← Chapters

စိတ်ဝိညာဉ်ခြောက်သွယ် ခန္ဓာကိုယ်

Vol. 1 Ch. 2

စိတ်ဝိညာဉ်ခြောက်သွယ် ခန္ဓာကိုယ်

Vol. 1 Ch. 2

အခန်း (၂) စိတ်ဝိညာဉ်ခြောက်သွယ် ခန္ဓာကိုယ်

“အကြီးအကဲသံမဏိ ဘာဖြစ်လို့လဲ” အဘိုးအိုဝမ်ဟာ အထိတ်တလန့်နဲ့ မေးလိုက်ပါတယ်။

အကြီးအကဲသံမဏိဟာ ဒေါသကြီးသူဖြစ်ပေမဲ အဘိုးအိုဝမ်ဟာ အကြီးအကဲသံမဏိနဲ့ အတူနေတာ ကြာခဲ့ပြီမို့ အကြီးအကဲသံမဏိ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေတာပါ။

အမျိုးသမီး ကျင့်ကြံသူဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “မကြာသေးခင်က ယွီဂျင်ဂိုဏ်းထဲကို လက်ဝဲကျင့်ကြံသူတွေ ခိုးဝင်လာလို့ အပြင်ဂိုဏ်းက ငါတို့တို့ကို လာကာကွယ်ခိုင်းတာ၊ မင်း စိုးရိမ်စရာ မလိုဘူး”

အဘိုးအိုဝမ်ဟာ ကျင့်ကြံသူ အမျိုးသမီးရဲ့ စကားကို ကြားတဲ့အခါမှာ စိတ်သက်သာရာ ရသွားပါတယ်။ အဲဒီနောက် အဘိုးအိုဝမ်ဟာ ကျင်ကြံသူနှစ်ဦးကို ဦးညွှတ် အရိုအသေပေးပြီး လှည့်ထွက်လာခဲ့ပါတယ်။

ကျင့်ကြံသူနှစ်ဦးဟာ ဆေးဥယျာဉ် တံခါးရဲ့ ဘေးနှစ်ဖက်က သစ်ပင်တွေအောက်မှာ အသီးသီးထိုင်လိုက်ပြီး စတင်ကျင့်ကြံကြပါတယ်။

သူတို့နှစ်ဦးဟာ အသက်ရှုလေ့ကျင့်ခန်းကို စတင်လေ့ကျင့်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိနဲ့ မြင်နိုင်လောက်တဲ့ လေဝဲတစ်ခုဟာ သူတို့ပတ်လည်မှာ ပေါ်လာပါတယ်။

ဒီဟာက ချီစွမ်းအင်ပဲလို့ ဆေးပင်တွေ ရေလောင်းနေတဲ့ ဟန်ကျွယ်က တိတ်တဆိတ် တွေးလိုက်ပါတယ်။

နောက်နေ့မနက်မှာတော့ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း အံစာတုံးကို ဆက်ခေါက်ပါတယ်။

【ကျင့်ကြံခြင်းစွမ်းရည်: မရှိ】

ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပေမဲ့ ဒီလိုရလဒ်ကို ရတဲ့အတွက် စိတ်ပျက်အားငယ်ခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ ထိပ်တန်း ကံတရားလေးခု ရှိနေပြီလေ။ ကျင့်ကြံခြင်းစွမ်းရည် အတွက်ကတော့ အကောင်းဆုံးပါရမီကို ရဖို့ အချိန်တော့ ယူရမယ်လို့ ဟန်ကျွယ် တွေးလိုက်ပါတယ်။

ကျင့်ကြံသူနှစ်ဦး ရှိနေတာကြောင့် ဆေးဥယျာဉ်မှာ အလုပ်လုပ်နေတဲ့ အစေခံတွေရဲ့ဘဝဟာ ဘာမှ ပြောင်းလဲ မသွားပါဘူး။

ဟန်ကျွယ်ဟာ ပျင်းစရာကောင်းတဲ့ ဘဝကို တိတ်တဆိတ် ဆက်ဖြတ်သန်းနေပါတယ်။ အလုပ်လုပ်တာအပြင် ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်အတွက် အံစာတုံး ခေါက်ပြီးတိုင်း လေ့ကျင့်ခန်း လုပ်ပါတယ်။

