← Chapters

နောက်ဆုံး မေးခွန်းတစ်ခု

Vol. 10 Ch. 126

နောက်ဆုံး မေးခွန်းတစ်ခု

Vol. 10 Ch. 126

မိုးသစ်တောအတွင်းမှ အနံ့ဆိုးများသည် ရှည်ကြာညောင်းသော လေထုစိုစွတ်မှုနှင့် သစ်ပင်သစ်ရွက်များ ပုပ်သိုးမှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သာ ၎င်းအနံ့များကို ရှူသွင်းမိပါက အားအင်နည်းပါး၍ အစွမ်းမဲ့ခြင်းဖြစ်တတ်သည်။ ထိုအနံ့ဆိုးတို့ ရှိရာနေရာတွင် အကြာကြီးနေထိုင်မိပါက ခန္ဓာကိုယ်တွင်းမှ ချီတို့သည်လည်း ဖျတ်လတ်ခြင်းမရှိ ထိုင်းမှိုင်းသွားစေသည်။ တစ်ဖြည်းဖြည်းနှင့် နုံးချိသွားစေပေလိမ့်မည်။

ထို့ကြောင့် အနီးအနားတစ်ဝိုက်ရှိ မျိူးနွယ်စုတို့မှာ သည်နေရာတစ်ဝိုက်တွင် ဆေးပင်ဆေးမြစ်ရှာဖွေခြင်းတို့ ပြုလုပ်ခဲလှသည်။ အမှန်တစ်ကယ် စွမ်းအားထက်မြက်သော မာန်စွမ်းအားရှင်တို့သာလျှင် လိုအပ်သည်များ ရှာဖွေရန် တောထဲဝင်ရောက်ချိန်တွင် ချီများကို အဆက်မပြတ်လှည့်ပတ်၍ အနံ့ဆိုးများထဲတွင် ပါဝင်သည့် အဆိပ်အတောက်များကို ကာကွယ်နိုင်ကြသည်။

ထိုအခိုက်တွင် ဟယ်ဖုန်းသည် အနံ့ဆိုးတို့ နံဟောင်နေသော မိုးသစ်တောနက်အတွင်း အချိန်ကြာမြင့်စွာ မလှုပ်မယှက်နေခဲ့ရသည်။ သူ၏ မျက်လုံးသူငယ်အိမ်တို့ လှုပ်ခတ်သွားသည်။ ယခု သူ့ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် အားအင်နည်းပါးသော အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်၍ ပြန်တိုက်ခိုက်နိုင်စရာ လမ်းလုံးဝမရှိချေ။

အမှန်စင်စစ်တွင် ရွှမ်းလွမ်သည် ရုပ်နယ်လွန်အဆင့် အစွမ်းထက်မာန်စွမ်းအားရှင် ဖြစ်သည့်အားလျော်စွာ သူ၏ ဉာဏ်စွမ်းရည်များသည်လည်း အများထက် သာလွန်ထူးခြားသည်သာ ဖြစ်၏။ အကယ်၍ ဟယ်ဖုန်းက သူ့ကို လိမ်ညာလှည့်ဖြားလိုပါလျှင် တူညီသည့် တန်ရာတန်ကြေးတစ်ခုတော့ ပေးရပေမည်။ သူအားအင်ပြတ်လပ်၍ ရွှမ်းလွမ်က စိတ်ချလက်ချ ဖြစ်သွားချိန်မှသာ ဟယ်ဖုန်း၏ နည်းလမ်းက အောင်မြင်နိုင်မှာ ဖြစ်သည်။

ယခု စုမင် ရုတ်တရက် ထွက်ပေါ်လာသည်ကိုမြင်ရာ ဟယ်ဖုန်း အလွန်တရာ ထိတ်လန့်သွားရသည်။ သို့သော်လည်း သူက သာမန်လူတစ်ယောက်တော့ မဟုတ်ခဲ့ပေ။ သူ့မျိူးနွယ်စုအပေါ် ကျရောက်ခဲ့သော ကပ်ဆိုးကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက် ကိစ္စတွေအများကြီး ဖြတ်သန်းကျော်ဖြတ်ခဲ့ရသူဖြစ်သည်။ ဘာပြီးလျှင် ဘာလုပ်ရမလဲဆိုသည်ကို တွေးတောထားဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးထားခဲ့ပြီးသူလည်း ဖြစ်သည်။

