← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း ၁၂၉ - တာအိုဆရာကျိ

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ကျန်းနန်စီရင်စုကနေ ထွက်လာပြီးနောက် သူတို့၏ ခရီးကို အရှိန်တင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ကျယ်ပြန့်သောလမ်းမပေါ်မှာ ရှိနေပြီး ချီရွှမ်းစုက ကျားမာအဆောင်၏ စိတ်ဝိညာဉ်စွမ်းအင်ကို မဖြုန်းတီးလိုသောကြောင့် ထိုက်ဖျင်ဒင်္ဂါးဆယ်ပြားသုံးကာ မြင်းနှစ်ကောင်ကို ဝယ်ယူလိုက်သည်။ သူတို့က ပိုင်သီမြို့ကို ရောက်ရှိပြီးလျှင် ထိုမြင်းများကို ပြန်လည်ရောင်းချဖို့ ကြံရွယ်ထား၏။ ထိုအခါ သူက ထိုက်ဖျင်ဒင်္ဂါး တစ်ပြား နှစ်ပြားကိုတော့ ရှုံးပေလိမ့်မည်။

သို့သော်လည်း ချီရွှမ်းစုသည် မကြာသေးခင်ကမှ ပွပေါက်တိုးထားပြီး ထိုက်ဖျင်ဒင်္ဂါးလေးရာကို စုဆောင်းမိထား၏။ ထို့ကြောင့် ထိုက်ဖျင်ဒင်္ဂါးတစ်ပြား နှစ်ပြားကို သိပ်ပြီး ဂရုမစိုက်တော့ပေ။

သူတို့နှစ်ယောက်သည် လမ်းမအတိုင်း ချောချောမွေ့မွေ့မြင်းစီးလာကြ၏။ နေဝင်ရီတရောအချိန်မှာ သူတို့သည် လမ်းမပေါ်ကနေဆင်းပြီး တောအုပ်ထဲမှာ တစ်ညတာခိုလှုံဖို့ နေရာတစ်ခုရှာလိုက်ကြ၏။

မည်သို့ပင်ဆိုစေ သူတို့က ကောင်းကင်ဘုံသက်ရှိများမဟုတ်သည့်အတွက် အိပ်စက်ဖို့ လိုအပ်နေသေးသည်။ မြင်းများကလည်း အနားယူရန်လိုအပ်သည်။ ချီရွှမ်းစုသည် ဆာလောင်မှုကို ဖြေဖျောက်ရန် စစ်တပ်သုံးအားဆေးလုံးကိုသုံးပြီး မြင်းများကို မြက်အနည်းငယ်ကျွေးလိုက်သည်။

ကျန်းယွဲ့လုက မီးဖိုဖို့ပြင်ဆင်ရင်း ထင်းအနည်းငယ်ရှာဖွေရန် ထွက်ခွာသွားသည်။ တောအုပ်ထဲမှာ ရွက်ဖျင်တဲမရှိဘဲ တစ်ညတာကုန်ဆုံးဖို့က သက်တောင့်သက်သာရှိလိမ့်မည်မဟုတ်ပေ။

ခဏနေပြီးနောက် ကျန်းယွဲ့လုက သစ်ကိုင်းခြောက်အနည်းငယ်နှင့်အတူ ပြန်ရောက်လာပြီး မြေပြင်ပေါ်ကို ပစ်ချလိုက်၏။

ချီရွှမ်းစုက ပြောလိုက်သည်။

“ဘာလို့အဲလောက်နည်းနည်းပဲ ယူလာတာလဲ… အဲဒါက မီးဖိုဖို့ လောက်မှာမဟုတ်ဘူး”

“ဟိုဘက်မှာ လှုပ်ရှားမှုရှိတယ်…. အသံကိုနှိမ့်ပြော”

ကျန်းယွဲ့လုက ချီရွှမ်းစုကို သူမနောက်သို့လိုက်ခဲ့ရန် အချက်ပြလိုက်၏။

ချီရွှမ်းစုက သူ၏ အော်ရာကို ထိန်းချုပ်ပြီး ခြေဖွနင်းကာ ကျန်းယွဲ့လုနောက်ကနေ လိုက်ပါသွား၏။ သူတို့နှစ်ယောက် မိုင်ဝက်သာသာ လမ်းလျှောက်သွားပြီးနောက် ပေ ၈၀ ခန့်မြင့်မားသော ကျောက်ထရံတစ်ခု၏ အောက်ခြေကို ရောက်ရှိလာကြ၏။ သူတို့က အောက်ခြေကနေ မတ်တတ်ရပ်နေပြီး ကျောက်ထရံထိပ်မှာ လူတချို့ကို တွေ့မြင်ရသည်။ သို့သော်လည်း ထိုလူများက တမင်သက်သက် ငုံ့မကြည့်လျှင် သူတို့နှစ်ယောက်ကို သတိထားမိလိမ့်မည် မဟုတ်ပေ။

ကျန်းယွဲ့လုက တိတ်တိတ်နေဖို့ အမူအရာပြပြီး အပေါ်ကို လက်ညှိုးထိုးပြလိုက်သည်။ ချီရွှမ်းစုက မော့ကြည့်လိုက်စဉ် ချောက်ကမ်းပါးထိပ်မှာ ငယ်ရွယ်သော စုံတွဲတစ်တွဲကို တွေ့မြင်လိုက်ရ၏။ အမျိုးသားက ကြည့်ကောင်းတင့်တယ်ပြီး အမျိုးသမီးက ချောမောလှပသည်။ သူတို့သည် တကယ့်ကိုလိုက်ဖက်သည့် စုံတွဲတစ်တွဲကဲ့သို့ဖြစ်သည်။

ချီရွှမ်းစုအနေဖြင့် ရိုးသားစွာပြောရလျှင် ချောက်ကမ်းပါးထိပ်မှ အမျိုးသားနှင့်အမျိုးသမီးက သူနှင့်ကျန်းယွဲ့လုထက် သေချာပေါက် ပို၍ချောမောကြလေသည်။ ကျန်းယွဲ့လုက ချောမောလှပသော်လည်း သူမက မှင်တက်စရာကောင်းလောက်သော လှပမှုမျိုး မဟုတ်ပေ။ ကျန်းယွဲ့လု၏ အလှအပကို သူမ၏ မှန်ကန်ဖြောင့်မတ်သောအော်ရာနှင့် တည်ငြိမ်သောစိတ်နေစရိုက်က ဖြည့်စွက်ပေးထားသည်။ ချောက်ကမ်းပါးထိပ်မှ လူငယ်စုံတွဲသည် လေထဲမှာ တဖျပ်ဖျပ်လွင့်နေသော ထုံးထမ်းစဉ်လာတာအိုဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် နောက်ခဏ၌ လေတိုက်လျှင် လွင့်ပါသွားမည့် ပန်းချီကားထဲက ဇာတ်ကောင်များနှင့် တူနေ၏။

ထင်ရှားပေါ်လွင်သောလူငယ်စုံတွဲနှင့် မလှမ်းမကမ်းမှာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် နောက်ထပ်ခံ့ညားသောအမျိုးသားတစ်ဦးရှိနေသည်။ သူက ကြီးမား၍ ချောမွတ်နေသော မီးခိုးပြာရောင်ကျောက်တုံးပေါ်မှာ ထိုင်ပြီး သေရည်ကိုသောက်နေသည်။

ချောက်ကမ်းပါးထက်မှလူသုံးဦးက စကားပြောဆိုနေကြ၏။ အတိအကျဆိုရလျှင် လူငယ်စုံတွဲသည် သူတို့၏ ဆရာဦးလေးဖြစ်ပုံရသော သက်လတ်ပိုင်းအရွယ် တာအိုဆရာကို သူ့ဆရာဆီအလည်သွားဖို့ စည်းရုံးဖျောင်းဖျနေခြင်းဖြစ်သည်။

