← Chapters

သူက တစ်ချိန်လုံး ဒီနေရာမှာ ရှိနေခဲ့တာလား ၃

Vol. 93 Ch. 926

သူက တစ်ချိန်လုံး ဒီနေရာမှာ ရှိနေခဲ့တာလား ၃

Vol. 93 Ch. 926

၎င်းတို့ ထွက်ပေါ်လာခြင်းက ရေပြင်တစ်ခုလုံးကို အလင်းကင်းမဲ့သွားစေကာ နေနှင့်လကိုပင် ဖုံးအုပ်၍မှောင်မိုက်သွားစေသကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုသို့သော အခြေအနေတွင် ရှေ့ဆုံးမှ ပုံရိပ်ငါးခုက ရုတ်တရက်ရှေ့ထွက်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကို ရယူလိုက်ပါသည်။

၎င်းတို့၏ခမ်းနားလှသော ရွှေအိုရောင်ဝတ်ရုံများက ကောင်းကင်တွင်တိမ်တိုက်များကဲ့သို့ လွင့်ပျံနေခဲ့၏။

(နက်မှောင်သည့်ရွှေရောင်ထက်စာရင် ရွှေအိုရောင်ကပိုမိုက်လားလို့)

ခန့်ညားသောပုံရိပ်ကြီးက တောက်ပသော ရွှေရောင်နဂါးခေါင်းကြီးရှိနေကာ သူ၏မျက်လုံးများက နေနှင့်လအဖြစ် ပြောင်းလဲသွားကာ မှောင်မိုက်နေသော ကောင်းကင်ယံတွင် အလင်းရောင်ပေးစွမ်းရာ အရင်းအမြစ် အနည်းငယ်ထဲမှ တစ်ခုဖြစ်လာခဲ့သည်။

လှပပြီးဆွဲဆောင်မှုရှိသော ပုံရိပ်များက ဘေးတစ်ဖက်တစ်ချက်စီတွင်ရပ်နေကြပြီး တစ်ဦးစီမှာ ထူးခြားသောအလှတရားများဖြင့် ဖမ်းစားထားကြ၏။

ယွဲ့ထျန်းကျီက အလယ်တွင်ရပ်နေပြီး သူ၏အမူအရာမှာ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ တည်ငြိမ်နေပေသည်။ အစွန်ဆုံးတွင်မူ အကြီးဆုံးနှင့်အဝိုင်းဆုံးဖြစ်သောပုံရိပ်က ကြောက်မက်ဖွယ်ကောင်းပြီးလောဘကြီးသော မျက်နှာထားဖြင့် ချီထျန်းချွမ်၏ဘေးမှ လိပ်အိုကြီးကို စိုက်ကြည့်နေပေသည်။

ထိုသပ်ရပ်သော ရွှေအိုရောင်ဝတ်ရုံများကို မြင်လိုက်သည်နှင့် လူတိုင်းက ၎င်းတို့၏မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားကြ၏။

"ငါအနောက်ပိုင်းဟုန်ကပိုးကောင်တွေကို ပြောဖူးတယ်၊ဒီရေပြင်နဲ့ ဒီကုန်းမြေကို နတ်ဆိုးတစ်သောင်းခန်းမအတွက် ငါလိုချင်တယ်လို့။ ဒါပေမဲ့ မင်းတို့ကိုသတိပေးဖို့တော့ ငါအလုပ်ရှုပ်မခံချင်ခဲ့ဘူး။ဒါကြောင့် ဒီနေ့မှာငါအနည်းငယ်ပြင်ဆင်မှု လုပ်ရလိမ့်မယ်။"

နက်ရှိုင်းသော နဂါးဟိန်းသံကြီးက လူတိုင်း၏နားထဲတွင် ခေါင်းလောင်းမြည်သံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့၏။ ကောင်းကင်ယံမှပုံရိပ်ငါးခုကို လူတိုင်းက မှင်သက်စွာငေးကြည့်နေကြချိန်တွင် နောက်တစ်ခဏ၌ တာအိုနယ်ပယ်နှင့် နီးစပ်သော ကြောက်မက်ဖွယ်အရှိန်အဝါများက မိုးမြေကို လွှမ်းခြုံသွားကာသတ္တဝါအားလုံးကို တုန်ရီသွားစေခဲ့တော့သည်။

ရွှေရောင်မိုးပြာနဂါးကြီးက ချီထျန်းချွမ်ကို အထက်မှ ငုံ့ကြည့်လိုက်၏။

"အခု ဟုန်ကျယ်က နတ်ဆိုးတစ်သောင်းခန်းမရဲ့ ပိုင်နက်ဖြစ်သွားပြီ၊မင်းလည်း အပါအဝင်ပေါ့။"

