ဟယ်ဖုန်း ကျူပ်ကဒီမှာ
Vol. 10 Ch. 125
"ဟယ်ဖုန်း... ဘယ်လောက်တောင် ဉာဏ်များလိုက်တဲ့လူလဲ။ ဒါပေမယ့် သူ့ကို ငါက ကူညီမယ်လို့ ဘာကြောင့်သေချာနေရတာလဲ။ ငါသူ့ကို တစ်ခါပဲ တွေ့ဖူးသေးတာ၊ ပြီးတော့လည်း အဲဒါက ညဉ့်သန်းခေါင်အချိန်ကြီး တည်းခိုခန်းထဲမှာ"
"ငါက မိုးသစ်တောထဲမှာရှိနေမယ်ဆိုတာရော သူဘယ်လိုသိလဲ။ ရွှမ်းလွမ်ရဲ့ အကျင့်စရိုက်နဲ့ဆို ငါအပြင်ကိုထွက်လာရမှာပဲဆိုတာ သူသိနေမှာပေါ့"
"ငါ ဒီကိစ္စထဲ ဝင်ပါမှာမဟုတ်ဘူးဆိုတာလည်း သူသိနေရမယ်။ ဘာမှမလုပ်ပဲ နေရင်နေ၊ မနေရင် ထွက်သွား အဲဒါပဲရှိတာ။ ငါထွက်သွားတော့မယ်လို့ သဘောပေါက်သွားတာနဲ့ သူအဲဒီစကားတွေ ပြောလိုက်တာပဲ"
"တိုက်ဆိုင်မှုသက်သက်ပဲဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါက အရမ်းကိုတိုက်ဆိုင်လွန်းနေတယ်"
"ရွှမ်းလွမ် အာရုံထွေပြားသွားအောင် ငါ့ကို အသုံးချလိုက်တာပဲ။ ငါသေချာပေါက် ပြန်တိုက်မှာကို သူသိတယ်၊ ငါ့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတာကိုလည်း သူသိတယ်။ ပထမတစ်ခုက မြူခိုးနက်တွေကနေ ဖြစ်ပေါ်လာတဲ့ အာဃာတကြီးမားတဲ့ ဝိညာဉ်မျက်နှာကို ဖျက်ဆီးလိုက်ရင် ငါ့ကိုယ်ငါ ကာကွယ်ဖို့နဲ့ ရှေ့ပြဿနာတွေကို ရှောင်ရှားဖို့ ရွှမ်းလွမ်နဲ့တိုက်တဲ့ပွဲမှာ
သူက အလိုက်သင့်ဝင်ပါမယ်"
"ငါက သူ့ဆန္ဒအတိုင်းမလိုက်လျောပဲ ရွှမ်းလွမ်ကိုကူညီခဲ့ရင်လည်း သူ့ရဲ့ ဆိုးဝါးယုတ်မာတဲ့ ပန်းတိုင်ကို ရောက်ဖို့ အရံအစီအစဉ်တစ်ခု ရှိကိုရှိထားရမယ်"
"ငါ့ရဲ့ ဒုတိယရွေးချယ်မှုကတော့ ဝိညာဉ်မျက်နှာကို ဖျက်ဆီးပြီးတာနဲ့ ထွက်သွားတာပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ငါက သူ့စကားတွေ မှန်ကန်ကြောင်းကို သက်သေလုပ်ပေးသလိုဖြစ်ပြီး ငါ့အတွက် ပြဿနာတွေအများကြီး ဖြစ်သွားလိမ့်မယ်။ ရွှမ်းလွမ်ကိုလည်း အာရုံထွေပြားသွားစေမယ်။ တစ်ကယ်တမ်းပြောရရင် ဟယ်ဖုန်းဆီမှာ ရွှမ်းလွမ်စိတ်ပြောင်းသွားပြီး ငါ့အသက်ကိုပဲ လိုချင်စိတ်ရှိတော့တာမျိူး ဖြစ်လာစေမယ့် နည်းလမ်းတောင် ရှိချင်ရှိနေဦးမှာ"
