ဆုကြေးကြီးကြီး
Vol. 10 Ch. 128
အချိန် သိပ်မရှိ၊ ရွှမ်းလွမ်က အချိန်မရွေး ပြန်ရောက်လာနိုင်သည်။ စုမင်အနေဖြင့် မည်သို့ တွေးတော စဉ်းစားထားပါစေ၊ ဖြစ်ရပ်မျိူးစုံနှင့် ကြုံလာရနိုင်ပေသည်။ ဟယ်ဖုန်းနှင့် ဖြစ်ခဲ့သမျှ အရာအားလုံး နောက်ပိုင်းတွင် စုမင်၏ ဉာဏ်ရည်ဉာဏ်သွေးမှာ အကြာကြီး အကွက်ချ ကောက်ကျစ် ယုတ်မာလာသူများနှင့် ယှဉ်လိုက်ပါက ကွာချင်တိုင်း ကွာနေသေးသည်ကို ဝန်ခံရပေမည်။
တစ်ခါတစ်ရံ လောကကြီးက ကိုယ့်စိတ်ဆန္ဒအတိုင်း ဖြစ်ခွင့်မပေးပါချေ။
သတိလစ်နေသော ဟယ်ဖုန်းအား သယ်ဆောင်ကာ ချီဓာတ်များကိုလည်း လှည့်ပတ်နေရင်း မိုးသစ်တော၏ အနံ့ဆိုးများ ဟောင်ထနေရာသို့ ပြေးလွှားလာခဲ့သည်။ ကောင်းကင်ကြီး လင်းချင်းလာသည်နှင့် အမျှ သူ၏ လျင်မြန်မှုအား အရှိန် အပြည့်အဝတင်၍ မိုးသစ်တော ခပ်နက်နက်နေရာသို့ ဝင်ရောက်လာခဲ့သည်။
သည်နေရာရှိ မိုးသစ်တောမှာ လွန်စွာ သိပ်သည်းလှ၏။ သစ်ကိုင်းနှင့် သစ်ရွက်များမှာ ပြန့်ကြီးလှသည်။ သိပ်သည်းဆကြောင့် နေ့အချိန်ပင် ဖြစ်လင့်ကစား နေရောင်အား အကိုင်းအရွက်များဖြင့် ကာဆီးထားရာ မိုးသစ်တောအား အမှောင်ထုအတွင်း ရှိနေသကဲ့သို့ ညအချိန်နှင့် ထူးမခြားနား ဖြစ်နေစေသည်။
သစ်တော၏ နက်ရှိုင်းသော အပိုင်းသို့ ရောက်ရှိလာခဲ့ချိန်တွင် အနံ့ဆိုးများနှင့် တကွ စိုထိုင်းဆတို့လည်း ပိုမိုမြင့်တက်လာခဲ့ကာ ထူးဆန်းသော သားရဲများနှင့် အကောင် ဗလောင်ဗျားအားလည်း တိုးပွားလာစေ၏။ စုမင်သည် စပါးအုံး မြွေအရွယ်ခန့် ပင့်ကူကြီးများ ရွှံ့နွံအိုင်ထဲတွင် ကူးခတ်နေသည်ကို တွေ့ရသည်။ ကြည့်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း ဖြစ်သည်။
ရနံ့ကောင်းများ လွှင့်ထုတ်နေသော ထူးဆန်းသည့် အပင်များလည်း ရှိပါ၏။ သို့သော် ထိုအနံ့များအား ကြာမြင့်စွာ ရှူရှိုက်မိပါက ကိုယ်တွင်း အင်္ဂါများကို အန်ထုတ်ချင်သကဲ့သို့ပင် ခံစားရစေတတ်၏။ ထိုသို့ ချိုအီ မွှေးမြသော ရနံ့မှာ အံ့သြဖွယ် ကောင်းလှပေသည်။
အပြင်ဘက်တွင် နေရောင် တောက်ပစွာသာနေသည်။ နေမွန်း တည့်လေပြီ။ စုမင်သည် မိုးသစ်တောအား ဖြတ်သန်းပြေးလွှားနေစဉ်တွင် စကားလုံးတို့ဖြင့် ဖော်ပြရန်ခက်ခဲလှသော သီချင်းဆိုသံအား ကြားလိုက်ရသည်။ လှပသော သံစဉ်ရှိလျက် မိန်းမငယ်လေး တစ်ယောက် ညည်းဆိုနေသကဲ့သို့ သီချင်းသံက စုမင်အား ဘဝင်ခိုက် ကြည်နူးလာစေ၏။
