သူက တစ်ချိန်လုံး ဒီနေရာမှာ ရှိနေခဲ့တာလား ၂
Vol. 93 Ch. 925
"ဟူး။"
စုဟုန်ရှို့က ရတနာသင်္ဘော၏ရှေ့တွင် ရပ်နေခဲ့သည်။ သူမက တစ်ချိန်တွင် တောင်ပိုင်းဟုန်မှ ထွက်ခွာပြီး ဟုန်ကျယ်တစ်ခွင်ရှိပါရမီရှင်များ၏ တိုက်ပွဲတွင် ပါဝင်ရန်ပြင်းပြစွာဆန္ဒရှိခဲ့ဖူး၏။
သို့သော် သူမ၏ပထမဆုံးသော ပါဝင်မှုက ယခုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးဖြစ်လိမ့်မည်ဟုလုံးဝမထင်မှတ်ထားခဲ့ပေ။
သူမ ဤကဲ့သို့များပြားလှသော ကျွမ်းကျင်သူပုံရိပ်များကို တစ်ခါမျှမမြင်ဖူးခဲ့ချေ။ အချို့မှာ သူမနှင့် အသက်အရွယ်တူပြီး မျိုးဆက်သစ်လူငယ်များထဲတွင် သူမ၏စွမ်းရည် နှင့် အပြည့်အဝယှဉ်ပြိုင်နိုင်သူများဖြစ်ကြသည်။
ဤလူများ၏ရှေ့တွင် တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းက မည်သည့်အားသာချက်မျှမရှိပေ။
သို့သော် ဤအခိုက်အတန့်မှာတော့ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်မျှသာရှိသော ကျင့်ကြံသူများကိုပင် မည်သူမျှလှောင်ပြောင်ခြင်း မပြုကြပေ။ ထိုသို့သောနိမ့်ပါးသည့်နယ်ပယ်ဖြင့် တိုက်ပွဲဖဲသို့ လာရောက်ခြင်းကပင် လေးစားမှုကိုရရှိစေ၏။
"ကျွန်မ အနည်းငယ် စိတ်လှုပ်ရှားနေတယ်"
ကျန်းချိုလန်က သူမ၏ပြတ်သားတည်ငြိမ်သော စိတ်ထားရှိနေလင့်ကစား၊ဤမျှများပြားလှသော လူအုပ်ကြီးထဲတွင် အလွန်သေးငယ်လှသဖြင့် သတိမထားမိလျှင်လွယ်ကူစွာပင် လျစ်လျူရှုခံရနိုင်သည်။
"သူ့ကို မတွေ့ရလို့လား။" နီကျွင်းက သူ၏ဓားကို ဝှေ့ယမ်းလိုက်၏။
ဂိုဏ်းမှထွက်ခွာလာခြင်းက သေရန်ဆုံးဖြတ်ပြီးသားဖြစ်ရာ၊ ဤကဲ့သို့သောအခြေအနေမျိုးတွင် စိတ်လှုပ်ရှားနေရန်အကြောင်းမရှိပေ။
သူတို့က မည်သည့်အရာများဖြစ်ပျက်နေသည်ကိုပင် မသိကြသော်လည်း၊ယခုအချိန်မှာ သူတို့၏ ဓားများကို မထုတ်ခဲ့လျှင် နောက်တစ်ကြိမ် တိုက်ခိုက်ရန်အခွင့်အရေး ရတော့မည် မဟုတ်ကြောင်းကိုမူ နားလည်ထားကြ၏။ မြောက်ပိုင်းဟုန်မှ တစ်စုံတစ်ဦး၏ဝတ်ရုံစကိုသာ ဆွဲဖြတ်နိုင်ခဲ့လျှင်ပင် ထိုသူအားသေဆုံးနိုင်ခြေအနည်းငယ်တိုးလာစေနိုင်မည်။
ကျန်းချိုလန်က တိတ်ဆိတ်နေခဲ့၏။ သူမ၏အဆုံးသတ်ချိန်နှင့်နီးကပ်လာပြီဖြစ်ကြောင်း သူမ သိသော်လည်း၊ထိုသူကိုနောက်တစ်ကြိမ် ထပ်မံမြင်တွေ့လိုစိတ်ပြင်းပြနေမိသည်။
သူမ၏နှလုံးသားထဲတွင်ရှိနေသော မြင့်မားသော တောင်တန်းကြီးက ရုတ်တရက်အစအနမကျန် ပျောက်ကွယ်သွားကာ အခြားမည်သည့်အရာနှင့်မျှ အစားထိုး၍ မရသော ကွက်လပ်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
