မင်းက မသေမျိုးကို ရိုသေတယ်ဆိုရင် ငါ့ကိုရော ဘာလို့မရိုသေတာလဲ ၃
Vol. 93 Ch. 923
"မင်း ရွှေ့လို့မရဘူး။ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။"
ကျစ်ယန်က ရူးသွပ်နေသောသားရဲတစ်ကောင်ကဲ့သို့ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး သူ၏ အက်ရှရှအသံဖြင့် ဟိန်းဟောက်လိုက်၏။
မည်သည့်သားက မိမိဖခင်၏ဦးခေါင်းကို အမြင့်တွင်ချိတ်ဆွဲထားပြီး သေဆုံးသွားသည်တိုင် မျက်လုံးမမှိတ်နိုင်သည်ကို ကြည့်ကာသည်းခံနိုင်မည်နည်း။
သို့သော် သူအမှန်တကယ်ပင် မလှုပ်ရှားနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ထိုနေရာတွင် ချိတ်ဆွဲထားသူမှာ မသေမျိုးတစ်ပါး ဖြစ်နေသောကြောင့်ပင်။
ထိုသို့ ခန့်မှန်းရခက်သော မသေမျိုးတစ်ပါးကို စော်ကားမိပြီးနောက် မည်မျှကြောက်မက်ဖွယ်ကောင်းသော အရာများဖြစ်လာနိုင်သည်ကို မည်သူမျှ မသိနိုင်ချေ။
"ဟူး။"
ရှန်းယီက မကြားလိုက်သကဲ့သို့ပင် နဂါးခေါင်းကို ညင်သာစွာဖြုတ်ယူလိုက်ပြီးနောက် လှည့်ကာ စားပွဲပေါ်တွင် တင်ထားလိုက်၏။
ကျစ်ရှန်းက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး သူမ၏ခေါင်းကို တောင့်တင်းစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊သူမ ထင်မှတ်ထားသည့်အတိုင်းပင် နဂါးခေါင်းကို ဖြုတ်ချလိုက်သည့် အခိုက်အတန့်တွင် ခန်းမကြီး၏အပြင်ဘက်မှ ဂရုမစိုက်ဟန်ရှိသောပုံရိပ်နှစ်ခုက ရောက်ရှိနေပြီ ဖြစ်သည်။
ချီထျန်းယ နှင့် လုရှောင်းတို့ နှစ်ဦးစလုံး မျက်ခုံးပင့်လိုက်ကြ၏။
သူတို့သည် မသေမျိုး၏ဘယ်ညာ လက်ရုံးများ ဖြစ်သောကြောင့် မသေမျိုး၏ဂုဏ်သိက္ခာသည် သူတို့၏ကိုယ်ပိုင် ဂုဏ်ကျက်သရေကိုကိုယ်စားပြုနေပါသည်။
ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့်ကျင့်ကြံခြင်းရှိပြီး မည်သူမည်ဝါမှန်းမသိရသော လူငယ်တစ်ဦးက ခန်းမအတွင်းသို့ ရဲတင်းစွာဝင်ရောက်လာပြီး သူတို့၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
"မင်းက ဟုန်ကျယ်မှာ ငါမြင်ဖူးသမျှထဲ ပါရမီအမြင့်မားဆုံး လူတစ်ယောက်ပဲ။ ပြီးတော့ အမိုက်မဲဆုံးလည်း ဖြစ်တယ်။"
လုရှောင်းက ခန်းမအတွင်းသို့ ဝင်ရောက်လာရင်း တိုးတိတ်စွာ ရယ်မောလိုက်၏။
ဤကဲ့သို့အဓိပ္ပာယ်မရှိသောကိစ္စရပ်အတွက် မသေမျိုးခုံရုံးမှ အသိအမှတ်ပြုထားသော မသေမျိုးအရာရှိတစ်ဦးကို စော်ကားခြင်းမှာ ရွှမ်ချင်း နှင့် ကျစ်ရွှမ်တို့ထက်ပင် ပို၍ရယ်စရာကောင်းနေပုံရသည်။