"ဒါ့အပြင် ဟယ်ဖုန်းက မိုးသစ်တောထဲ ရုတ်တရက်ရောက်လာပြီး ငါ့ကို အလစ်ငိုက်ဖမ်းတယ်။ ရွှမ်းလွမ်ရဲ့တိုက်ခိုက်မှုကို ဟန့်တားဖို့ ငါက လရဲ့အတောင်ပံတွေကို မဖြစ်မနေ နိုးထစေရလိမ့်မယ်။ ဒါပေမယ့် ဒီလိုလုပ်တာကိုက ငါ့ကိုယ်ငါ ဟယ်ဖုန်းအကွက်ထဲရောက်အောင် ထိုးထည့်နေမိသလို ဖြစ်နေပြီ။ အခု ငါသေချင်ယောင်ဆောင်နေရင်တောင် ရွှမ်းလွမ်က ငါ့ကိုယုံမှာ မဟုတ်ဘူး"
"ဒါက သေနိုင်တဲ့ထောင်ချောက်ပဲ ဟယ်ဖုန်း... ငါတို့ကြားမှာ ရန်ငြိုးမရှိပဲနဲ့ မင်းကိုယ်မင်း ကာကွယ်ဖို့ ငါ့ကိုသုံးလိုက်တယ်ပေါ့။ အကြီးအကဲပြောခဲ့တဲ့ လူတွေရဲ့ သဘာဝကိုက ယုတ်မာတတ်တယ်ဆိုတာ အံ့သြစရာမဟုတ်ဘူးပဲ"
ဤတစ်ကြိမ်သည် စုမင်အနေဖြင့် အကြီးအကဲ၏ဆုံးမစကားကို ရှင်းလင်းပြတ်သားစွာ နားလည်လိုက်သော ပထမဆုံးအကြိမ်ဖြစ်သည်။ မိမိတွင် ရန်လိုစိတ်မရှိပါလျှင် ပြဿနာများအားလုံး၊ ဒုက္ခအလုံးစုံတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု သူ တွေးထင်ခဲ့ဖူးသည်။ ယခုတောင်မှ စုမင်အနေဖြင့် ဟယ်ဖုန်းအပေါ် ဘာ မလိုမုန်းထားမှုမှ မရှိပါပဲနှင့် သူတို့နှစ်ဦးသည် ပီဘိသူစိမ်းများ ဖြစ်နေသည်တောင် ဟယ်ဖုန်းတွင် စုမင်အသက်ကို ရန်ရှာသည့်နည်းလမ်းများ သေချာပေါက်ရှိနေခဲ့သည်။
ဟယ်ဖုန်းနှင့် နှိုင်းယှဉ်လိုက်လျင် စုမင်က လူ့လောကအတွေ့အကြုံ နည်းပါးလွန်းသူဖြစ်သည်။ တစ်ချိူ့နေရာများတွင် တစ်ပါးသူတို့အပေါ် ဗျူဟာများချမှတ်၍ တုန့်ပြန်တိုက်ခိုက်နိုင်သည် ဆိုသော်ငြား သူကြုံဖူးသည်ဆို၍ မျိူးနွယ်စုအား အန္တရာယ်ကျရောက်ခြင်းနှင့် ရှန့်ဟန်၏ သစ္စာဖောက်မှုလေးသာ ရှိသေး၏။ လူတို့၏ အတွင်းစိတ်သန္တာန်တွင် တည်ရှိနေသည့် ယုတ်မာကောက်ကျစ်တတ်သော သဘာဝအား တစ်ခါမျှ တွေ့ကြုံဖူးခြင်း မရှိသေးပေ။
သည်ကိစ္စမဖြစ်ခင်ကတော့ စုမင် ဟယ်ဖုန်းအား သနားမိခဲ့သည်။ "ဒါတွေအားလုံး ဖြစ်လာရတာ၊ ငါက သိပ်အားနည်းလို့ပဲ။ ငါသာ ဒီထက်ပိုပြီး အင်အားကြီးမားရင်၊ ဟယ်ဖုန်းက ငါ့အပေါ် အကောက်ကြံဖို့ စီစဉ်ရဲမှာမဟုတ်ဘူး"
ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်မျက်နှာကြီး အနားတိုးလာနေချိန်၌ပင် စုမင်ခေါင်းထဲ အတွေးတစ်ခုပေါ်လာခဲ့သည်။ အန္တရာယ်အား မျက်မှောက်ရင်ဆိုင်တွေ့ဆုံနေရချိန်တွင် စုမင်အစွမ်းကုန်စဉ်းစား တွေးတောနေခဲ့၏။ ယခုလောလောဆယ် အချိန်တွင်တော့ သူ၏စွမ်းအားဆိုသည်များက လျင်မြန်စွာ တွေးတောနိုင်ခြင်းနှင့် မြန်ဆန်စွာ ပြုမူလှုပ်ရှားနိုင်ခြင်းတို့လောက် သူ့အား သည်ထောင်ချောက်ထဲမှ လွတ်မြောက်အောင်အကျိူးပြုနိုင်မည် မဟုတ်ကြပေ။
"ငါတိုက်ခိုက်လို့ မနိုင်ခဲ့ရင် ငါ့ကို အသုံးချခံရမယ်။ ငါပြေးလို့မလွတ်ခဲ့ရင် အသတ်ခံရမယ်။ ငါရှုံးရင် ငါသေတာမသေချာမချင်း ငါသေသွားပြီဆိုတာကို ရွှမ်းလွမ်က ယုံမှာမဟုတ်ဘူး။ ဟယ်ဖုန်း... မင်းက ငါ့ရဲ့လမ်းသုံးသွယ်လုံးကို ပိတ်ပစ်လိုက်မှတော့ စတုတ္တမြောက်လမ်းကြောင်းကို ငါကိုယ်တိုင် ဖောက်ထွက်ပြရတာပေါ့"
စုမင် မျက်လုံးများတောက်ပသွားသည်။ စူးရှသောမာန်ဖီသံနှင့် ဝိညာဉ်မျက်နှာကြီး အနားတိုးကပ်လာသော အခိုက်အတန့်တွင် စုမင်လက်ထဲ၌ အရိုးနက်ဓားသွား ပေါ်ထွက်လာသည်။
သူက နောက်မဆုတ်သည့်အပြင် ခြေတစ်လှမ်းပင် ရှေ့ထပ်တိုးလိုက်သေး၏။ ထိုသို့ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်ရှိ လမင်းက ရုတ်တရက်လင်းချင်းတောက်ပလာကာ စုမင်ကိုယ်ပေါ်သို့ ဖြာကျလျက် မီးတောက်များအသွင် ပြောင်းလဲသွားစေ၏။ ထိုအခြင်းအရာက စုမင်တစ်ကိုယ်လုံးအား မီးတောက်များဖြင့် လွှမ်းခြုံစေလျက် သူရှေ့တိုးလာသောအခါ သူ့ခန္ဓာကိုယ်ကပင် မီးပင်လယ်ကြီးသဖွယ် ဖြစ်နေတော့သည်။
ဝိညာဉ်မျက်နှာအား ဓားဖြင့်ခုတ်လိုက်ရာ ဓားချက်ဝှေ့ယမ်းကျဆင်းလာသည်နှင့် စုမင်ဘေးတွင် လ၏အတောင်ပံ သတ္တဝါများထွက်ပေါ်လာကာ စုမင်တစ်ကိုယ်လုံးကို ဝန်းရံထားလိုက်ကြသဖြင့် စုမင်အား လေထဲတွင် ရပ်တည်နေသကဲ့သို့ ဖြစ်နေစေသည်။ မည်သူမျှ မမြင်ရသော်လည်း သူ့ခြေထောက်အောက်တွင်တော့ လ၏အတောင်ပံများ ရှိနေကြသည်သာ...