သို့သော်လည်း သက်လတ်ပိုင်းအရွယ်တာအိုဆရာက သဘောတူခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မရှိပေ။ သူက သေရည်ကိုသာ ဆက်သောက်နေပြီး လူငယ်စုံတွဲက သူ့ကို ဆက်လက်၍ ဖျောင်းဖျနေသည်။ သို့သော်လည်း သူတို့ဦးလေး၏ မထုံတတ်တေးအမူအရာကို တွေ့မြင်သောအခါ သူတို့နှစ်ယောက်က အနည်းငယ်အားလျော့လာကြ၏။

အနောက်ဘက်နေ တောက်ပသောလဝန်းက ပေါ်ထွက်လာစဉ် သက်လတ်ပိုင်းအရွယ်တာအိုဆရာက သူ၏ သေရည်ကိုလက်စသတ်ပြီး သေရည်အိုးကို ချီရွှမ်းစုခေါင်းပေါ်သို့ သာမန်ကာလျှံကာ ပစ်ချလိုက်၏။ သက်လတ်ပိုင်းအရွယ် တာအိုဆရာအမျိုးသားက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး မသဲမကွဲပြောလိုက်သည်။

“ငါမူးပြီး အိပ်ငိုက်နေပြီပဲ”

သက်လတ်ပိုင်းအရွယ်အမျိုးသားက စကားပြောလို့ပြီးသွားသည်နှင့် ချောက်ကမ်းပါးအစပ်ကနေ ရှေ့ကိုခြေတစ်လှမ်း ထုတ်လိုက်သည်။ သို့သော်လည်း သူက အောက်သို့ကျဆင်းမသွားဘဲ တိမ်စိုင်များပေါ်မှာ လမ်းလျှောက်နေသည့်အလား လမင်းရှိရာသို့ တက်လှမ်းသွားလေသည်။

ချီရွှမ်းစုက သေရည်အိုးထိမှန်သွားသည့် သူ့ခေါင်းကို လက်ဖြင့်အုပ်ကိုင်ပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ကောင်းကင်သက်ရှိပဲ”

ဤအခိုက်အတန့်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသားက မသိမသာပြုံး၍ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုကို ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် သူက ကောင်းကင်ထက်ကို ဆက်လက်၍ တက်လှမ်းသွားလေသည်။

ချောက်ကမ်းပါးပေါ်က လူငယ်စုံတွဲက ထွက်ခွာသွားသော သူတို့ဦးလေးကိုငေးကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြ၏။ သူတို့ဦးလေးက လုံးဝပျောက်ကွယ်သွားပြီးနောက် လူငယ်စုံတွဲက ချောက်ကမ်းပါးထိပ်ကနေ ပြန်လှည့်သွားကြသည်။ လူငယ်စုံတွဲသည် အောက်ကိုငုံ့မကြည့်ခဲ့သည့်အတွက် ကျန်းယွဲ့လုနှင့် ချီရွှမ်းစု၏ တည်ရှိမှုကို သတိမထားမိခဲ့ကြပေ။

လူငယ်စုံတွဲထွက်ခွာသွားပြီးနောက် ချီရွှမ်းစုက အံ့အားတသင့်ပြောလိုက်သည်။

“အဲဒီကောင်းကင်သက်ရှိက ငါတို့ကို မြင်သွားတယ်… သူက အဲဒီသေရည်အိုးနဲ့ ငါ့ကိုတမင်သက်သက်ပေါက်ခဲ့တာလို့ ငါပြောနိုင်တယ်”

“ငါလည်း အဲလိုထင်တာပဲ”

ကျန်းယွဲ့လုက ပြုံးစိစိနှင့် သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ချီရွှမ်းစုက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“သူက မင်းကိုကျ ဘာလို့ ပစ်မပေါက်ခဲ့တာလဲ”

“ငါ ကံကောင်းသွားတာနေမှာပါ”

ကျန်းယွဲ့လုက လှောင်ပြုံးပြုံးလိုက်သည်။

ချီရွှမ်းစုက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“အဲဒီလူငယ်စုံတွဲက ဘယ်သူတွေပါလိမ့်… သူတို့က မင်းလိုမျိုး နတ်သက်ကြွေအင်မော်တယ်တွေနဲ့တူတယ်”

ကျန်းယွဲ့လုက မှတ်ချက်ပေးလိုက်သည်။

“တာအိုဂိုဏ်းတော်မှာရှိတဲ့ လူငယ်ပါရမီရှင်တွေအားလုံးက ကျောက်စိမ်းနေပြည်တော်မှာပဲ နေကြတာမဟုတ်ဘူး… ဩဇာအာဏာရှိတဲ့ တချို့ပုဂ္ဂိုလ်တွေက ဒေသဆိုင်ရာတာအိုစံအိမ်တွေမှာ အခြေစိုက်နေထိုင်ကြတယ်… နောက်ပြီး ဘိုးဘေးကျောင်းတော်က အရမ်းကိုကြီးမားတယ်… ငါက နင်သိထားတဲ့ တစ်ဦးတည်းသော နတ်သက်ကြွေအင်မော်တယ်မလား”

ချီရွှမ်းစုက အရွှန်းဖောက်ကာပြောလိုက်၏။

“ဒါပေါ့… မင်းက နာမည်ကြီးပဲကို”

“ငါ နာမည်ကြီးလာတာက ငါ့ရဲ့လမ်းစဉ်ကြောင့်မဟုတ်ဘူး… အဲဒါက ကျန်းနန်အမှုကြောင့်ပဲ… ငါက တုံဟွမ်လိုမျိုး ပါရမီအရည်အချင်းရှိတယ်လို့ လူအများစုက အမှတ်မှားနေကြတယ်”

ကျန်းယွဲ့လုက ခေါင်းခါပြီးပြောလိုက်သည်။

“ကျောက်စိမ်းနေပြည်တော်မှာ ငါ့လိုလူမျိုး ဆယ်ယောက်မကရှိတယ်… ဒါပေမဲ့ သူတို့တွေက ထျန်ကန်းခန်းမမှာ မဟုတ်ကြဘူး”

“ဒါဆို သူတို့က ဘယ်နေရာမှာလဲ”

ချီရွှမ်းစုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

“ကျိဝေခန်းမပေါ့… အဲဒါက ခန်းမကိုးဆောင်ထဲမှာ ထိပ်တန်းပဲ… ဒုတိယမြောက်အမြင့်ဆုံးကတော့ ပေချန်ခန်းမပဲ… ပေချန်ခန်းမက အဆင့်မြင့်တာအိုဆရာတွေနဲ့ ပတ်သက်ရလေ့ရှိတဲ့အတွက် လူအများစုက အဲဒီခန်းမကို ဝင်ရောက်လိုကြတယ်… ထျန်ကန်းခန်းမက တာအိုဆရာတွေက ရာထူးတက်မြန်ပေမယ့် ကြီးမားတဲ့အန္တရာယ်ကို စွန့်စားထားရတယ်”

“ပုံမှန်အားဖြင့် ထျန်ကန်းခန်းမမှာ လေ့ကျင့်လိုတဲ့လူက မရှိသလောက်ပဲ… ဘိုးဘေးကျောင်းတော်ကလည်း ထူးချွန်ထက်မြတ်တဲ့ လူငယ်ပါရမီရှင်တွေကို သေကြေပျက်စီးထိခိုက်မှာစိုးတဲ့အတွက် ထျန်ကန်းခန်းမကို ပို့လိုကြမှာမဟုတ်ဘူး… အဲဒီအစား သူတို့က ရှုခိုလိုမျိုး ဒေသဆိုင်ရာတာအိုစံအိမ်က အတွေ့အကြုံရှိတဲ့ ပါရမီရှင်တွေကိုပဲ ခေါ်ယူစုဆောင်းကြလိမ့်မယ်… နောက်ပြီး ထျန်ကန်းခန်းမရဲ့ လူအင်အားအများစုက တာအိုဆရာတွေမဟုတ်ဘူး… စိတ်ဝိညာဉ်တပ်သားတွေပဲ… ထျန်ကန်းခန်းမက ဘိုးဘေးကျောင်းတော်ရဲ့ စိတ်ဝိညာဉ်တပ်သား သုံးပုံတစ်ပုံလောက်ကို အမိန့်ပေးစေခိုင်းနိုင်ကြတယ်”

