ပြေးပေတော့ အစ်ကိုကြီးရွှီ!
Vol. 9 Ch. 124
မိုးရာသီမှာ ဆက်လက်ဖြစ်ပေါ် နေခဲ့သည်။ ရက်အနည်းငယ် ကြာသော် မိုးစဲစပြု လာခဲ့သည်။ ရာသီကူးပြောင်း ထွက်ခွာရန် တွန့်ဆုတ် နေသကဲ့သို့ ခပ်ဖွဲဖွဲမျှ ကျဆင်း နေခဲ့သည်။
စုမင်မှာမူ ဤကဲ့သို့ အစိုဓာတ်နှင့် နေသားကျပြီး ဖြစ်၏။ ဟိုးအရင်နှစ် အနည်းငယ်အချိန် သည်ကို ရောက်ခါစလို နေရထိုင်ရ ခက်ခြင်း မဖြစ်တော့ပေ။ ဖန်းမုအဖေ၏ ဓားပြန်ပေးခြင်း ကလည်း သူ၏ ခန့်မှန်းချက်အား အတည်ပြုပေးကာ စိတ်ဓာတ်တက်ကြွ စေခဲ့သည်။ ထိုတက်ကြွမှု ကလည်း ဤကဲ့သို့ ထူးဆန်းစိမ်းသက်သော နယ်မြေအား ပို၍ ယုံကြည်စေခဲ့သည်။
ဖန်းမုအား မက်လုံးပေးခြင်း၊ ဓားနှင့်အခြား ပစ္စည်းများ လဲလှယ်ခြင်းနှင့် နောက်ဆုံး သူ့ထံသို့ ပြန်ရောက်ရှိလာခြင်း တို့က ပုံမှန်ဟု ထင်ရသော်လည်း အမှန်တွင် စုမင်၏ ပရိယာယ် ဖြစ်၏။ အမှောင်ထုထဲတွင် လျှောက်သွားရင်း သူ၏ လွှမ်းမိုး နိုင်စွမ်းအား တစတစ တည်ဆောက်ယူ နေခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက် ရှိရှိဖြင့် ဖန်းမုအဖေနှင့် ဆက်သွယ်မှုပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့် နှင့်ပတ်သက်၍ သံသယ ဝင်အောင် ပြုလုပ်ခဲ့သည်။
စုမင်သည် သင့်တော်သော စိတ်ကောင်းစေတနာကို ဖော်ပြခဲ့ပြီး ဖန်းမုအဖေ၏ ဓားပြန်ပေးခြင်းသည် ထိုစိတ်ကောင်း စေတနာအတွက် အဖြေဖြစ်သည်။ အသိအမှတ် ပြုခြင်းလည်း ဖြစ်သည်။
ဓားက သိပ် ဈေးမကြီးသော်လည်း လက်ဆောင်၏ နောက်ကွယ်တွင် ရှိနေသော အဓိပ္ပာယ်က ထူးခြားသည်။
စုတ်ပြဲနေသည့် အိတ်ထဲတွင် နေရာချပြီး သည်နှင့် စုမင်သည် အခြေချ၍ ဂူထဲတွင် ဆက်လက်ဆေးဖော်ကာ သူ၏ စွမ်းအားများအား ပုံမှန်လေး တိုးတက်သွားစေသည်။
လပေါင်းများစွာ ကုန်လွန်သွားသည်။ စုမင်ကိုယ်ပေါ်ရှိ သွေးကြောများမှာ ၂၆၀ကျော်အထိ တိုးမြင့်ခဲ့ပြီး ဖြစ်၏။ ဂူထဲတွင် ထိုင်နေစဉ် သူ့ခန္ဓာကိုယ်မှ သွေးနီရောင် အလင်း ထုတ်လွှတ်လျက် ရှိသည်။ မျက်လုံးများ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ မြူမှုန်နဂါး ခုနစ်ကောင်တို့ ထွက်ပေါ်လာကာ ဦးခေါင်းအထက်သို့ တက်သွား ကြသည်။
