အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း ၁၂၇ - အင်ပါယာသက်တော်စောင့်ရုံး
အင်ပါယာမြို့တော်က နှစ်၏ ပထဆုံးနှင်းကို လက်ခံကြိုဆိုနေသည်။ အင်ပါယာမြို့တော်ကနေ မဟာတူးမြောင်းဆိပ်ခံတံတားဆီ ဦးတည်နေသည့် ပင်မလမ်းပေါ်က နှင်းများကို လှည်းကျင်းထားပြီး ဘေးပတ်ဝန်းကျင်နှင့် အရောင်အစင်းက ကွဲလွဲဆန့်ကျင်နေလေသည်။
[ဤအခန်းသည် အဓိကအားဖြင့် အင်ပါယာနေပြည်တော်၏ နေရာအခင်းအကျင်းနှင့် လည်ပတ်ပုံအကြောင်း ဖြစ်ပါသည်။ စိတ်ဝင်စားမှု သိပ်မရှိပါက (အထူးသဖြင့် စာလုံးအစောင်းများကို) ကျော်ဖတ်နိုင်ပါသည်။]
နှစ်စဉ်နှစ်တိုင်းမှာ အင်ပါယာနန်းတော်နှင့် တိုင်းဒေသအစိုးရများထံမှ လှေသင်္ဘော ၂၀၀၀၀ ကျော်က မဟာတူးမြောင်းမှာ ဆိုက်ကပ်ကြသည်။ နှစ်ကုန်မှာ နှင်းသည်းထန်စွာ မကျခင် ကုန်ပစ္စည်းများ ရွေးယူရန်အတွက် ဆိပ်ကမ်းမှာ လူအုပ်ကြီးများ စုဝေးလာတတ်သည်။ သို့သော် ဤဆိပ်ခံတံတားသည် မဟာတူးမြောင်း၏ အဆုံးသတ် မဟုတ်ပေ။ ဤနေရာသည် အင်ပါယာနေပြည်တော်၏ ကျုံးနှင့် ချိတ်ဆက်ထားသည့် တူးမြောင်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
ရေတံခါးကို ဖြတ်ကျော်ပြီးလျှင် အင်ပါယာနေပြည်တော်၏ ထိုက်ကျိရေကန်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။ သို့သော် တော်ဝင်လက်ဆောင်ပဏ္ဏာများကို တင်ဆောင်လာသည့် အမိန့်ရ လှေသင်္ဘောများသာလျှင် ဤရေတံခါးကို ဖြတ်သန်းခွင့်ရှိသည်။
မဟာတူးမြောင်းကြီးသည် တိုင်းဒေသ ၄ ခု၊ စီရင်စု ၁၁ ခုနှင့် ခရိုင် ၂၃ ခုကို ဖြတ်သန်းပြီး ခန့်မှန်းခြေ မိုင်ပေါင်း ၁၁၀၀ ခန့် ရှိသည်။ ကျန်းနန်ဒေသမှထွက်သော ကောက်ပဲသီးနှံများသည် တိုက်ကြီးတစ်တိုက်လုံး၏ သုံးပုံနှစ်ပုံစာဖြစ်သည်။ ဒေသထွက်ကုန်များ ပို့ဆောင်ရေးအတွက် ဤတူးမြောင်းကြီးသည် အင်ပါယာ၏ အသက်သွေးကြော ဖြစ်နေသည်။
နှင်းသည်းထန်စွာ ကျဆင်းခြင်းသည် လာမည့်နှစ် ကောက်ပဲသီးနှံအထွက်တိုးမည့် လက္ခဏာတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နက္ခတ္တဗေဒဌာနမှ အရာရှိများက ကျေနပ်နှစ်ခြိုက်နေကြ၏။ မဟာအတွင်းဝန်များရုံး၊ ဘဏ္ဍာရေးဌာနနှင့် စစ်မက်ရေးရာဌာနတို့ကလည်း နှင်းသည်းထန်စွာ ကျဆင်းခြင်းမှာ ဝမ်းသာပီတိဖြစ်နေကြသည်။
အင်ပါယာနေပြည်တော်တွင် နှင်းသည်းထန်စွာ ကျဆင်းခြင်းနှင့် ပတ်သက်၍ ပူပန်သောကများနေရသည့် တစ်ခုတည်းသောဌာနမှာ ကောက်ပဲသီးနှံသယ်ယူပို့ဆောင်ရေးဌာန ဖြစ်လေသည်။ အင်ပါယာမြို့တော်မှာ လူဦးရေသန်းချီရှိပြီး သယ်ယူပို့ဆောင်မှုအားလုံးအတွက် ဤမဟာတူးမြောင်းကို မှီခိုနေရသည်။ ကောက်ပဲသီးနှံ၊ ငွေကြေးအသပြာနှင့် တော်ဝင်လက်ဆောင်ပဏ္ဏာများ၏ နောက်ဆုံးအသုတ်များကို ဆောင်းယဉ်စွန်းချိန်မတိုင်ခင် အင်ပါယာနေပြည်တော်သို့ အရောက်ပို့ဖို့ လိုသည်။ မဟုတ်ပါက ကုန်ပစ္စည်းများ မပို့ရသေးခင် မြစ်က အေးခဲသွားမည်ဆိုလျှင် သူတို့၏ တာဝန်ပျက်ကွက်မှု ဖြစ်သွားရပေလိမ့်မည်။
ထို့ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်မှာ မြစ်များထဲ လှေသင်္ဘောများ အလုံးအရင်းနှင့် ဝင်လာပြီး အင်ပါယာနေပြည်တော်နှင့် အနီးအနားတဝိုက် တူးမြောင်းထဲမှာ ယာဉ်များ ပိတ်ဆို့နေသည်။
နှင်းက ပို၍ သည်းထန်စွာ ကျဆင်းလာပြီး မြစ်ကမ်းပါးများကို ဖုံးအုပ်ကာ အမြင်အာရုံကို ကာဆီးထားသည်။ ထိုသို့ဖြင့် လှေများ တစ်စင်းနှင့်တစ်စင်း ရှောင်ဖို့ခက်ပြီး ပွတ်မိ၊ တိုက်မိခြင်းများ မလွဲမသွေ ဖြစ်ပေါ်လာသည်။ သို့သော် ဤအချိန် အသည်းအသန် သွားလာနေကြသူအများစုက အရာရှိများ ဖြစ်ကြသည်။ သူတို့၏ လှေများကို တိုက်မိလျှင် အလွယ်တကူ ကြေအေးပေးကြမည် မဟုတ်ပေ။
ဤအချိန်မှာ သင်္ဘောကြီးတစ်စင်းသည် လေနှင့်နှင်းကြားမှာ မောင်းနှင်လာနေသည်။ သင်္ဘောပေါ်မှာ ‘ဖီးနစ်စိမ်းတပ်ဖွဲ့’ဟု ရေးထိုးထားသည့် ကြီးမားသည့် မီးအိမ်ကြီးတစ်ခုရှိပြီး ထိုအမည်ပါသည့် အနက်ရောင်အလံများကိုလည်း တဖျပ်ဖျပ်လွှင့်ထူထားသည်။
ဤသင်္ဘောကြီးကိုကြည့်ပြီး လှေများအားလုံးက မြစ်ဘေးသို့ ခပ်မြန်မြန် ကပ်လိုက်ကြ၏။
ဖီးနစ်စိမ်းတပ်ဖွဲ့သင်္ဘောသည် တူးမြောင်း၏ အလယ်မှာ နေရာယူပြီး ယင်းကို နှင်းတစ်လွှာက ဖုံးအုပ်ထားသည်။
