← Chapters

သားရဲအရေထည်အပိုင်းအစ

Vol. 10 Ch. 129

သားရဲအရေထည်အပိုင်းအစ

Vol. 10 Ch. 129

ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိရန်မှာ စုမင်၏ အိပ်မက်ဖြစ်သည်။ ထို့ကြောင့် သားရဲအရေ စာလိပ်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက်များအား သိရှိပြီးသား ဖြစ်သည်။ အကြီးအကဲထံမှလည်း သိသင့်သိထိုက်သည်များအား နှစ်ပေါင်းများစွာ ကြားခဲ့ရသည်။

စုမင် သိထားသည့် ရုပ်နယ်လွန်နယ်ပယ် ဆိုသည်မှာ ကျောက်သားကဲ့သို့ ခိုင်ခံ့တည်တံ့သော သွေးကြောများ အရေအတွက် တစ်ခုသို့ ရောက်ရှိပြီးနောက် ကမ္ဘာမြေတုန်ဟီးသွားစေလောက်သည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအပြောင်းအလဲမှာ ပိုးနှံအိမ်ထဲမှ လိပ်ပြာလေးတစ်ကောင် ထွက်လာခြင်းနှင့် တူသည်။ ကျောက်သားကဲ့သို့ ခိုင်မာသည့် သွေးကြောများ ခန္ဓာကိုယ် အပြင်ဘက်သို့ ပျံ့နှံ့လာပြီးလျှင် မာန်သွေးစက်များအဖြစ် ပြောင်းလဲကာ မာန်စွမ်းအားရှင်သည် ထိုသွေးစက်များအား အသုံးပြု၍ မိမိ၏ ခန္ဓာကိုယ်ထက်တွင် ကိုယ်ပိုင် မာန်စွမ်းအင် အမှတ်အသားအား ရေးဆွဲနိုင်ပေသည်။

လူတိုင်း၏ မာန်စွမ်းအင် အမှတ်အသားများမှာ ကွဲပြားခြားနားကြသည်။ ဤကမ္ဘာတွင် တစ်ဦးနှင့် တစ်ဦး တူညီသော အမှတ်ဟူ၍ မရှိပေ။ ဆင်တူလျှင်သော်မှ ကွဲပြားသည့်နေရာတော့ ရှိနေသေးသည်ပင်။ မာန်အမှတ်အသားအား မိမိနှလုံးသားထဲတွင် ရှာဖွေ တွေ့ရှိထားသည့် ဝေဝေဝါးဝါး ခံစားမှုလေးတစ်ခုကို အခြေခံ၍ ရေးဆွဲကြသည်။

သို့သော်လည်း ထိုခံစားချက်လေးအား ရှာမတွေ့နိုင်ပါက မိမိကိုယ်ပေါ်တွင် မိမိဘာသာ ရေးဆွဲရန် လိုအပ်ပေသည်။ ထိုသို့ ရေးဆွဲထားသော အမှတ်အသားမှာ အခြားသော ခံစားမှု အခြေခံ မာန်အမှတ်အသားနှင့် နှိုင်းယှဉ်ပါက အစွမ်းထက်မှု အားနည်းပေသည်။

ထို့ကြောင့်ပင် ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်ရှိပြီးသော အချိူ့လူများမှာ ကိုယ်ပိုင် မာန်အမှတ်အသားကို မရေးဆွဲကြသေးပဲ နေကြသည်။ သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တ မရလိုကြပေ။ ထို့ကြောင့် ထိုအခြေအနေ၌ အကြာကြီး အမြစ်တွယ်နေသော စကားလုံးများဖြင့် ဖော်ပြ၍ ခက်ခဲမည့် ခံစားချက်ကလေးကို တပင်တပမ်းလိုက်ရှာကြ၏။

