← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 8 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 8 Ch. 121-122

အခန်း (၁၂၁) အုတ်အော်သောင်းနင်း ဖြစ်စေသူ စွန်းလင်ထုံ

“တတိယအချက်အနေနဲ့ ပြောရရင် လက်ရှိ မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ မြို့စားမင်း မုန့်ခွေမှာ ‘တောင်ပေါ်မှ ကြည့်ရှုခြင်း’ လို့ ခေါ်တဲ့ အလွန်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားစွမ်းအားတစ်ခု ရှိနေတယ်”

“မုန့်မျိုးနွယ်စုရဲ့ စစ်သူကြီးလေးဦးထဲမှာ မုန့်ခွေဟာ စစ်ဗျူဟာပိုင်းဆိုင်ရာ ဉာဏ်ပညာရှိတဲ့ တစ်ဦးတည်းသောသူပဲ။ သူဟာ မီးလျှံတောင် မသေမျိုးမြို့တော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာမို့ အုပ်ချုပ်ရေးယန္တရားကလည်း ချောမွေ့သလို ပြည်သူတွေကလည်း အေးချမ်းသာယာကြတယ်”

“မင်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းရှိသလို မွေးရာပါ ပါရမီဖြစ်တဲ့ ရွှေမျက်စိလည်း ရှိတယ်။ ပြီးတော့ နိုင်ငံတော်ဘဏ္ဍာတိုက်က ရတနာတွေရဲ့ စောင့်ရှောက်မှုကိုလည်း ခံထားရတာဆိုတော့ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အထူးတလည် ပြောနေစရာကို မလိုတာပါ။ ဒါပေမဲ့ မုန့်ခွေကသာ ‘တောင်ပေါ်မှ ကြည့်ရှုခြင်း’ ပညာရပ်ကို သုံးလိုက်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ ကံကြမ္မာစက်ကွင်းကို ပြောင်းလဲသွားစေပြီး သက်ရှိအားလုံးရဲ့ ကံကြမ္မာကို အကြီးအကျယ် ဂယက်ရိုက်ခတ်သွားစေလိမ့်မယ်”

“ကံကြမ္မာကို ဖိနှိပ်ထိန်းချုပ်နိုင်တဲ့ ရတနာဆိုတာ အလွန်ပဲ ရှားပါးပါတယ်။ မင်းကို စောင့်ရှောက်ပေးမယ့် အဖိုးတန်ပစ္စည်းတစ်ခုခုသာ မရှိရင် မင်းရဲ့ကိုယ်ပိုင် ကံကြမ္မာကို တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မယ်။ အဲဒီအခါမှာ မင်းဟာ နှောင့်ယှက်ဟန့်တားတာတွေကို ခံရတော့မှာပဲ။

ဒါကြောင့် မင်းကို သတိပေးချက်အဖြစ် အသုံးပြုဖို့ လေထိန်းခေါင်းလောင်းတစ်ခု ငါ ပေးသနားလိုက်မယ်”

“အရှင်မင်းကြီးရဲ့ ဂရုဏာတော်ကို ဒီကျွန်တော်မျိုး ကျေးဇူးတင်ရှိလှပါတယ်” ဟု ကျူးရွှမ်းကျိက ဒူးတစ်ဖက်ထောက်ကာ ထပ်မံ အလေးပြုလိုက်သည်။

နောက်ဆုံးတွင် တမ်းတခြင်းပြည်၏ ဘုရင်က လက်ဝေ့ယမ်းလိုက်ကာ “ချော်ရည်နန်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ လျှို့ဝှက်ချက်တွေကိုတော့ နန်းတွင်းလျှို့ဝှက်နယ်မြေထဲမှာ မှတ်တမ်းတင်ထားတယ်။ မင်း ခရီးမထွက်ခင် သွားရောက်လေ့လာကြည့်လိုက်ဦး။ အဲဒါက မင်းရဲ့ တာဝန်ကို အောင်မြင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်။ မှတ်ထားရမှာက ဘယ်လျှို့ဝှက်ချက်ကိုမှ အပြင်ကို ပေါက်ကြားလို့မဖြစ်ဘူး”

“အမိန့်တော်အတိုင်းပါ” ကျူးရွှမ်းကျိသည် အမိန့်ကို နာခံပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့လေသည်။

ကျူးရွှမ်းကျိသည် မြို့တော်မှ ထွက်ခွာခဲ့သည်။

သူသည် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်၍ ခရီးရှည်နှင်ခဲ့ပြီးနောက် မီးလျှံတောင်တန်းသို့ ရောက်ရှိလာခဲ့၏။

“မုန့်မျိုးနွယ်စု...” ကျူးရွှမ်းကျိ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေသည်။ တမ်းတခြင်းပြည်တွင် ဆူးမျိုးနွယ်စုနှင့် မုန့်မျိုးနွယ်စုတို့မှာ အရှိန်အဝါ ကြီးမားပုံခြင်း တူညီကြလေသည်။

ကျူးရွှမ်းကျိသည် တောင်ထိပ်သို့ တိတ်တဆိတ် တက်လှမ်းခဲ့သော်လည်း ရိပ်မိခြင်း ခံလိုက်ရသည်။

သူသည် သူ၏ မွေးရာပါ ရွှေမျက်စိကို အသုံးပြုကာ ချော်ရည်နန်းတော်ကို အဝေးမှနေ၍ အကဲခတ်ကြည့်ရှုလိုက်ရာ ထိုနန်းတော်ကို ပထမဦးဆုံးအကြိမ် ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းပင် ဖြစ်တော့သည်။

သူသည် ချီတွန်းကို ခေါ်ဆောင်ကာ အရိပ်နက် မိစ္ဆာကျင့်ကြံသူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းရန် ကျန်းမျိုးနွယ်စုထံသို့ သွားရောက်ခဲ့သည်။

ထို့နောက် မီးလျှံနတ်ဆိုး ချော်ရည်တွင်းထဲသို့ ဆင်းသက်ကာ အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်ကို အသုံးပြုခဲ့ရာတွင် မီးလျှံဓာတ်နှင့် စက်မှု မီးလျှံပေါက်ကွဲမျောက်များမှာ နန်းတော်ပေါက်ကွဲမှု၏ တကယ့်လက်သည်တရားခံများ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့လေသည်။

သို့သော် ထိုမှတစ်ဆင့် စုံစမ်းစစ်ဆေးမှုများမှာ အဟန့်အတားများနှင့် ကြုံတွေ့ခဲ့ရသည်။

စက်မှု မီးလျှံပေါက်ကွဲမျောက်များဖြစ်စေ၊ မီးလျှံဓာတ်ဖြစ်စေ ထိုသဲလွန်စ နှစ်ခုစလုံးမှာ တစ်စုံတစ်ယောက်က တမင်တကာ ဖန်တီးထားခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအတွက် တန်ဖိုး များများစားစား မရှိလှပေ။

မီးလျှံတောင်တန်းပွဲတော်အတွင်း ကျူးရွှမ်းကျိသည် ပွဲတော်တစ်ခုလုံးကို စောင့်ကြည့်ခဲ့သော်လည်း အရိပ်နက် မိစ္ဆာကျင့်ကြံသူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ရပေ။

ယွမ်တာရှန့်၏ ပြုမူပုံများမှာ သူ့ကို သနားကရုဏာ သက်မိစေသော်လည်း ယွမ်အာ၏ လုပ်ရပ်များကမူ သူ့ကို စိတ်ပျက်အားမလိုအားမရ ဖြစ်စေခဲ့သည်။

စက်မှု မီးလျှံပေါက်ကွဲမျောက်များ၏ အကြွင်းအကျန် အစိတ်အပိုင်းများမှတစ်ဆင့် သူသည် သဲလွန်စပေါင်းများစွာကို ထပ်မံရရှိခဲ့ပြန်သည်။

သို့သော် သူသည် ထိုသဲလွန်စများကို ပြတ်ပြတ်သားသားပင် စွန့်လွှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများမှာ ရန်သူက သူ့ကို လမ်းကြောင်းလွဲစေရန်နှင့် အချိန်နှင့် လူအင်အား ဖြုန်းတီးစေရန် ရည်ရွယ်ပြီး ပြုလုပ်ထားသော လှည့်ကွက်များသာ ဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သောကြောင့်ပင်။