သိပ်မကြာ လိုက်ပါ။ မြူမှုန်နဂါး ခုနစ်ကောင် တို့သည် ဘာကြောင့် မှန်းမသိ၊ တုန်ယင်လာ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်မှုများ ပျောက်ဆုံးသွားသည်။ စုမင်၏ ဦးခေါင်းထက်၌ အသံကျယ်ဖြင့် တစစီ ပေါက်ကွဲသွားပြီး နေရာအနှံ့သို့ မြူမှုန်တန်းများ ပျံ့နှံ့သွားကာ စုမင်အား မျက်လုံးတို့ အသာအယာ ပွင့်လာစေသည်။
သူ့မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်တို့ ခေတ္တမျှ ပေါ်ထွက်လာခဲ့သည်။ ညာဘက်လက်အား အသာအယာ မြှောက်ကာ မြူမှုန်တန်းတို့အား ဖမ်းဆွဲလိုက်သည်။ တုန်ယင်မှု ရပ်တန့်သွားကာ စုမင်လက်ထဲတွင် စုစည်းသွား ပြီးသည့်နောက် လက်ဖဝါးထဲတွင် ပျော်ဝင်သွားကာ ပျောက်ကွယ် သွားတော့သည်။
စုမင်မျက်နှာမှာ မည်းမှောင်လျက် ခပ်ဖြည်းဖြည်း ထရပ်ကာ ဂူဝသို့ ထွက်လာခဲ့သည်။ အပြင်တွင် သူရပ်နေခဲ့စဉ် ကောင်းကင်က မှောင်မိုက် နေခဲ့သည်။ ကောင်းကင်ထက်တွင် လမင်း ခပ်မြင့်မြင့် သာလျက် တိမ်လွှာပါးပါးတို့ ရှိနေဆဲ ဖြစ်သော်လည်း လရောင်ဖျဖျ ကတော့ မြေပြင်ပေါ် ကျရောက်လျက် ရှိသေးသည်။
စုမင်သည် နေရာတွင် မတ်တတ်ရပ်လျက် သူ့မျက်နှာထားက ပို၍ တည်ငြိမ်လာသည်။ ချီစွမ်းအားများသည် ထိန်းချုပ်နိုင်မှု ကင်းမဲ့ကာ ပြောင်းပြန် လည်ပတ်စပြု လာခဲ့သည်။ လေပြည်တို့ တိုက်ခတ်နေခြင်း မရှိသော်လည်း လေထဲတွင် ဆံပင်တို့ လွင့်ပျံနေခဲ့သည်။ သို့သော် အနောက်ဘက်သို့ လွင့်နေခြင်း မဟုတ်ဘဲ နားရွက်မှ ဖြတ်ကျော်လျက် မျက်နှာရှေ့တွင် လွင့်မျောနေခြင်း ဖြစ်သည်။ ဆွဲစုပ်ယူငင် နိုင်သော အစွမ်းရှိသည့် ထူးခြား ဆန်းကြယ်သည့် ပစ္စည်းတစ်ခုက စုမင်၏ ဆံပင်များအား ဆွဲယူ နေသကဲ့သို့ ဖြစ်သည်။