အကယ်၍ သူသာ သတိမပြတ် မထားပဲ ချီဓာတ်ကိုသာ စဉ်ဆက်မပြတ် လှည့်ပတ်ထားခြင်း မပြုခဲ့ပါက ဤထောင်ချောက်မှ နိုးထရန် ခက်ခဲ၍ အကျိူးဆက်များမှာ ပြင်းထန်လှပေလိမ့်မည်။
စုမင် သတိပြန်ဝင်လာချိန်တွင် သူသည် မသိလိုက် မသိဘာသာဖြင့် ပေပေါင်း ဒါဇင်ချီ အကွာတွင်ရှိသော ပုပ်သိုး ဆွေးမြည့်နေသည့် သစ်ပင်ကြီး တစ်ပင်ဆီသို့ ဦးတည်သွားရောက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။ အပင်ကိုင်းများထဲမှ တစ်ခုပေါ်တွင် အဖြူရောင် ငှက်တစ်ကောင်ရှိရာ ၎င်းနောက်တွင် အဝါ၊ အစိမ်း၊ အဖြူ၊ အနီနှင့် အနက်ရောင်ရှိသော အလင်းရောင်တို့ တောက်ပဖြာထွက်နေသည်။ သို့သော် ထိုအလင်းရောင်များ အောက်၌ တွဲလွဲကျနေသော ဧရာမ ပါးစပ်ကြီး ရှိနေလေသည်။
စုမင် သတိအပြည့် ထားမိသည်။ တောနက်ထဲ ရောက်လာလေလေ၊ ယခင်က တစ်ခါမျှ မမြင်ဖူးသည့် အရာများအား မြင်တွေ့ရလေ ဖြစ်သည်။
မှောင်ရီပျိူးလာချိန်တွင် သူ့အရှေ့၌ တောင်စဉ်တန်းကြီး တစ်ခုအား တွေ့လိုက်ရတော့သည်။ ထိုတောင်စဉ်တန်း၏ အနောက်တွင် အခြားသော မိုးသစ်တောတစ်ခု ရှိနေသည်။ မိုးသစ်တော၏ အနက်ရှိုင်းဆုံး အပိုင်းက မည်သည့်နေရာတွင် ရှိနေသည်ကို သိနိုင်ရန် လမ်းစမရှိပါချေ။
သို့သော် စုမင် ဆက်မသွားရဲတော့ပါ။ ထိုတောင်စဉ်တန်း၏ နောက်ဘက်ရှိ မိုးသစ်တောအတွင်း ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာများ ရှိနေလိမ့်မည် ဖြစ်ရာ ထိုအရာများသည် စုမင်၏လက်ရှိ စွမ်းအားလေးဖြင့် မည်သို့မျှ မခုခံနိုင်သော အရာများ ဖြစ်နေလိမ့်မည်။
စုမင် မျက်လုံးတို့ လက်ခနဲ ဖြာသွား၏။ မိုးသစ်တောအတွင်း တွေ့ရှိရသော သဘာဝအတိုင်း ဖြစ်ပေါ်နေဟန် တူသည့် အက်ကွဲကြောင်း တစ်ခုအတွင်းသို့ ဟယ်ဖုန်းကိုပါ တစ်ပါတည်း သယ်မလာခဲ့သည်။
မူလက သားရဲတစ်ကောင် စတည်းချရာ နေရာဖြစ်ပေမည်။ လဲလှယ်ထားသည့် အရေခွံတစ်လွှာ ရှိနေပြီး ခပ်ဖျော့ဖျော့ သွေးညှီနံ့ဆိုးဆိုးကိုလည်း အနံ့ရလိုက်သည်။ စုမင်လည်း တစ်ဂူလုံးအား ဝေ့ဝဲကြည့်ရှု၍ မြွေကဲ့သို့သော သွေးအေး တွားသွားသတ္တဝါ တစ်ကောင်၏ အသိုက် ဖြစ်ခဲ့ဖူးကြောင်း သိလိုက်ရသည်။
"အရေခွံက ခြောက်နေပြီး အနံ့လည်း ဖျော့တယ်။ မြွေ ပြန်မရောက်လာတာ တော်တော်ကြာပြီ။ အပြင်မှာ သေသွားတာလည်း ဖြစ်နိုင်တယ်"