တတိယမြောက်နေ့မှာလည်း ဟန်ကျွယ်ဟာ ထုံးစံအတိုင်း အံစာတုံးကို ခေါက်လိုက်ပါတယ်။

【ကျင့်ကြံခြင်းစွမ်းရည်: မရှိ】

‘ကောင်းပြီ… မင်းက ငါ့ကို အရူးလုပ်နေတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။

စတုတ္ထမြောက်နေ့

【ကျင့်ကြံခြင်းစွမ်းရည်: ဒြပ်စင်ငါးပါး အရောအနှော စိတ်ဝိဉာဉ်အမြစ်၊ ကျင့်ကြံမှုသည် အခြေခံအဆင့်အား မကျော်လွန်နိုင်ပါ။】

ဒီပါရမီနဲ့ သာမန်လူတွေဟာ ကျင့်ကြံသူတစ်ဦးဖြစ်‌အောင် ကျင်ကြံနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး အံစာတုံးကို ဆက်ခေါက်နေရအုန်းမှာပဲလို့ တွေးလိုက်ပါတယ်။ သူလိုချင်တာက အကောင်းဆုံးစွမ်းရည်ပါ။ ဒီလို ပမွှားစွမ်းရည်လေး မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ လေ့ကျင်းခန်းကို နေ့တိုင်း လုပ်သလို အံစာတုံးကိုလည်း နေ့တိုင်းခေါက်ပါတယ်။ များသောအားဖြင့် အရောအ‌နှော စိတ်ဝိဉာဉ်အမြစ်တွေသာ ကျလေ့ရှိပါတယ်။ ဒီလိုရလဒ်တွေက ဟန်ကျွယ်ကို စိတ်မပျက်စေပါဘူး။ တစ်နေ့မှာတော့ ကောင်းကင်ကို အန်တုနိုင်လောက်တဲ့ ကျင့်ကြံခြင်းစွမ်းရည်ကို ရရှိမယ်လို့ ဟန်ကျွယ်က ယုံကြည်ထားပါတယ်။

ဟန်ကျွယ်ဟာ ကလဲ့စားချေဖို့ ကျင့်ကြံတာ မဟုတ်တဲ့အတွက် နောက်ကျမှ ကျင့်ကြံလဲ ကိစ္စမရှိပါဘူး။

နှစ်နှစ်ကြာပြီးနောက်။

အကြီးအကဲသံမဏိ ပြန်လာတဲ့အခါ ဆေးဥယျာဉ်က ကျင့်ကြံသူနှစ်ဦးဟာ ဦးညွှတ် အရိုအသေးပေးလိုက်ပြီး နှုတ်ဆက်စကား ပြောဆိုကာ ထွက်ခွာသွားပါတယ်။ ဆေးဥယျာဉ်က အစေခံအားလုံးဟာ အကြီးအကဲ သံမဏိရှေ့မှာ စုစည်းပြီး ဒူးထောက် ဂါရဝပြုကြပါတယ်။

အကြီးအကဲ သံမဏိဟာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဘူးသီးတောင်း နှစ်လုံးကို ချိတ်ဆွဲထားပါတယ်။ အကြီးအကဲ သံမဏိရဲ့ ဆံပင်တွေဟာ အဖြူ၊ အမည်း ရောထွေးနေပြီး သူ့မျက်နှာကတော့ ကြည့်လိုက်တာနဲ့ ဒေါသကြီးသူမှန်း သိသာအောင် သုန်မှုန် ခက်ထန်နေပါတယ်။

အကြီးအကဲသံမဏိဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး ကျေနပ်တဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ် “မဆိုးဘူး… ဘာပြဿနာမှ မရှိဘူး” ဒီတော့မှ အစေခံတွေဟာ သက်ပြင်းချနိုင်ပြီး စိတ်သက်သာရာ ရသွားပါတယ်။

အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်နဲ့ ဟန်ကျွယ်ဘေးနားက ကောင်လေးတွေကို ကြည့်ပြီး လက်ညိုးထိုးကာ ပြောလိုက်ပါတယ် “မင်းတို့လေးယောက်... ငါ့နောက် လိုက်ခဲ့ချည်” အကြီးအကဲ သံမဏိဟာ ပြောပြောဆိုဆိုနဲ့ သူ့ခန်းမထဲကို လျှောက်သွားပါတယ်။