သူ၏စကားမဆုံးမီမှာပင် ကောင်းကင်ယံမှ ဧရာမရွှေရောင်နဂါးလက်သည်း ကြီး တစ်ခုကအရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။ ချွန်ထက်သောလက်သည်းများကြားတွင် မိုင်တစ်သောင်း တောင်တန်းနှင့် မြစ်များပန်းချီကားလိပ်က ချက်ချင်းပင်အစအနမကျန်ပျက်စီးသွားပြီး တာအိုနန်းတော်အတွင်း ထိုင်နေကြသောပုံရိပ်ယောင်များကလည်း တည်ငြိမ်မှုပျက်ပြားကာ အလန့်တကြားထွက်ပြေးကြတော့သည်။

ဝုန်း

ဧရာမအသံကြီးထွက်ပေါ်လာပြီးနောက် နဂါးလက်သည်းက ရေပြင်ကို ဝရုန်းသုန်းကားဖြစ်သွားစေခဲ့သည်။ ၎င်း၏လက်သည်းထိပ်များတွင် မြောက်ပိုင်းဟုန်မှ သတ္တဝါများ၏သွေးများနှင့် အလောင်းများ ကပ်ငြိနေခဲ့၏။

"..."

ချီထျန်းချွမ်က သူ၏ရာဇပလ္လင်ပေါ်တွင် မှင်သက်စွာထိုင်နေခဲ့ပြီး သူ၏လက်မှာ လေထဲတွင်ပင် တောင့်တင်းနေခဲ့၏။ လိပ်အိုကြီးက သူ့ကို အလျင်အမြန်ဆွဲထူလိုက်ပြီး "တာအိုနယ်ပယ်ခြေလှမ်းတစ်ဝက်လား။" ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သူတို့အတွက် ဤကဲ့သို့သောနယ်ပယ်ရှိသည့်နတ်ဆိုးမှာ အနိုင်မယူနိုင်သောပြိုင်ဘက်ကင်းကျွမ်းကျင်သူဖြစ်သည်။

"ဘာတွေ ပြာယာခတ်နေကြတာလဲ။"

အဝေးမှ အနန္တတာအိုအင်ပါယာနန်းတော်မှ အကြီးအကဲတစ်ဦးက ကောင်းကင်ယံသို့ထွက်ပေါ်လာပြီး မန္တန်တစ်ခုကို ချက်ချင်းရွတ်ဆိုလိုက်ရာ ကောင်းကင်မှမြင့်မားသော ကျောက်တိုင်ကြီး တစ်ခု ကျဆင်းလာခဲ့၏။

"မင်းတို့ကို စောင့်နေတာကြာပြီ။"

အကြီးအကဲ၏ဟန်ဆောင်တည်ငြိမ်နေသော မျက်နှာက နောက်ဆုံးတွင် ရက်စက်မှုနှင့် ဒေါသများဖြင့်ပြည့်နှက်သွားခဲ့သည်။ ၎င်းတို့က သူတို့၏ ဂိုဏ်းချုပ်များစွာကိုသတ်ဖြတ်ခဲ့သော လူသတ်သမားများကို ရင်ဆိုင်ရန်အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။

"လောဘဝံပုလွေကြယ်တာရာတိုက်ခိုက်ခြင်းမသေမျိုးဖျက်စီးအစီအရင်ဖွဲ့စည်းပုံကို ဖော်ဆောင်ကြ။"

အကြီးအကဲ၏ဒေါသတကြီး အော်ဟစ်သံနှင့်အတူ အနန္တတာအိုအင်ပါယာနန်းတော်မှ ကျန်ရှိနေသော ဂိုဏ်းချုပ်များက မိမိတို့ကိုယ်မိမိတည်ငြိမ်အောင် ထိန်းလိုက်ပြီး မန္တန်များကို စတင်ရွတ်ဆိုလိုက်ကြသည်။

ကောင်းကင်ယံတွင် ကြယ်များလင်းလက်လာပြီး ဧရာမမက်မွန်ပန်းပုံသဏ္ဌာန်ဖြစ်ပေါ်လာကာ ၎င်း၏ အရှိန်အဝါမှာ တာအိုနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေခဲ့လေ၏။

ဤကြီးမားသောဖိအားကြောင့် ယဲ့ကျိုး နှင့် အခြားသူများအပါအဝင်အောက်ဘက်ရှိ ကျင့်ကြံသူများ၏မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။ သို့သော်မျက်နှာဖြူလျော်သွားသည်မှာ ၎င်းတို့သာမက အော်ဟစ်နေသောအကြီးအကဲလည်း အပါအဝင်ပင်။

"..."

