← Chapters

ဟန်တောင်တန်းမြို့တော်ရဲ့ လျှိူ့ဝှက်ချက်

Vol. 10 Ch. 127

ဟန်တောင်တန်းမြို့တော်ရဲ့ လျှိူ့ဝှက်ချက်

Vol. 10 Ch. 127

ဟယ်ဖုန်းသည် အလျင်စလိုလှုပ်ရှားရန်သာ တတ်နိုင်တော့၏။ စုမင်က သူ၏ ရည်ရွယ်ချက် အစစ်အမှန်အား ဖော်ထုတ်ခဲ့ပြီ မဟုတ်ပါလား။ စုမင်အနေဖြင့် သူ့အား စမ်းသပ်နေသည်လား၊ အမှန်တစ်ကယ် သိ၍ပြောသည်လား မပြောနိုင်သော်လည်း သူ့တွင် စဉ်းစားနေရန် အချိန်မရှိပေ။ တိုက်ခိုက်မှုကိုသာ စတင်လိုက်တော့သည်။

ခန္ဓာကိုယ်တွင်း အချိန်ယူ၍ စုစည်းထားခဲ့သော မှိုင်းညို့သည့်အလင်းရောင်မှာ အဆင်သင့်ဖြစ်နေခဲ့ချေပြီ။ စုမင်သာ အငိုက်မိ၍ လှည့်ကြည့်မိပါက အလင်းရောင် ပေါ်ထွက်လာချိန်၌ တိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် ဟယ်ဖုန်းသည် ပြိုင်ဘက်အား အထင်သေးခဲ့မိသည်။

စုမင် လှည့်မကြည့်ခဲ့ပါ။ ဟယ်ဖုန်း တိုက်ခိုက်လိုက်သည်နှင့် သူ့ကိုယ်ပေါ်သို့ လရောင်ဖြာဆင်းစေလိုက်ကာ သူ့ရှေ့၌ အလင်းမှန်သားပြင်အဖြစ် ကာကွယ်ထားရှိစေလိုက်သည်။ လ၏အတောင်ပံ သတ္တဝါများကလည်း သူ့အား ရစ်သိုင်းလွှမ်းခြုံပေးထားကြသည်။

အလင်းရောင်လုံးသည် လရောင်မှန်သားပြင်အား ချက်ချင်း ထိမှန်သွား၏။ လက်ခနဲ တစ်ချက်ထတောက်ကာ အရှိန်မှာ တစ်မုဟုတ်ချင်း နှေးကွေးသွားသည်။ သို့သော် ဟယ်ဖုန်းသည် ရုပ်နယ်လွန်အဆင့် ရောက်လုနီးပါး မာန်စွမ်းအားရှင်ဖြစ်၍ ယခုတွင် အားအင် အင်မတန်နည်းပါးနေသော်လည်း သူ၏ အစွမ်းကုန် ပွဲသိမ်းတိုက်ကွက် ဖြစ်သည့်အားလျော်စွာ စွမ်းအားထက်မြက်နေဆဲ ဖြစ်သည်။

မှန်သားပြင်မှာ ကွဲကြေသွား၏။ အလင်းရောင်မှာ ထိုးဖောက်လာ၍ စုမင်ကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း ထူးဆန်းစွာပင် သူ့အားထွင်းဖောက်၍ အဝေးတစ်နေရာမှ မိုးသစ်တောအတွင်းသို့ ဝင်ရောက်သွားလေသည်။ အသံတစ်ချက် မထွက်သော်လည်း ပေရာချီအဝေးမှ မိုးသစ်တောအုပ်သည် ပြာမှုန်များအဖြစ် ပြောင်းလဲ၍ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

ထိုအလင်းရောင်သည် စုမင်ခန္ဓာကိုယ်အား ဖြတ်သန်းသွားချိန်တွင် အနည်းငယ် တုန်ခါသွားပုံပေါ်သည်။ အခြားသော စုမင်တစ်ယောက် ဘေးတွင် ပေါ်ထွက်လာခဲ့ကာ ချက်ချင်းဆိုသလိုပင် ထွင်းဖောက်ခံလိုက်ရသော စုမင်ပုံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ ပြောင်းလဲပျောက်ကွယ်သွားသည်။