ချီရွှမ်းစုက ပြန်လည်စဉ်းစားကာပြောလိုက်၏။

“မင်းလည်း အစတုန်းက ပေချန်ခန်းမကပဲ… ဒါပေမဲ့ နောက်ပိုင်းမှာ ထျန်ကန်းခန်းမကို ရွှေ့ပြောင်းခံခဲ့ရတယ်… မင်းက လက်ထောက်ခန်းမသခင်အဖြစ် ရာထူးတိုးမြှင့်ပေးခံရတဲ့အတွက် အဲဒါကို လေ့ကျင့်ပေးတာလို့တော့ မဆိုနိုင်ဘူးမလား”

ကျန်းယွဲ့လုက ငြင်းဆန်ခြင်းမရှိပေ။

“ငါ့လိုမျိုး လူအများစုက အခုလက်ရှိမှာ အဆင့်လေး ကျိကျိုးတာအိုအကြီးအကဲတွေဖြစ်နေကြပြီ.. ဒါပေမဲ့ သူတို့ထဲမှာ ငါတစ်ယောက်ပဲ လက်ထောက်ခန်းမသခင်ဖြစ်လာတာ… ငါပြောနိုင်တာကတော့ ငါက အတော်လေးကံကောင်းနေတယ်ဆိုတာပဲ”

ချီရွှမ်းစုက သေရည်အိုးကိုကောက်ယူပြီး စစ်ဆေးကြည့်လိုက်၏။ အဲဒါက ရတနာတစ်ခုခုဟုတ်မနေတာ သေချာစေပြီးမှ သူက အဲဒါကို ဘေးသို့ပစ်ချကာ ရေရွတ်လိုက်၏။

“ငါ နောက်ကျရင် ဘယ်တော့မှ သူများစကားပြောတာ ခိုးနားမထောင်တော့ဘူး… ဒီတစ်ခေါက်ကောင်းကင်သက်ရှိက ငါ့ကို သေရည်အိုးနဲ့ပဲ ပစ်ပေါက်သွားတာ… သူသာ စိတ်ဆတ်တဲ့လူဆိုရင် ငါတို့တော့ သွားရှာလောက်ပြီ”

ကျန်းယွဲ့လုက ဤအချက်နှင့်ပတ်သက်၍ မငြင်းဆန်ပေ။

“ငါလည်း စောစောက စပ်စုချင်ခဲ့ရုံပဲ… ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး”

သူတို့က လမ်းတစ်လျှောက်မှာ နောက်ထပ် ထင်းချောင်းတချို့ကို ကောက်ယူပြီးနောက် ညဘက် သူတို့အနားယူမည့်နေရာသို့ ပြန်လာကြသည်။ ထို့နောက် သူတို့က မီးဖိုတစ်ဖို ဖိုပြီး တစ်ယောက်နဲ့တစ်ယောက် ဓားလွယ်ခုတ် ထိုင်လိုက်ကြသည်။

ကျန်းယွဲ့လုက အဆိုပြုလိုက်၏။

“ဒီတစ်ခေါက်… ညရဲ့ပထမတစ်ပိုင်းကို နင်ကင်းစောင့်… ဒုတိယတစ်ပိုင်းကို ငါစောင့်မယ်”

အရင်ဆုံးကင်းစောင့်သည့်သူက ည၏ ဒုတိယပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်သည့်အတွက် ပိုကောင်းလေသည်။ ဒုတိယအပိုင်းကို ကင်းစောင့်ရမည့်သူက အိပ်မှုန်စုန်မွှားဖြင့် ထလာရပေမည်။ ကျန်းယွဲ့လုက မျှတသောလူတစ်ယောက်ဖြစ်ပြီး အခြားသူများကို အနိုင်မယူတတ်ပေ။

သူမနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံပြီးနောက် ချီရွှမ်းစုက သူမ၏ စိတ်နေသဘောထားကို နားလည်နေပြီဖြစ်ပြီး ငြင်းဆန်ခြင်းမရှိပေ။

“အဲဒါဆိုလည်း အိပ်တော့လေ”

ကျန်းယွဲ့လုက သူမ၏ ခြုံထည်ကိုဆွဲစုပြီး ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်လိုက်သည်။ ထို့နောက် ဒူးပေါ်မှာ သူမ၏ နဖူးကိုတင်ပြီး အိပ်စက်လိုက်၏။

ချီရွှမ်းစုက ငြီးငွေ့ဖွယ်ရာမီးပုံကို ဟိုတို့ ဒီတို့လုပ်ရင်း လမင်းဆီ ပျံသန်းသွားသော ကောင်းကင်ပညာရှင်အကြောင်းကို စဉ်းစားနေမိသည်။

သူသည် ကောင်းကင်သက်ရှိတစ်ဦးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။ ဒဏ္ဍာရီအရဆို ကောင်းကင်သက်ရှိများသည် သူတို့အလိုရှိသလို ပျံသန်းနိုင်ပြီး အဲဒါက မှန်ကန်ကြောင်း စောစောက သက်သေပြခဲ့သည်။

သူက ထိုကျင့်ကြံမှုအဆင့်သို့ ရောက်နိုင်ပါ့မလား သို့မဟုတ် ဘယ်အချိန်မှာရောက်မလဲ စဉ်းစားနေမိသည်။ သူ၏လက်ရှိကျင့်ကြံမှုနှုန်းထားနှင့်ဆိုလျှင် ထိုအဆင့်ကိုရောက်ဖို့ ဆယ်စုနှစ်ချီ ကြာပေလိမ့်မည်။ သို့သော်လည်း လူအများစုက ကျင့်ကြံမှုမှာ အဟန့်အတားတချို့နှင့် ကြုံတွေ့ရပြီး ရှေ့ဆက်မတက်နိုင်ကြပေ။

သူ၏ အရည်အချင်းများက ကျန်းယွဲ့လုကိုမမီကြောင်း သူသိထားသည်။ သူတို့နှစ်ယောက်က ရှေ့ကိုဆက်တက်ရင်း သူတို့ကြား ကွာဟမှုက ပို၍ ကြီးမားလာဖို့သာရှိသည်။ အသက်နှစ်ဆယ်ကျော်အရွယ်မှာ သူက ကျန်းယွဲ့လုကို အသည်းအသန်ကြိုးစားရင်း လိုက်မီကောင်း လိုက်မီနိုင်ပေမည်။ သို့သော်လည်း နောက်ထပ် အနှစ် ၂၀ မှာ သူမနောက်ကို လိုက်မီနိုင်တော့မည်မဟုတ်ပေ။

သူတို့နှစ်ယောက်က အချိန်၏ စီးဆင်းမှုမှာ မျောပါရင်း ယခုကဲ့သို့ နီးစပ်မှုရှိနိုင်ကြတော့မည်မဟုတ်ပေ။ ထိုအချိန်မှာ ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ မှတ်ဉာဏ်ထဲမှ မိတ်ဆွေဟောင်းတစ်ဦးသာ ဖြစ်သွားပေလိမ့်မည်။ သူကလည်း ရံဖန်ရံခါမှာ သူမအကြောင်းကိုစဉ်းစားမိပြီး သက်ပြင်းချမိပေလိမ့်မည်။ ဤသည်က လူသားသဘာဝဖြစ်သည်။

ကံကောင်းသည်မှာ ချီရွှမ်းစုကို ရွှမ်ကျောက်စိမ်းက အသွင်ပြောင်းလဲပေးခဲ့ပြီး သူ၏ ကျင့်ကြံမှုကို သိသိသာသာ မြင်တက်လာစေခဲ့သည်။ သူ့မှာလည်း သဘာဝလွန်စွမ်းအားများရှိထားသည်။ သူက နောက်ထပ် ရွှမ်ကျောက်စိမ်းတစ်ပိုင်းကို ရရှိနိုင်မည်ဆိုလျှင် ကွေ့ကျန်းအဆင့်ကို တစ်ခါတည်း ခုန်တက်သွားနိုင်မလား။ သူက လုံလောက်သည့် ရွှမ်ကျောက်စိမ်းများကို စုဆောင်းနိုင်မည်ဆိုလျှင် ကောင်းကင်သက်ရှိအဆင့်ကို တက်လှမ်းနိုင်မှာလား။

