားလုံးကို ထျန်ကျိခန်းမတံဆိပ်ရေးထိုးထားသည့် လက်ရာမြောက်သော အနက်ရောင်ယွန်းသစ်သားဘူးထဲမှာ ထည့်ထားလေသည်။ ကျည်ဆန်များ၏ အမည်များကို ရှင်းရှင်းလင်းလင်းအမှတ်အသားပြုထားပြီး အထဲမှာ သူ့အကန့်နှင့်သူ သေသေသပ်သပ်စီထည့်ထားသည်။

ကျန်းယွဲ့လုက လှုပ်ရှားခြင်းမရှိဘဲ ချီရွှမ်းစုက ရှေ့သို့တက်လှမ်းပြီး ကျည်ဆန်များကို စစ်ဆေးကြည့်လိုက်၏။ ကျန်းယွဲ့လု၏ ကျေးဇူးဖြင့် ယခင်တိုက်ပွဲများမှာ ထိုကျည်ဆန်များကို သူ အသုံးပြုခဲ့ဖူးသည့်အတွက် ဤကျည်ဆန်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။ သူက သစ်သားယွန်းဘူးကိုဖွင့်ပြီး ကျည်ဆန်များကို ကျွမ်းကျင်စွာ စစ်ဆေးကြည့်လိုက်သည်။

သူတို့ဝယ်ယူထားသည့် ကျည်ဆန်များအားလုံး၏ ပုံသဏ္ဌာန်က အတူတူပင်ဖြစ်သည်။ ကွာခြားချက်မှာ ရေးထွင်းထားသော အဆောင်အယောင်အစီအရင်များဖြစ်သည်။ (ခ) အဆင့် အမှတ်စဉ် ၂ နှင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်များမှာ ပိုမိုရှုပ်ထွေးသောရေးထွင်းမှုများရှိပြီး အထဲမှာပါဝင်သောယမ်းမှုန့်ကလည်း ကွဲပြားလေသည်။ ကျည်ဆန်များ၏ အောက်ခြေမှာ သူတို့၏ အမှတ်စဉ်နံပါတ်ကို ရေးထွင်းထားသည်။

ချီရွှမ်းစုက အားလုံးမှန်ကန်ကြောင်း စစ်ဆေးပြီးနောက် မင်နံ့ထွက်နေဆဲ အသစ်စက်စက် ငွေစက္ကူအတန်ကြီး ကိုးရွက်ကိုထုတ်ယူကာ ကြီးကြပ်ရေးမှူးကို ကမ်းပေးလိုက်သည်။

ကြီးကြပ်ရေးမှူးက ငွေစက္ကူများကို လက်ခံယူပြီး ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကြား ဆက်ဆံရေးနှင့်ပတ်သက်၍ စဉ်းစားတွေးတောနေမိသည်။ သူက ချီရွှမ်းစုကို အကဲခတ်ကြည့်ပြီး ထိုသူက ကောင်းကောင်းမွန်မွန် ဝတ်စား၍ ငွေကြေးသုံးစွဲနိုင်ပုံရသည်ဟု တွေးလိုက်သည်။ သို့သော်လည်း နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုမှ မျိုးဆက်များတွင် ဟောင်းနွမ်းနေသော သားရေအိတ်အစား မှော်သိုလှောင်ပစ္စည်းတစ်ခု ရှိနေပေလိမ့်မည်။

ပညာရှိကျန်းက အပျော်ကောင်လေးတစ်ယောက်ထားနေတာလားဟု သူတွေးမိနေ၏။

ချီရွှမ်းစုက ဝယ်ယူထားသည့်ပစ္စည်းများကို သိမ်းဆည်းပြီး သူ့မှာရှိသည့်ငွေကို အကြမ်းဖျင်းတွက်ကြည့်လိုက်သည်။ အကြွေများကို ထည့်မတွက်ဘူးဆိုလျှင် သူ့မှာ ထိုက်ဖျင်ဒင်္ဂါး ၄၀၀ ရှိနေဆဲဖြစ်၏။ သို့သော်လည်း ယခုအချိန်ထိ ထျန်ကန်းခန်းမကနေ သူ ထုတ်မယူရသေးသည့် ခံစားခွင့်လည်းရှိနေသေးသည်။ သူသည် ချင်းဖျင်အသင်းမှာ လစဉ်ထောက်ပံ့ငွေကိုလည်း ထုတ်မယူရသေးပေ။