ထိုအခိုက်တွင် စိတ်လှုပ်ရှားနေမိသည်ဆိုသော်ငြား ချက်ချင်းဆိုသလိုပင် မျက်နှာကို ခံစားချက်ကင်းမဲ့သည့် ပုံစံသို့ ပြောင်းလဲပစ်လိုက်နိုင်သည်။ တစ်ယောက်ယောက်က သူ့မျက်နှာအား အကဲဖြတ်ကြည့်ရှုသည့်တိုင် အပြောင်းအလဲ တစ်စုံတစ်ရာ ရှာတွေ့နိုင်ရန် ခက်ခဲပေလိမ့်မည်။

"နောင်ကြီး... ကျေးဇူးပြုပြီး မနောက်ပါနဲ့ဗျာ။ ကျူပ်လည်း ဖိအားပေးခံရလို့ လုပ်မိလုပ်ရာ လုပ်ခဲ့မိတာပါ"

သူ့ထံ လျှောက်လှမ်းလာနေသော စုမင်အားကြည့်ကာ ဟယ်ဖုန်း ခါးသီးစွာ ပြက်ရယ်ပြုလိုက်သည်။ သူစကားပြောနေချိန်တွင် ထိုလူက ရပ်တန့်သွားခြင်းမရှိပဲ အနားသို့ တိုးကပ်လာနေဆဲ ဖြစ်သည်။ ဟယ်ဖုန်း၏ရင်မှာ ကဆုန်ပေါက် ခုန်လှုပ်လျက် ရှိနေသော်လည်း သူ၏ မျက်နှာထားမှာမူ အထီးကျန်ဆန်သော အရိပ်အငွေ့များနှင့် ခါးသီးစွာ ရှိနေဆဲဖြစ်သည်။

"ဘယ်လိုပဲ ရှင်းပြရှင်းပြ ခင်ဗျား ကျူပ်ကို အလွယ်တကူ ခွင့်မလွှတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ခင်ဗျား ကျူပ်ကို မသတ်ခင် ကျူပ်ရဲ့ ရှင်းပြချက်လေးကို နားထောင်ပေးနိုင်မလား"

"ကျူပ်အစက ရွှမ်းလွမ်ကို မသိပါဘူး။ ဒါပေမယ့် သူ့တပည့်နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ပြီး မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ်။ ကျူပ်မျိူးနွယ်စုဆီ အလည်ခေါ်ခဲ့မိပေမယ့် အဲဒါက ကပ်ဆိုးကြီးတစ်ခု ယူဆောင်လာမိတာ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ရွှမ်းလွမ် ပေါ်လာပြီး ကျူပ်မိဘတွေ၊ ကျူပ် ညီမလေးနဲ့ တစ်မျိူးနွယ်လုံးကို သတ်ဖြတ်သွားတယ်။ အခု ကျူပ်တို့က ကမ္ဘာမကြေ ရန်သူတွေဖြစ်နေကြပြီ"

"ကျူပ်သေလို့ မဖြစ်သေးဘူး နောင်ကြီး။ ကျူပ်က ဖိအားပေးခံရလို့ လုပ်မိသွားတာပါ။ လက်တုံ့ပြန်ရမယ့် တာဝန်ကြီးက ကျူပ်ပုခုံးပေါ်မှာ ပိနေတယ်။ ကျူပ်ကိုယ်ထဲမှာ ကျူပ်မျိူးနွယ်ဝင်တွေအားလုံးရဲ့ ဝိညာဉ်တွေ ကိန်းအောင်းနေကြတယ်။ သူတို့အတွက် ကျူပ်လက်တုံ့ပြန်ပေးမှာကို စောင့်နေကြတယ်"

"နောင်ကြီး ကျူပ်လုပ်ခဲ့တာ စက်ဆုပ်ဖွယ်ကောင်းမှန်း သိပါတယ်။ ဒါပေမယ့် ကျူပ်လည်း အခြားရွေးချယ်စရာ မရှိလို့ပါ။ ကျူပ်မှာသာ တစ်ခြား ရွေးချယ်စရာရှိရင် ခင်ဗျားကို ဒီကိစ္စထဲ ဆွဲမသွင်းပါဘူး"