ထိုအရာများအားလုံးသည် တစ်ခဏတွင်းချင်း ဖြစ်ပျက်သွားခဲ့ရာ မျက်မြင်တွေ့လိုက်ရသူပင်လျှင် မျက်စိမှောက်သည်ဟု ခံစားသွားမိမှာ အမှန်ပင်။

"ကျူပ်ရဲ့ အထူးစွမ်းရည်က လျင်မြန်မှုပဲ" စုမင်က မယုံကြည်နိုင် ဖြစ်နေသေးသည့် ဟယ်ဖုန်းအားကြည့်ကာ ဖြည်းညင်းစွာပြောလိုက်ပြီး သူ့ထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

စုမင်က အရာအားလုံးအတွက် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်နေ၏။ လရောင်မှန်သားပြင်က ယာယီအကာအကွယ်အဖြစ် ရှိနေချိန်တွင် အလင်းရောင်အား အလုံးစုံ ရှောင်တိမ်းပြီးသား ဖြစ်သွားခဲ့သည်။

ဟယ်ဖုန်းသည် တိတ်ဆိတ်သွားကာ စုမင်အား စူးစိုက်ကြည့်လာသည်။ သူသည် အလွန်တရာ ကြေကွဲစိတ်ပျက်နေပြီး ဖုံးကွယ်ထားခြင်းလည်း မပြုနိုင်တော့ပေ။ သူ့မျက်လုံးထဲ၌ စူးရဲထက်ရှသော အကြည့်သာ ရှိနေတော့သည်။

"ငါ့ရဲ့တိုက်ခိုက်မှုကို အစောကြီးတည်းက သိခဲ့ပြီးသားဆိုရင် ငါ့ကို ဘာလို့ အခွင့်အရေးပေးနေသေးလဲ" ဟယ်ဖုန်းသည် မြေပြင်ထက်တွင် လဲလျောင်းနေရင်း မကျေမချမ်းအသံဖြင့် မေးလိုက်သည်။

"ဘာလို့ဆို ကျူပ်က ခင်ဗျား သေခါနီးဖြစ်နေတာကို လိုချင်လို့လေ" စုမင် ဟယ်ဖုန်းအနားသို့ တိုးကပ်သွားရင်း ဖြေကြားလိုက်သည်။

"ငါ... သေခါနီး... မင်းက ထောင်ချောက်မိခံရပြီးမှ လူကြီး ဖြစ်လာတဲ့ပုံစံပဲ။ ဒါပေမယ့် အတွေ့အကြုံ နည်းလွန်းသေးတယ်ကွာ"

ဟယ်ဖုန်း၏ မျက်လုံးသူငယ်အိမ်များ ဂနာမငြိမ်ဖြစ်နေကြပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ သည်နေ့ သေရမည်ကို အတပ်သိလိုက်ချေပြီ၊ သို့သော် သူသေရလျှင် သူ့အား သေစေသူကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားမည်ဖြစ်သည်။ သူ နောင်တရသည့် တစ်ခုတည်းသော အရာမှာ ရွှမ်းလွမ်အား သူ့လက်နှင့် ကိုယ်တိုင်မသတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သူလုပ်ရမည်မှာ မည်သည့် အကျိူးဆက်ကိုမှ မစဉ်းစားပဲ သွေးကြောများကို ဖောက်ခွဲရန်ဖြစ်သည်။ သူ အားအင် နည်းပါးကောင်း နည်းပါးနေနိုင်သည်၊ မည်သို့ပင်ဆိုစေကာမူ သူက ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တစ်ဦး မဟုတ်ပါလား။ သူ၏ ချီတို့ ထိုင်းမှိုင်းနေသော်လည်း အသက်ရှိနေသေးသည်ပင်။ သူ၏ချီများတွင် စွမ်းအင်ကျန်ရှိနေသေးသရွေ့ အရာအားလုံးကို စွန့်လွှတ်ရလျှင်ပင် သွေးဖောက်ခွဲ၍ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