ထိုအခါကျလျှင် ဘယ်သူက သူ့ကို အထင်သေးနိုင်ဦးမှာလဲ။ သူက အမြင့်ကိုတက်လှမ်းပြီး ကျန်းယွဲ့လုနှင့် သူ၏ ဆက်ဆံရေးကို ထပ်မံ၍ အဆင့်တက်နိုင်ကောင်းတက်နိုင်ပေမည်။

ထို့နောက် ချီရွှမ်းစုက နောက်ထပ်ပြဿနာတစ်ခုကို တွေးမိသွား၏။ ရွှမ်ကျောက်စိမ်း၏ အဖိုးတန်ပုံကို သူသိရှိထားသည့်အတွက် ထိုက်ဖျင်ဂိုဏ်းနှင့် ချင်းဖျင်အသင်းကလည်း အဲဒါကို သေချာပေါက်သိရှိထားပေမည်။ ထိုက်ဖျင်ဂိုဏ်းသည် ရွှမ်ကျောက်စိမ်းကို ရရှိဖို့အတွက် ခရိုင်ဝန်၏ မိသားစုကိုပင် အပြတ်ရှင်းခဲ့ပြီး သူတို့က ထိုကျောက်တုံးကို ဘယ်လောက်ထိလိုချင်နေလဲ ပြသခဲ့လေသည်။

ချင်းဖျင်အသင်းကလည်း ရွှမ်ကျောက်စိမ်း၏ အသုံးဝင်ပုံကို သိရှိထားလောက်သည်။ ထို့ကြောင့် အဲဒါကို သူ၏ ကိုယ်ကျိုးအတ္တအသုံးချမှုအတွက် သိမ်းထားမည်ကို သူတို့ တွေးမိသွားနိုင်သည်။ ချီရွှမ်းစုက ဤအဖွဲ့အစည်းနှစ်ခုထံကနေ တစ်စုံတစ်ရာကို ရယူချင်သည်ဆိုလျှင် သတိကြီးကြီးထား၍ လှုပ်ရှားရပေလိမ့်မည်။

နောက်ဆုံးတစ်ခေါက် ယွီလန်ဘုရားကျောင်းမှာ သူကောက်ရခဲ့သည့် ရွှမ်ကျောက်စိမ်းက ကံကောင်းမှုသက်သက်ကြောင့်သာဖြစ်သည်။ ဤအကြောင်းကို စဉ်းစားရင်း ချီရွှမ်းစုက သက်ပြင်းချမိ၏။

“ကောင်လေး… မင်းဘာလို့ သက်ပြင်းချနေတာလဲ”

ချီရွှမ်းစု၏ အတွေးများကို ရုတ်တရက် အသံတစ်သံက ဝင်ရောက်နှောက်ယှက်လိုက်၏။

ချီရွှမ်းစုက ထိတ်လန့်သွားပြီး ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်၏။ သူနှင့် မလှမ်းမကမ်း သစ်ငုတ်တိုတစ်ခုပေါ်မှာ ထိုင်နေသည့် သက်လတ်ပိုင်းအရွယ်တာအိုဆရာကို သူတွေ့မြင်လိုက်ရသည်။ ဤအချိန်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသားက ဘူးတောင်းတစ်ခုကို ကိုင်ထားပြီး ဖြည်းဖြည်းချင်းမော့သောက်နေ၏။

ဒါ့အပြင် ကျန်းယွဲ့လုက ထိုလူ၏ တည်ရှိမှုကို သတိထားမိပုံမရဘဲ အိပ်မောကျနေဆဲဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် သူတို့နှစ်ဦးနှင့် ကျန်းယွဲ့လုအကြားမှာ မမြင်ရသော အဟန့်အတားတစ်ခုရှိနေပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားက ဘယ်လောက်စွမ်းအားကြီးမားသလဲ ပြသနေ၏။

ချီရွှမ်းစုက သူ့ဘာသာသူတွေးလိုက်သည်။

‘ဪ… အခုပဲ တွေးနေရင်း ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပါ့လား’

ယခုအချိန်မှာ ချီရွှမ်းစု တတ်နိုင်တာဘာမှမရှိဘဲ သူ၏အတွေးများကို စုစည်းလိုက်၏။ သူက အသက်ကိုအောင့်ထားပြီး မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ရန် သူ၏ ချီကို စုစည်းထားလိုက်၏။

သက်လတ်ပိုင်းအရွယ်အမျိုးသားက သေရည်တစ်ကျိုက်ကို သောက်ပြီး ပေါ့ပေါ့ပါးပါးဖြင့်ပြောလိုက်သည်။

“ငါ အန္တရာယ်ပေးဖို့ လာတာမဟုတ်ဘူး။”

ချီရွှမ်းစုက ကြိုးစား၍ပြုံးပြပြီး မေးလိုက်သည်။

“လူကြီးမင်း… ကျုပ် ခင်ဗျားကို ဘယ်လိုကူညီပေးရမလဲ”

သက်လတ်ပိုင်းအရွယ် တာအိုဆရာက ရယ်မောလိုက်၏။

“စိတ်ကိုလျှော့ထားစမ်းပါကွာ… ငါအခု ပျင်းနေလို့ ရောက်လာတာ… ငါ့တူနဲ့ တူမက စကားများလွန်းတယ်ဟေ့… သူတို့နဲ့ပြောမယ့်အစား မင်းနဲ့စကားလာပြောတာ ပိုကောင်းမယ်လို့ ငါတွေးမိလို့..”

ချီရွှမ်းစုက စိတ်ကိုတည်ငြိမ်စေပြီး သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်၏။

“ကျုပ်နာမည်က ချီရွှမ်းစုပါ… လူကြီးမင်း ခင်ဗျားရဲ့ နာမည်ကို သိလို့ရမလား”

သက်လတ်ပိုင်းအရွယ်တာအိုဆရာက ဖြေပေးလိုက်သည်။

“ငါ့နာမည်က ကျိ… ငါလည်း တာအိုဂိုဏ်းတော်ကပဲ… လက်ရှိရှုကျိုးတာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်နေတယ်”

ချီရွှမ်းစုက ခဏမျှစဉ်းစားလိုက်၏။ ဤအမျိုးသားသည် သူ့ကိုယ်သူ ရှုကျိုးတာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်နေသည်ဟု ပြောသည့် ကောင်းကင်သက်ရှိတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် လက်ထောက်စံအိမ်သခင်များစွာထဲမှ တစ်ဦးဖြစ်လောက်သည်။

ဒေသဆိုင်ရာတာအိုစံအိမ်များမှာ ခန်းမကိုးဆောင်ကဲ့သို့ ဆင်တူသောဖွဲ့စည်းပုံရှိလေသည်။ သူတို့မှာ စံအိမ်သခင်တစ်ဦးသာရှိပြီး လက်ထောက်စံအိမ်သခင်ကတော့ များစွာရှိလေသည်။ လက်ထောက်စံအိမ်သခင်အရေအတွက်သည် နှစ်ဦးကနေ ဆယ်ဦးကျော်အထိ ရှိနိုင်သည်။

အနောက်ဘက်ဒေသတာအိုစံအိမ်၊ လျောင်တုန်တာအိုစံအိမ်နှင့် ကျန်းနန်တာအိုစံအိမ်တို့မှ လက်ထောက်စံအိမ်သခင်တချို့က ဩဇာအာဏာရှိသော်လည်း အချို့သော လက်ထောက်တာအိုစံအိမ်သခင်များမှာတော့ ဟန်ပြဘွဲ့သာရှိပြီး အစစ်အမှန်ဩဇာအာဏာမရှိကြပေ။

