ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုခေါင်းဆောင်ရဲ့ လက်ဆောင်
Vol. 9 Ch. 123
စုမင်အား မြူမှုန်များ ဝန်းရံနေသည် နှင့်အမျှ ဂူပတ်ဝန်းကျင်၊ အထူးသဖြင့် အထူးနေရာ အနည်းငယ်အား အာရုံစိုက် ကြည့်ခဲ့သည်။ သူ မထွက်ခွာခင်က ထိုနေရာများ၌ ပါးလျသော သားမွေးများအား နေရာချ ထားခဲ့သည်။ ထိုသားမွေးများမှာ ပေါ့ပါးလွန်းသည် ဖြစ်ရာ လေဟုန် အနည်းငယ်မျှဖြင့် လွင့်သွားနိုင်သည်။ ထိုသားမွေး လွင့်သွားသည့် အကွာအဝေး အားကြည့်၍ လေဟုန်ပြင်းအား မည်မျှရှိသည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
ဂူအဝင်ဝတွင်လည်း အလားတူပင် ပြုလုပ်ခဲ့သည်။ ရှာဖွေ စမ်းစစ်ပြီးသည်နှင့် သူမရှိသည့် အချိန်တွင် မည်သူမျှ ရောက်မလာခဲ့ကြောင်း သေချာသွားသည်။
"ဒီနည်းလမ်းမျိုး ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒုက္ခများမှာပဲ"
စုမင် ဆံပင်တွေကို ဖွလိုက်သည်။ သူ၏ ချီစွမ်းအားကြောင့် ခန္ဓာကိုယ်မှ အပူလှိုင်းတို့ ထွက်ပေါ်လာသည် နှင့်အမျှ ဆံပင်တို့လည်း သွေ့ခြောက်သွား၏။ ရင်ဘတ်ထဲမှ အိတ်အား ထုတ်ကာ ဟန်တောင်တန်း မြို့တော်မှ ဝယ်ယူခဲ့သည့် ဆေးပင်များနှင့် ပါဝင်ပစ္စည်း များအား ထုတ်ယူလိုက်သည်။
အားလုံးကို စစ်ဆေးကြည့်ပြီး အရေအတွက် မလျော့သည်ကို တွေ့မှသာ သူ စိတ်ချတော့သည်။ အိတ်တွင် ပြဲရာရှိနေသည်။ ထို့ကြောင့် ထိုအိတ်အား နှစ်နှစ်မျှ အသုံးပြုခဲ့ အပြီးတွင်သော်မှ သူ စိုးရိမ်နေဆဲဖြစ်၏။
"ဝိညာဉ်လုယက်ကို ငါ ဦးစားပေး ဖော်စပ်သင့်တယ်။ အဲဒီဆေးဖော် ပြီးတာနဲ့ ငါ့အတွက် အထောက်အကူကြီး ဖြစ်မှာပဲ။ လရဲ့အတောင်ပံ တွေကိုဆင့်မခေါ် နိုင်တဲ့အခါ အဲဒါကို ငါ့ရဲ့ပွဲသိမ်း တိုက်ကွက်အဖြစ် သုံးလို့ရတယ်"
"ဒါပေမဲ့ ဒီဆေးဖော်ဖို့ လိုတာတွေ ကလည်း အရမ်းမြင့်လိုက်တာ။ ဆေးပင်တွေက ပြဿနာ မဟုတ်ဘူး။ ဟန်တောင်တန်း မြို့တော်က တတိယအလွှာမှာ တချို့ ရှာတွေ့လာခဲ့လို့ သုံးခုလောက်ပဲ ကျန်တော့တယ်"
"ဒါပေမဲ့ ရုပ်နယ်လွန် အဆင့်မာန် စွမ်းအားရှင်နဲ့ အစွမ်းညီမျှတဲ့ သားရဲအရိုးက တစ်ခုပဲ ရှာတွေ့သေးတယ်"
မြေပြင်ပေါ်ရှိ ပါဝင်ပစ္စည်းများ ထဲမှ အနက်ရောင် အရိုးကို စုမင် ကောက်ယူလိုက်သည်။ ထိုအရိုးမှ ထွက်ပေါ်နေသော ကြက်သီးထဖွယ်ရာ ရှိန်ဝါသည် လွန်စွာပြင်းထန်၏၊ လက်ထဲတွင် ကိုင်ထားရုံဖြင့် စိမ့်နေအောင် အေးစက်နေစေ၏။