သင်္ဘောခန်းထဲကနေ ယောက်ျားတစ်ယောက် လျှောက်လှမ်းထွက်လာပြီး သင်္ဘောဦးစွန်းမှာ မတ်တတ်ရပ်လိုက်၏။ လုကျိုးရုံးမှ ဒုစစ်ကဲကျောက်ကွမ်းကျီဖြစ်သည်။ သူနှင့် ကျန်းပျဲယွင်သည် ပူးပေါင်းကြံစည်ပြီး ဖုန်ထိုက်ခရိုင်မှာ ခရိုင်ဝန်လီဟုန်ဝမ်နှင့် သူ့မိသားစုကို ကွပ်မျက်ခဲ့ကြသည်။
ကျောက်ကွမ်းကျီသည် သည်းထန်စွာကျဆင်းနေသော နှင်းများကြားကနေ အင်ပါယာနေပြည်တော်ကို လှမ်းမျှော်ကြည့်ပြီး စိုးရိမ်ပူပန်နေမိသည်။ တပ်မှူးတစ်ဦးက သူ့အနားကို ချဉ်းကပ်လာပြီး တင်ပြလိုက်သည်။
“ဆရာ.. ကျုပ်တို့ကို ဒီနေ့အရောက်လာဖို့ အင်ပါယာသက်တော်စောင့်ရုံးက လူလွှတ်ပြီး အကြောင်းကြားလိုက်ပါတယ်။”
အင်ပါယာသက်တော်စောင့်ရုံးဆိုသည်မှာ ဖီးနစ်စွမ်းတပ်ဖွဲ့၏ ယခင်နာမည်ဖြစ်သည်။
ကျောက်ကွမ်းကျီက ခေါင်းညိတ်ပြလိုက်၏။
“အင်း ဟုတ်ပြီ။”
တပ်မှူးက ဘာမှထပ်မပြောရဲဘဲ ဖြည်းဖြည်းချင်း နောက်ဆုတ်သွား၏။ အထူးသဖြင့် ကျောက်ကွမ်းကျီ၏ သုန်မှုန်နေသော မျက်နှာထားကြောင့်ဖြစ်သည်။
ဖုန်ထိုက်ခရိုင်မှာ အမှားအယွင်း ဖြစ်သွားပြီးကတည်းက ထိုအမှုကို အစီခံတင်ပြရန် ဒုစစ်သေနာပတိက သူ့ကို အင်ပါယာနေပြည်တော်သို့ ဆင့်ခေါ်ထားသည်။
ကျောက်ကွမ်းကျီနှင့် ကျန်းပျဲယွင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပူးပေါင်းကြံစည်ခဲ့ကြသော်လည်း အဆိုပါဖြစ်ရပ်မတိုင်ခင်က သူတို့သည့် အသိအကျွမ်းများ မဟုတ်ခဲ့ကြဘဲ သူတို့၏ အထက်လူကြီးများကြောင့်သာ အလုပ်အတူလုပ်ခဲ့ကြခြင်းဖြစ်သည်။
တာအိုဂိုဏ်းတော်မှ ထိုက်ဖျင်ဂိုဏ်းက အင်ပါယာသက်တော်စောင့်ရုံးကို ဖိအားပေးထားသလားဟု သူ စဉ်းစားနေမိသည်။
အရင်တုန်းက အင်ပါယာနေပြည်တော်သည် စတုရန်းအကြီးကွက်ပေါ်မှာ အသေးကွက်ကို ထပ်တင်ထားသလို ပုံစံအခင်းအကျင်း ဖြစ်ခဲ့သည်။ ပိုသေး၍ အထက်ပိုင်းကျသော စတုရန်းကွက်က အင်ပါယာမြို့တော်အိပ်ရာဖြစ်ပြီး ထိုအထဲမှာ နန်းတွင်းမြို့တော် ရှိသည်။ ပိုကြီး၍ အခြေကျသော စတုရန်းကွက်က အပြင်မြို့တော်ဖြစ်သည်။
လက်ရှိအင်ပါယာနေပြည်တော်သည် ယခင်ပုံစံအတိုင်း ဆက်လက်၍ မရှိတော့ပြီဖြစ်သော်လည်း အလယ်ဗဟိုမှာ အဘက်ဘက်ကနေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားသည့် နန်းတွင်းမြို့တော်က ဆက်ရှိနေဆဲပင်။ နန်းတွင်းမြို့တော်က ဧရိယာအရ သေးငယ်သော်လည်း ဧကရာဇ်စိုးစံရာနေရာဖြစ်သည်။ ယင်း၏ ဝင်ပေါက်ကို ဝူဝင်းတံခါးဟု ခေါ်ကြသည်။
အင်ပါယာမြို့တော်၏ ပင်မဝင်ပေါက်က ချန်ထျန်ဝင်းတံခါးဟု လူသိများပြီး ကောင်းကင်ဘုံမှ အုပ်ချုပ်ခွင့်ကို လက်ခံရရှိသည့် အတိတ်နိမိတ်ကိုဆောင်သည်။ ချန်ထျန်ဝင်းတံခါးအလွန်မှာ အဖြူရောင်ကျောက်စိမ်းတံတိုင်းသုံးဘက်ဖြင့် ကာရံထားသည့် ကျယ်ပြောသော စတုရန်းမြေကွက်တစ်ခုရှိသည်။ ထိုစတုရန်းကွက်၏ တောင်ဘက်အစပ်မှာ မဟာရွှမ်ဝင်းတံခါးဟု ခေါ်ဆိုသည် နောက်ထပ်ဝင်းတံခါးတစ်ခုရှိပြီး အင်ပါယာမြို့တော်၏ ပထမဂိတ်တံခါးဟုလည်း သိကြသည်။ ထိုနေရာကို သာမန်လူများ ဖြတ်သန်းခွင့် မရှိပေ။
မဟာရွှမ်းဝင်းတံခါးက ကြီးကျယ်ခမ်းနားသည်။ အလယ်မှာ မုခ်ခုံးတံခါးသုံးပေါက်ရှိပြီး တောင်ဘက်သို့ မျက်နှာမူထားသည်။ တံစက်မြိတ်များက ပျံတက်နေသည့်ဟန်ရှိ၍ ခေါင်ချုပ်များက တောင့်တင်းခိုင်မာပြီး အရောင်ရင့်ရင့်အုပ်ကြွပ်များ မိုးထားသည်။ ဝင်းတံခါး၏ တစ်ဖက်တစ်ချက်စီတွင် ခြင်္သေ့ရုပ်များနှင့် ခြေကျင်ဆင်းလျှောက်ရန် ညွှန်ကြားထားသည့် ကျောက်စာတိုင်များ ရှိနေသည်။
မဟာရွှမ်ဝင်းတံခါးရှေ့မှာ အင်ပါယာလမ်းမရှိသည်။ အင်ပါယာလမ်းမ၏ ဘယ်ဘက်မှာ စစ်တုရင်ကွက်နှင့်တူသည့် လမ်းများရှိပြီး ညာဘက်မှာတော့ ခြေလှမ်းတစ်ထောင်စင်္ကြ့လမ်းရှိသည်။ အရှေ့အနောက် သွယ်တန်းနေသည့် စင်္ကြံလမ်း ၁၁၀ ကို အစွဲပြု၍ ထိုနာမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ခြေလှမ်းတစ်ထောင်စင်္ကြံလမ်း၏ အပြင်ဘက်မှာ အင်ပါယာနန်းတော်၏ အစိုးရရုံးအများစုရှိရာ ပေနှစ်ဆယ်ခန့်မြင့်မားသည့် နန်းမြို့ရိုးတံတိုင်းကြီးတစ်ခုရှိနေသည်။ တံတိုင်းအပြင်ဘက် အရှေ့ဘက်ခြမ်းမှာ အမှုထမ်းရေးရာဌာန၊ ရိုးရာဓလေ့ထုံးတမ်းဌာန၊ ဘဏ္ဍာရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ တော်ဝင်မျိုးနွယ်ဌာနနှင့် နက္ခတ္တဗေဒဌာနတို့ ရှိနေသည်။