အကြီးအကဲက လေထဲတွင် လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေခဲ့ပြီး သူ၏နှုတ်ခမ်းများ တုန်ရီနေပါသည်။ သူတို့၏အစီအရင်က ဤမျှလျင်မြန်ခြင်း သို့မဟုတ် အစွမ်းထက်ခြင်းမရှိနိုင်သင့်ပေ။ ဤမက်မွန်ပန်းသည်လည်း သူတို့ပိုင်ဆိုင်ခြင်း မဟုတ်ပေ။

လူတိုင်း၏မှင်သက်နေသော အကြည့်များအောက်တွင် မက်မွန်ပန်းက ဖြည်းညှင်းစွာလည်ပတ်နေပြီး ကျောက်တိုင်ကို ၎င်း၏အလင်းရောင်ဖြင့် ဖုံးလွှမ်းလိုက်လေ၏။ ယွဲ့ထျန်းကျီက နောက်ဆုံးတွင် ရှေ့သို့တက်လှမ်းလာပြီး သူ၏ညာလက်ကို လက်ဝါးသဏ္ဍာန်ပြောင်းလဲကာ ဘိုးဘေးကျောက်တိုင်ကို တည်ငြိမ်စွာ ဆုပ်ကိုင်လိုက်သည်။

သူက တောင်တစ်လုံးကို နှုတ်ယူသကဲ့သို့ အနည်းငယ်အားစိုက်ရုံဖြင့် ၎င်းကို မိမိထံသို့ ဖြည်းညှင်းစွာ ဆွဲယူခဲ့လိုက်၏။

နောက်ထပ် တာအိုနယ်ပယ်ခြေလှမ်းတစ်ဝက်အဆင့် တစ်ယောက်လား။

ခန်းမသခင် ငါးဦး၊ တာအိုနယ်ပယ် ခြေလှမ်းတစ်ဝက်အဆင့် ငါးယောက်လား။

ဤအချက်ကို သိရှိလိုက်ခြင်းက မြောက်ပိုင်းဟုန်မှ သတ္တဝါများ နှင့် ဟုန်သုံးခုမှ ကျန်ရှိနေသော ကျင့်ကြံသူများကို မိုးကြိုးပစ်လိုက်သကဲ့သို့ ထိတ်လန့်သွားစေခဲ့၏။

ဤကြယ်တာရာအစီအရင်နှင့်အတူ ကမ္ဘာမြေနယ်ပယ် သို့မဟုတ် ကောင်းကင်ဘုံနယ်ပယ်ရှိ နတ်ဆိုးကြီးငါးဆယ်ကျော်တို့ ပေါင်းစပ်လိုက်လျှင် ဟုန်ကျယ်အတွင်းပုန်းအောင်းနေသော နတ်ဆိုးတစ်သောင်းခန်းမက မြောက်ပိုင်းနဂါးနန်းတော် သို့မဟုတ် အနန္တတာအိုအင်ပါယာနန်းတော်ကိုပင် ဖျက်ဆီးပစ်နိုင်သောအင်အားကို ပိုင်ဆိုင်ထားခဲ့သည်မှာကြာပြီဖြစ်ကြောင်း သိသာလှပေသည်။

သို့သော် ၎င်းတို့ထဲမှ အချို့မှာမူတိတ်ဆိတ်သွားကြ၏။

ကျိကျင့်ရှီး နှင့် ယဲ့ကျိုးတို့က တစ်ဦးကိုတစ်ဦး ဖြည်းညှင်းစွာကြည့်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး၏မျက်ဝန်းထဲမှ တုန်လှုပ်မှုများကို မြင်တွေ့လိုက်ရ၏။ နတ်ဆိုးတစ်သောင်းခန်းမက လောဘဝံပုလွေကြယ်တာရာတိုက်ခိုက်ခြင်းမသေမျိုးဖျက်စီးအစီအရင်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားကာ ၎င်းကိုအလွန်ကျွမ်းကျင်စွာအသုံးပြုနေကြလေသည်။

ဤမြင်ကွင်းက သူတို့ကို လူတစ်ယောက်အား သတိရစေခဲ့သည်။ ထိုရင်းနှီးသော အနက်ရောင်ဝတ်ရုံကြီးက လူတိုင်း၏စိတ်ထဲတွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့၏။

"သူက... တစ်ချိန်လုံး ဒီမှာရှိနေခဲ့တာလား။"

၎င်းမှာ အဖြေပေးရန် အလွန်လွယ်ကူသော မေးခွန်းဖြစ်သော်လည်း မည်သူမျှအတည်မပြုဝံ့ကြပေ။ ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးက သူ၏လက်အောက်တွင် တာအိုပေါင်းစည်းခြင်းနယ်ပယ် ငါးဆယ်ကျော် နှင့် တာအိုနယ်ပယ်ခြေလှမ်းတစ်ဝက်အဆင့် ကျင့်ကြံသူငါးဦးကို ထိန်းချုပ်ထားသည်ဟူသော အချက်မှာ မည်သို့ပင်စဉ်းစားစေကာမူ အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းလွန်းလှပေသည်။

All Chapters