အရိပ်နက် မိစ္ဆာကျင့်ကြံသူသည် မြို့တွင်းရှိ အင်အားစုတစ်ခုခုနှင့် ပူးပေါင်းထားခြင်း ဖြစ်နိုင်သည်ဟု သူ တွေးဆမိသည်။ တစ်ဖက်ရန်သူသည် အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်ကိုပင် ကြိုတင်ပြင်ဆင်၍ ရှောင်လွှဲနိုင်ခဲ့ပြီး အလွန်နက်နဲစွာ ပုန်းအောင်းနေသည်ဖြစ်ရာ အမှန်တကယ်ပင် ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်ပေသည်။

ကျူးရွှမ်းကျိသည် အပင်ပန်းခံ၍သာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် အရပ်လေးမျက်နှာ အင်အားစုများထံမှ မှတ်တမ်းအားလုံးကို တောင်းခံကာ သံသယရှိသူများ စာရင်းကို ပြုစုခဲ့သည်။

ရန်သူကို ထိတ်လန့်တကြားဖြစ်စေပြီး အစပျောက်ပေါ်လာစေရန်အတွက် ထိုစာရင်းကို တမင်တကာပင် လူသိရှင်ကြား ထုတ်ပြန်လိုက်သည်။

ကျူးရွှမ်းကျိသည် သူ၏ စုံစမ်းစစ်ဆေးမှုကို လီလိုင်ဖုန်းထံမှ စတင်ကာ လူသိထင်ရှား တမင်လုပ်ဆောင်ခဲ့၏။

နောက်ဆုံးတွင်မူ သူသည် အကွက်ဆင်ခြင်း ခံလိုက်ရသည်။

လီလိုင်ဖုန်းမှာ သဘာဝအတိုင်း သေဆုံးသွားခြင်းဖြစ်ပြီး ကျူးရွှမ်းကျိကိုယ်တိုင် တိတ်တဆိတ် သွားရောက်စစ်ဆေးပြီးမှသာ အမှန်တရားကို အတည်ပြုနိုင်ခဲ့သည်။

ထို့နောက်တွင်မူ သူသည် သူ၏ အချိန်နှင့် လုပ်အားအားလုံးကို မီးလျှံတောင် မသေမျိုးမြို့တော်ရှိ အရာရှိများနှင့် ဝန်ထမ်းများ၏ အတိတ်က စွမ်းဆောင်ရည်များကို စစ်ဆေးရန် အသုံးချခဲ့သော်လည်း သင့်တော်သည့် သံသယရှိသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ရပေ။

သူသည် နန်းတော်သို့ တရားဝင် အစီရင်ခံစာတစ်စောင် ရေးသားခဲ့ပြီး အခြေအနေမှန်ကို ပွင့်လင်းစွာ တင်ပြခဲ့သည်။ ထို့ပြင် ကျူးမျိုးနွယ်စုဝင် တစ်ဦးကို အုပ်ချုပ်ရေးမှူးအဖြစ် စေလွှတ်သင့်ကြောင်းလည်း အကြံပြုခဲ့လေသည်။

ကျူးရွှမ်းကျိသည် သူ၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

မိစ္ဆာကျင့်ကြံသူတစ်ဦးက ခုခံသည့်အခါတွင် သူသည် ကျောက်တီးကို သတ်ဖြတ်လိုက်သည်။

ထို့နောက် လျူယင်းကိုပါ သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ မည်သူမျှ အသက်မျှင် နတ်ဘုရားစွမ်းအားကို တတ်မြောက်ထားခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူသည် သူ၏ လုပ်ဆောင်ချက်များကို လူသိရှင်ကြား ဗြောင်ကျကျ လုပ်ဆောင်ခဲ့ရာ နောက်ဆက်တွဲ ဂယက်များစွာ ထွက်ပေါ်လာခဲ့သည်။

မီးလျှံတောင် မသေမျိုးမြို့တော်အတွင်းရှိ မိစ္ဆာကျင့်ကြံသူများနှင့် လေလွင့်ကျင့်ကြံသူများမှာ ထွက်ပြေးသူပြေး၊ စုပေါင်းသူစုပေါင်း သို့မဟုတ် အင်အားစုတစ်ခုခုအောက်သို့ ဝင်ရောက်ခိုလှုံသူ ခိုလှုံနှင့် ပျားပန်းခတ်မျှ ဖြစ်သွားကြသည်။

ဤအရာများက ကျူးရွှမ်းကျိကို မတားဆီးနိုင်ခဲ့ပေ။

စုံစမ်းစစ်ဆေးမှုများမှာ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့ ဆက်လက်တိုးတက်နေခဲ့သည်။

ထိုကာလအတွင်း အရပ်လေးမျက်နှာ အင်အားစုများမှ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ပါရမီရှင်များမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လုပ်ကြံခြင်းကို ခံခဲ့ရသည်။

ကျူးရွှမ်းကျိသည် ချက်ချင်းပင် ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် လုပ်ဆောင်ခဲ့သည်။

သူသည် သဲလွန်စများစွာကို တွေ့ရှိခဲ့သော်လည်း အရေးကြီးသည့် အချက်များမှာ ဖြတ်တောက်ခြင်း ခံထားရသည်။ သဲလွန်စအများစုက ဖေးစီကိုသာ ညွှန်ပြနေကြလေသည်။

ကျူးရွှမ်းကျိသည် ဤအခြင်းအရာကို ကောင်းစွာ နားလည်သဖြင့် သူတွေ့ရှိထားသည်များကို ခေတ္တမျှ ဖိနှိပ်ထားလိုက်သည်။

သူသည် စိတ်ပျက်မိသွားသည်။ ဤလုပ်ရပ်မှာ သူရှာဖွေနေသည့် တကယ့်လက်သည်တရားခံ၏ လက်ချက်မဟုတ်ဘဲ အရပ်လေးမျက်နှာ အင်အားစုများအကြား အပြန်အလှန် လျှို့ဝှက်တိုက်ခိုက်နေကြခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်ရသောကြောင့်ပင်။

မျိုးနွယ်စုကြီး သုံးခုက သူ့ကို မြို့စားမင်းဂေဟာကို တိုက်ခိုက်ရန်နှင့် ၎င်းတို့အတွက် အကျိုးအမြတ်ရရှိရန် လက်နက်တစ်ခုသဖွယ် အသုံးချချင်နေကြခြင်း ဖြစ်သည်။

ကျူးရွှမ်းကျိသည် ထိုအချက်ကို ရိပ်မိသဖြင့် အချိန်မီ ပြန်လည်ဆုတ်ခွာခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကျိုးမျိုးနွယ်စုထံသို့ သွားရောက်ကာ ချူရှီယောင်းကို မေးမြန်းစမ်းသပ်ခဲ့သည်။

စစ်ဆေးမေးမြန်းနေစဉ်အတွင်း ကျိုးမျိုးနွယ်စုက ချူရှီယောင်းကို ကူညီရန်နှင့် အဖော်ပြုပေးရန်အတွက် အကြီးအကဲတစ်ဦးကို အထူးစေလွှတ်ပေးခဲ့သည်။

ကျူးရွှမ်းကျိသည် ချူရှီယောင်း လိမ်ညာနေသည့် အထောက်အထား မတွေ့ရှိရသဖြင့် ကျိုးမျိုးနွယ်စုမှ တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်ခွာခဲ့လေသည်။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ” သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

အုတ်အော်သောင်းနင်း ဖြစ်သွားပြီး လူအများအပြားကို နှောင့်ယှက်မိသော်လည်း တကယ့်လက်သည်တရားခံမှာမူ ဖမ်းရခက်နေဆဲပင်။

“နောက်ကွယ်က ကြိုးကိုင်သူက အတော်လေးကို နက်နက်နဲနဲ ပုန်းအောင်းနေတာပဲ”

ကျူးရွှမ်းကျိသည် သံသယရှိသူစာရင်းကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးလိုက်သည်။

သူသည် ထိုစာရင်းကို အပိုင်းသုံးပိုင်း ပိုင်းခြားထား၏။

ပထမအပိုင်းတွင် ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦး၊ ကျိုးမျိုးနွယ်စုမှ ဘိုးဘေးဖြစ်သူ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၊ လီလိုင်ဖုန်း၊ ကျောက်တီး၊ လျူယင်း၊ ချူရှီယောင်းနှင့် အခြားသူများ အပါအဝင် ချော်ရည်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်သူများ ပါဝင်သည်။

