မင်းက မသေမျိုးကို ရိုသေတယ်ဆိုရင် ငါ့ကိုရော ဘာလို့မရိုသေတာလဲ ၂
Vol. 93 Ch. 922
"ချီထျန်းယာသာ ဟုန်လေးခုရဲ့ နဂါးချီတွေကို စုပ်ယူနိုင်ခဲ့ရင်၊ငါ့ထက် သာလွန်နေပြီးသားဖြစ်တဲ့ သူ့ရဲ့အင်အားတွေက သေချာပေါက်နောက်တစ်ကြိမ်ထပ်ပြီးမြင့်တက်လာဦးမှာပဲ။"
"အဲ့ဒီအချိန်ကျရင် ခွဲဝေအုပ်ချုပ်မယ်လို့ ပြောထားပေမဲ့လည်း၊ အနန္တတာအိုအင်ပါယာဂိုဏ်းက မြောက်ပိုင်းနဂါးနန်းတော်ရဲ့ ဖိနှိပ်မှုကို ဆက်ပြီး ခံရဦးမှာ။"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ နှစ်တစ်သောင်းလောက်ကတည်းက ငါလည်း ဒီလိုအခြေအနေနဲ့ အသားကျနေခဲ့ပြီပဲလေ။"
"ခုချိန်မှာလည်း အနန္တတာအိုအင်ပါယာဂိုဏ်းက ဟုန်ကျယ်ရဲ့တစ်ဝက်လောက်ကို နေရာယူထားတဲ့ ဧရာမ အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပြီပဲ။ တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်းကို ကြည့်လိုက်ရင်တော့ သူတို့က ပုရွက်ဆိတ်တွေလိုပါပဲ၊သူတို့ရဲ့ ပျက်စီးမယ့်အချိန်ကိုမျှော်လင့်ချက်မဲ့စွာနဲ့ စောင့်ဆိုင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။"
"မှန်ကန်တဲ့ ရွေးချယ်မှုတွေကိုသာ လုပ်နေသရွေ့ပေါ့။"
"အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးက အမြဲတမ်းရှိနေမှာပါ၊ မလောနဲ့ မလောနဲ့..."
လုရှောင်း သူ၏လက်ရှိအလုပ်များကို ဂရုတစိုက် ပြီးမြောက်အောင်လုပ်ဆောင်နေပြီး၊ ရက်အနည်းငယ်အတွင်းမှာပင် အရှေ့ပိုင်းနဂါးဘုရင်က နှစ်ပေါင်းတစ်သိန်းကျော်အတွင်း ပြင်ဆင်ခဲ့သော လမ်းကြောင်းအများစုကို ရှင်းလင်းစွာဖော်ထုတ်နိုင်ခဲ့သည်။
ကျောက်စိမ်းချိပ်က ကောင်းကင်ဘုံသို့ မည်သို့ တက်လှမ်းသွားခဲ့သည်၊ထိုလမ်းကြောင်းပေါ်ရှိ အုတ်ခဲတိုင်း၏အမည်များနှင့် နောက်လိုက်များအားလုံးကို ဟုန်ကျယ် မသေမျိုး၏စားပွဲပေါ်တွင် တစ်ခုမကျန် ပေါ်လာစေရမည်။
မသေမျိုးက သူ၏ကမ္မကုသိုလ်စားဖွယ်ရာများကို စားသုံးပြီးသည်နှင့် တစ်ချိန်က အကြွေးများကို တစ်ခုချင်း ပြန်လည်ရှင်းလင်းပေလိမ့်မည်။
"လက်ရှိအလုပ်တွေကို သေသေချာချာ ကိုင်တွယ်နိုင်သရွေ့၊ မသေမျိုးက ငါ့ကို ဘယ်လိုလုပ်ဆုမချဘဲ နေမှာလဲ။"
"ဒါ... ဒါက မှန်ကန်တဲ့ ရွေးချယ်မှုပဲ။"
လုရှောင်းက စာအုပ်ငယ်ကို ပိတ်လိုက်ပြီး၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထပ်မံပေါ်လာပြန်သည်။
သို့သော် ၎င်းမှာ တစ်ခဏမျှသာ ကြာလိုက်၏။
ချီထျန်းယာက ရုတ်တရက်မျက်လုံးများကို ဖွင့်လိုက်သလို၊ လုရှောင်းသည်လည်း သူ၏အေးစက်သောအကြည့်များကို နဂါးခန်းမရှိရာသို့ လှည့်လိုက်သည်။
"..."