မြေပြင်ပေါ်ရှိ ရေအိုင်ထဲမှ သဲနှင့် ကျောက်တုံးများလည်း ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့ပြီး ရေအိုင်ထဲတွင် လှိုင်းကြက်ခွပ်တို့ ဖြစ်ပေါ်လာ ခဲ့သည်။ ၎င်းတို့ရွေ့လျား လာသော် ချိုးချိုးချွတ်ချွတ် အသံငယ်တို့ ထွက်ပေါ်လာခဲ့သည်။ လေဟုန် တိုက်ခတ်နေခြင်း မရှိသော်လည်း ပုပ်ဆွေးနေသည့် သစ်ကိုင်းတို့နှင့် သစ်ရွက်များ လည်း ထူးဆန်းစွာဖြင့် လေထဲသို့ လွင့်မျောသွားကြသည်။
စုမင်မျက်လုံးများ တောက်ပသွားသည်။ ကောင်းမွန်စွာထိန်းချုပ်ခြင်းသို့ ဝင်ရောက်လျက် သူ့ကိုယ်ခန္ဓာ ဘေးပတ်ဝန်းကျင် တစ်ဝိုက်သို့ လွှမ်းမိုးမှုများအား ဖြန့်ကြက်ကာ ချီစွမ်းအင်၏ ကယောက်ကယက် ဖြစ်မှုအား နှိမ်နင်းလိုက်သည်။ အဝေးမှ ကောင်းကင်ကို စိုက်ကြည့်သောအခါ လေးနက်စွာ တွေးတောနေသည့် ရုပ်သွင်က မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့သည်။
"ဒါက ရုပ်နယ်လွန် အဆင့်ရှိတဲ့ မာန်စွမ်းအားရှင် တစ်ယောက် သုံးလိုက်တဲ့ မာန်ပညာရပ် တစ်ခုပဲ။ ဘယ်သူပဲဖြစ်ဖြစ်၊ ငါနဲ့သိပ် မဝေးဘူး။ မဟုတ်လျှင် ဒီသက်ရောက်မှုကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်မှာ မဟုတ်ဘူး"
အဝေးရှိ ကောင်းကင်ယံမှ ဆူညံသော အသံကျယ်တို့ ထွက်ပေါ်လာရာ စုမင်အာရုံစိုက် မိသွားသည်။
ထိုအသံများ နောက်မှ ရှည်လျားသော လျှပ်စီးကြောင်းက မိုးကောင်းကင်အား ဖြတ်သန်းကာ စုမင်နှင့် အနည်းငယ် ဝေးကွာသည့် နေရာတွင် တည်ရှိသည့် မိုးသစ်တော အတွင်း တောင်တန်း အနောက်ဘက် တစ်နေရာအား တစ်ဟုန်ထိုး သုတ်ဆင်းသွားသည်။
ထိုဦးတည်ရာ အရပ်မှာ မိုးသစ်တော၏ နက်နဲသော အပိုင်းများသို့ဖြစ်၏။ စုမင်သည် ထိုနေရာသို့ တစ်ခေါက်ရောက်ဖူး၏၊ ထိုနေရာရှိ စိုထိုင်းစမှာ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ပို၍ များပြားထူထပ်သည်။ ရာသီဉတုကြောင့် မဟုတ်ဘဲ ထိုနေရာရှိ လေထုကိုက ငြီးစီစီဖြစ်လျက် အသက်ရှူလိုက်တိုင်း ရင်တုန်စေသည်။ ထိုနေရာတွင် အနေကြာလေလေ ချီလှည့်ပတ် နိုင်ရန်ပါ ခက်ခဲလေဖြစ်သည်။
အဆိပ်ရှိသော လေထုပင် ဖြစ်လေ၏။
ထို့ကြောင့်ပင် စုမင်သည် ထိုနေရာ၌ ခြေချမိစ ကတည်းက ရပ်တန့်၍ လှည့်ထွက်ခဲ့ပြီး ဘယ်တော့မှ ထပ်မသွား တော့ပေ။