စုမင် တွေးတောစဉ်းစားနေရင်း ငြိမ်သက်သွားသည်။ ဟယ်ဖုန်းအား မြေပေါ်သို့ ချပြီးသည်နှင့် အရေခွံများအား စုစည်းကာ ဂူဝင်ပေါက်၌ ချထားလိုက်သည်။ ထိုအနံ့အား သုံး၍ သူ့အား စိတ်အနှောင့်အယှက် ပေးမည့် ထူးဆန်းသော သားရဲအကောင် ဗလောင်ပိုးမွှားများကို မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြုလုပ်ထားသော်လည်း စုမင်၏ စိတ်မှာ လှုပ်ရှားနေဆဲ ဖြစ်၏။ အကြာကြီး အချိန်ယူစဉ်းစားပြီးကာမှသာ သူ စိတ်လက် ပေါ့ပါးသွားရသည်။ ဤနေရာက ဟယ်ဖုန်းနှင့် ရွှမ်းလွမ်တို့ တိုက်ခိုက်ခဲ့သော နေရာနှင့် အလွန်ဝေးကွာသည်။ ဤနေရာကို ရွှမ်းလွမ် ရှာတွေ့နိုင်ချေ အလွန်နည်းပါးပေသည်။
ထို့အပြင် စုမင်သည် ဟယ်ဖုန်းအားထားရန် သည့်ထက်ပိုကောင်းသည့် နေရာ မတွေ့ပေ။ အခြားသော ရှုထောင့်တစ်ခုမှ ကြည့်ပါလျှင် ဤနေရာသည်သာ အနည်းငယ် လုံခြုံသောနေရာ ဖြစ်ပေဦးမည်။
အတွေးများထဲတွင် နစ်မြုပ်နေဆဲ စုမင်သည် ဟယ်ဖုန်းထံ အကြည့်ရောက်သွားသည်။ သူတို့ ရောက်လာခဲ့သည့် လမ်းတစ်လျှောက်တွင် ဟယ်ဖုန်းတစ်ယောက် အနံ့ဆိုးများကို ပိုမိုရှူရှိုက်မိခဲ့၏။ သူ၏ အံ့မခန်းစွမ်းအားနှင့် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်နေ၍သာ မဟုတ်လျှင် သေတာကြာပြီ ဖြစ်သည်။
ယခုအချိန်ထိ အသက်ရှိနေသေးသော်လည်း သတိရမလာသေးပါ။ အချိန်များ ကုန်လွန်သွားသည်နှင့် အမျှ သေခြင်းတရားက တဖြည်းဖြည်း နီးကပ်လာခဲ့ချေပြီ။
ရွှမ်းလွမ်ကို ရှောင်တိမ်းရသည့်အပြင် အနံ့ဆိုးများကို အသုံးပြု၍ ဟယ်ဖုန်းကို အင်အားနည်းသည့် အခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်ရန် စုမင် သည်နေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ကယ်တမ်းတွင် ဤလူ၏ အစွမ်းကလည်း အင်မတန် ထက်မြက်လှသည် မဟုတ်ပါလား၊ သက်သာလာသည်နှင့် ယခင်ကဲ့သို့ ရိုးသားပါလိမ့်ဦးမလားဟု သံသယရှိမိပေသည်။
စုမင်သည် ဤကဲ့သို့ အပြင်းအထန် ဒဏ်ရာ ရထားသည့် ဟယ်ဖုန်းအား မကြောက်သော်လည်း ကိုယ့်ကိုယ်ကို သွေးဖောက်ခွဲခြင်းမှတော့ မတားဆီးနိုင်ပေ။ သို့သော် သူ့ခန္ဓာကိုယ်အား အနံ့ဆိုးများမှ ဆက်လက် ကျူးကျော်ဝင်ရောက်ခွင့် ရှိနေဦးမည် ဆိုပါက ဟယ်ဖုန်းအား အဟန့်အတား ဖြစ်စေနိုင်ပေလိမ့်မည်။
"သူပြောတော့ ငါ့အတွက် ပေးစရာရှိတယ်တဲ့"
စုမင်သည် မဆင်မခြင် မပြုမူပါ။ ဟယ်ဖုန်းကား ကောက်ကျစ်ဉာဏ်များသူ ဖြစ်ပြီး စုမင်လည်း ခံရပြီးဖြစ်၏။ ထိုအခိုက်တွင် ဂူထဲ၌ထိုင်လျက် ဟယ်ဖုန်း သတိလစ်မသွားခင်က ပြောသွားသော စကားများနှင့် အပြုအမူများ အပြုအမူများကို ပြန်လည်တွေးတော၍ မှောင်ရီပျိူးချိန်မှ ညနက်သည့်အထိ စောင့်ဆိုင်းနေခဲ့မိသည်။
