← Chapters

ချီသန့်စင်ခြင်း သတ္တမအဆင့်

Vol. 1 Ch. 3

ချီသန့်စင်ခြင်း သတ္တမအဆင့်

Vol. 1 Ch. 3

အခန်း (၃) ချီသန့်စင်ခြင်း သတ္တမအဆင့်

‘အဓိက ကျင့်စဉ်လမ်းကို ရွေးချယ်ရမှလား’

ဟန်ကျွယ်ဟာ သိပ်ပြီး ချီတုံချတုံ ဖြစ်မနေပါဘူး။

ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ရရှိလိုက်တာက သူ့ရဲ့ စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်နဲ့ ဆက်နွှယ်မှု ရှိလိမ့်မယ်လို့ ဟန်ကျွယ် တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မှာ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည် ခြောက်မျိုးရှိတဲ့အတွက် ခြောက်မျိုးလုံးကို အတူတကွ တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ထိပ်တန်း ဓါးစွမ်းရည်ကို ပိုင်ဆိုင်ထားတာကြောင့် ဓါးလမ်းကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးနောက် ချက်ချင်းပဲ ဓါးလမ်းကို နှိပ်လိုက်ပါတယ်။

ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲကနေ ထူးဆန်းတဲ့အပူလိုင်း တစ်ခုကို ခံစားလိုက်ရပြီး မိန်းမောသွားပါတယ်။ အဲဒီနောက် အိပ်မက်မက်နေသလို ဖြစ်သွားပြီး အချိန်အရမ်းကြာတယ်လို့ ခံစားရလိုက်ပါတယ်။ ဒါပေမဲ့ အိပ်မက်ထဲမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့ ဟန်ကျွယ် မမှတ်မိပါဘူး။

ဟန်ကျွယ် မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရှေ့က ကိုယ်ရေးအကျဉ်းဟာလည်း ပြောင်းလဲသွားပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၁၆/၆၅]

[မျိုးနွယ်: မော်တယ်]

[ကျင့်ကြံမှု: မရှိ]

[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်(အမွေဆက်ခံ၍ရသည်)]

[မှော်ပညာပညာ: မရှိ]

[ဆန်းကြယ်စွမ်းအား: မရှိ]

[အသုံးအဆောင်: မရှိ]

[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားအထောက်အပံ့ကို အနည်းငယ် ကောင်းစေသည်။]

[ကံတရားအထောက်အပံ့မှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]

[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]

[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီးနောက် ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပါမည်]

[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် ကျင့်စဉ်ကို ချက်ချင်း မဆက်ခံသေးဘဲ [လူမှုဆက်ဆံရေးကို စစ်ဆေးမည်] ကို နှိပ်လိုက်ပါတယ်။

ဟန်ကျွယ်ရှေ့က မျက်နှာပြင်ဟာ ပြောင်းလဲသွားပြီး လူတစ်ယောက်ရဲ့ ဓါတ်ပုံ ပေါ်လာပါတယ်။ ဒီဓါတ်ပုံက အကြီးအကဲသံမဏိနဲ့ ဆင်တူပါတယ်။

[အကြီးအကဲသံမဏိ: ချီသန့်စင်ခြင်း သတ္တမအဆင့် ၊ သူသည် သင့်အား မုန်းတီးနေပြီး သင့်၌ ကျင့်ကြံခြင်းစွမ်းရည် ရှိမှန်းသိလျှင် ကျိန်းသေပေါက် လုပ်ကြံမည်ဖြစ်သည်။ မုန်းတီးမှု: ကြယ်တစ်ပွင့်။]

‘ခွီးတဲ့မှပဲ၊ ငါက မင်းအတွက် ဒီလောက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးတာတောင် မင်းက ငါ့ကို မုန်းနေသေးတယ်’ ဟန်ကျွယ်ဟာ အကြီးအကဲသံမဏိကို စိတ်ထဲကနေ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ သူ့စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်ပါတယ်။