ထိုသို့ တစ်ဟုန်ထိုး သုတ်ဆင်းသွားသည့် လျှပ်စီးကြောင်းရှည် ထဲတွင် လူပုံရိပ် တစ်ခုပါရှိသည်။ စုမင်သည် ထိုလူမျက်နှာအား သေချာမမြင်ရ။ ထိုလျှပ်စီးမှ အလင်းက ဖျော့တော့သဖြင့် မကြာခင် သေဆုံးသွားတော့မည် အရိပ်အယောင်ပင်ဖြစ်သည်။ ထိုလူသည် ရှေ့ဆက်သွားနေရင်း သွေးများလည်း အန်သည်။
ထိုလူ့ခန္ဓာကိုယ်မှ ရုပ်နယ်လွန် အဆင့်၏ အငွေ့အသက်ဖျဖျ ရသော်လည်း ထိုအရာမှာ မယုံနိုင်လောက်အောင် တည်ငြိမ်မှုတို့ ပျောက်ဆုံးနေခဲ့သည်။ ထို့ကြောင့် သည်လူက သွေးကြောကျောက်သား အဆင့် အထွတ်အထိပ်ကို ကျော်လွန်သွားသော်လည်း ရုပ်နယ်လွန် ကျင့်စဉ်၏ အစဦးပိုင်း အဆင့်တွင် ရှိနေသေးသူဟု စုမင်ကို ထင်မြင်မိစေသည်။
"ဒါက"
စုမင်မျက်လုံး တို့လက်သွားပြီး မျက်နှာတည်သွားသည်။ ဓားအိမ်ကို ထားခဲ့သော ဓားသွားကဲ့သို့ ညာလက်ကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရာ ရုတ်ခြည်း ဆိုသလို လရဲ့အတောင်ပံတို့ ထွက်ပေါ်လာကာ သူ့အား ဝန်းရံလိုက်သည်။
စုမင် လှုပ်ရှားတော့မည့် ဆဲဆဲ နောက်ထပ် လျှပ်စီးကြောင်း တစ်ခုသည် အမှောင်ထုထဲသို့ ထိုးဆင်းသွားပြန်သည်။ လျှပ်စီးကြောင်းရှည်မှာ ထူထပ်သည့် မြူမှုန်များနှင့် လွှမ်းခြုံထား သကဲ့သို့ဖြစ်သည်။ ၎င်းထိုးဆင်း လာချိန်တွင် ထိုအထဲတွင် လူတစ်ယောက် ရှိနေသည်ကို စုမင် မြင်လိုက်သည်။ သူ့မျက်နှာအား ရှင်းလင်းစွာ မမြင်ရသော်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင် များမှာတော့ ဖုံးဖိ၍ မရနိင်ပါ။
ထိုသူ ကောင်းကင်ပေါ်မှ ထိုးဆင်းလာသည်နှင့် ၎င်းခြေဖဝါး အောက်ရှိ အနက်ရောင်မြူမှုန် တို့မှာ တုန်ခါလာသည်။ ထိုလူသည် ညာလက်ကို ပင့်မြှောက်၍ အဝေးတွင် ရပ်နေသော စုမင်အား လက်ညှိုးညွှန်လိုက်သည်။ သူ၏ လိုက်လံ ဖမ်းဆီးမှုသည် မလွယ်ကူခဲ့ပါ။ လမ်းတစ်လျှောက်တွင် လူအများနှင့် တွေ့ကြုံရခြင်းကြောင့် ပို၍စိတ် အနှောင့်အယှက် ဖြစ်ခဲ့သည်။ ထိုလူများ အားလုံးလည်း အသတ်ခံခဲ့ရပြီး ချီစွမ်းအင်များ လူယူခံရကာ ထိုသို့ဖြင့် ၎င်းခြေဖဝါး အောက်ရှိ မြူမှုန်နက်တို့မှာ ပို၍ မြန်ဆန်စွာ ခရီးသွား နိုင်ခဲ့သည်။