ဗလာလုနီးပါးဖြစ်နေသော နဂါးခန်းမတွင် လူရိပ်အနည်းငယ်သာ ကျန်ရှိတော့သည်။
စားပွဲခုံများက ယခင်နေရာတွင်အတိအကျချထားဆဲဖြစ်ပြီး၊ မိုးပြာရောင်အခိုးအငွေ့များရစ်သိုင်းနေဆဲဖြစ်ကာ ယခင်ကကျောင်းတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သကဲ့သို့ပင်။
သို့သော် စားပွဲများနောက်တွင် ထိုလူရိပ်များ မရှိတော့သလို၊တက်ကြွသော ရယ်မောသံများနှင့် ပျော်ရွှင်ဖွယ်အသံများလည်း မရှိတော့ပေ။
ခန်းမကြီး၏အနက်ရှိုင်းဆုံး ကျောက်နံရံပေါ်တွင် တွန့်လိမ်ပြီးအရုပ်ဆိုးလှသော နဂါးခေါင်းကြီးတစ်ခု ချိတ်ဆွဲထားခဲ့၏။ ၎င်း၏ခရမ်းရောင်မုတ်ဆိတ်များမှာ အနီရင့်ရောင်သွေးများဖြင့် စွန်းထင်းနေပြီး၊ နဂါးဦးချိုနှစ်ဖက်လုံးကလည်း အရောင်အဆင်းကင်းမဲ့နေကာ ထိုအသက်ကင်းမဲ့နေသော မျက်လုံးဝိုင်းဝိုင်းများတွင်မူ သွေးမျက်ရည်များ ခြောက်သွေ့နေပြီးရှည်လျားသော အစင်းကြောင်းများဖြစ်ပေါ်နေသည်။
၎င်းသည် ခန်းမကြီးကို ဤမျှအသက်မဲ့သော တိတ်ဆိတ်မှုမျိုးဖြင့် စောင့်ကြည့်နေခဲ့၏။
အရှေ့ပိုင်းဟုန်ရှိ သတ္တဝါများကိုခြောက်လှန့်နေသကဲ့သို့ပင်။
"ဟင်း..ဟင်း"
ဖြူရော်နေသောမျက်နှာဖြင့် ကျစ်ယန်က သူ၏ခမည်းတော်၏မျက်လုံးများနှင့် အမှတ်မထင် ဆုံမိသွားရာ ရုတ်တရက်ထိတ်လန့်တကြားခေါင်းကို လွှဲဖယ်လိုက်ပြီး မြေပြင်ပေါ်တွင်တောင့်တင်းစွာ ထိုင်နေမိသည်။ သူ၏လက်ချောင်းများက ကျောက်အုတ်များထဲသို့ နက်ရှိုင်းစွာထိုးစိုက်ဝင်နေပြီး သူ၏အကြည့်များက လက်ခုံပေါ်မှဖောင်းကြွနေသောသွေးကြောများဆီသို့ ကျရောက်နေပါသည်။
အစကတည်းက သူက ခမည်းတော်ဖြစ်သူ၏အစီအစဉ်ကို မထောက်ခံခဲ့ပေ။
သာမန်လူသားများဖြစ်သော သူတို့က မြင့်မြတ်လှသောမသေမျိုးကို မည်သည့်နည်းနှင့်မျှ လွှမ်းမိုးနိုင်မည်ဟု ကျစ်ယန် တစ်ခါမှမခံစားခဲ့ရချေ။
သို့သော် မျှော်လင့်ချက်ကို ရုတ်တရက်မြင်တွေ့လိုက်ရခြင်းက သူ၏စိတ်ကို ရှုပ်ထွေးသွားစေခဲ့၏။
ထိုအာရုံလွင့်ပါးသွားသည့် အခိုက်အတန့်လေးပင်။
ရလဒ်အနေဖြင့် မျိုးနွယ်စုတစ်ခုလုံးအကျဉ်းချခံရပြီး၊သူ၏ခမည်းတော်မှာ အသတ်ခံလိုက်ရကာ၊ နဂါးဝိညာဉ်အား ဘူးသီးခြောက်ထဲသို့ ချုပ်နှောင်ခံထားရပြီး အဆုံးမဲ့ညှဉ်းပန်းနှိပ်စက်မှုများကို ခံနေရကာ ထာဝရပြန်လည်လွတ်မြောက်နိုင်ရန် အခွင့်အရေး မရှိတော့ပေ။
ရွှမ်ချင်းက အဘယ်ကြောင့် ဤမျှအထိစိတ်ဓာတ်ကျနေရသနည်းဆိုတာကို သူနောက်ဆုံးတော့ နားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုလျှင် သူ၏အတွေးများအားလုံးက ထိုမသေမျိုးကို မည်ကဲ့သို့သတ်ရမည်နည်းဆိုသည်ကို တွေးနေသော်လည်း၊ သူ့ နတ်ဝိညာဉ် ခမ်းခြောက်သွားသည်အထိ စဉ်းစားနေလျှင်ပင် မည်သည့်နည်းလမ်းကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။
သူ၏ကျန်ရှိနေသေးသော ကြည်လင်သည့်အသိစိတ်ကပင် ထိုသို့အတွေးမျိုးတွေးနေမိခြင်းကိုပင် ဖော်ပြလို့မရသည့်ကြောက်ရွံ့မှုတစ်ခုကို ခံစားနေရလေ၏။
"ကျွန်တော့်ကို မကြည့်ပါနဲ့... ကျွန်တော်... အဲ့ဒီအကြောင်းကိုစဉ်းစားဖို့တောင် မခံစားနိုင်တော့ဘူး..."