အနောက်ဘက်ခြမ်းမှာတော့ တရားစီရင်ရေးဌာန၊ စစ်ဆေးရေးမှူးချုပ်ရုံးနှင့် တရားစီရင်မှုပြန်လည်စိစစ်ရေးရုံးတို့ရှိကြသည်။ အင်ပါယာသက်တောင့်စောင့်ရုံးက မဟာရွှမ်ဝင်းတံခါးအထဲမှာ ရှိပြီး ဝန်ကြီးဌာနခြောက်ခုနှင့် ဝင်းတံခါးတစ်ခုသာ ခြားလေသည်။
အစိုးရရုံးဌာနများစွာထဲမှာ ခြွင်းချက်နှစ်ခုအဖြစ် နန်းတွင်းမြို့တော်ထဲမှာ ရုံးဌာနနှစ်ခုရှိသည်။ ဝူဝင်းတံခါးအတွင်းဘက် ဝမ်ယွမ်စံအိမ်တော်မှာ တည်ရှိသော ဝန်ကြီးများရုံးနှင့် ယခင်အခမ်းအနားဦးစီးဌာနနေရာကို ယူထားသည့် ထိုက်ဖျင်ဘုရားကျောင်းတို့ ဖြစ်သည်။
မိန်းမစိုးလမ်းစဉ်သည် အင်မော်တယ်ငါးမျိုးလမ်းစဉ်များထဲမှာ မပါဝင်ပေ။ ဤလမ်းစဉ်သည် ကိုယ်ကာယချို့ယွင်းချက်ရှိသူများအတွက် အထူးတလည် ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။ သူတို့သည် ကောင်းကင်သက်ရှိများဖြစ်လာနိုင်သေးသော်လည်း ဤလမ်းစဉ်ကို မလျှောက်လှမ်းခင် သင်းကွပ်ခံရပေလိမ့်မည်။ ယောက်ျားတစ်ဦး သို့မဟုတ် မိန်းမတစ်ဦးက အဲဒါကို ကျင့်ကြံမည်ဆိုလျှင် သူတို့၏ ကျားမလိင်သဘာဝက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။
ဝေမင်းဆက် ကျရှုံးခြင်းနှင့်အတူ မိန်းမစိုးလမ်းစဉ်က မဟာရွှမ်မင်းဆက်၏ လက်ထဲသို့ ကျဆင်းသွားပြီး ယင်-ယန်လူများအဖြစ် ကင်ပွန်းတပ်ခံခဲ့ရသည်။
ထိုက်ဖျင်ဘုရားကျောင်းသည် ထိုက်ဖျင်ဂိုဏ်းနှင့် ရင်းနှီးသောဆက်ဆံရေး ရှိထားသည်။ ထိုက်ဖျင်ဂိုဏ်းက မဟာသူတော်စင် အင်ပါယာဆရာသခင်(လောကီဆရာသခင်)သည် အင်ပါယာနေပြည်တော်သို့ အလည်လာသည့်အခါ ထိုက်ဖျင်ဘုရားကျောင်းမှာ တည်းခိုပေလိမ့်မည်။ ထို့နောက် အင်ပါယာဆရာသခင်သည် ဧကရာဇ်နှင့် တာအိုဝါဒအဆုံးအမများအကြောင်း ဆွေးနွေးကြပေလိမ့်မည်။
[ယခင်သုံးခဲ့သော ‘လောကီဆရာသခင်’ကို ‘အင်ပါယာဆရာသခင်’အဖြစ် အစားထိုး သုံးစွဲသွားပါမည်။]
မဟာရွှမ်မင်းဆက်၏ တော်ဝင်မိသားစုသည် တာအိုအဆုံးအမများကို ခံယူထားသောကြောင့် မဟာရွှမ်မင်းဆက်မှ ဧကရာဇ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ပေးထားသည်။ လက်ရှိဧကရာဇ်အား ယင်-ယန်လမ်းစဉ်ကို အုပ်စိုးသည့် မဟာသူတော်စင်ဇီကျိဘွဲ့ ပေးအပ်ထားလေသည်။
ဤဘွဲ့သည် တာအိုဂိုဏ်းတော်ရှိ မဟာအကြီးအကဲသုံးဦး၏ အထက်မှာရှိပြီး မဟာအကြီးအကဲနှင့် အဆင့်အတန်းချင်း တူညီသည်။ သို့သော် တာအိုအဖွဲ့အစည်းမှ လူအများစုသည် ဧကရာဇ်ကို တာအိုဆရာအဖြစ် သတ်မှတ်မထားကြသည့်အတွက် သူ့မှာ မဟာအကြီးအကဲ၏ ပကတိသြဇာအာဏာ မရှိပေ။
ထိုက်ဖျင်ဘုရားကျောင်းမှာ သူတို့၏ ဘဝကို မြှုပ်နှံထားသည့် ထိုက်ဖျင်တပည့်ဂိုဏ်းသားများ ရှိကြသည်။ အပျိုတော်များ၊ မိန်းမစိုးများ၊ အစောင့်တပ်သားများ၊ နန်းတွင်းအရာများနှင့် မင်းညီမင်းသားများအပါအဝင် သာမန်လူများသည် ဘုရားကျောင်းထဲသို့ ဝင်ရောက်ခွင့် မရှိကြပေ။
နန်းတွင်းမှာ မူလကရှိခဲ့သော အစိုးရရုံးဌာန ၂၄ ခုကို နန်းတွင်းအခြွေအရံများရုံးတော်အဖြစ် ချုံ့ပစ်ပြီးနောက် ၎င်းကို တောင်ပိုင်းရုံးတော်နှင့် မြောက်ပိုင်းရုံးတော်ဟူ၍ နှစ်ပိုင်းခွဲလိုက်သည်။ ထိုရုံးတော်နှစ်ခု၏ လက်အောက်မှာ အမျိုးမျိုးသောဌာနများကို ထားရှိပြီး ဦးစီးမှူးနှင့် ဒုဦးစီးမှူးအဖြစ် မိန်းမစိုးများက ထမ်းဆောင်ကြသည်။
တောင်ပိုင်းရုံးတော်ကို တာဝန်ယူထားသည့် ဦးစီးမှူးသည် အမျိုးမျိုးသောအတွင်းပိုင်းရုံးများနှင့် အစေခံများ၏ လျှောက်လွှာတင်သွင်းခြင်းများ၊ ယစ်ပူဇော်ပွဲထုံးတမ်းစဉ်လာများ၊ နန်းတွင်းညီလာခံများ၊ ဂုဏ်ပြုစားပွဲများနှင့် တော်ဝင်လက်ဆောင်ပဏ္ဏာများကို ဦးဆောင်ကာ စီစဉ်ပေးရသည်။ ဒုဦးစီးမှူးက မြောက်ပိုင်းရုံးတော်ကို ကြီးကြပ်၍ ယင်-ယန်လူများကို အုပ်ချုပ်ခြင်းနှင့် နန်းတွင်းကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို တာဝန်ယူထားသည်။ သူတို့က ဧကရာဇ်၏ အမိန့်ကိုသာ နာခံကြသည်။
မြောက်ပိုင်းရုံးတော်နှင့် ဖီးနစ်စိမ်းတပ်ဖွဲ့ကြား အကြီးမားဆုံး ကွာခြားချက်မှာ ဖီးနစ်စိမ်းတပ်ဖွဲ့က အင်ပါယာနေပြည်တော်ကနေ ထွက်ခွာနိုင်ခြင်းဖြစ်သည်။ ဖီးနစ်စိမ်းတပ်ဖွဲ့သည် အပြင်ဘက်မှာ အမှုကိစ္စများကို စုံစမ်းထောက်လှမ်းနိုင်ကြသည်။ မြောက်ပိုင်းရုံးတော်ကတော့ ဧကရာဇ်၏ အမိန့် မရသရွေ့ အင်ပါယာနေပြည်တော်ကနေ မထွက်ခွာနိုင်ကြပေ။
. . . . . . .