ဟန်ကျွယ်ဟာ အကြီးအကဲသံမဏိ ခေါ်လိုက်တဲ့ လူငယ်လေးယောက်ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ လူငယ်လေးယောက်လုံးဟာ အကြီးအကဲ သံမဏိနောက်ကို လိုက်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ် “အကြီးအကဲ သံမဏိက ငါတို့ကို ဆေးဥယျာဉ်ရဲ့ တစ်နေရာရာကို ဦးစီးခိုင်းတော့ မလို့လား”

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိရဲ့ ညာလက်ကနေ သွေးစက်တွေကျနေတာကို သတိထားမိသွားပါတယ်။ ဟန်ကျွယ်ဟာ ကြောက်လန့်သွားပြီး သူ့ခေါင်းထဲကို ချောက်ချားဖွယ် အတွေးတစ်ခု တိုးဝင်လာပါတယ် “အကြီးအကဲ သံမဏိက ဒဏ်ရာရလာလို့ ငါတို့ကို ရုပ်သေးရုပ်တွေ လုပ်ချင်တာလား၊ ဒါမှမဟုတ် ဆေးဖော်ရာမှာ သုံးမလို့လား”

ဟန်ကျွယ်ဟာ အရင်ဘဝမှာ ရှီးရှဝတ္ထုအများကြီးကို ဖတ်ခဲ့ပါတယ်။ အဲဒီဝတ္ထုတွေထဲက အကြောင်းအရာတွေထဲမှာ ဟန်ကျွယ်စိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲကျန်ခဲ့တဲ့အရာကတော့ ကျင့်ကြံသူတွေဟာ အသက်ရှင်ဖို့အတွက် ကိုယ်နဲ့အရင်းနှီးဆုံးသူကိုတောင် သတ်ပစ်နိုင်တယ် ဆိုတာပါပဲ။ ကျင့်ကြံသူတစ်ဦးအတွက် သူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ ဟန်ကျွယ်ဟာ တွေးလေ တုန်လှုပ်ချောက်ချားလေ ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ ကြောက်လန့်နေပေမဲ့ ထွက်မပြေးရဲတာကြောင့် သူ့စိတ်ကိုပဲ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားလိုက်ပါတယ်။

ခန်းမထဲကို ရောက်သွားတဲ့အခါမှာတော့ လူငယ်တစ်ယောက်က တံခါးကို ပိတ်လိုက်ပါတယ်။ အကြီးအကဲ သံမဏိဟာ ထိပ်ဆုံးနေရာမှာ ထိုင်လိုက်ပြီး ဟန်ကျွယ်တို့ လေးယောက်ကို ကြည့်ကာ ပြောလိုက်ပါတယ် “မင်းတို့လေးယောက်လုံး… လက်တွေကို ဆန့်ထုတ်လိုက်”

ဟန်ကျွယ်တို့ လေးယောက်ဟာ သူတို့လက်တွေကို ဆန့်ထုတ်လိုက်ပါတယ်။ အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်တို့ လက်တွေကို တစ်လက်ချင်းစီ လိုက်ထိပါတယ်။

ဟန်ကျွယ်ဟာ သူ့လက်ကို အကြီးအကဲသံမဏိ လာထိတဲ့အခါမှာ ဘဲငန်းဆိတ်ခံရသလို ခံစားလိုက်ရပါတယ်။ အကြီးအကဲသံမဏိဟာ အရပ်ရှည်ပြီး ထွားကြိုင်းတဲ့ လူငယ်တစ်ယောက်ကို ပြောလိုက်ပါတယ် “မင်းတစ်ယောက်ပဲ ကျင့်ကြံခြင်းစွမ်းရည် ရှိတယ်၊ ကျန်တဲ့သူတွေ သွားလို့ရပြီ”

ဟန်ကျွယ်ဟာ အခုမှပဲ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ကံကောင်း‌ချင်တော့ ဟန်ကျွယ် ဒီနေ့ အံစာတုံးခေါက်လိုက်တာ မနေ့က ရထားတဲ့ ကျင့်ကြံခြင်းစွမ်းရည်တွေ ပျောက်ကွယ်သွားပါတယ်။ ကံကောင်းမှုက ရုပ်ဖျက်ပြီး ရောက်လာတာပဲလို့ ဟန်ကျွယ် တွေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းစွမ်းရည်ရှိတဲ့ ကောင်လေးကို ကရုဏာသက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