ဒုတိယအပိုင်းတွင် စက်မှုပညာရပ်တွင် ကျွမ်းကျင်မှု အတော်အသင့်ရှိပြီး နန်းတော်သို့ ဝင်ရောက်နိုင်သည့် အရည်အချင်းရှိသော်လည်း အရပ်လေးမျက်နှာ အင်အားစုများ၏ မှတ်တမ်းတွင် မပါဝင်သူများ ပါဝင်သည်။ ၎င်းတို့ထဲတွင် လူငယ်ဧည့်သည်လည်း ပါဝင်နေလေသည်။

တတိယအပိုင်းတွင်မူ စက်မှုပညာရပ် ကျွမ်းကျင်ပြီး နန်းတော်ထဲသို့ တစ်ကြိမ်တစ်ခါ ရောက်ဖူးသူများ သို့မဟုတ် မှတ်တမ်းမရှိသော်လည်း သေဆုံးသွားပြီဟု လူအများက ယူဆထားကြသူများ ပါဝင်သည်။

သူသည် ပထမအပိုင်းကို စုံစမ်းပြီးသွားပြီဖြစ်ရာ ယခုအခါ ဒုတိယအပိုင်းသို့ ကူးပြောင်းနေပြီ ဖြစ်သည်။

လူနှစ်ဦးကို စစ်ဆေးပြီးနောက်တွင် လူငယ်ဧည့်သည်၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

လူငယ်ဧည့်သည်မှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသော်လည်း မှောင်ခိုဈေးကွက်တွင် စက်မှုပစ္စည်း အမြောက်အမြားကို အကြိမ်ကြိမ် ရောင်းချခဲ့ဖူးသည်။

နောက်ဆုံး တွေ့ရှိခဲ့ရသည်မှာ သူနှင့် ဟန်မင်တို့ ပူးပေါင်းကာ ဇီယန်ဆောင်ကို ဝင်ရောက်စီးနင်းခဲ့စဉ်က ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် တတိယအင်အားစုတစ်ခုနှင့် ချိတ်ဆက်ကာ ဆေးလုံးအမြောက်အမြားကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ခြင်းပင်။

ထူးဆန်းသည်မှာ ထိုဆေးလုံးများသည် မီးလျှံသီးတောအုပ်ထဲတွင် ပေါ်လာပြီးနောက် လျှို့ဝှက်စွာ ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။

ကျူးရွှမ်းကျိသည် ဤသဲလွန်စကို သိရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း သေချာစဉ်းစားကြည့်သည့်အခါ လူငယ်ဧည့်သည်နှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူတို့ကြားတွင် ခိုင်မာသော ဆက်နွယ်မှု မရှိနိုင်ဟု သူ ယူဆထားခဲ့သည်။

ဆန်းလဲ့သည် ဟန်မင်ကို ကြိုတင်ကာကွယ်ရန်အတွက် ဆေးလုံးများကို လက်လှည့်ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ လူငယ်ဧည့်သည်တို့အဖွဲ့သည် ထိုလှည့်ကွက်ကို ရိပ်မိသွားပြီး ဆေးလုံးများကို အသုံးမပြုနိုင်ဟု ယူဆကာ စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

၎င်းတို့၏ ဒေါသကို ဖြေဖျောက်ရန် သို့မဟုတ် သံသယကို တခြားသို့ လွှဲပြောင်းရန်အတွက် ဆေးလုံးများကို မီးလျှံသီးတောအုပ်ထဲသို့ တိုက်ရိုက်ပစ်ချခဲ့ပြီး အရိပ်နက် မိစ္ဆာကျင့်ကြံသူကို အပြစ်ပုံချရန် ကြိုးစားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

မြို့စားမင်းဂေဟာနှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူတို့ ထိပ်တိုက်တွေ့ပါက မီးလျှံသီးတောအုပ်မှာ ထိခိုက်ပျက်စီးမည်ဖြစ်ပြီး မြို့စားမင်းဂေဟာအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ထိုအချိန်တွင် ထိုမိစ္ဆာကျင့်ကြံသူများမှာ ဘေးမှနေ၍ လက်ခုပ်တီး အားပေးနေကြပေလိမ့်မည်။

ကျူးရွှမ်းကျိသည် မီးလျှံသီးတောအုပ်ကိစ္စတွင် ဖေးစီ၏ ကိုင်တွယ်ပုံကိုတော့ အသိအမှတ်ပြုမိသည်။

ဖေးစီသည် သူ၏ ရာထူးတာဝန်အတိုင်း မီးလျှံသီးတောအုပ်၏ ကြီးမားသော ရတနာများကို အမှန်တကယ် ကာကွယ်ခဲ့သည်။ ဤသည်မှာ မြို့စားမင်းဂေဟာအတွက်ရော တမ်းတခြင်းပြည်အတွက်ပါ အကျိုးရှိစေမည့် လုပ်ရပ်ပင် ဖြစ်သည်။

လူငယ်ဧည့်သည်နှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူတို့အကြား ပတ်သက်မှုအပေါ် ကျူးရွှမ်းကျိ၏ တွေးဆချက်မှာ ရိုးရှင်းပါသည်။ အကယ်၍ လူငယ်ဧည့်သည်တို့နှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူသာ အမှန်တကယ် ပတ်သက်နေပါက ၎င်းတို့သည် ဆေးလုံးများကို တိတ်တဆိတ် မပို့ဆောင်ဘဲ အဘယ်ကြောင့် ဤမျှ လူသိရှင်ကြား လုပ်ဆောင်ပြီး လူတိုင်းသိအောင် ပြုလုပ်ရသနည်း။

သို့သော်ငြားလည်း ကျူးရွှမ်းကျိ၏ စုံစမ်းစစ်ဆေးမှုများက သူ့ကို လူငယ်ဧည့်သည်ထံသို့သာ ပြန်လည်ပို့ဆောင်နေခဲ့ပြန်သည်။

“မှောင်ခိုဈေးကွက်ရဲ့ ခေါင်းဆောင်က စွန်းလင်ထုံလို့ အမည်ရပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ ဗုဒ္ဓနှလုံးသားဂိုဏ်းရဲ့ အပြင်စည်းတပည့် တစ်ယောက်ပဲ။ သူ တစ်ခုခုတော့ သိထားမှာ သေချာတယ်”

ဤသို့ တွေးတောရင်း ကျူးရွှမ်းကျိသည် သူ့ကို သွားရောက်ရှာဖွေခဲ့လေသည်။

“လူငယ်ဧည့်သည် ဟုတ်လား...” စွန်းလင်ထုံ၏ မျက်လုံးကြီးများက ဝိုင်းစက်သွားပြီး ပြုံးဖြဲဖြဲဖြင့် “အကြီးအကဲ ကျူးက သူ့ကို ဘာကိစ္စရှိလို့လဲဗျ” ဟု မေးလိုက်သည်။

ကျူးရွှမ်းကျိက တည်ငြိမ်စွာဖြင့်ပင် “မင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အချက်အလက်တွေကို ပေးရုံပဲ။ ငါ သူ့ကို ဘာကြောင့် ရှာတယ်ဆိုတာက မင်းနဲ့ မဆိုင်ဘူး”

စွန်းလင်ထုံက သူ၏ ခေါင်းကို ကုတ်လိုက်ကာ “အာ... အကြီးအကဲ ကျူးရဲ့ ရှေ့မှာတော့ ကျွန်တော် လိမ်လို့မရတာ အမှန်ပဲ”

ကျူးရွှမ်းကျိက အသာအယာ ခေါင်းညိတ်လိုက်ပြီး “စွန်းလင်ထုံ၊ ငါ မင်းအကြောင်းကို စုံစမ်းပြီးပြီ။ မင်းက မှောင်ခိုဈေးကွက်ရဲ့ ခေါင်းဆောင် ဖြစ်နေပေမဲ့ လုံးဝယုတ်မာတဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။ ဒီနှစ်တွေမှာ မင်းဟာ မှောင်ခိုဈေးကွက်ကို စနစ်တကျ ရှိအောင် လုပ်ခဲ့သလို မင်းကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာခဲ့တယ်။ အဲဒါက သွေးထွက်သံယိုမှုတွေနဲ့ ပဋိပက္ခတွေကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးခဲ့တယ်”