သူမက ထာဝရစောင့်ဆိုင်းနိုင်သော်လည်း ယခုအခါတွင်မူ အချိန်မရှိတော့ပုံရပေသည်။
အမှန်တကယ်ပင် သူမက မိမိကိုယ်မိမိအလွန် ကံကောင်းသည်ဟု ယူဆလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဂျူနီယာညီမလေးမှာလည်း ထိုသူကိုအလွန်စွဲလမ်းနေသော်လည်း၊ သူတို့ မည်သူ့လက်ချက်ဖြင့်သေရမည်ကို သိရန်အတွက်ပင် ဂိုဏ်းနယ်မြေမှ မထွက်ခွာနိုင်ခဲ့သောကြောင့်ဖြစ်လေ၏။
အမှန်တကယ်ပင် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော အင်အားစုဝေးမှုကြီးထဲတွင်ပင်။
သူတို့သည် သေတော့မည်ဟု ခံစားနေရဆဲပင်။
သို့သော် ဂိုဏ်းနယ်မြေမှမထွက်ခွာနိုင်ဘဲ အသတ်ခံရခြင်း နှင့် နှိုင်းယှဉ်လျှင်၊အကျိုးမရှိနိုင်သော်လည်း ပို၍ထိရောက်သောသေခြင်းတရားအား ရွေးချယ်ခဲ့ကြခြင်းဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူ အုပ်စုကြီး၏ အထက်တွင်...
ရေတွက်မရသောနတ်ဆိုးကြီးများနှင့် တိမ်များကို စီးနင်းထားသော မြောက်ပိုင်းဟုန်ကျင့်ကြံသူ အများအပြား ရှိနေသောကြောင့်ဖြစ်သည်။ မိုင်တစ်သောင်း တောင်တန်း နှင့် မြစ်များပန်းချီကားလိပ်က ထိုနေရာအားတောက်ပသော ဗိမာန်ကြီးတစ်ခုကဲ့သို့ လင်းထိန်စေပြီး၊ ၎င်းတို့ကြားတွင် ဧရာမနဂါးနက်ကြီးတစ်ကောင်က သမုဒ္ဒရာထဲ၌ဂနာမငြိမ်စွာ လှုပ်ရှားနေပေသည်။
သူတို့နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏အရေအတွက်မှာ နည်းပါးလှသော်လည်း၊တစ်ဦးချင်းစီမှာ ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများကဲ့သို့ ခန့်ညားသောအရှိန်အဝါများကို ထုတ်ဖော်နေကြပြီး လူသားလောကကို ဂရုမစိုက်ဟန်ဖြင့်ကြည့်နေကြ၏။
ဤနေရာကို ငရဲခန်းအဖြစ်ပြောင်းလဲပစ်ရန် ချီထျန်းချွမ်၏အမိန့်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဟူလားလား..
နားကွဲလုမတတ်ဆူညံသံကြီးမှာ နဂါးနက်ကြီး၏ အသက်ရှူသံပင်။
သစ်သားခန္ဓာကိုယ်တစ်ခုက ကောင်းကင်ယံကို မှင်သက်စွာ မော့ကြည့်နေခဲ့သည်။
သူ့ကို ချစ်မြတ်နိုးသော ဆရာသခင်သေဆုံးသွားခဲ့ပြီဖြစ်သလို သူ့ကိုစောင့်ရှောက်ခဲ့သော အရှေ့ပိုင်းနဂါးဘုရင်ကလည်း ထိုသူ၏လက်ချက်ဖြင့်ပင် သေဆုံးသွားခဲ့ရ၏။
သို့သော် သူက လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကကဲ့သို့ပင်ဖြစ်နေဆဲဖြစ်ကာ ပို၍ပင်ဆိုးရွားလာသေးသည်။
ထိုကဲ့သို့သော သူက တောင်ပိုင်းဟုန်မှ ထွက်ခွာပြီး ဤနေရာတွင်ရပ်တည်ရန်အခွင့်အရေးရှိသည်ဟု မည်သို့ ပြောနိုင်ပါမည်နည်း။