မာန်စွမ်းအင် အမှတ်အသားအား ချရေးပြီးသည်နှင့် ပြန်လည် ပြောင်းလဲ၍ မဖြစ်နိုင်တော့ပေ။ ထို့အပြင် အမှတ်အသားအား ရေးဆွဲရာတွင် စုတ်ချက်ရှုပ်ထွေးလေ၊ ကျင့်ကြံရသည်မှာလည်း ပို၍ခက်ခဲလေဖြစ်သည်။ ထိုသို့ ခက်ခဲသော်လည်း မာန်စွမ်းအားရှင်သည် အောင်မြင်သွားပါက ရှုပ်ထွေးသော စုတ်ချက်နှင့် မာန်စွမ်းအားရှင်မှာ အဆင့် အတူတူချင်း၌ပင် အခြားသော ရိုးရှင်းသည့် အမှတ်အသား ပိုင်ရှင်တို့ထက် ပို၍ အင်အား ကြီးမားကြလေ၏။

ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်ရှိရန်မှာ ကျောက်သားကဲ့သို့ ခိုင်မာသည့် သွေးကြောအရေအတွက် မည်မျှများများ ရှိသည်နည်းဟူသော အချက်နှင့် ဆက်နွှယ်နေသည်။ မာန်စွမ်းအားရှင် တစ်ယောက်သည် သွေးကြောများများ ပိုင်ဆိုင်လေ၊ အောင်မြင်ရန်အခွင့်အလမ်း များလေဖြစ်သည်။ အမှန်တွင် သွေးကြောများများ ပိုင်ဆိုင်လေ၊ ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်သည့်အခါ စွမ်းအား ပိုသန်မာလေ ဖြစ်၏။

အကယ်၍ သွေးကြော ၉၅၀ပိုင်ဆိုင်သော မာန်စွမ်းအားရှင်သည် ရုပ်နယ်လွန်နယ်ပယ် ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရုပ်နယ်လွန် ကနဦးအဆင့်ရှိ အခြားလူများသည် သူ၏ ပြိုင်ဘက်မဟုတ်တော့ပေ။ ရုပ်နယ်လွန် အလယ်ဆင့်မှ စွမ်းအားရှင်များကဲ့သို့ အစွမ်းထက်မြက်မည် မဟုတ်သော်လည်း ကနဦးအဆင့် စွမ်းအားရှင်များထဲတွင်တော့ တမူထူး၍ အင်အားကြီးမားသူ ဖြစ်နေပေလိမ့်မည်။

သို့သော်ငြား လူအများစုမှာ သွေးကြော ၇၈၁ကြော ပတ်လည်သာ ရှိကြလေ၏။ အနည်းငယ်မျှ အရေအတွက် ထပ်မံ ပေါင်းထည့်နိုင်လျှင်သော်မှ သွေးကြော ၉၀၀အထိ ပျံ့နှံ့ဖြာဆင်းရန် ခက်ခဲလှသည်။ မာန်စွမ်းအားရှင် တစ်ယောက်တွင် အံ့မခန်းသော စိတ်ဆုံးဖြတ်ထားမှု၊ ဇွဲလုံ့လ၊ ကံတရား၊ ယုံကြည်ချက်နှင့် မိမိ မျိူးနွယ်စု၏ ကာကွယ်ပေးမှုများ မရှိပါက မိမိကိုယ်တွင်း သွေးကြောပျံ့နှံ့ဖြာဆင်းမှုအား တစိုက်မတ်မတ် လုပ်ဆောင်နိုင်ခြင်း မရှိနိုင်ပေ။

ထို့အပြင် သွေးကြောများသည် အရေအတွက် တစ်ခုအထိ ပျံ့နှံ့ဖြာဆင်းပြီးသည်နှင့် နောက်ထပ် သွေးကြောများ ထပ်မံတိုးပွားရန်အတွက် ကျင့်ကြံချိန်ကာလ ရှည်ခြင်း၊ တိုခြင်းမှာ အရေးမကြီးတော့ပေ။ တစ်ခါတစ်ရံတွင် နှစ်ဒါဇင်ချီ ကုန်လွန်ပြီးသည့်တိုင် သွေးကြောလေးတစ်ကြော တိုးရန်မှာ ခက်ခဲနေတတ်သည်။