ဟယ်ဖုန်းသည် ကြေကွဲစွာ ရယ်မောနေပြီး သူ့မျက်နှာထက်တွင် ရွှမ်းလွမ်အပေါ် အမုန်းတရားများဖြင့် တောက်လောင်နေခဲ့သည်။

စုမင်သည် ဟယ်ဖုန်းအရှေ့ ပေဒါဇင်ပေါင်းများစွာ အကွာတွင်ရပ်လျက် ခန္ဓာကိုယ်တွင်းမှ ချီကို လှည့်ပတ်ရင်း အရှေ့မှလူကို အေးတိအေးစက်ဖြင့် ကြည့်နေလိုက်သည်။ ဟယ်ဖုန်းနှင့် သူ ပထမဆုံး စတွေ့ခဲ့သည်က တည်းခိုဆောင်တွင်ဖြစ်သည်။ သူ့အဝတ်အစားက စုမင်၏ အာရုံအား ဖမ်းစားခဲ့၍ မိမိအိမ်အား လွမ်းဆွတ် သတိရစေသောကြောင့် စုမင် သဘောကျခဲ့ရသည်။

ဒုတိယအကြိမ် တွေ့ဆုံခြင်းက ဟန်တောင်တန်းမြို့တော်၏ တတိယမြောက်အလွှာတွင် ဖြစ်၏။ ဟယ်ဖုန်း ဟန်တောင်တန်းကြိုးတန်းအား စိန်ခေါ်ခြင်းကို တွေ့မြင်ခဲ့ပြီး သူ၏ ရည်ရွယ်ချက်ပြတ်သားမှုနှင့် စိတ်ဆုံးဖြတ်ချက် ခိုင်မာမှုအားလည်း တွေ့မြင်ခဲ့ရသည်။ ဟယ်ဖုန်း မိဘများ၏ ဝိညာဉ်အား ရွှမ်းလွမ် ဖျက်ဆီးလိုက်သည်ကိုလည်း တွေ့မြင်ခဲ့ရပြီး ဟယ်ဖုန်း ရင်ကွဲနာကျ၍ သွေးအန်သည်ကိုလည်း တွေ့ခဲ့ရသည်။

ထိုအချိန်တွင် စုမင်၏ မျက်လုံးထဲ၌ သနားခြင်း အရိပ်အယောင်များ ရှိမနေခဲ့သော်လည်း သူ့နှလုံးသားထဲတွင်တော့ တစ်လှေတည်းစီးနေကြသူများဟု ခံစားမိခဲ့ကြသည်။

တတိယမြောက်ကတော့ သည်နေ့ဖြစ်သည်။

ဟယ်ဖုန်းသည် စုမင်တစ်ယောက် ငြိမ်သက်လျက် ခန္ဓာကိုယ်တွင်းမှ ချီအား လှည့်ပတ်နေသည်ကို မြင်သောအခါ သူ့ခေါင်းထဲသို့ အတွေးရာချီ ရောက်ရှိလာခဲ့သည်။ သူ့လက်ထဲတွင် သူ့ဒဏ်ရာများအး ကုသပေးနိုင်သည့် ဆေးပုလင်းလေးကို ကိုင်ထားဆဲဖြစ်သော်ငြား စုမင်လှုပ်ရှားမည်ကို စိုးရိမ်သောကြောင့် မသောက်ရသေးပေ။

သူ ကြေကွဲခါးသီးစွာ ပြုံး၍ သူ့ညာလက်အား ရုတ်တရက်ဖြေလျှော့လုက်သည်။ ဒဏ်ရာကုရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုရန်ရှိသော ဆေးပုလင်းလေးမှာ သူ့ဘေးနားရှိ ရွှံ့အိုင်ထဲသို့ ပြုတ်ကျသွားသော်လည်း နစ်မြုပ်သွားခြင်းတော့ မရှိပေ။

"နောင်ကြီး ကျူပ်မှားပါတယ်။ ဒီဆေးပုလင်းထဲမှာ ဒဏ်ရာကုဆေးရည် ပါတယ်။ ကျူပ် ခင်ဗျားကို ပေးပါ့မယ်။ ကျူပ်အတွက်ကတော့" ဟယ်ဖုန်းက အသက်ပြင်းပြင်း ရှူကာ ခေါင်းကို အနိုင်နိုင်မော့၍ အဝေးမှ ကောင်းကင်အား ကြည့်လိုက်သည်။