ကောင်းကင်တခွင် ပိန်းပိတ်အောင် မှောင်ကျသွားရန် သိပ်မစောင့်လိုက်ရပေ။ စုမင်ရှိနေသည့် တောင်နေရာမှာ အနိမ့်ပိုင်းဖြစ်သည်။ တောင်ကြော အနည်းငယ်သာရှိ၍ အများစုမှာ မိုးသစ်တောအတွင်းရှိ သစ်ပင်များဖြင့် ထူထဲစွာ ကာဆီးခြင်း ခံထားရသည်။
ကောင်းကင်မှာ မည်းမှောင်သွားခဲ့ချေပြီ။ လမင်းလည်း ဝေဟင်ခပ်မြင့်မြင့်မှ ချိတ်ဆွဲကျလျက် လရောင်သည်လည်း နေ့ခင်းဘက် နေရောင်ခြည်ကဲ့သို့ မိုးသစ်တောတစ်ခွင် ဟိုတစ်စ သည်တစ်စ ဖြာကျနေခဲ့သည်။
ထိုသို့ ညအချိန်သည်သာ သူ၏ အခြေအနေအကောင်းဆုံးအချိန် ဖြစ်သည်ဟု စုမင်ခံစားရသည်။ ထိုအခါမှသာ မတ်တပ်ထရပ်၍ ဟယ်ဖုန်းရှေ့တွင် သွားရပ်လိုက်သည်။ တစ်ဖန် ပြန်လည် စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေး၍ ဟယ်ဖုန်း၏ အင်္ကျီအား ပင့်မလိုက်ရာ သူ့ရင်ဘတ်ထဲတွင် ခရမ်းရောင်အိတ်တစ်လုံးကို တွေ့လိုက်ရသည်။
ထိုခရမ်းရောင်အရာအား မြင်လိုက်ရသည်နှင့် စုမင်မျက်နှာထားက ပြောင်းလဲသွားရသည်။ သူ့မျက်လုံးထဲတွင် စူးရှ၍ ဖောက်ထွင်းမတတ် အကြည့်တို့ ပေါ်ထွက်လာခဲ့သည်။ ဟယ်ဖုန်းရင်ဘတ်ထဲမှ ခရမ်းရောင်အရာအား စိုက်ကြည့်ကာ တစ်ဖြည်းဖြည်းနှင့် ဝေဝါးသော အတိတ်သို့ လွမ်းဆွတ်အောက်မေ့သော အကြည့်တို့ ဖြစ်ပေါ်လာခဲ့၏။
"ဒီပစ္စည်းက..." စုမင် ရေရွတ်လိုက်သည်။
မေ့လျော့ထားခဲ့သော လူတစ်ယောက်၏ ပုံရိပ်မှာ စုမင်ခေါင်းထဲ၌ ပေါ်ပေါက်လာခဲ့သည်။ ထိုသည်မှာ ချွန်ထက်သောပါးရိုးများနှင့် မျောက်တစ်ကောင်ကဲ့သို့ ပါးမို့များရှိသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ ထိုအဘိုးအိုမှာ ထူးဆန်းသော ဆေးပင်များကို ရောင်းချပြီး စုမင်အားပင် စုတ်ပြဲနေသော အိတ်တစ်လုံး ရောင်းချခဲ့သေးသည်။
"ဒါက ဘာလဲ"
အတန်ကြာသော် စုမင် ဒူးထောက်ထိုင်ချ၍ ဟယ်ဖုန်းရင်ဘတ်ထဲမှ ခရမ်းရောင်အရာကို ထုတ်ယူလိုက်ရာ ထိုခရမ်းရောင်အရာသည် အရောင်မှအပ စုမင်၏ စုတ်ပြဲနေသောအိတ်နှင့် အတူတူပင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သို့သော်လည်း ခရမ်းရောင်အိတ်တွင်တော့ ပေါက်ပြဲရာ ရှိမနေပေ။ ပြီးပြည့်စုံသော အနေထားရှိသည်။ စုမင်၏ အိတ်အား ဤအိတ်နှင့် နှိုင်းယှဉ်ကြည့်ရန် မျှော်လင့်ချက်ပင်မရှိချေ။