သူသည် ကျစ်ယန်ထံသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အိမ်ရှေ့မင်းသား၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ပြင်းထန်စွာ ဆောင့်ချလိုက်၏။
"မင်းက သူ့ကိုသတိပေးနေတယ်ပေါ့၊ မင်းက သူ့ကို ဂရုစိုက်နေတယ်ဆိုတော့၊သူကလည်း အဲ့ဒီကိစ္စမှာပါဝင်နေတာလား။"
ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်ဖြင့် ယခုကဲ့သို့သောအင်အားမျိုးကို ပိုင်ဆိုင်ထားခြင်းမှာ သူက ဟုန်ကျယ်ဒေသခံမဟုတ်ဘဲ အပြင်ဘက်မှ လာသူဖြစ်နိုင်ခြေများသည်။
ချီထျန်းယာကလည်း ရှေ့သို့တက်လာပြီး ကိုင်းညွတ်ကာ ကျစ်ရှန်း၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။
"အလိမ္မာတုံးလေး၊ဦးလေးကို ပြောပြပါဦး သူက ဘယ်သူလဲ။"
ဤကဲ့သို့သောဂုဏ်ပြုခံရမည့်အရာကို လုရှောင်တစ်ဦးတည်းကိုသာ လက်ဝါးကြီးအုပ်ခွင့် မပေးနိုင်ပေ။
မောင်နှမနှစ်ဦးစလုံးက တုန်ရီနေကြပြီး သူတို့၏ နှုတ်ခမ်းများကို တင်းတင်းကိုက်ထားကာ၊ တာအိုနယ်ပယ် စွမ်းအားရှင်နှစ်ဦး၏ဖိနပ်ထိပ်များကိုသာ စိုက်ကြည့်နေကြပြီး စကားတစ်ခွန်းမျှမဟကြချေ။
သူတို့ဖခင်၏အကြည့်အောက်တွင် မဟာမိတ်များကို သစ္စာမဖောက်နိုင်ကြပေ။
ဒါက ရှန်းယီပဲ။ ရှန်းယီ ကိုယ်တိုင်လေ။
ဘာကြောင့်..ဘာကြောင့်များ ဒီကိုလာခဲ့ရတာလဲ၊ နောက်ဆုံးကျန်နေတဲ့မျှော်လင့်ချက်လေးကိုတောင် ဘာကြောင့်များဖြတ်တောက်လိုက်ရတာလဲ။
သူက မသေမျိုးနယ်မြေကိုသွားပြီး ကြီးမြတ်တဲ့ ဂိုဏ်းတစ်ခုထဲ ဝင်ရောက်ပြီးနာမည်ကျော်ကြားအောင် လုပ်သင့်တယ်။... ပြီးမှ သူတို့နဲ့တခြားသူတွေအတွက် တရားမျှတမှုရှာပေးဖို့ပြန်လာသင့်တာ။
ကျစ်ယန်က ရုတ်တရက်ရှိုက်ငိုလိုက်ပြီး သူ၏မျက်လုံးများထဲမှ နောက်ဆုံးကျန်ရှိနေသော အလင်းရောင်လေးသည်လည်း ဖြည်းညှင်းစွာ မှေးမှိန်သွားတော့သည်။
သူက မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်၏။
သို့သော် မည်သူမျှ သတိမထားမိလိုက်သောအရာမှာ၊ ရှန်းယီကလည်း မျက်လုံးများကိုမှိတ်ထားလိုက်ခြင်းပင်။
စုစည်းထားသောနတ်ဆိုးသက်တမ်းများက လျင်မြန်စွာကုန်ခမ်းသွားပြီး၊ သွေးကဲ့သို့နီရဲနေသောတံဆိပ်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင်၊သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သောခမ်းနားထည်ဝါသည့် ခန်းမကြီး၏ပုံရိပ်ယောင်တစ်ခုက အရှေ့ပိုင်းနဂါးနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပေသည်။
"..."
အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးက စားပွဲနောက်တွင် ထိုင်နေပြီး၊မျက်လုံးများကို တဖြည်းဖြည်း ဖွင့်ကာ၊ အရှေ့ပိုင်းနဂါးဘုရင်တစ်ခါက ထိုင်ခဲ့ဖူးသောနေရာ၏စားပွဲပေါ်မှ နဂါးခေါင်းကိုကြည့်လိုက်သည်။
စားပွဲပေါ်ရှိစာအုပ်များမှာ လွန်စွာရှုပ်ပွနေ၏။
သူက နဂါးခေါင်း၏ရှုပ်ထွေးနေသော ခရမ်းရောင်မုတ်ဆိတ်ကို ညင်သာစွာပွတ်သပ်လိုက်ပြီးနောက်၊ စာအုပ်များကို သပ်ရပ်စွာပြန်လည်စီလိုက်သည်။ သူ၏ရှင်းလင်းသောအသံမှာ အနည်းငယ်နားမလည်နိုင်ဟန် ပေါ်နေလေ၏။
"ခင်ဗျားတို့က မသေမျိုးတွေကိုတကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်ကြတာလား။"
၎င်းကိုကြားသောအခါ ချီထျန်းယာနှင့် လုရှောင်းတို့ နှစ်ဦးစလုံးက သူတို့၏လုပ်ရပ်များကို ရပ်တန့်လိုက်ကြပြီး၊နာကျင်ဖွယ်ရာနေရာတစ်ခုကို အထိခံလိုက်ရသကဲ့သို့ တင်းမာစွာပြောလိုက်ကြ၏။
"ဒါက ရိုသေလေးစားမှုပဲ။"
သေလူဖြစ်နေပြီဖြစ်သော ဤလူမိုက်က ယခုထိတိုင် ရိုင်းစိုင်းသောစကားများကို ပြောဆိုဝံ့နေသေး၏။ သူက ဤမျှလွယ်ကူစွာသေဆုံးရမည်မဟုတ်ပေ။
သို့သော် ရှန်းယီက ထိုလူနှစ်ဦး၏ဒေါသကို လုံးဝ မခံစားမိသကဲ့သို့ပင် သူကစာအုပ်များကို တည်ငြိမ်စွာချထားလိုက်ပြီး သူ၏မျက်နှာအမူအရာမှာ လွန်စွာတည်ငြိမ်အေးချမ်းနေခဲ့သည်။
"ဒါဆိုရင်ခေါင်းမော့ပြီး ငါကဘာလဲဆိုတာ ကြည့်လိုက်ကြစမ်း။"
သူ၏စကားမဆုံးမီမှာပင်၊ တာအိုနယ်ပယ် စွမ်းအားရှင်နှစ်ဦးက အနည်းငယ်နားမလည်နိုင်ဖြစ်သွားကာ၊မောင်နှမနှစ်ဦးကို လွှတ်ပေးလိုက်ပြီး စားပွဲရှေ့ရှိ ပုံရိပ်ဆီသို့လှမ်းကြည့်လိုက်ကြသည်။
အပြင်ဘက်မှ ကျင့်ကြံသူတစ်ဦးက အစမှအဆုံးထိုတိုင်အောင် ယခုကဲ့သို့ထူးဆန်းစွာပြုမူနေခြင်းမှာ သူတို့၏စိတ်နှလုံးထဲတွင် သိချင်စိတ်အချို့ကိုလည်း နှိုးဆွပေးနေပေသည်။
သို့သော် သူတို့က ရှန်းယီအပေါ်တွင် အခြားမည်သည့်အရာကိုမျှမမြင်တွေ့ရပေ။
ထိုဖြူဖျော့မျက်နှာပေါ်တွင်၊ သူ၏နှုတ်ခမ်းထောင့်များအနည်းငယ်ပင့်တက်သွားကာ၊အန္တရာယ်ကင်းမဲ့သောလူငယ်လေးတစ်ဦးကဲ့သို့ သန့်ရှင်းစင်ကြယ်သောအပြုံးတစ်ခုကို ဖော်ပြနေခဲ့၏။
သို့သော် သူ၏လေသံမှာ နောက်ပြောင်သောလေသံနှင့်တူလာသလို၊ ထိုမျက်နှာပေါ်တွင် ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခုကို သူတို့ရုတ်တရက် မြင်လိုက်ရသလိုဖြစ်သွား၏။ သူ၏ဖြူဖွေးညီညာသောသွားများကပင် ကြမ်းကြုတ်သောသားရဲတစ်ကောင်၏အစွယ်များကဲ့သို့ ကျောချမ်းဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။