"ကျူပ်ရဲ့ မျိူးနွယ်စုက ဒီကနေ လီပေါင်း ထောင်ချီဝေးတဲ့နေရာမှာ လဲလျောင်းနေတယ်။ နောင်ကြီး ကျူပ် ခင်ဗျားနာမည်ကို မသိပါဘူး။ ဒါပေမယ့် ခင်ဗျား ဒေါသ ဖြေဖျောက်ဖို့အတွက် ကျူပ်ကို သတ်မယ်ဆိုလည်း ကျူပ်သေတဲ့အခါ ကျူပ်ကို အဲဒီမှာ မြုပ်နှံပေးပါဗျာ။ ကျူပ် မှားခဲ့သမျှအတွက် ကျူပ်ပိုင်ဆိုင်တာ မှန်သမျှကို လျော်ကြေးအဖြစ်နဲ့ ယူလိုက်ပါ"

"အကယ်၍ ခင်ဗျားသာ ကျွန်တော့အမှားကို ခွင့်လွှတ်ပြီး ရွှမ်းလွမ်ကို လက်စားချေခွင့်ပေးမယ်ဆိုရင် တောင်ပိုင်းအရုဏ်ဦး နယ်မြေ ဂိုဏ်းဝင်ပြီး ခင်ဗျားဆီမှာ တပည့်ခံပါ့မယ်"

"ကျူပ်အသက်က ခင်ဗျား လက်ထဲမှာပါ။ ခင်ဗျား ကြိုက်သလို ပြုမူဆောင်ရွက်ပါ" ဟယ်ဖုန်းသည် ခါးသီးစွာပြောဆို၍ တွေဝေတွန့်ဆုတ်ခြင်းနှင့် နောင်တ တရားတို့ စွန်းထင်းနေသော မျက်လုံးမျကို မှိတ်ချလိုက်သည်။ မသေချာ မရေရာသော ကံတရားအား စောင့်ဆိုင်းနေဟန် တူ၏။

အမှန်တွင်တော့ ဟယ်ဖုန်းသည် သူ၏ ချီစွမ်းအင်များအား စုစည်းရန် အချိန်ဆွဲနေခြင်း ဖြစ်သည်။ တစ်ပါးသူ သိရှိရန် ခက်ခဲသည့် အမည်မဲ့နည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်၏။ ချီစုစည်းသော အရှိန်က ပိုမိုလျင်မြန်လာနေသည်။ စေ့ပိတ်ထားသော သူ၏ မျက်လုံးများ နောက်ကွယ်၌ မည်သူမျှ မမြင်နိုင်သော သတ်ဖြတ်လိုစိတ်တို့ ကိန်းဝပ်နေခဲ့၏။

'ဒီလူက လိျှူ့ဝှက်နက်နဲပေမယ့် သူ့အသက်က အလွန်ဆုံးရှိလှ နှစ်ဆယ်လောက်ပေါ့။ အရမ်းကို အတွေ့အကြုံ နုနယ်သေးတယ်။ စကားနည်းနည်းလောက်နဲ့ ငါအချိန်ဆွဲနိုင်ခဲ့တယ်။ ဟမ့်... သူသာ ပေါ်ပေါ်လာချင်း လှုပ်ရှားရင် ငါ့မှာ အချိန်အများကြီး မရပဲ အသတ်ခံနေရလောက်ပြီ။ အခုတော့... ဒီလူက ထောင်ချောက်ဆင်တတ်တဲ့ ပုံစံမျိူး မဟုတ်ပေမယ့် ငါသူ့ကို ဆက်အသုံးချလို့ ရတယ်'

စေ့ပိတ်ထားသော မျက်လုံးများဖြင့် ဟယ်ဖုန်း၏ အတွေးများကတော့ သူ့ခေါင်းထဲတွင် မရပ်မနား ပြေးလွှားနေကြသည်။ သူ့စိတ်ထဲတွင်တော့ အေးစက်စွာ လှောင်ရယ်နေလေသည်။