စုမင်၏ဓားက ဝိညာဉ်မျက်နှာနှင့် ထိမိသွားရာ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ စုမင် သွေးပွက်ပွက်အန်၍ နောက်ဆုတ်လိုက်ရသည်။ သူ့လက်ထဲမှဓားသည် ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစ ကြေမွသွားကာ တစ်ခဏတွင်းချင်းမှာပင် အမှုန့်များအဖြစ် လေထဲလွင့်ပါသွားကြသည်။ ဒြပ်မဲ့တည်ရှိမှုဖြစ်သော လ၏အတောင်ပံ ဝိညာဉ်များသည်လည်း အနည်းငယ်တုန်လှုပ်သွားကြသော်ငြား ပြယ်လွင့်မသွားပဲ စုမင်ကိုသာ ပိုမိုသိပ်သည်းစွာ ဝန်းရံလိုက်ကြသည်။
စုမင်သွေးအန်၍ နောက်ဆုတ်လိုက်ချိန်တွင် ဝိညာဉ်မျက်နှာမှာ စူးစူးရှရှအော်မြည်လျက် လေထု၏ စုတ်ဖြဲခြင်းခံလိုက်ရသကဲ့သို့ မြူခိုးငွေ့များအဖြစ် ပြောင်းလဲကာ လွင့်ပျံသွားတော့သည်။
"ဟယ်ဖုန်း ညီနောင်... ပြေးပေတော့ အခု ကျူပ်လုပ်ရပ်တွေ မှားမှန်းသိပြီး နောင်တရနေပါပြီ။ ကျူပ်အသက်သေချင် သေပါစေ၊ ရွှမ်းလွမ်ကို ကျူပ်ရအောင် တားဆီးထားပါ့မယ်"
စုမင်အသံက အရှေ့သို့ ပျံ့လွင့်သွားချိန်၌ သူလည်း အရှေ့သို့ တစ်ဟုန်ထိုးပြေးထွက်လာခဲ့သည်။ လ၏အတောင်ပံများဝန်းရံ၍ မိုးသစ်တောနက်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲရှိရာဆီသို့ စုမင် တစ်ဟုန်ထိုး ပြေးလွှားသွားလိုက်သည်။
ရွှမ်းလွမ်နှင့် တိုက်ခိုက်နေသော ဟယ်ဖုန်းသည် ထိုစကားများကို ကြားလိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်မိသော်လည်း အသက်ဘေးနှင့်ရင်ဆိုင်နေရခြင်း ဖြစ်၍ စဉ်းစားနေချိန်မရှိခဲ့ပေ။ စုမင်၏ မျက်မှောက်မှာပင် ရွှမ်းလွမ်သည် အေးစက်စွာပြုံးလျက် အမည်မဲ့စွမ်းအင်တစ်ခုကို အသုံးပြုကာ အနက်ရောင်မြူခိုးတို့အား တစ်ဝက်စီကွဲသွားစေပြီး စုမင်ထံတိုးဝင်လာစေသည်။
ထက်ခြမ်းခွဲခံလိုက်ရသော မြူခိုးများ၏ တစ်ဝက်မှ စူးရှ၍ကြေကွဲနေသော အသံများထွက်ပေါ်လာသည်။ လူသေကောင် ဆံမျှင်များကဲ့သို့ အသွင်ဖြင့် စုမင်အားဝိုင်းပတ်ကာ လည်ပင်းအစ်၍ သေစေတော့မတတ် ခန္ဓာကိုယ် အပေါ်ပိုင်းအထိ ပျံ့နှံ့လာခဲ့၏။
မြူခိုးမျှင်များသည် မိုးကဲ့သို့ သိပ်သည်းလှပြီး အမှောင်ထုကြောင့် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန် ခဲယဉ်းလှသည်။ ရေတွက်မရနိုင်အောင် များပြားသည့် ချည်မျှင်တို့က ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံရင်း ထိစပ်သွားကာ စုမင်အား ရစ်သိုင်းလိုက်သည်မှာ ပိထူ၏ စိမ်းလန်းကြိုးမျှင် မာန်ပညာရပ်နှင့်ပင် တူနေသေးတော့၏။
