← Chapters

ခြိမ်းခြောက်ခံရခြင်း

Vol. 1 Ch. 4

ခြိမ်းခြောက်ခံရခြင်း

Vol. 1 Ch. 4

အခန်း (၄) ခြိမ်းခြောက်ခံရခြင်း

ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ တောအုပ်ရဲ့ အစွန်အဖျား တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က ဟိုဟာလုပ်ဖို့ တောင်းဆိုမှာကို စိတ်တထင့်ထင့် ဖြစ်နေပါတယ်။

ရှင်းဟုန်ရွမ်ဟာ ဟန်ကျွယ်ဟာ အလိုဆန္ဒပြင်းထန်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ကို မကြည့်ရဲတာကြောင့် မျက်လုံးတွေကို အောက်စိုက်ချထား လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ကြောက်စရာ မလိုပါဘူး၊ ငါမင်းကို ဘာမှ မလုပ်ပါဘူး၊ မေးစရာ တစ်ခု ရှိလို့ပါ၊ ဒီ‌ဆေးဥယျာဉ်ထဲမှာ တစ်သက်တာလုံး ကျေးကျွန်အဖြစ်နဲ့ နေထိုင်သွားမဲ့အစား အပြင်ကိုထွက်ဖို့ စိတ်ကူးမရှိဘူးလား”

ဟန်ကျွယ်ဟာ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေပါတယ်

‘မင်းက ငါ့ကို မကစားခင်မှာ မင်းကို ဦးညွှတ်စေချင် သေးတာလား’

ရှင်းဟုန်ရွှမ်ဟာ ရှေ့တစ်လှမ်းတိုးပြီး ဟန်ကျွယ်နားကို ကပ်ကာ တီးတိုးပြောလိုက်ပါတယ် “ငါအတွက် ကိစ္စတစ်ခုပဲ လုပ်ပေး၊ မင်း မော်တယ်ဘဝက လွတ်မြောက်ပြီး ကျင့်ကြံသူဖြစ်လာအောင် ငါကူညီမယ်”

“ဘာကိစ္စ လုပ်ပေးရမှာလဲ”

ရှင်းဟုန်ရွမ်ဟာ သူမပါးစပ်ကို ပိတ်လိုက် ဖွင့်လိုက် လုပ်နေပေမဲ့ ဘာအသံမှ ထွက်မလာပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်နားထဲမှာတော့ သူမဘာပြောလဲဆိုတာကို သေသေချာချာ ကြားလိုက်ရပါတယ်။

“ငါ့ကို အကြီးအကဲ သံမဏိရဲ့ ဆေးဖော်စပ်နည်းရ‌အောင် ကူညီပေး၊ ငါ ယွီဂျင်ဂိုဏ်းကနေ မင်းကို ခေါ်ထုတ်ပေးမယ်၊ ပြီးရင် ငါတို့တွေ မိစ္ဆာဂိုဏ်းဆီ သွားကြမယ်၊ နောက်ကျရင် ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ၊ ငါ့လက်အောင်မှာ ရှိနေရင် မင်းဒုက္ခတွေကို ခံစားရမှာ မဟုတ်တော့ဘူး၊ မင်းမှာ ကျင့်ကြံခြင်းစွမ်းရည်ရှိပြီး ကျင့်ကြံမှုတစ်ခုကို ‌ရောက်ပြီဆိုရင် ငါတို့တွေ တာအိုအဖော်တောင် ဖြစ်နိုင်တယ်”

‘ဒါက အသံလွှင့်စကားပြောခြင်းပဲ’

ဟန်ကျွယ်ဟာ အမျိုးသမီးကျင့်ကြံသူက မိစ္ဆာကျင့်ကြံသူမှန်း သိလိုက်ရတဲ့အတွက် မျက်လုံးပြူးသွားပါတယ်။ ဟန်ကျွယ်ဟာ ဘာဆက်လုပ်ရမလဲဆိုတာကို မသိတော့ပါဘူး။ ဒါဟာ ပြက်လုံးတစ်ခု မဟုတ်ပါဘူး။ သူက ဒါကို လက်ခံလိုက်ရင် ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို အပြစ်ပြုမိလိမ့်မယ်။ လက်မခံလို့ ငြင်းပြန်ရင်လည်း ရှင်းဟုန်ရွှမ်က သူ့ကို တောအုပ်အပြင် ထွက်ခွင့်ပြုမှာ မဟုတ်ပါဘူး။