သို့သော် သွေးဖောက်ခွဲမှု ပြုလုပ်လုဆဲဆဲ၌ ဟယ်ဖုန်းမျက်နှာ ပျက်သွားရသည်။ စုမင် မျက်စိရှေ့တွင် သည်လိုကိစ္စမျိူး ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ ဤပြောင်းလဲမှုက ဟယ်ဖုန်း၏ ယုံကြည်ချက်အား အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားစေပြီး စကားများပင် ထစ်အကုန်သည်။

"ဒါ... ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ"

ဟယ်ဖုန်းမျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။ မိမိကိုယ်ကို သတ်သေချင်သူ တစ်ယောက်လက်ထဲတွင် ကိုင်ထားသောဓားသွားမှာ ပျော့ပျောင်းနူးညံ့သော ပိုးပုဝါစအသွင် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ သူ၏ချီဓာတ်များမှာ ထိုင်းမှိုင်းနေခဲ့ရုံမျှမက အသက်မဲ့နေခဲ့ချေပြီ။ ၎င်းက ရေသေပြင်တစ်ခုလိုပင် ဖြစ်သည်။ သူ၏ သွေးကြောများအား ပေါက်ထွက်အောင် ဖောက်ခွဲပစ်ရန် မလုပ်နိုင်တော့ပေ။

စုမင် ဒူးထောက်ထိုင်ချလိုက်ပြီး စိတ်ရှုပ်ထွေးနေသည့် မျက်နှာထားနှင့် ဟယ်ဖုန်းအားကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဉာဏ်ရည်ချင်းယှဉ်ရင် ကျူပ်က ခင်ဗျားနဲ့ မယှဉ်သာပါဘူး။ ကျူပ်တို့ စတွေ့တဲ့အချိန်တည်းက ခင်ဗျားက ကျူပ်အပေါ် အကွက်ချ စီမံနေခဲ့တာ။ ဒါပေမယ့် ခင်ဗျားတစ်ခုမေ့သွားတယ်။ မိုးသစ်တောထဲက အနံ့ဆိုးလေ"

"ကျူပ်ခင်ဗျားကို အချိန်ဆွဲခွင့်ပြုခဲ့တာက ကျူပ်သာ ခင်ဗျားကို ချောင်ပိတ်မိသွားစေရင် ကိုယ့်ကိုယ်ကို သွေးဖောက်ခွဲဖျက်ဆီးသွားမှာ စိုးရိမ်လို့လေ။ ဒီလိုသာဆို ကျူပ်ဘာမှ ရလိုက်မှာမဟုတ်ဘူး"

"ခင်ဗျား စကားများများ ပြောနေချိန်မှာ... တွေးကြည့်လေ ဒီအနံ့ဆိုးတွေ ကြားထဲ ခင်ဗျား နှလုံးခုန်နှုန်းတွေ မြန်လာလေလေ၊ အသက်ရှူနှုန်း မြန်ဆန်လာလေလေ၊ ဒီအနံ့ဆိုးတွေကို ပိုရှူရှိုက်မိလေလေ ဖြစ်လာတာပေါ့"

"ခင်ဗျား ချီဓာတ်ကို အကြာကြီး လှည့်ပတ်ထားခဲ့ရင်တော့ အားလုံးက အဆင်ပြေနေခဲ့မှာ။ ခင်ဗျားစွမ်းအားတွေ အမြင့်ဆုံးဖြစ်နေချိန်မှာ အနံ့ဆိုးတွေက ခင်ဗျားကို ဘယ်လိုမှ ထိခိုက်အောင်မလုပ်နိုင်ဘူး။ ဒီမှာ ကိုယ့်ကိုယ်ကို ကုသမယ်ဆိုရင်တောင် ဒီအနံ့ဆိုးတွေကြောင့် ဒဏ်ရာရမှာမဟုတ်ဘူး"

"ဒါပေမယ့် ခင်ဗျားက တအား သတိထားလွန်းနေတော့ ဒီလို မလုပ်ရဲခဲ့ဘူး။ ပြန်တိုက်ခိုက်ဖို့ အလင်းရောင်ကို စုစည်းနေခဲ့တယ်ဆိုရင်တောင် ခင်ဗျားက ခင်ဗျားချီဓာတ်ကို အသက်မဲ့စေတဲ့ အနံ့ဆိုးတွေကို အများကြီး ရှူရှိုက်မိပြီးပြီလေ။ ကိုယ့်ကိုယ်ကို သွေးဖောက်ခွဲဖို့လည်း ခက်သွားပြီပေါ့"