ဤတစ်ခေါက် အင်ပါယာသက်တော်စောင့်ရုံး၏ တာဝန်ကျအခန်းထဲမှာ ကြေးမီးသွေးဖိုက နီရဲတောက်လောင်၍ အနွေးဓာတ်ကို ဖြာထုတ်ပေးနေသည်။
ဒုစစ်သေနာပတိ ယွင်လောက တာဝန်ကျနေ၏။ သူမသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ထိပ်တန်းရာထူးသုံးခုထဲ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်အရဆိုလျှင် အသက်သုံးဆယ်ခန့်ရှိသည့်ပုံပေါ်သော်လည်း သူမ၏ အသက်အမှန်ကို သိသည့်သူ ရှားသည်။
ဤနှစ်များမှာ သူမသည် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးမှာ တာဝန်ကျပြီး တသီးတခြား နေထိုင်ခဲ့သည်။ အပြင်လူများအတွက်တော့ မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးမှ ဒုစစ်သေနာပတိက ပို၍ နာမည်ကြီးကျော်ကြားသည်။ သို့သော် ဖီးနစ်စိမ်းတပ်ဖွဲ့အတွင်းမှာ ဒုစစ်သေနာပတိယွင်ကို ပို၍ ကြောက်ရသည်။
ယွင်လောက တာဝန်ကျအခန်း၏ တံခါးခုံသို့သွားပြီး လေးလံသော ဝါဂွမ်းလိုက်ကာကို မလိုက်သည်။ သူမသည် ခပ်မြင့်မြင့်တံခါးခုံကို မဖြတ်ကျော်ဘဲ အပြင်ဘက်ကိုသာ ကြည့်လိုက်စဉ် နှင်းများနှင့် အေးစက်သောလေက သူမ၏ မျက်နှာကို ရိုက်ခတ်လာ၏။
သူမ၏ မျက်နှာအမူအယာက ရာသီဥတုနှင့် ယှဉ်နိုင်လောက်အောင် အေးစက်၍ သုန်မှုန်နေပြီး သူမက သက်ပြင်းချလိုက်၏။ ဧကရာဇ်အတွက် ထုံးတမ်းစဉ်လာတစ်ခု ပြုလုပ်ပေးရန် သူတောင်စင်ချင်းဝေက မကြာခင် အင်ပါယာနေပြည်တော်သို့ ရောက်လာပေလိမ့်မည်။ တကယ်တော့ ဧကရာဇ်သည် စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် သူတော်စင်ချင်းဝေကို အင်ပါယာနေပြည်တော်သို့ ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။
ဤအကြောင်းကို စဉ်းစားရင်း ယွင်လော၏ သုန်မှုန်နေသောအမူအယာက ထပ်မံ၍ ညိုမည်းသွားသည်။
အခန်း ၁၂၈ - မဟာသူတော်စင်ဇီကျိ
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် ၁၁ လပိုင်း ၂ ရက်နေ့မှာ ကျင်းကွမ်စီရင်စုသို့ ရောက်ရှိလာပြီး ထိုနေရာမှာ တစ်ညတာတည်းခိုခဲ့ကြသည်။ ထို့နောက် သူတို့သည် ၁၁ လပိုင်း ၃ ရက်နေ့မှာ ပိုင်သီမြို့တော်သို့ ဆက်လက်၍ ဦးတည်လိုက်ကြသည်။
ထိုနေရာသို့ ရောက်အပြီးမှာ သူတို့သည် ပိုင်သီမြို့ကနေ ရှေးဟောင်းခေတ်များတုန်းက ကျင်းကျိုးဟု ကျော်ကြားခဲ့သည့် ဟူကျိုးသို့ မြစ်ကြောင်းဖြင့် လှေစီးသွားမည်ဖြစ်သည်။ သူတို့သည် ဟူကျိုးကနေတစ်ဆင့် ဝူကျိုးသို့ ဆက်သွားပြီး နောက်ဆုံးမှာ ကျန်းမိသားစုအစဉ်အဆက်နေထိုင်လာခဲ့သည့် ရှန်ချင်းခရိုင်ကို ရောက်ရှိသွားမည်ဖြစ်သည်။ ထိုနေရာသည် ယွင်ကျင်းတောင်ပေါ်မှာ တာ့ကျန်းစံအိမ်တည်ရှိရာနေရာလည်းဖြစ်သည်။
သူတို့နှစ်ယောက်သည် ကျင်းကွမ်စီရင်စု၏ မြို့ဂိတ်တံခါးကနေ ထွက်ခွာပြီး ပင်မလမ်းအတိုင်း အေးအေးဆေးဆေး လျှောက်လှမ်းလာကြ၏။
“ချင်းရှောင်… မင်း ဧကရာဇ်နဲ့ဆုံဖူးလား”
ချီရွှမ်းစုက ဆိုင်းမဆင့်ဗုံမဆင့်မေးလိုက်၏။
သူတို့က ခရီးသွားရင်း အသေးအဖွဲ့အကြောင်းအရာများကို ဆွေးနွေးတတ်ကြသည်။ ထိုသို့ဖြင့် သူတို့၏ ပျင်းရိငြီးငွေ့မှုကို လျှော့ချနိုင်သလို တစ်ယောက်ပေါ်တစ်ယောက် ပိုမို၍လည်း နားလည်လာကြမည်ဖြစ်သည်။
ကျန်းယွဲ့လုက ခေါင်းခါပြလိုက်၏။
“ဟင့်အင်း မဆုံဖူးဘူး”
ချီရွှမ်းစုက ပြောလိုက်သည်။
“ဧကရာဇ်က ဘယ်လိုပုံစံရှိမလဲမသိဘူး”
ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“အခုက ကျိုးရှီခေတ်ရဲ့ ၄၁ ခုနှစ်ပဲ… ဆိုတော့ အရှင်မင်းမြတ်က ဧကရာဇ်ဖြစ်လာတာ ၄၁ နှစ်ရှိခဲ့ပြီ… သူ အသက် ၂၀ ကျော်အရွယ်မှာ နန်နးတက်ခဲ့တာကို ငါမှတ်မိတယ်…. အဲဒါကြောင့် သူက အခုဆိုရင် အသက် ၆၀ ကျော် အရွယ်မှာရှိလိမ့်မယ်… ဒါပေမဲ့ ဧကရာဇ်က တာအိုဂိုဏ်းတော်ရဲ့ အိုမင်းဆန့်ကျင်နည်းလမ်းတွေကို ကျင့်ကြံထားလောက်တယ်… အဲဒါကြောင့် သူက သိပ်ပြီး အိုစာတဲ့ပုံပေါက်မှာမဟုတ်ဘူး… သူက အင်ပါယာနန်းတော်မှာ ဩဇာညောင်းဖို့အတွက် သက်လတ်ပိုင်းအရွယ်ပုံစံမှာ ထိန်းထားလောက်တယ်”
