အခန်း (၁၁၇-၁၁၈)
Vol. 8 Ch. 117-118
အခန်း (၁၁၇) - သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်နှင့် အောင်ပွဲကြီး
နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်မိသံ သဲ့သဲ့လေး ထွက်ပေါ်လာပြီးနောက် နင်းကျော့၏ ရှေ့မှောက်တွင် ဗုဒ္ဓနှလုံးသားဂိုဏ်း၏ တံခါးမှာ ရှိမနေတော့ဘဲ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသည့် နံရံတစ်ခုသာ ကျန်ရစ်တော့ချေသည်။
“ငါ လုပ်နိုင်ခဲ့ပြီ” နင်းကျော့သည် ဝမ်းသာအားရဖြင့် ရယ်မောလိုက်ချင်တော့သည်။
နဂါးလိပ် မီးလျှံဝိညာဉ်မှာမူ မှင်သက်သွားရ၏။ ၎င်းသည် ရုပ်တုတစ်ခုနှယ် တစ်နေရာတည်းတွင် တောင့်တောင့်ကြီး ရပ်နေမိသည်။ အတော်ကြာမှသာ ဟစိစိဖြစ်နေသော ပါးစပ်မှာ တုန်ရီလာပြီး ပြန်ပိတ်သွားတော့သည်။
ထို့နောက်တွင်မူ ၎င်းသည် ခေါင်းကို မော့ကာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး လည်ချောင်းထဲမှ ကြီးမားသော မီးလျှံတိုင်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။
နင်းကျော့သည် ဆက်လက်၍ မိစ္ဆာဂိုဏ်း တံခါးကိုလည်း ပြန်လည် ပိတ်ဆို့လိုက်ရာ အပြင်ပန်းတွင် မည်သည့် လက္ခဏာမျှ မကျန်ရစ်တော့ပေ။ ထိုအခါ နဂါးလိပ် မီးလျှံဝိညာဉ်မှာ အကြီးအကျယ် ရူးသွပ်သွားတော့သည်။
၎င်းသည် အဓိကခန်းမအတွင်း ဟိုမှသည်သို့ ခုန်ပေါက်နေပြီး ကျောက်တိုင်များနှင့် ကြမ်းပြင်များကို ခေါင်းဖြင့် တိုက်ခိုက်နေသဖြင့် တစ်ခုလုံးသော ချော်ရည်နန်းတော်ကြီးမှာပင် ပြုတ်ထွက်မတတ် တုန်ခါသွားရချေသည်။
မီးလျှံတောင်တန်း၏ ထိပ်ဖျားတွင်လည်း မီးလျှံများနှင့် ချော်ရည်များမှာ ပြင်းထန်လှစွာ တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်လာတော့သည်။ မုန့်ခွေမှာ သက်ပြင်းချလိုက်ရပြီး အစီအရင်ကြီးကို အသက်သွင်းကာ သောင်းကျန်းနေသော ချော်ရည်နန်းတော်ကို အစွမ်းကုန် ပြန်လည် ထိန်းချုပ်ရတော့သည်။
ဤသည်မှာ ချော်ရည်နန်းတော် သမိုင်းတစ်လျှောက်တွင် အပြင်းထန်ဆုံးသော ပေါက်ကွဲမှုပင် ဖြစ်ပေတော့သည်။
မုန့်ခွေသည် တစ်ရက်နှင့် တစ်ညလုံး စောင့်ကြပ် ထိန်းသိမ်းခဲ့ရပြီးမှသာ နန်းတော်ကြီးမှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။ မုန့်ခွေကဲ့သို့ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ချော်ရည်နန်းတော်၏ ထပ်ခါတလဲလဲ သောင်းကျန်းမှုကို မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။
ဤမျှ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသဖြင့် မုန့်ခွေ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုများ ထင်ဟပ်နေပြီး မျက်အောက်ညိုကာ ဖြူဖျော့နေတော့သည်။ မကြာမီတွင် ထူထပ်သော မီးခိုးများက သူ့ကို ဖုံးလွှမ်းသွားပြီး သူ၏ ပုံပန်းသဏ္ဌာန်ကို ကွယ်ပျောက်စေခဲ့သည်။
မိမိ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် ခေါ်ယူပြီးနောက် နင်းကျော့သည် ဖီးနစ်ဝိညာဉ် သွေးရနံ့ဆေးလုံး တစ်လုံးကို သောက်ကာ အိပ်ပျော်သွားတော့သည်။ မုန့်ခွေမှာ နန်းတော်ကြီးကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရချိန်တွင် နင်းကျော့မှာမူ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ချေသည်။
တစ်ရက်နှင့် တစ်ည ကြာပြီးနောက် နင်းကျော့သည် မျက်လုံးများကို ဖွင့်လိုက်ရာ လန်းဆန်းမှုကို ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်စွမ်းအားများမှာလည်း အတော်အတန် ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်သည်။ ဖီးနစ်ဝိညာဉ် သွေးရနံ့ဆေးလုံး၏ အာနိသင်မှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။
နင်းရှောင်ရန်က သူ့ထံသို့ လာရောက် လည်ပတ်ခဲ့သည်။ အိပ်ရာပေါ်တွင် လဲလျောင်းနေသော နင်းကျော့သည် ထိုင်ရန် ကြိုးစားသော်လည်း နင်းရှောင်ရန်က တားမြစ်လိုက်သည်။ နင်းကျော့၏ မျက်နှာတွင် နောင်တရမှုများ ပြည့်နှက်နေပြီး “ဦးလေး ရှောင်ရန်... ကျွန်တော် ဦးလေးကို စိတ်ပျက်အောင် လုပ်မိပြီ၊ ကျွန်တော် တကယ်ကို ရှက်မိပါတယ်” ဟု ပြောလိုက်သည်။