ချီရွှမ်းစုရှေ့မှလူက လွတ်လပ်ပေါ့ပါးသည့်ပုံစံရှိပြီး သူက ဒုတိယအမျိုးအစားဖြစ်လောက်သည်။

အခန်း ၁၃၀ - ပိုင်သီမြို့

တာအိုဆရာကျိက သေရည်တစ်ကျိုက်သောက်ပြီး ချီရွှမ်းစုကို အကဲခတ်ကြည့်လိုက်၏။

“ညီကိုချီ… မင်းကိုကြည့်ရတာ ရှုကျိုးနယ်က ဒေသခံတစ်ဦး ဟုတ်ပုံမရဘူး”

ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။

“ကျုပ်က ဝမ်ရှန်းတာအိုနန်းတော်မှာ ကြီးပြင်းလာခဲ့တယ်… နောက်မှ ကျောက်စိမ်းနေပြည်တော်ကို ရောက်လာတာ”

“ငါသိပြီ”

တာအိုဆရာကျိက ခေါင်းညိတ်ပြလိုက်သည်။

“ကျောက်စိမ်းနေပြည်တော်က စည်းမျဉ်းစည်းကမ်းတွေ၊ ဆရာကြီးတွေ အများကြီးနဲ့ အတော်လေးမွန်းကျပ်ဖွယ်ရာကောင်းတယ်… ငါ အဲဒီကိုမရောက်တာ နှစ်အတော်တောင်ကြာသွားခဲ့ပြီ… မင်းက အခု ကျောက်စိမ်းနေပြည်တော်ကို ရောက်လာပြီဆိုတော့ ခန်းမကိုးဆောင်မှာ တာဝန်ထမ်းဆောင်နေတာထင်တယ်”

“ဟုတ်ပါတယ်… ကျုပ်က အခု ထျန်ကန်းခန်းမမှာပါ… အဲဒါက ကျုပ်တို့လို တာအိုဆရာတွေခြေချဖို့အတွက် ခန်းမကိုးဆောင်ထဲမှာ အလွယ်ကူဆုံးနေရာပဲ”

တာအိုဆရာကျိက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တာပေါ့… ဒီနှစ်တွေထဲမှာ ထျန်ကန်းခန်းမက ဒေသဆိုင်ရာတာအိုစံအိမ်တွေက လက်ရွေးစင်တာအိုဆရာတွေကို အဆက်မပြတ် ခေါ်ယူစုဆောင်းနေတာ… အဲဒီနေရာက ရာထူးတိုးဖို့အတွက် ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုပဲ… ဒါပေမဲ့ အဲဒါက ခန်းမကိုးဆောင်ထဲမှာ ဆင်းရဲဒုက္ခအများဆုံးနဲ့ အပင်ပန်းဆုံးဆိုလည်း ဟုတ်တယ်… ဒေသဆိုင်ရာတာအိုစံအိမ်တွေနဲ့ ဝမ်ရှန်းတာအိုနန်းတော်က တာအိုဆရာတွေကပဲ အဲဒီအလုပ်တွေကို လက်ခံချင်ကြလိမ့်မယ်… ကျောက်စိမ်းနေပြည်တော်က အလိုလိုက်ခံထားရတဲ့ တာအိုဆရာတွေကတော့ အမှုဆောင်တွေဖြစ်မလာသရွေ့ အဲဒီက အလုပ်တွေကို လုပ်ချင်ကြမှာမဟုတ်ဘူး”

ချီရွှမ်းစုက ပြောလိုက်သည်။

“လူတိုင်းမှာ ကိုယ့်ထင်မြင်ချက်နဲ့ကိုယ် ရှိကြလိမ့်မယ်လို့ ကျုပ်ထင်တယ်… သူတို့က ထျန်ကန်းခန်းမရဲ့ ကြမ်းတမ်းတဲ့အလုပ်တာဝန်တွေကို အထင်သေးကြသလို ထျန်ကန်းခန်းမကလည်း အဲဒီအလိုလိုက်ခံထားရတဲ့ တာအိုဆရာတွေကို ခေါ်ယူစုဆောင်းချင်မှာ မဟုတ်ဘူး”

“မှန်တာပေါ့ကွာ”

တာအိုဆရာကျိက အသံထွက်ကာ ရယ်မောလိုက်၏။

ချီရွှမ်းစုက ကျန်းယွဲ့လုကို တစ်ချက်ကြည့်လိုက်၏။ သူမက တာအိုဆရာကျိ၏ ရယ်သံကို လုံးဝသတိမထားမိသည့်ပုံပင်။

ထို့နောက် တာအိုဆရာကျိက ကျန်းယွဲ့လုကိုကြည့်ပြီး မေးလိုက်သည်။

“သူကလည်း ထျန်ကန်းခန်းမကပဲလား”

“ဟုတ်ပါတယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်သော်လည်း ကျန်းယွဲ့လု၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။

တာအိုဆရာကျိက သူတို့၏ ဆင်တူခြုံထည်များကို တစ်ချက်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်၏။

“မင်းတို့နှစ်ယောက်က တရားဝင်အလုပ်ကိစ္စနဲ့ ခရီးထွက်လာကြတာမဟုတ်ဘူးထင်တယ်”

ချီရွှမ်းစုက ခဏမျှတုံ့ဆိုင်းပြီးနောက် အမှန်တိုင်းပင် ပြောလိုက်သည်။

“ကျုပ်တို့က နှစ်သစ်ကူးဖို့အတွက် အိမ်ပြန်ကြမလို့ပါ”

တာအိုဆရာကျိက သူ့ဒူးခေါင်းကို ညင်သာစွာပုတ်ပြီး ရယ်မောလိုက်သည်။

“ညီကိုချီ… မင်းက ဝမ်ရှန်တာအိုနန်းတော်ကဆိုတော့ မင်းပြောနေတဲ့ အဲဒီအိမ်က ဟိုမိန်းကလေးရဲ့အိမ်ပဲဖြစ်ရမယ်… ဟဲဟဲ… မင်းတို့နှစ်ယောက် မကြာခင် လက်ထပ်ကြတော့မှာလား”

“ဟင့်အင်း မဟုတ်ပါဘူး”

ချီရွှမ်းစုက ပြင်းထန်စွာ ငြင်းဆန်လိုက်သည်။

တာအိုဆရာကျိက နောက်ထပ်သေရည်တစ်ကျိုက်ကိုသောက်ပြီး ရေရွတ်လိုက်သည်။

“မင်းတို့က ငယ်ရွယ်ပြီး အတွေ့အကြုံနုကြသေးတဲ့အချိန်မှာ အဖော်နဲ့အိမ်ပြန်တာ ကောင်းတာပေါ့”

သူက အတိတ်ကို ပြန်ပြောင်းအောက်မေ့သွားသည့်ပုံပေါ်သည်။ ကောင်းကင်သက်ရှိများသည် ငယ်ရွယ်သောရုပ်ရည်သွင်ပြင်ကို ထိန်းထားနိုင်သော်လည်း အချိန်ကို တားဆီး၍မရနိုင်၊ နောက်ပြန်ဆုတ်၍ မရနိုင်ပေ။ ပန်းများက နောက်တစ်ဖန်ဖူးပွင့်လာနိုင်သော်လည်း လူများက သူတို့၏ လူငယ်ဘဝကို နောက်တစ်ဖန်ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်ပေ။

ချီရွှမ်းစုက မီးပုံထဲသို့ ထင်းချောင်းတချို့ကို ထပ်ထည့်လိုက်၏။

တာအိုဆရာကျိက အမှန်တိုင်းပြောဆိုခြင်းဖြစ်သည်။ သူသည် စကားပြောဆိုဖို့အတွက် တစ်ယောက်ယောက်ကို လာရောက်ရှာဖွေချင်ရုံမျှသာဖြစ်၏။ သူတို့နှစ်ယောက်သည် တာအိုဂိုဏ်းတော်နှင့်ပတ်သက်သည့်အကြောင်းအပြင် ရှေးခေတ်တိုင်းပြည်များကနေ အလယ်ပိုင်းလွင်ပြင်ဒေသကို သိမ်းပိုက်စုစည်းခဲ့သည့် ပထမဧကရာဇ်အထိ အကြောင်းအရာအမျိုးမျိုးကို နှစ်နာရီကြာအောင် ဆွေးနွေးပြောဆိုခဲ့ကြသည်။