“အမှန်အတိုင်းသာ ပြောစမ်းပါ၊ ငါ မင်းကို အကျပ်ကိုင်မှာ မဟုတ်ပါဘူး”

စွန်းလင်ထုံက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ကာ “ဒါဆိုရင်လည်း ပြောရတာပေါ့။ လူငယ်ဧည့်သည် ဘယ်မှာလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒါကို သိချင်ရင်တော့ ဒါလေးတော့ လိုမယ်”

ပြောပြောဆိုဆိုဖြင့် စွန်းလင်ထုံသည် သူ၏ လက်ကလေးကို ဆန့်ထုတ်ကာ ကျူးရွှမ်းကျိ၏ ရှေ့တွင် လက်ချောင်းများကို ပွတ်ပြလိုက်သည်။

“မင်းက ပိုက်ဆံလိုချင်တာလား။ ဟားဟားဟား” ကျူးရွှမ်းကျိသည် ဒေါသတကြီး ရယ်မောလိုက်ကာ “ငါ အမှုစစ်လာတဲ့ တစ်လျှောက်မှာ သတင်းအချက်အလက်အတွက် ပိုက်ဆံပေးရတယ်ဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ မင်းကတော့ အတော်လေးကို အတင့်ရဲနေတာပဲ၊ သတ္တိကတော့ အံ့မခန်းပါပဲလား”

“ဟင်” ရုတ်တရက် ကျူးရွှမ်းကျိ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

သူ၏ မျက်နှာထား ချက်ချင်းပင် ပြောင်းလဲသွားကာ “မဟုတ်ဘူး၊ မင်း လိမ်နေတာပဲ”

“ငါသာ ပိုက်ဆံပေးမယ်ဆိုရင်တောင် မင်းက အမှန်တရားကို ပြောမှာ မဟုတ်ဘူး”

ဤတစ်ကြိမ်တွင်မူ စွန်းလင်ထုံ၏ မျက်နှာ ပျက်သွားမည့် အလှည့်သို့ ရောက်ရှိလာခဲ့သည်။

“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ” ကျူးရွှမ်းကျိသည် စွန်းလင်ထုံကို ရွှေရောင်အလင်းများ တောက်ပနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကာ “မင်းက လူငယ်ဧည့်သည်ကို ဒီလောက်တောင် ကာကွယ်ပေးနေတာကြည့်ရင် ဇီယန်ဆောင် အမှုမှာလည်း မင်း ပါဝင်ပတ်သက်နေတာပဲ မဟုတ်လား”

စွန်းလင်ထုံက အော်ဟစ်လိုက်သည် “အကြီးအကဲ ကျူး၊ ဘာတွေ လျှောက်ပြောနေတာလဲ”

“ ကျွန်တော့်ကို အကွက်ဆင်နေတာပဲ”

“ကျွန်တော်... ကျွန်တော်က ကလေးလေးပဲ ရှိပါသေးတယ်၊ လူကြီးက ကျွန်တော့်ကို အကွက်ဆင်ပြီး အနိုင်ကျင့်နေတာလား”

“ဘယ်သူရှိလဲ၊ လာကြပါဦး၊ ကြည့်ကြပါဦး၊ အကြီးအကဲ ကျူးက လူတစ်ဖက်သားကို အနိုင်ကျင့်နေပါတယ်”

စွန်းလင်ထုံသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ရင်ဘတ်ကို ထုပြီး ခြေဆောင့်ကာ အသံကုန် အော်ဟစ်ငိုယိုလေတော့သည် “ဒါက အနိုင်ကျင့်လွန်းတာပဲ။ ဘယ်မှာလဲ လူသားချင်းစာနာမှု၊ တော်ဝင်မိသားစုဝင် တစ်ယောက်က ကလေးတစ်ယောက်ကို အနိုင်ကျင့်နေပါပြီဗျို့”

“ကျွန်တော် မရှင်ချင်တော့ဘူး၊ ဒီလို ဘဝမျိုးနဲ့တော့ ဆက်မနေနိုင်တော့ဘူး”

“ကျွန်တော် မတရား စွပ်စွဲခံနေရပါတယ်၊ ကျူးမျိုးနွယ်စုက လူတစ်ယောက်က ကျွန်တော့်ကို အကွက်ဆင်နေတာပါ။ အမည်ကြီး နတ်ဘုရားမုဆိုး တစ်ယောက်က အထောက်အထား မရှိဘဲနဲ့ စွပ်စွဲနေပါတယ်”

“ဒီလို ဖြစ်ပြီးသွားရင် ကျွန်တော် ဘယ်လို မျက်နှာမျိုးနဲ့ ဆက်နေရတော့မှာလဲ”

“ကျွန်တော့်ရဲ့ ဂုဏ်သတင်းလေးလည်း သွားပါပြီ”

“လူတွေက ကျွန်တော့်အပေါ် ဘယ်လို ထင်ကြတော့မှာလဲ၊ အို... ကောင်းကင်ကြီးရဲ့”

“ကျွန်တော် သေလိုက်တာကမှ အေးဦးမယ်၊ . ကျွန်တော်လေးက သနားစရာပါ”

“မြန်မြန်... ဒီမြင်ကွင်းကို ကျောက်စိမ်းပြားနဲ့ မှတ်တမ်းတင်ထားကြစမ်း၊ နောက်မှ ငါ့ရဲ့ မတရားမှုကို ဖြေရှင်းဖို့ သုံးရမယ်”

“လာကြပါဦး၊ ကျူးမျိုးနွယ်စုက တော်ဝင်မိသားစုဝင်တစ်ယောက် အရပ်သားကို အနိုင်ကျင့်နေတာ ကြည့်ကြပါဦး”

စွန်းလင်ထုံသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ငိုယိုအော်ဟစ်နေပြီး သူ၏ ခြေလက်အသေးလေးများကို ရမ်းခါနေလေသည်။

ကျူးရွှမ်းကျိမှာမူ ဆွံ့အလျက်...။

စွန်းလင်ထုံ၏ ကန်ကျောက်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည့် လမ်းဘေးဈေးသည်လေးမှာလည်း ဆွံ့အလျက်ပင်။

သို့သော် စွန်းလင်ထုံ၏ ထွားကြိုင်းသော ကိုယ်ရံတော်များမှာမူ ယင်းကဲ့သို့သော မြင်ကွင်းကို ကျင့်သားရနေသည့်အလား တိတ်ဆိတ်စွာပင် ရှိနေကြသည်။ ၎င်းတို့အထဲမှ တစ်ဦးကဆိုလျှင် ကျောက်စိမ်းပြားကို ထုတ်ကာ ထိုမြင်ကွင်းကို မှတ်တမ်းတင်ရန်ပင် ပြင်နေလေတော့သည်။

ကျူးရွှမ်းကျိသည် စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်ကာ “ဒီလိုမျိုး ကလေးကလား လုပ်ပြနေရုံနဲ့ မင်း ငါ့ရဲ့ စုံစမ်းမှုကို ရှောင်လွှဲနိုင်မယ်လို့ ထင်နေတာလား”

“စွန်းလင်ထုံ၊ ထစမ်း၊ မင်းကို ငါ အထင်မသေးမိပါစေနဲ့ဦး”

စွန်းလင်ထုံက ငိုယိုကာ “မထဘူးဗျာ၊ မထဘူး။ လာကြည့်ကြပါဦး၊ လူကြီးက ကလေးကို အနိုင်ကျင့်နေပါတယ်”

သူသည် ကျူးရွှမ်းကျိရှိရာသို့ ငိုယိုရင်း တွားသွားလာခဲ့သည်။

ကျူးရွှမ်းကျိသည် မသိလိုက်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသော်လည်း စွန်းလင်ထုံက သူ၏ ခြေထောက်ကို ဖက်တွယ်ထားလိုက်သည်မှာ ခိုင်မြဲလွန်းလှသည်။

ကျူးရွှမ်းကျိသည် ဒေါသထွက်သွားကာ ခြေထောက်ကို ရမ်းခါရင်း အော်ဟစ်လိုက်သည် “စွန်းလင်ထုံ။ မင်းက မှောင်ခိုဈေးကွက်ကို အုပ်ချုပ်နေတဲ့ လူတစ်ယောက်ပဲ၊ ဒီလောက် အရှိန်အဝါရှိတဲ့သူက အခုတော့ သုံးနှစ်သားကလေးနဲ့ ဘာခြားသေးလဲ”