နင်းရှောင်ရန်က “ဒါက မမျှော်လင့်ဘဲ ဖြစ်သွားတာပါ၊ နန်းတော်ထဲမှာ ဒီလို စက်မှုပညာတွေ ရှိနေမယ်လို့ ဘယ်သူ သိမှာလဲ... ဒါ မင်းအပြစ် မဟုတ်ပါဘူး” ဟု အသာအယာ နှစ်သိမ့်ပေးရှာသည်။
နင်းကျော့က ခေါင်းညိတ်ပြကာ “ဒီဖြစ်ရပ် ဖြစ်ပြီးနောက်မှာ ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို သိလာရတယ်၊ စာအုပ်တွေ အများကြီး ဖတ်ချင်တယ်၊ အထူးသဖြင့် ဝိညာဉ်အနှစ်သာရနဲ့ ပတ်သက်တာတွေပေါ့... ဦးလေး ရှောင်ရန်က ကျွန်တော့် အဖေရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော့်ကို ကူညီမှာ မဟုတ်လား” ဟု မေးလိုက်သည်။
“အာ...” နင်းရှောင်ရန်မှာ အံ့အားသင့်သွားပြီး စိတ်ထဲမှ ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ နွေးထွေးစွာ ပြုံးပြလျက် “ငါ ရှာပေးပါ့မယ်” ဟု ဆိုသည်။ “အခုတော့ အိပ်ရာထဲမှာပဲ အေးအေးဆေးဆေး အနားယူဦး၊ အတင်းအကျပ် မလုပ်နဲ့... မင်းရဲ့ ကျန်းမာရေး ပြန်ကောင်းဖို့ကို ထိခိုက်လိမ့်မယ်”
“ဟုတ်ကဲ့ပါ ဦးလေး ရှောင်ရန်” နင်းကျော့သည် လက်အုပ်ချီနှုတ်ဆက်လိုက်ပြီး “စာအုပ်တွေက ဘယ်တော့လောက် ရမလဲ” ဟု ထပ်မေးလိုက်သည်။
နင်းရှောင်ရန်သည် ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ပြီး “ငါ အမြန်ဆုံး စီစဉ်ပေးပါ့မယ်၊ လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်လေ” ဟု ပြောခဲ့သည်။
ထို့နောက် အိပ်ရာပေါ်တွင် လဲလျောင်းနေသော နင်းကျော့သည် နင်းချန်၊ နင်းယုံနှင့် အခြားသူများကို တွေ့ဆုံကာ ၎င်းတို့၏ စိုးရိမ်မှုနှင့် လက်ဆောင်များအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နင်းကျော့သည် ယခင်ကတည်းက တက်ကြွစွာ ကူညီပေးခဲ့ဖူးသဖြင့် ပြင်ဆင်ရေးအဖွဲ့အတွင်း၊ အထူးသဖြင့် ရွယ်တူများကြားတွင် ရေပန်းစားသူ တစ်ဦး ဖြစ်နေသည်။ ဤသည်မှာ နင်းကျော့၏ ရည်ရွယ်ချက်ရှိရှိ ကြံစည်မှုလည်း ဖြစ်ပေသည်။
၎င်းတို့မှာ နင်းကျော့၏ အိပ်ရာဘေးတွင် ရပ်ကာ စကားပြောနေကြစဉ် နင်းကျော့သည် သူ၏ နတ်ဘုရားစွမ်းအား အစို့အမြောက်ကို လျှို့ဝှက် အသုံးပြုပြီး ၎င်းတို့ တစ်ဦးချင်းစီကို အသက်မျှင်ကြိုးဖြင့် ဆက်သွယ်လိုက်သည်။
ဤတစ်ခေါက် မသေမျိုးနန်းတော်ကို စူးစမ်းခဲ့ခြင်းက သူ၏ အသက်မျှင် နတ်ဘုရားစွမ်းအားကို သိသိသာသာ တိုးတက်စေခဲ့သည်။ အာရုံမှားကြာပန်းစေ့ ကိုးစေ့ကို စုပ်ယူပြီးနောက် အမြစ်တွင် အပိုင်းသစ် နှစ်ပိုင်း တိုးထွက်လာခဲ့သည်။ ထို့အပြင် အမြစ်၏ ထိပ်ဆုံးတွင် လက်သည်းခွံခန့်ရှိသော အရွက်နုလေးတစ်ရွက်ပင် ထွက်ပေါ်လာချေပြီ။
နတ်ဘုရားစွမ်းအား၏ အစို့အမြောက်ကို အာရုံခံမိသောအခါ နင်းကျော့သည် ချက်ချင်းပင် အသိအမြင်များစွာ ရရှိခဲ့သည်။ “အသက်မျှင်ကြိုး နတ်ဘုရားစွမ်းအားက အများကြီး တိုးတက်လာပြီပဲ၊ ငါ့ရွယ်တူတွေကို အသက်မျှင်ကြိုးနဲ့ ဆက်သွယ်ဖို့က အခုဆိုရင် အေးဆေးပဲ”
“အဓိက ပြောင်းလဲမှုကတော့... အခုဆိုရင် ငါဟာ စက်မှုလက်နက် ပစ္စည်းတွေကိုပါ အသက်မျှင်ကြိုးနဲ့ ဆက်သွယ်လို့ ရနေပြီ”
“အတိအကျ ပြောရရင် ပြည့်စုံတဲ့ ဝိညာဉ်အနှစ်သာရ ရှိတဲ့ စက်မှုလက်နက်တွေပေါ့”
အရာခပ်သိမ်းတွင် ဝိညာဉ်အနှစ်သာရ ရှိသော်လည်း အားလုံးတွင် ပြည့်စုံသော ဝိညာဉ်သဘာဝ ရှိသည်တော့ မဟုတ်ပေ။
နင်းကျော့ ပထမဆုံး သတိရလိုက်သည်မှာ ယွမ်တာရှန့် ဖြစ်သည်။ ၎င်းသည် ယခုအခါ ဝိညာဉ်ရွေ့လျားမှု အဆင့်တွင် ရှိနေပြီး ပြည့်စုံသော ဝိညာဉ်သဘာဝ ရှိခြင်းမှာ ဆယ်ဆသော ဝိညာဉ်အနှစ်သာရရှိသည့် စံနှုန်းပင် ဖြစ်သည်။
ထိုနေ့ ညနှောင်းပိုင်းတွင် တစ်နေ့လုံး အိပ်စက်ပြီးနောက် နင်းကျော့သည် အိပ်ရာမှထကာ ဦးလေးဖြစ်သူ နင်းကျဲ၏ ကျင့်ကြံခြင်း လျှို့ဝှက်ခန်းသို့ သွားရောက် လေ့ကျင့်တော့သည်။ အစောင့်များမှာလည်း သူ့ကို အလယ်တွင် ထားကာ အကာအကွယ် ပေးနိုင်ရန် နေရာယူလိုက်ကြသည်။
မိမိပတ်ဝန်းကျင်တွင် ထူထပ်သော တိမ်တိုက်များ ဖုံးလွှမ်းနေစဉ် နင်းကျော့သည် ရွှေသွေးတိုက်ပွဲဝင်မျောက် -ကို ပြန်လည် ခေါ်ယူလိုက်သည်။ ထိုတိမ်တိုက်များကြားတွင် သူသည် ယွမ်တာရှန့်အပေါ် သူ၏ နတ်ဘုရားစွမ်းအား အစို့အမြောက်ကို စမ်းသပ် အသုံးပြုလိုက်ချေသည်။
