မသေမျိုးကို တိုက်ခိုက်ခြင်း ၂
Vol. 93 Ch. 928
၎င်းက ခေါင်းကိုမော့ကာ နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။
"မင်းလိုအသုံးမကျတဲ့ခွေးကောင်... ငါ့မှာ သခင်ရှိတယ်ဆိုတာကို မေ့သွားပြီလား။"
ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ပိုင်းဟုန်၏ဂိုဏ်းချုပ်ခြောက်ဦးစလုံး၏ မျက်နှာအမူအရာများမှာ တစ်ပြိုင်တည်း ပြောင်းလဲသွားခဲ့၏။
ရုတ်တရက်ဆိုသလိုပင် မသေမျိုးများနှင့် ရင်ဆိုင်ရချိန်၌ပင် မည်သည့်စိတ်လှုပ်ရှားမှုမျှမပြသခဲ့သော နတ်ဆိုးတစ်သောင်းခန်းမမှ ထိပ်သီးကျွမ်းကျင်သူများ၏မျက်လုံးများထဲတွင် အဆုံးမဲ့ ရိုသေလေးစားမှုများ လွှမ်းမိုးသွားခဲ့၏။
လွင့်ပျံနေသော ရွှေအိုရောင်ဝတ်ရုံများကြားတွင် ခယ်ရှစ်စန်းမှလွဲ၍ ကျန်ရှိနေသော ခန်းမသခင် လေးဦးက နတ်ဆိုးများအားလုံးနှင့်အတူ ရုတ်တရက် အရိုအသေပေးလိုက်ကြသည်။
ထိုကဲ့သို့ညီညာပြီး ထူးဆန်းသောလှုပ်ရှားမှုကြောင့် လက်နက်ချထားပြီးသားကျင့်ကြံသူများပင်လျှင် နားမလည်နိုင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ကြ၏။
ခမ်းနားကြီးကျယ်သောအသွင်ပြောင်းလဲမှုမျိုး ဖြစ်ပေါ်မလာခဲ့ပေ။ မိုးပြာကောင်းကင်နှင့် စိမ်းပြာနေသောပင်လယ်ပြင်ကြားတွင် သတိထားမိရန်ပင် ခက်ခဲသောတွန့်လိမ်မှု အနည်းငယ်သာပေါ်ပေါက်လာခဲ့လေသည်။
မိုးမြေကြားရှိ သက်ရှိအားလုံး၏မျက်လုံးထဲတွင် သွယ်လျသောပုံရိပ်တစ်ခု တိတ်ဆိတ်စွာရပ်တန့်နေခဲ့သည်။ ခန်းမသခင် ငါးဦး၏အရိုအသေပေးမှုရှေ့တွင် ထိုသူက နတ်ဆိုးတစ်သောင်းခန်းမ၏ရှေ့၌ လွင့်မျောနေခဲ့၏။
နတ်ဆိုးတစ်သောင်းခန်းမ၏အရှင်သခင်က သက်ရှိအားလုံးထင်မှတ်ထားသကဲ့သို့ စိတ်ကူးမယဉ်နိုင်ဖွယ် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ပါးမဟုတ်ဘဲ၊တိတ်ဆိတ်တည်ငြိမ်သော လူငယ်တစ်ဦး နှင့် ပိုတူနေကာ သူ၏အနောက်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
ရင်းနှီးနေသော ထိုအနက်ရောင်ဝတ်စုံက လူတိုင်း၏မျက်လုံးထဲသို့ ရုတ်တရက်ထင်ဟပ်လာခဲ့တော့သည်။
"သခင်ကို ဂါရဝပြုပါတယ်။"
နောက်တစ်ခဏတွင် နတ်ဆိုးများ၏ညီညာသော ဟိန်းဟောက်သံကြီးက ကောင်းကင်ယံကို ပဲ့တင်ထပ်သွားပြီး နားကွဲမတတ်ကျယ်လောင်ကာ လူတိုင်း၏မျက်နှာများကို တုန်ယင်သွားစေခဲ့၏။
ယဲ့ကျိုးက သူ၏ဓားကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီး၊ ကျိကျင့်ရှီး၏အသက်ရှူနှုန်းများမှာလည်း မတည်ငြိမ်တော့သလို ချီယန်ရှန်းမှာလည်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်းမှ ရေတွက်၍မရနိုင်သောတပည့်များနှင့်အတူ သူတို့အားလုံးမှာ ယခုကဲ့သို့ဖြစ်နေကြ၏။
သူတို့က ခေါင်းကိုမော့ကာ မိုးမြေ၏အလယ်ဗဟိုဆီသို့ စူးစိုက်စွာကြည့်နေခဲ့ကြသည်။