ကျယ်လောင်သော မြည်ဟည်းသံတို့ လေထုကို ဖြတ်သန်းပျံ့လွင့်လာခဲ့ပြီး စုမင်တစ်ကိုယ်လုံးအား လုံးဝရစ်ပတ်သွားလေတော့သည်။ ၎င်းဆံမျှင်တို့မှာ ပို၍သိပ်သည်းထူထပ်လာကာ ဆံမျှင်လုံးကဲ့သို့ ပုံသဏ္ဍာန်မျိူးပြောင်းလဲသွားသည်။
ထိုအရာမှာ အမြင့်ပေ ဒါဇင်ချီသည်။ ၎င်း၏မျက်နှာပြင်တွင် ရစ်ခွေနေသော ဆံချည်မျှင်များ မရေမတွက်နိုင်အောင်ရှိပြီး အထဲရှိ မည်သည့်အရာကိုမှ မမြင်ရနိုင်အောင် ကျပ်တည်းစွာ ပိတ်ကာထားသည်။ အထဲမှ စူးရှသည့်အော်ဟစ်သံကိုသာ ကြားနေရလေသည်။
ထိုအသံက စုမင်အသံ ဖြစ်သည်။
ဆံမျှင်လုံး၏ အောက်ခြေသို့ လတ်လတ်ဆတ်ဆတ်သွေးများ ကျဆင်းလာသည်။ သွေးမှာ အများကြီးမဟုတ်သော်လည်း ထိုမြင်ကွင်းကပင် ကြောက်မက်ဖွယ် ကောင်းနေလှချေပြီ။
ထိုမြင်ကွင်းက ဟယ်ဖုန်းအား ထိတ်လန့်သွားစေသည်။ သူ အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ရွှမ်းလွမ်က အလွတ်မပေးပဲ အေးစက်တင်းမာသော အပြုံတစ်ခုဖြင့် တိုးကပ်လာခဲ့သည်။ သူ၏ ညာလက်ကိုလည်းမြှောက်၍ ဆံမျှင်လုံးအား လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
"သူက မင်းအဖော်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ့ရဲ့ ငွေမှင်ဆံနွယ်မှာ အမိခံလိုက်ရတာနဲ့ သူက..."
ရွှမ်းလွမ်ပင် စကားပြော၍ မဆုံးလိုက်၊ လေထဲတွင် လွင့်မျောနေသော ဆံမျှင်လုံးမှာ ရွှမ်းလွမ်၏ လက်ညှိုးဖြင့်ညွှန်၍ ပျက်ပြယ်စေသည့်အမိန့်ကြောင့် တစ်ဖြည်းဖြည်း လွင့်ပါးသွားခဲ့သည်။
သိ့သော် ရွှမ်းလွမ် ကြက်သေသေသွားခဲ့၏။ ဆံမျှင်လုံး ပွင့်ဟလာချိန်တွင် အထဲ၌ စုမင်ရှိမနေခဲ့ပေ။ ဆံမျှင်လုံးမှာ ဗလာဖြစ်နေခဲ့ပြီး ဆံချည်မွေးများပေါ် ကျဆင်းနေခဲ့သော သွေးစက်အနည်းငယ်သာရှိနေခဲ့သည်။
ဟယ်ဖုန်းပင်လျှင် မင်သက်သွားရသည်။
သူတို့၏ မျက်စိရှေ့တည့်တည့်မှာပင် စုမင်သည် အမြီးတောင်မမြင်ရပဲ ပျောက်ကွယ်သွားခဲ့၏။ သူတို့နှစ်ယောက်လုံး သတိမပြုမိလိုက်ပေ။ လေထဲတွင် ပျံ့လွင့်သွားသကဲ့သို့ပင် အမည်မသိ အစွမ်းတစ်ခုအားသုံး၍ ထိုဆံမျှင်လုံးအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားသည်မှာ ထင်ရှားပေသည်။
ဖြသ်ပျက်သွားသည့်အရာက မြန်ဆန်လွန်းသောကြောင့် တိုက်ခိုက်နေသော လူနှစ်ယောက်မှာ တိတ်ဆိတ်သွားလေတော့သည်။