စုမင်သည် ဟယ်ဖုန်းအားကြည့်လျက် တည်ငြိမ်စွာ ပြောပြနေ၏။ အစဦးတည်းကပင် သူ့ချီဓာတ်များကို ခန္ဓာကိုယ်အတွင်း လည်ပတ်နေစေခဲ့သည်။ ထိုအခြင်းအရာအား ဟယ်ဖုန်းသိသော်လည်း စုမင်အနေဖြင့် သတိထားလို၍ ပြုလုပ်သည်ဟုသာ အထင်ရောက်ခဲ့သည်။

ဟယ်ဖုန်း ခါးသီးစွာ ရယ်မောလိုက်မိသည်။ ဤတစ်ကြိမ်တော့ တစ်ကယ်သွားပေပြီ။

သူ စုမင်အား ကြည့်လိုက်သည်။ သူ၏ အမြင်အာရုံတို့ ဝေဝါးလာသော်လည်း သူ့ကိုယ်သူ သတိလွတ်မသွားအောင် တွန်းအားပေးထားရသည်။ မိမိ၏ အတိတ်ကပုံစံကို သတိရစေသော စုမင်အား ကြည့်မိရာ သူနှင့်ယှဉ်လျှင် စုမင်က ပို၍ တည်ငြိမ်သည်မှာ ထင်ရှားပေသည်။

"မင်းလက်ထဲမှာ သေရလို့ ကျူပ်နောင်တ မရပါဘူး။ လက်စား မချေနိုင်တော့တာတော့ ဝမ်းနည်းစရာပဲ။ မင်းနာမည်ကို ကျူပ်မသိဘူး။ မင်းနာမည်ကို ညီနောင်ရွှီလို့ပဲ ခေါ်ပါရစေ"

ဟယ်ဖုန်း မောပန်းစွာ အသက်ရှူနေရသည်။ သူ၏ အသိတရားတို့မှာ ဝေးကွာပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။ လျှာကိုကိုက်လျက် သတိမလွတ်သွားအောင် အားတင်းထားမိ၏။

"ညီနောင်ရွှီ... ကျူပ်ကို ကူညီတဲ့အနေနဲ့ ရွှမ်းလွမ်ကို သတ်ပေးပါ။ သူ့ရဲ့ ဦးခေါင်းကို ကျူပ်မျိူးနွယ်စုဆီ ယူဆောင်သွားပြီး သေဆုံးသွားတဲ့ အနွယ်ဝင်တွေဆီ ဆက်သပေးပါ။ မင်းတောင်းဆိုတာအားလုံး ကျူပ်ဖြည့်ဆည်းပေးပါ့မယ်။ ကျူပ်ကို သေခါနီးဖြစ်နေတာ လိုချင်တယ်ဆိုတာက ရုပ်သေးဖန်တီးချင်တယ်လို့ ဆိုလိုတာမဟုတ်လား။ ကျူပ်အတွက် ရွှမ်းလွမ်ကို သတ်ပေးမယ်လို့ ကတိပေးရင် ကျူပ်ကို ဘာလုပ်လုပ် ကြိုက်တာလုပ်ခွင့်ပေးပါ့မယ်"

"အခုချက်ချင်း သတ်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းအစွမ်းတွေက သူ့ကို သတ်နိုင်လောက်တဲ့အထိ ကြီးမားထက်မြက်လာခဲ့ရင် ကျူပ်တောင်းဆိုမှုကို ဖြည့်ဆည်းပေးပါ"

ဟယ်ဖုန်း၏ အသက်ရှူနှုန်းတို့ ပိုမိုမြန်ဆန်လာသည်။ မောဟိုက်စွာ အသက်ရှူရှိုက်နေရင်း စုမင်အား မျှော်လင့်တကြီး ကြည့်သည်။