သူသည် စုမင်တစ်ယောက် ဂူထဲတွင် ရှိနေစဉ် ကတည်းက စုမင်အား သတိပြုမိပြီး ဖြစ်သည်။ သူ့အတွက်တော့ သွေးကြောကျောက်သား အဆင့်၇မျှ သာမန်မာန် စွမ်းအားရှင်လေးအား သတ်ဖြတ်ရန် အလွယ်လေး။ ဘာမှအများကြီး တွေးမနေဘဲ လက်ညှိုးလေးတစ်ချက် ညွှန်ရုံမျှဖြင့် သူ၏အသက်အား ရယူလိုက်တော့မည်။
သို့သော် ထို့သို့ လက်ညှိုးညွှန် လိုက်မည့်အခိုက်တွင် အနက်ရောင် မြူမှုန်များကြားမှ လူ၏မျက်နှာပျက် သွားသည်။ ထိုအခိုက်တွင် တောင်စဉ်တန်း ပေါ်ရပ်လျက်ရှိသည့် စုမင်၏ခန္ဓာကိုယ်မှ ခံစားလိုက်ရသည့် ရှိန်ဝါတစ်ရပ်က သူ့ကို သိမ့်ခနဲ တုန်သွားစေသည်။
ထိုသို့ လန့်ဖျပ်သွားမှုက ကိုယ့်ကိုကိုယ် ဒီထက်ပိုပြီး ပြဿနာ မဖြစ်လိုတော့စိတ် ဖြစ်ပေါ်လာသည်။ အေးစက်စွာ ဟမ့်ခနဲ အသံပေး၍ သူ့လက်ကို ဖယ်ရှားလိုက်ကာ ထွက်ပြေးနေသူ ကိုသာ အာရုံစိုက်၍ ထပ်မံလိုက် ပြန်လေတော့သည်။
စုမင် ရပ်နေရင်း နဖူးထက်မှ ချွေးစေးများ ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာက အနည်းငယ် သွေးဆုတ်ဖြူရော် နေသော်လည်း မျက်လုံးများကမူ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။ ထိုအခိုက်အတန့်လေး အတွင်း လရဲ့အတောင်ပံ တို့အား နည်းနည်းလေး နောက်ကျ၍ သက်ဝင်နိုးထ စေလိုက်သည်နှင့် ထိုလူ၏ လက်ညှိုးလေး တစ်ချောင်းက သူ့အားဒုက္ခ အကြီးအကျယ် ရောက်စေတော့မည် ဖြစ်၏။ မသေရင်တောင် ရလဒ်ကောင်းမည် မဟုတ်ပေ။
"ဒါ ရွှမ်းလွမ်ပဲ"
စုမင် အသက်ပြင်းပြင်း ရှူရှိုက်ပြီး မျက်လုံးတို့ လက်ဖြာသွားသည်။ ဘယ်သူမှန်း သေချာမခွဲခြား နိုင်သော်ငြား အေးတိအေးစက် လှောင်ပြုံးသံကိုကား ရင်းနှီးနေခဲ့သည်။ ဟန်တောင်တန်း မြို့တော်တွင် ရွှမ်းလွမ်အပေါ် ကောက်ချက်ချမှုက အတော်လေး လေးနက်ခဲ့သောကြောင့် သူ့နှလုံးသား ထဲတွင် စွဲမြဲမှတ်မိ နေခဲ့ခြင်းဖြစ်သည်။
"သူလိုက် နေတဲ့သူက ဟယ်ဖုန်းပဲ"