ရုပ်နယ်လွန်နယ်ပယ် ရောက်ရန် ခက်ခဲပါ၏၊ သို့သော် မာန်စွမ်းအားရှင်တစ်ယောက်မှာ သူ့တွင်ရှိသော သွေးကြော အရေအတွက်အား နှစ်သိမ့်ကျေနပ်မှု ရှိပါက ရုပ်နယ်လွန်နယ်ပယ် တက်ရောက်နိုင်ရန် လွယ်ကူပြန်သည်။ သွေးကြောများ ထပ်မံ မတိုးတက်လျှင်ပင် သူ့အတွက်က လွယ်ကူနေပေလိမ့်မည်။ သွေးကြော ၈၀၀ ပတ်လည်လောက်သာ ရှိသော ရုပ်နယ်လွန်မာန်စွမ်းအားရှင်မျိူး မရှိသည်တော့လည်း မဟုတ်ပေ။ အရာအားလုံးက လူ၏ စိတ်ဆန္ဒအပေါ်တွင် အခြေတည်နေသည်သာ ဖြစ်၏။

မာန်စွမ်းအားရှင်တစ်ယောက် ရုပ်နယ်လွန်သွားပြီး မိမိကိုယ်ပိုင် မာန်အမှတ်အသားအား ရေးဆွဲပြီးသည့် နောက်ပိုင်းတွင် မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ၊ မာန်စွမ်းအင် အမှတ်အသားအား အသုံးပြု၍ အရာဝတ္ထုတစ်ခုနှင့် မိမိကိုယ်ခန္ဓာအား ပေါင်းစည်းလိုက်ရ၏။ ထိုအခါ အရာဝတ္ထုသည် ထိုမာန်စွမ်းအားရှင်၏ ပထမဆုံး မာန်သွေးကြောမျှင် ဖြစ်လာလိမ့်မည်။

မာန်သွေးကြောမျှင်တို့သည် ရုပ်နယ်လွန်အဆင့် ရောက်ရှိပြီးသူတိုင်းအတွက် အံ့မခန်း အရေးပါလှသည်။ ထို့ကြောင့်ပင် သွေးကြောကျောက်သား အထွတ်အထိပ် အဆင့်သို့ရောက်ရှိ၍ အချိန်မရွေး ရုပ်နယ်လွန်နယ်ပယ် ကူးပြောင်းသွားနိုင်သည့် မာန်စွမ်းအားရှင်တို့က ထိုအရာဝတ္ထုအတွက် လိုအပ်သည်များအား ပြက်ဆင်ထားရလေသည်။ ရုပ်နယ်လွန် သွားသည်နှင့် သူတို့၏ သွေးကြောမျှင်အား ခန္ဓာကိုယ်တွင် မပေါင်းစည်းနိုင်မည့် အခြေအနေတစ်ခုကြောင့် နောင်တွင် နှေးဖင့်ခြင်းများစွာနှင့် နောင်တများရနေမည့် အရေးမှ ကြိုတင်ကာကွယ်ရန် ဖြစ်သည်။

အင်အားကြီးမားသည့် မျိူးနွယ်စုဝင် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့လျှင်တော့ ပြင်ဆင်စရာ မလိုချေ။ ထိုသို့ ပါရမီရှင်များမှာတော့ လူကြီးသူမများ ပြင်ဆင်ပေးထားသည်များကို အရံသင့် လက်ခံလိုက်ရုံသာ ဖြစ်သည်။ တစ်ကယ်တမ်းတွင် ရုပ်နယ်လွန်အဆင့် ဆိုသည်မှာ အလယ်အလတ်တန်းစား မျိူးနွယ်စုများအတွက်တော့ ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်တစ်ခု မဟုတ်ပါလား...