ဟယ်ဖုန်း မျက်နှာပျက်သွားသည်။ အတွင်းစိတ်ထဲ၌ အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်း မပြုနိုင်သော်လည်းတစ်ခုခုကို သိနေသကဲ့သို့ လှုပ်ရှားလိုက်သည်။ ရွှမ်းလွမ်အခြားဘက်လှည့်နေစဉ် ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရွှမ်းလွမ်က ဒေါသတကြီးဖြင့် လိုက်ဖမ်းလေတော့သည်။
လေထဲသို့ အသံကျယ်ကြီးများ ပျံ့နှံ့လာပြန်သည်။ အတန်ကြာသော် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံကြီး ပျံ့လွင့်လာခဲ့ပြီး ဟယ်ဖုန်းသွေးအန်လိုက်ရသည်။ သူ့တစ်ကိုယ်လုံးအား အနီရောင်မြူခိုးများလွှမ်းခြုံလျက် မျက်နှာက ဖြူရော်နေသောကြောင့် သေအံ့မူးမူးအနေအထား ဖြစ်နေသည်မှာ ထင်ရှားလို့နေသည်။ ထို့နောက် အသံကျယ်ကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ဟယ်ဖုန်း ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်ပြုတ်ကျလာသည်နှင့် သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင်မှာ တောက်ပလွန်းသောကြောင့် သတ်ဖြတ်လိုစိတ် ပြင်းပြစွာဖြင့် ဟယ်ဖုန်းအား လိုက်လံဖမ်းဆီးနေသော ရွှမ်းလွမ်၏ မျက်လုံးများကိုပင် ကျဉ်းမြောင်းသွားစေသည်။
ဟယ်ဖုန်း၏ချီတို့မှာ စူးရှသောအလင်းရောင်ဖြင့် တောက်ပနေပုံပေါ်ပြီး တစ်ဟုန်ထိုးပြေးထွက်သွားချိန်တွင် အမှောင်ထုကိုပင် အလင်းပေးနိုင်သည့် နေမင်းတစ်စင်းကဲ့သို့ ဆက်လက်တောက်ပနေခဲ့သည်။ သူ၏အရှိန်နှုန်းသည် အဆပေါင်းများစွာ တိုးမြင့်လာခဲ့ပြီး လျင်မြန်လွန်းစွာဖြင့် အဝေးသို့ ပြေးလွှားရောက်ရှိသွားခဲ့သည်မှာ ရွှမ်းလွမ်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
ရွှမ်းလွမ် မျက်နှာပျက်သွားသည်။ ဟယ်ဖုန်းနောက်သို့ အမြန်လိုက်ပါမသွားခင် သူ၏ညာလက်ကိုမြှောက်၍ ခန္ဓာကိုယ်ပေါ်မှ အချိူ့နေရာများကို ထိကပ်လိုက်သည်။ မကြာမီမှာပင် ထိုနှစ်ယောက်လုံးသည် အလင်းတန်းရှည်များအသွင်ပြောင်းလျက် မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့သည်။
အချိန်များ တစ်ဖြည်းဖြည်းကုန်လွန်နေခဲ့သည်။ တစ်နာရီကြာပြီးနောက်တွင် တိတ်ဆိတ်မှုအလယ်၌ မိုးသစ်တော တောစပ်တစ်နေရာရှိ အနံ့ဆိုးများထွက်လျက်ရှိသော ရွံ့နွံအိုင်တစ်ခုအတွင်းမှ လက်တစ်ဖက်ထွက်လာခဲ့သည်။ ထိုလက်မှာ လူသေကောင်လက်ကဲ့သို့ ခြောက်ကပ်နေပြီး ရုန်းရင်းကန်ရင်းဖြင့် ရွှံ့ထဲမှ လူတစ်ယောက် ထွက်လာခဲ့သည်။