စွန်းလင်ထုံက ညည်းညူကာ “ကျွန်တော် ဂရုမစိုက်ဘူး၊ ခင်ဗျား လူတွေကို အနိုင်ကျင့်နေတာပဲ။ အထောက်အထား ရှိရင်လည်း ပြစမ်းပါဦး”

“ ကျွန်တော့်ဂိုဏ်းက စီနီယာတွေသာ ဒီမှာ ရှိရင် ခင်ဗျား ဒီလို လုပ်ရဲမှာ မဟုတ်ဘူး။ အခုတော့ ကလေးတစ်ယောက်ကိုပဲ ရွေးပြီး နှိပ်စက်နေတာပေါ့။ ခင်ဗျားမှာ လူစိတ်ရော ရှိရဲ့လား”

ဤသို့ အုတ်အော်သောင်းနင်း ဖြစ်နေမှုကြောင့် ဘေးပတ်ဝန်းကျင်မှ လူအများအပြား စုရုံးလာကြလေသည်။

ကျူးရွှမ်းကျိ၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့နေပြီး သူ၏ ခြေထောက်ကို အပြင်းအထန် ရမ်းခါနေမိသည်။

စွန်းလင်ထုံကမူ ကပ်စေးနှဲသကဲ့သို့ ခိုင်မြဲစွာ ဖက်တွယ်ထားပြီး လွှတ်မပေးပေ။

သူသည် သူ၏ မျက်နှာကို ကျူးရွှမ်းကျိ၏ ဘောင်းဘီနှင့် ပွတ်တိုက်နေပြီး နှပ်ချေးများနှင့် မျက်ရည်များကိုပါ ပေကျံသွားစေတော့သည်။

ကျူးရွှမ်းကျိက ဟိန်းဟောက်လိုက်သည် “စွန်းလင်ထုံ၊ မင်း လွန်လာပြီနော်”

စွန်းလင်ထုံက အော်ဟစ်လိုက်ပြန်သည် “ဒါဆိုလည်း ကျွန်တော့်ကို သတ်လိုက်လေ အကြီးအကဲ ကျူးရဲ့၊ ကလေးတစ်ယောက်ကိုပဲ သတ်လိုက်ပါတော့။ ခင်ဗျားက အမည်ကြီး စုံစမ်းစစ်ဆေးရေးမှူးပဲ၊ ခင်ဗျား လုပ်သမျှက အမှန်ပဲ မဟုတ်လား”

ကျူးရွှမ်းကျိသည် ဒေါသအလွန်ထွက်သွားသဖြင့် သတ်ဖြတ်လိုစိတ်များပင် ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်မှာပင် သူ၏ တန်တျန်အထက်ရှိ အသိဉာဏ်ပင်လယ်ထဲ၌ အသံတစ်ခု ပေါ်ထွက်လာသည်။

ထိုအသံမှာ လေထိန်းခေါင်းလောင်းသံပင် ဖြစ်တော့သည်။

အခန်း (၁၂၂) လေပြင်းထန်စပြုခြင်း

"လေထိန်းခေါင်းလောင်းပါလား"

ထိုခဏ၌ပင် ကျူးရွှမ်းကျိမှာ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရချေသည်။

တိုင်းပြည်၏ ကံကြမ္မာသည် ကြီးစွာ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် လေနှင့်တိမ်တို့ကို လှုပ်ခတ်စေကာ လောကကြီးကို ပြောင်းလဲစေတတ်ပေသည်။ ထိုသို့သော အပြောင်းအလဲသည် မရေမတွက်နိုင်သော လူများနှင့် ဂိုဏ်းအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိသည့် ကြီးမားလှသော ကံအကြောင်းတရားကို ဖြစ်ပေါ်စေသည်။

အကယ်၍ တိုင်းပြည်ကံကြမ္မာ အားကောင်းလာပါက စစ်မက်များ မကြာခဏ ဖြစ်ပွားတတ်ပြီး လေလှိုင်းတိမ်တိုက်တို့မှာလည်း ပြင်းထန်စွာ ရုန်းကြွလာတတ်၏။

ဤလေထိန်းခေါင်းလောင်းကို တိုင်းပြည်အုပ်ချုပ်သူ ဧကရာဇ်မင်းက အထူးတလည် ပေးသနားထားခြင်းဖြစ်ပြီး တိုင်းပြည်ကံကြမ္မာ၏ ကြီးမားသော အပြောင်းအလဲများနှင့် ၎င်း၏ အကျိုးသက်ရောက်မှုများကို စမ်းသပ်သိရှိနိုင်ရန် ရည်ရွယ်ပေသည်။

"လေထိန်းခေါင်းလောင်းက မြည်နေပြီ။ ဒါက ကံကြမ္မာအလိုအရ သဘာဝအတိုင်း ထွန်းကားလာတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က မှော်ပညာ သုံးနေတာလား"

ကျူးရွှမ်းကျိသည် ဗီဇအရပင် ခေါင်းကိုမော့ကာ မီးလျှံတောင်တန်း၏ ထိပ်ဖျားဆီသို့ လှမ်းကြည့်လိုက်မိသည်။

သူသည် မုန့်ခွေ၏ နတ်ဘုရားစွမ်းအားဖြစ်သော တောင်ပေါ်မှ ကြည့်ရှုခြင်း ပညာရပ်အကြောင်းကို ကြိုတင်သိရှိထားပြီးသား ဖြစ်ပေသည်။

စွန်းလင်ထုံက ဤမျှ ဆူဆူပူပူ လုပ်နေသည်ဖြစ်ရာ ကျူးရွှမ်းကျိအနေဖြင့်လည်း အလျှော့ပေးမည်မဟုတ်ပေ။ ဤရာဇဝတ်သားကို အပြစ်ပေးရန် သူ့တွင် နည်းလမ်းပေါင်းစုံ ရှိနေသည်။

သို့သော် ယခုအချိန်တွင်မူ သူ ထိုသို့မပြုလုပ်လိုတော့ချေ။

သူ မထွက်ခွာမီကပင် ဧကရာဇ်မင်းသည် ကံကြမ္မာအပြောင်းအလဲကို သတိထားရန်နှင့် မုန့်ခွေကို ဂရုစိုက်ရန် အထူးသတိပေးထားခဲ့သည်။

ကျူးရွှမ်းကျိသည် ဤအချက်ကို စိတ်ထဲစွဲမြဲနေပြီး မိမိတွင် ကံကြမ္မာအပြောင်းအလဲကို ဖိနှိပ်နိုင်စွမ်းမရှိကြောင်း ကောင်းစွာသိရှိထား၏။

ယခုအခါ လေထိန်းခေါင်းလောင်း မြည်လာပြီဖြစ်ရာ အကယ်၍ သူသာ ဤအခြေအနေတွင် ဆက်လက် ပါဝင်ပတ်သက်နေပါက ဧကန်မုချ သက်ရောက်မှု ရှိလာပေလိမ့်မည်။ မိမိအိမ်ထဲတွင်ပင် တံခါးပိတ်နေပါစေဦး၊ ပြောင်းလဲနေသော ကံကြမ္မာက သူ့ကို ရစ်ပတ်နှောင်ဖွဲ့ကာ ကောင်းကင်ဘုံမှ ဘေးဒုက္ခများကို သယ်ဆောင်လာပေလိမ့်မည်။

ကျူးရွှမ်းကျိကိုယ်တိုင်၌ ကံကြမ္မာကို နှောင့်ယှက်နိုင်စွမ်းမရှိချေ။ လက်ရှိတွင် အကောင်းဆုံး အစီအစဉ်မှာ အမြန်ဆုံး ဆုတ်ခွာရန်သာ ဖြစ်သည်။ ဤအခြေအနေ၏ အပြင်ဘက်တွင် နေထိုင်ခြင်းဖြင့်သာ ဘေးမသီရန်မခဘဲ ရှိပေလိမ့်မည်။

"ဒီနေ့တော့ မင်းကို ချမ်းသာပေးလိုက်မယ်။ ငါ မင်းဆီ ပြန်လာခဲ့ဦးမှာပါ" ကျူးရွှမ်းကျိသည် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ စွန်းလင်ထုံကို တွန်းထုတ်လိုက်သည်။