ကျောက်စိမ်းနေပြည်တော်သို့ ပြန်သွားပြီးနောက် သူက အဆင့် ၆ သို့ တိုးမြှင့်ပေးခံရပြီး အဆင့် ၅ တာအိုဆရာတစ်ဦး၏ ခံစားခွင့်ကို ရရှိနိုင်သည်။ ထို့ကြောင့် သူက တစ်လလျှင် ထိုက်ဖျင်ဒင်္ဂါးတစ်ရာ ခံစားခွင့်ကို လက်ခံရရှိပေလိမ့်မည်။ လောလောဆယ် အသုံးပြုဖို့ အစီအစဉ်မရှိသေးသည့် အစ်မချီဆီမှာ သူအပ်နှံထားသော ဝူယိုဒင်္ဂါးများလည်းရှိနေသည်။

ဤရှုထောင့်ကနေကြည့်လျှင် သူ့မှာ တောက်ပသောအနာဂတ်တစ်ခုရှိနေသည်။ သူသည် နှစ်စဉ်နှစ်တိုင်း ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ခန့်ကို စုဆောင်းနိုင်မည်ဖြစ်သည်။ လာမည့် သုံးနှစ်ကနေ လေးနှစ်မှာ ဟိုက်ချန်အကွက်ကနေ ထွက်ခွာ၍ အထက်ပိုင်းမြို့ကွက် ၈ ကွက်မှာ အိမ်ရာတစ်ခုဝယ်ယူနိုင်မည်ဟု ဆိုနိုင်သည်။ အရင်တုန်းကဆိုလျှင် အဆင့် ၅ သို့မဟုတ် အဆင့် ၄ တာအိုဆရာတစ်ဦးအဖြစ် တိုးမြှင့်ခံရဖို့က သူ့အတွက် အိပ်မက်တစ်ခုမျှသာဖြစ်ခဲ့ပေလိမ့်မည်။

ထို့နောက် တာအိုလက်တွဲဖော်တစ်ဦးရှာပြီး နောက်ဆုံးမှာ သူ့ကိုယ်ပိုင်မိသားစုတစ်ခုကို စတင်နိုင်မည်ဖြစ်သည်။ ကလေးယူမယူကတော့ အတင်းအကျပ်လုပ်ယူစရာမလိုဘဲ သူ့ဇနီး၏ စိတ်ဆန္ဒပေါ် မူတည်ပေလိမ့််မည်။ ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် တာအိုအဖွဲ့အစည်းက လောကီဘုံနှင့်အတော်လေးကွဲပြားသည်။

တကယ်တော့ ဤသို့ဖြစ်လာဖို့အတွက် သူက အသက်ဆက်ရှင်နေရမည်ဖြစ်ပြီး ချင်းဖျင်အသင်းဝင်အဖြစ် သူ၏ သရုပ်သကန်ကလည်း ပေါက်ကြားသွား၍ မဖြစ်ပေ။

ဤသည်ကိုစဉ်းစားရင်း ချီရွှမ်းစုက ရင်ထဲမှာ မလုံမလဲဖြင့် လေးလံလာခဲ့သည်။

အစ်မချီပြောသည်မှာမှန်သည်။ သူ့အနေဖြင့် ချင်းဖျင်အသင်းအတွက် ဆက်လက်၍ စွန့်လွှတ်အနစ်နာခံဖို့က ကောင်းမွန်သော စိတ်ကူးတစ်ခု မဟုတ်ပေ။ ထိုအစား သူသည် တာအိုဂိုဏ်းတော်မှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းဖို့ကိုသာ အာရုံစိုက်ထားသင့်သည်။ ထို့ကြောင့် ချင်းဖျင်အသင်းကနေ ထွက်ခွာမည်ဟူသော သူ၏ ရည်မှန်းချက်က မပြောင်းမလဲဆက်ရှိနေသည်။

ချီရွှမ်းစုက သူ့ဘေးမှာရှိသော ကျန်းယွဲ့လုကို မျက်လုံးထောင့်ကနေ မသိမသာခိုးကြည့်လိုက်သည်။

ချီရွှမ်းစုစိတ်ထဲမှာဘာရှိသည်ကို ကျန်းယွဲ့လုက မသိပေ။ သူမက အနာဂတ်အကြောင်းစဉ်းစားမနေဘဲ စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို ဆင်ခြင်သုံးသပ်နေ၏။

နတ်နဂါးပစ္စတိုတစ်လက်နှင့် ကန့်သတ်ထားသောကျည်ဆန်များကို ချီရွှမ်းစုဝယ်ယူနိုင်ဖို့အတွက် သူမ၏ နာမည်ကို အသုံးချပေးခဲ့သည်။