သူသည် မျက်လုံးများကိုမှိတ်ကာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးကွေးလေးရှိနေပြီး၊ တိတ်ဆိတ်လုနီးပါး အက်ကွဲနေသောတီးတိုးအသံတစ်ခုသာ ထွက်ပေါ်လာသည်။
ကျစ်ရှန်းက သူမ၏အစ်ကိုဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏လက်မောင်းများကြားတွင်ခေါင်းကို နက်နက်ရှိုင်းရှိုင်းဝှက်ထားခဲ့၏။
တစ်ချိန်က အရှေ့ပိုင်းနဂါးနန်းတော်၏ဂုဏ်ကျက်သရေအဖြစ် သူမကိုယ်သူမ မည်သည့်အချိန်ကမှ မတွေးထင်ခဲ့ပေ။
မိသားစုပျက်စီးခြင်းဆိုသည့် စကားလုံးများက သူမ နှင့် ဤမျှနီးကပ်နေခဲ့ပြီး၊ မသေမျိုးတစ်ပါး လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် အရာအားလုံး ပြီးဆုံးသွားနိုင်မည်ဟု သူမ မတွေးထင်ခဲ့ဖူးချေ။
ဟုန်ကျယ်ကို ဂရုစိုက်ကြောင်းထပ်ခါတလဲလဲ ပြောဆိုခဲ့သည့် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူသည် နောက်ဆုံးတွင် ဟုန်ကျယ်ကိုမိမိလက်ဖြင့်ပင် ဒုက္ခတွင်းနက်ထဲသို့ တွန်းချခဲ့လေ၏။
ကြင်နာမှုဆိုသည့်အရာမှာ အမှန်တကယ်တော့ အလွန်အမင်းရက်စက်မှုပင်ဖြစ်နေသည်မှာ အလွန်ယုတ္တိမတန်ကာ ရယ်စရာကောင်းလှသည်။
အရှေ့ပိုင်းနဂါးနန်းတော်တစ်ခုလုံးက ဟုန်ကျယ်၏ အကြီးမားဆုံးသော ရာဇဝတ်ကောင်ဖြစ်နေခြင်းက ကျစ်ရှန်းကို ရူးသွပ်လုနီးပါးဖြစ်စေလောက်အောင် ရယ်စရာကောင်းလှ၏။
"..."
ကျစ်လန်က ထမင်းဗန်းတစ်ဗန်းကို သယ်ဆောင်လာပြီး ဤအခြေအနေတွင်ရှိနေသော သူမ၏ ဦးလေး နှင့် ဒေါ်လေးကို ကြည့်ကာ မည်သို့မည်ပုံဖြစ်သည်မသိမျက်ရည်များ ရုတ်တရက်စီးကျလာခဲ့သည်။
သူမသည် လှည့်၍ခန်းမအပြင်ဘက်သို့ ယိုင်တိုင်တိုင်လျှောက်သွားရာမှ ရုတ်တရက် တစ်စုံတစ်ယောက်၏ရင်ဘတ်နှင့် ဝင်တိုက်မိသွား၏။
ကျောက်စိမ်းပန်းကန်များက မြေပြင်ပေါ်သို့ပြုတ်ကျအက်ကွဲသွားပြီး၊ ကျစ်လန်က မျက်ရည်များကို ထုံထိုင်းစွာဖြင့်အားကုန်ပွတ်သပ်ကာမြေပြင်ပေါ်တွင် ဒူးထောက်၍အကွဲအစများကို ကောက်ယူရင်း ဟင်းရည်များကိုသုတ်ရန် သူမ၏ဝတ်ရုံစကို အသုံးပြုခဲ့သော်လည်း မည်သို့ပင်လုပ်စေကာမူ သေချာစွာမသန့်ရှင်းနိုင်တော့ဘဲ နောက်ဆုံးတွင် ငိုကြွေးသွားတော့သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"
သို့သော် ထိုလူရိပ်က သူမကို အပြစ်မတင်ဘဲ၊ သူမကို ညင်သာစွာကျော်ဖြတ်ကာ ခန်းမကြီး၏ အတွင်းဘက်သို့ လျှောက်သွားခဲ့၏။