ထို့နောက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားကာ မြို့ပြင်သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။

မီးလျှံတောင်တန်းနှင့် မိုင်ပေါင်း ရာချီဝေးကွာသွားမှသာ လေထိန်းခေါင်းလောင်း မြည်သံ ရပ်တန့်သွားချေသည်။

"ဒီလောက် သေးငယ်တဲ့ နယ်ပယ်ထဲမှာ တိုင်းပြည်ကံကြမ္မာက ဒီလောက် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေတာဆိုရင် မုန့်ခွေပဲ တရားခံ ဖြစ်နိုင်ခြေ များတယ်"

"အကယ်၍ နောက်ပိုင်းမှာ တိုင်းပြည်ကံကြမ္မာ နယ်ပယ်က ပြန့်ကားမလာဘူးဆိုရင် ဒါဟာ မုန့်ခွေရဲ့ တောင်ပေါ်မှ ကြည့်ရှုခြင်း ဆိုတဲ့ နတ်ဘုရားစွမ်းအားကြောင့်ပဲ ဖြစ်ရမယ်"

ကျူးရွှမ်းကျိ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။ သူသည် လေထိန်းခေါင်းလောင်း၏ စမ်းသပ်မှု အတိုင်းအတာကို အသုံးပြု၍ အတည်ပြုရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

ကျူးရွှမ်းကျိ ထွက်ခွာသွားသည်နှင့် စွန်းလင်ထုံမှာ ထရပ်လိုက်၏။

စွန်းလင်ထုံက စိတ်ထဲတွင် မယုံနိုင်အောင် ဖြစ်နေကာ "ငါ တကယ်ပဲ ကျူးရွှမ်းကျိကို ဒီလောက်လွယ်လွယ်နဲ့ မောင်းထုတ်လိုက်တာလား" ဟု တွေးနေမိသည်။

အပြင်ပန်းတွင်မူ သူသည် တံတွေးကို ထွေးလိုက်ပြီး လက်တစ်ဖက်ဖြင့် မျက်နှာငယ်လေးကို သုတ်ကာ အံ့အားသင့်နေသော လမ်းဘေးဈေးသည်ကို အော်ပြောလိုက်သည် - "မြင်လား၊ အဲဒါကို ကြည့်ပြီး သင်ခန်းစာယူစမ်း"

ထို့နောက် သူက သူ့နောက်လိုက်ကို ကြည့်ကာ စိတ်အားထက်သန်စွာ မေးလိုက်သည် - "အကုန် မှတ်တမ်းတင်ထားရဲ့လား"

နောက်လိုက်က ခေါင်းညိတ်ပြကာ "ကျောက်စိမ်းပြားထဲမှာ အကုန်ရှိပါတယ်" ဟု ဖြေသည်။

စွန်းလင်ထုံသည် ခေါင်းကိုမော့ကာ အားရပါးရ သုံးကြိမ်တိုင်တိုင် ရယ်မောလိုက်လေသည် - "ကောင်းတယ်၊ ဒါ ငါ့ဘဝမှာ အကောင်းဆုံး ရလဒ်ပဲ"

"ဒီသတင်းကို ဖြန့်လိုက်ကြစမ်း၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိတဲ့ စွန်းလင်ထုံက ရွှေအမြုတေအဆင့် ကျူးရွှမ်းကျိကို ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်လို့ အားလုံးကို ပြောလိုက်"

"ဟားဟားဟား၊ ငါ နာမည်ကြီးတော့မှာ၊ ငါ နာမည်ကြီးတော့မှာပဲ"

"ဘယ်သူပဲဖြစ်ဖြစ် ဒါကို သံသယရှိရင် ဒီကျောက်စိမ်းပြားကို သူတို့ မျက်နှာတည့်တည့် ပစ်ပေါက်လိုက်စမ်း"

"ဟုတ်ကဲ့၊ ကျောက်စိမ်းပြားတွေကို အခုပဲ အခုအစိတ်၊ မဟုတ်ဘူး၊ အခုတစ်ရာလောက် ကော်ပီကူးပြီး ဖြန့်လိုက်ပါဦးမယ်၊ ဘယ်သူမှ လာသိမ်းလို့မရအောင်လေ"

စွန်းလင်ထုံ၏ နည်းလမ်းမှာ အလွန်ပါးနပ်လှပေသည်။ သူသည် ပထမဦးစွာ မိမိ၏ ဂုဏ်သတင်းကို တည်ဆောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အကယ်၍ နောင်တွင် ကျူးရွှမ်းကျိက သူ့ကို ပြန်လည်လာရောက် ဖမ်းဆီးပါက ဤဂုဏ်သတင်းကို အသုံးချ၍ ပြန်လည် တုံ့ပြန်နိုင်ရန် ဖြစ်သည်။

ကျူးရွှမ်းကျိ မြို့ပြင်သို့ ထွက်ခွာသွားချိန်တွင် နင်းကျော့မှာ မြို့ထဲသို့ ဝင်လာချေပြီ။

မြို့ပြင်သို့ ထွက်ခွာသွားစဉ်ကနှင့် မတူသည်မှာ ယခုအခါ ယွမ်အာသည် နင်းကျော့၏ အဖွဲ့ထဲတွင် ပါဝင်နေခြင်းပင်။

ယွမ်အာနှင့် နင်းကျော့တို့မှာ ရထားလုံးတစ်စီးထဲတွင် အတူထိုင်နေကြပြီး ယွမ်အာ၏ မျက်လုံးများက နင်းကျော့အနီးတွင် ထိုင်နေသော ရွှေသွေးတိုက်ပွဲဝင်မျောက် ယွမ်တာရှန့်ကို မကြာခဏ လှမ်းကြည့်နေမိသည်။

သူတို့၏ စကားဝိုင်းမှာလည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

"အော်၊ ဒီလိုကိုး" နင်းကျော့က အသာအယာ သက်ပြင်းချလိုက်သည်။

သူသည် အခြေအနေ၏ အကြောင်းရင်းနှင့် ရလဒ်ကို နားလည်သွားခဲ့ပြီ။

နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ယွမ်ယီ၏ ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ ရောက်တော့မည်ဖြစ်ရာ သားဖြစ်သူ ယွမ်အာအနေဖြင့် အုတ်ဂူထံ သွားရောက် ဂါရဝပြုရန် လိုအပ်ပေသည်။

ယွမ်ယီ၏ သင်္ဂြိုဟ်ရာနေရာမှာ နေရာအများအပြား ရှိသော်လည်း စစ်မှန်သော အုတ်ဂူမှာမူ ယွမ်တာရှန့် စိတ်လှုပ်ရှားမှုကြောင့် ထိန်းချုပ်မှု လွတ်သွားခဲ့သည့် ဝေးလံခေါင်းပါးသော တောရိုင်းဒေသတွင် တည်ရှိသည်။

အခြားသော အုတ်ဂူအတုများကိုမူ ယွမ်ယီကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားခြင်းဖြစ်၏။ တစ်ဖက်တွင် သူတစ်ပါးက ကလဲ့စားချေရန်အတွက် အုတ်ဂူကို ဖျက်ဆီးမည်ကို တားဆီးရန်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ပုန်းအောင်းနေသော ရန်သူများကို ဆွဲဆောင်ရန် ငါးစာအဖြစ် အသုံးပြုရန် ဖြစ်ပေသည်။

အမှန်စင်စစ် ကျင့်ကြံခြင်းလောကတွင် အရိုးစုများကို အသုံးပြု၍ ကျိန်စာတိုက်သည့် နည်းလမ်းများစွာ ရှိနေသည်မဟုတ်လော။

ယွမ်အာသည် မျောက်ခေါင်းဂိုဏ်း၏ ဝင်းထဲမှ မထွက်ခွာလိုသော်လည်း ၎င်းမှာ ဂိုဏ်းကို တည်ထောင်သူလည်းဖြစ်၊ မိမိ၏ ဘိုးဘေးလည်းဖြစ်သူအား ဂါရဝပြုသည့် အခမ်းအနား ဖြစ်နေသဖြင့် မသွားဘဲ မနေသာချေ။