သို့သော် ရွှမ်ချင်းက အချိန်အတော်ကြာဝေခွဲမရဖြစ်နေခဲ့သော်လည်းနောက်ဆုံးတွင် ရောက်ရှိလာခဲ့သေး၏။
တစ်စုံတစ်ဦးက သူ့ကိုပြင်ပကမ္ဘာအား နောက်တစ်ကြိမ်ပြသမည်ဟု ကတိပေးခဲ့ဖူးသောကြောင့် ဖြစ်ပေလိမ့်မည်။
သဘာဝအတိုင်းပင် သူက ရှန်းယီအပေါ်တွင် မျှော်လင့်ချက်အားလုံးကို ပုံအောထားမည် မဟုတ်ပေ။ ရှန်းယီ၏ပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးများ အလွန်များနေပြီဖြစ်ကြောင်း သူသိရှိပေသည်။
သို့သော် ထိုကတိစကားက သူ၏ငြိမ်သက်နေသောအတွေးများကို လှုပ်နှိုးပေးခဲ့၏။
နောက်ဆုံးတစ်ကြိမ်ကြည့်ရရုံမျှဖြင့် လုံလောက်ပေပြီ။ ကျင့်ကြံခြင်းအား အဘယ်ကြောင့်လိုအပ်မည်နည်း၊ သေဆုံးခြင်းက သူ၏စိတ်နှလုံးထဲမှ ဒုက္ခများကိုသက်သာစေနိုင်ပေလိမ့်မည်။
"နိုင်ဖို့ တော်တော်ခက်ပုံရတယ်"
ချီယန်ရှန်းက ရုတ်တရက်ခါးသီးစွာပြုံးလိုက်၏။ သူက အလေ့အကျင့်အရ နှစ်ဖက်စလုံး၏ အင်အားများကို နှိုင်းယှဉ်ကြည့်ပြီးနောက်စိတ်ပျက်အားလျော့စွာဖြင့်နိဂုံးချုပ်လိုက်ခြင်း ဖြစ်ပေသည်။
အနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိပေ။
ထို့ကြောင့်ပင် ရောက်ရှိနေသော ကျင့်ကြံသူအားလုံး၏မျက်နှာပေါ်တွင် ပြင်းထန်သော ဝမ်းနည်းမှု အရိပ်အယောင်များသာရှိနေကြခြင်း ဖြစ်၏။
တိုက်ပွဲတစ်ခုထက် သေမင်းထံသို့သွားနေခြင်းနှင့် ပိုတူနေပေသည်။
ကောင်းကင်ယံ၌ချီထျန်းချွမ်က အဓိကနေရာတွင် ခန့်ညားထည်ဝါစွာထိုင်နေပြီး၊ အောက်ဘက်ရှိ သတ္တဝါများကို အေးစက်စွာကြည့်နေလေသည်။
အစပိုင်းတွင်တော့ မြောက်ပိုင်းဟုန်အတွက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် တစ်စစီခွဲထုတ်ကာ သိမ်းပိုက်ရန်ကြိုးစားခဲ့၏။
ကံမကောင်းစွာဖြင့် နှောင့်ယှက်နေသောနတ်ဆိုးယုတ်များနှင့် ကြုံတွေ့ခဲ့ရသဖြင့် စုပေါင်းအင်အားကို အသုံးပြုရန်လိုအပ်လာခဲ့သည်။ တောင်ပိုင်းဟုန်မှအရိုင်းအစိုင်းများအပြင် အခြားဟုန်နှစ်ခုမှ ကျင့်ကြံသူများပါ အပြေးအလွှားရောက်ရှိလာကြလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ယနေ့တွင် အရှုံးအမြတ်များစွာရှိနိုင်လေသည်။
ထိုသို့တွေးရင်း သူက မြောက်ပိုင်းနဂါးဘုရင်ထံတွင် နှစ်ပေါင်းသိန်းနှင့်ချီ၍ အမှုထမ်းခဲ့သော လိပ်အိုကြီးကို ဘေးတိုက် လှမ်းကြည့်လိုက်၏။
"တော်တော်လေး သန့်ရှင်းပြီးရှင်းလင်းသားပဲ"
လိပ်အိုကြီးက တိုးတိတ်စွာပြန်ပြောလိုက်သည်။
ယခုစုစည်းမိကြမှသာ မြောက်ပိုင်းနဂါးနန်းတော်မှာ နားမလည်နိုင်ဖွယ်ကြီးမားသောဆုံးရှုံးမှုများကို ခံစားခဲ့ရကြောင်း သူတို့သိရှိခဲ့ကြ၏။