ကောင်းကင်ယံ နှင့် ကျယ်ပြောလှသောပင်လယ်ပြင်ကို နေ့အလင်းရောင်လွှမ်းခြုံထားသည့်မသေမျိုးရှေ့၌ရပ်နေသော လူငယ်လေးက အလွန်ပင်မျက်စိကျိန်းမတတ် တောက်ပနေခဲ့၏။
လူသူကင်းမဲ့သော နန်ယန်ရတနာမြေမှ ထိုသူက မြောက်မြားစွာသောသက်ရှိများကို ထပ်မံ၍ အလင်းရောင်ပေးရန် ဤနေရာသို့ ခြေလှမ်းလှမ်းလာခဲ့ခြင်းဖြစ်သည်။
"နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ။"
ချီယန်ရှန်းက သူ၏ဆံပင်များကို ဆွဲလိုက်ရင်း ရုတ်တရက်ငိုချင်စိတ်များ ပေါ်လာခဲ့၏။
"တကယ်တမ်းတော့ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပါဘူး။"
ကျိကျင့်ရှီး၏မျက်နှာပေါ်တွင် နှစ်သိမ့်မှုပေးသော အပြုံးတစ်ခု ပေါ်လွင်နေခဲ့သည်။
မသေမျိုးများ နှင့် ရင်ဆိုင်ရလျှင်ပင် ရှန်းယီ ရှေ့သို့ ထွက်လာသရွေ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခုရှိနေသကဲ့သို့ဖြစ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ခါမှအမှားမလုပ်ခဲ့ဖူးပေ။
"ဒါဆို ငါ့ရဲ့ဟုန်ကျယ်ကို မက်မောနေတာ မင်းပေါ့လေ။"
ရှီယန်က သူထင်ထားသည်ထက် ပို၍ငယ်ရွယ်ပြီး သူမျှော်လင့်ထားသည်ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသော ဤသူကိုနောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် သူသည် ရုတ်တရက် ရယ်ချင်စိတ် ပေါ်လာခဲ့၏။
"အင်း..."
ရှန်းယီက ခေါင်းကို ညင်သာစွာငြိမ့်ပြလိုက်ရင်း မသေမျိုးကို ပြန်လည်အကဲခတ်လိုက်သည်။
စီနီယာ ရွှမ်ချင်းပင်လျှင် တွေးပင်မတွေးဝံ့သော ဤတည်ရှိမှုကို သူတကယ်ပင် သိချင်စိတ်ပြင်းပြနေခဲ့သည်။ ယခု ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင်မူ ထူးထူးခြားခြားမရှိလှပေ။
ထိုသို့တုံ့ဆိုင်းမှုမရှိသော အဖြေကို ကြားလိုက်ရသောအခါ ရှီယန်၏အပြုံးတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ပါဝင်လာခဲ့၏။
"မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။ မင်းရဲ့ယုတ်မာပြီးလမ်းမှားနေတဲ့ သိုင်းပညာတွေနဲ့ ငါ့ရဲ့မသေမျိုးစွမ်းအင်ကို ခိုးယူရဲတယ်ပေါ့လေ။"
စကားပြောနေရင်းဖြင့် သူက သူ၏လက်ဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ကျောက်စိမ်းဖြူတံဆိပ်တုံးမှာ သူ၏လက်ဝါးထဲတွင် လွင့်မျောနေပြီး လှောင်ပြောင်စွာပြောလိုက်၏။
"မင်း ထပ်စမ်းကြည့်ပါလား။ မင်းရဲ့ အဆင့်နိမ့်တဲ့ နည်းလမ်းတွေက ငါ့ရှေ့မှာ အလုပ်ဖြစ်သေးလားဆိုတာ ကြည့်ရအောင်။"
ကျယ်ပြောသောနယ်မြေပေါ်တွင် ဧရာမကျောက်စိမ်းဖြူကြံ့ကြီးက သူ၏ခြေလေးချောင်းဖြင့်ရပ်တည်နေပြီး ခြေထောက်တစ်ချောင်းစီမှာ ဟုန်ကျယ်လေးခုအပေါ်တွင် ကျရောက်နေကာ မသေမျိုးစွမ်းအင်အားလုံးကို ဖိနှိပ်ထားသည်။
ကျောက်စိမ်းဖြူတံဆိပ်တုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်...