သေရည်ကို လက်စသတ်ပြီးနောက် တာအိုဆရာကျိက အကြောင်းပြချက်တစ်ခုပေးပြီး ကောင်းကင်ထက်သို့ပျံတက်ကာ နောက်တစ်ဖန်ပျောက်ကွယ်သွား၏။ ချီရွှမ်းစုက ထွက်ခွာသွားသော တာအိုဆရာကျိ၏ နောက်ကျောကိုငေးကြည့်ရင်း အိပ်မက်တစ်ခုလို ခံစားနေရ၏။

ညသန်းခေါင်မှာ ချီရွှမ်းစုမနှိုးရသေးခင် ကျန်းယွဲ့လုက သူမဘာသာသူမနိုးလာ၏။ ကျန်းယွဲ့လုက အကြောဆန့်ပြီး ရေရွတ်လိုက်သည်။

“ငါ အခုပဲ ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်တယ်”

“ဘာအိပ်မက်လဲ”

ချီရွှမ်းစုက မေးလိုက်သည်။

ကျန်းယွဲ့လုက သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပြီး ပြောလိုက်၏။

“ငါ့အိပ်မက်ထဲမှာ နင်က တခြားတစ်ယောက်နဲ့ စကားပြောပြီး သေရည်သောက်နေတယ်တဲ့… ဒါပေမဲ့ အဲဒီလူရဲ့မျက်နှာကိုတော့ ငါရှင်းရှင်းလင်းလင်း မမြင်ရဘူး”

ချီရွှမ်းစုက ကူကယ်ရာမဲ့စွာပြုံး၍ ပြောလိုက်၏။

“အဲဒါ အိပ်မက်မဟုတ်ဘူး… ငါတို့ စောစောတုန်းက မြင်ခဲ့ရတဲ့ သက်လတ်ပိုင်းအရွယ် ကောင်းကင်သက်ရှိက ငါနဲ့စကားလာပြောသွားခဲ့တယ်… မင်းသတိမထားမိအောင် သူက ဘယ်လိုနည်းလမ်းသုံးသွားသလဲတော့ ငါမသိဘူး”

ဤစကားကိုကြားသောအခါ ကျန်းယွဲ့လုက သိပ်ပြီးအံ့အားသင့်သည့်ပုံ မရှိချေ။

“နင်တို့ ဘာအကြောင်းပြောခဲ့ကြတာလဲ”

ချီရွှမ်းစုက သူတို့ပြောဆိုခဲ့သည့်အကြောင်းအရာကို ပြန်ပြောပြလိုက်သော်လည်း သူတို့နှစ်ယောက် မကြာခင်လက်ထပ်တော့မလားဟူသော တာအိုဆရာကျိ၏ မေးခွန်းကို ချန်လှပ်ထားခဲ့သည်။

ကျန်းယွဲ့လုက ထိုအကြောင်းကို စဉ်းစားလိုက်၏။

“သူ့ရဲ့ မျိုးရိုးနာမည်က ကျိဆိုတော့ သူက ချွမ်ကျန်းဂိုဏ်းက ဖြစ်လောက်တယ်… သူက နင့်ရဲ့ချီမိသားစုနဲ့တောင်မှ ပတ်သက်ဆက်နွယ်မှုတချို့ ရှိလောက်တယ်”

“ငါ့ရဲ့ချီမိသားစုလား”

ချီရွှမ်းစုက နှာတစ်ချက်မှုတ်လိုက်၏။

“ငါက ငါ့ဆရာရဲ့ မျိုးရိုးနာမည်ကိုယူထားရုံပဲ… တကယ်လို့ ငါက မင်းရဲ့မျိုးရိုးနာမည်ကို ယူမယ်ဆိုရင် ငါက ကျန်းမိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲ ပါနေမှာမလား”

ကျန်းယွဲ့လုက ပြန်လည်ချေပလိုက်၏။

“စိတ်ကူးသာယဉ်နေစမ်းပါ… နင့်ကို ဘယ်သူက ငါ့ရဲ့မျိုးရိုးနာမည် ယူစေချင်မှာလဲ… အဲဒီအစား ရွှမ်အရှင်မြတ်ရဲ့ မျိုးရိုးနာမည်ကို ယူလိုက်ပါလား… လီမိသားစုက မွေးစားသားတွေနဲ့ သားသမက်တွေကို လက်ခံရတာ သဘောကျတယ်… အစွမ်းအစရှိတဲ့ဘယ်သူမဆို… လီမိသားစုကို ဦးဆောင်ဖို့အခွင့်အရေးရှိတယ်”

ချီရွှမ်းစုက ရယ်မောကာပြောလိုက်၏။

“လီရွှမ်းစုလား… အဲဒါဆိုရင် ရွှမ်အရှင်မြတ်ရဲ့နာမည်နဲ့ အရမ်းတူသွားလိမ့်မယ်… အဲဒါကိုကြားရင် ထိုက်ဖျင်ဂိုဏ်းက မဟာသူတော်စင်က ငါ့ကိုလာသတ်မှာစိုးရတယ်”

ချီရွှမ်းစုက သူ၏ မျိုးရိုးနာမည်ကို လီအဖြစ်ပြောင်းလဲလိုက်မည်ဆိုလျှင် သူ့နာမည်နှင့် ရွှမ်အရှင်မြတ်၏ နာမည်ကြားမှာ စာလုံးတစ်လုံးသာကွာဟတော့ပြီး သူတို့က ညီအစ်ကိုများဖြစ်သည်ဟု ထင်သွားရစေပေလိမ့်မည်။ လီမိသားစုက အဲဒါကို လက်ခံလိမ့်မည် မဟုတ်ပေ။ သူတို့ကြည်ညိုလေးစားရသော ဘိုးဘေး၏ နာမည်ကို ကာကွယ်ဖို့အတွက် သူတို့က ပြင်းထန်ကြမ်းတမ်းသော နည်းလမ်းများကိုပင် ထုတ်သုံးလာနိုင်သည်။

လီမိသားစုအကြောင်းပြောဆိုလျှင် ရွှမ်အရှင်မြတ် မမွေးခင်ကဖြစ်စေ၊ မွေးပြီးနောက်ပိုင်းမှာဖြစ်စေ သူတို့သည် ဘယ်တုန်းကမှ ကြီးကျယ်မြင့်မြတ်သောနာမည်ဂုဏ်သတင်းတစ်ခုကို မရရှိခဲ့ပေ။ သူတို့၏ နာမည်ပြောင်က အရှေ့ပင်လယ်မှ လူထူးဆန်းများ ဖြစ်သည်။ သို့သော် ရွှမ်အရှင်မြတ် စိုးစံခဲ့သည့်အချိန်အတွင်းမှာတော့ အများနှင့်မတူ ထူးဆန်းသော သူတို့၏ အပြုအမူများက ပျောက်ကွယ်နေခဲ့သည်။

တကယ်တော့ လီမိသားစုကို တာအိုဂိုဏ်းတော်မှာ စွမ်းအားအကြီးမားဆုံး မိသားစုများထဲမှတစ်ခုဖြစ်လာအောင် ရွှမ်အရှင်မြတ်က ပြုလုပ်ပေးခဲ့ခြင်းမဟုတ်ပေ။ ရွှမ်အရှင်မြတ် ပေါ်ထွက်မလာခဲ့လျှင်ပင် လီမိသားစုက ဩဇာအာဏာကို ကိုင်ဆွဲထားပေဦးမည်။ ရွှမ်အရှင်မြတ်သည် လီမိသားစု၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ရုံမျှသာဖြစ်သည်။