"မင်းတို့ တကယ်မြင်ကြရဲ့လား။"
ခန်းမကြီးတစ်ခုလုံးက ရုတ်တရက်ကျောချမ်းဖွယ်ကောင်းလာပြီး သေမင်း၏နယ်မြေတစ်ခုနှင့် တူညီသွားပါသည်။
တစ်ခဏချင်းမှာပင်၊ ရှန်းယီ နှင့် မသေမျိုးသာ မြင်တွေ့နိုင်သော အဆုံးအစမဲ့ကျယ်ပြန့်လှသည့် ရေပြင်နှင့်မြေပြင်များက ဤတာအိုနယ်ပယ် စွမ်းအားရှင်နှစ်ဦး၏စိတ်ထဲတွင် ရုတ်ချည်း ထင်ဟပ်လာခဲ့၏။
နတ်ဆိုးအင်ပါယာလက်နက် ၊ မသေမျိုးနိယာမ နှင့် နတ်ဘုရားစွမ်းရည်အမျိုးမျိုး၊ မသေမျိုးအစီအရင်များ နှင့် နတ်ဆိုးကျောက်တုံးအများအပြား အပါအဝင်၊သူ၏အရင်းအမြစ်အားလုံးနီးပါးကို အသုံးပြုခဲ့သော်လည်း တာအိုနယ်ပယ်စွမ်းအားရှင်နှစ်ဦးကို မည်သည့်ခြိမ်းခြောက်မှုမျှမပြုလုပ်နိုင်လုနီးပါးဖြစ်ခဲ့သည်။
သို့သော် ရှန်းယီ ယခုအသုံးပြုခဲ့သောအရာမှာ သူ၏ကိုယ်ပိုင် မဟုတ်ပေ။
အနည်းဆုံးတော့ ဤအခိုက်အတန့်တွင် သူက မသေမျိုးတစ်ပါးဖြစ်ပါသည်။
တောင်ပိုင်းဟုန် နှင့် အနောက်ပိုင်းဟုန်တစ်ခုလုံး ရုတ်တရက်လှုပ်ရှားလာပြီး၊ ကျယ်ပြောလှသော ရေပြင်များ နှင့် မြေပြင်များကြားရှိ မိုးမြေ၏ဝိညာဉ်စွမ်းအင်များက ပြင်းထန်စွာပေါက်ကွဲထွက်လာတော့သည်။
ဤကျယ်ပြောလှသော မြေပြင် နှင့် ရေပြင်များရှေ့တွင်၊ကျင့်ကြံသူများ နှင့် နတ်ဆိုးမျိုးနွယ်များမှာ အလွန်သေးငယ်ကာမပြောပလောက်အောင် ဖြစ်သွား၏။
"ဝုန်း။"
ချီထျန်းယာက တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိသွားပြီး၊သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသောကြောက်ရွံ့မှုများ ထွက်ပေါ်လာကာ၊ အနက်ရောင်အကြေးခွံများက သူ၏တစ်ကိုယ်လုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီး သူ၏အစစ်အမှန်သဏ္ဍာန်ပြောင်းလဲကာ ထွက်ပြေးလိုနေခဲ့သည်။
လုရှောင်းက ပင်ကိုယ်အသိစိတ်အရဘိုးဘေး ကျောက်တိုင်ကို အသက်သွင်းရန်ကြိုးစားလိုက်လေ၏။
သူတို့နှစ်ဦးစလုံးက အသံများအားဆုံးရှုံးသွားသကဲ့သို့ဖြစ်သွားပြီး ထပ်မံ၍စကားမပြောနိုင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ကုန်းမြေနှင့်ရေပြင်နှစ်ခု၏ဖိနှိပ်မှုကို တိုက်ရိုက် ရင်ဆိုင်နေရသောကြောင့်ပင်။
"..."