အကြီးအကဲ သံမဏိကလည်း ဒီမှာ ရှိမနေဘူး၊ ဒီနေရာက ယွီဂျင်ဂိုဏ်းရဲ့ အပြင်စည်းတစ်နေရာဆိုတာ့ သူ အဆုတ်ထွက်အောင် အော်လည်း ဘယ်သူမှာ လာကယ်မှာ မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ သူ့ကို အတင်းမခိုင်းစေဘဲ တောအုပ်ထဲမှာ လမ်းလျှောက်ရင်း ဟန်ကျွယ်အဖြေကို စိတ်ရှည်လက်ရှည် စောင့်နေပါတယ်။ ဟန်ကျွယ်က ရှင်းဟုန်ရွှမ်နဲ့ တိုက်ခိုက်မယ်ဆိုရင် နိုင်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကို တွက်ချက်နေတာပါ။

သူတို့နှစ်ယောက်လုံးက ချီသန့်စင်ခြင်း သတ္တမအဆင့်တွေပါ။ ဒါပေမဲ့ ဟန်ကျွယ်မှာ မှော်ပညာအစွမ်းနဲ့ ရတနာပစ္စည်းတွေ မရှိတော့ ဘယ်လိုလုပ်ပြီး ရှင်းဟုန်ရွှမ်ကို အနိုင်ယူနိုင်မှာလဲ။ ဟန်ကျွယ်ဟာ အားသုံးလို့ မရတဲ့အတွက် အနုနည်းသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကြောက်လန်ချင်ယောင် ဆောင်ပြီး ပြောလိုက်ပါတယ် “အစ်မပြောတဲ့ဟာ ဘယ်နားမှာထားလဲ ကျွန်တော် မသိဘူး၊ ပြီးတော့ ကျန်းကူကလည်း အဲဒီမှာ… … ....”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ် အမူအရာနဲ့ ပါးနပ်တဲ့ စကားကြောင့် မျက်နှာမှာ ကျေနပ်ပုံ ပေါ်သွားပါတယ်။ ဟန်ကျွယ့် စကားထဲမှာ ‌ဆေးဖော်စပ်နည်းအကြောင်း တစ်လုံးမှ မပါတဲ့အတွက် ဟန်ကျွယ်က ဉာဏ်ကောင်းတဲ့လူလို့ ရှင်းဟုန်ရွှမ်က ထင်သွားပါတယ်။

“ဘာမှ မဖြစ်ပါဘူး၊ ငါ့မှာ အချိန်ရှိတာ၊ မင်းပြီးတဲ့အထိကို ငါစောင့်နိုင်တယ်” ရှင်းဟုန်ရွမ်က အပြုံးနဲ့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဆေးလုံးတစ်လုံကို ထုတ်ယူပြီး ပြောလိုက်ပါတယ် “ဒီဆေးလုံးက မင်းရဲ့ ကျင့်ကြံခြင်း စွမ်းရည်ကို လမ်းဖွင့်ပေးနိုင်တယ်၊ သောက်လိုက်၊ ဒါက ငါရဲ့ ကြိုဆိုလက်ဆောင်ပဲ”