အဲဒါက သင့်လျော်တဲ့အပြုအမူဟုတ်ရဲ့လား။ အခြားသူတစ်ယောက်၏ ကိုယ်စား ကျည်ဆန်များနှင့် သေနတ်များ ဝယ်ယူခြင်းနှင့် ပတ်သက်၍ တာအိုဂိုဏ်းတော်မှာ သိသာရှင်းလင်းသော စည်းမျဉ်းစည်းကမ်းမရှိပေ။ ထို့ကြောင့် အဲဒါကို စည်းကမ်းဖောက်ဖျက်သည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း တာအိုဂိုဏ်းတော်က ဤကဲ့သို့သော အပြုအမူကို အားပေးထောက်ခံခြင်းမရှိသည့်အတွက် ဤသည်ကို ယိုပေါက်တစ်ပေါက်အဖြစ်လည်း သတ်မှတ်နိုင်သည်။

စောစောက သူမသည် ချီရွှမ်းစုကို နတ်နဂါးပစ္စတိုတစ်လက် ကိုယ်စားဝယ်ယူပေးခဲ့သည်။ ထိုလုပ်ရပ်က တရားမဝင်ခြင်းမဟုတ်သည့်အတွက် သူမက အပြစ်ပေးခံရလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ဤလုပ်ရပ်ကို ကျယ်ပြန့်သောအတိုင်းအတာဖြင့် ပြုလုပ်လာမည်ဆိုလျှင် ဘာဖြစ်မလဲ။ တာအိုဂိုဏ်းတော်မှာ ပို၍ဩဇာအာဏာရှိသော တစ်ယောက်ယောက်က သူ၏ အဆင့်အတန်းကိုအသုံးချပြီး သေနတ်ဆယ်ချီ သို့မဟုတ် ရာချီကိုပင် ဝယ်ယူကာ အကျိုးအမြတ်အတွက် မှောင်ခိုဈေးကွက်ထဲမှာ ပြန်လည်ရောင်းချမည်ဆိုလျှင် အဲဒါကို တရားမဝင်ခြင်းမဟုတ်ဟု ဆိုနိုင်ပါဦးမလား။

ကျန်းယွဲ့လုသည် ဤကဲ့သို့သောအပြုအမူများ၏ နောက်ဆက်တွဲဂယက်များကို စဉ်းစားကြည့်နေမိသည်။ ဤယိုပေါက်ကို ဘာ့ကြောင့်မပြုပြင်ရတာလဲ။ ဘယ်သူကမှ အဲဒါကို မတားဆီးချင်တာလား ဒါမှမဟုတ် ဘယ်သူကမှ မတားဆီးနိုင်တာလား။

မည်သူကမှ အဲဒါကို မတားဆီးလိုဘူးဆိုရင် ဤအပြုအမူသည် အတိအလင်းထုတ်ဖော်မထားသော သတ်မှတ်ချက်တစ်ခု ဖြစ်လာသည်ဟု ညွှန်ပြနေသည်။ အဲဒါကို တားဆီး၍မရနိုင်ဘူးဆိုလျှင် ခုခံငြင်းဆန်မှုက ဘယ်ကနေလာတာလဲ။

လျှောက်ရမည့်လမ်းက ရှည်လျား၍ ခက်ခဲကြမ်းတမ်းသည်ဟုသာ ကျန်းယွဲ့လု ခံစားမိလာသည်။ ဤလမ်းက ဘယ်ဆီဘယ်ဝယ်ဦးတည်နေသည်ကိုလဲ သူမ မသိပေ။ ရွှမ်အရှင်မြတ် ပြန်လည်အသက်ရှင်လာမည်ဆိုလျှင်ပင် တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့က လွယ်ကူတော့မည် မဟုတ်ပေ။

သူမသည် အပြောင်းအလဲများပြုလုပ်ရန် ရည်မှန်းထားသော်လည်း ယခုအချိန်မှာ သူမ၏ စိတ်ကူးများကို အကောင်အထည်ဖော်ဖို့အတွက် သူမမှာ လုံလောက်သည့် လွှမ်းမိုးမှုနှင့် ဩဇာအာဏာ မရှိသေးပေ။ ယခုအချိန်တွင် သူမလုပ်နိုင်သည်မှာ တစ်ဆင့်ချင်း ဂရုတစိုက်တက်လှမ်းပြီး အဆင့်တိုင်းက အကျိုးရှိနေဖို့ဖြစ်သည်။