"ရုပ်နယ်လွန် အဆင့်မာန် စွမ်းအားရှင်နဲ့ အစွမ်းညီမျှတဲ့ သားရဲအရိုးတွေ လိုအပ်တယ်လို့ ပြောထားပေမဲ့ အချိန်ကန့်သတ်ချက် မပေးထားဘူး။ သားရဲ အရိုင်းကောင်ကို ငါကိုယ်တိုင် သတ်ပြီး အရိုးယူစရာ မလိုပါဘူး။ ဒီလိုသာဆိုရင် အများကြီးရှိချင်မှ ရှိလောက်ပေမဲ့ ငါဝယ်လို့ရတယ်"
"ဒါ့အပြင် သေခါနီး လူတစ်ယောက်လည်း ရှာရမယ်။ အဲဒီလူရဲ့ အစွမ်းနဲ့ပတ်သက်လို့ ဘာမှ ပြောမထားပေမဲ့ ဒီဆေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက အရမ်းရှာရ ခက်တာဆိုတော့ လူက ပိုသန်မာ အစွမ်းကြီးလေ၊ ဝိညာဉ်လုယက်ရဲ့ အရည်အသွေး မြင့်မားလေ ဖြစ်မှာပဲ။ သေခါနီး ရုပ်နယ်လွန် သမားတစ်ယောက်သာ ရှာတွေ့လိုက်လို့ ကတော့ ငါ့ရဲ့ ဝိညာဉ်လုယက် အစွမ်းဘယ်လောက်ကြီး လိုက်မလဲ သိချင်လိုက်တာ"
စုမင် မျက်လုံးတွေ တောက်ပသွားသည်။ သို့သော်မကြာလိုက်၊ သက်ပြင်းချသည်။ စိတ်ကူးယဉ်နေခြင်း ဖြစ်ကြောင်းလည်း သူသိသည်။ ဒီလိုကိစ္စမျိုးက မဖြစ်နိုင်ဘူးလေ။
"ဆေးဖော်ဖို့ မီးကိုလည်း ပုံမှန်မီးတောက်နဲ့ မရဘူး။ ဆေးလုံးကို နိုင်စီးငြှိမ်းသတ်ဖို့ အလောင်းကောင် တွေလိုတယ်။ အလောင်းကောင်တွေ ရဖို့ကတော့ နည်းလမ်းစဉ်းစား ပြီးပါပြီ။ ပုချန့်မျိုးနွယ်က သေခြင်း အရှိန်အဝါ တွေကို အသုံးပြုပြီး ကျင့်ကြံတာဆိုတော့ သူတို့ ကျင့်ကြံတဲ့ နေရာမှာသုံးဖို့ သိုလှောင်ထားတဲ့ အလောင်းကောင်တွေ အများကြီး ရှိမှာပဲ"
စုမင်သည် ထိုကိစ္စအား အနည်းငယ် အာရုံစိုက်ပြီးနောက် ဘေးဖယ် လိုက်တော့သည်။ ဝိညာဉ်လုယက် ဖော်စပ်ဖို့ ပါဝင်ပစ္စည်းတွေ အများကြီးလိုအပ် နေသေးတာပဲလေ။ ဒီကိစ္စမျိုးက အချိန်အကြာကြီး တွေးတောဆင်ခြင်ရန် လိုသည့် ကိစ္စဖြစ်၏။
"ငါ့ရဲ့စွမ်းအားတွေ ပြန်ကောင်းသွားပြီ။ တောင်တန်းဝိညာဉ်ကို သုံးပြီး စွမ်းအားတိုးအောင် လုပ်ရမယ်"
စုမင် အသက်ပြင်းပြင်း ရှူရှိုက်သည်။ အပြင်ဘက်တွင် မိုးရွာနေနိုင်ဆဲ ဖြစ်နိုင်သော်လည်း ဂူအတွင်း၌ အပူလှိုင်း ပျံ့နှံ့နေသည်။ ထိုအပူလှိုင်းမှာ ဆေးပင်များကို လောင်မီးမြှိုက် နေသည့် စုမင်၏ ညာဘက် လက်ဖဝါးမှ ထွက်ပေါ်လာသည့် မီးတောက်များမှ ဖြစ်၏။