အတော်ကြာပြီးနောက် ရွှေသွေးတိုက်ပွဲဝင်မျောက် ၏ ဦးခေါင်းထက်တွင် ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်သော အသက်မျှင်ကြိုး တစ်ချောင်း ထွက်ပေါ်လာသည်။ “ငါ လုပ်နိုင်ခဲ့ပြီ” နင်းကျော့မှာ စိတ်လှုပ်ရှားသွားရသည်။
ရုတ်တရက် သိစိတ်၏ တိုက်တွန်းမှုကြောင့် သူသည် အသက်မျှင်ကြိုးကို အသာအယာ ဆွဲလိုက်မိသည်။ နောက်တစ်ခဏတွင် အသက်မျှင်ကြိုးမှာ လှုပ်ခါသွားပြီး မြင့်တက်လာတော့သည်။ ကြိုး၏ အဆုံးတွင် လုံးဝန်းသော အနီရောင် ဝိညာဉ်အနှစ်သာရတစ်ခု တွဲလောင်း ပါလာချေပြီ။
ထိုအနီရောင် အနှစ်သာရမှာ တောက်ပစွာ လင်းလက်နေပြီး တစ်ခါတစ်ရံတွင် ချောမွေ့ဝိုင်းစက်နေကာ တစ်ခါတစ်ရံတွင်မူ ချစ်စဖွယ်ကောင်းသော မျောက်ကလေးတစ်ကောင်၏ မျက်နှာအသွင် ပြောင်းလဲသွားပြီး မရပ်မနား အော်ဟစ်နေတော့သည်။
“ငါ ယွမ်တာရှန့်ရဲ့ ဝိညာဉ်အနှစ်သာရကို ထုတ်ယူလိုက်နိုင်တာလား” ဤအလုပ်ကို စတင်သူ နင်းကျော့ကိုယ်တိုင်ပင် မှင်သက်သွားရသည်။ အသက်မျှင်ကြိုးက သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပြီး မသေမျိုးနန်းတော်သို့ ပို့ဆောင်ပေးသကဲ့သို့ပင် ယခု သူသည်လည်း ထိုကဲ့သို့ပင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ရွှေသွေးတိုက်ပွဲဝင်မျောက်တွင် ဝိညာဉ် မရှိသဖြင့် နင်းကျော့သည် ၎င်း၏ ဝိညာဉ်အနှစ်သာရကို လုံးဝထုတ်ယူလိုက်နိုင်ခြင်း ဖြစ်ပေသည်။
“ခဏလေးဦး”
နင်းကျော့သည် သူ၏ သိုလှောင်မှု အိတ်ထဲမှ အခြားသော စက်မှုမျောက်တစ်ကောင်ကို ထုတ်ယူလိုက်သည်။ ဤစက်မှုမျောက်မှာ ကျန်းကျန့်နှင့် ကျန်းမျိုးနွယ်စု၏ လက်နက်သွန်းလုပ်ရေးဆောင် အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ရွှေသွေးတိုက်ပွဲဝင်မျောက်နှင့် နှိုင်းယှဉ်ပါက ၎င်း၏ ကုန်ကြမ်းပစ္စည်းများမှာ ပိုမို ကောင်းမွန်ပြီး အဆင့်နှစ်ဆင့် သုံးဆင့်ခန့် ပိုမြင့်မားသည်။ ချော်ရည်နန်းတော်ရှိ ပစ္စည်းများစွာမှာ ကန့်သတ်ချက်များ ရှိနေသည် မဟုတ်လော။
နင်းကျော့သည် မိမိ၏ အာရုံနောက်သို့ လိုက်ကာ အသက်မျှင်ကြိုးကို ထိန်းချုပ်ပြီး စက်မှုမျောက်အသစ်နှင့် ဆက်သွယ်လိုက်သည်။ အသက်မျှင်ကြိုးတွင် တွဲပါလာသော မျောက်၏ ဝိညာဉ်အနှစ်သာရသည် စက်မှုမျောက်အသစ်ဆီသို့ အဆင်ပြေချောမွေ့စွာ ကူးပြောင်းသွားတော့သည်။ နောက်တစ်ခဏတွင် စက်မှုမျောက်သည် မျက်လုံးများကို ဖွင့်လိုက်ရာ စိမ်းဖန့်ဖန့် အလင်းတန်း နှစ်ခု ထွက်ပေါ်လာသည်။
၎င်းကား သစ်သားစစ်သည် တိုက်ပွဲဝင်မျောက် - ပင် ဖြစ်ပေတော့သည်။ ဤစက်မှုမျောက်မှာ အဝါရောင်နှင့် အစိမ်းရောင် ရောယှက်နေပြီး အဓိကအားဖြင့် စတီးနွယ်ပင် သစ်သား၊ လေပြင်းသစ်သား၊ လိပ်နက်ကြယ်သံမဏိနှင့် ရွှေဧကရာဇ် ကျောက်သလင်းတို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
မျောက်သည် ရှစ်ပေခန့် မြင့်ပြီး သွယ်လျသော ကိုယ်ထည်ရှိကာ လက်မောင်းများမှာ ဒူးအထိ ရောက်သည်အထိ ရှည်လျားလှသည်။ ၎င်း၏ ပုံပန်းမှာ တည်ကြည် ခန့်ညားလှပေသည်။
တိုက်ပွဲဝင် နည်းစနစ်များကို ပြသရန် နေရာအလုံအလောက် ရရှိစေရန်အတွက် နင်းကျော့သည် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်၏ ကိုယ်ထည်ကို အပိုင်းပိုင်း ဆက်စပ်နိုင်ရန် အထူး ဒီဇိုင်းထုတ်ထားသည်။
သူသည် ကြွက်သားများအတွက် သက်ရှိသစ်သားများကို အသုံးပြုထားသဖြင့် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရပါကလည်း အစားထိုးဆက်သွယ်ခြင်း ပညာရပ်ဖြင့် လျင်မြန်စွာ ပြန်လည် ပြုပြင်နိုင်သည်။
အရေးကြီးဆုံး အပိုင်းမှာ အဆောင်လက်ဖွဲ့ အင်းကွက်များ ထည့်သွင်းရန် နေရာဖြစ်ပြီး နင်းကျော့က စုစုပေါင်း ခြောက်နေရာ ပြုလုပ်ထားသည်။ လက်ရှိတွင် ခွန်အားကြီး အဆောင်လက်ဖွဲ့၊ လေပြင်း အဆောင်လက်ဖွဲ့၊ ကြီးထွားခြင်း အဆောင်လက်ဖွဲ့၊ လိပ်နက် အဆောင်လက်ဖွဲ့၊ ဝဇီရ အဆောင်လက်ဖွဲ့နှင့် ထက်မြက်ခြင်း အဆောင်လက်ဖွဲ့တို့ ထည့်သွင်းထားသည်။
နင်းကျော့သည် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်ကို မူလက မိမိကိုယ်ကိုယ် လေ့ကျင့်ရန်နှင့် တိုက်ပွဲများကို အသုံးပြု၍ ယွမ်တာရှန့်နှင့် ပိုမို နီးစပ်သော တိုက်ပွဲဝင် ခန္ဓာကိုယ်ကို ရှာဖွေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အခြေအနေများမှာ သူ မျှော်လင့်ထားသည်ထက် ပိုမို ချောမွေ့သွားခဲ့သည်။ သူသည် ယွမ်တာရှန့်၏ ဝိညာဉ်အနှစ်သာရကို သစ်သားစစ်သည် တိုက်ပွဲဝင်မျောက်ထဲသို့ တိုက်ရိုက် ကူးပြောင်းပေးနိုင်ခဲ့ပြီ မဟုတ်လော။