ဟန်ကျွယ်ဟာ ဆေးလုံးကို သေချာ ကြည့်လိုက်ပါတယ်။ ဒီဆေးလုံးက ချောက်လတ်နဲ့ သွားတူပါတယ်။ ဒီဆေးလုံးက အဆိပ်ဖြစ်ဖို့ ၉၉.၉၉ ရာခိုင်နှုန်း သေချာပါတယ်။ ငြင်းဆန်လို့ရမှာ မဟုတ်မှန်း သိတဲ့အတွက် ဟန်ကျွယ်ဟာ ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆေးလုံး အရည်ပျော်ကျသွားမှာ စိုးတဲ့အတွက် စိတ်ဝိဉာဉ်ချီနဲ့ လွှမ်းခြုံ ထားလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဆေးလုံးကို မြိုချပြီးတဲ့အခါမှာ ရှင်းဟုန်ရွှမ် မြင်သာအောင် ပါးစပ်ဟ ပြလိုက်ပါတယ်။ ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ကျေးဇူးတင်ပါတယ် နတ်သမီးမမ၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်”

‘နေနှင့်အုန်းပေါ့ကွာ… နောက်တစ်နှစ်လောက် ကျင့်ကြံပြီးရင် ငါက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ မင်းမြင်အောင် ပြရမယ်”

ဟန်ကျွယ်အဖို့ မိစ္ဆာဂိုဏ်းထဲ ဝင်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ် လိုချင်တာက ထာဝရ အသက်ရှည်ဖို့ပါ၊ အန္တရာယ်ရှိတဲ့ ဘဝ မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ပြုံးလိုက်ပါတယ်။ ပြီးတဲ့အခါမှာ ဟန်ကျွယ်ပါးကို အသာအယာကိုင်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက လိမ္မာသားပဲ၊ နေကောင်းအောင်နေ၊ နောက်ကျရင် ငါမင်းကို ယောက်ျားအနေနဲ့ လက်ထပ်မယ်”

ဟန်ကျွယ်ဟာ အ‌ပေါ်ယံမှာ စိတ်လှုပ်ရှားဟန် ဆောင်လိုက်ပေမဲ့ စိတ်ထဲမှာတော့ ရှင်းဟုန်ရွှမ်ကို စက်ဆုပ်ရွံရှာသွားပါတယ် ‘ခွေးမစုတ်… နင်ကများ ရာရာစစ ငါ့ကို လက်ထပ်မယ် ပြောရဲတယ်… နင်လို့ ခွေးမစုတ်က ငါနဲ့ တူလို့လား တန်လို့လား’

သူတို့နှစ်ယောက် ဆေးဥယျာဉ်ထဲကို ပြန်မသွားခင်မှာ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ပါးပြင်ကို အတန်ကြာ ပွတ်သပ်ပေးလိုက်ပါသေးတယ်။

အမျိုးသားကျင့်ကြံသူဟာ သံသယအကြည့်နဲ့ ဟန်ကျွယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ထူးဆန်းတဲ့အပြုံးကို ပြုံးလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ ဆေးဥယျာဉ်ထဲကို လမ်းလျှောက်ဝင်နေတုန်းမှာပဲ သူ့မျက်စိထဲမှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[(၁) မင်းဟာ မိစ္ဆာကျင့်ကြံသူ ရှင်းဟုန်ရွှမ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီ၊ မင်းမှာ အောက်ပါရွေးချယ်စရာများ ရှိသည်]

[(၂) ဆေးဖော်စပ်နည်းကို ခိုးယူလျှင် ရှင်းဟုန်ရွှမ်၏ မျက်နှာသာပေးမှု ကြယ်ငါးပွင့် ရရှိပြီး ယွီဂျင်ဂိုဏ်း၏ မုန်းတီးမှု ကြယ်ငါးပွင့် ရရှိမည်]

[ရှင်းဟုန်ရွှမ် ဆေးဖော်စပ်နည်း မရရှိအောင် ကာကွယ်နိုင်လျှင် ရှင်းဟုန်ရွှမ် ထွက်သွားသည်နှင့် ပြိုင်ဘက်ကင်း လက်ညိုးဓါးသိုင်းကို ရရှိမည်]

‘အား… ငါက ဆုတောင် ရနိုင်တယ် ဟုတ်လား… ကောင်းသားပဲ’