ဤအချိန်မှာ ချီရွှမ်းစုက ညင်သာစွာမေးလိုက်သည်။

“ချင်းရှောင်… ငါတို့ သွားကြတော့မလား”

ကျန်းယွဲ့လုက သတိပြန်ကပ်လာပြီး ခေါင်းညိတ်ပြလိုက်၏။

“သွားမယ်လေ”

သူတို့နှစ်ယောက်သည် ထျန်ကျိခန်းမ၏ ဧည့်ဆောင်ကနေ လျှောက်လှမ်းထွက်လာသော်လည်း လှေခါးထစ်များအတိုင်းဆင်းသွားဖို့ အလောတကြီး ရှိမနေကြသေးပေ။

ကျန်းယွဲ့လုက သူမ၏ လက်ကို ချီရွှမ်းစု၏ ရှေ့ ရုတ်တရက် ဆန့်ထုတ်လိုက်၏။

ကျန်းယွဲ့လု ဘာကိုဆိုလိုသည်ကို သိပ်နားမလည်ဘဲ ချီရွှမ်းစုက ခဏမျှတွေဝေနေပြီးနောက် သူ့လက်တစ်ဖက်ကိုဆန့်ထုတ်ကာ သူမ၏ လက်ကို ကိုင်လှုပ်လိုက်သည်။

သူမ၏ လက်က နူးညံ့ချောမွေ့၍ အထိအတွေ့က အနည်းငယ်အေးစက်နေသည်။

အရှေ့ဘက်ကုန်းမြေတိုက်နှင့် အနောက်ဘက်ကုန်းမြေတိုက်ကြား ယဉ်ကျေးမှုများစွာကို မကြာခဏဖလှယ်ပြီးနောက် အနောက်ဘက်ကုန်းမြေတိုက်မှ ဓလေ့ထုံးတမ်းများကို သင်ယူခြင်းက ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာခဲ့သည်။ အနောက်ဘက်ကုန်းမြေတိုက်မှ ဓလေ့ထုံးတမ်းတစ်ခုကို ချီရွှမ်းစုမှတ်မိနေ၏။ သူတို့သည် တစ်ယောက်ယောက်နှင့်တွေ့ဆုံသည့်အခါ လက်ချင်းဆွဲ၍ နှုတ်ဆက်တတ်ကြသည်။ ဤသည်မှာ အလယ်ပိုင်းလွင်ပြင်ဒေသမှ လက်သီးနှင့်လက်ဝါးကို ထိကပ်ကာ နှုတ်ဆက်ခြင်းနှင့် အကြမ်းဖျင်းအားဖြင့် တူညီလေသည်။

ကျန်းယွဲ့လုက ချီရွှမ်းစု၏ လက်ကို ဒေါသတကြီးခါချပြီး သူ့ကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်၏။

“နင် အသားယူနေတာလား”

“မင်းပဲ ငါ့ကို အရင်လက်ဆန့်ပေးတာလေ… ငါ့လက်ကို ဘာလို့ခါချရတာလဲ”

ချီရွှမ်းစုက မှားယွင်းဆက်ဆံခံရသလို ခံစားမိနေ၏။

ကျန်းယွဲ့လုက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ငါ့ရဲ့ နတ်နဂါးပစ္စတို ဘယ်မှာလဲ… အခု နင့်အပိုင်တစ်လက်ရှိနေပြီဆိုတော့ ငါ့ဟာကို ပြန်ပေးရတော့မယ်မလား”

ချီရွှမ်းစုက သူနှင့်လဝက်ကျော်ကြာအောင် အတူရှိနေခဲ့သည့် သူ၏ အချစ်ဟောင်းကို လက်ဖြင့်စမ်းလိုက်သည်။ ထို့နောက် သစ်သားယွန်းဘူးထဲက အသစ်စက်စက် သူ၏ အချစ်သစ်ကို လှမ်းစမ်းလိုက်သည်။ သူက အိုးတိုးအမ်းတမ်းဖြင့်ပြုံး၍ ပြောလိုက်၏။

“အနောက်ဘက်ကုန်းမြေတိုက်က လက်ဆွဲနှုတ်ဆက်တဲ့ဓလေ့ကို ငါကြားဖူးတယ်… အဲဒါကြောင့် မင်းအဲလိုလုပ်ချင်တယ်လို့ ငါတွေးလိုက်တာ… အနောက်တိုင်းက ဓလေ့ထုံးတမ်းတွေအကြောင်းပြောရရင် အဲဒီလူတွေမှာ တခြားထူးဆန်းတဲ့အကျင့်တွေရှိကြတာပဲ… လက်နဲ့မျက်နှာကို နှုတ်ခမ်းနဲ့နမ်းတာတို့၊ ပွေ့ဖက်တာတို့ပေါ့… အဲဒါတွေက တကယ့်ကို မတော်တရော်ပဲ”