ဤသည်မှာ ဆေးဖော်စပ်၊ သောက်သုံး ဆိုသည့် ပျင်းရိဖွယ်ရာ ဖြစ်စဉ်ဖြစ်သည်။ တောင်တန်းဝိညာဉ်က စုမင်၏ ချီ ထဲ ပျော်ဝင်သွားချိန်တွင် ခန္ဓာကိုယ်တွင်း တစ်ခုလုံးအနှံ့ လှည့်လည်စီးဆင်း သွားစေ၍ သွေးကြောများကို တည်ငြိမ်စွာ တိုးပွားစေသည်။
နောက်ထပ်တစ်ဖန်၊ စုမင်သည် ဂူအပြင်သို့ ထွက်ခဲလှသည်။ တစ်နေ့လုံး ဂူထဲတွင် အချိန်ကုန်နေရာ မျက်စိတစ်ဖျတ် အတွင်းလဝက် ကျိုးသွားခဲ့သည်။
လဝက်အတွင်း စုမင်သည် ဂူထဲမှ လုံးဝထွက် မသွားခဲ့ပါ၊ တောင်တန်းဝိညာဉ်အား ဖန်တီးရန် ဆေးပင် အလုံအလောက် ရှိနေပြီဖြစ်၏။ ထိုအချိန် တစ်ခုအပြီးတွင် စုမင်၏ ကိုယ်ခန္ဓာမှ သွေးကြောများမှ ၂၄၃ခုမှ ၂၄၉ခုအထိ တိုးပွားလာခဲ့သည်။
သူ၏ ကျင့်ကြံမှုနှုန်းမှာ တော်သင့်ရုံမျှ ဖြစ်၏။ အနည်းဆုံးတော့ တည်ငြိမ်မှု ရှိသည်။ သွေးကြောအပိုတစ်ခု ထွက်ပေါ်လာတိုင်း စုမင်က ကျင့်ကြံနေခြင်း အားရပ်တန့်သည်။ စိတ်ထဲမှ ကောင်းမွန်စွာ ထိန်းချုပ်ခြင်း သုံးကာ သွေးကြော အသစ်အား ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ပြီ ဆိုမှသာ ဆက်လက် လေ့ကျင့်သည်။
သွေးကြော တိုးပွားနှုန်းမှာ မမြန်ဆန်သော်လည်း စွမ်းအားများ ကတော့ နေ့နှင့်အမျှ တိုးပွားနေသည်။
သူ၏တိတ်ဆိတ် ငြိမ်သက်သည့်ကာလ တို့လည်း ပိုမိုတိုးမြင့် လာခဲ့၏။ အခုအချိန်တွင် စုမင်အား နက်မှောင်တောင်မှ တစ်စုံတစ်ယောက် မြင်လျှင်မြင်ချင်း မှတ်မိနိုင်မည် မဟုတ်ပေ။ ပြောင်းလဲသွားသည်မှာ သူ၏ ရုပ်ရည်သွင်ပြင် တစ်ခုတည်း မဟုတ်ဘဲ အရင်ကပုံစံနှင့် လုံးဝကွဲပြား ခြားနားသွားပြီ ဖြစ်သည်။
ထိုအချင်းအရာကား ပြောင်းလဲခြင်း ဖြစ်၏၊ ကြီးပြင်းလာမှု၏ သင်္ကေတဖြစ်၏။
မျက်လုံးအောက်ဘက် လက်နှစ်လုံး အကွာတွင် ခပ်ပါးပါး အမာရွတ် တစ်ခုရှိသည်။ ထိုအမာရွတ်အား ကုသနိုင်သော်လည်း စုမင်သည် မလုပ်ချင်ခဲ့ပါ။
မျက်နှာပေါ်မှ အမာရွတ်အား အမြဲတမ်းထိကိုင်၍ မှောင်မိုက်သောဂူတွင်းမှ အမှောင်ထုအား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
လဝက်လွန်မြောက်သည့်နေ့တွင် တောင်တန်းဝိညာဉ်အားမျိုချ၍ ဂူထဲတွင်ထိုင်ကာ ချီစွမ်းအင်အား လှည့်လည်လိုက်သည်။ ဆေးလုံးအရည်ပျော်သွားသည်နှင့်အမျှ ချီ အတွင်းသို့ ပျော်ဝင်စေချိန်တွင် အပြင်ဘက်မှ ခေါ်သံအား ကြားလိုက်ရသည်။
"နောင်ကြီး....နောင်ကြီး....."