တစ်ဘက်မှာတော့ ရွှမ်အရှင်မြတ်ကိုယ်တိုင်သည် လီမိသားစု၏ အကူအညီနှင့်အတူ တာအိုဂိုဏ်းတော်၏ မဟာအကြီးအကဲဖြစ်လာခဲ့သည်။ ရွှမ်အရှင်မြတ်နှင့် လီမိသားစုသည် အောင်မြင်မှုများရရှိရန် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်မှီခိုပြီး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်ခဲ့ကြသည်။

ထို့ကြောင့် ရွှမ်အရှင်မြတ်နှင့် ဆင်တူသောနာမည်တစ်ခုယူမှာကို လီမိသားစုက ခွင့်ပြုလိမ့်မည်မဟုတ်ဟု ချီရွှမ်းစုက အခိုင်အမာပြောဆိုခြင်းဖြစ်သည်။ ကျန်းယွဲ့လုကလည်း ထိုအချက်နှင့်ပတ်သက်၍ ငြင်းဆန်ခြင်းမရှိချေ။

ချီရွှမ်းစုနှင့် လာရောက်စကားပြောဆိုခဲ့ခြင်းမှာ တာအိုဆရာကျိတွင် အခြားသော ရည်ရွယ်ချက်များရှိမရှိ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက သိပ်ပြီးစဉ်းစားမနေပေ။ တာအိုအဖွဲ့အစည်းအတွင်းမှာ ကျင့်ကြံမှုအဆင့်မြင့်မားပြီး လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရသည်ကို သဘောကျသည့် တာအိုဆရာများရှိလေသည်။

သူတို့မှာ မြင့်မားသည့် ကျင့်ကြံမှုအဆင့် ရှိထားသည့်အတွက် ဤကဲ့သို့ လွတ်လပ်ပေါ့ပါးစွာနေသည့် အကြီးအကဲများသည် နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ရန် စိတ်ဆန္ဒမရှိတတ်ကြပေ။ သူတို့သည် မိတ်ဆွေဖွဲ့ရန် အဆင့်အတန်းပေါ်အခြေခံ၍ မတိုင်းတာကြဘဲ သူတို့သဘောကျသည့်အတိုင်း ပြုမူလှုပ်ရှားတတ်ကြသည်။ သူတို့ စိတ်ကောင်းဝင်နေမည်ဆိုလျှင် လူငယ်မျိုးဆက်များကို အကြံဉာဏ်တချို့ပေးခြင်း သို့မဟုတ် လမ်းညွှန်ပြသမှုပေးခြင်း ပြုလုပ်တတ်ကြသည်။

လက်ရှိ တာအိုဂိုဏ်းတော်၏ အစုအဖွဲ့မှာ တာအိုအကြီးအကဲကျိကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် အကြီးအကဲများစွာရှိလေသည်။ ထိုကောင်းကင်သက်ရှိသည် ချီရွှမ်းစုကို မည်သည့်အကြံဉာဏ်မှ မပေးခဲ့ပေ။ သူတို့က အထုံရေစက်မပါသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ချီရွှမ်းစု၏ သန်မာသောသွေးချီကြောင့် သူ့ကို ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်သည်ဟု တာအိုဆရာကျိက အထင်မှားသွားခြင်းလည်းဖြစ်နိုင်သည်။ သူက ကောင်းကင်သက်ရှိတစ်ဦးဖြစ်လာဖို့ သိပ်မဝေးတော့လျှင် သူ့အတွက် အထူးတလည် သင်ကြားပြသပေးစရာ မရှိပေ။

စနောက်ပြောဆိုပြီးနောက် ကျန်းယွဲ့လုက သူမ၏ အိပ်ဆောင်နာရီကို ထုတ်ယူကာ အချိန်ကိုစစ်ဆေးကြည့်လိုက်၏။

“သွားအိပ်တော့လေ… မနက်ဖြန်မနက်ကျရင် ငါတို့ခရီးဆက်ကြမယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြီး သူ၏ခြုံထည်ကို ဆွဲစုကာ စိတ်ချလက်ချအိပ်စက်လိုက်သည်။ သူ နိုးလာသည့်အချိန်မှာ ကောင်းကင်က အပြာရင့်ရင့်အရောင်သို့ ပြောင်းလဲနေပြီဖြစ်၏။ ကျန်းယွဲ့လုက မီးဖိုကို နင်းခြေသတ်ပြီး မြင်းများကို ဆွဲခေါ်လာ၏။

သူတို့သည် လမ်းမပေါ်သို့ပြန်တက်ပြီး ခရီးဆက်လိုက်ကြသည်။ သုံးရက်ကြာ ခရီးသွားပြီးနောက် သူတို့က ပိုင်သီမြို့ကို အဝေးကနေ တွေ့မြင်လာရပြီဖြစ်၏။ သူတို့သည် ပိုင်သီမြို့ကနေ လှေစီးပြီး ဟူကျိုးမှာရှိသော ကျန်းလင်စီရင်စုသို့ မြစ်ကြောင်းအတိုင်းသွားဖို့ စီစဉ်ထားလေသည်။

ပိုင်သီမြို့သည် ဟူကျိုးကနေ ရှုကျိုးသို့ အဝင်ဝတံခါးတစ်ချပ်အဖြစ် ဗျူဟာကျကျ တည်ရှိနေသည်။ ၎င်း၏ သုံးဘက်သုံးတန်ကို ရေပြင်က ဝိုင်းပတ်ထားပြီး တစ်ဘက်မှာ တောင်တန်းများက နောက်ခံပေးထားသည်။ ထိုနေရာက ခုခံဖို့လွယ်ကူသော်လည်း တိုက်ခိုက်ဖို့ခက်ခဲသည်။

ကုန်းစွန်းမိသားစုသည် ရှုတိုင်းပြည်ကို အုပ်စိုးခဲ့စဉ်အခါက သူတို့၏ နေပြည်တော်ကို ဤနေရာမှာ တည်ထောင်ခဲ့ကြသည်။ ထိုနေရာမှာ ရေငွေ့များမကြာခဏပန်းထွက်နေသည့် ကြိုးကြာဖြူရေတွင်းတစ်တွင်းရှိခဲ့လေသည်။ ပိုင်က အဖြူရောင်၊ သီက အင်ပါယာဟု အဓိပ္ပါယ်ဆောင်ပြီး ပိုင်သီမြို့ဟူသော အမည်ကိုရရှိလာခဲ့သည်။

ဝတ္ထုဇာတ်လမ်းများဖတ်လေ့ရှိသည့်သူများက ပိုင်သီမြို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။ ထိုမြို့သည် ရှုတိုင်းပြည်ကို တည်ထောင်ခဲ့သောဘုရင် နတ်ရွာစံခဲ့သည့် နေရာဖြစ်သောကြောင့်ပင်။

ဝေမင်းဆက်နှောင်းပိုင်းမှာ ချင်းယန်ဂိုဏ်းသည် တော်လှန်ပုန်ကန်မှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပြီး ၎င်း၏ ပင်မခံတပ်သည် ပိုင်သီမြို့မှာ တည်ရှိခဲ့သည်။ ချင်းယန်ဂိုဏ်းဖျက်ဆီးခံရပြီးနောက် ပိုင်သီမြို့က တာအိုဂိုဏ်းတော်၏ တရားစီရင်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။

တာအိုဂိုဏ်းတော်က ပိုင်သီမြို့ကို မဟာဗျူဟာခံတပ်မြို့အဖြစ် မသတ်မှတ်ဘဲ ကုန်ပစ္စည်းများ ဖြန့်ဖြူးဖို့အတွက် အခရာကျသောနေရာတစ်ခုအဖြစ် သတ်မှတ်ထားလေသည်။ ရှုကျိုးမှာထွက်သည့် ပိုးထည်၊ ဖဲထည်၊ ကတ္ထီပါထည်၊ သကြားနှင့် ဆားကဲ့သို့ အဓိကကျသော လူသုံးကုန်ပစ္စည်းများကို ပိုင်သီမြို့မှာ အရင်ဆုံးစုပြီးမှ ဟူကျိုး၊ ကျန်းကျိုးနှင့် အခြားသော ပြည်နယ်များသို့ ရေကြောင်းဖြင့် တင်ပို့ကြပေလိမ့်မည်။ ဤအချက်ကြောင့် ပိုင်သီမြို့သည် ရှုကျိုးတာအိုစံအိမ်၏ အုပ်ချုပ်မှုအောက်မှာ ရှိနေဘဲ ထိုနေရာကို ရှစ်ပိုခန်းမက ပိုင်ဆိုင်လေသည်။