အကြီးအကဲထံမှ စုမင် တစ်ခါ ကြားဖူးသည်မှာ ပေါင်းစည်းခြင်း ပြုလုပ်ချိန်တွင် မိမိအား အရာဝတ္ထုမှ ငြင်းဆန်သည်ကို ကြိုတင်ကာကွယ်ရန် သွေးတစ်စက်အား ထိုအရာပေါ်တွင် အစက်ချပေးရန်လိုအပ်သည်။ ထိုသို့ မကြာခဏ ပြုလုပ်ပေးရပေမည်။ သို့မှသာ အရာဝတ္ထုနှင့်လူ၏ ချီဓာတ်အကြားတွင် ဆက်သွယ်မှုလေးတစ်ရပ် ဖြစ်ထွန်းကာ ရုပ်နယ်လွန်နယ်ပယ် ရောက်ရှိချိန်၌ ဖြစ်ပေါ်တတ်သော မတော်တဆမှုများအား ကြိုတင်ကာကွယ်နိုင်ပေမည်။

ကျောက်သားဖြူ သေတ္တာထဲတွင် စိန်ပွင့်ပုံသဏ္ဍာန်ရှိ

သစ်ရွက်တစ်ရွက် လဲလျောင်းတည်ရှိနေသည်။ သစ်ရွက်၏ ပုံသဏ္ဍာန်မှာ ထူးဆန်းသော်လည်း အရွက်ပေါ်ရှိ အရိုးအကြောများမှာ ထင်ရှားလှရာ အမှန်တစ်ကယ် သစ်ရွက်တစ်ရွက် ဖြစ်ကြောင်းလည်း သိသာနေသည်။

အများကြီးမဟုတ်သော်လည်း သစ်ရွက်ပေါ်တွင် သွေးစက်တို့ တင်ကျန်လျက်ရှိသည်။ သစ်ရွက်ပေါ်ရှိ အကြော လေးပုံသုံးပုံမှာ အနီရောင်ပြောင်းနေကြချေပြီ။

"ရုပ်နယ်လွန်ရင် ပေါင်းစည်းမှုလုပ်ဖို့ ဟယ်ဖုန်းပြင်ဆင်ထားတဲ့ ပစ္စည်းပဲ"

စုမင်သည် သေတ္တာထဲမှ သစ်ရွက်အားကြည့်၍ မျက်လုံးတို့ တဖျတ်ဖျတ်တောက်လာသည်။ ဤပစ္စည်းမှာ ကျောက်ဒင်္ဂါးများထက်ပင် အဖိုးတန်ပေသည်။ အဖိုးဖြတ်မရနိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုလျှင်ပင် မလွန်လှပေ။

ရုပ်နယ်လွန်နယ်ပယ် ရောက်ရန် ပြင်ဆင်မှု ပြုလုပ်ထားသူများအတွက် အရေးကြီးလှမည် မဟုတ်သော်လည်း လုံလောက်သောပြင်ဆင်မှု မလုပ်ရသေးသူများအတွက်တော့ ဤပစ္စည်းက သူတို့ပိုင်ဆိုင်သော ကျောက်ဒင်္ဂါးများအားလုံး ပြောင်စင်သွားစေနိုင်ပေသည်။

ဟယ်ဖုန်းကလည်း ဤပစ္စည်းကို တန်ဖိုးကြီးသော သေတ္တာထဲတွင် ထည့်ထားသောကြောင့် ၎င်းမှာ သာမန်ပစ္စည်းတော့ မဟုတ်နိုင်ပေ။ ဆိုရလျှင် သူသည်လည်း ဟန်တောင်တန်း မျိူးနွယ်စုဝင်တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။ အကယ်၍ ဟန်တောင်တန်းမျိူးနွယ်စု ဖျက်ဆီးခံခဲ့ရသည် ဆိုလျှင်ပင် သူ့တွင် ခရမ်းရောင်အိတ်နှင့် ရတနာပစ္စည်းတစ်ခု ရှိနေသေးရာ သူ၏ ရုပ်နယ်လွန်ခြင်း ဖြစ်စဉ်အတွက်လည်း သာလွန်ထူးခြားမှုရှိသော ပစ္စည်းအား အသုံးပြုမည်မှာ သေချာသည်။