စုမင်သည် တိတ်ဆိတ်သွားလျက် မိုးသစ်တောနက် အတွင်းသို့ စိုက်ကြည့်လိုက်သည်။ လျှပ်စီးကြောင်း နှစ်ခု၏ အကွာအဝေးမှာ တဖြည်းဖြည်း တိုးကပ်လာသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။ ထို့နောက် အသံကျယ်ကြီး နှင့်အတူ နှစ်ယောက်သား ရင်ဆိုင်တိုက်ခိုက် မိတော့သည်။
"ဟယ်ဖုန်း သတိလစ်သွားတယ်။ သူ့ကို ခေါ်သွားတာ ဟန်ဖေးကျစ်ပဲ။ သူ့ကိုဒီမှာ ထပ်တွေ့ရမယ်လို့ မထင်မိဘူး။ သူက ရွှမ်းလွမ်နောက်က လိုက်ခံရတာ တင်မကဘူး။ ဒီမှာတင် ထိုးဖောက်အောင်မြင် သွားတာပဲ။ ရွှမ်းလွမ် သူ့ကိုဒီအထိ လိုက်ခဲ့ရတာ အံ့ဩစရာ မရှိဘူး။ ဟယ်ဖုန်းသာ ထိုးဖောက်အောင်မြင်ခြင်း မရှိခဲ့ရင် ဒီကိုလာတဲ့ လမ်းမှာတင် သေသွားလောက်ပြီ"
စုမင်မျက်နှာမှာ သုန်မှုန်သွားသည်။ အစက သည်ကိစ္စနှင့် သူက ဘာမှ သက်ဆိုင်ခြင်းမရှိ။ သို့သော် မိုးသစ်တောသည် သူတို့နှစ်ယောက် တိုက်ခိုက်သောနေရာ ဖြစ်လာသည်။ စုမင်သာ မမြန်လျှင် ရွှမ်းလွမ်၏ မဆင်မခြင် အပြုအမူကြောင့် သူတို့ တိုက်ပွဲအတွင်း ပါဝင် နေရပေပြီ။
"အေး ကောင်းပြီလေ ကြည့်ရတာ ဒီမှာနေလို့ မဖြစ်တော့ဘူး ထင်တယ်"
စုမင် သက်ပြင်းချသည်။ ဂူထဲသို့ အမြန်ပြန်ကာ ပစ္စည်းအားလုံးကို စုတ်ပြဲနေသည့် အိတ်ထဲသို့ သိမ်းကျုံးထည့်၍ တောင်ခြေရှိ မိုးသစ်တော အတွင်းသို့ တစ်ဟုန်ထိုး ပြေးလွှားသွား ခဲ့လေသည်။
"ဟယ်ဖုန်းက အခုလေးတင် ထိုးဖောက် အောင်မြင်သွားပြီ ဆိုပေမဲ့ ရွှမ်းလွမ်ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ ရွှမ်းလွမ် သူ့ကို သတ်ပြီးတာနဲ့ ဒီအတိုင်း ထွက်သွားရင် တော်သေးတယ်၊ ဒါပေမဲ့ ပြန်လှည့်လာပြီး ငါ့ကို ဒုက္ခပေးရင် ... ငါ စွန့်စားလို့ မဖြစ်ဘူး"
စုမင် ဆုံးဖြတ်ချက် ချပြီးပေပြီ။ တောတွင်းသို့ ဖြတ်သန်းပြေးလွှားကာ သူ၏ အစီအစဉ် အတိုင်း လုပ်ဆောင်ရန် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုသို့ ဦးတည်လိုက်သည်။
ဒီလိုလုပ်ခြင်းအားရဲ့ သူ့ရဲ့ အစီအစဉ်တွေ ကစဉ့်ကလျား ဖြစ်ကုန်တယ် ဆိုပေမဲ့လည်း ...