“ဒီလူမှုဆက်ဆံရေးက တော်တော် အသုံးဝင်တာပဲ၊ တစ်ခြားသူတွေ ငါ့ကို ဘယ်လိုတွေးလဲ ဆိုတာကို သိနိုင်တယ်၊ ဒါပေမဲ့ ဘာလို့ တစ်ယောက်တည်း ရှိနေတာလဲ၊ သေမျိုးတွေက ဒီထဲမှာ မပါဘူးလား၊ ကျန်းကူက ငါ့အပေါ်မှာ ဘာအတွေးမှ မရှိဘူးလား”

ဟန်ကျွယ်ဟာ ဒီကိစ္စကို အဖြေမရှာနိုင်ပေမဲ့ သိပ်ပြီး အလေးအနက် မထားပါဘူး။ ဟန်ကျွယ်ဟာ အိမ်တံခါးကို တွန်းဖွင့်လိုက်တဲ့အခါမှာ နေအတော်မြင့်နေပြီ ဆိုတာကို သတိပြုမိလိုက်ပါတယ်။ ဟန်ကျွယ် ထပ်ပြီး ပျင်းနေလို့ မရတော့ပါဘူး။ မဟုတ်ရင် တစ်ခြားသူတွေက သူကို ရှာတွေ့သွားတော့မှာပါ။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဆေးဥယျာဉ်ကို အပြေးအလွှား သွားပါတယ်။

“ဟန်ကျွယ်၊ မင်း နေ့နဲ့ည မှားလာတာလား”

သက်လတ်ပိုင်းအရွယ် အစေခံတစ်ဦးက ဟန်ကျွယ်ကို ရယ်ရယ်မောမောနဲ့ စနောက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှက်သွားပြီး သူ့ခေါင်းကို ကုတ်လိုက်တဲ့ အမူအရာက တစ်ခြားသူတွေကို ရယ်မောသွားစေပါတယ်။

တကယ်တော့ အစေခံတွေဟာ ဒီကိစ္စကို သိပ်ပြီး အလေးအနက် မထားသလို ဟန်ကျွယ်ကိုလည်း ဒီကိစ္စကြောင့် ဆူပူခြင်း မပြုပါဘူး။ ဟန်ကျွယ်ဟာ သူ့တာဝန်ကို နောက်ကျတာ မရှိသလောက် ရှားပါတယ်။ တစ်ခါတစ်ရံ နေနဲ့ည မှားအိပ်တာက ဖြစ်တက်ပါတယ်။

ဆေးဥယျာဉ်အဝမှာ ထိုင်နေတဲ့ အမျိုးသမီးကျင့်ကြံသူဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ သူမဟာ အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ဒီကောင်လေးက… တော်တော် ချောတာပဲ”

ဟန်ကျွယ်ရဲ့‌ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ရှင်းဟုန်ရွှမ်သည် သင့်အပေါ်၌ အကောင်းမြင်စိတ်ထား ရှိလာပါပြီ။ လက်ရှိမျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]

‘ဘာလဲဟ… ရှင်းဟုန်ရွှမ်က ဘယ်သူလဲ’ ဟန်ကျွယ်ဟာ ဝေခွဲမရဖြစ်ပြီး ဘေးဘီဝန်းကျင်ကို အလိုလို လိုက်ကြည့်မိလိုက်ပါတယ်။

‘ဖြစ်နိုင်တာက အမျိုးသမီးကျင့်ကြံသူများလား’

ဟန်ကျွယ်ထင်သလိုပဲ အမျိုးသမီးကျင့်ကြံသူက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ သူတို့မျက်လုံးတွေ ဆုံသွားချိန်မှာ ရှင်းဟုန်ရွှမ်က ဟန်ကျွယ်ကို ပြုံးပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူ့ခေါင်းကို တစ်ဖက်ပြန်လှည့်လိုက်ပါတယ်။