"တူညီတဲ့ အိတ်တွေကို ရွှမ်းလွမ်က တစ်အိတ်လုသွားတယ်။ တစ်ခုကို ဟန်ဖေးကျစ်ကို ပေးထားတယ်။ ဟန်တောင်တန်းမျိူးနွယ်စုရဲ့ ဘိုးဘေးက ရတနာပစ္စည်းလေးမျိူး ချန်ထားရစ်ခဲ့တယ်။ အရောင်စုံရေကန်၊ ပုချန့်၊ ငြိမ်းအေးရာမျိူးနွယ်စု တွေက တစ်ခုစီ လုယက်သွားကြတယ်။ ကျန်တဲ့တစ်ခုကို ဟယ်ဖုန်းက သိမ်းထားတယ်"
ဟန်တောင်တန်း မြို့တော်အောက် ချောက်ကမ်းပါးများအတွင်း တည်ထောင်သူဘိုးဘေး ချန်ရစ်ခဲ့သော မြို့တော်၏ အဓိကလျှိူ့ဝှက်ချက်ကြီး လဲလျောင်းတည်ရှိနေသည်။
"ဒီလိုသာဆို တည်ထောင်သူဘိုးဘေး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေအားလုံး ရှိနေတယ်လို့ ဆိုလိုတာလား"
စုမင်မျက်လုံးတို့မှာ ပို၍ အုံ့မှိုင်းသွားပြီးနောက် ခရမ်းရောင်အိတ်ထဲတွင်လည်း အခြားသော လျှိူ့ဝှက်ချက်တစ်ခု ကိန်းအောင်းနေမည်ကို ခံစားမိလိုက်သည်။
သူ့လက်ထဲမှ ခရမ်းရောင်အိတ်အား တိတ်ဆိတ်စွာကြည့်မိသည်။ အထဲတွင် သူတစ်ခါမျှ မမြင်ဖူးသည့် ပစ္စည်းတစ်ခုခုပါဝင်နေပါက ဖွင့်ယူရန် အချိန်တစ်ခု လိုအပ်ပေလိမ့်မည်၊ သို့သော် အိတ်ကိုကြည့်ရသည်မှာ ထူးခြားသည်မဟုတ်ပေ။
စုမင်မျက်လုံးတို့ တောက်ပစွာဖြင့် ဘယ်လက်ကိုမြှောက်၍ အိတ်ကို ပုတ်ကြည့်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်ချိန်တွင် တုန့်ပြန်အားတစ်ခုကို ခံစားမိလိုက်၏။
စုမင် မင်သက်သွားရသည်။ ဤလိုမျိူး တစ်ခါမှ မခံစားဖူးပေ။ သို့သော်လည်း တုန့်ပြန်အားမှာ အလွန်အားနည်းလှသည်။ ကောင်းမွန်စွာ ထိန်းချူပ်ခြင်းအောက်တွင် ချီကိုလှည့်ပတ်ထားရာ တုန့်ပြန်အားမှာ ဝင်သက်အနည်းငယ်သာခံ၍ ပျက်ပြယ်သွားသည့်အတွက် အိတ်၏ မျက်နှာပြင်ပေါ် စုမင် လက်တင်၍ ရသွားခဲ့သည်။
စုမင် တုန်လှုပ်သွားမိ၏။ ပေပေါင်းရာချီခန့် ကျယ်ဝန်းသော ပုံရိပ်ကမ္ဘာတစ်ခု သူ့ခေါင်းထဲတွင် ပေါ်ပေါက်လာသည်။
စုမင် မျက်လုံးမှိတ်ထားပြီး အချိန်အတော်ကြာမှ ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကျေနပ်အံ့သြသွားမှုက ဖုံးကွယ်မရနိုင်စွာ ပေါ်လာခဲ့သည်။ သူ့လက်ကို ပြန်မလိုက်သောအခါ လက်ထဲတွင် လင်းခနဲဖြစ်သွားပြီး လက်ဝါးပေါ်၌ ဝါးပိုးမှတ်စုတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာမှာ ရှေးဟောင်းအသုံးအဆောင် ဖြစ်ဟန်တူသည်။ ကျိူးပဲ့ပျက်စီးမနေသော်လည်း အိုမင်းရင့်ရော်သည့် ခံစားချက်ကို ရရှိ၏။