"ဘာဆုကြေးမှ မပေးဘဲနဲ့လည်း မလုပ်ခိုင်းပါဘူး။ ကျူပ်မှာ မင်းကိုပေးဖို့ တန်ဖိုးရှိတဲ့ ရတနာပစ္စည်း ရှိပါတယ်။ အဲဒီရတနာအတွက် ရွှမ်းလွမ်က ကျူပ်မျိူးနွယ်စုကို ဖျက်ဆီးတယ်၊ ပြီးတော့ ကျူပ်ကိုလိုက်သတ်နေခဲ့တယ်။ ဟန်ဖေးကျစ်ကလည်း အဲဒီရတနာအတွက်ပဲ ကျူပ်ကိုကယ်ခဲ့တာပါ"

"ကျူပ် အဲဒီရတနာကို ကိုယ်ပေါ်မှာမထားရဲလို့ လျှိူ့ဝှက်နေရာမှာ ထားရှိခဲ့တယ်။ ကျူပ်တို့မျိူးနွယ်စုရဲ့ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကြောင့် ဟန်ဖေးကျစ်အနေနဲ့ ကျူပ်မှတ်ဉာဏ်တွေထဲ ဝင်ရှာခဲ့ရင်တောင် တွေ့ဖို့ခက်ခဲလိမ့်မယ်။ ရွှမ်းလွမ်ရော၊ သူရော ဒီအကြောင်းကို လူအများကြီး အသိမခံချင်ခဲ့ကြဘူး။ ဒီကမ္ဘာပေါ်မှာ ရတနာပစ္စည်းရဲ့ တည်နေရာကို သိတဲ့လူက ကျူပ်တစ်ယောက်တည်းပဲ။ ဒါကြောင့်လည်း ကျူပ်က လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်နေတာ"

"သူတို့က ကျူပ်ထက် အင်အားကြီးမားတယ်။ တစ်ယောက်က ကျူပ်အပေါ် ကြင်နာတယ်။ တစ်ယောက်က ကျူပ်က လိုက်သတ်နေတယ်။ ဒါပေမယ့် သူတို့လုပ်သမျှ အရာအားလုံးက ကျူပ်ကို ထိန်းချုပ်ချင်တာကြောင့်ပါပဲ။ ဒါပေမယ့် သူတိူ့က ကျူပ်အပေါ် အထင်သေးကြတယ်။ နှစ်ယောက်သား ပူးပေါင်းပြီး ကျူပ်ကို ရယ်စရာတစ်ခုလို လုပ်ပစ်ကြတယ်"

"ဒါပေမယ့် သူတို့ကြားမှာ ပဋိပက္ခတွေနဲ့ သံသယတွေ ရှိနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားကြတာတွေ ရှိတာက ကျူပ်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်တာပဲ။ သူတို့ကြားက ပက်သက်မှုကို မြင်တွေ့နိုင်ဖို့ ဟန်တောင်တန်းကြိုးတန်းတွေကို စိန်ခေါ်မှုလုပ်လိုက်ရုံပဲလေ။ သူတို့ သရုပ်ဆောင်နေတာကြီးက တစ်ကယ့်ကို လိမ်ဆင်ကြီးပဲ"

"တစ်ယောက်က အနောက်မှာ အရောင်စုံရေကန် မျိူးနွယ်စုရှိတယ်။ တစ်ယောက်က ပုချန့်မျိူးနွယ်စု။ ဒီမျိူးနွယ်စုနှစ်ခုက တစ်ခါက ကျွန်မျိူးနွယ်စုတွေ ဖြစ်ခဲ့ဖူးတယ်။ ကျူပ်ကို ဒီလောက်တုံးအမယ်လို့ ထင်နေကြတာလား"

"သူတို့က ကျူပ်ကို အကွက်ချ စီမံနေခဲ့တာ။ ဒါပေမယ့် ကျူပ်ကလည်း သူတို့ကို အသုံးချနေခဲ့တာပဲ။ ဝိညာဉ်နက် ၁၆ကောင်ဂိုဏ်းကို ဝင်ဖို့ ဟန်ဖေးကျစ်ရဲ့ အကူအညီကိုသာ မလိုခဲ့ဘူးဆိုရင် ဟန်တောင်တန်းမြို့တော်ကနေ အကျိူးအမြတ်တွေ အများကြီး ရခဲ့မှာ"

