← Chapters

မသေမျိုးကို တိုက်ခိုက်ခြင်း

Vol. 93 Ch. 927

မသေမျိုးကို တိုက်ခိုက်ခြင်း

Vol. 93 Ch. 927

ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ စတင်ထွက်ပေါ်လာပြီးကတည်းက စစ်မြေပြင်ပေါ်ရှိ အခြေအနေမှာတစ်ခဏချင်းအတွင်း ပြောင်းပြန်လှန်သွားခဲ့သည်။

နတ်ဆိုးတစ်သောင်းခန်းမဟူသော အမည်မှာ လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်နေခဲ့၏။

လွန်ခဲ့သောခဏလေးကပင် မသေမျိုးစစ်သည်များ နှင့် ကောင်းကင်စစ်သူကြီးများကဲ့သို့ ခမ်းနားနေခဲ့သော မြောက်ပိုင်းဟုန်သက်ရှိများက ယခုအခါ အရပ်မျက်နှာအနှံ့သို့ ဖရိုဖရဲထွက်ပြေးနေကြရသည်။ သူတို့၏စိတ်ပိုင်းဆိုင်ရာ ခံစစ်မှာ ကောင်းကင်ယံမှ ဆင်းသက်လာသော ဧရာမနဂါးလက်သည်းကြီးအောက်တွင် အလွယ်တကူပင် ပြိုကွဲပျက်စီးသွားခဲ့၏။

ကောင်းကင်ယံ၌တောက်ပသလောက် ကြောက်မက်ဖွယ်ကောင်းအောင်ဆွဲဆောင်မှုရှိနေသည့် မက်မွန်ပန်းများကိုမူပြောနေရန်ပင် မလိုတော့ပေ။

၎င်းမှာ တာအိုနယ်ပယ်၏အရှိန်အဝါဖြစ်ပြီး ဟုန်ကျယ် တစ်ခွင်ရှိ သတ္တဝါသုံးဦးသာ ပိုင်ဆိုင်သော အထက်မြက်ဆုံး အင်အားပင်။

အနန္တတာအိုအင်ပါယာဂိုဏ်း၏ဂုဏ်ယူစရာဖြစ်သော ဘိုးဘေးကျောက်တိုင်မှာ ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ကပ်ဘေးချီလင်၏လက်သည်းများအောက်တွင် အဖိနှိပ်ခံလိုက်ရပြီး ၎င်း၏အရှိန်အဝါမှာလည်း လောဘဝံပုလွေကြယ်တာရာအစီအရင်ဖွဲ့စည်းပုံ၏ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။

မြင့်မြတ်သော ဂိုဏ်းချုပ်များက သူတို့၏မသေမျိုးရတနာများကို အတင်းအဓမ္မလုယူခံနေရသည်ကို မည်သို့မျှပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိဘဲ အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။

ပို၍ပင်တုန်လှုပ်ဖွယ်ကောင်းသည်မှာ ခန်းမသခင်ငါးဦးအနက်နှစ်ဦးသာ လှုပ်ရှားမှုရှိပြီး ကျန်သုံးဦးမှာမူအရာအားလုံးကို သူတို့ထိန်းချုပ်ထားသကဲ့သို့ မူလနေရာမှာပင် တည်ငြိမ်စွာရပ်နေခြင်းပင်။

မည်မျှခန့်ညားထည်ဝါသော တည်ရှိမှုမျိုးဖြစ်သနည်း။

ယခင်က မှင်သက်အံ့အားသင့်နေခဲ့သော ဟုန်သုံးခုကျင့်ကြံသူများက ယခုအခါထိတ်လန့်တုန်လှုပ်မှုကြောင့်ပါးစပ်အဟောင်းသားဖြစ်နေကြရသည်။

ဤအရာမှာ နတ်ဆိုးတစ်သောင်းခန်းမ၏ အစစ်အမှန်အင်အားဖြစ်သည်လော။

သူတို့က အရိပ်ထဲတွင်ပုန်းအောင်းပြေးလွှားနေသောပိုးမွှားများမဟုတ်ဘဲ ချောက်နက်ထဲတွင် အိပ်မောကျနေသောရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးများသာ ဖြစ်ကြသည်။ တစ်ကြိမ်နိုးထလာသည်နှင့် မြောက်ပိုင်းဟုန်တစ်ခုလုံးကို နှိမ်နင်းရန် သူတို့၏လက်သည်းများကို အနည်းငယ်ဆန့်ထုတ်လိုက်ရုံမျှဖြင့် လုံလောက်နေလေ၏။