စုမင်သည် သေတ္တာတွင်းမှ သစ်ရွက်အားကြည့်၍ ညာဘက်လက်အား အသာအယာမြှောက်ကာ သစ်ရွက်အား ပုတ်လိုက်သည်။ သူ၏ချီနှင့် ထိခတ်မိသွားချိန်တွင် စွန်းပေနေသော သွေးများ စီးကျလာပြီး မီးဘောလုံးတစ်ခု အသွင် ပြောင်းကာ လေထဲသို့ ပျံတက်သွားပြီးမှ အဝေးသို့ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

သစ်ရွက်ပေါ်တွင် ဟယ်ဖုန်း၏ သွေးတို့ မရှိတော့သော်လည်း သစ်ရွက်၏ အကြောများထဲ၌ အကန့်အသတ် ကျန်ရှိနေသေးသည်။ စုမင်သည်လည်း အချိန်တိုအတွင်း အတင်းအကြပ် မလုပ်လိုပေ၊ သူ စိတ်ရှည်ပါ၏။

ထို့နောက် အကြည့်မခွာနိုင် ဖြစ်ခဲ့သော မျက်နှာဖုံးဆီသို့ အာရုံပြောင်းလိုက်သည်။ မျက်နှာဖုံးအား ကောက်ယူကာ စိုက်ကြည့်လိုက်သော်လည်း မည်သည့်အရာမှ ရှာမတွေ့ပေ။ တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့၍ သတိလစ်နေဆဲ ဖြစ်သော ဟယ်ဖုန်းအား ငုံ့ကြည့်လိုက်မိသည်။

စုမင် ထရပ်၍ ဟယ်ဖုန်းထံ လျှောက်သွားကာ မျက်နှာပေါ်တွင် မျက်နှာဖုံး တပ်ဆင်ပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ နိုးကြားမှု၊ သတိအပြည့်နှင့် ဖြည်းဖြည်းမှန်မှန်သာ... ဟယ်ဖုန်း၏ မျက်နှာအား မျက်နှာဖုံး အုပ်မိသွားသောအခါ သူ့ခန္ဓာကိုယ်၌ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားမည်လားဟု စောင့်ကြည့်နေသော်လည်း မျက်နှာတပြင်လုံးအား မျက်နှာဖုံး ဖုံးအုပ်သွားသည်အထိ မည်သည့်ထူးခြားမှုမှ မရှိချေ။

မျက်နှာဖုံးမှာ အနက်ရောင်ဖြစ်သည်။ ဟယ်ဖုန်းအား ဖုံးအုပ်သွားသောအခါ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားစေ၏။ မျက်နှာဖုံးတွင် မျက်လုံးနေရာအတွက် အပေါက်နှစ်ပေါက်သာ ရှိ၍ အခြားရှိသင့်သည့် မျက်နှာအစိတ်အပိုင်းများ မပါရှိရာ ကြောက်မက်ဖွယ် အသွင်ဆောင်လေသည်။

စုမင် မျက်မှောင်ကြုတ်သွားသည်။ မျက်နှာဖုံး ဆွဲချွတ်ခါနီးတွင် သူ့မျက်နှာအမူအယာက ပြောင်းလဲသွားသည်။ သူ့မျက်စိရှေ့၌ပင် ဟယ်ဖုန်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း မှုန်ဝါးလျက် မပြတ်မသားဖြစ်လာသည်။ သေချာ မြင်ရသည်ဟူ၍ မျက်နှာဖုံးသာ ရှိ၏။

စုမင် အသာအယာ လှုပ်ရှား၍ ဟယ်ဖုန်းမျက်နှာမှ မျက်နှာဖုံးအား ဆွဲချွတ်လိုက်သည်။ ဟယ်ဖုန်းခန္ဓာကိုယ်နှင့် ချီဓာတ်ကို သေချာစစ်ဆေးကြည့်မိသည်။ ဟယ်ဖုန်းတွင် ပြောင်းလဲမှု မရှိကြောင်း သေချာတော့မှ စိတ်အေးလက်အေး ဖြစ်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ မျက်နှာဖုံး စမ်းတပ်ကြည့်လိုသော်လည်း သူ တွေဝေနေမိသည်။ မျက်နှာပေါ်တွင် မတပ်သေးပဲ ခေတ္တမျှ သေချာထပ်ကြည့်၍ ခရမ်းရောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"ဟယ်ဖုန်းက ထောင်ချောက်ဆင်တတ်တဲ့ သူပဲ။ ငါ ဂရုစိုက်ဖို့ လိုတယ်"