ဟယ်ဖုန်း၏ အမြင်အာရုံတို့မှာ တိမ်ဖုံးနေခဲ့ချေပြီ။ ဤစကားများကို ရင်ထဲတွင် မြိုသိပ်ထားခဲ့သည်မှာ ကြာညောင်းလှပြီဖြစ်ရာ ယခုကဲ့သို့ ပြိုလဲသွားသည့် အချိန်တွင်တော့ ထွက်ပေါက်တစ်ခု ရသွားသည်နှင့် စုမင်အား အကုန်ပြောပြနေခဲ့ချေသည်။

"ညီနောင်ရွှီ... ကျူပ်က မျိူးနွယ်စု ခပ်သေးသေးကနေ လာခဲ့တာပါ။ ကျူပ်တို့မျိူးနွယ်စုမှာ လူ ၂၀၀တောင် မပြည့်ပါဘူး။ သိတဲ့သူ နည်းပေမယ့် လွန်ခဲ့တဲ့ နှစ်ရာချီတုန်းကတော့ ကျူပ်တို့မျိူးနွယ်က ဟန်တောင်တန်းမြို့တော်ကို အုပ်ချူပ်တဲ့ ဟန်မျိူးနွယ်စုရဲ့ မျိူးနွယ်ခွဲတစ်ခု ဖြစ်ခဲ့တယ်။ ဟန်တောင်တန်းမျိူးနွယ်စုဟာ ကျွန်မျိူးနွယ် သုံးစုရဲ့ မျိူးပြတ် နှိမ်နင်းခြင်းခံခဲ့ရပေမယ့် ကျူပ်တို့ကတော့ ရှင်ကျန်ခဲ့တယ်ပေါ့ဗျာ"

"ဒါပေမယ့် အခုတော့ ကျူပ်တစ်ယောက်တည်းပဲ ကျန်ပါတော့တယ်။ ဟန်တောင်တန်းမျိူးနွယ်စု အဆက်ဆက် ဆင်းသက်လာခဲ့တဲ့ ဒဏ္ဍာရီတွေထဲမှာ ပြောထားတာကတော့ ကျူပ်တို့မျိုးနွယ်စုရဲ့ တည်ထောင်သူဘိုးဘေးက မာန်မျိူးနွယ်ဝင်တစ်ယောက် မဟုတ်ဘူးတဲ့။ သူ့ရဲ့ နောက်ခံအကြောင်းအရာက သိပ်ကို လျှိူ့ဝှက်နက်နဲတယ်၊ နှစ်ပေါင်းထောင်ချီကြာပြီး နောက်မှာ ဟန်တောင်တန်းမျိူးနွယ်စုကို တည်ထောင်ခဲ့တာတဲ့"

"ဒါကြောင့် ကျူပ်မှာ မင်းခွန်အားကို အာရုံခံနိုင်တဲ့ မာန်မျိူးနွယ် ပညာရပ်တွေနဲ့ မတူတဲ့ ပညာရပ်တစ်ခု ပိုင်ဆိုင်ထားတာပဲ။ အဲဒါက တစ်ကယ်ကောင်းတဲ့ တစ်ချိူ့ ရတနာပစ္စည်းတွေနဲ့ အတူ ကျူပ်တို့လို မျိူးဆက်သစ်တွေ အတွက် ကျူပ်တို့ ဘိုးဘေး ချန်ထားရစ်ခဲ့တဲ့ ပညာရပ်ပဲ။ ဒါပေမယ့် အဲဒီပစ္စည်းတွေထဲက သုံးခုကို ကျွန်မျိူးနွယ်သုံးစုရဲ့ လုယက်ခြင်း ခံခဲ့ရတယ်။ တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါက ကျူပ်အခုပြောနေတဲ့ ရတနာပစ္စည်းပဲ"

စုမင်သည် စကားလုံးတို့ ဗလုံးဗထွေးဖြစ်လာသော ဟယ်ဖုန်းအား ကြည့်လိုက်သည်။ တဖြည်းဖြည်း ပေါ်ထွက်လာတော့မည့် ဟန်တောင်တန်း မြို့တော်၏ လျှိူ့ဝှက်ချက်အကြောင်းကို သေချာနားစိုက်ထောင်မိသည်။