"ငါ့ရဲ့အကို ဘယ်မှာလဲ။ လုရှောင်းရော ဘယ်မှာလဲ"

ချီထျန်ချွမ်းက နဂါးနက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်ကာ ကောင်းကင်ယံသို့ထွက်ပြေးလိုက်သည်။ မည်သည့်အကြောင်းကြောင့်မသိရသော်လည်း တာအိုကျောက်တိုင်ကို ထိန်းချုပ်ထားသည့် တာအိုနယ်ပယ်ခြေတစ်လှမ်းတစ်ဝက်အဆင့်ရှိ ကပ်ဘေးချီလင်မှာ သူ့အပေါ်တွင်သာ အာရုံစိုက်ထားခဲ့၏။

နောက်ဆုံးတွင် သူက ဟိန်းဟောက်သံတစ်ချက် လွှတ်လိုက်သည်။

"မသေမျိုးအရှင်... ဒါကို မြင်ရဲ့လား။ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက ဟုန်ကျယ်မှာသောင်းကျန်းနေကြပြီ"

မိုးမြေကို ဖြတ်သန်းသွားသောစူးရှသည့် အသံနှင့်အတူ ရှိသမျှကျင့်ကြံသူအားလုံးမှာ အသက်ပင်သေချာမရှူဝံ့တော့ပေ။

သူတို့ မေ့လုနီးပါး ဖြစ်နေခဲ့၏။ ဤအင်အားစုနှစ်ခု လွှမ်းမိုးနိုင်စွမ်းရှိခြင်းမှာ ဟုန်လေးခုကို ဖိနှိပ်နိုင်စွမ်းရှိသောကြောင့်မဟုတ်ဘဲ အစစ်အမှန် မသေမျိုးတစ်ပါး၏ကျောထောက်နောက်ခံ ရှိနေသောကြောင့်ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံရှိ မက်မွန်ပန်းများမှာ စတင်ပျောက်ကွယ်သွားခဲ့၏။

တာအိုနယ်ပယ်အင်အားရှိသော မသေမျိုးအစီအရင်မှာပင် ကောင်းကင်ယံထဲသို့ ချက်ချင်းပျော်ဝင်ပျောက်ကွယ်သွားတော့သည်။

"ငါ မြင်သားပဲ"

တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှလွင့်မျောနေသော တိမ်တိုက်များက မိုးမြေကို ဆက်သွယ်ထားသည့် တံတားရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

သန့်စင်သောချီမြူခိုးများအောက်တွင် မျက်နှာကို ရှင်းလင်းစွာမမြင်ရသောပုံရိပ်တစ်ခုက အေးအေးလူလူ ချဉ်းကပ်လာခဲ့သည်။

သူ၏လွင့်ပျံနေသော တိမ်ဖြူရောင်ဝတ်ရုံမှာပင် ပျံ့နှံ့နေသောနတ်ဆိုးအငွေ့အသက်များကို ဖယ်ရှားပစ်နိုင်စွမ်းရှိပုံရလေသည်။

လောကကြီးမှာ ထပ်မံ၍ကြည်လင်သွားခဲ့ပြီး နေနှင့်လမှာပြန်လည်ထွက်ပေါ်လာကာ သွေးညှီနံ့များမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။

သူသည် တံတားပေါ်တွင် တိတ်ဆိတ်စွာရပ်နေပြီး အောက်ဘက်သို့ ညင်သာစွာငုံ့ကြည့်လိုက်၏။

ထိုအကြည့် ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ဘိုးဘေးကျောက်တိုင်ကို ဆုပ်ကိုင်ထားသော ယွဲ့ထျန်းကျီ၏လက်ချောင်းများမှာ ပေါက်ကွဲပျက်စီးသွားခဲ့သည်။

"ဝေါ့"

ခယ်ရှစ်စန်းသည်လည်း ပြင်းထန်သောရိုက်ခတ်မှုကို ခံလိုက်ရပုံရကာ ရွှေရောင်သွေးများအန်ထုတ်ရင်းနောက်သို့ ယိုင်နဲ့စွာဆုတ်ခွာသွားခဲ့ရ၏။

"မင်းတို့က မင်းတို့ရဲ့အုပ်ထိန်းသူတွေကို ဒီလိုမျက်လုံးမျိုးနဲ့ ကြည့်တာလား"