စုမင် စိတ်ဓာတ် ကျသွားသည်။ ဒါက သူနှင့်ဘာမှ မဆိုင်ဘူးလေ၊ ဒါပေမဲ့ အချိန်မှား နေရာမှားမှာ ဓားစာခံ ဖြစ်သွားရလေပြီ။
မိုးသစ်တောမှာ သဘာဝ အကာအကွယ် ဖြစ်၍ ဆေးပင်ဆေးမြစ် တွေလည်း ပေါများသည်။ စုမင်သည် ဤနေရာကို နောက်ချန် ထားခဲ့ရန် တွေဝေနေခဲ့သည်။
"ဒါပြီးရင် ပြန်လာလို့ ရရင်ရမှာပါ …"
စုမင်ပြေးလွှား နေသည်နှင့်အမျှ အတွေးတစ်ခုကြောင့် ရပ်တန့်လိုက်သည်။ အခုန ဖြစ်ခဲ့သည့် ကိစ္စကြောင့် ရွှမ်းလွမ်အား အနည်းငယ်မျှ ပို၍နားလည် လာခဲ့သည်။ ထိုလူကား စိတ်ထားပုံသေ မရှိသူတစ်ယောက် ဖြစ်၏။
သူပြေးနေရင်း သူ့နောက်တွင် စူးစူးရှရှ အော်ဟစ်သံများနှင့် တကွ ထစ်ချုန်းသံများ မြည်ဟိန်းလျက်ရှိသည်။
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်။ မိုးသစ်တောက ဒီလောက်ကြီးတာ၊ သွားစရာ နေရာတွေ အများကြီး ရှိပါရက်နဲ့ ဟယ်ဖုန်းက ဘယ်လိုလုပ်ပြီး ဒီကို အထူးတလည် လာခဲ့တာလဲ တိုက်ဆိုင်မှု သက်သက်ဖြစ်ပါစေ လို့မျှော်လင့်ရမှာပဲ"
စုမင်၏ မျက်လုံးတို့ တစ်ချက် လက်ဖြာသွား၏။
"ဒါသာ တိုက်ဆိုင်တာ မဟုတ်ခဲ့ရင် ဟယ်ဖုန်းက ရွှမ်းလွှမ်ကို ရည်ရွယ်ချက် ရှိရှိနဲ့ ဒီနေရာကို မျှားခေါ်လာ ခဲ့တာပဲ။ ဒီမှာ သူ့တိုက်ပွဲကို ကူညီနိုင်တဲ့ တစ်ခုခုရှိနေလို့ များလား"
စုမင် ဘယ်လောက်တွေးတွေး အဖြေ မရလာပါ။ သူ့ခြေထောက်များက ပို၍ လျင်မြန်စွာ ရွေ့လျားကြသည်၊ ဤသို့ဒုက္ခ များမြောင်သော အရပ်မှ ထွက်ပြေးလွတ်မြောက် လုဆဲဆဲ၌ မိုးသစ်တော၏ နက်ရှိုင်းသော အပိုင်းမှနေ၍ ထစ်ချုန်းသံကြီးများ ကြားမှ စိတ်သောက ရောက် ညှိုးနွမ်းနေသည့် အသံက သူ့နောက်တွင် ပျံ့နှံ့လာခဲ့၏။
ထိုအသံမှာ ထူးခြားသည့် မာန်ပညာရပ်ကို သုံးထားသည့် အသံဖြစ်သည်မှာ သေချာသည်။ ထိုးဖောက်နိုင်သော အစွမ်းပါဝင်၍ အဝေးသို့ ရောက်ရှိနိုင်ရာ ထိုတိုက်ပွဲနှင့် အဝေးကြီးသို့ ရောက်ရှိနေပြီး ဖြစ်သော စုမင်ပင် ကြားရလေသည်။
"ကျုပ် ရွှမ်းလွမ်ကို ထိန်းထားမယ် ပြေးပေတော့ ... အစ်ကိုကြီးရွှီ ကျုပ်မှာ တောင်းဆိုစရာ တစ်ခုပဲရှိတယ်။ ကျုပ် အဲဒီနေရာမှာ ဝှက်ထားတဲ့ ပစ္စည်းကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အစ်ကိုယူလိုက် ပါတော့ဗျာ"