ဤအရာသည် ဟယ်ဖုန်းပြောခဲ့ဖူးသည့် မာန်မျိူးနွယ်စု ပညာရပ်များနှင့် လုံးဝမတူသော မာန်ပညာရပ်တစ်မျိူး ပါဝင်သည့်ပစ္စည်း ဖြစ်သည်။ ထိုအရာက စုမင်အား အခြားသူတစ်ဦး၏ စွမ်းအားကို ပိုင်နိုင်စွာသိမြင်စေ၍ တံဆိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ တံဆိပ်ခတ်နှိပ်ထားသော လူနှင့် အရမ်းကြီး ဝေးမနေသရွေ့ သိနိုင်ပေသည်။
ထိုပစ္စည်းအား ဘေးသို့ချလိုက်သည်။ သူ့ဘယ်လက်တွင် အခြားအရာတစ်ခု ပေါ်လာပြန်သည်။ သူ့လက်ဖဝါးပေါ်၌ အရိုးဖြူတစ်ချောင်း လဲလျောင်းနေသည်။ အရိုးမှာ ဖြူစွတ်နေ၍ ပေါ်ထွက်လာသည်နှင့် ၎င်းအထက်တွင် တံလျှပ်တစ်ခု ဖြစ်ပေါ်လာရာ ပထမဆုံး မြင်တွေ့ရသူအား မူးဝေသွားစေသည်။
စုမင်သည် နားထဲ၌ စူးရှသော ညည်းညူငိုယိုသံများအား ကြားလာရသည်။ မူးဝေသွားရာမှ ပြန်လည် သတိထိန်းလိုက်နိုင်ရာတွင်မူ ထိုအရာအားလုံး လွင့်ပြယ်သွားသည်။
"ဒီအရိုး ဘယ်ကလာလဲ မသိဘူး။ ဒီအရိုးက သားရဲတစ်ကောင် ဒါမှမဟုတ် လူအရိုးလား။ ဒါပေမယ့် ဒီအရာကြောင့် ဒီလို ထူးဆန်းမှုတွေ ဖြစ်တာဆိုတော့ အပင်စိုက်တဲ့နေရာမှာ သုံးလို့ရရင်ရမှာ"
စုမင်သည် လက်ထဲမှ အရိုးအား စိုက်ကြည့်၍ ခရမ်းရောင်အိတ်ကို ဆွဲကာ ဘေးတွင် သွန်ချလိုက်သည်။
ကျယ်လောင်သော အသံနှင့်အတူ ခရမ်းရောင်အိတ်ထဲမှ ပစ္စည်းများစွာ ထွက်ကျလာလေကာ မြေပြင်ပေါ်တွင် တလက်လက်တောက်ပနေသည်။ ဂူထဲတွင် အလင်းရောင်သိပ်မရသော်လည်း စုမင်မှာ ရှင်းလင်းစွာမြင်နေရ၏။ အများစုသော အရာများမှာ ကျောက်ဒင်္ဂါးများ ဖြစ်သည်။ အဖြူရောင် ဒင်္ဂါးများသာမက အခြားသော အရောင်များနှင့် တန်ဖိုးအနည်းငယ် နိမ့်ပါးသော ဒင်္ဂါးများလည်း ပါရှိသည်။ သို့သော်လည်း အရေအတွက် များပြားလွန်းသည်က လန့်ဖျပ်စရာပင်။
"ဒါက အနည်းဆုံး တစ်သောင်းလောက်ရှိမယ်"
စုမင် အသက်ပြင်းပြင်း ရှူရှိုက်မိသည်။ ဤအရာက သူ့ဘဝတွင် မြင်ဖူးသမျှ အများဆုံးငွေကြေး ဖြစ်သည်။ မကြာခင် အခြားသော အရာများကြား၌ လဲလျောင်းနေသော အနီရောင် ဒင်္ဂါးနှစ်ပြားအပေါ် မျက်စိကျသွားသည်။
အနီရောင် ဒင်္ဂါးပြားတို့၏ အရောင်မှာ တဖျပ်ဖျပ်တောက်ပနေသည်။ ဂူထဲတွင် မှောင်သော်လည်း အနီရောင်ဒင်္ဂါးများမှလာသော အလင်းရောင်ကို မှုန်မှိုင်းမသွားစေပေ။