မသေမျိုး၏တည်ငြိမ်သောအသံမှာ နွေဦးလေပြေကဲ့သို့ပင်ငြိမ့်ညောင်းလှပြီး သက်ရှိအားလုံး၏နားထဲသို့ တိတ်ဆိတ်စွာဝင်ရောက်လာခဲ့၏။

ကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရသော ဟုန်သုံးခုကျင့်ကြံသူများက တုန်လှုပ်သွားကြပြီး သူတို့ ဆုပ်ကိုင်ထားသောမန္တန်များမှာ တိတ်တဆိတ်ပင် ပျောက်ကွယ်သွားကာ သူတို့၏လက်တံများမှာ ဘေးသို့ ကျဆင်းသွားခဲ့သည်။

သူတို့ ကိုင်ဆောင်ထားသော မှော်လက်နက်များမှာလည်းမြေပြင်ပေါ်သို့ ညင်သာစွာလွင့်ကျသွားခဲ့၏။

အမှန်စင်စစ် သူတို့၏အသက်ကို ယူရန်ကြိုးစားနေသူမှာ နတ်ဆိုးများ သို့မဟုတ် ရက်စက်သောလူသတ်သမားများ မဟုတ်ပေ။

မသေမျိုးခုံရုံးမှ စေလွှတ်လိုက်သော၊ သူတို့၏အုပ်ထိန်းသူသဖွယ် အစောင့်အရှောက် မသေမျိုးအရာရှိသာဖြစ်သည်။

ဖခင်က သေမင်းထံပို့ဆောင်နေခြင်းကို သားဖြစ်သူက မည်သို့လျှင်မနာခံဘဲနေဝံ့အံ့နည်း။

များစွာသောသတ္တဝါများ၏မျက်လုံးထဲမှ တုန်လှုပ်မှုများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ထိုနေရာတွင်အားကိုးရာမဲ့သော စိတ်ပျက်မှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။

ပထမဆုံးပုံရိပ်တစ်ခု ဒူးထောက်လိုက်သည်နှင့် သမုဒ္ဒရာကြီးတစ်ခုကဲ့သို့လူအုပ်ကြီးမှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ဝပ်တွားလိုက်ကြတော့သည်။

ဘုန်း...ဘုန်း..

တိမ်တံတားပေါ်မှ ပုံရိပ်က ထိုသူအားလုံး၏အထက်တွင် ရပ်နေပြီး သတ္တဝါအားလုံး၏အရိုအသေပေးမှုကို တည်ငြိမ်စွာ လက်ခံနေခဲ့၏။

နောက်ဆုံးတွင် ဟုန်ကျယ်မသေမျိုးက နတ်ဆိုးကျောက်တုံးများကို ဂရုမစိုက်တော့ချေ။ အကြောင်းမှာ ၎င်းတို့က သတ်ဖြတ်ရမည့် မိစ္ဆာများသာဖြစ်နေရာ သူဂရုမစိုက်မနေခဲ့ပေ။

သူက လူအုပ်ထဲတွင်ဒူးမထောက်ဘဲ ကျန်ရှိနေသောသူများကို တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့သည်။

တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်း

ကောင်းကင်ဘုံနယ်ပယ်ဖြစ်စေ၊ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်အဆင့်ဖြစ်စေ သူတို့အားလုံးမှာ မျက်နှာများဖြူရော်နေသော်လည်း ဒူးမထောက်ဘဲ မားမားမတ်မတ်ရပ်နေကြ၏။

နှစ်ပေါင်းတစ်သောင်းကြာ ဒဏ္ဍာရီနှင့် နန်ယန်ဂိုဏ်းပျက်စီးသွားမှုမှာ တပည့်တိုင်း၏နှလုံးသားထဲတွင် စွဲထင်နေခဲ့ပါသည်။

တောင်ပိုင်းဟုန်၏သားတော်ခုနစ်ပါး၏ တောက်ပသောဂုဏ်ရောင်မှာ သန့်စင်သောချီများ ဖုံးလွှမ်းနေသည့်၊အပြစ်အနာအဆာကင်းမဲ့သော တိမ်ဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် ဤပုံရိပ်၏လက်အောက်တွင် ပျက်စီးခဲ့ရသည်။