ကံကောင်းထောက်မစွာဖြင့် ယနေ့ ဟုန်သုံးခု ပူးပေါင်းလိုက်ခြင်းက အနန္တတာအိုအင်ပါယာဂိုဏ်းအပါအဝင်အင်အားစုများကို ထိခိုက်စေနိုင်ပြီး၊ မြောက်ပိုင်းနဂါးနန်းတော်၏အနေအထားကို မထိခိုက်စေနိုင်တော့သည်ကိုအာမခံနိုင်ပေလိမ့်မည်။
(တကယ်လို့သူတို့ချည်းသာဆို ဆုံးရှုံးမှုများပြီး အဆင့်နိမ့်သွားမှာဆိုးတာ)
သို့သော် တစ်စုံတစ်ခုကြောင့် သူ၏ကျောပြင်မှာ ချမ်းစိမ့်လာပြီး၊ တစ်စုံတစ်ဦး၏လောဘတကြီး စိုက်ကြည့်နေသောအကြည့်များကို ခံစားနေရသဖြင့် လိပ်အိုကြီးက စိတ်မသက်မသာဖြစ်လာကာ "တိုက်ခိုက်တော့" ဟု တိုက်တွန်းလိုက်၏။
၎င်းကိုကြားသောအခါ ချီထျန်းချွမ်က သူ၏လက်ဝါးကို ရုတ်တရက်မြှောက်လိုက်ပြီး "သတ်ကြ" ဟု အမိန့်ပေးလိုက်သည်။
ထိုစကားလုံးက မိုးမြေကြားတွင် ဧရာမမိုးကြိုးတစ်စင်းပစ်ချလိုက်သကဲ့သို့ ဟိန်းထွက်သွားပြီး အောက်ဘက်ရှိကျင့်ကြံသူများ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားစေတော့သည်။
ကောင်းကင်ယံမှ ကြမ်းတမ်းသောအင်အားများကို ရင်ဆိုင်ရင်း...
သူတို့၏တုန်လှုပ်နေသော စိတ်ဝိညာဉ်များက ပိုမို ယိမ်းခါလာပြီး၊ တစ်စုံတစ်ဦးက သူတို့ကို ဦးဆောင်ပြီး စိတ်ဓာတ်ကိုမြှင့်တင်ပေးရန် အပူတပြင်း လိုအပ်နေလေသည်။
"..."
ယဲ့ကျိုးက အလင်းစီးဆင်းရတနာဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး သူ၏ဝတ်ရုံစများလေထဲတွင် လွင့်ပျံနေပေ၏။
သံချေးတက်နေသော ဓားတစ်လက်ပင်လျှင် လိုအပ်လာပါက တားဆီး၍မရသောဓားသွားတစ်ခု ဖြစ်လာနိုင်ပါသည်။
သူက ရှေ့သို့ တစ်လှမ်းတက်လိုက်သော်လည်း ချက်ချင်းပင်ရုတ်တရက်ရပ်တန့်သွားခဲ့၏။
ထိုပုံရိပ်ကိုမမြင်ရသေးသဖြင့် ကျိကျင့်ရှီးက ဝေခွဲမရဖြစ်ကာ အလျင်အမြန်လိုက်လာရင်း သူမ၏စီနီယာအစ်ကိုကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟမ်..။"
"ငါ ဦးဆောင်ဖို့မလိုတော့ဘူး ထင်တယ်"
ယဲ့ကျိုးက သူ၏ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ကာ ကောင်းကင်ယံကို မျက်မှောင်ကြုတ်၍ကြည့်လိုက်၏။
နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ တိတ်ဆိတ်စွာထွက်ပေါ်လာသောပုံရိပ်များကို လူတိုင်းနီးပါးမြင်တွေ့လိုက်ရသည်။
ပုံရိပ်တစ်ခု... ဆယ်ခု... နောက်ဆုံးတွင်ဒါဇင်နှင့်ချီသောပုံရိပ်များ ထွက်ပေါ်လာခဲ့၏။
ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည့် ဧရာမပုံရိပ်ကြီးငါးဆယ်ကျော်က ဟုန်သုံးခုမှ ကျင့်ကြံသူများ၏အထက်တွင် တိတ်ဆိတ်စွာ ရပ်တန့်နေကြလေသည်။