ဤအရာများအပြင် သေးငယ်သော ပုလင်းလေးများစွာကိုလည်း တွေ့လိုက်ရသည်။ ၎င်းတို့အထဲတွင် မတူညီသော အရည်များစွာပါ၏။ အချိူ့မှာ အနံ့ကောင်း၍ အချိူ့မှာ အနံ့မဲ့ကာ အချိူ့မှာ ဗွက်စော်နံပြီး အချိူ့မှာတော့ လန်းဆန်းစေသည့်ရနံ့ ရှိသည်။
ထိုအရာများပင် မကပဲ အရာဝတ္ထုများကြားတွင် လဲလျောင်းနေသေးသည်မှာ သားရဲအရေထည် အပိုင်းနှစ်စ ဖြစ်သည်။ ထိုသားရဲထည်များပေါ်တွင် မာန်ပညာရပ်နှစ်ခုအား ရေးသားထားသည်။ ၎င်းတို့ကို ဖတ်မိသောအခါ စုမင်မျက်လုံးအရောင်တို့ ပို၍ပင် တောက်ပလာလေတော့သည်။
"မာန်သွေးကြောမျှင် မရှိတာတော့ နှမြောစရာပဲ။ ဒါပေမယ့် မျှော်လင့်ထားတဲ့ အတိုင်းပါပဲလေ။ ဟယ်ဖုန်းက သူ့ပစ္စည်း တော်တော်များများကို ရွှမ်းလွမ်နဲ့တိုက်တုန်းက ထုတ်သုံးခဲ့ပြီးပြီ"
ပါးစပ်မှ ရေရွတ်နေရင်း စုမင်အကြည့်သည် မြောက်များစွာသော ပစ္စည်းများကြား၌ ထင်ထင်ရှားရှား ရှိနေသည့် ထူးခြားသော အရာနှစ်ခုအပေါ် ကျရောက်သွားသည်။
တစ်ခုမှာ လက်ဖဝါးအရွယ်ရှိ အဖြူရောင် ကျောက်သားသေတ္တာတစ်လုံး ဖြစ်သည်။
နောက်တစ်ခုမှာ အမည်မသိ ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အနက်ရောင်မျက်နှာဖုံး ဖြစ်၏။ စုမင် ထိုအရာကို ကြည့်မိသောအခါ သူ့အကြည့်များအား စုပ်ယူနေသည်ဟု ခံစားမိလိုက်သည်။
အဖြူရောင် ကျောက်သားသေတ္တာကို ဦးစွာ ကောက်ယူလိုက်သည်။
ခေတ္တမျှ ဂရုတစိုက် ကြည့်ရှုစစ်ဆေးပြီး နောက်တွင် သူ့လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့သည်။ အထဲတွင် ပါရှိသည့် အရာများကို မသိသော်လည်း ထိုသေတ္တာသည် ကျောက်ဒင်္ဂါးဖြူများအား အရည်ပျော်သန့်စင်၍ သွန်းလုပ်ထားသော အရာဖြစ်သည်။ ကျောက်သားသေတ္တာမှာ သိပ်မကြီးသော်လည်း အနည်းငယ်မျှလေးပင်သည်။
"ကျောက်ဒင်္ဂါးဖြူ ဘယ်လောက်တောင် သုံးထားပါလိမ့်"
စုမင် ခေတ္တမျှ မင်သက်နေလေသည်။ ကျောက်ဒင်္ဂါးများအား ဤသို့ အသုံးပြု၍ရလိမ့်မည်ကို သူ မမျှော်လင့်ခဲ့ဖူးပေ။ သူ့အတွက်တော့ ကုန်သွယ်ရေးအတွက် သုံးသည့် အရာများသက်သက်သာ ဖြစ်သည်။ သို့သော်လည်း ကျောက်သားသေတ္တာ၏ ပုံစံက သူ၏ ယခင်ထင်မြင်ချက်အား မှားယွင်းကြောင်း သက်သေခံနေသည်။
"ဒီကျောက်ဒင်္ဂါးတွေက ကုန်သွယ်ရေးအတွက် သက်သက်မဟုတ်ပဲ တခြားပုံစံနဲ့လည်း သုံးလို့ရတယ်ပေါ့"
စိတ်ဝင်စားစရာပဲ၊ စုမင် သေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် ရှိနေသည့်အရာကို မြင်လိုက်ရသော် လန့်ဖျပ်သွားရလေသည်။
"ဒါက..."
*****