ဟန်ကျွယ်မျက်လုံးတွေဟာ တောက်ပသွားပြီး ရှင်းဟုန်ရွှမ်စကားကို နားမထောင်ဖို့ ဆုံးဖြတ်ချက် ခိုင်မာသွားပါတယ်။

ညရောက်လာတဲ့အခါ ဟန်ကျွယ်ဩာ အခန်းထဲပြန်ပြီး အကာအကွယ် လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ပါတယ်။ ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် ပေးခဲ့တဲ့ ဆေးလုံးကို ဗိုက်ထဲကနေ အန်ထုတ်ပြီး ခါးပတ်ထဲမှာ သိမ်းထားလိုက်ပါတယ်။ အဲဒီနောက် သစ်သားကုတင်ပေါ် လျှောက်သွားပြီး ထိုင်ချကာ ပေါက်စီကိုထုတ်ကာ ကိုက်စားလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သာမန်အစားအစာတွေကို မစားဘဲနေလို့ ရပေမဲ့ သံသယ အဝင်ခံရမှာ စိုးတဲ့အတွက် စားချင်ဟန်‌ ဆောင်နေရတာပါ။

ညဉ့်နက်နေတဲ့အတွက် တစ်ခြားအစေခံငါးဦးဟာ အိပ်မောကျနေပါပြီ။ ဟန်ကျွယ်ကတော့ မအိပ်စက်ဘဲ ဆက်လက်ပြီး ကျင့်ကြံအားထုတ် ပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းရည်နဲ့ဆိုရင် ရှင်းဟုန်ရွှမ်ကို ကျော်တက်ဖို့က ဟန်ကျွယ်အတွက် သိပ်မခက်ခဲပါဘူး

နောက်ရက်တွေမှာတော့ ဟန်ကျွယ်ဟာ ပုံမှန်အတိုင်း အလုပ်လုပ်ပါတယ်။ ကျန်းကူက အကြီးအကဲသံမဏိရဲ့ နေရာမှာ ကျင့်ကြံနေတာမို့ ဟန်ကျွယ်မှာ အထဲမဝင်ဖို့ အကြောင်းပြချက် ရသွားပါတယ်။

ရှင်းဟုန်ရွှမ်ကလည်း အလျင်မလိုပါဘူး။

ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ဝက် ကုန်ဆုံးသွားပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၁၈/၈၅]

[မျိုးနွယ်: မော်တယ်]

[ကျင့်ကြံမှု: ချီသန့်စင်ခြင်း အဋ္ဌမအဆင့်]

[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်(အမွေဆက်ခံ၍ရသည်)]

[မှော်ပညာ: မရှိ]

[ဆန်းကြယ်စွမ်းအား: မရှိ]

[ရတနာပစ္စည်း: မရှိ]

[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားကို အနည်းငယ် ကောင်းစေသည်]

[ကံတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]

[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]

[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီးနောက် ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပါမည်]

[လူမှုဆက်ဆံ‌ရေးကို စစ်ဆေးမည်]

ဟန်ကျွယ်ဟာ ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကို ထိုးဖောက်နိုင်သွားပြီး သူရဲ့ စိတ်ဝိဉာဉ်အမြစ် လေးခုလုံးဟာလည်း ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့သက်တမ်းက အနှစ်နှစ်ဆယ် တိုးသွားတဲ့အတွက် ဝမ်းသာလို့ မဆုံးတော့ပါဘူး။ စိတ်ဝိဉာဉ်ချီ လျင်လျင်မြန်မြန် တိုးပွားလာတဲ့ ခံစားချက်က တကယ်ကို အံဩဖို့ကောင်းပါတယ်။