‘သေစမ်း… ငါရဲ့ ထိပ်တန်းဆွဲဆောင်မှုက စပြီး အစွမ်းပြလာပြီ’

‘ငါက သာမန်လူသားတစ်ယောက်၊ သူမက ကျင့်ကြံသူတစ်ယောက်၊ ဒီနှစ်ခုကြားက အချစ်‌ရေးဟာ ဘယ်တော့မှ ကောင်းချီးပေးခံရမှာ မဟုတ်ဘူး’

‘ဖြစ်နိုင်တာက... ငါ့ကို လူသားဆေးဖိုအဖြစ် အသုံးချချင်လို့လား’

‘ဒီလို မဖြစ်ရဘူး၊ ငါ သူမကို ‌ရှောင်ဖို့ နည်းလမ်းရှာရမယ်’

ညအချိန် တစ်ခြားအစေခံငါးဦး အိပ်ပျော်သွားချိန်မှာ ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာ လဲလျောင်းရင်းကနေ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ဆက်ခံလိုက်ပါတယ်။ အလွန်တရာ များပြားလှတဲ့ မှတ်ဉာဏ်တွေဟာ ဟန်ကျွယ်ခေါင်းထဲကို စီးဝင်လာပါတယ်။

အချိန်တော်တော် ကြာသွားပြီးမှ… …. ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်ပါတယ် “အို… ဒါက ကျင့်စဉ်ကိုး… ရှုပ်ယှက်ကို ခက်နေတာပဲ” ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ရဲ့ ပထမအဆင့်နဲ့တင် ဟန်ကျွယ်ဟာ ချီသန့်စင်ခြင်း နဝမအဆင့်ကို ရောက်ရှိနိုင်ပါတယ်။

ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ဟာ ညီတူညီမျှတိုးတက်ခြင်းကို အခြေတည်ထားတဲ့ အတွက် ဟန်ကျွယ်ဟာ သူ့ရဲ့ စိတ်ဝိဉာဉ်အမြစ် ခြောက်ခုလုံးရဲ့ စွမ်းရည်ကို တိုးတက်‌အောင် ပြုစုပြိုးထောင်နိုင်ပါတယ်။ စွမ်းအင်ခြောက်မျိုးကို ကျင့်ကြံတာက စွမ်းအင်တစ်မျိုးတည်းကို ကျင့်ကြံတာထက် ပိုပြီးတော့ ရှုပ်ထွေးနက်နဲခက်ခဲပေမဲ့ ဟန်ကျွယ်လို့ ပါရမီရှိတဲ့သူ အတွက်ကတော့ သိပ်အပန်းမကြီးပါဘူး။

စိတ်ဝိဉာဉ်ချီ ခြောက်မျိုးလုံး အဆင့်တစ်ခုခုကို ရောက်မှာ ဟန်ကျွယ်ဟာ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ အရမ်းစိတ်လှုပ်ရှားသွားပြီး တိတ်တဆိတ် ထထိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အပြင်ဘက်က ကျင့်ကြံသူသုံးဦး မသိအောင် စနစ်က ပေးထားတဲ့ အရံအတားကို အသုံးပြုလိုက်ပါတယ်။ တစ်ခြား အစေခံငါးဦးကတော့ အိပ်မောကျပြီး ဟောက်တောင် ဟောက်နေပါပြီ။ တစ်နေ့ကုန် အလုပ်လုပ်ထားရ‌တော့ သူတို့လည်း ပင်ပန်းနေရှာပါပြီ။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ ပထမအဆင့်မှာ ရှင်းပြထားတဲ့အတိုင်း လိုက်လံ လုပ်ဆောင် လိုက်ပါတယ်။

ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ ပထမအဆင့်မှာ ရှင်းပြထားတာက အသက်ရှူလေ့ကျင့်ခန်းပါ။ ဟန်ကျွယ်ဟာ အသက်ရှူလေ့ကျင့်ခန်းကို လုပ်နေစဉ်မှာပဲ မိုးမြေတစ်ခွင်မှာ ပြန့်ကျဲနေတဲ့ စိတ်ဝိဉာဉ်ချီကို အာရုံခံစား မိလိုက်ပါတယ်။ ဆယ်စက္ကန့်အတွင်းမှာပဲ ဟန်ကျွယ်ဟာ ရေ၊ လေ၊ မြေ၊ သစ်သား စိတ်ဝိဉာဉ်ချီလေးမျိုးကို လေထုထဲကနေ ခံစားမိလိုက်ပါတယ်။ မီးနဲ့မိုးကြိုး စိတ်ဝိဉာဉ်ချီကိုတော့ ဟန်ကျွယ် ဘယ်လိုမှ အာရုံခံလို့မရပါဘူး။

ဟန်ကျွယ်ဟာ စိတ်ဝိဉာဉ်ချီလေးမျိုးကို စတင် စုပ်ယူလိုက်ပါတယ်။ ဒီအချိန်ဟန်ကျွယ် မျက်စိရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးတွေ မှိတ်ထားတာတောင် ဒီစာကြောင်းတွေကို မြင်နိုင်ပါတယ်။ ဒါကလည်း စနစ်ရဲ့ ထူးခြားဆန်းကြယ်မှု တစ်ခုပါပဲ။

[ဤအကြိမ်သည် သင်၏ ပထမဦးဆုံး ကျင့်ကြံခြင်းဖြစ်သည့်အတွက် ကျင့်ကြံမှု တိုးတက်ရန် ရွေးချယ်စရာနှစ်ခုရှိသည်။]

[ပထမရွေးချယ်မှုမှာ သင်သည် အရွယ်နဲ့မလိုက်အောင် ပြိုင်ဘက်ကင်းသော ပါရမီရှိသည့် နာမည်ကျော်ကြားသော ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ ဆုလာဘ်အဖြစ် ရတနာပစ္စည်းတစ်ခုခုကို ရရှိမည်။]

[ဒုတိယရွေးချယ်မှုမှာ ပထမတစ်ခုနဲ့ ပြောင်းပြန် ဖြစ်သည်။ သင်သည် နှိမ့်နှိမ့်ချချ နေထိုင်၍ အေးအေးဆေးဆေး ကျင့်ကြံ အားထုတ်နိုင်သည်။ ဆုလာဘ်အဖြစ် သင်၏ ကျင့်ကြံခြင်းစွမ်းရည်နှင့် ကျင့်ကြံမှုအား ဖုံးကွယ်နိုင်သော လုပ်ဆောင်ချက်ကို ရရှိမည်။]

ဟန်ကျွယ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ ဒုတိယတစ်ခုကို ရွေးချယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယရွေးချယ်မှုက ဟန်ကျွယ်ကို နတ်စွမ်းအားလို အစွမ်းတစ်ခု ပေးထားလို့ပါပဲ။ ဟန်ကျွယ်ဟာ ဒီအစွမ်းကို သုံးပြီး သူရဲ့ ကျင့်ကြံခြင်းစွမ်းရည်နဲ့ ကျင်ကြံမှုကို ဖုံးကွယ်ထားလိုက်မယ်ဆိုရင် သူ့ကို ဘယ်သူမှာ ရှာမတွေ့နိုင်တော့တဲ့အတွက် အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ ရပါပြီ။

[သင်သည် ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်ကို နှစ်သက်သလို အသုံးပြုနိုင်ပါပြီ။]

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ အကြီးအကဲ သံမဏိပြန်မလာခင် ဟန်ကျွယ်ဟာ အခွင့်အရေးကို အမိအရ အသုံးချပြီး ပိုမိုအစွမ်းထက်လာအောင် ကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

အသက် ၁၈နှစ် ရှိပြီဖြစ်တဲ့ ဟန်ကျွယ်ဟာ ချီသန့်စင်ခြင်း သတ္တမအဆင့်ကို ရောက်ရှိလို့ နေခဲ့ပါပြီ။ သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းရည်တွေ ဖြစ်တဲ့ ရေ၊ လေ၊ မြေ၊ သစ်သား လေးခုလုံးဟာလည်း ချီသန့်စင်ခြင်း သတ္တမအဆင့်ကို ရောက်ရှိသွားပါပြီ။