ဟုန်ကျယ်လေးခုမှ သက်ရှိအားလုံးက ဖော်ပြ၍မရနိုင်သော အသက်ရှူကြပ်မှုကို ခံစားလိုက်ရ၏။ ဤသည်မှာ နတ်ဘုရားများ၏ စွမ်းအင်အာဏာပင်။ ဤကျောက်စိမ်းဖြူတံဆိပ်တုံးရှေ့တွင် သူတို့က သူတို့၏ခန္ဓာကိုယ်များကို ထပ်မံ၍ဦးညွှတ်လိုက်ကြပြန်သည်။
မသေမျိုးခုံရုံးရှေ့တွင် ဟုန်ကျယ်ဖြစ်စေ၊ နတ်ဆိုးတစ်သောင်းခန်းမဖြစ်စေ နှစ်ခုစလုံးမှာ အလွန် အရေးမပါသကဲ့သို့ ဖြစ်နေခဲ့၏။ သေမျိုးများက မသေမျိုးများနှင့် မယှဉ်ပြိုင်သင့်ဆိုသည်မှာ ခေတ်အဆက်ဆက်ပြောင်းလဲခြင်းမရှိသော အမှန်တရားပင်။
"လာလေ၊ စမ်းကြည့်စမ်းပါ။"
မသေမျိုးများ၏စွမ်းအင်အာဏာကို စိန်ခေါ်ဝံ့သော ဤလူငယ်လေးရှေ့တွင် ရှီယန်၏ မျက်ခုံးများမှာ ရွဲ့စောင်းကာပင့်တက်သွားပြီး မသေမျိုးတစ်ပါး၏ကျက်သရေကို အနည်းငယ်ဆုံးရှုံးသွားခဲ့သည်။
ရင်းနှီးနေသော ထိုတည်ရှိမှုကို ခံစားလိုက်ရချိန်တွင် ရွှမ်ချင်း၏ပခုံးများမှာ အနည်းငယ်တုန်ယင်သွားခဲ့ပြီး နှစ်ပေါင်းတစ်သိန်းတိုင်တိုင် သူ၏ အိပ်မက်များထဲတွင် ထပ်ခါတလဲလဲမက်နေခဲ့သော ထိုအိပ်မက်ဆိုးကို ပြန်လည်အမှတ်ရသွားခဲ့သည်။
၎င်းမှာ တူညီသောမြင်ကွင်းပင်ဖြစ်ပြီး နန်ယန်ဂိုဏ်းချုပ်မှာ သူ၏ရှေ့တွင် ကာကွယ်ပေးထားဆဲ ဖြစ်သည်။
မသေမျိုးက ယခင်ကကဲ့သို့ပင် သူ၏လက်ဝါးကို မြှောက်လိုက်သည်ကို ရွှမ်ချင်း ယမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်၊နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အဖြစ်အပျက်များကို သူမြင်ယောင်သွားခဲ့ပြီး သူ၏မျက်နှာကို လှည့်ကာ လီချင်းဖုန်းမှစ၍ နန်ယန်တပည့် တစ်ယောက်ချင်းစီ၏မျက်နှာများကို မေ့မသွားရန်ကြည့်နေခဲ့သည်။
"..."
ရှန်းယီက ရုတ်တရက် အောက်သို့ငုံ့ကြည့်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်၏။ ချင်းဟွာ ကျိန်ဆဲခဲ့သည်မှာ အမှန်ပင်။ ၎င်းသည် ရွံရှာဖွယ်ကောင်းသော သားရဲတစ်ကောင်ဖြစ်လေသည်။
ခေါင်းကိုခါယမ်းလိုက်ရင်း သူက ရှေ့သို့လှမ်းသွားကာ ကောင်းကင်ကန့်လန့်ကာပေါ်စုပုံနေသော တိမ်တိုက်ဖြူများဖြင့် ပြုလုပ်ထားသည့် တံတားပေါ်သို့ လျှောက်သွားခဲ့၏။
"မင်း..."