ကျန်းယွဲ့လု၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားသော်လည်း ညှို့ငင်ဖမ်းစားနိုင်သည့်ပုံစံမျိုးမဟုတ်ပေ။ ထိုအစား သူမသည် သားကောင်ကိုချောင်းနေသော ကျားတစ်ကောင်နှင့် တူပြီး ချီရွှမ်းစုက ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာ၏။

ကျန်းယွဲ့လုက မေးလိုက်သည်။

“နင်ကလည်း အနောက်တိုင်းဓလေ့ထုံးတမ်းကို စမ်းကြည့်ချင်လို့လား”

ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်ပြီး တည်တံ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ… အနောက်ဘက်ကုန်းမြေတိုက်ကလူတွေက အလယ်ပိုင်းလွင်ပြင်ဒေသက ငါတို့နဲ့ အတော်လေးကွဲပြားတယ်လို့ပဲ ငါတွေးနေတာ”

ကျန်းယွဲ့လုက ညင်သာစွာနှာတစ်ချက်မှုတ်ပြီး ဤအကြောင်းကို ဆက်လက်၍ မပြောဆိုတော့ပေ။ သူမ၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့လှောင်ပြုံးတစ်ခုရှိနေ၏။

“ငါ့သေနတ်ဘယ်မှာလဲ… မြန်မြန်ထုတ်ပေးစမ်းပါ”

ချီရွှမ်းစုက ခဏမျှတွေဝေနေ၏။ သူက ဆင်စွယ်လက်ကိုင်ကိုကိုင်ပြီး အသနားခံနေသည့်ပုံစံဖြင့် ပြောလိုက်၏။

“လက်နက်တစ်ခုက ယောင်္ကျားတစ်ယောက်ရဲ့ အကောင်းဆုံး အပေါင်းအဖော်ပဲ… ငါ ဒီသေနတ်နဲ့ လဝက်ကျော်ကြာအောင် အတူယှဉ်တွဲတိုက်ပွဲဝင်ခဲ့တယ်… လမ်းတစ်လျှောက်မှာ ငါတို့တွေက အတူရှိခဲ့ကြတယ်…. ငါ ဒီသေနတ်ရဲ့အထိအတွေ့နဲ့ အသားကျနေပြီ… သူနဲ့ဆိုရင် ငါ့ရဲ့လက်ကလည်း အများကြီးပိုတည့်လာတယ်… ငါ အခုချိန်မှာ သေနတ်အသစ်ပြောင်းကိုင်မယ်ဆိုရင် တော်တော်နဲ့ အသားကျမှာမဟုတ်ဘူး… ငါ့ရဲ့ သေနတ်အသစ်ကိုပဲ မင်းယူလိုက်ပါလား”

ကျန်းယွဲ့လုက သူမ၏ လက်ကို ပြန်မရုတ်ပေ။

“ပြောတာတော့ မဆိုးပါဘူး… အဲဒီနတ်နဂါးပစ္စတိုက ငါ့ဟာသာဆိုရင် သေချာပေါက်လက်ခံပေးတယ်…. ငါက အဲဒါကို သိပ်မှမသုံးဖြစ်တာ… ဒါပေမဲ့ ဒီနတ်နဂါးပစ္စတိုက ငါ့ဟာမဟုတ်ဘူး… အဲဒါကို ထျန်ကန်းခန်းမက ထုတ်ပေးထားတာပဲ… အဲဒီမှာ အမှတ်စဉ်နံပါတ်တစ်ခုပါတယ်… အဲဒါကြောင့် သူများကို ပေးလို့မဖြစ်ဘူး”

ချီရွှမ်းစုက သက်ပြင်းချပြီး သူ၏ အချစ်ဟောင်းကို ကျန်းယွဲ့လုထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူက သစ်သားယွန်းဘူးထဲမှ သူ၏ အချစ်သစ်ကိုထုတ်ယူပြီး ရိုးရိုးကျည်ဆန်တစ်တောင့်ဖြည့်ကာ သေနတ်အိမ်ထဲ ထည့်လိုက်လေသည်။

ကျန်းယွဲ့လုက သေနတ်ကိုယူပြီး ပြောင်းဝကို ညင်သာစွာသပ်ကာ စဉ်းစားတွေးတောနေမိသည်။

All Chapters