ရှစ်ပိုခန်းမသည် ခန်းမကိုးဆောင်ထဲမှာ ပါဝင်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် တာအိုဂိုဏ်းတော်၏ လက်အောက်မှ အခြားသော စီးပွားရေးလုပ်ငန်းများကို တာဝန်ယူထားသည်။ တူကျစ်ခန်းမက စာရင်းဇယား၊ ဝင်ငွေ ထွက်ငွေနှင့် အသုံးစရိတ်တို့ကို တာဝန်ယူထားပြီး ရှစ်ပိုခန်းမကတော့ တာအိုဂိုဏ်းတော်အတွက် လိုအပ်သည့် ငွေကြေးအသပြာရှာပေးခြင်းကို တာဝန်ယူထားသည်။

ခန်းမကိုးဆောင်ထဲမှာ ရှစ်ပိုခန်းမသည် တူကျစ်ခန်းမနှင့် ရင်းနှီးသော ပတ်သက်စပ်ဆက်မှုရှိပြီး ကုန်ပစ္စည်းများ ထောက်ပံ့ပေးဖို့အတွက် ထျန်ကျိခန်းမနှင့် ဟွာရှန်ခန်းမတို့နှင့် ပူးပေါင်းထားသည်။ ရှစ်ပိုခန်းမသည် ထျန်ကျိခန်းမနှင့် ဟွာရှန်ခန်းမကနေ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကိုရောင်းချပေးပြီး အကျိုးအမြတ်ကို တူကျစ်ခန်းမထံ လွှဲပြောင်းပေးပေလိမ့်မည်။ ထို့နောက် တူကျစ်ခန်းမသည် ဝင်ငွေမရှိသည့် ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမ၏ အသုံးစရိတ်များကို ထောက်ပံ့ရန်အတွက် လိုအပ်သည့် ဘဏ္ဍာရေးကို ထောက်ပံ့ပေးပေလိမ့်မည်။

ရှစ်ပိုခန်းမကလည်း မြို့အသီးသီးမှာ သူတို့၏ ခန်းမအခွဲများကို တည်ထောင်ထားကြသည်။ သို့သော် ဒေသဆိုင်ရာတာအိုစံအိမ်များအနီးမှာ ခန်းမအခွဲများထားရှိသည့် ဟွာရှန်ခန်းမနှင့် ထျန်ကျိခန်းမတို့နှင့်မတူဘဲ ရှစ်ပိုခန်းမသည် ကုန်သွယ်လမ်းကြောင်းများပေါ်တွင် အဓိကကျသော တည်နေရာတချို့မှာ သူတို့၏ ခန်းမအခွဲများကို အဓိကအားဖြင့် တည်ထောင်ထားကြသည်။ ထိုနေရာများထဲမှ ပိုင်သီမြို့၊ ကျင်းလင်စီရင်စု၊ လန်လင်စီရင်စု၊ ချင်းဖျင်စီရင်စုနှင့် လောလန်မြို့တို့ပါဝင်လေသည်။

တစ်ချိန်တည်းမှာပင် ရှစ်ပိုခန်းမသည် ကြားခံအဖြစ်လည်း ဆောင်ရွက်ပေးသည်။ ကျန်းနန်အမှုမှာ ရှစ်ပိုခန်းမသည် လျောင်တုန်တာအိုစံအိမ်နှင့် ချီကျိုးတာအိုစံအိမ်မှ ကုန်စည်များကို လွှဲပြောင်းရာတွင် ပူးပေါင်းပါဝင်ပေးခဲ့သည်။ သူတို့သည် အနောက်ဘက်ကုန်းမြေတိုက်မှ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ညှိနှိုင်းပေးခဲ့သည်။

ချီရွမ်းစုနှင့် ကျန်းယွဲ့လုသည် ခရီးအကွာအဝေးနှင့် အချိန်ကို တွက်ချက်ရာမှာတော်ကြသည်။ သူတို့သည် နေဝင်ရီတရောအချိန်မှာ မြောက်ဘက်ဂိတ်တံခါးသို့ ရောက်ရှိလာကြ၏။ ထင်မှတ်ထားသည့်အတိုင်း ဂိတ်တံခါးမှာ စစ်ဆေးမှုက အတော်လေးတင်းကျပ်သည်။ ဒါ့အပြင် ဂိတ်စောင့်များသည် အင်ပါယာနန်းတော်မှ ဝတ်ရုံနက်များမဟုတ်ဘဲ တာအိုဂိုဏ်းတော်မှ စိတ်ဝိညာဉ်တပ်သားများဖြစ်ကြသည်။

သို့သော် သူတို့ကလည်း တာအိုဂိုဏ်းတော်၏ အဖွဲ့ဝင်များဖြစ်သည့်အတွက် သူတို့မှာအားသာချက်ရှိလေသည်။ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက သူတို့၏ စာရွက်စာတမ်းများကို ထုတ်ပြပြီးနောက် စိတ်ဝိညာဉ်တပ်သားများက ပို၍ရင်းနှီးဖော်ရွေလာပြီး သူတို့၏ အထုပ်အပိုးများကိုပင် စစ်ဆေးခြင်းမရှိတော့ဘဲ ပိုင်သီမြို့ထဲသို့ ချက်ချင်းပင် ဝင်ရောက်ခွင့်ပေးလိုက်သည်။

မြို့ထဲသို့ သူတို့ဝင်ရောက်လာသည့်အချိန်မှာ နောက်ကျနေပြီဖြစ်လျှင်တောင် လူများ၊ လှည်းများဖြင့် စည်ကားနေဆဲဖြစ်သည်။ မြို့၏ နေရာအနှံ့မှာ တောင်များကို သူတို့တွေ့မြင်ရပြီး တောင်ထွတ်တချို့ပေါ်မှာ နန်းတော်အဆောက်အအုံများပင်ရှိနေသည်။

ကျန်းယွဲ့လုက တောင်ပေါ်က နန်းတော်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါက ပိုင်သီမြို့ရဲ့အမြင့်ဆုံးတောင် ယွမ်အန်တောင်ပေါ်မှာ တည်ရှိတဲ့ နာမည်ကြီးယွမ်အန်နန်းတော်ပဲ… ရှုတိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ နာမည်ကြီးဘုရင်က အဲဒီမှာ နတ်ရွာစံခဲ့တယ်… အခု အဲဒါက ရှစ်ပိုခန်းမရဲ့ ခန်းမခွဲတစ်ခုဖြစ်နေပြီ… သူတို့က တာအိုဘုရားကျောင်းအဖြစ်ကော တာအိုတပည့်ဂိုဏ်းသားတွေအတွက် ခရီးတစ်ထောက် နားနေစရာအဖြစ်ရော တာဝန်ယူပေးတယ်”

ချီရွမ်းစု၏ မျက်လုံးက ဝင်းလက်သွား၏။

“ငါတို့ အဲဒီမှာ အလကားတည်းခိုနိုင်မယ်လို့ ပြောတာလား”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

“အင်း… ငါတို့ရဲ့မြင်းတွေကိုလည်း သူတို့ဆီမှာ ရောင်းထားခဲ့လို့ရတယ်”

“ဒါဆိုလည်း သွားကြမယ်လေ”

ချီရွှမ်းစုက ရှေ့ကနေဦးဆောင်ပြီး လျှောက်လှမ်းသွား၏။

ကျန်းယွဲ့လုက ပြုံးယောင်သန်းကာ နောက်ကနေ လိုက်ပါသွားသည်။

All Chapters