ကျင့်ကြံခြင်းစွမ်းရည်ရှိတဲ့ ကျန်းကူဟာ ခိုလိုအဆင်းရှိပြီး အစေခံတွေထဲမှာ သဘောမနောကောင်းကာ ဖော်ရွေသူတစ်ဦး ဖြစ်ပါတယ်။ တစ်ခြားကောင်လေး နှစ်ယောက်ကတော့ ကျန်းကူကို အားကျတဲ့ အကြည့်နဲ့ ဝိုင်းကြည့်လိုက်ကြပါတယ်။

ကျန်းကူဟာ စိတ်လှုပ်ရှားနေသလို ကြောက်ရွံ့သလို ထိတ်လန့်သလိုလည်း ဖြစ်နေပါတယ်။

အကြီးအကဲ သံမဏိဟာ အစေခံတွေကို ကျင့်ကြံဖို့ ခွင့်မပြုထားပါဘူး။ ဒါ့အပြင် ဒီလို အစေခံတွေရဲ့ စိတ်ဝိဉာဉ်အမြစ်ကို စမ်းသပ်တာကလည်း ဒီဟာက ပထမဆုံး အကြိမ်ပါ။

ခန်းမထဲက ထွက်လာပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ တစ်ခြားကောင်လေးနှစ်ယောက် ပြောနေတာတွေကို လျစ်လျူရှုလိုက်ပြီး အလုပ်ပြန်လုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ကျန်းကူက အလုပ်မလုပ်ရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြီးအကဲ သံမဏိဟာ ကျန်းကူကို တပည့်အဖြစ် လက်ခံလိုက်လို့ပါ။ ဒီဖြစ်ရပ်ဟာ တစ်ခြားအစေခံတွေကို အားကျစေပြီး မနာလိုဝန်တို စေပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ကတော့ လုံးဝကို အားမကျပါဘူး။

ဒီဟာက ထောင်ချောက်တစ်ခုမှန် ဟန်ကျွယ် သိနေပါတယ်။

တိရစ္ဆာန်တွေ မွေးသလိုမျိုး ကျန်းကူကို ပထမဆုံး ကျွေးမွေးပြီး အသားတိုးလာမှ သတ်ပစ်မယ်ဆိုတာကို ဟန်ကျွယ် ကြိုသိနေပါတယ်။ ဟန်ကျွယ်ဟာ အကြီးအကဲသံမဏိရဲ့ ရွေးချယ်ခြင်း မခံရတဲ့အတွက် ဝမ်းတောင်သာနေပါသေးတယ်။ သူ့မှာက စနစ်ရှိတဲ့အတွက် ဆရာသခင် မလိုအပ်ပါဘူး။

မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ထပ် နှစ်နှစ်တာ ကုန်ဆုံးသွားပြန်ပါတယ်။

အကြီးအကဲ သံမဏိဟာ လွန်ခဲ့တာ ခြောက်လက ဆေးဥယျာဉ်ကနေ ထွက်သွားပါတယ်။ အကြီးအကဲသံမဏိ ထွက်သွားတာနဲ့ အရင်က ဆေးဥယျာဉ်ကို စောင့်ကြပ်ခဲ့တဲ့ ကျင့်ကြံသူနှစ်ဦးဟာ ဆေးဥယျာဉ်ကို ကာကွယ်စောင့်ကြပ်ဖို့ ထပ်ရောက်လာပါတယ်။

ကျန်းကူဟာ ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်တဲ့အတွက် ဆေးဥယျာဉ်ကို လာစောင့်ကြပ်တဲ့ ကျင့်ကြံသူနှစ်ဦးနဲ့ စကားသွားပြောလေ့ ရှိပါတယ်။ ပြီးတော့ အစေခံအားလုံးဟာလည်း ကျန်းကူရဲ့ အမိန့်ကို နာခံရပါတယ်။ ကံကောင်းတာက ကျန်းကူဟာ ကျင့်ကြံခြင်းနဲ့ အလုပ်များနေတဲ့အတွက် တစ်ခြား အစေခံတွေကို အနိုင်ကျင့်ဖို့ အချိန်မရှိပါဘူး။ ဒီအစေခံတွေဟာ သူတို့တစ်ဘဝလုံး အစေခံအဖြစ် နေထိုင်ကြရမှပါ။ အကြီးအကဲသံမဏိဟာ မကြာခဏ အပြင်သွားပေမဲ့ အစေခံတွေကိုတော့ ဆေးဥယျာဉ်အပြင်ဘက်ကို ခြေတစ်ဖဝါးတောင် ထွက်ခွင့် မပြုပါဘူး။ ဒါကြောင့် အစေခံတွေဟာ ဘာအကျိုးအမြတ်မှ မရှိတဲ့တာကြောင့် ပဋိပက္ခဆိုတာကလည်း နေ့ခင်းကြောင်တောင် မီးအိမ်ထွန်းရှာရပါလိမ့်မယ်။