နင်းကျော့၏ အမိန့်ပေးမှု မရှိဘဲနှင့်ပင် ယွမ်တာရှန့်၏ ဝိညာဉ်အနှစ်သာရသည် တည်ငြိမ်သွားပြီးနောက် ခန္ဓာကိုယ်သစ်ကို စတင် ထိန်းချုပ်တော့သည်။ ၎င်းသည် လက်ချောင်းများကို လှုပ်ရှားခြင်းမှ စတင်ကာ ခြေထောက်များကို လှုပ်ရှားပြီး နောက်ဆုံးတွင်မူ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကို လွင့်စင်သွားစေသည်အထိ ကခုန်မြူးထူးနေတော့သည်။ အနှောင့်အယှက်များ ပိုမို မဖြစ်ပေါ်လာမီ နင်းကျော့က အချိန်မီ တားဆီးလိုက်ရသည်။
“အခုဆိုရင် ငါ ယွမ်တာရှန့်ကို ငါနဲ့အတူ ခေါ်သွားလို့ ရပြီပေါ့”
ဤသည်မှာ နင်းကျော့အတွက် အမှန်တကယ်ပင် ဝမ်းမြောက်ဖွယ်ရာ အံ့သြစရာ တစ်ခု ဖြစ်ပေသည်။ သို့သော် အံ့သြစရာများမှာ ဤမျှနှင့် မကုန်သေးပေ။ နင်းရှောင်ရန် ပို့ပေးလိုက်သော စာအုပ်များထဲတွင် နင်းကျော့သည် ဝိညာဉ်ရွေ့လျားမှု အဆင့်၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိသွားခဲ့လေတော့သည်။
အခန်း (၁၁၈) - ကျားတိုက်ပွဲအား တောင်ပေါ်မှ ကြည့်ရှု့ခြင်း
မီးလျှံတောင်တန်း၏ အထွတ်အထိပ်တွင် တိမ်တိုက်နှင့် မြူနှင်းများ ထူထပ်စွာ ဖုံးလွှမ်းလျက် ရှိချေသည်။
ယခုလက်ရှိ မီးလျှံတောင် မသေမျိုးမြို့တော်၏ မြို့စားမင်းဖြစ်သူ မုန့်ခွေသည် ကောင်းကင်ယံထက်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ ပတ်ဝန်းကျင်တွင် အုံ့မှိုင်းသော ညနေခင်း အလင်းရောင်များ ဝန်းရံထားပြီး တိမ်တိုက်နှင့် မြူနှင်းများက ရစ်ဝဲနေကြသည်။
သူသည် လက်ချောင်းများဖြင့် လက်နက်အမျိုးမျိုးကို ဖော်ဆောင်ကာ ဂါထာမန္တရားများကို တိုးတိုးလေး ရွတ်ဆိုနေလေသည်။
သူ၏ ဝိညာဉ်စွမ်းအားများသည် ဒီရေကဲ့သို့ တိုးဝင်လာပြီး ပတ်ဝန်းကျင် ကမ္ဘာလောကနှင့် တစ်သားတည်း ဖြစ်ကာ ဟန်ချက်ညီညီ ပဲ့တင်ထပ်နေပေသည်။
မုန့်ခွေ၏ တစ်ကိုယ်လုံးမှ မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေ၏။
သူသည် ထိုသို့ ကျင့်ကြံနေခဲ့သည်မှာ ရှစ်ရက်၊ ကိုးရက်ခန့် ရှိပြီဖြစ်သည်။
မုန့်ခွေသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ စိတ်အာရုံတစ်ခုဖြင့် သူ၏ ဝိညာဉ်သိုလှောင်ခါးပတ်အတွင်းမှ ပန်းချီလိပ်တစ်ခုကို ထုတ်ယူလိုက်ချေသည်။
ထိုပန်းချီလိပ်သည် လေထဲတွင် လွင့်မျောနေပြီး လေနှင့်အတူ ပြန့်ကားသွားကာ ၎င်း၏ ပုံပန်းသဏ္ဌာန် အပြည့်အစုံကို ထင်ရှားစေသည်။
၎င်းမှာ လေးထောင့်ကျကျ မျက်နှာပေါက်ရှိပြီး သံချပ်ကာ ဝတ်ဆင်ထားကာ ကျောတွင် တိုက်ပွဲဝင်အလံကို လွယ်ထားသည့်၊
ကြောက်မက်ဖွယ်ကောင်းပြီး ဒေါသမာန်ပါသော အရှိန်အဝါရှိသည့် လူတစ်ယောက်၏ ပုံတူပန်းချီ ဖြစ်ပေသည်။
သူ၏ နောက်ကွယ်မှ တောင်ပေါ်တွင်မူ ကိုယ်ထည်ထွားကြိုင်းပြီး အဝါရောင် အစင်းကြားများရှိသည့် ကျားကြီးတစ်ကောင်က ကောင်းကင်သို့ မော့၍ ဟိန်းဟောက်နေသည်။
ဤပုဂ္ဂိုလ်မှာ မုန့်ခွေမျိုးနွယ်စုမှ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသည့် ကိုယ်ခန္ဓာကျင့်ကြံသူ မုန့်ဟုဖြစ်ပြီး မုန့်မျိုးနွယ်စု၏ ကျော်ကြားသော စစ်သူကြီးလေးဦးအနက် တစ်ဦးလည်း ဖြစ်ပေသည်။
ဤပန်းချီကို ရေးဆွဲသူမှာလည်း သာမန်မဟုတ်ချေ။ ဟန်ရှုံဖုန်းဟု အမည်ရပြီး ကျင့်ကြံခြင်းဆိုင်ရာ အနုပညာများစွာတွင် ကျွမ်းကျင်ကာ အထူးသဖြင့် စစ်မြေပြင်မှ စစ်သူကြီးများကို သရုပ်ဖော်ရာတွင် အလွန်ထင်ရှားသူ ဖြစ်သည်။
ဟန်ရှုံဖုန်း ရေးဆွဲထားသည့် မုန့်ဟု၏ ပန်းချီကားသည် သဘာဝကျကျပင် ကြီးမားသော အဓိပ္ပာယ်ကို ဆောင်နေ၏။ ၎င်းတွင် မုန့်ဟု၏ ဝိညာဉ်အနှစ်သာရ အစိတ်အပိုင်းအချို့ ပါဝင်နေပြီး သူ၏ ပါရမီနှင့် ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုနေပေသည်။
မုန့်ခွေသည် ဤပန်းချီကားကို အထူးတလည် ရှာဖွေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ပန်းချီလိပ်များသည် သူ၏ ပညာရပ် ဖော်ဆောင်မှုအတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်ပေသည်။
နတ်ဘုရားပညာရပ်—ကျားတိုက်ပွဲအား တောင်ပေါ်မှ ရှုစားခြင်း ပညာရပ်။