ဂိုဏ်း၏ အကြီးအကဲများကလည်း ထိုသို့ပြုလုပ်ရန် သူ့ကို တိုက်တွန်းကြသည်။ အကယ်၍ သူသာ မသွားပါက သူသည် သတ္တိကြောင်သူ၊ မိဘအပေါ် မသိတတ်သူဟူသော မကောင်းသတင်းများ ပျံ့နှံ့သွားပေလိမ့်မည်။ ထိုသို့ဖြစ်ပါက ယွမ်အာ၏ မကောင်းလှသော ဂုဏ်သတင်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။

ယွမ်အာတွင် ရွေးချယ်စရာ မရှိတော့ဘဲ လိုက်နာခဲ့ရသည်။ သူသည် အစပိုင်းတွင် နင်းကျော့ကို ဆက်သွယ်ကာ ယွမ်တာရှန့်၏ စက်မှုပစ္စည်းကို အမြန်ဆုံး ပြုလုပ်ပေးရန် တောင်းဆိုလိုသော်လည်း သူ စေလွှတ်လိုက်သော သူများမှာ ပြန်လည်ရောက်ရှိမလာခဲ့ချေ။

ယွမ်အာသည် မိမိ၏ ခြေရာကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး သတ်မှတ်ထားသော ရက်ထက် အနည်းငယ် စော၍ တိတ်တဆိတ် သွားရောက်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် လမ်းခရီး၌ ဒုက္ခနှင့် တိုးတော့သည်။

သူသည် ချုံခိုတိုက်ခိုက်ခြင်းကို ခံရကာ သူ့နောက်လိုက်အားလုံး သတ်ဖြတ်ခံလိုက်ရပြီး သူ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ဗီဇအရ သူသည် ဖခင်ဖြစ်သူ၏ သင်္ဂြိုဟ်ရာနေရာသို့ ထွက်ပြေးခဲ့ရာတွင် မမျှော်လင့်ဘဲ ရွှေသွေးတိုက်ပွဲဝင်မျောက် ယွမ်တာရှန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် နင်းကျော့၏ အမိန့်အရ ယွမ်တာရှန့်က သူ့ကို ကယ်တင်ရန် ဆင်းလာခဲ့ခြင်း ဖြစ်သည်။

"သခင်လေးနင်း၊ ဒါ ကျွန်တော့်အတွက် လုပ်ပေးထားတဲ့ ဦးလေးမျောက် စက်မှုရုပ်သေး မဟုတ်လား၊ ဟုတ်ရမှာပေါ့" ယွမ်အာသည် စိတ်ကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ယွမ်တာရှန့်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေမိသည်။

"သူက တကယ်ကို သန်မာတာပဲ၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ထက်တောင် အများကြီး သာနေသေးတယ်"

"သခင်လေးနင်းက တကယ်ကို ကတိတည်တဲ့သူပဲ၊ ကျွန်တော် တကယ်ကို ကြည်ညိုမိပါတယ်"

ယွမ်အာက တစ်သီကြီး ချီးမွမ်းနေတော့သည်။

နင်းကျော့က အနည်းငယ် ပြုံးလိုက်ပြီး ရွှေသွေးတိုက်ပွဲဝင်မျောက် ယွမ်တာရှန့်၏ လက်မောင်းကို ပုတ်ကာ ပြောလိုက်သည် - "ဒါက ပထမဆုံး ဗားရှင်းပဲ ရှိသေးတယ်၊ အခုတင် လုပ်ပြီးတာ။ ငါ မြို့ပြင်ကို ထွက်လာရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဒီရွှေသွေးတိုက်ပွဲဝင်မျောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို တောရိုင်း သားရဲတွေနဲ့ လက်တွေ့ တိုက်ပွဲဝင်ပြီး စမ်းသပ်ကြည့်ဖို့ပဲ"

"ရွှေသွေးတိုက်ပွဲဝင်မျောက် ယွမ်တာရှန့်..." ယွမ်အာက ထိုအမည်ကို ရေရွတ်ကာ မျက်လုံးများ တောက်ပလာပြီး လက်မထောင်ပြလိုက်သည် - "သခင်လေးနင်းရဲ့ စက်မှုပညာရပ်ကတော့ ပြိုင်ဘက်ကင်းပါပဲ။ ပေးထားတဲ့ နာမည်ကလည်း တကယ်ကို ထူးခြားပြီး လိုက်ဖက်ညီလှပါတယ်"

"အခုပဲ လဲလှယ်ကြမလား"

နင်းကျော့က ခေါင်းခါပြကာ "မလောပါနဲ့ဦး၊ မလောပါနဲ့ဦး" ဟု ပြောလိုက်သည်။

"သားရဲတွေ၊ ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ကြည့်လိုက်တော့မှ ဒီရွှေသွေးတိုက်ပွဲဝင်မျောက်မှာ တိုးတက်အောင် လုပ်ရမယ့် အချက်တွေ အများကြီး ရှိနေသေးတာ တွေ့ရတယ်။"

"အကုန်လုံး ပြည့်စုံသွားမှပဲ မင်းလက်ထဲကို ငါ အပ်နှံမှာပါ"

"နင်းကျော့ လုပ်တဲ့ ပစ္စည်းမှန်သမျှဟာ အရည်အသွေး ကောင်းရမယ်။ မပြည့်စုံသေးတဲ့ ပစ္စည်းကို ငါ ဘယ်တော့မှ အလောတကြီး မအပ်ဘူး"

ယွမ်အာ၏ မျက်လုံးများက မျှော်လင့်တကြီးဖြင့် ဝိုင်းစက်သွားကာ "ဒါပေမဲ့ သခင်လေးနင်းရယ်"

"အခု မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်က အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတာ၊ တကယ့်ကို အန္တရာယ်များလှတာပါ"

"အခုသာ သခင်လေးနဲ့ မတွေ့ခဲ့ရင် ကျွန်တော်တော့ ဟိုယုတ်မာတဲ့ လုပ်ကြံသတ်ဖြတ်သူတွေ လက်ချက်နဲ့ သေနေလောက်ပြီ"

"အဓိကအချက်က သခင်လေးက ဟိုလုပ်ကြံသတ်ဖြတ်သူတွေကိုတောင် လွှတ်ပေးလိုက်သေးတယ်၊ ကျွန်တော်... ကျွန်တော်..."

ဤနေရာတွင် ယွမ်အာမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ချေ။

နင်းကျော့က သက်ပြင်းချလိုက်ပြီး ရှင်းပြသည့်သဘောဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည် - "အဲဒီအချိန်တုန်းက ငါ အခြေအနေအမှန်ကို အသေးစိတ် မမြင်ရဘူးလေ။ ငါက ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှ မဟုတ်တာ၊ ဒါကြောင့် စိတ်ဝိညာဉ်အာရုံ မရှိဘူး"

"ဒီရွှေသွေးတိုက်ပွဲဝင်မျောက်ကို ငါ့ရဲ့ ထိန်းချုပ်တံနဲ့ပဲ ထိန်းချုပ်ထားတာ။ အဲဒီထိန်းချုပ်တံထဲမှာ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံ ထည့်ထားတယ်။ သူ့ကို ငါ သတ်မှတ်ပေးထားတာက ရန်လိုတဲ့သူ မှန်သမျှကို မရပ်မနား တိုက်ခိုက်ဖို့ပဲ"

"ဒါကြောင့် လုပ်ကြံသတ်ဖြတ်သူတချို့က သတ်ဖြတ်လိုစိတ် ပျောက်သွားပြီး ထွက်ပြေးသွားတဲ့အခါ ရွှေသွေးတိုက်ပွဲဝင်မျောက်က ဆက်ပြီး အလုပ်မလုပ်တော့ဘဲ လိုက်မတိုက်တော့တာ"

"အကယ်၍ ငါသာ အဲဒီနေရာမှာ ကိုယ်တိုင်ရှိနေရင် အကုန်လုံးကို အမြစ်ပြတ်အောင် ရှင်းပစ်မှာပေါ့"

ယွမ်အာမှာ မျက်တောင်တဖျတ်ဖျတ် ခတ်နေပြီး လည်ချောင်းများပင် ခြောက်ကပ်လာကာ "ထိန်းချုပ်တံ အကြောင်းကိုတော့ ကျွန်တော် နားလည်ပါပြီ" ဟု ဆိုသည်။

"တကယ်တော့ သခင်လေးနင်း ကျွန်တော့်အတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိတဲ့ စက်မှုရုပ်သေး လုပ်ပေးမယ်လို့ သဘောတူကတည်းက ကျွန်တော် ဂိုဏ်းရဲ့ စာကြည့်တိုက်ထဲမှာ အမြဲရှိနေခဲ့တာပါ။ စက်မှုပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို နေ့မနား ညမနား လေ့လာခဲ့သလို၊ စက်မှုပစ္စည်းတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကိုလည်း အပြင်းအထန် လေ့ကျင့်ထားပါတယ်"

"အကယ်၍ သခင်လေးက ဒီရွှေသွေးတိုက်ပွဲဝင်မျောက်ကို အခုပေးမယ်ဆိုရင် ကျွန်တော် သေချာပေါက် ကောင်းကောင်း အသုံးချနိုင်မှာပါ၊ ကျွန်တော်..."