"ဟန်တောင်တန်း မြို့တော်က ဟန်တောင်တန်း မျိူးနွယ်စုနဲ့ သက်ဆိုင်တယ်။ အဲဒီ မြို့ကို ကျူပ်တို့ မျိူးနွယ်စုကို ဖွဲ့စည်းပေးခဲ့တဲ့ ကျူပ်တို့ဘိုးဘေးကပဲ တည်ထောင်ခဲ့တာ။ ဟန်တောင်တန်း မြို့တော်ရဲ့ ဟန်တောင်တန်း ကြိုးတန်းတွေအောက်က ချောက်ကမ်းပါး နက်နက်တွေထဲမှာ ဖုံးကွယ်တည်ရှိနေတဲ့ နေရာတစ်ခု ရှိတယ်။ အဲဒီနေရာက ကျွန်မျိူးနွယ်စုလေး သုံးစု အရမ်းသွားချင်လို့ အိပ်မက် မက်နေရတဲ့နေရာပဲ"

"အဲဒီနေရာက ဟန်တောင်တန်းမြို့တော်ရဲ့ ဘိုးဘေး ခေါင်းချခဲ့တဲ့ နေရာဆိုလည်း ဟုတ်တယ်" ဟယ်ဖုန်းက ရေရွတ်သည်။ ထို့နောက် စုမင်အား ကြည့်ကာ သူ့မျက်လုံးထဲမှ မျှော်လင့်နေသော အရိပ်အယောင်က ပိုမိုအားကောင်းလာခဲ့သည်။

"ကျွန်မျိူးနွယ် သုံးစုကို ကျူပ်မမုန်းပါဘူး။ မျိူးနွယ်စုတွေ ဖြစ်ပေါ်လာတယ်၊ ပျက်စီးသွားကြတယ်။ အင်အားကြီးသူသာ အောင်နိုင်ရာဆိုတဲ့ သဘာဝ ဥပဒေသတွေကိုလည်း ကျူပ်သိတယ်။ ဟန်ဖေးကျစ်ကိုလည်း ကျူပ်မမုန်းဘူး။ သူလည်း ရတနာပစ္စည်းကိုပဲ ပစ်မှတ်ထားတာ ဖြစ်ပေမယ့် သူက ကျူပ်အပေါ် ကြင်နာတယ်။ ကျူပ်သာ မအောင်မြင်ခဲ့ရင် သူ့ကို ရတနာပစ္စည်း ပေးခဲ့မယ်လို့ တွေးထားပြီးသားပါ"

"ကျူပ်မုန်းတာ ရွှမ်းလွမ်ပဲ။ သူက ကျူပ်မိသားစုနဲ့ ကျူပ်မျိူးနွယ်ဝင်တွေကို သတ်ဖြတ်ခဲ့တယ်။ သူ့ကို သတ်ပေးပါ။ ကတိပေးပါ။ ကူညီပါ... သူ့ကို သတ်ပေးပါ"

စုမင် တိတ်ဆိတ်နေခဲ့၏။ ဝိညာဉ်လုယက် ဖန်တီးရန် သူ့အတွက်လိုအပ်နေသည့် သေအံ့မူးမူး လူတစ်ယောက်၏ တောင်းဆိုချက်အား ဖြည့်ဆည်းပေးစရာမလိုချေ။ တစ်ကယ်တမ်းတွင် ထိုလူ့၌ အာဃာတတရားတို့ ရှိနေလျှင် သက်ရောက်မှုက ပို၍ အားပြင်းမည်ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင်တော့ စုမင် ဟယ်ဖုန်းအားကြည့်၍ ခေါင်းညိတ်ပြလိုက်မိ၏။

"ကျူပ်ရဲ့ စွမ်းအားတွေက သူ့ကိုသတ်နိုင်လောက်အောင် သန်မာ အားကောင်းလာချိန်ရောက်ရင် ကျူပ်ကတိပေးတယ်။ ခင်ဗျားအစား သူ့ကို လက်စားချေပေးပါ့မယ်"

"ညီနောင်ရွှီ ကျေးဇူးတင်ပါတယ်"

ဟယ်ဖုန်းသည် မျက်လုံးများကို မှိတ်လိုက်ကာ စုမင် ကြားရလောက်သည့် လေသံလေးနှင့် ရေရွတ်သည်။ ထိုစကားများမှာ ရတနာပစ္စည်း ဝှက်ထားသော နေရာဖြစ်၏။