ထိုလူ့တွင် မည်သို့သော အမွေးအမျှင်မှ ရှိမနေပဲ သူ၏ပါးပြင်များမှာ ပိန်ချူံးလျက် အရိုးစုတစ်ခုနှင့်တူပြီး မျက်လုံးများမှာ ညို့မှိုင်းနေခဲ့သည်။ ထိုသူသည် ရွှံ့နွံထဲမှ ထွက်လာပြီးသည်နှင့် အားအင်အကုန် သုံးစွဲထားသူတစ်ယောက်လို မောပန်းစွာ အသက်ရှူရှိုက်နေတော့သည်။
ဟောဟဲလိုက်နေရင်းပင် ထိုလူ၏နှုတ်ခမ်းထောင့်မှလည်း သွေးများကျဆင်းလာခဲ့သည်။ ထိုသွေးများမှာ မည်းနက်၍ ဆိုးဝါးသော အနံ့များ လှိုင်လှိုင်ထွက်ပေါ်နေကြသည်။
"ရွှမ်းလွမ်... ငါ့မှာ အရံအစီအစဉ်ရှိတာ မင်းမသိပါဘူး။ ငါ့အသက်ကိုလိုချင်တဲ့ မင်းအတွက် ငါအပြည့်အဝ စီစဉ်ထားပြီးသားပါ"
"ဟန်ဖေးကျစ်တောင် ငါ့မှာရှိနေမှန်းမသိတဲ့ ဓားစာခံရုပ်သေးတစ်ကောင်ကို အလဟသ ဖြုန်းတီးခဲ့သလိုတောင် ဖြစ်သွားပြီ။ ဒီရုပ်သေးကို အသုံးပြုလိုက်လို့ သွေးနဲ့ ဘဝသက်တမ်း အများကြီး ဆုံးရှုံးသွားရတယ်။ ဒါပေမယ့် ငါအသက်ရှင်နေသေးတာပဲ တော်ပါပြီလေ။ မင်းကတော့ ငါ့လက်ထဲမှာပဲ သေရမှာပါ။ အဖေ၊ အမေ၊ ပြီးတော့ ငါ့လူတွေအားလုံး... မင်းတို့အတွက် ငါလက်တုံ့ပြန်ပေးမယ်"
ထိုခြောက်ကပ်နေသော လူသားမှာ ဟယ်ဖုန်းဖြစ်ပြီး သူမသေသေးပါချေ။
"ထူးဆန်းတဲ့လူငယ်လေးက အမည်မသိနည်းလမ်းသုံးပြီး ထွက်ပြေးလွတ်မြောက်သွားတာတော့ နှမြောစရာပဲ။ မဟုတ်ရင် ငါ့အစီအစဉ်တွေက ပိုပြီးတောင် ပြည့်စုံသွားဦးမှာ၊ ပြီးတော့ ငါလည်း အခုလောက်ထိ အားနည်းနေမှာ မဟုတ်ဘူး"
"မြန်နိုင်သမျှ မြန်မြန်သက်သာအောင် လုပ်ရမယ်။ ဓားစာခံရုပ်သေးရဲ့ အရှိန်နှုန်းနဲ့ဆိုရင် ရွှမ်းလွမ် သူ့ကိုမိဖို့ ရက်တော်တော်ကြာ လိုက်ရလိမ့်မယ်။ တစ်ခုခုမှားနေတာ သိတာနဲ့ ပြန်လာရင် ငါ့မှာအချိန်မရှိတော့ဘူး"
"ဒါပေမယ့် ငါဘာမှန်းမသိတဲ့ အခြေအနေကြီးကနေ ရုန်းထွက်မှဖြစ်မယ်။ ဟန်ဖေးကျစ်ပြောတဲ့ နည်းလမ်းက တစ်ကယ်အလုပ်ဖြစ်တာပဲ"
"သွေးကြောတွေကို တစ်ခုတည်းဖြစ်သွားအောင်မလုပ်နဲ့။ သွေးကြော ၉၅၀အထက် ပျံ့နှံ့ဖြာဆင်းခြင်းမလုပ်နဲ့။ အဲလိုသာဆို အန္တရာယ်နဲ့ကြုံလာရင်တောင် စွမ်းအားတွေပွင့်ထွက်လာပြီး သေခါနီးအခြေအနေ ကျရောက်လာရင် ရုပ်နယ်လွန်အဆင့်တက်ဖို့ အခွင့်အရေးရှိလာနိုင်တယ်"
"ငါ့စွမ်းအားတွေ ပြန်သက်သာလာတာနဲ့အမျှ ရုပ်နယ်လွန်အဆင့် အစွမ်းထက် မာန်စွမ်းအားရှင်တစ်ယောက်ဖြစ်လာပြီး ငါ့ကိုယ်ပိုင် မာန်အမှတ်အသားကို ဆွဲနိုင်လိမ့်မယ်။ ဟန်ဖေးကျစ်ရဲ့ အကူအညီနဲ့ဆိုရင် ဝိညာဉ်နက်၁၆ကောင် ဂိုဏ်းအဆင့်လောက်ကို ရောက်သွားလိမ့်မယ်"