အခြားတစ်ဖက်မှာတော့ ရှင်းဟုန်ရွှမ်နဲ့ အကြီးအကဲသံမဏိဟာ သူ့တို့ရဲ့ ကျင့်စဉ်တွေမှာ ဘာတိုးတက်မှုမှ မရှိပါဘူး။ ဒါက ပါရမီရှင်နဲ့ သာမန်လူတစ်ယောက်ကြားက ကွဲပြားခြားနားမှုပါပဲ။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်ကြည့်ပြီး စိတ်ကျေနပ်သွားပါတယ်။ အောင်မြင်ချင်တဲ့ လူတစ်ယောက်ဟာ အထီးကျန်မှုကို သည်းခံနိုင်ရမယ်လို့ ဟန်ကျွယ်က တွေးလိုက်ပါတယ်။

ဟန်ကျွယ်သာ သာမန်ကျင့်ကြံခြင်း စွမ်းရည်နဲ့သာ ကျင့်ကြံခဲ့မယ်ဆိုရင် အခုအချိန်မှာ ချီသန့်စင်ခြင်း စတုတ္ထအဆင့်‌တောင် ရောက်မှာ မဟုတ်သေးပါဘူး။

အဲဒီညမှာပဲ ဟန်ကျွယ်ဟာ တံခါးအပြင်ဘက်က ခြေသံကြားလိုက်ရတဲ့အတွက် ချက်ချင်းပဲ ကုတင်ပေါ်မှာ လဲလျောင်းလိုက်ကာ အကာအကွယ်ကို ပိတ်လိုက်ပါတယ်။

“ငါ ကျန်းကူကို မြားခေါ်သွားမယ်၊ မင်းအထဲဝင်သွားပြီး အဲဒီပစ္စည်းကို သွားရှာတော့” ရှင်းဟုန်ရွှမ်ရဲ့ အသံဟာ ဟန်ကျွယ်နားထဲမှာ ကြားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ချက်ချင်းပဲ အိပ်ရာက ထလိုက်ပါတယ်။

‘သေစမ်း… ဒီကိစ္စကနေ မလွတ်ဘူးဆိုတာ ငါသိနေတယ်’ ဟန်ကျွယ်ဟာ စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။ ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ကို ရောက်နေပြီဖြစ်တဲ့ ဟန်ကျွယ်ဟာ အာရုံခံစားမှု ရရှိနေပြီ ဖြစ်ပြီးတော့ သူ့ရဲ့ အာရုံခံစားမှုဟာ တစ်ခြားသူတွေထက် အများကြီး သာလွန်ပါတယ်။ ဟန်ကျွယ်ဟာ အလှမ်းဝေးတဲ့ အဆောင်က ကုလားထိုင်နဲ့ စားပွဲတွေ တိုက်မိသံကိုတောင် ယဲ့ယဲ့လေး ကြားနေရပါတယ်။

“မင်း သွားလို့ရပြီ”

ရှင်းဟုန်ရွှမ်ရဲ့ အသံက ဟန်ကျွယ်နားထဲ ရောက်လာပြန်ပါတယ်။ အဲဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ရှင်းဟုန်းရွှမ်နဲ့ ကျန်းကူက အဝေးကို ပြေးထွက်သွားတာ အာရုံခံမိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အိမ်ထဲကနေ ဂရုတစိုက် ထွက်ခွာပြီး ဆေးဥယျာဉ် တံခါးဝကို လှမ်းကြည့်လိုက်တဲ့အခါ အမျိုးသားကျင့်ကြံသူဟာ လဲကျတာကို တွေ့လိုက်ရပါတယ်။ ဒီလူ သေသွားပြီလား၊ ရှင်နေသေးလား ဆိုတာကိုတော့ ဟန်ကျွယ် မခန့်မှန်းတက်ပါဘူး။

‘ဒီကောင်က အားနည်းလိုက်တာ’ ဟန်ကျွယ်ဟာ သစ်ပင်အောက်မှာ လဲကျနေတဲ့ အမျိုးသားကျင့်ကြံသူကို ပြက်ရယ်ပြုလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အကြီးအကဲသံမဏိရဲ့ အဆောင်ဆီကို ဦးတည်လိုက်ပါတယ်။