နင်းကျော့၏ မျက်နှာမှာ တည်တင်းသွားပြီး ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည် - "တော်ပြီ၊ ဂိုဏ်းခေါင်းဆောင် ယွမ်အာ၊ မင်း ငါ့ကို ထပ်ပြီး နားမချပါနဲ့တော့"

"ဒါ ငါ့ရဲ့ မူပဲ။ ရွှေသွေးတိုက်ပွဲဝင်မျောက်ကို အကောင်းဆုံးဖြစ်အောင် မပြင်ရသေးသရွေ့ ငါ မင်းကို မအပ်နိုင်ဘူး"

"မင်း နားလည်ထားရမှာက အရည်အသွေးမပြည့်တဲ့ ပစ္စည်းက ငါ့ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေလိမ့်မယ်"

"ငါက စက်မှုပညာရပ်မှာ နာမည်တစ်လုံး တည်ဆောက်ချင်တာ၊ ငါ့ရဲ့ ဂုဏ်သတင်းကို အစကတည်းက သေချာ ထိန်းသိမ်းရမယ်"

နင်းကျော့သည် တရားမျှတသည့် ပုံစံဖြင့် ပြောဆိုနေသော်လည်း တစ်ချိန်က သူကိုယ်တိုင်ပင် မပြည့်စုံလှသော စက်မှုမျောက် မီးလျှံပေါက်ကွဲမျောက်ကို ပြုလုပ်ခဲ့ဖူးသည်ကိုမူ လုံးဝ မေ့လျော့နေပုံရသည်။

အကယ်၍သာ ချန်ချာ ဤစကားကို ကြားပါက နင်းကျော့မှာ လမ်းမှားမှ လမ်းမှန်သို့ ပြန်လည်ရောက်ရှိလာပြီဟု တွေးကာ များစွာ ဝမ်းသာနေပေလိမ့်မည်။

ယွမ်အာမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပါးစပ်အနည်းငယ် ဟနေမိသည်။ ပြောစရာ စကားများစွာ ရှိနေသော်လည်း နင်းကျော့၏ တည်တင်းသော အကြည့်အောက်တွင် နောက်ဆုံး၌မူ တိတ်ဆိတ်သွားရတော့သည်။

နင်းကျော့မှာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်သာ ရှိသေးသော်လည်း ယခုအခါ သူ၏ အဆင့်အတန်းမှာ များစွာ ကွာခြားသွားပြီ ဖြစ်သည်။

သူ စီးနင်းလာသော စက်မှုရထားလုံးနှင့် သူ့ကို ဝန်းရံထားသော အစောင့်အကြပ်များက သူတို့နှစ်ဦးကြားရှိ အဆင့်အတန်း ကွာခြားမှုကို ယွမ်အာ သိသာစွာ ခံစားမိစေသည်။

နင်းကျော့က ဆက်လက်၍ သူ့ကို နှစ်သိမ့်လိုက်သည် - "ဂိုဏ်းခေါင်းဆောင် ယွမ်အာ၊ မင်း သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့၊ အားလုံး အဆင်ပြေသွားမှာပါ"

"အခု မြို့ထဲကို ရောက်နေပြီဆိုတော့ နောက်ကျရင် မင်းကို မင်းတို့ ဂိုဏ်းဝင်းထဲအထိ ငါ ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်"

"မင်း ဖခင်ကို သွားပြီး ဂါရဝပြုခဲ့တာကို ငါ ကိုယ်တိုင် သက်သေခံပေးလို့ ရပါတယ်"

"ငါ့ရဲ့ သက်သေထွက်ဆိုချက်ကို သုံးပြီး မင်းရဲ့ ဂိုဏ်းထဲက ပုန်ကန်ချင်နေတဲ့သူတွေကို ခြိမ်းခြောက်ထားလို့ ရတာပေါ့။ သူတို့တွေ မင်းရဲ့ ဂိုဏ်းဝင်းထဲအထိ လုပ်ကြံသတ်ဖြတ်သူတွေကို လွှတ်ရဲလောက်အောင်တော့ မိုက်ရူးရဲ ဆန်မှာမဟုတ်ပါဘူး"

ယွမ်အာ၏ မျက်နှာမှာ ဖြူဖျော့သွားကာ "ဟုတ်ကဲ့၊ သူတို့တွေ အဲဒီလောက်အထိတော့ မလုပ်လောက်ပါဘူး" ဟု ဆိုသည်။

"ဒါပေမဲ့ ကျွန်တော့်အဖေနဲ့ ဦးလေးတာရှန့်တို့ တက်လမ်းမှာ ရှိခဲ့တဲ့ ရန်သူဟောင်းတွေကတော့ တစ်မျိုးပေါ့"

နင်းကျော့က ချက်ချင်းပင် တုံ့ပြန်လိုက်သည် - "သူတို့လည်း မင်းရဲ့ ဂိုဏ်းဝင်းထဲကို ဝင်လို့မရပါဘူး။ အကယ်၍ ဝင်လို့ရရင် လုပ်ကြံသတ်ဖြတ်မှုတွေက ကြာလှပြီပေါ့၊ မဟုတ်ဘူးလား"

"ပြီးတော့ အရင်တုန်းကလည်း ယွမ်တာရှန့်က မင်းအနားမှာ အမြဲရှိနေတာမှ မဟုတ်တာ"

ယွမ်အာ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာပြီး "အဲဒါကတော့... အဲဒီလိုပဲ ဖြစ်မှာပါ" ဟု ဆိုသည်။

"အကယ်၍ သခင်လေးနင်းသာ အခုပဲ အပ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မှာပါပဲ"

ယွမ်အာ၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်သည်။

နင်းကျော့ကမူ ရက်ရက်စက်စက်ပင် ခေါင်းခါပြကာ နောက်တစ်ကြိမ် ငြင်းပယ်လိုက်ပြန်သည်။

နောက်ဆုံးတွင် ကတိပေးထားသည့်အတိုင်း သူသည် ယွမ်အာကို မျောက်ခေါင်းဂိုဏ်းဝင်းထဲအထိ လိုက်ပို့ပေးခဲ့ရာ ဂိုဏ်းသားပေါင်းများစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ယွမ်အာသည် ရထားလုံးပေါ်မှ ဆင်းရန် ဝေခွဲမရ ဖြစ်နေမိသည်။

နင်းကျော့က တိုက်တွန်းလိုက်မှသာ သူသည် ရွှေသွေးတိုက်ပွဲဝင်မျောက်ကို ဝမ်းနည်းတကြီး လှည့်ကြည့်ကာ မချိတင်ကဲ ဆင်းသွားတော့သည်။

"ပြန်ကြစို့" နင်းကျော့က လက်ဝှေ့ယမ်းပြလိုက်ရာ ခြံရံလာသော အဖွဲ့မှာ ပြန်လည် ထွက်ခွာသွားတော့သည်။

ယွမ်အာမှာ ရပ်မြဲအတိုင်း ရပ်နေပြီး စက်မှုရထားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ လေးလံသော ခြေလှမ်းများဖြင့် လှည့်ထွက်ခဲ့သည်။

ခြောက်ကပ်နေသော အခန်းတွင်းသို့ ပြန်ရောက်သည့်အခါ ယွမ်တာရှန့်ကို လွမ်းဆွတ်တမ်းတစိတ်မှာ သူ့ကို လွှမ်းမိုးသွားပြီး မျက်ရည်များ တိတ်တဆိတ် စီးကျလာတော့သည်။

All Chapters