ခဏချင်းတွင်ပင် မုန့်ခွေသည် ကြိုတင်ပြင်ဆင်ထားသော နတ်ဘုရားပညာရပ်ကို ပန်းချီလိပ်ပေါ်သို့ သွန်းလောင်းလိုက်သည်။
ပန်းချီလိပ်သည် ရုတ်ခြည်းပင် တစ်စစီ ပြိုကွဲသွား၏။ မုန့်ဟုနှင့် ကြောက်မက်ဖွယ် ကျားကြီးသည် တစ်ဦးနှင့်တစ်ဦး ဖြတ်ကျော်ကာ ပန်းချီကားထဲမှ ရုန်းထွက်လာကြသည်။ လူနှင့် ကျားသည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲကြပြီး ရှေ့တိုးနောက်ဆုတ်ဖြင့် အပြန်အလှန် လုံးထွေးနေကြတော့သည်။
တိမ်တိုက်နှင့် မြူနှင်းများ တလိမ့်လိမ့် တက်လာကာ လူနှင့် ကျားတို့ ရောယှက်နေပြီး တစ်ခါတစ်ရံ လူအသွင်၊ တစ်ခါတစ်ရံ ကျားအသွင်သို့ ပြောင်းလဲနေသဖြင့် တစ်ဦးနှင့်တစ်ဦး ခွဲခြား၍ပင် မရတော့ချေ။
လူနှင့် ကျား၏ ဝိညာဉ်ပုံရိပ်များသည် တိမ်တိုက်နှင့် မြူနှင်းများကြားတွင် ဟိန်းဟောက်ကာ တိုက်ခိုက်နေကြသည်။
ပညာရပ် ဖော်ဆောင်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် မြင်တွေ့နိုင်ခြင်းမရှိသော ဟာရီကိန်းလေပြင်းတစ်ခုသည် တောင်ထိပ်ကို ဖြတ်ကျော်တိုက်ခတ်သွားပြီး ထူထပ်သော တိမ်တိုက်များနှင့် အုံ့မှိုင်းသော အလင်းရောင်များကို လုံးဝသန့်စင်ပစ်လိုက်သည်။
လူနှင့် ကျား၏ ဝိညာဉ်ပုံရိပ်များသည် တိမ်တိုက်၊ မြူနှင်းများနှင့်အတူ ပျံ့လွင့်သွားပြီး ချော်ရည်နန်းတော်၊ မီးလျှံတောင် မသေမျိုးမြို့တော်နှင့် မီးလျှံတောင်တန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
မုန့်ခွေ၏ မျက်နှာသည် ပြာနှမ်းသွားပြီး သူ၏ လည်ချောင်းမှ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရချေသည်။
သူ၏ နဖူးပေါ်မှ ဆံပင်တစ်စုသည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ဖြူဖွေးသွားတော့သည်။
မုန့်ခွေသည် သူ၏ 'မြင့်မားသော တောင်ပေါ်မှ အဝေးသို့ ကြည့်ခြင်း' ဟူသော ပါရမီဖြင့် မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ကာ ပတ်ဝန်းကျင် အခြေအနေကို ရှင်းလင်းစွာ လေ့လာနိုင်ပေသည်။
ဤပါရမီကို အခြေခံ၍ သူသည် 'တောင်ပေါ်မှ ကြည့်ရှု့ခြင်း' ဟူသော နတ်ဘုရားပညာရပ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
တောင်ပေါ်မှ ကြည့်ရှု့ခြင်း ပညာရပ်သည် လေနှင့် တိမ်တိုက်များ၊ ကမ္ဘာလောက၊ သတ္တဝါအားလုံးကိုသာမက နဂါးနှင့် ကျားတို့၏ အားပြိုင်မှု၊ အာဏာလုပွဲများကိုပါ စောင့်ကြည့်နိုင်ပေသည်။
လူနှင့် ကျား၏ ပုံတူပန်းချီကို အသုံးပြု၍ မုန့်ခွေသည် ကျားတိုက်ပွဲအား တောင်ပေါ်မှ ကြည့်ရှု့ခြင်း ဟူသော အရှိန်အဝါ နယ်ပယ်တစ်ခုကို အောင်မြင်စွာ ဖန်တီးလိုက်ခြင်းပင်။
ထိုအရှိန်အဝါ နယ်ပယ်သည် မီးလျှံတောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၎င်းအတွင်းရှိ သက်ရှိအားလုံး၏ ကံကြမ္မာကို သက်ရောက်မှု ရှိစေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ သူတို့သည် အကြောင်းအမျိုးမျိုးကြောင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
ကျားတိုက်ပွဲဟု ခေါ်ဆိုသည့်အတိုင်း ၎င်းမှာ သာမန် ရန်ပွဲလေးများ မဟုတ်ဘဲ အသက်နှင့်ရင်းရသည့် တိုက်ပွဲများ ဖြစ်ပေသည်။
ထို့ကြောင့် ပါဝင်သူများသည် အပြန်အလှန် ပဋိပက္ခများကြောင့် သူတို့၏ ကံကြမ္မာတွင် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရလိမ့်မည်။
မုန့်ခွေ၏ ကံကြမ္မာမှာမူ ထိခိုက်မှုမရှိဘဲ ကျန်ရှိနေသဖြင့် သူသည် အရှိန်အဝါပိုင်းတွင် အပြတ်အသတ် အသာစီး ရရှိသွားမည် ဖြစ်သည်။
သူသည် ဤပညာရပ်ကို မိမိအတွက် ဖော်ဆောင်ခြင်း မဟုတ်ဘဲ သူ၏ မြေးဖြစ်သူ မုန့်ချုံအတွက် ဖော်ဆောင်ခြင်း ဖြစ်၏။
မုန့်ချုံသည် အကာအကွယ် ရရှိထားသဖြင့် သူ၏ ကံကြမ္မာသည် ထိုအရှိန်အဝါ နယ်ပယ်၏ သက်ရောက်မှုကို ခံရမည် မဟုတ်ပေ။
"ချုံအာက ဒီရက်ပိုင်းမှာ ပညာရပ်အမျိုးမျိုးကို ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့တာ။"
"နားနားနေနေနဲ့ ပြန်လည် ထူထောင်နိုင်ခဲ့လို့ သူ့ရဲ့ ကံကြမ္မာကလည်း အပြည့်အဝ ပြန်ကောင်းလာပြီ။"
"ငါ အခုလို ပညာရပ် ဖော်ဆောင်လိုက်တာကြောင့် ချော်ရည်နန်းတော်ကလည်း သက်ရောက်မှု ရှိသွားလိမ့်မယ်။ ဒါကြောင့် ချုံအာက ကံကြမ္မာမှာ အသာစီး ရရှိမှာ သေချာသလို အရာရာကလည်း ချောချောမွေ့မွေ့နဲ့ လွယ်လွယ်ကူကူ ဖြစ်သွားလိမ့်မယ်။"