အကြီးအကဲ သံမဏိရဲ့ အဆောင်ဟာ နှစ်ထပ်မြင့်ပြီးတော့ ခေတ်သစ်က စံအိမ်နဲ့တောင် တူနေပါတယ်။ ဒီအဆောင်ဟာ ကြီးကျယ်ပြီး ခမ်းနားထည်ဝါက အထဲမှာလည်း အမျိုးအစား စုံလင်လှတဲ့ ကြွေထည်တွေ ပန်းချီကားတွေနဲ့ ပြည့်နေပါတယ်။ ဟန်ကျွယ်ဟာ အဆောင်ထဲဝင်ပြီး လျှောက်ကြည့်ပါတယ်။

ဟန်ကျွယ်ဟာ ဒီပစ္စည်းတွေကို ခိုးယူဖို့ စိတ်ကူး မရှိပါဘူး။ ယူခဲ့ရင်တောင် သူ့မှာ ထားစရာ နေရာ မရှိပါဘူး။ နာရီဝက်လောက် ကြာအောင် ထိုင်နေပြီးမှာ ဟန်ကျွယ်ဟာ ဟိုဟာလျှောက်လှန် ဒီဟာဆွဲထုတ် လျှောက်လုပ်ပါတယ်။ အနည်းဆုံးတော့ ဆေးစာရွက်ကို ရှာသလိုမျိုးတော့ ဟန်ဆောင်ရမှာပဲလေ။

ဒီလိုနဲ့ နောက်ထပ် နာရီဝက် ကြာပြီးတဲ့အခါမှာ ရှင်းဟုန်ရွှမ် ပြန်ရောက်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရှိတဲ့ အခန်းထဲ ပြေးဝင်လာပြီး မေးလိုက်ပါတယ် “ရှာတွေ့ပြီလား”

ပန်းအိုး‌ဘေးမှာ ရပ်နေတဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဘက်လှည့်ပြီး ပြောလိုက်ပါတယ် “မတွေ့သေးဘူး၊ ရှာတာလည်း နေရာစုံနေပြီ”

ရုတ်တရက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က သွေးတွေ စိုရွှဲနေတာကို သတိပြုမိသွားပါတယ်။

‘သူမ ကျန်းကူကို သတ်လိုက်ပြီလား’ ဟန်ကျွယ်ဟာ လန့်ပြီး အလိုလို ခြေတမ်လှမ်း ဆုတ်လိုက်တဲ့အခါ ပန်းအိုးနဲ့ တိုက်မိသွားပါတယ်။

“ခွမ်း”

ပန်းအိုးဟာ ကြမ်းပြင်ပေါ်ကျပြီး အစစ အနန ကွဲကြေသွားပါတယ်။ ကျကွဲသွားတဲ့ ပန်းအိုးထဲကနေ မျက်နှာဖုံးမှာ ‘ဆေးဖော်စပ်နည်း’ လို့ ထိုးထားတဲ့ စာအုပ်ငယ်လေးတစ်အုပ်ကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။

အသံတိတ်သွားပါတယ်။

အခန်းဟာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကြောင်သွားပြီး တော်တော်လေး ကသိကအောက် ဖြစ်သွားပါတယ်။

‘အင်း… သေစမ်း၊ ဒီအဘိုးကြီးက သူ့ပစ္စည်းတွေကို ဒီလို ဖွက်လေ့ရှိတာလား’

ရှင်းဟုန်ရွှမ်ရဲ့ အကြည့်ဟာ ဆေးဖော်စပ်နည်း စာအုပ်ကနေ ဟန်ကျွယ်ဆီ ရောက်သွားပါတယ်။ သူမရဲ့ မျက်လုံးတွေက အဆုံးမဲ့ မှောင်မိုက်နေတဲ့ ချောက်နက်ကြီး တစ်ခုလိုပါပဲ။ ဟန်ကျွယ်ဟာ အံဩတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ပန်းအိုးထဲမှာ ဖွက်ထားတာပဲ၊ ဒီအဘိုးကြီးက ပစ္စည်းတွေကို ဘယ်လိုဖွက်ရမလဲ သိနေတာပဲ”

All Chapters