ကျစ်ယန် နှင့် ကျစ်ရှန်းတို့က မှင်သက်စွာကြည့်နေကြ၏။ အထက်သို့ပျံတက်သွားသော နဂါးနက်ကြီးက မမြင်နိုင်သော ဧရာမလက်ကြီးတစ်ခု၏ပြန်လည် ဖမ်းဆုပ်ခြင်းကိုခံလိုက်ရပြီး ၎င်း၏ခန္ဓာကိုယ်မှာ တွန့်လိမ်နေသောငါးရှဉ့်တစ်ကောင်ကဲ့သို့ ရူးသွပ်စွာရုန်းကန်နေရသည်ကို သူတို့ ကြည့်နေကြသည်။
လုရှောင်း၏ဝတ်ရုံမှာ ရုတ်တရက် အပိုင်းပိုင်း ပြတ်ထွက်သွားပြီး၊ ဘိုးဘေးကျောက်တိုင်ကို ဆင့်ခေါ်ရန်ကြိုးစားနေသော သူ၏လက်ချောင်းများမှာ အဆက်မပြတ်ကျိုးပဲ့သွားကာ၊ ထို့နောက် သူ၏လက်မောင်းတစ်ခုလုံး သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
ခန်းမကြီးတစ်ခုလုံးမှာ နက်နဲလှသော မိုးမြေ၏ဝိညာဉ်စွမ်းအင်များသာ ကျန်ရစ်ခဲ့တော့ပြီး လှိုင်းလုံးများကဲ့သို့ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်နေပါသည်။
ရှန်းယီက မျက်လုံးများကိုအောက်သို့ချကာ စားပွဲနောက်တွင်သာထိုင်နေခဲ့စ။ ပြုပြင်စရာမရှိတော့ဟု သူ ခံစားရသည်အထိ နဂါးခေါင်း၏အမွေးအမျှင်များကို လေးလေးနက်နက်ရှင်းလင်းပေးနေခဲ့သည်။
ထို့နောက် သူက လက်ဝါးနှစ်ဖက်လုံးကိုဆန့်တန်းကာ သူ့ဘက်သို့မျက်နှာမူစေကာ ၎င်း၏မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ပေးလိုက်၏။
မျက်ရည်ကြောင်းနှစ်ကြောင်းကိုလည်း သူ၏လက်မများဖြင့် သုတ်ဖယ်ပေးလိုက်ပြီး နူးညံ့သောတီးတိုးစကားတစ်ခွန်းကိုသာ ချန်ရစ်ခဲ့သည်။
"သူတို့အတွက်ပြင်ဆင်ပေးထားတဲ့ လမ်းကို သူတို့က မလျှောက်ချင်ကြဘူး။"
"ဒါဆိုရင် ငါ့လမ်းကိုပဲလျှောက်ခိုင်းကြတာပေါ့။"
ထိုသို့ပြောပြီးနောက် ရှန်းယီက မတ်တပ်ရပ်လိုက်ပြီးစားပွဲကို ပတ်ကာ မြေပြင်ပေါ်မှပြတ်တောက်နေသောခြေလက်များနှင့် ကြေမွနေသော ခန္ဓာကိုယ်အပုံနှစ်ပုံကို ကောက်ယူလိုက်၏။ ထို့နောက် သူ ရောက်လာစဉ်ကကဲ့သို့ပင် နဂါးခန်းမမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
သူ၏လမ်းကို မရဏလမ်းဟု ခေါ်သည်။
ခန်းမထဲတွင်ကျန်ရစ်ခဲ့သော သူသုံးဦးက အပြင်ဘက်ရှိ ဗလာဖြစ်နေသောခန်းမကို တူညီသောအသွင်အပြင်ဖြင့်စိုက်ကြည့်နေကြသည်။
သူတို့၏သူငယ်အိမ်များက အပ်ဖျားလေးများကဲ့သို့ သေးငယ်ကျုံ့ဝင်နေပါသည်။
သူတို့ ခုလေးတင် ဘာကို မြင်လိုက်ရတာလဲ...
လမ်းတစ်လျှောက်လုံးမှာ သူတို့အတိအကျဘာတွေနဲ့ကြုံတွေ့နေရတာလဲ။
ရှန်းယီက လူဝင်စားလာသော မသေမျိုးတစ်ပါး မဟုတ်ပေ၊အဘယ်ကြောင့်ဆိုသော် သူသည် အမှန်တကယ်မှာ မသေမျိုးတစ်ပါးဖြစ်နေသောကြောင့်ပင်။