"ကျူပ်ရင်ဘတ်ထဲမှာ တစ်ခြားတစ်ခု ရှိသေးတယ်။

ပထမတော့ သုံးခုထဲက တစ်ခုပေါ့။ ရွှမ်းလွမ်က တစ်ခု လုသွားတယ်။ ဟန်ဖေးကျစ်ကို လက်ဆောင်အဖြစ် တစ်ခုပေးထားတယ်။ နောက်ဆုံးတစ်ခုကိုတော့ မင်းကို ပေးလိုက်မယ်..." ဟယ်ဖုန်းသည် စကားပြောနေရင်း သတိလစ်ကာ ငြိမ်သက်သွားခဲ့သည်။

စုမင် ဟယ်ဖုန်းခန္ဓာကိုယ်အား ပွေ့ကာ ဘေးနားမှ ပုလင်းလေးအား ကောက်ယူလိုက်သည်။ သူသည် ထိုနေရာတွင် အကြာကြီးမနေပဲ အဝေးသို့ ပြေးထွက်သွားလိုက်သည်။ မိုးသစ်တောကြီး အတွင်းမှ ထွက်ခွာမသွားသော်လည်း ပို၍တောနက်သော နေရာသို့ ပြေးထွက်ပျောက်ကွယ်သွားတော့သည်။

သူ့အတွက်တော့ တောအပြင်ဘက်ထက် ကြီးမားသည့် မိုးသစ်တောက ပို၍ လုံခြုံပါသည်။ ရွှမ်းလွမ် ပြန်ရောက်လာသည့်အခါ သည်နေရာကို အထူးဂရုပြု၍ ရှာဖွေမည်ဖြစ်သော်လည်း အသေးစိတ်ရှာမည် မဟုတ်၍ လွတ်သွားနိုင်သည့် နေရာလည်းဖြစ်သည်။

စုမင် မိုးသစ်တောတစ်လျှောက် ပြေးလွှားနေစဉ်တွင် သူ့မျက်နှာထက်၌ ရှုပ်ထွေးမှုတို့ ပေါ်ထွက်လာ၏။ ဟယ်ဖုန်းသည် အလွန်တွေးတော စဉ်းစားလျက် အစီအစဉ်ချတတ်သူ ဖြစ်သည်။ စုမင်အနေနှင့်လည်း သူ၏စကားလုံးများ၊ အပြုအမူများနှင့် ကိုယ်တွေ့ကြုံခဲ့ရပြီးချေပြီ။ ဟန်တောင်တန်းမြို့တော်အတွင်း ဖုံးကွယ်ထားသည့် လျှိူ့ဝှက်ချက်ဆိုသည်မှာလည်း ဤဟန်တောင်တန်းမြို့တော်သို့ အစွမ်းထက် မာန်စွမ်းအားရှင်များ စုဝေးရောက်ရှိနေခြင်း၊ မျိူးနွယ်စုသုံးစုမှ ဧည့်သည်များ ဖိတ်ခေါ်နေခြင်းတိုနှင့် ပက်သက်နေနိုင်သည် ဟူသော စုမင်၏ ယခင်အတွေးဟောင်းအား သက်သေပြုပေးလေသည်။

"ဟယ်ဖုန်း..."

စုမင် သက်ပြင်းချမိသည်။ ဤလူ၏ အကွက်ချမှုက စုမင်အား ရွေးချယ်စရာမရှိ ဖြစ်စေခဲ့သည်။ တစ်ခုတည်းသော လုပ်စရာက သူခင်းပေးသော လမ်းအတိုင်း ဆက်လျှောက်သွားရုံသာ...

အကယ်၍ စုမင်သာ အန္တရာယ်ကြုံတွေ့နေရစဉ် ကာလက ကျောက်တုံးနက်လေး အတွင်းရှိ အခြားကမ္ဘာတစ်ခုတွင် သွားရောက် ပုန်းအောင်းမနေခဲ့ပါက စုမင်အနေဖြင့် မည်သို့သော ကိစ္စများနှင့် ဆက်လက်ကြုံတွေ့ရမည်ကို မည်သူ သိနိုင်ပေမည်နည်း။

*****

All Chapters