စုမင်သည် ချက်ချင်းမလှုပ်ရှားပေ။ အချိန်နာရီအမြောက်အများလွန်မြောက်သွားသည်အထိ စောင့်ခဲ့သည်။ ညမှောင်သည့်အခါ ကောင်းကင်၌ လမင်းတောက်ပလာပြီး သူ့ခန္ဓာကိုယ်တွင်းသို့ တောင်တန်းဝိညာဉ် လုံးဝပျော်ဝင်သွားသည့်အခါ မျက်လုံးများကိုဖွင့်လိုက်သည်။ သူ့မျက်လုံးများမှာ လေးနက်သွားကာ ထရပ်၍ ကိုယ်ပေါ်တွင် တိရစ္ဆာန်သားရေထည်လွှမ်းခြုံကာ ဂူထဲမှ အေးအေးဆေးဆေးလျှောက်လှမ်းထွက်လာခဲ့၏။
မိုးစက်များကျဆင်းနေဆဲဖြစ်သော်လည်း ခပ်ဖွဲဖွဲမျှသာပင်။
မိုးသစ်တောနက်နေရာသည် စုမင်အား ဖန်းမု အော်ခေါ်နေသည့်နေရာနှင့်သိပ်မဝေးလှပေ။ မိုးစက်များက ဤနေရာတဝိုက်အား စိုစွတ်နေစေသည်။
စုမင်သည် သစ်ပင်ကြီးတစ်ပင်အပေါ် မတ်တတ်ရပ်၍ ပတ်ဝန်းကျင်အား လေ့လာသည်။ သည်တစ်ကြိမ် တွေ့ဆုံဖို့ ရွေးချယ်လိုက်သည့်နေရာဖြစ်သည်။ စုမင်သည့် သတိရှိသူဖြစ်သည့်အားလျော်စွာ ဖန်းမုအား ပထမဆုံးထွက်တွေ့ချိန်မှ စ၍ နောက်ပိုင်းတွေ့ဆုံမှုများအတွက် လုံခြုံသည့်နေရာအား အမြဲ ရွေးချယ်ခဲ့သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို အထိုက်အလျောက်ကာကွယ်မှုဖြစ်ပေါ်စေပြီး ရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ်စေ ထောင်ချောက်များမှလည်း ရှောင်လွှဲနိုင်ပေမည်။
စုမင်သည် ဝေ့ဝဲကြည့်ရှုကာ ညာဘက်လက်အား ဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် လရဲ့အတောင်ပံတို့၏ ဒြပ်မဲ့ဝိညာဉ်များအား ဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား လွှမ်းခြုံစေလိုက်ရာ ကောင်းကင်ထက်မှ လရောင်သည် ပို၍ တောက်ပလာသကဲ့သို့ပင်။
"ဖန်းမု ဒီကိုလာခဲ့"
အားလုံး လုပ်ဆောင်ပြီးသည်နှင့် စုမင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ့အသံက မကျယ်လှသော်လည်း စူးရှသည့် အင်အားတစ်ရပ်က ပတ်ဝန်းကျင်အား ပဲ့တင်ထပ် ပျံ့နှံ့သွားသည်။
သူ့အသံ ပျံ့လွင့် သွားသောအခါ စုမင်သည် နေရာတွင် ရပ်လျက် အမှောင်ထုထဲတွင် ပုန်းကွယ်နေခဲ့သည်။
မကြာလိုက်၊ ချိုးချိုးချွတ်ချွတ် အသံများ ထွက်ပေါ်လာသည်။ တခြားဘက် မိုးသစ်တော တစ်နေရာမှ လူတစ်ယောက်သည် စုမင်အနားသို့ ပြေးလာခဲ့သည်။