ရှင်းဟုန်ရွှမ်ကလည်း ချီသန့်စင်ခြင်း သတ္တမအဆင့်မှာ ရှိနေတာကို လူမှုဆက်ဆံရေးကနေ တစ်ဆင့် ဟန်ကျွယ် သိထားပါတယ်။

အကြီးအကဲ သံမဏိဟာ လွန်ခဲ့တဲ့နှစ်နှစ်လုံး ဆေးဥယျာဉ်ကို ပြန်မလာပါဘူး။ ဒီနှစ်နှစ်အတွင်းမှာ ပြောစရာရှိတာဆိုလို့ ရှင်းဟုန်ရွှမ်ရဲ့ ဟန်ကျွယ်အပေါ် အကောင်းမြင်မှုက ကြယ်နှစ်ပွင့် ဖြစ်သွားတာပါ။ ဒီလိုအကောင်းမြင်မှု တိုးသွားပေမဲ့ ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ ဒီနှစ်နှစ်လုံးလုံး စကားတစ်လုံးတောင် မပြောဖြစ်ခဲ့ကြပါဘူး။

ဒါပေမဲ့ ရှင်းဟုန်ရွှမ်က သူ့ကို စိုက်ကြည့်နေမှန်း သိတဲ့အတွက် ဟန်ကျွယ်ဟာ နေရထိုင်ရတာ သိပ်အဆင်မပြေပါဘူး။ ရုပ်ရည်ချောမောလွန်းတာက ဟန်ကျွယ်အတွက် ပြဿနာတစ်ခု ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းချပြီး တွေးလိုက်ပါတယ် ‘အခုချိန်မှာ ငါရဲ့ တစ်ခုတည်းသော ဆန္ဒက အေးအေးဆေးဆေး ကျင့်ကြံဖို့ပဲ’

ရှင်းဟုန်ရွှမ်က လှပပါတယ်။ ဒါပေမဲ့ ယောက်ျားတွေက သူမအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်လောက်တဲ့ အထိတော့ မလှပပါဘူး။ ဟန်ကျွယ်ဟာ သူမနဲ့ ချစ်သူရည်းစား မဖြစ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် အားနည်းချက် ရှိသွားလို့ပါပဲ။ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ထာဝရအသက်ရှည်ဖို့ ဖြစ်တဲ့အတွက် လမ်းတစ်ဝက်မှာ အသက်မဆုံးချင်ပါဘူး။

ဟန်ကျွယ်ဟာ မသေမျိုးဖြစ်လာမှပဲ အချစ်ရေးကို စဉ်းစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သူ့မှာ ပြိုင်ဘက်ကင်းအစွမ်းသာရှိရင် ကြိုက်သလောက် မိန်းမတွေကို ချစ်လို့ရပါတယ်။ အဲဒီအချိန်ရောက်ရင် သူ့ရန်သူတွေက သူ့မိန်းမတွေကို အသုံးချပြီး ပြဿနာရှာလည်း စိုးရိမ်စရာ မရှိတော့ပါဘူး။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က သူ့ကို သူ့လမ်းစဉ်ကနေ သွေဖယ်အောင် ဆွဲဆောင်နေတဲ့ သူ့တာအိုနှလုံးသားကို ချိုးဖျက်နေတဲ့ အဖျက်တစ်ခုလိုပဲ သတ်မှတ်ထားပါတယ်။

ဒီအချိန်မှာပဲ ရှင်းဟုန်ရွှမ်ဟာ မတ်တပ်ထရပ်လိုက်ပြီး အေးအေးဆေးဆေး လမ်းထလျှောက်တဲ့အခါ ဆေးဥယျာဉ်ထဲက အစေခံတွေရဲ့ အကြည့်အားလုံးအား သူမဆီ စုပြုံကျရောက်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ တန်းတန်းမတ်မတ် လျှောက်သွားပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါနဲ့လိုက်ခဲ့ချည်”