"ကျူပ် ဒီမှာ ရှိနေတာကို ခင်ဗျား ဘယ်လိုသိလဲ။ ပြီးတော့ ရွှမ်းလွမ်နဲ့ ခင်ဗျား တိုက်တဲ့နေရာမှာ ကျူပ် ခင်ဗျားကို ကူညီလိမ့်မယ်လို့ ခင်ဗျား ဘယ်လိုများ သိနေရတာလဲ"

စုမင်က မျက်လုံးများ မှိတ်ထားဆဲဖြစ်သော ဟယ်ဖုန်းအားကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။

ဟယ်ဖုန်း၏ စိတ်ထဲတွင် တစ်ဖန်လှောင်ရယ်လိုက်ပြန်သည်။ စုမင်က အတွေ့အကြုံ နုနယ်ရုံမျှမက ရူးမိုက်၍ သနားဖွယ်ရာ ကိုယ်ချင်းစာနာ ငဲ့ညှာသနားတတ်သော စရိုက်လည်း ရှိနေပြန်သေးသည်။ ဟယ်ဖုန်း၏ စကာများကြောင့် နှလုံးသား နူးညံ့သွားခြင်းကြောင့်သာ မေးခွန်းများ မေးမြန်းခြင်းဖြစ်နိုင်ပြီး ထိုအရာက ဟယ်ဖုန်းအား အားအင်စုစည်းရန် အချိန်ပိုရစေ၏။

"ဒီလူက ဟိုးအရင်နှစ်တွေတုန်းက ငါနဲ့ တူလိုက်တာ။ နှမြောစရာပဲလေ၊ သူသာ မပေါ်လာခဲ့ရင် အကောင်းသား။ အခု ပေါ်လာပြီဆိုတော့ အသက်ရှင်စရာ လမ်းမရှိရှာတော့ဘူး။ သူသာ သေသွားရင် နောက်ပိုင်း ရွှမ်းလွမ်ကို တွန့်ဆုတ်သွားအောင်လုပ်မယ့် ငါရဲ့ အနာဂတ် အစီအစဉ်တွေက ပို လွယ်ကူသွားမှာပဲ"

ဟယ်ဖုန်းသည် မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ့မျက်လုံးများအတွင်း လိမ်ညာလိုခြင်း အလျင်းကင်းလျက် ရိုးသားဖြောင့်မတ်သော အကြည့်တို့သာ ရှိနေခဲ့သည်။ ထို့အပြင် ခါးသီးမှုတို့လည်း ရှိနေဆဲ ဖြစ်သည်။

"ကျူပ်က မျိူးနွယ်စုခပ်သေးသေးလေးက လာခဲ့တာပါ။ ကျူပ်ရဲ့ မျိူးနွယ်ဝင်တွေ အတော်များများက သားရဲအရေတွေကို အင်္ကျီလုပ်ဝတ်ကြတာ များတယ်။ ဟန်တောင်တန်းမြို့တော်လို မပြောနဲ့၊ အလယ်အလတ်တန်းစား မျိူးနွယ်စုတွေကိုတောင် မယှဉ်သာပါဘူး"

"အလယ်အလတ်တန်းစား မျိူးနွယ်စုတွေကို ကျူပ်အမြဲ အားကျခဲ့ရတယ်။ တိရစ္ဆာန်သားရေထည် ဝတ်စရာမလိုသလို၊ ပုံတူပွား မာန်စွမ်းအားရှင် အကြောမျှင်တွေ ပိုင်ဆိုင်တာကြောင့်ရောပေါ့" ဟယ်ဖုန်းက ညင်သာစွာပြောသည်။

"ဒါပေမယ့် အားကျမှုမှာလည်း အကန့်အသတ်လေး ရှိပါတယ်။ ကျူပ် တစ်ခါမှ သူတို့ကို မနာလိုမဖြစ်ခဲ့ဖူးဘူး။ ကျူပ်ကိုယ်ကျူပ်ပဲ သန်မာကြံ့ခိုင်အောင် လုပ်ချင်ခဲ့တယ်။ ကျူပ်တို့ မျိူးနွယ်စုမှာ အထူး ပညာရပ်တစ်ခု ရှိတယ်။ အဲဒီအချိန်က ကျူပ်ဟာ အဲဒီစွမ်းရည် သုံးပြီး အလယ်အလတ်တန်းစား မျိူးနွယ်စုတစ်ခုမှာ ဧည့်သည်အဖြစ် နေနိုင်ခဲ့ရင် ကျူပ်ရဲ့ မျိူးနွယ်စုကိုလည်း အင်အားကြီးမားအောင် လုပ်နိုင်မယ်လို့ တွေးခဲ့တယ်"