ဖန်းမု ဖြစ်သည်။ သူသည် စုမင်၏ လျှို့ဝှက် နက်နဲမှုနှင့် ထူးခြားသည့် အကျင့်တို့အား အသားကျ သွားပြီဖြစ်သည်။ အသံဖြင့် နေရာရှာ ရခြင်းကလည်း သူ့အတွက် မခက်ခဲတော့ပေ။ သူ ပေါ်ထွက်လာသည်နှင့် အမောတကော အသက်ရှိုက်ကာ စုမင်အား ကြည့်သည်။ သူ့မျက်လုံးထဲတွင် လူစိမ်းနှင့် အမှောင်ထုတို့က တစ်သားတည်း ပေါင်းစပ်သွားနေသည့် အလျောက် ဖန်းမုသည် ၎င်း၏ ကိုယ်ခန္ဓာ ကောက်ကြောင်းဖျဖျ ကိုသာ မြင်ရသည်။
"နှုတ်ခွန်းဆက်ပါတယ် ... နောင်ကြီးမော့"
ဖန်းမုသည် လက်သီးနှင့် လက်ဖဝါးတို့အား ထိကပ်ကာ စုမင်အား ဦးညွှတ် အရိုအသေပေးသည်။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် နောက်ကျောထက်မှ အိတ်ကြီးအား မြေပေါ်ချ၍ ဖွင့်လိုက်ကာ တိမ်လွှာမြက်ပင် အမြောက်အမြားကို လှစ်ဟပြသည်။
စုမင်က အိတ်အား တစ်ချက် ဝှေ့ကြည့်ကာ ဘေးနားမှ သစ်ပင်ပေါ်သို့ ညာလက်နှင့် ထိကပ်လိုက်သည်။ သစ်ပင်အခေါက်သည် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကာ ပင်စည်မှ ပြုတ်ကျလာသည်။ စုမင်က လက်ချောင်းများအား ထိုအထက်တွင် ဝှေ့ယမ်းလိုက်ရာ ဆေးပင်သုံးခု၏ ရုပ်ပုံတို့ ပေါ်လာသည်။
"ဒီသုံးခုထဲက တစ်ခုကို ရှာတွေ့ရင် မင်းကိုသုံးကြိမ် ကုသပေးမယ်။ အားလုံးကို ရှာတွေ့ပြီး ဒါမှမဟုတ်လည်း တန်ဖိုးချင်း တူညီတဲ့ အရာမျိုး ရှာပေးနိုင်ရင် မင်းရဲ့ဒဏ်ရာ တွေကို အပြီးတိုင် ပျောက်ကင်းအောင် ကုသပေးမယ်။" စုမင်က လေးလေးနက်နက် ပြော၏။
ဖန်းမု ဝမ်းသာသွားသည်။ သူ့ မျက်နှာထက်တွင် ဘာအမူအရာမှ မပြသော်လည်း နှလုံးသား တစ်ခုလုံး စိုးရိမ်ပူပန်မှုတို့ ပျံ့နှံ့သွား၏။ သို့သော် ကြောက်လန့်ခြင်းကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှု ကြောင့်သာဖြစ်သည်။ အကယ်၍ စုမင်နှင့် ပထမဆုံး တွေ့ဆုံရခြင်း ဖြစ်ပြီး စုမင် သည်စကားများကို ပြောခဲ့ပါက သူယုံမည် မဟုတ်ပေ။ သို့သော်လည်း အခုချိန် မှာတော့ ဖန်းမုရင်ထဲတွင် စုမင်၏ ယုံကြည် နိုင်ရခြေမှာ အများအပြား တိုးတက် မြင့်မားခဲ့ပြီး ဖြစ်၏။