အခြေအနေ အရပ်ရပ်ကို ကြီးကြပ်နေသည့် မြို့စားမင်း မုန့်ခွေသည် ကံကြမ္မာ၏ ပြောင်းလဲမှုများကို နက်နက်ရှိုင်းရှိုင်း နားလည်ထားပေသည်။
လက်ရှိ အခြေအနေများ၏ တိုးတက်မှုသည် မြို့စားမင်းဂေဟာအတွက် တစ်စတစ်စ ပို၍ အဆင်မပြေ ဖြစ်လာသည်။
တစ်ဖက်တွင် ကျိုး၊ ကျန်းနှင့် နင်းမျိုးနွယ်စု သုံးခု ပေါင်းစည်းကာ အဆင့်ဆင့် ဖိအားပေးလာနေခြင်း၊ အခြားတစ်ဖက်တွင်လည်း ချော်ရည်နန်းတော်အတွင်းမှ မကြာခဏ ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများက မုန့်ခွေကို ဝေခွဲမရ ဖြစ်စေသည်။
တတိယအချက်အနေဖြင့် ကျူးရွှမ်းကျိ၏ စောစီးစွာ ရောက်ရှိလာမှုနှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ နက်နဲသော ပျောက်ဆုံးမှုတို့ ရှိနေသည်။
ဤအချက်အားလုံးက အခြေအနေကို ပြောင်းလဲရန် အစီအမံများ ချမှတ်ရမည်ဖြစ်ကြောင်း မုန့်ခွေကို သတိပြုမိစေခဲ့သည်။
ကျားတိုက်ပွဲအား တောင်ပေါ်မှ ကြည့်ရှု့ခြင်းပညာရပ်မှာ အရေးကြီးသော ပန်းချီကားတစ်ချပ်နှင့် ပေါင်းစပ်ကာ အသုံးပြုရသည့် နတ်ဘုရားပညာရပ် ဖြစ်သည်။ ၎င်း၏ ဆိုးကျိုးမှာ ကြီးမားလှပြီး သူ၏ သက်တမ်းကို လျော့နည်းစေသဖြင့် မကြာခဏ အသုံးပြု၍ မရနိုင်ချေ။
သို့သော် ချော်ရည်နန်းတော်အတွက် တိုက်ပွဲ၊ သူချစ်မြတ်နိုးသော မြေးဖြစ်သူနှင့် မုန့်မျိုးနွယ်စု၏ အကျိုးစီးပွားအတွက်မူ မုန့်ခွေသည် ဤစတေးမှုကို ပြုလုပ်ရန် လိုလားပေသည်။
မုန့်ချုံမှာမူ သူ၏ အဘိုးဖြစ်သူက တိတ်တဆိတ် စတေးခဲ့သည်ကို မသိရှိချေ။ ရွှေသွေးတိုက်ပွဲဝင်မျောက် ထံတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သတိရလာကတည်းက သူသည် ပညာရပ်များကို ကြိုးစားပမ်းစား လေ့ကျင့်နေခဲ့သည်။
ပါရမီထူး—လျှပ်စီးအဟုန်။
ပညာရပ်—တစ်ချက်အသက်ရှူခြင်း။
အသက်ရှူနှုန်းကို မြန်ဆန်စေခြင်းဖြင့် ပစ်ခတ်မှု အရှိန်နှုန်းသည် သိသိသာသာ မြင့်တက်လာပြီး ချက်ချင်းပင် ထက်မြက်သော တိုက်ခိုက်မှု ပညာရပ်တစ်ခု ဖြစ်လာသည်။
ပါရမီထူး—လျှပ်စီးအဟုန်။
ပညာရပ်—အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်။
မုန့်ချုံ၏ ပွေ့ပိုက်မှုအတွင်းမှ အေးစက်သော လေထုသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး သူ၏ မျက်နှာတွင် နှင်းခဲများ ဖုံးလွှမ်းသွားသည်။
သူသည် အေးလွန်းသဖြင့် တုန်ရင်နေ၏။
သူသည် အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်ကို ဖော်ဆောင်လိုက်သော်လည်း ၎င်းမှာ သူ၏ မသေမျိုး ပါရမီထူးနှင့် ကောင်းစွာ လိုက်ဖက်မှု မရှိချေ။
အကယ်၍ အမှန်တကယ် တိုက်ပွဲဝင်ရာတွင် အသုံးပြုပါက ရန်သူကို မထိခိုက်စေဘဲ မိမိကိုယ်ကိုယ်သာ ထိခိုက်စေမည်ဖြစ်ရာ အလွန် ရယ်စရာကောင်းနေပေလိမည်။
သူ့အနားမှ အစေခံက "သခင်လေး မုန့်ချုံ၊ နားဖို့ အချိန်တန်ပါပြီ" ဟု အကြံပြုသည်။
မုန့်ချုံက ခေါင်းညိတ်ကာ "ကောင်းပြီ၊ ငါ သိပါတယ်" ဟု ပြောလိုက်၏။
သူသည် သူ၏ အထူးလေ့ကျင့်ခန်းကို ခေတ္တရပ်နားပြီး အပြင်ထွက်၍ အနားယူလိုက်သည်။
ယခင်ကဆိုလျှင် သူသည် ချက်ချင်း ရလဒ်ထွက်ချင်သည့် စိတ်ကြောင့် ထိုသို့ ဘယ်တော့မှ လုပ်မည် မဟုတ်ချေ။
ယခုမူ သူသည် တင်းခြင်းနှင့် လျှော့ခြင်း၏ အရေးကြီးပုံကို နားလည်လာပြီ ဖြစ်သည်။ ယခု အနားယူခြင်းမှာ ပိုမိုကောင်းမွန်သော ရှေ့တိုးမှုအတွက် ပြင်ဆင်ခြင်း ဖြစ်ပေသည်။
သူ ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့် ဆုတ်ယုတ်မှု အမျိုးမျိုးတို့သည် သူ၏ စွမ်းရည်များကို သွေးပေးခဲ့ရုံသာမက သူ၏ စရိုက်ကိုလည်း အရောင်တင်ပေးခဲ့သဖြင့် သူ့ကို ပိုမို ရင့်ကျက်ကာ ကြံ့ခိုင်လာစေသည်။
အစေခံသည် မုန့်ချုံကို ပြုစုပေးရင်း "သခင်လေးက အများကြီး အောင်မြင်နေပါပြီ" ဟု နှစ်သိမ့်ပေးသည်။
"ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားထဲကနေ ရေဓာတ်ကို ခွဲထုတ်ပြီး အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်ကို ဖော်ဆောင်ရတာဟာ အင်မတန် ခက်ခဲတယ်ဆိုတာကို သိထားရမယ်။"