စုမင် တိတ်ဆိတ်လျက် စဉ်းစားနေ၏။ ပစ္စည်းများထဲတွင် မျက်နှာဖုံးအား သံသယ အရှိဆုံးဖြစ်သော်ငြား သေချာသိနိုင်ရန် နည်းလမ်းမရှိပေ။ အရာအားလုံးကို အိတ်ထဲတွင် ထည့်ပြီးသည်နှင့် ဝိညာဉ်လုယက် ဖော်စပ်ရန် လိုအပ်သည့် ဆေးပင်များအားလုံးကို ယူကာ သူ့ခေါင်းထဲတွင် စဉ်းစားထားသည့် နည်းလမ်းအတိုင်း ဟယ်ဖုန်းကိုယ်ပေါ်တွင် အပေါက်ဖောက်၍ သွေးရွှဲနေသော အပေါက်များထဲသို့ ထိုအပင်များ လိုက်လံစိုက်ပျိူးလိုက်သည်။

ဤအပင်များတွင် ဘာထူးခြားမှုများ ရှိသလဲဆိုသည်ကို စုမင်မပြောတတ်ပေ။ သို့သော် ဟယ်ဖုန်းကိုယ်ပေါ်တွင် နေရာချထားပြီးသည်နှင့် သူ့ရှေ့မှာပင် အပင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကြလေ၏။ ထိုအရာကို မြင်တွေ့ရချိန်တွင် စုမင် ထိတ်လန့်မသွားချေ။ ထိုအစား မျက်လုံးများပင် ဝင်းလက်သွားသည်။

ဖြစ်ပျက်သွားခဲ့သည်က သူ့ခေါင်းထဲတွင် ပုံဖော်ထားခဲ့သည့်အတိုင်းပင်။ ဆိုလိုသည်က ဟယ်ဖုန်း၏ ခန္ဓာကိုယ်မှာ ဆေးဖော်စပ်ရန် သင့်တော်ပေသည်။ ဆေးပင်များ ကြီးထွားရန် အလွန်ကောင်းသော သွေးကြောဖြစ်သည်။ ထိုဆေးပင်များမှာ ညှိုးနွမ်းသွားပုံ ပေါ်သော်လည်း အမှန်တွင် ဟယ်ဖုန်းကိုယ်အား ဒယ်အိုးအဖြစ် မှတ်ယူကာ အပင် တစ်ဖြည်းဖြည်း ကြီးထွားလာမည့် အစေ့များ ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအစေ့များ အတိုင်းအတာ တစ်ခုအထိ ကြီးထွားပြီးပါက ဆေးဖော်စပ်ရန် သုံးနိုင်ပေပြီ။

အစေ့များအားလုံး ချပြီးသည်နှင့် စုမင်သည် ဘေးတွင်ထိုင်ချ၍ ဟန်တောင်တန်းမြို့တော်မှ ဝယ်လာခဲ့သော အရိုးနက်နှင့်အတူ ဟယ်ဖုန်းအိတ်ထဲမှ ရသည့် အရိုးဖြူအား ထုတ်ယူလိုက်သည်။ နှစ်ခုကို ယှဉ်ကြည့်၍ သူ့အိတ်ထဲမှ ဆေးပင်နှစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ အရိုးများပေါ်သိူ့ အပင်စိုက်သည့် နည်းလမ်းဖြင့် အပင်များကို အရိုးများပေါ်တွင် နေရာချလိုက်သည်။

နောင်အနာဂတ်တွင် အလုပ်ဖြစ်လာမည်လော ဟူ၍ သဲလွန်စများအား ရှာမတွေ့ပေ။ စုမင် အရိုးနှစ်ခုကို ဟယ်ဖုန်းဘေးတွင် ချလိုက်သည်။