ချီရွှမ်းစုက သက်ပြင်းချလိုက်သည်။
“သူက ဧကရာဇ်ဖြစ်လာတာ ၄၁ နှစ်ရှိပြီဆိုတော့… တကယ့်ကို ရိုသေလေးစားထိုက်တာပဲ”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“အရင် ဝေမင်းဆက်က ကွန်ဖြူးရှပ်ဝါဒကို လိုက်နာကျင့်သုံးခဲ့တယ်… မဟာရွှမ်မင်းဆက်ကတော့ တာအိုဝါဒကို လိုက်နာကျင့်သုံးတယ်… မဟာရွှမ်မင်းဆက်က ဧကရာဇ်တွေအားလုံးက တာအိုတပည့်ဂိုဏ်းသားတွေဖြစ်ခဲ့ကြတယ်… ဧကရာဇ်ကောင်းကျူက တော်လှန်ပုန်ကန်မှုကို မစတင်ခင် သူရယ် လီမိသားစုနဲ့ ကျန်းမိသားစုက မဟာသူတော်စင်တွေရယ်က လက်ထောက်မဟာအကြီးအကဲတွေဖြစ်ခဲ့ကြတယ်… အဲဒီတုန်းက မဟာအကြီးအကဲနေရာက လစ်လပ်နေခဲ့တယ်”
“မင်း ပြောတာက ရွှမ်အရှင်မြတ်ကတ်ထဲက မဟာဓားအင်မော်တယ် လီတောက်ရှုနဲ့ ကောင်းကင်ဆရာသခင်ဟောင်း ကျန်းကျင်းလျှိုကိုပြောတာလား”
ချီရွှမ်းစုက မေးလိုက်သည်။
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။
“အမ်း… အဲဒီအချိန်တုန်းက ရွှမ်အရှင်မြတ်က အဲဒီလူသုံးဦးရဲ့လက်အောက်မှာပဲရှိသေးတယ်… နောက်ပိုင်း မဟာဓားအင်မော်တယ်နဲ့ ကောင်းကင်ဆရာသခင်ဟောင်းက ကောင်းကင်ဘုံကို တက်လှမ်းသွားတဲ့အချိန်မှာ ဧကရာဇ်ကောင်းကျူက ဝေမင်းဆက်ကို တော်လှန်ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့တယ်… အဲဒါကြောင့် ဧကရာဇ်က လက်ထောက်မဟာအကြီးအကဲနေရာကို ဆက်မယူတော့ဘဲ ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ရဲ့ မဟာအကြီးအကဲဖြစ်လာခဲ့တယ်။”
“တာအိုဝါဒက အင်ပါယာရဲ့ အဓိက ယုံကြည်ကိုးကွယ်မှုဖြစ်တယ်လို့ မဟာရွှမ်မင်းဆက်က ထုတ်ပြန်ကြေညာခဲ့တယ်… ဧကရာဇ်ကောင်းကျူခေတ်ကစပြီး ဧကရာဇ်တွေအားလုံးက တာအိုဘွဲ့တွေကို ခံယူခဲ့ကြတယ်… ပြောရမယ်ဆိုရင် ဧကရာဇ်တွေမှာ သရုပ်သကန်နှစ်ခုရှိကြတယ်… သူတို့ရဲ့ ဒုတိယမြောက်သရုပ်သကန်ကတော့ တာအိုဂိုဏ်းတော်က ပေးအပ်တဲ့ မဟာသူတော်စင်ဇီကျိပဲ”
“ဧကရာဇ်ရဲ့အဆင့်အတန်းက လက်ထောက်မဟာအကြီးအကဲသုံးဦးရဲ့အထက်မှာရှိပြီး မဟာအကြီးအကဲနဲ့တူညီတယ်… ဒါပေမဲ့ ဧကရာဇ်က တာအိုဂိုဏ်းတော်ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လို့မရတဲ့အတွက် တာအိုအဖွဲ့အစည်းမှာဆိုရင် မဟာအကြီးအကဲကပဲ ပကတိဩဇာအာဏာကို ကိုင်ဆွဲထားတုန်းပဲ”
“တာအိုတပည့်ဂိုဏ်းသားတွေက ဧကရာဇ်နဲ့တွေ့ဆုံတဲ့အချိန်မှာ များသောအားဖြင့် ငါတို့က အရှင်မင်းမြတ်လို့ သူ့ကို ခေါ်ဆိုကြတယ်… ဒါပေမဲ့ ထုံးတမ်းအစဉ်အလာအခမ်းအနားတွေမှာဆိုရင် ငါတို့က ဧကရာဇ်ကို သူ့ရဲ့ဘွဲ့အတိုင်းခေါ်ဝေါ်ရတယ်… လက်ရှိဧကရာဇ်ရဲ့ တာအိုဘွဲ့က မဟာသူတော်စင်ဇီကျိပဲ… နတ်ရွာစံဧကရာဇ်ရဲ့ဘွဲ့က မဟာသူတော်စင်ယွမ်တူ… ဧကရာဇ်ကောင်းကျူရဲ့ဘွဲ့ကတော့ မဟာသူတော်စင်ချန်းရှန်… ငါတို့လိုအဆင့်မှာရှိတဲ့သူတွေက များသောအားဖြင့် ဧကရာဇ်နဲ့ တွေ့ဆုံရဖို့မရှိတဲ့အတွက် အဲဒီဘွဲ့သုံးခုကို မှတ်ထားရင် လုံလောက်ပြီ”
ချီရွှမ်းစုက ခေါင်းညိတ်ပြီး စိတ်ထဲမှာမှတ်သားထားလိုက်သည်။
“ဧကရာဇ်မှာ တာအိုသရုပ်သကန်တစ်ခုရှိတာ ငါမသိခဲ့ဘူး… သူ့ကိုရော တာအိုတပည့်ဂိုဏ်းသားလို့ ဆိုနိုင်မလား”
“အဲဒီဂုဏ်ထူးဆောင်ဘွဲ့ကို ငါတို့ရဲ့ဘိုးဘေးတွေက ပေးအပ်ခဲ့တာပဲ…. မင်းဆက်တိုင်းမှာရှိတဲ့ ဧကရာဇ်တွေက သူတို့ကိုယ်သူတို့ ကောင်းကင်ဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားတွေလို့ ခံယူထားကြတယ်… အဲဒါကြောင့် အဲဒီသရုပ်သကန်နှစ်ခုကြားမှာ ဘာပဋိပက္ခမှမရှိဘူး”