"ဒါ့အပြင် အဲဒီထဲမှာ မသေမျိုး ပါရမီထူးကိုပါ ထည့်သွင်းထားလို့ ပညာရပ် ဖော်ဆောင်ချိန်က အများကြီး တိုတောင်းသွားတယ်။ ရေဓာတ်ကို ခွဲထုတ်ပြီး အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်ကို ဖော်ဆောင်ဖို့ဆိုတာ အင်မတန် မြင့်မားတဲ့ ကျွမ်းကျင်မှု လိုအပ်ပါတယ်။"
"ဒီခက်ခဲမှုဟာ ရိုးရိုး အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်ကို ဖော်ဆောင်တာထက် အနည်းဆုံး အဆပေါင်း တစ်ရာမက ပိုခက်ခဲပါတယ်"
မုန့်ချုံသည် သူ၏ သွားဖြူဖြူလေးများ ပေါ်အောင် ပြုံးလိုက်ပြီး "အဆပေါင်း တစ်ထောင် ပိုခက်ခဲရင်တောင် ငါ ကျော်ဖြတ်ပြီး အောင်မြင်အောင် လုပ်နိုင်ပါတယ်။"
"ဒီလောကမှာ ငါ ကျော်လွှားလို့ မရတဲ့ အတားအဆီးဆိုတာ မရှိဘူး"
မုန့်ချုံ၏ တိုက်ပွဲဝင်စိတ်ဓာတ်သည် မြင့်မားနေပြီး ယုံကြည်ချက်များလည်း ပြည့်ဝနေပေသည်။
နင်းကျဲ၏ နေအိမ်တွင်။
နင်းကျော့သည် ကျောက်စိမ်းပြားကို ချလိုက်ပြီး အတွေးထဲတွင် နစ်မျောနေ၏။
နင်းရှောင်ရန်သည် ဝိညာဉ်အနှစ်သာရနှင့် ပတ်သက်သည့် ကျောက်စိမ်းပြား အများအပြားကို ပို့ပေးထားသည်။
၎င်းတို့ထဲမှ အများစုမှာ ယေဘုယျ ဗဟုသုတများသာ ဖြစ်ပြီး ဝိညာဉ်အနှစ်သာရ သီအိုရီကဲ့သို့သော ကြီးကျယ်သည့် သီအိုရီများ သို့မဟုတ် လျှို့ဝှက်ကျမ်းစာများနှင့် ရတနာများ မဟုတ်ကြချေ။
နင်းရှောင်ရန်၏ လုပ်ရပ်ကို ကတိဖျက်သည်ဟုတော့ မယူဆနိုင်ပေ။
သူသည် နင်းကျော့ကို တစ်ကြိမ် လာရောက်နှစ်သိမ့်ပေးပြီးကတည်းက နင်းကျော့ထံမှ တောင်းဆိုမှုများ ထပ်တက်လာမည်ကို စိုးရိမ်သည့်အလား နောက်ထပ် ရောက်မလာတော့ချေ။
ကျောက်စိမ်းပြားများထဲမှ ဥပမာ နှစ်ခုသည် နင်းကျော့ကို စွဲထင်ကျန်ရစ်စေသည်။
ပထမတစ်ခုမှာ 'ဥတုလေးပါး သဘာဝ စောင်း' ဖြစ်သည်။
၎င်းမှာ ထျန်းယင်ဂိုဏ်း၏ ရတနာ ဖြစ်ပေသည်။
ထျန်းယင်ဂိုဏ်းသည် ကျင့်ကြံခြင်း နိုင်ငံအများအပြားတွင် သြဇာညောင်းသည့် အဆင့်မြင့်ဂိုဏ်းကြီး တစ်ခု ဖြစ်သည်။
ဥတုလေးပါး သဘာဝ စောင်းအတွက် စောင်းပညာရှင်ကို ရွေးချယ်ခြင်းသည် ထျန်းယင်ဂိုဏ်းအတွက် အရေးကြီးဆုံး ကိစ္စရပ်များအနက် တစ်ခု ဖြစ်ပေသည်။
ထိုသို့သော ရတနာများသည် ဂိုဏ်းတစ်ခု၏ အမွေအနှစ်နှင့် အင်အား၏ အခြေခံအုတ်မြစ် ဖြစ်လေ့ရှိသည်။
ရွေးချယ်မှုတွင် အမှားတစ်ခု ဖြစ်သွားပါက ဂိုဏ်း၏ အင်အားကို သိသိသာသာ အားနည်းစေပြီး ကြီးမားသော မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
သဘာဝစောင်း၏ သခင်အသစ် ဖြစ်လာရန်အတွက် ပြိုင်ပွဲဝင်များသည် စောင်းဖြင့် မတူညီသော တေးသီချင်း လေးပုဒ်ကို ကိုယ်တိုင် ရေးစပ်ကာ တီးခတ်ပြရပေသည်။
ထိုသီချင်းလေးပုဒ်သည် နွေ၊ မိုး၊ ဆောင်းနှင့် နွေဦးဟူသော ဥတုလေးပါးနှင့် ကိုက်ညီရမည်။ ပြိုင်ပွဲဝင်များသည် သဘာဝစောင်း၏ ကြိုးများကို တီးခတ်နိုင်ရန် ကြီးမားသော ကျင့်ကြံခြင်း အဆင့်အတန်း လိုအပ်ပေသည်။
စောင်းသီချင်းများသည် စစ်မှန်သော ခံစားချက်များ ပါဝင်ရမည့်အပြင် ဥတုများ၏ အနှစ်သာရနှင့်လည်း တစ်သားတည်း ဖြစ်ရမည်ဖြစ်ရာ၊ ထိုမှသာ စောင်း၏ အသိအမှတ်ပြုမှုကို ရရှိပြီး နောက်ဆုံးတွင် စောင်းသခင်သစ် ဖြစ်လာနိုင်မည် ဖြစ်သည်။
ဝိညာဉ်ရတနာ၏ ကြီးမားသော စွမ်းအားကြောင့် စောင်းသခင် ဖြစ်လာသည့် ဂိုဏ်းသားသည် အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်သွားလေ့ရှိသည်။
ဒုတိယ ဇာတ်လမ်းမှာမူ ပို၍ ရှေးကျပေသည်။
၎င်းမှာ လက်နက်သွန်းလုပ်ရေး ပါရဂူကြီး လူတွန့်၏ အဖြစ်အပျက်များထဲမှ တစ်ခု ဖြစ်၏။
လူတွန့်သည် ခရီးသွားနေစဉ်အတွင်း ဆိုးယုတ်သော နတ်ဘုရားတစ်ပါး၏ ရန်ကို အသည်းအသန် ခုခံနေရသည့် နိုင်ငံငယ်လေးတစ်ခုကို တွေ့ရှိခဲ့သည်ဟု ဆိုကြသည်။
ထိုနိုင်ငံငယ်လေးမှာ အင်မတန် သေးငယ်ပြီး ဆိုးယုတ်သော နတ်ဘုရားမှာမူ အလွန် အစွမ်းထက်လှသည်။ သို့သော် အုပ်ချုပ်သူမှာ ကြင်နာပြီး ရဲရင့်သူဖြစ်သဖြင့် ပြည်သူများ၏ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားသည်။
သူတို့သည် စည်းလုံးညီညွတ်စွာဖြင့် ဟန်ချက်ကို မနည်း ထိန်းထားနိုင်ခဲ့ကြသည်။
လူတွန့်သည် အပြစ်မဲ့သော အသက်များကို သနားသဖြင့် အုပ်ချုပ်သူနှင့် အခြားသူများဖြင့် ပူးပေါင်းကာ အစီအစဉ်တစ်ခု ဆွဲခဲ့ပြီး နောက်ဆုံးတွင် ဆိုးယုတ်သော နတ်ဘုရားကို ထောင်ချောက်ဆင်နိုင်ခဲ့သည်။