"အဲဒီ ပညာရပ်က ဘယ်မာန်မျိူးနွယ်စုနဲ့မှ မသက်ဆိုင်တဲ့အတိုင်း နာမည်လည်းမရှိဘူး။ အဲဒီပညာရပ်ကို ကျူပ်တို့ အမွေဆက်ခံရရှိတုန်းကလည်း ဝေဝေဝါးဝါးပဲ။ ဘယ်က ဆင်းသက်လာလဲ၊ ဘယ်လို အသုံးဝင်လဲဆိုတာတွေ ကျူပ်တို့ မျိူးနွယ်ဝင်တစ်ယောက်မှ မသိကြဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ချီစွမ်းအင် သုံးစရာမလိုပဲ ဒီလူ အင်အားနည်းလား၊ အစွမ်းထက်သူလား ဆိုတာတော့ ခံစားမိနိုင်စွမ်း ရှိတယ်"

"အဲဒီ ခံစားမှုက မှတ်ဉာဏ်တစ်ခုလိုပဲ။ ကျူပ်တို့ နှလုံးသားနဲ့ မှတ်ထားဖို့ ရွေးချယ်လိုက်ရင် တံဆိပ်တစ်ခုလို ရိုက်နှိပ်ပြီးသား ဖြစ်သွားတယ်။ အဲဒီလူက အရမ်းဝေးတဲ့ နေရာ မရောက်မချင်း ခံစားကြည့်လို့ရတယ်။ အတိအကျပြောရရင် ဒီနှစ်တွေ အများကြီးမှာ ကျူပ် ရွှမ်းလွမ်နဲ့ မတိုးအောင် ရှောင်နိုင်ခဲ့တာလည်း အဲဒီပညာရပ်ကြောင့်ပဲ"

"အဲဒီည အဲဒီ တည်းခိုဆောင်မှာ ကျူပ်တို့ ရှိနေကြတုန်းက ကျူပ်တို့ကပဲ အရက်သောက်နေတဲ့လူတွေပဲ။ ခင်ဗျားကို ကြည့်ရတာ သွေးကြောကျောက်သား အဆင့်၇ သမားလို့ ထင်ရတယ်။ ဒါပေမယ့် အဲဒီပညာရပ်နဲ့ ဆိုတော့ ခင်ဗျားဆီမှာ ရုပ်နယ်လွန်အဆင့်နဲ့ ညီမျှတဲ့ အင်အား အရှိန်အဝါတစ်ရပ်ကို ခံစားမိလိုက်တယ်"

"အဲဒီ အခိုက်အတန့်မှာပဲ ကျူပ်သိလိုက်တာက အံ့မခန်းထူးဆန်းတဲ့ ရတနာပစ္စည်းတစ်ခု ရှိနေတာမဟုတ်ရင် ခင်ဗျားရဲ့ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ ဖြစ်မယ်လို့ တပ်အပ်သိလိုက်တော့တာပဲ"

"ဒါကြောင့်မို့ ခင်ဗျားကိုယ်ပေါ်မှာ ဝိညာဉ်တံဆိပ်တစ်ခု ခတ်နှိပ်ခဲ့တယ်။ အဲဒီ တံဆိပ်က လျှိူ့ဝှက်ဆန်းကြယ်လွန်းတယ်။ ကျူပ်တို့ သိထားတဲ့ မာန်ပညာရပ်တွေနဲ့ လုံးဝခြားနားနေတာကြောင့် ခင်ဗျား သတိမထားမိတာ"

"ရွှမ်းလွမ် ကျူပ်ကိုသတ်ဖို့ လိုက်နေတုန်းက ခင်ဗျားရဲ့ အကာအကွယ်ပေးမှု ရနိုင်တဲ့ ခံစားချက်လေးတစ်ခုကို အခြေခံပြီးတော့ ဒီကို လာခဲ့တာ။ ဒီပညာရပ်က အစွမ်းမရှိပုံပေါ်ပေမယ့် အသုံးဝင်တာတွေ အများကြီးရှိတယ်"