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“တကယ်တော့ နတ်ဆရာဝါဒကို သူတို့ရဲ့ အဓိကယုံကြည်ကိုးကွယ်မှုအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ ရွှေပြည်သစ်ဆိုရင်လည်း အတူတူပဲ… သူတို့က အင်မော်တယ်ကောင်းကင်ဘုံကို လက်ခံယုံကြည်ကြတယ်… စုန်းဘုရင်က အင်မော်တယ်ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခြင်းခံရပြီး ရွှေပြည်သစ်ဘုရင်ခန်းကတော့ အင်မော်တယ်ကောင်းကင်ဘုံရဲ့စွမ်းအားကို မှီခိုပြီး ဘုရင်ဖြစ်လာခဲ့တယ်… သူတို့နှစ်ဦးက အပြန်အလှန်မှီခိုနေကြတယ်… စုန်းဘုရင်က ထာဝရရှင်သန်နိုင်ပေမယ့် နန်းမတက်နိုင်ဘူး… ဒါပေမဲ့ ဘုရင်ခန်းကလည်း နောက်ဆုံး တစ်နေ့မှာ သေဆုံးရဦးမှာပဲ”
ချီရွှမ်းစုသည် ဤကဲ့သို့သော အကြောင်းအရာများကို ပထမဆုံးအကြိမ်းကြားဖူးခြင်းဖြစ်သည်။ အရင်တုန်းက သူသည် မကြာခဏခရီးသွားလာပြီး ဘိုးဘေးကျောင်းတော် သို့မဟုတ် တာအိုဘုရားကျောင်းများနှင့် ဝေးကွာနေခဲ့သည်။ ထို့ကြောင့် သူက ဤကဲ့သို့သောအကြောင်းအရာများကို ကြားနာဖို့ အခွင့်အရေးမရခဲ့ပေ။
ကျန်းယွဲ့လုက မေးလိုက်သည်။
“နင်က ဘာလို့ ဧကရာဇ်အကြောင်းကို ရုတ်တရက်မေးလာရတာလဲ”
ချီရွှမ်းစုသည် ဤအကြောင်းကို တကယ်တော့ စိတ်ကူးပေါက်ရာလျှောက်မေးခဲ့ခြင်းသာဖြစ်သော်လည်း သူက ထိုသို့မဆိုပေ။
“ငါ သိချင်စိတ်ဖြစ်သွားလို့ပါ… လောကမှာ စွမ်းအားအကြီးမားဆုံးနဲ့ ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်နှစ်ဦးက တာအိုဂိုဏ်းတော်က မဟာအကြီးအကဲနဲ့ အင်ပါယာနန်းတော်က ဧကရာဇ်ဖြစ်တယ်လို့ သူများတွေဆိုကြတယ်… အခု မဟာအကြီးအကဲရဲ့နေရာက လစ်လပ်နေတယ်ဆိုတော့ ဧကရာဇ်က လောကမှာ စွမ်းအားအကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတယ်မဟုတ်ဘူးလား”
“သဘောတရားအရတော့ အဲလိုပဲ”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“ဒါပေမဲ့ ဧကရာဇ်က တာအိုဂိုဏ်းတော်ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်နိုင်တဲ့အတွက် အဲဒါက တာအိုအဖွဲ့အစည်းပေါ် သိပ်ပြီးတော့ သက်ရောက်မှုမရှိဘူး”
ချီရွှမ်းစုကလည်း ဤအကြောင်းကို ကြားဖူးထားသည်။ တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်သည် ကိုယ့်လမ်းကိုယ် ကိုယ်စီလျှောက်ဖို့ ဆုံးဖြတ်ထားကြပြီး တစ်ယောက်၏အရေးကိစ္စကိုတစ်ယောက် ဝင်ရောက်မစွက်ဖက်ကြပေ။
. . . . . .
ပိုဟိုင်စီရင်စုသည် အင်ပါယာနေပြည်တော်၏ အဝင်ဝတံခါးဟု ကျော်ကြားသော စံဟွေ့မြစ်ဝမှာ တည်ရှိလေသည်။ ပိုဟိုင်စီရင်စု၏ အရှေ့ဘက်ခြမ်းသည် ရေလမ်းပို့ဆောင်ရေးအတွက် အဓိကကျပြီး ကုန်သည်သင်္ဘောများအတွက် အရပ်သားဆိပ်ခံတံတားများနှင့် စစ်သင်္ဘောများအတွက် စစ်ဘက်ဆိပ်ခံတံတားများအပါအဝင် ဆိပ်ခံတံတားများစွာရှိလေသည်။ ရေလမ်းခရီးဖြင့် အင်ပါယာနန်းတော်သို့ ဝင်ရောက်ချင်သည်ဆိုလျှင် ထိုနေရာကို မဖြစ်မနေ ဖြတ်ကျော်ရပေလိမ့်မည်။
ကြီးမားသော ယာဉ်တစ်စင်းက စစ်ဆိပ်ကမ်းမှာဆိုက်ကပ်လာပြီး အခြားသော သင်္ဘောများနှင့်လှေများကို သေးငယ်သွားသည်ဟု ထင်ရစေသည်။ ကြီးကျယ်ခမ်းနားသော ဤသင်္ဘောမှာ သံချပ်ကာများတပ်ဆင်ထားပြီး ရှုပ်ထွေးသော ရွက်တိုင်များ မပါရှိပေ။ အဲဒီမှာ လေ့လာစောင့်ကြည့်ရေးမျှော်စင်တစ်ခုနှင့် ကြီးမားသော မီးခိုးခေါင်းတိုင်တစ်ခုသာပါရှိသည်။ ယင်းသည် ပင်လယ်ပြင်မှာ ဖြတ်သန်းသွားလာသည့် သံချပ်ကာစစ်သင်္ဘောဖြစ်ပြီး တာအိုဝေဟင်ပျံသင်္ဘောများကဲ့သို့ အထင်ကြီးဖွယ်ရာကောင်းလေသည်။ ဒါ့အပြင် စစ်သင်္ဘောမှာ နောက်ဆုံးပေါ်အမြောက်ကိုလည်း တပ်ဆင်ထားသည်။
လွန်ခဲ့သည့်နှစ်နှစ်ရာက အရှေ့တိုင်းနှင့်အနောက်တိုင်းမှ စစ်သင်္ဘောများသည် များသောအားဖြင့် နောက်ကျည်ထိုး အမြောက်များကို တပ်ဆင်ခဲ့ကြသည်။ ယမ်းထောင်းအမြောက်များနှင့်ယှဉ်လျှင် သူတို့က အတော်လေးတိုးတက်လာသော်လည်း ဤအမြောက်များသည် ဝင်ရိုးနည်းစနစ်ကို အသုံးပြုထားဆဲဖြစ်သည်။