ထိုအသံက ဘေးပတ်လည်အား ပဲ့တင်ထပ် ပျံ့နှံ့သွားသော်လည်း အဝေးကြီးအထိ မရောက်လိုက်ပါ။ ပြေးလွှားနေသည့် စုမင်ထံသို့ တည့်တည်မတ်မတ် ရောက်ရှိလာခဲ့ရုံ။
"ဟမ် ဟမ် ... ရူးမိုက်လိုက်တာ"
မိုးသစ်တောနက် အတွင်း ဟယ်ဖုန်းနှင့် စက်ဆုပ်စွာ မဲ့ပြုံးပြုံးလျက် ဆက်လက်တိုက်ခိုက် နေသော်လည်း သူ၏လက်ညှိုးအား ပင့်မကာ အဝေးမှ စုမင်အား လက်ညှိုးညွှန်လိုက် လေတော့သည်။
ထိုသို့ လက်ညှိုးညွှန် လိုက်သည့် အခိုက်အတန့်တွင် သူ့ဘေးမှ အနက်ရောင် မြူမှုန် အခိုးအငွေ့များသည် အာဃာတ ကြီးမားသော ဝိညာဉ်တစ်ကောင်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြုံးဝါးသံကြီး ဟစ်အော်ကာ စုမင် ရှိနေရာသို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။
ပြေးလွှားနေရင်းဖြင့် စုမင်မျက်လုံး ထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တို့ ပေါ်ပေါက်လာသည်။ ဘာတွေ ဖြစ်နေသည်ကို သူတွေးတော နိုင်သွားပြီဖြစ်၏။ ထိုဟယ်ဖုန်းသည် အလွန်အကြံ ကြီးမားစွာဖြင့် စုမင်အား သူ့ကို ကူညီသည့် အင်အားတစ်ရပ် အဖြစ် အသုံးချလိုက်ခြင်း ဖြစ်သည်။
ဒီနေရာမှ လွတ်မြောက်သွားလျှင်ပင် လိုက်လံတိုက်ခိုက် ဖမ်းဆီးခြင်းဒဏ်မှ လွတ်မြောက်ရန်လမ်း ကင်းမဲ့လေပြီ။
သူ့စကားထဲတွင် ဟာကွက်များစွာ ပါဝင်နေသော်လည်း ထိုသည်ကို ဟယ်ဖုန်း မမှုကြောင်း စုမင် သိပါသည်။ ရွှမ်းလွမ်အား ကြားစေချင် ရုံမျှသာဖြစ်၏။ ရွှမ်းလွမ်သည် ထိုစကားများအား အလိမ်အညာမှန်း သိနေလျှင်သော်မျှ သံသယဝင်ကာ ဒီဘက်ကိစ္စ ပြီးသည်နှင့် စုမင်အား လိုက်သတ်မည်မှာ သေချာသည်။
"ခွေးကောင်"
စုမင် လက်သီးကျစ်ကျစ် ပါအောင်ဆုပ်သည်။ ဤသို့ စိမ်းသက်သော နေရာဒေသအား ရောက်ရှိလာချိန် မှစ၍ သူ့အတွက် အားလုံးအဆင်ပြေ ခဲ့သည်။ သို့သော် သူဘယ်လောက် သတိထားထား၊ နိုးနိုးကြားကြားရှိရှိ၊ အကောက်ကြံခြင်းတွင် ကျွမ်းကျင်သူများနှင့် ယှဉ်လျှင် ပြိုင်ဘက် မဟုတ်သေးပေ။
စုမင်သည် အနောက်ဘက်သို့ အသာအယာ ခေါင်းလှည့် ကြည့်ခဲ့သည်။ သူ့နောက်တွင် အနက်ရောင် မြူမှုန် အခိုးအငွေ့များမှ ဖြစ်ပေါ်လာသည့် အာဃာတ ကြီးမားသော ဝိညာဉ်၏ မျက်နှာသည် စူးရှသော အော်မြည်သံဖြင့် စုမင်အနားသို့ တိုးကပ်လာ နေခဲ့သည်မှာ စုမင်နှင့် ပေ(၁၀၀၀)မျှပင် မဝေးတော့ပါပေ။
***