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ စကားကြောင့် ကြောင်သွားပါတယ်။ ဒီအချိန်မှာ တစ်ခြားအစေခံတွေက ဟန်ကျွယ်ကို အားကျတဲ့အကြည့်နဲ့ ဝိုင်းကြည့်ကြပါတယ်။ နတ်သမီးတစ်ပါးလို လှပတဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ဦးရဲ့ ဂရုစိုက်မှုကို ခံရတာဟာ သေချာပေါက် ကံကောင်းတာပါပဲ။ ဆေးဥယျာဉ်ထဲက အစေခံအားလုံးဟာ သားမယားယူဖို့ မျှော်လင့်ချက်တွေကို စွန့်ပစ်ထားခဲ့တာ ကြာပါပြီ။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို မငြင်းရဲတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ ဆေးဥယျာဉ်အပြင်ကို လျှောက်သွားပါတယ်။ ရုတ်တရက် အမျိုးသားကျင့်ကြံသူဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဟုန်ရွှမ်… မင်း ဘာတွေ လုပ်နေတာလဲ” အမျိုးသားကျင့်ကြံသူဟာ ချောမောလွန်းတဲ့ ဟန်ကျွယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ်။

ဆေးဥယျာဉ်ထဲက အစေခံတွေဟာ သူတို့တစ်သက်တာလုံး ဆေးဥယျာဉ်ကနေ ထွက်ခွာခွင့် မရတာကြောင့် ဗဟုသုတ နည်းပါးတဲ့အတွက် ဟန်ကျွယ်ရဲ့ ပြောင်းလဲမှုကို လုံးဝ သတိမထားမိပါဘူး။

ရှင်းဟုန်ရွှမ်ဟာ မိန်းမတွေရဲ့ အလိုလိုသိစိတ်ကနေ ဟန်ကျွယ်ရဲ့ ပြောင်းလဲမှုကို ပထမဆုံး သတိထားမိလိုက်ပါတယ်။ အမျိုးသားကျင့်ကြံသူဟာ ရှင်းဟုန်ရွှမ်ကြောင့် ဟန်ကျွယ်ကို သေချာ အကဲခတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်ရည်ချောမောမှုက အမျိုးသားကျင့်ကြံသူကို အလိုလို မကျေမနပ် ဖြစ်သွားစေပါတယ်။

ရှင်းဟုန်ရွှမ် သူမပါးစပ်ကို လက်နဲ့ကာပြီး ပြုံးလိုက်ပါတယ် “ဘာမှ မဖြစ်ပါဘူး၊ ရှင်ဘာသာပဲ ဆက်ကျင့်ကြံပါ၊ ကျွန်မ ဒီလူငယ်လေးနဲ့ နှစ်ကိုယ်ကြား စကားပြောချင်လို့ပါ”

ဟန်ကျွယ်ဟာ ကြောက်ပြုံးပြုံးလိုက်ပြီး အမျိုးသားကျင့်ကြံသူကို စိုးရိမ်တကြီး ကြည့်လိုက်ပါတယ်။ အမျိုးသားကျင့်ကြံသူဟာ ဟန်ကျွယ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေရုံကလွဲလို့ ဘာမှ ပြန်မပြောပါဘူး။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် နောက်ကလိုက်ရင်း တောအုပ်တစ်အုပ်ထဲကို ရောက်သွားပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်စိတ်က မငြိမ်သက်နိုင်တော့ဘဲ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်လို ယောက်ယက်ခတ်နေပါတယ်။

‘ငါက ချောမောလွန်းတာကိုး’

‘ငါ ဘာဆက်လုပ်သင့်လဲ’

‘ခုခံမလား’

‘လိုက်လျောမလား’

All Chapters