"ခင်ဗျားကို ကြည့်ရတာ ဒီအနီးအနား မျိူးနွယ်စုတွေက ဟုတ်ဟန်မတူဘူး။ ဒီပညာရပ်နဲ့ပက်သက်လို့ ရေးထားတဲ့ ဝါးပိုးမှတ်စု ကျူပ်ရင်ဘတ်ထဲမှာ ရှိတယ်။ ယူလိုက်ပြီးတော့ ကျူပ်ပြောတာ မှန်မမှန် ခင်ဗျား စစ်ကြည့်လို့ရပါတယ်"

ဟယ်ဖုန်း လိမ်ညာနေခြင်း မဟုတ်ပေ။ သူက အသေးစိတ် တွေးတောစဉ်းစားတတ်သူ ဖြစ်၏။ သည်အခြင်းအရာက အချိန်ဆွဲဖို့ သက်သက်ဆိုလျှင်တောင် သူ့စကားထဲတွင် မည်သည့်ဟာကွက်မှ မပါစေရချေ။ ထိုအခြင်းအရာများအား ပြောပြနေစဉ်တွင်လည်း စုမင် သူ့ကို သနားသွားစေရန် အတိတ်ကို လွမ်းဆွတ်ဟန်ဖြင့် ခါးသီးမှုဖြင့် ပြည့်လျှမ်းနေသော မျက်နှာ အမူအယာမျိူး ပြုလုပ်ထားသေးသည်။

အချိန်ဆွဲရန် အတွက် စုမင်၏စိတ်ထား ပျော့ပြောင်းရန်နှင့် ပိုင်ဆိုင်သမျှ ပေးအပ်ပါမည်၊ လျှိူ့ဝှက်နက်နဲသော ပညာရပ်အား ပေးအပ်ပါမည်ဟူသည့် စကားများအား ယုံကြည်လာစေရန် ရည်ရွယ်ထားပေသည်။

ဟယ်ဖုန်း၏ အတွင်းစိတ်ထဲတွင်လည်း စုမင်တစ်ယောက် စိတ်မနူးညွတ်လာစရာ အကြောင်းမရှိဟု တွေးတောနေခဲ့သည်။

"ခင်ဗျားမှာ တစ်ခြား မေးခွန်း ရှိသေးလား။ ကျူပ်သိတာဆိုရင် ကျူပ်သေချာပေါက် ပြောပြမှာပါ"

ဟယ်ဖုန်းသည် ရိုးသားသော မျက်နှာအမူအယာဖြင့် စုမင်အားကြည့်၍ အင်အားမရှိစွာ ပြောဆိုလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်းမှ အလင်းအား ချိန်ထိုး မှန်းဆမိရသလောက် ပိုပိုပြီး အင်အားပြည့်လာနေပြီ ဖြစ်သည်။ စုမင်အား တစ်ချက်ထဲနှင့် အသေသတ်နိုင်မည်ဟု ဟယ်ဖုန်းယုံကြည်နေရသည့် အကြောင်းအရင်းကတော့ စုမင်သည် ရွှမ်းလွမ်၏ တိုက်ခိုက်မှုမှ လွတ်မြောက်အပြီးတွင် အဝေးသို့ထွက်ပြေးသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမှန်တစ်ကယ်က သည်နေရာတွင်သာ ရှိနေဆဲဖြစ်သောကြောင့်ပင်။

ဤကိစ္စမှ သိရှိလိုက်ရသည်မှာ စုမင်သည် စွမ်းအားများကို ဖုံးကွယ်ထားခြင်းမဟုတ်ပဲ သူ့ထံတွင် စွမ်းအားထက်မြက်သော မာန်အကြောမျှင် ရှိနေခြင်းဖြစ်သည်ပင်။ သူ၏ ကျင့်ကြံဆင့်မှာ အမှန်တစ်ကယ်ပင် သွေးကြောကျောက်သား အဆင့် ၇ ဖြစ်ချေသည်။