အမြောက်၏ ပြောင်းနှင့် အမြောက်တင်လှည်းကို ဝင်ရိုးများဖြင့် ချိတ်ဆက်ထားပြီး အမြောက်ပစ်သည့်အချိန်မှာ တန်ပြန်ကန်အားကို လှည်းက ချေဖျက်ပေးရလေသည်။ ရလဒ်အနေဖြင့် အမြောက်တင်လှည်းတစ်ခုလုံးက ကန်ထွက်သွားပြီး သိသိသာသာ နေရာရွေ့သွား၏။ အမြောက်ပစ်ခတ်ပြီးနောက် ပြန်လည်ထိန်းညှိကာ ချိန်ရွယ်ဖို့အတွက် သိသိသာသာ အချိန်ပြန်ယူရသည်။ တစ်နာရီမှာ နှစ်ကြိမ်သာပစ်ခတ်နိုင်သည့် အနှေးဆုံးပစ်ခတ်နှုန်း မှတ်တမ်းလည်း ရှိခဲ့လေသည်။
ဤအားနည်းချက်ကို ပြင်ဆင်ဖို့အတွက် အနောက်ဘက်ကုန်းမြေတိုက်သည် ကန်အားထိန်းပြွန်များကို တီထွင်ခဲ့ကြသည်။ အမြောက်များပေါ်မှာ ကန်အားထိန်းယန္တရားကို တပ်ဆင်လိုက်သည့်အခါ အမြောက်ပစ်ပြီးနောက် ၎င်း၏ ကန်အားကို အသုံးချကာ အမြောက်၏ အရှေ့ဘက်အစိတ်အပိုင်းကို နဂိုမူလနေရာသို့ အလိုအလျောက်ပြန်လည်ရောက်ရှိသွားစေသည်။ ဤသို့ဖြင့် ပြန်လည်ထိန်းညှိဖို့နှင့် ပြန်လည်ချိန်ရွယ်ဖို့ မလိုအပ်တော့ဘဲ ပစ်ခတ်နှုန်းကို သိသိသာသာ တိုးတက်လာစေခဲ့သည်။ ဤနည်းပညာသည် နောက်ပိုင်းမှာ အရှေ့တိုင်းသို့ ရောက်ရှိလာပြီး အင်ပါယာနန်းတော်၏ အဓိက ရေတပ်မတော်သုံးခုက ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့သည်။
သင်္ဘော၏ ဦးစွန်းမှာ လူတစ်အုပ်စု ပေါ်ထွက်လာကြသည်။
ခေါင်းဆောင်က အနက်ရောင်ဟဲချန်ခြုံထည်ကို ဝတ်ဆင်ထားပြီး ကြာသရဖူဆောင်းထားသည်။ သူသည် စစ်သင်္ဘော၏ ပိုင်ရှင် ချီကျိုးတာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်နေသည့် သူတော်စင်ချင်းဝေဖြစ်သည်။
တာအိုဂိုဏ်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော သူတော်စင်ချင်းဝေက သံချပ်ကာစစ်သင်္ဘောတစ်စီး ဘာ့ကြောင့် ပိုင်ဆိုင်ထားနိုင်သလဲဆိုသည်ကတော့ ဝေမင်းဆက်ကို ခြေရာပြန်ကောက်ကြည့်ရပေမည်။
ဝေမင်းဆက်တုန်းက ပင်လယ်ရေကြောင်းသွားလာမှုကို ကန့်သတ်ထားပြီး အင်ပါယာရေတပ်က လျစ်လျူရှုခံလိုက်ရသည်။ ထိုအချိန်တုန်းက ကွန်ဖြူးရှပ်ကျောင်းတော်သည် လောကမှာ အကြီးမားဆုံးမြေပိုင်ရှင်ဖြစ်ခဲ့သည်။ တာအိုဂိုဏ်းတော်က ထိုဟာကွက်ကို အသုံးချပြီး စစ်သင်္ဘောများကို အကြီးအကျယ်ဆောက်လုပ်ခဲ့သည်။ သူတို့၏ စစ်သင်္ဘောအုပ်စုများသည် အနောက်ဘက်ကုန်းမြေတိုက်သို့ပင် ရောက်ရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုထွန်းကားလာသောကြောင့် တံခါးပိတ်ဝါဒကျင့်သုံးကာ တိုးတက်မှုရပ်တန့်နေခဲ့သော ကွန်ဖြူးရှပ်ကျောင်းတော်ကို ကျော်တက်သွားခဲ့လေသည်။
ကျယ်ပြောသော ပင်လယ်သမုဒ္ဒရာသည် ပိုင်ရှင်မဲ့နယ်မြေတစ်ခုနှင့်တူပြီး ပင်လယ်ဓားပြများက သောင်းကျန်းတတ်ကြသည်။ တာအိုဂိုဏ်းတော်၏ စစ်သင်္ဘောများကို အမြောက်လက်နက်များတပ်ဆင်ထားပြီး သူတို့မှာ ရှိန်လောက်သော တိုက်ခိုက်ရည်ခွန်အားရှိလေသည်။ သူတို့ထဲမှာ လီမိသားစု၏ စစ်သင်္ဘောများက စွမ်းအားအကြီးမားဆုံးဖြစ်သည်။ ရေကြောင်းစစ်ပွဲသုံးခုအပြီးမှာ လီမိသားစု၏ စစ်သင်္ဘောများက နာမည်တစ်ခုရရှိလာပြီး ပင်လယ်ပြင်မှာ လွှမ်းမိုးနိုင်စွမ်းရှိလာခဲ့သည်။
စစ်အတွင်းမှာ လီမိသားစု၏ စစ်သင်္ဘောများကို အုပ်စုနှစ်စုခွဲခဲ့သည်။ အုပ်စုတစ်စုသည် ပိုဟိုင်စီရင်စုကို တရကြမ်းတိုက်ခိုက်ရန် မြောက်ပိုင်းသို့ ဦးတည်သွားခဲ့ပြီး အခြားတစ်အုပ်စုကတော့ ယန်ဇီမြစ်မှာ ကုန်ပို့ဆောင်မှုကို ပိတ်ဆို့တားဆီးရန် တောင်ပိုင်းသို့သွားရောက်ခဲ့ပြီး ကြီးမားသောအောင်မြင်မှုများရရှိခဲ့သည်။
မဟာရွှမ်မင်းဆက်က လောကကို သိမ်းပိုက်စုစည်းပြီးနောက် တာအိုစစ်သင်္ဘောများ၏ ဖွဲ့စည်းပုံကိုအဓိကယူ၍ ပင်မရေတပ်မတော်သုံးခုကို ဖွဲ့စည်းခဲ့လေသည်။ လီမိသားစု၏ စစ်သင်္ဘောများသည် ပင်မအင်အားစုများထဲမှတစ်ခုဖြစ်ခဲ့သည်။ သူတို့ကို ထိုအချိန်တုန်းက အသက်သုံးဆယ်ပင်မပြည့်သေးသည့် တုံဟွမ်က ဦးဆောင်ခဲ့သည်။ သူသည် တုံဟွမ်ရေတပ်မတော်၏ ပထမဆုံး စစ်သေနာပတိချုပ်ဖြစ်လာခဲ့သည်။