ကျန်ရှိနေသော ဂိုဏ်းချုပ်ခြောက်ဦး၏ရှေ့မှောက်တွင် သူတို့ ဒူးမထောက်ဝံ့ကြပေ။

လူအုပ်ထဲမှ သစ်သားခန္ဓာကိုယ်တစ်ခု ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့၏။

ရွှမ်ချင်းက တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်း၏ ရှေ့ဆုံးသို့ ရောက်လာခဲ့သည်။ သူ၏မျက်နှာမှာ အမူအရာကင်းမဲ့နေသော်လည်း သူက ခေါင်းကိုမော့ကာ သန့်စင်သောချီများ၏နောက်ကွယ်မှ မျက်နှာကိုမြင်နိုင်ရန်ကြိုးစားနေခဲ့၏။

သူ၏ရဲတင်းသော လုပ်ရပ်မှာ ဟုန်ကျယ်မသေမျိုး၏စိတ်နှလုံးတွင် ဂယက်အနည်းငယ်ထသွားစေခဲ့သည်မှာ ထင်ရှားပါသည်။

"ဟမ့်"

မသေမျိုးက ခေါင်းကိုခါယမ်းလိုက်ပြီး သူ၏အကြည့်များကို နတ်ဆိုးကျောက်တုံးများဆီသို့ ပြန်လည်လှည့်လိုက်၏။

သူက တစ်ကိုယ်တည်းဖြစ်ပြီး ပါးလွှာသော အဝတ်အစားကိုသာ ဆင်မြန်းထားသော်လည်း ကောင်းကင်ယံကိုဖုံးလွှမ်းထားသည့် ကြောက်မက်ဖွယ်ပုံရိပ်များကိုရင်ဆိုင်ချိန်တွင် သူ၏လက်ဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

မသေမျိုးခုံရုံး၏အခွင့်အာဏာဖြင့် သူက နတ်ဆိုးအုပ်ကြီးကို ခြိမ်းခြောက်နေခဲ့သည်။

ခယ်ရှစ်စန်းက ကျောက်တုံးအားလုံး၏ရှေ့တွင် ရပ်နေသည်။ သူ၏အကြေးခွံများမှာ လျင်မြန်စွာ ကွဲအက်သွားပြီးတစ်ချိန်က ခန့်ညားခဲ့သော ခန္ဓာကိုယ်မှာလည်း အက်ကြောင်းများဖြင့် ပြည့်နှက်သွားခဲ့၏။

လက်ဖျောက်တစ်ချက်တီးရုံ အချိန်အတွင်းမှာပင် ဟုန်ကျယ်ကိုတုန်လှုပ်စေနိုင်သော ဤသားရဲကြီးများက အလုံးစုံပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

"ဟုန်ကျယ်က မင်းပိုင်တာလို့ အခုလေးတင်ပြောလိုက်တယ်မလား"

ဟုန်ကျယ်မသေမျိုးက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း ရွှေရောင်မိုးပြာနဂါး၏ခန္ဓာကိုယ်မှာ နိမ့်ဆင်းသွားပြီး ၎င်း၏ဒူးများမြေပြင်သို့ ကျဆင်းတော့မည့် အခြေအနေကို စောင့်ကြည့်နေခဲ့၏။

ရွှမ်ချင်း၏နောက်ကွယ်တွင်...

မည်သည့်စကားမျှ မဆိုဘဲ ယဲ့ကျိုးက မသေမျိုးအရာရှိ၏ပုံရိပ်ဆီသို့ သူ၏လက်ဝါးကို မြှောက်လိုက်ရာ အရာခပ်သိမ်းစုစည်းခြင်းဓားအား စတင်ဖွဲ့စည်းလာခဲ့သည်။

သေချာနေသည်မှာ သူ၏ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းဖြင့် ဤမသေမျိုးအရာရှိကို မည်သည့်ခြိမ်းခြောက်မှုမှ မပေးနိုင်သည်ကို သူ သိပါသည်။

သို့သော်ငြားလည်း သူက သူ၏လက်ဝါးကို မြှောက်ကာ ဓားကိုဆွဲထုတ်လိုက်သေး၏။ ၎င်းမှာ သူ၏ရပ်တည်ချက်ကို ပြသရန်အတွက်သာ ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင်နဂါးက သူ၏ လက်မောင်းများဖြင့် ခန္ဓာကိုယ်ကိုထောက်ထားလိုက်ပြီး သူ၏ခြေထောက်များ ကွဲအက်နေသည့်တိုင်အောင် ဒူးမထောက်ခဲ့ပေ။

All Chapters