ရှီယန်က တစ်ခုခုမှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ တစ်လှမ်းချင်းချဉ်းကပ်လာနေသော ပုံရိပ်ကို စူးစိုက်ကြည့်နေလိုက်သည်။
ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို ဆုပ်ကိုင်ထားသော သူ၏လက်များမှာ တင်းကြပ်သွားပြီး သူ၏ ခြေထောက်ကို အလိုအလျောက်မြှောက်လိုက်ကာ နောက်သို့ ဆုတ်ခွာချင်သွားခဲ့သည်။
သို့သော် သူ၏ဖိနပ် မြေပြင်ပေါ်သို့ အပြည့်အဝ မကျမီတွင် ဟုန်ကျယ်မသေမျိုးက ရုတ်တရက် အသိဝင်လာ၏။
သူက အဘယ်ကြောင့် နောက်ဆုတ်ရမည်နည်း။
သာမန်သေမျိုးတစ်ယောက်က ကောင်းကင်ဘုံ၏ စွမ်းအင်အာဏာကို မည်ကဲ့သို့ခုခံနိုင်မည်နည်း။ ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးထံမှ နွေးထွေးမှုသည် သူ့အား အဆုံးမဲ့လုံခြုံမှုကို ပေးစွမ်းနေသကဲ့သို့ ခံစားရသည်။
"မင်းတို့လို မိစ္ဆာနတ်ဆိုးတွေက ငါ့ရဲ့မသေမျိုးပြစ်ဒဏ်နဲ့တောင် မတန်ဘူး။ မသေမျိုးတံဆိပ်တုံးအောက်မှာကြိတ်ချေခံရဖို့ပဲ ထိုက်တန်တယ်။"
ရှီယန်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး ထိုကျောက်စိမ်းဖြူတံဆိပ်တုံးကို ပြင်းထန်စွာပစ်လွှတ်လိုက်သည်။
အားလုံး၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ကျောက်စိမ်းဖြူတံဆိပ်တုံးက လေထဲတွင် လျင်မြန်စွာကြီးမားလာပြီး မကြာခင် ကောင်းကင်ယံရှိ ကျောက်စိမ်းဖြူကြံ့ကြီး၏ ပုံရိပ်နှင့် ပေါင်းစပ်သွားကာ ဟုန်ကျယ်လေးခု၏ ကောင်းကင်ကန့်လန့်ကာကြီးကို ဖုံးကွယ်သွားခဲ့တော့သည်။
သေမျိုးကမ္ဘာမှ ကျင့်ကြံသူတစ်ယောက်က ဤမျှ ကြီးမားကျယ်ပြန့်သောအရာကို မည်ကဲ့သို့မျက်မြင်တွေ့ဖူးနိုင်မည်နည်း။ ထိုခွာလေးခုအောက်တွင် ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူတို့၏စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။
"ဒါ... ဒါက ဘာကြီးလဲ..."
ယဲ့ကျိုးက သူ၏ပါးစပ်နှင့် အာခေါင်များ ခြောက်သွေ့သွားသည်ကိုသာ ခံစားလိုက်ရပြီး သူ၏မျက်ဆန်များမှာ အပ်ပေါက်အရွယ်ခန့် ကျုံ့ဝင်သွားခဲ့သည်။
ဤမသေမျိုးခုံရုံး တံဆိပ်တုံးရှေ့တွင် သက်ရှိများက သူတို့၏အရေးမပါမှုကို နက်ရှိုင်းစွာ သဘောပေါက်နိုင်ကြပေသည်။ ဤသည်မှာ လူသားများ ယှဉ်ပြိုင်နိုင်သောအရာတစ်ခု ဟုတ်ပါသေးသည်လော။
ဤသည်မှာ သေမျိုးများသာ နားလည်နိုင်သော အရာတစ်ခုဖြစ်နိုင်ပါမည်လော။
"ဟက်။"
ရှီယန်က ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးအောက်တွင် ရပ်နေရင်း မိုးမြေ၏စွမ်းအင်ကို ကိုင်စွဲထားရသည့် ခံစားချက်အား ယစ်မူးနေခဲ့၏။
တစ်ခဏချင်းအတွင်း သူက ဟုန်ကျယ်၏သခင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"ငါ့အတွက်... ဖိချလိုက်စမ်း"
သူ၏စူးရှသော အသံမှာ ပဲ့တင်ထပ်သွားပြီး အထက်မှ ကျောက်စိမ်းဖြူကြံ့ကြီးက ၎င်း၏ရှေ့ခွာကို တုံ့ဆိုင်းမှုမရှိဘဲ ဆောင့်နင်းချလိုက်တော့သည်။