လူတွန့်သည် ဤအခွင့်အရေးကို အသုံးပြု၍ 'လေထိန်းကြာပွတ်' ကို ဖန်တီးခဲ့ကာ နတ်ဘုရားကို ခေတ္တ ပိတ်လှောင်ထားလိုက်သည်။
လူတွန့်သည် ထိုကြာပွတ်ကို အုပ်ချုပ်သူအား ပေးအပ်ရင်း၊ ဤကြာပွတ်မှာ အပြည့်အဝ သန့်စင်ပြီးခြင်း မရှိသေးကြောင်း ပြောပြခဲ့သည်။
အပြည့်အဝ သန့်စင်ထားသော ကြာပွတ်မှသာ နတ်ဘုရားကို လုံးဝ ပိတ်လှောင်နိုင်မည် ဖြစ်ပြီး ရေရှည် အသုံးပြုခြင်းဖြင့် ထိုနတ်ဘုရားကို ကြာပွတ်၏ ဝိညာဉ်အနှစ်သာရအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစေမည် ဖြစ်သည်။
အုပ်ချုပ်သူက လေထိန်းကြာပွတ်ကို မည်သို့ အပြည့်အဝ သန့်စင်ရမည်နည်းဟု လူတွန့်ကို မေးမြန်းခဲ့သည်။
လူတွန့်က ဤအချိန်မှာ အလွန် အရေးကြီးကြောင်း၊ ဝိညာဉ်အနှစ်သာရနှင့် ကိုက်ညီစေမည့် လုပ်ရပ်အချို့ လိုအပ်ပြီး ထိုမှသာ မှော်ရတနာသည် ၎င်းကို တဖြည်းဖြည်း ကျွမ်းကျင်လာမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ဥပမာအားဖြင့် ဟာရီကိန်းလေပြင်း သို့မဟုတ် လေဆင်နှာမောင်းများကို ဖန်တီးခြင်း ဖြစ်ပေသည်။
အုပ်ချုပ်သူသည် လေထိန်းကြာပွတ်ကို အသုံးပြု၍ လေပြင်းမျိုးစုံနှင့် ဟာရီကိန်းများကို ဖန်တီးရန် ကြိုးစားခဲ့သည်။
အစပိုင်းတွင် ရလဒ်များမှာ အလွန်ကောင်းမွန်သော်လည်း နောက်ပိုင်းတွင် ထိရောက်မှုမှာ သိသိသာသာ လျော့နည်းသွားပြီး နတ်ဘုရား လွတ်မြောက်မလာမီ ကြာပွတ်ကို အပြည့်အဝ သန့်စင်ရန် အချိန် မလုံလောက်ခဲ့ချေ။
လူတွန့်က ထွက်ခွာသွားပြီ ဖြစ်သည်။ အုပ်ချုပ်သူသည် လေဘေးအန္တရာယ်များကို ဖန်တီးပြီး ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးခြင်းကသာ ဝိညာဉ်အနှစ်သာရနှင့် အကိုက်ညီဆုံး ဖြစ်မည်ကို တိတ်တဆိတ် နားလည်လာခဲ့သည်။
အုပ်ချုပ်သူသည် အလွန် တွေဝေခဲ့သော်လည်း အချိန်မှာ ကပ်နေပြီ ဖြစ်သည်။
သူသည် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချလိုက်ရသည်—နိုင်ငံတော်၏ အနာဂတ် သာယာဝပြောရေးအတွက် လက်ရှိ ပြည်သူများကို စတေးရန်ပင် ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ကြာပွတ်ကို တိတ်တဆိတ် ကိုင်စွဲကာ လေဘေးအန္တရာယ်များကို ဖန်တီးခဲ့ရာ ပြည်သူများစွာ သေဆုံးခဲ့ပြီး အမြောက်အမြားမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် အုပ်ချုပ်သူသည် လေထိန်းကြာပွတ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သော်လည်း သူ၏ လုပ်ရပ်များ ပေါက်ကြားသွားခဲ့သည်။
သူသည် ဒေါသထွက်နေသော ပြည်သူများ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး လေထိန်းကြာပွတ်မှာလည်း ဘယ်ရောက်သွားမှန်း မသိတော့ချေ။
အဆုံးတွင် ထိုနိုင်ငံငယ်လေးသည်လည်း ပျက်စီးသွားတော့သည်။
"ဒီကျောက်စိမ်းပြားတွေထဲမှာ အတိအလင်း ဖော်ပြမထားပေမဲ့ အခြေခံသဘောတရားတွေကတော့ အတူတူပဲ ဖြစ်ရမယ်။"
"ဝိညာဉ်အနှစ်သာရနဲ့ ကိုက်ညီအောင် လုပ်ဆောင်ခြင်းက သခင်အဖြစ် အသိအမှတ်ပြုခံရတာ ဒါမှမဟုတ် ဝိညာဉ်အနှစ်သာရကို သန့်စင်တာကို ဖြစ်စေတယ်ဆိုတဲ့ နိဂုံးပဲ။"
"ဒါကို စက်မှုပစ္စည်းတွေမှာ အသုံးချကြည့်ရင်၊ ယွမ်တာရှန့်ကို ပိုမို နက်နက်ရှိုင်းရှိုင်း ထိန်းချုပ်နိုင်ဖို့ သူ အလိုရှိတာကို ငါ လုပ်ပေးရမယ်။"
"ဒါဆို အဲဒါက ဘာဖြစ်နိုင်မလဲ"
နင်းကျော့၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။
ဝိညာဉ်အနှစ်သာရ သီအိုရီအရ ဝိညာဉ်အနှစ်သာရတွင် ကြီးထွားမှု အဆင့်များ ရှိပြီး ရေရှည်အဆင့်၊ ဝိညာဉ်ရွေ့လျားမှု အဆင့်နှင့် ဝိညာဉ်အာရုံခံစားမှု အဆင့်တို့ ဖြစ်ကြသည်။
"အကယ်၍ ဒီဝိညာဉ်ရွေ့လျားမှု အဆင့်ကို ကျော်သွားရင် ယွမ်တာရှန့်ကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးကို ငါ ဆုံးရှုံးသွားမှာလား။"
နင်းကျော့သည် လေထိန်းကြာပွတ်၏ အဖြစ်အပျက်ကို အဓိက ကိုးကားနေခြင်း ဖြစ်သည်။
လေထိန်းကြာပွတ်ကို သန့်စင်ရာတွင် ဆိုးယုတ်သော နတ်ဘုရား၏ ဝိညာဉ်အနှစ်သာရနှင့် ကိုက်ညီအောင် လုပ်ဆောင်ရသည်။
ထိုအလုပ်တွင် အချိန်ကန့်သတ်ချက် ရှိပေသည်။
ယွမ်တာရှန့်တွင်လည်း ထိုသို့သော ကန့်သတ်ချက်များ ရှိနေလောက်သည်မှာ သေချာသလောက် ရှိပေတော့သည်။