"ဒီအရိုးဖြူသာ အသုံးဝင်ရင် ဝိညာဉ်လုယက် ဖန်တီးဖို့ နောက်ထပ် ဆေးပင်နှစ်မျိူးနဲ့ သားရဲအရိုးတစ်ခုပဲ လိုတော့တယ်"

"အဲဒီ ဆေးပင်သုံးမျိူးရော ဖန်းမု ရှာနိုင်ပါ့မလား မသိဘူး"

စုမင် တွေးတောမိလိုက်သော်လည်း ဘေးဖယ်ထားလိုက်သည်။ သားရဲအရေနှင့် ဝါးပိုးမှတ်စုအား ဟယ်ဖုန်း အိတ်ထဲမှ ထုတ်ယူ၍ ငြိမ်သက်သော ဂူထဲတွင် စတင်ဖတ်ရှုပါတော့သည်။

"ဟယ်ဖုန်းပြောတဲ့ ရတနာပစ္စည်း ရှိတယ်ဆိုတဲ့ နေရာကိုသွားဖို့ အလျင်လိုစရာ မရှိဘူး။ ငါ့အတွက် လုံခြုံတာ သေချာသွားမှ ငါသွားယူမယ်။ ဘယ်လိုရတနာမျိူးလည်း ဆိုတာတော့ သိချင်သား"

စုမင်သည် ဝါးပိုးမှတ်စုကို ဖတ်ရှုရင်းနှင့် တွေးနေမိသည်။ နှစ်ရက်တာမှာ လျင်မြန်စွာ ကုန်လွန်သွားသည်။ ထိုနှစ်ရက်အတွင်း စုမင်သည် သူ၏ 'ဆေးဒယ်အိုးကြီး' အား သေချာစွာ စစ်ဆေးကြည့်ရှု၍ တစ်ခါတစ်ရံ၌ အရိုးပေါ်တွင် စိုက်ထားသည့် အပင်များကို ကြည့်ရှုသည်။ ပြောင်းလဲမှု ရှိနိုင်မည်လားဟု မျက်စိဒေါက်ထောက် စောင့်ကြည့်ခဲ့သည်။ ကျန်အချိန်များတွင်မူ ဝါးပိုးမှတ်စုပေါ်တွင် ရေးသားထားသည့် တံတိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို သင်ယူလေ့လာသည်။

ပညာရပ်မှာ ဟယ်ဖုန်းပြောခဲ့သည့် အတိုင်းပင်။ အလွန် လျှိူ့ဝှက် ဆန်းကြယ်လှသော်လည်း သင်ယူဖို့က မခက်ခဲပေ။ သို့သော်လည်း ပညာရပ်မှာ ချီအစွမ်းကို သုံးရန်မလိုပေ။ စုမင်မှာ ထိုသို့ နားလည်ထားသည့်တိုင် အပြည့်အဝ မပိုင်နိုင်သေးသည့် အတွက် ပညာရပ်များကို မသုံးနိုင်သေးချေ။

ညာဘက်လက်ကိုမြှောက်၍ လက်ချောင်းများကို တို့လိုက်ဆိတ်လိုက် လုပ်နေသကဲ့သို့ တောင့်တောင့်မတ်မတ် လက်ဟန်ပြုလုပ်ကာ အရှေ့ဘက်သို့ တွန်းထုတ်ကြည့်သော်လည်း ဘာမှ မခံစားရသေးပေ။

"ဒါက ဘာပညာရပ်ကြီးလဲကွာ"