ကျစ်လန်က တွေဝေစွာမော့ကြည့်လိုက်ရာ၊ မျက်ရည်များဖြင့်ဝေဝါးနေသောမျက်လုံးများမှတစ်ဆင့်၊အလွန်ရင်းနှီးနေသော ဖြူဖျော့ပြီး ချောမောလှသည့် ဘေးတိုက်မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ယခင်က တောင်ပိုင်းဟုန် မသေမျိုးဂူတွင် သူမက သူ့ကိုအလွန်ရက်စက်သည်ဟု အပြစ်တင်ခဲ့သော်လည်း နဂါးဘိုးဘိုး မည်မျှစိတ်မချမ်းမြေ့ဖွယ်ကောင်းစွာသေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်တွင်၊ ကျစ်လန်က သူ၏နည်းလမ်းကသာ မှန်ကန်ပေလိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
နောက်ပိုင်းတွင် သူမ၏ဦးလေးနှင့် ဒေါ်လေးတို့ကလည်း သူ၏အကြောင်းကို ပြောပြသည်ကိုကြားခဲ့ရသည်။
သို့သော် ထိုဇာတ်လမ်းထဲမှ လူငယ်လေးက သူမမှတ်မိနေသောအမူအကျင့်နှင့် ဆင်တူသော်လည်း၊ ဖော်ပြထားသောလုပ်ရပ်များမှာ လုံးဝ ကိုက်ညီမှု မရှိပေ။
အနောက်ပိုင်းနဂါးဘုရင်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ ယွဲ့ထျန်းကျီကို သတ်ရန်ပင် ရုန်းကန်ခဲ့ရသော လူငယ်လေးတစ်ဦးလုပ်နိုင်သည့်အရာ မဟုတ်ပေ။
ကျစ်လန်က သူတို့၏နောက်တစ်ကြိမ် တွေ့ဆုံမှုမှာ ဤကဲ့သို့သောအခြေအနေမျိုးအောက်တွင် ဖြစ်လိမ့်မည်ဟု တစ်ခါမှမတွေးထင်ခဲ့ဖူးပေ။
သူမက လူငယ်လေး၏ကျောပြင်ကို ထုံထိုင်းစွာဖြင့် ကြည့်နေပြီး၊အလျင်အမြန်ကုန်းရုန်းထကာ သူ့နောက်မှ တစ်လှမ်းချင်းလိုက်သွားခဲ့၏။
"မြန်မြန် ထွက်သွားတော့ ဒီမှာက..."
တိတ်ဆိတ်နေပုံရသော အရှေ့ပိုင်းနဂါးနန်းတော်အတွင်း၌ တာအိုနယ်ပယ်စွမ်းအားရှင်နှစ်ဦး ထိုင်နေလိမ့်မည်ဟု မည်သူမှမျှော်လင့်ထားမည် မဟုတ်ပေ။
ဤကဲ့သို့သော အချိန်မျိုးတွင်ပင်၊ ထိုခရမ်းရောင်မုတ်ဆိတ်နဂါးဖြူများ၏ပထမဆုံး ပြောလိုက်သော စကားမှာ 'မြန်မြန် ထွက်သွားတော့' ဟူ၍သာ ဖြစ်နေဆဲဖြစ်၏။
ရှန်းယီက ကျောက်နံရံပေါ်ရှိ အရုပ်ဆိုးလှသော နဂါးခေါင်းကြီးဆီသို့ မျက်လုံးများကိုအနည်းငယ် ပင့်ကာကြည့်လိုက်သည်။
သူ၏မျက်လုံးများက လှိုင်းဂယက်မရှိသော ရှေးဟောင်းရေတွင်းတစ်ခုနှင့် တူနေပါသည်။
သူ၏သူငယ်အိမ်များက နက်မှောင်နေပြီး လွန်စွာနက်ရှိုင်းလှကာ ကပ်ဘေးတစ်သောင်းနှလုံးမဲ့တာအို၏ အကူအညီဖြင့် ရရှိလာသော သေခြင်းတရား မီးခိုးရောင်မျိုးမဟုတ်ခဲ့ပေ။
ဤအခြေအနေအောက်တွင်ပင် ရှန်းယီက ဝမ်းနည်းမှု သို့မဟုတ် အခြားမည်သည့်ခံစားချက်ကိုမျှ ထုတ်ဖော်ပြသခြင်းမရှိသေးချေ။
သူက ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားပြီး ထိုနဂါးခေါင်းကြီးအောက်တွင် ရပ်လိုက်၏။
"မင်း..."
ကျစ်ယန်နှင့် ကျစ်ရှန်း မောင်နှမနှစ်ဦးက နောက်ဆုံးတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိသွားပြီး သူတို့၏မှေးမှိန်ကာ အလင်းရောင်ကင်းမဲ့နေသောမျက်လုံးများဖြင့် မော့ကြည့်လိုက်ကြ၏။
ထို့နောက် ရှန်းယီလက်လှမ်းလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရပါသည်။