သူတို့သာ ခပ်ဝေးဝေးတွင် ရှိနေလျှင် ဟယ်ဖုန်း လှုပ်ရှားရန် တွေဝေနေပေဦးမည်၊ ယခုတွင်တော့ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာရှိနေကြသည်မို့ သူ၏ မာန်သွေးကြောမျှင် ပြန်လည်အသက်ဝင်မလာခင်မှာပင် သေအောင်သတ်နိုင်မည်ဟု ဟယ်ဖုန်း ယုံကြည်ချက်ရှိသည်။ သို့သော်လည်း ဤအတွေ့အကြုံ နုနယ်သူလေးမှာ အမှန်တစ်ကယ်ပင် အခြားလုပ်ဆောင်နိုင်စွမ်း မရှိဟု ခန့်မှန်းမိသည်က ဟယ်ဖုန်း၏ စိုးရိမ်ပူပန်မှုများကို ပျောက်ကွယ်သွားစေသည်။

"ဒီလူက ငါ့ကို ဘာလို့ ရွှမ်းလွမ် အကြိမ်ကြိမ် လိုက်သတ်နေရတာလဲလို့ မေးချင်မေးလိမ့်မယ်။ ပြောရရင် ရွှမ်းလွမ်နဲ့ ငါ့ရဲ့ စွမ်းအား အဆင့်ကလည်း အတော်ကွာနေတာ မဟုတ်လား။ ဘယ်သူပဲမြင်မြင် ထူးဆန်းနေတာကို ခံစားမိမှာပဲ"

"အဲဒါ မမေးရင်တောင် ငါနဲ့ ဟန်ဖေးကျစ်တို့ ဘယ်လိုပက်သက်နေလဲဆိုတာ သူမေးလိမ့်မယ်။ ဟန်ဖေးကျစ် ငါ့ကိုကယ်တုန်းက ဒီလူလည်း အောက်က ကြည့်နေခဲ့တယ်"

ဟယ်ဖုန်းသည် သူဖြေရမည်များကိုပင် တွက်ချက်စဉ်းစားထားပြီး ဖြစ်၏။ စုမင်မေးမည်ကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မေးခွန်းအားဖြေနေရင်း ဤလူကို သတိလွတ်စေရင်း ထိုအချိန်တွင် လှုပ်ရှားမည်ဖြစ်သည်။

"ကျူပ်ရဲ့ နောက်ဆုံးမေးခွန်းက..." စုမင် ဟယ်ဖုန်းအားကြည့်ကာ မေးခွန်းကို တစ်ဝက်တစ်ပျက် ရပ်ထားလိုက်သည်။ ဟယ်ဖုန်းမှာ မျက်နှာသေဖြင့်ပင် ရှိနေသေးသော်လည်း သူ့ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေပြီဖြစ်သည်။

"ကျူပ်ကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ပြီးသွားပြီလား"

ထိုစကားများ ဟယ်ဖုန်းနားထဲသို့ ဝင်ရောက်သွားသောအခါ သူ့နှလုံးသားက တုန်ယင်သွားသော်ငြား သူ့မျက်နှာထက်တွင်တော့ စုမင်စကားအား နားမလည်သကဲ့သို့ ရှုပ်ထွေးသည့် အမူအယာသာ ပေါ်လာခဲ့သည်။

ထိုရှုပ်ထွေးသော အမူအယာပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ဟယ်ဖုန်းသည် သူ့မျက်လုံးများကို ချက်ချင်းပြူးကျယ်စေလိုက်သည်။ သူနှင့် ပေဒါဇင်ပေါင်းများစွာအကွာတွင် ရပ်နေသော စုမင်အား ဖြတ်၍ အနောက်ရှိ ကောင်းကင်ပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်နေသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။

"ရွှမ်းလွမ်"

ဟယ်ဖုန်းပါးစပ်မှ ထိုစကားလုံးများ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ဟယ်ဖုန်းသည် ပါးစပ်ကို ခပ်ကျယ်ကျယ် ဖွင့်ဟလိုက်ရာ မှိုင်းညို့သော အလင်းရောင်တစ်ခု ပြေးထွက်လာပြီး စုမင်အနီးသို့ မျက်စိတစ်မှိတ်အတွင်း တိုးကပ်လာခဲ့လေသည်။

*****

All Chapters