ဖန်းမုက တိတ်ဆိတ်သွားလျက် ပြုံးကာ လုပ်ယူထားသည့် တည်ငြိမ်မှုဖြင့် " နောင်ကြီး၊ ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ။ ကျွန်တော့်ဒဏ်ရာ တွေကိုကျွန်တော် နားလည်ပါတယ်။ ဒါက မာန်ပညာရပ် တစ်ခုကြောင့်ပါ။ အဖေနဲ့ အကြီးအကဲတို့ တောင် အပြီးသတ် မဖယ်ရှား ပစ်နိုင်ပါဘူး။ သက်ရောက်မှု တွေကို ဖိနှိပ်ထားရုံ မျှသာဖြစ်ပါတယ်။ ဒီဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသလိုပေမဲ့ အရမ်းခက်ပါတယ်၊ ဟိုးအရင်နှစ် တွေက ကျွန်တော့်ကို အနာတရ ဖြစ်စေခဲ့တဲ့ လူကိုရှာပြီး သတ်မပစ်မချင်းပေါ့"
"ရှေ့တိုးလာခဲ့"
စုမင်က ခေတ္တ ရပ်တန့်သွားပြီးမှ အေးတိအေးစက် ပြောသည်။
ဖန်းမု နှလုံးသားမှာ အနည်းငယ် တုန်ယင်သွားသည်။ တွေဝေ တွန့်ဆုတ်ခြင်း ကင်းစွာဖြင့် ရှေ့တိုးသွားသည်။ စုမင်အနား ရောက်သွားသည့် အခိုက်အတန့်တွင် စုမင်သည် ညာလက်ကို မြှောက်ကာ ဖန်းမု၏ ပခုံးအား ဆွဲဆုတ်လိုက်သည်။ အအေးဓာတ်က လက်ဖဝါး မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။
ထိုအအေးဓာတ်တွင် အေးစိမ့်မှု ရှိန်ဝါတို့ ပါဝင်လေသည်။ ထိုအခြင်းအရာက ဖန်းမုအား တုန်ယင်စေသော်လည်း ထိုအေးစိမ့်မှု ပျောက်ကွယ် သွားသည်နှင့် အနွေးဓာတ် အဖြစ်ပြောင်းလဲကာ သူ့တစ်ကိုယ်လုံး အနှံ့ ဖြာဆင်းသွားသည်။
ဖန်းမုမှာ ထို အရှိန်အဝါအား အသေးစိတ် မခံစား မိလိုက်ခင် စုမင်က ပခုံးကို လက်လွှတ်ပြီးသား ဖြစ်နေသည်။ ဖန်းမုသည် စုမင်၏ သူတစ်ပါးနှင့် နီးနီးကပ်ကပ် ရှိရခြင်းကို မနှစ်သက်သည့် အကျင့်ထူးကို သိသောကြောင့် အနောက်သို့ အမြန် ခြေလှမ်းဆုတ်ကာ စုမင်အား စိုးရိမ်မှုတို့ ရင်ဝယ်ပိုက်၍ ကြည့်လေသည်။
"ငါ့မှာ ယုံကြည်ချက် အပြည့်အဝ မရှိဘူး။ ဖြစ်နိုင်ချေ ကတော့ ၁၀ပုံ ၇ပုံပဲ။ "စုမင်က တိုးညင်းစွာ ပြောသည်။
"၇ပုံ"
ဖန်းမု အသက်ပြင်းပြင်း ရှူရှိုက်ကာ မျက်နှာထက်၌ ပြတ်သားမှုတို့ ပေါ်ထွက်လာသည်။ ခေါင်းညိတ်၍ သစ်ခေါက်ပေါ်မှ ဆေးပင် သုံးခုအားကြည့်ကာ ပုံရိပ်များကို ခေါင်းထဲ၌ စွဲမြဲအောင် မှတ်ထားလိုက်သည်။
"ပြီးတော့ သားရဲအရိုး နှစ်ခုလည်း ရှာရမယ်။ အဲဒီအရိုး တွေက ရုပ်နယ်လွန် အဆင့်စွမ်းအား ရှိရမယ်။ " စုမင်က ဆက်ပြောသည်။
ဖန်းမုသည် ထိုအရိုးများအား မည်သည့်အတွက် လိုအပ်ကြောင်း စုမင်ကို မမေးပေ။ ခေါင်းညိတ်ကာ မှတ်သားလိုက် ပြန်သည်။
စုမင် စကားပြောပြီး တွေ့ဆုံမှုအား အဆုံးသတ်တော့မည့် ဟန်ပြင်သောအခါ သူ့မျက်နှာထက်တွင် လေးစားသော အမူအရာ ပေါ်ထွက်လာပြီး စုမင်ရှေ့တွင် လက်သီးဆုပ်နှင့် လက်ဖဝါးအား ထိကပ်လိုက်သည်။