ဟယ်ဖုန်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ အလွန်အင်မတန် အားအင်ကုန်ခမ်းနေသောကြောင့် သူလှုပ်ရှား၍ မရနိုင်သေးပေ။ ရွှံ့နွံထဲတွင် ရှိနေစဉ်က စွမ်းအားများပြန်လည်ရရှိခြင်း ဖြစ်စဉ်သည် နှေးကွေးလွန်းပြီး ရွှမ်းလွမ် သိရှိသွားမည်ကို စိုးရိမ်၍ အချိန်အကြာကြီး နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သည်လောက်အထိ ခက်ခဲစရာအကြောင်းအရင်း မရှိပေ။
ယခုအချိန်တွင်တော့ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မြေပြင်ထက်တွင် လဲလျောင်း၍ ဖြည်းညင်းစွာ ကုသရန်သာဖြစ်သည်။
"သုံးရက်ပဲ လိုတာပါ"
ဟယ်ဖုန်း ခက်ခဲကြီးစွာဖြင့် ညာလက်နှင့် ရင်ဘတ်ထဲသို့နှိုက်လိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ အလင်းရောင် တဖျတ်ဖျတ်တောက်ပနေသော ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုပုလင်းမှာ ကြည်လင်လွန်းသဖြင့် ထုတ်ချင်းပေါက်နီးပါး မြင်နေရပြီး
အတွင်းထဲရှိ အရည်များကိုပင် မြင်နေရလေသည်။
ပုလင်းအဖုံးအား သွားနှင့်ကိုက်ဖွင့်တော့မည် အလုပ်တွင် ဟယ်ဖုန်းတစ်ကိုယ်လုံး တောင့်မတ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးက လှုပ်ရှားမရနိုင်ပုံဖြင့် ငြိမ်သက်သွားခဲ့လေသည်။ ကြက်သီးမွေးညင်းများ ထလာပြီး အန္တရာယ်ဟူသော အငွေ့အသက်က သူ့အာရုံကို အပြင်းအထန်ရိုက်ခတ်လာခဲ့သည်။ သူ့ကို ထိတ်လန့်ကြောက်ရွံ့သွားစေသော အရင်းအမြစ်သည် ဆောင်းရာသီတွင်တိုက်ခတ်သော လေပြည်များသဖွယ် အေးစက်နေသောအသံဖြစ်သည်။
"ဟယ်ဖုန်း... မင်း ကျူပ်ကို ကျေးဇူးတင်သမှုနဲ့ ပေးမယ်ပြောထားတာကို လာယူတာပါ"
ဟယ်ဖုန်း ရင်တုန်သွားသည်နှင့်အမျှ သူနှင့်သိပ်မဝေးလှသော မိုးသစ်တောတစ်နေရာမှ လျှောက်ထွက်လာသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ့ထံမှ မည်သို့မျှ ပျော်ဆင်းမသွားနိုင်မည့် ရေခဲပြင်ကဲ့သို့ အေးသက်တင်းမာသော အရှိန်အဝါတစ်ရပ်ထွက်ပေါ်နေသည်။ ထိုသူ ထွက်လာသောအခါ မယုံနိုင်ဖွယ် ဖိအားတစ်ရပ်လည်း ပျံ့နှံ့လာခဲ့သည်။
ထိုသူက စုမင်ပင်ဖြစ်သည်။
*****
(စာစဉ်က ခုနေ့ကစလို့ page မှာ အရင်လိုတစ်ရက်ခြား နှစ်ပိုင်းမဟုတ်ပဲ တစ်နေ့ တစ်ပိုင်းတင်ပေးသွားပါမယ်)