ဟန်ကျွယ်ဟာ ဒီနှစ်မှာ အသက် ၁၅နှစ် ပြည့်သွားပြီ ဖြစ်ပေမဲ့ ကိုယ့်ကိုကိုယ် နှိမ့်ချပြီးနေထိုင်တုန်းပါ။

ဒီလေးနှစ်အတွင်း ဟန်ကျွယ် အံစာတုံးခေါက်လို့ ရလာတဲ့ ကျင့်ကြံခြင်းစွမ်းရည်တွေထဲမှာ အကောင်းဆုံးစွမ်းရည်ကတော့ သုံးဆကျင့်ကြံခြင်း စွမ်းရည်ပါ။ ဒီစွမ်းရည်နဲ့ဆိုရင် ဟန်ကျွယ်ဟာ ‌ရွှေဓာတ်လုံး အဆင့်ကို ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မျက်လုံးထဲမှာ ရွှေဓာတ်လုံးအဆင့်ဆိုတာ ပမွှားအဆင့်သာ ဖြစ်ပါတယ်။ ဟန်ကျွယ်ရဲ့ ပန်းတိုင်က ထာဝရအသက်ရှည်တဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်လာဖို့ပါ။

ဒီနေ့မနက်ခင်းမှာလည်း ဟန်ကျွယ်ဟာ ထုံးစံအတိုင်း အံစာတုံးကို သာမန်ကာလျှံကာ ခေါက်လိုက်ပါတယ်။

【ကျင့်ကြံခြင်းစွမ်းရည်: မီးနှင့်‌ရေ နှစ်ဆ ကျင့်ကြံခြင်းစွမ်းရည်၊ ထူးချွန်ပါရမီ၊ ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိရန် မျှော်လင့်ချက်ရှိသည်။】

‘ကနဦးဝိညာဉ်အဆင့်ကိုတောင် မျှော်လင့်ချက်ပဲ ရှိတာလား’

ဟန်ကျွယ်ဟာ ဒီစွမ်းရည်ကို စိတ်မဝင်စားပါဘူး။ သူအသက်က ၁၅ နှစ်ပဲ ရှိသေးတော့ နောက်ထပ် ၁၅ နှစ်လောက် အံစာတုံးထပ်ခေါက်လို့ ရပါသေးတယ်။ သူလိုချင်တာ မရမချင်း အံစာတုံးပဲ ဆက်ခေါက်နေမယ်လို့ ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

...

နွေရာသီ ပြီးတဲ့အခါမှာ ဆောင်းဦး ရောက်လာပြီး နောက်ထပ်တစ်နှစ်တာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ထုံးစံမပျက် မနက်ခင်းတိုင်း အံစာတုံးခေါက်နေတုန်းပါပဲ။

[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ကိုယ်ခန္ဓာ၊ ထိပ်တန်းအဆင့် လေ၊ မီး၊ ရေ၊ မြေ၊ သစ်သားနဲ့ မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားအထောက်အပံ့ကို အနည်းငယ် ကောင်းစေသည်]

“ဒါလေးပဲလား” ဟန်ကျွယ်ဟာ သရော်သလို ပြောလိုက်ပါတယ်။

“နေအုန်းဟ”

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းစွမ်းရည်ကို သေသေချာချာကြည့်ကာ မျက်လုံးပြူးပြီး အသက်ရှူမြန်သွားသလို နှလုံးခုန်နှုန်းလည်း မြန်လာပါတယ်။

နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ။

ဆယ့်ခြောက်နှစ်လုံးလုံး ဟန်ကျွယ် စောင့်မျှော်နေခဲ့ရတဲ့ ဇာတ်လိုက်တွေရဲ့ ကျင့်ကြံခြင်းစွမ်းရည်ကို နောက်ဆုံးတော့ ရရှိခဲ့ပါပြီ။ ဟန်ကျွယ်ဟာ မျက်လုံးတွေကို ပွတ်သတ်လိုက်ပြီး သူအမြင်မှားတာ မဟုတ်ဘူးဆိုတာကို သေချာအောင် လုပ်လိုက်ပါတယ်။

ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်။

သာမန်ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်‌တောင် မဟုတ်ဘဲ အမျိုးအစား ခြောက်မျိုးရှိတဲ့ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်ပါ။

“ဟင်း…”

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ တည်ငြိမ်ဖို့ တော်တော် ကြိုးစားလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သူ့လိုချင်တဲ့ ကျင့်ကြံခြင်းစွမ်းရည်ကို ရရှိသွားပါပြီ။

ဟန်ကျွယ်ဟာ ဂိမ်းကို ချက်ချင်း မစဆင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူဆူညံညံဖြစ်ပြီး ဆေးဥယျာဉ်ကိုစောင့်နေတဲ့ ကျင့်ကြံသူနှစ်ဦး ကြားသွားမှာကို မလိုလားလို့ပဲ ဖြစ်ပါတယ်။

‘ငါ ဘယ်အချိန်ထိ စောင့်နေရမှာလဲ’

ဟန်ကျွယ်ဟာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက်‌ ပေါ်လာပါတယ်။

[သင်သည် နေရာကျဉ်းကျဉ်းတစ်ခုကို ရွေးချယ်နိုင်သည်။ စနစ်သည့် သင့်အတွက် အကာအကွယ်တစ်ခု ဖန်းတီးပေးမည်။ အကာအကွယ် အပြင်ဘက်ရှိ ကျင့်ကြံသူများသည် အကာအကွယ်ထဲ၌ ဖြစ်ပျက်နေသည်များကို လုံးဝသိရှိနိုင်လိမ့်မည် မဟုတ်ချေ။]

ဟန်ကျွယ်ဟာ အံအားသင့်သွားပြီး တော်တော်လေး ကျေနပ်သွားပါတယ်။ ဟန်ကျွယ်ဟာ တံခါးဆီကို လျှောက်သွားပြီး အစေခံတွေအားလုံး ဆေးဥယျာဉ်ကို သွားတယ်ဆိုတာ ကျိန်းသေအောင် လုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တံခါးကို အသာအယာ ပိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အခန်းအလယ်မှာရပ်ပြီး ကိုယ်ရေးအကျဉ်းကို ဆွဲချကာ ဂိမ်းစတင်ဖို့ ခလုတ်ကို နှိပ်လိုက်ပါတယ်။

ဒီအခါမှာတော့ ဂိမ်းစတင်ဖို့ ခလုတ်ကို နှိပ်လိုက်တာ အောင်မြင်သွားပြီး ကိုယ်ရေးအကျဉ်းဟာ ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ဂိမ်းဘဝကို စတင်လိုက်ပါပြီ]

【သင့်ဘဝဇာတ်ကြောင်း】

[ဟန်ကျွယ်၊ သင်သည် သေမျိုးဘုံ၏ ကျင့်ကြံခြင်းဂိုဏ်းတစ်ခု၌ မွေးဖွားခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက လူတိုင်း၏ ချစ်မြတ်နိုးမှုကို ရရှိခဲ့သည်။ သင့်မိဘများသည် သင်ငယ်ရွယ်စဉ်တွင်ပင် သင့်အား စွန့်ပစ်ခဲ့သည်။ သင့်တွင် ကိစ္စကြီးကို ထမ်းဆောင်ရန် ကံတရားရှိသည်။ ထို့အပြင် ပြိုင်ဘက်ကင်းသော ဓါးသိုင်းပါရမီလည်း ရှိ၏။ သင်သည် လောကကြီး၌ ပါဝင်သော ထူးခြားဆန်းကြယ်သည့် စွမ်းအင်ခြောက်မျိုးကို မကြာခဏ ခံစားမိ၏။]

[ယနေ့တွင် သင်သည် အမတဧကရာဇ်၏ အမွေကို မတော်တဆ နိုးထစေမိပြီး ပြိုင်ဘက်ကင်းသော ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို ရရှိသွားခဲ့၏။ ထို့ကြောင့် သင်သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။]

【ကျေးဇူးပြုပြီး အဓိက ကျင့်စဉ်လမ်းကို ရွေးချယ်ပေးပါ】

【ဓါးလမ်း】

【မိုးကြိုးလမ်း】

【မြေလမ်း】

【မီးလမ်း】

【ရေလမ်း】

【သစ်သားလမ်း】

【လေလမ်း】

All Chapters