ထို့ကြောင့် လီမိသားစုသည် အင်ပါယာနန်းတော်နှင့် ခွဲခြားမရသော ပတ်သက်ဆက်နွယ်မှုတစ်ခုရှိပြီး ရေတပ်မတော်မှာ ကြီးမားသောလွှမ်းမိုးမှုရှိနေဆဲဖြစ်သည်။ တုံဟွမ်ရေတပ်မတော်၏ စစ်သေနာပတိချုပ်တိုင်းသည် လီမိသားစုမှ သို့မဟုတ် လီမိသားစုနှင့် ဆက်စပ်နေသူများဖြစ်ခဲ့ကြသည်။
သူတော်စင်ချင်းဝေသည် တာအိုဂိုဏ်းတော်၏ တန်ခိုးရှင်သူတော်စင်တစ်ဦးဖြစ်ရုံသာမက လီမိသားစုဝင်တစ်ဦးလည်းဖြစ်သည်။ သူသည် များသောအားဖြင့် ချီကျိုးတာအိုစံအိမ်မှာ နေလေ့မရှိပေ။ ထိုအစား သူသည် ကျန်းကျင်ပရဝဏ်တည်ရှိရာ ဖန်းလိုင်ကျွန်းနှင့် ဘေးချင်းကပ် ဖန်ချန်းကျွန်းပေါ်က ချင်းလင်နန်းတော်မှာ နေထိုင်လေသည်။ သူသည် ထိုက်ဖျင်ဂိုဏ်းနှင့် လီမိသားစု၏ ဒုတိယမြောက် ဩဇာအာဏာအရှိဆုံးသူဖြစ်သည်။
ဤတစ်ခေါက်မှာ သူတော်စင်ချင်းဝေသည် အင်အားပြသည့်အနေဖြင့် စစ်သင်္ဘောကိုသုံးပြီး ဧကရာဇ်၏ အမိန့်နှင့် အင်ပါယာနေပြည်တော်သို့ ရောက်ရှိလာသည်။
ဒေသဆိုင်ရာတာအိုစံအိမ်များကို အုပ်ချုပ်နေသည့် တန်ခိုးရှင်သူတော်စင်များကြားမှာ အဆင့်ကွဲပြားမှုများ ရှိလေသည်။ တာအိုစံအိမ်သခင်တချို့သည် အဖွဲ့အစည်းများအားလုံး၏ မျှခြေကို ထိန်းသိမ်းထားရန်အတွက်သာဖြစ်ပြီး တချို့ကတော့ မြင့်မားသော ဩဇာအာဏာကို ကိုင်ဆွဲထားကြသည်။
လက်ရှိ လက်ထောက်မဟာအကြီးအကဲသုံးဦးနှင့် အခြားသော မွန်မြတ်မဟာသူတော်စင်များအားလုံးသည် အသက် ၈၀ ကျော်အရွယ်မှာရှိနေကြသည်။ ထို့ကြောင့် သူတို့က မဟာအကြီးအကဲနေရာအတွက် မယှဉ်ပြိုင်နိုင်ကြပေ။ ထို့ကြောင့် သူတို့သည် တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲမှ မဟာအကြီးအကဲကို ရွေးချယ်တင်မြှောက်ရပေမည်။ လီမိသားစုနောက်ခံပေးထားသည့် ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်ချင်းဝေသည် အလားအလာအရှိဆုံး အလောင်းအလျာများထဲမှ တစ်ဦးဖြစ်သည်မှာ မလွဲဧကန်ပင်။
သူတော်စင်ချင်းဝေ၏ အသက်အမှန်ကို အပြင်လူများက မသိရှိကြပေ။ သို့သော်လည်း သူ၏ ရုပ်ရည်သွင်ပြင်သက်သက်အရဆိုလျှင် သူက အတော်လေးငယ်ရွယ်ပြီး အသက်သုံးဆယ်ဝန်းကျင်မှာသာ ရှိသည့်ပုံပေါ်သည်။ သူ့မှာ ပိန်ပါးသောကိုယ်ခန္ဓာနှင့် ကြည့်ကောင်းသောရုပ်ရည်သွင်ပြင်ရှိလေသည်။
သတ္တမမျိုးဆက် မဟာအကြီးအကဲဖြစ်လာဖို့ မျှော်လင့်ခံထားရသည့် ဤတန်ခိုးရှင်သူတော်စင်က စစ်သင်္ဘောပေါ်ကနေ ငုံ့ကြည့်ပြီး သူ့ကို နှုတ်ဆက်ဖို့ပြင်ဆင်နေသည့် လူအုပ်ကြီးကို တွေ့မြင်လိုက်ရသည်။
သူတော်စင်ချင်းဝေက သူ့အကြည့်ကို ရုပ်ပြီး အင်ပါယာနေပြည်တော်သို့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။ သူသည် လီမိသားစု၏ ပင်မအခွဲမှဖြစ်ပြီး မဟာဓားအင်မော်တယ်၊ ရွှမ်အရှင်မြတ်နှင့် တုံဟွမ်တို့၏ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်လေသည်။ လီမိသားစုသည် မဟာသူတော်စင်နှစ်ဦး၊ လက်ထောက်မဟာအကြီးအကဲလေးဦးနှင့် တန်ခိုးရှင်သူတော်စင် ၂၈ ဦးကို မွေးထုတ်ပေးခဲ့ပြီဖြစ်သည်။
လီမိသားစုသည် လောကရှိ မဟာမိသားစုသုံးစုထဲမှာ မပါဝင်သော်လည်း သူတို့သည် တာအိုအဖွဲ့အစည်းတွင် နံပါတ်တစ်မိသားစုဖြစ်သည်မှာ မလွဲဧကန်ပင်။ လီမိသားစုမှာ လက်ရှိ လက်ထောက်မဟာအကြီးအကဲတစ်ဦးရှိထားသည့်အတွက် တန်ခိုးရှင်သူတော်စင်တစ်ဦးက ပြောပလောက်စရာမဟုတ်ပေ။
လီမိသားစုလိုအပ်နေသည်မှာ ရွှမ်အရှင်မြတ်၏ ဂုဏ်ကျက်သရေကို ပြန်အသက်သွင်းမည့် မဟာအကြီးအကဲတစ်ဦးဖြစ်သည်။
ထို့ကြောင့် အင်ပါယာနေပြည်တော်သို့ သူတော်စင်ချင်းဝေ အလည်အပတ်လာရောက်ခြင်းမှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိနေသည်။ ဧကရာဇ်သည် တာအိုအရေးကိစ္စများမှာ ကြားဝင်စွက်ဖက်နိုင်ခြင်းမရှိသော်လည်း မဟာသူတော်စင်ဇီကျိအနေဖြင့် ဧကရာဇ်၏ စိတ်သဘောထားသည် လာမည့်မဟာအကြီးအကဲကို ရွေးချယ်တင်မြှောက်ခြင်းတွင် နောက်ဆုံးဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိလာပေလိမ့်မည်။