"နောင်ကြီးခင်ဗျာ၊ ကျွန်တော် ဒီကိုမလာခင် ကျွန်တော့်အဖေက ဒါကို နောင်ကြီးဆီ ယူသွားပေးဖို့ မှာလိုက်ပါတယ်။ လက်ခံပေးပါ"
ပြောနေရင်းနှင့် ဖန်းမုသည် ရင်ဘတ်တွင်းမှ ခေါင်းလောင်းနက်အား ထုတ်ယူကာ စုမင်ရှေ့တွင်ပင် ခြေခွဲပစ်လိုက်သည်။ ပျက်စီးသွားသော ခေါင်းလောင်းမှ မြူမှုန်များ ထွက်လာကာ မကြာခင် ပျောက်သွားပြီး အဖြူရောင် သစ်သားသေတ္တာ ထွက်ပေါ်လာသည်။
သစ်သားသေတ္တာမှာ ဗြောင်ဖြစ်ပြီး ဖန်းမုက လက်နှစ်ဖက်နှင့် ကိုင်ထားသည်။
ဖန်းမုလည်း သစ်သားသေတ္တာ အကြောင်းသိချင်သည်။ သူ တောထဲဝင်မည့် သည်တစ်ကြိမ်တွင် အဖေက ရုတ်တရက် ရောက်လာပြီး သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ထို့နောက် ဖန်းမုအား မျိုးနွယ်ဝင်များ ခြံရံလျက် တောထဲသို့ လိုက်ပို့ပြီး မိုးသစ်တောတွင်းမှ စုမင်အား ပေးရန် ထိုပစ္စည်းအား ပေးခဲ့သည်။
"ဖွင့်လိုက်"
စုမင်မျက်လုံးတို့က သစ်သားသေတ္တာ အပေါ်ကျရောက် သွားသည်။ ခေါင်းလောင်းကွဲ သွားသောအခါ အံ့ဩသွား မပေမဲ့ မသိသာ လိုက်ပါ။
ဖန်းမုမှာ ထိုစကား ကြားသည်နှင့် သေတ္တာအား ချက်ချင်းဖွင့်လိုက်သည်။ အထဲမှာ ပါရှိသည့် ပစ္စည်းအား ကြည့်လိုက်ရာ ခေတ္တမျှ လန့်သွားသည်။ သစ်သားသေတ္တာ ထဲတွင် အရိုးနက်ဓား ရှိနေသည်။ ဓားမှ အေးစိမ့်သော ရှိန်ဝါထွက်ပေါ်လျက် အနီရောင် မျဉ်းကြောင်း ခပ်ဖျော့ဖျော့ ပါရှိနေသည်။ ထိုဓားသည် ဟန်တောင်တန်း မြို့တော်တွင် စုမင် လဲလှယ်ခဲ့သော ပစ္စည်းဖြစ်သည်။
ဓားကိုမြင်သော စုမင်မျက်နှာမှာ တည်ငြိမ်မြဲပင်။ ညာဘက်လက်ဖြင့် လေဟုန်အား ဆွဲယူလိုက်ရာ အရိုးဓားက ပျံသန်း၍ သူ့လက်ထဲ ရောက်ရှိသွားသည်။
"ငါ့အစား ကျေးဇူးတင်တယ်လို့ မင်းအဖေကို ပြောပေးပါ။"
စုမင်က သူ့အား ပြန်ပေးလိုက်သော ဓားကိုဆုပ်ကိုင်ကာ တိမ်လွှာ မြက်ပင်ထုပ်အား ဆွဲယူလိုက်သည်။ ခြေလှမ်းတစ်ချက်နှင့် အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့သည်။
ဖန်းမု စိတ်ရှုပ်သွားသည်။ ဒီဓားကို သူရင်းနှီးနေသည် ဖြစ်သော်လည်း စုမင်အား သူကိုယ်တိုင် လက်ဆောင်အနေဖြင့် ပေးထားသည့် ဓားက သူ့အဖေလက်ထဲ ပြန်ပေါ်လာပြီး စုမင်အား ပြန်ပေးလိုက်ရန် သူ့လက်ထဲ ထည့်ပေးခဲ့သည့် ကိစ္စရပ်များကို နားမလည် နိုင်တော့ပါပေ။
***