စုမင် ခေါင်းကိုကုတ်၍ သတိမိနေသော ဟယ်ဖုန်းအား ကြည့်မိသည်။ သူ့ကိုနှိုးမည့်အတွေးအား လျစ်လျူရှုလိုက်ပြန်သည်။ ထိုလူ၏ ကိုယ်ခန္ဓာမှာလည်း သတိလစ်မေ့မျောနေသည့်တိုင် နာကျင်မှုကြီးစွာ ခံစားနေရသကဲ့သို့ တဆတ်ဆတ် တုန်ယင်နေသည်။ သူ့ကို နှိုးလိုက်လျှင် ပြဿနာထပ်ပေါ်လာနိုင်သလို အထူးသဖြင့် ရွှမ်းလွမ် ပြန်လာနိုင်သည့် ဤအခြေအနေမျိူးမှာ ဖြစ်သည်။

စုမင် ဝါးပိုးမှတ်စုအား ဘေးဖယ်ကာ ဟယ်ဖုန်းအိတ်ထဲမှ သားရဲအရေထည်အား စိတ်ဝင်စားသွားမိသည်။ ထိုအပေါ်တွင် မာန်ပညာရပ်နှစ်မျိူး ရေးသားထားသည်။ ယခင်ရက်များက အကြမ်းဖျဉ်း ဖတ်ရှုထားပြီး ဖြစ်သော်လည်း ပို၍ တိကျသေချာစွာ လေ့လာဖတ်ရှုလိုက်သည်။ သို့သော် မကြာခင် သူ့မျက်နှာပေါ်၌ သံသယတို့ ထွက်ပေါ်လာခဲ့သည်။

"ဒီပညာရပ်ကို ကျင့်ဖို့ သွေးကြော ၂၀ပဲ လိုမှာလား။ သွေးကြော ၉၉ခုတည်းနဲ့ အမြင့်ဆုံးအစွမ်း ထုတ်နိုင်ပြီ။ ဒီအပေါ်မှာ ငါ့အတွက် အသုံးဝင်တာ မရှိဘူးပဲ။ မျိူးနွယ်စုက ပစ္စည်းတစ်ခုဖြစ်နေရင်တော့ ဟယ်ဖုန်းက အမှတ်တရအနေနဲ့ သိမ်းထားတာမျိူး ဖြစ်လိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီလိုဆိုရင် ကိုယ်နဲ့မကွာဆောင်ဖို့ မလိုဘူးလေ"

စုမင် သားရဲထည်အား ကြည့်၍ ဘေးသို့ချလိုက်သည်။ သတိမေ့နေသော ဟယ်ဖုန်းအား မျက်မှောင်ကြုတ်လျက် ကြည့်မိသည်။

"ဒီလူက အရမ်း ဉာဏ်ကောင်းတဲ့သူ။ သူ့မျိူးနွယ်စုကို သတိရတဲ့အနေနဲ့ အမှတ်တရ ယူထားတာကို နားလည်ပေးလို့ရပေမယ့် တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်"

စုမင် သားရဲထည်အား ပြန်ကိုင်ကာ စိုက်ကြည့်နေမိပြန်သည်။ သို့သော်လည်း ဘာမျှ ရှာမတွေ့သေးချေ။

"ငါများ မှားခန့်မှန်းမိတာလား"

စုမင်မျက်လုံးတို့ ဝင်းလက်လာသည်။ သားရဲထည်အား နှာခေါင်းနားကပ်၍ အနံ့ခံကြည့်ခိုက်တွင် သူ့မျက်လုံးတို့ ပိုမို လင်းလက်တောက်ပလာခဲ့၏။

သို့သော် ထိုအခိုက်တွင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ သားရဲရိုင်းများ၏ မာန်ဖီသံတို့က ပေါက်ကွဲသံများနှင့်အတူ ထွက်ပေါ်လာသည်။ မိုးသစ်တောအတွင်း တစ်ခုခုဖြစ်နေချေပြီ။

စုမင် သားရဲထည်အား ဘေးသို့ချက်ချင်းချကာ သူ့မျက်နှာထက်တွင်လည်း စိုးရိမ်မှုတို့ စွန်းထင်းလာသည်။ နှလုံးသားမှာ ကဆုန်ပေါက် ခုန်လှုပ်လျက်မှ ဂူအဝင်ဝသို့ သတိကြီးစွာဖြင့် တိုးကပ်သွားမိချေသည်။

*****

All Chapters